Sunday, December 27, 2009

အလွမ်း


[ပုံလေးကို ဒီက andrewsullivan.theatlantic.com ယူထားပါတယ်]


လွမ်းတယ်ကွယ် …

တိမ်ပြာရီရီ နဲ့ ညနေဆီရောက်ရင်လည်း
လွမ်းတယ် ….

လေပြေငယ်ဆော့မြူး တသုန်သုန်ဖြူးတိုင်းလည်း
လွမ်းတယ် ….

ပြိုမလို ညိုတလှည့်နဲ့ တိမ်တွေညှို့ဆိုင်း မှိုင်းလာရင်လည်း
လွမ်းတယ် ….

ရွက်ခြောက်ငယ်တွေ လေပြေနဲ့တွဲကတာမြင်ရင်လည်း
လွမ်းတယ် …

သည်းတချို့ ဖွဲတချို့ မိုးစက်ငယ်တွေ ခုန်ပေါက်ဆော့ကစားတာမြင်လည်း
လွမ်းတယ် …

ကမ်းစပ်ကို ခိုးနမ်းသွားတဲ့ လှိုင်းခေါင်းဖြူတွေကိုကြည့်ရင်းလည်း
လွမ်းတယ် ….

လလေးရေးရေး မကွေးတကွေးကို ကြည့်ရင်းလည်း
လွမ်းတယ် …..

သူတစ်လူ ငါတစ်မင်းနဲ့ တောက်ပနေတဲ့ ကြယ်စင်အစင်းစင်းကို ကြည့်ရင်းလည်း
လွမ်းတယ် ……

လှိုင်းခတ်သံကို တိတ်တခိုးနားဆင်ရင်းလည်း
လွမ်းတယ် …

လွမ်းတယ်ကွယ် … .ငါ မင်းကို အရမ်းလွမ်းတယ် …


Saturday, December 12, 2009

ကလပ်မှာကကြသတဲ့ ....

ခုတလောအချိန်အားလေးနည်းနည်းရရင် မြန်မာဗွီဒီယိုကားလေးတွေကြည့်ဖြစ်တယ် …
နောက်ပြီး ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေက ခေတ်ရဲ့အရိပ်ကိုတကယ်ပဲထင်ဟပ်စေသလားဆိုတာ လည်းကျွန်မတွေးမိတယ် .… တကယ်လို့ ထင်ဟပ်စေတယ်ဆိုရင်တော့ ကျွန်မစိတ်ထဲမှာ အနည်းငယ်တော့ ဘ၀င်မကျချင်သလိုလိုပါပဲ …

ခုတလောကြည့်မိတဲ့ကားလေးတွေထဲမှာ “Club” သွားမယ်ဆိုတဲ့ စကားကို ခဏခဏပြောကြတယ် …. ကလပ်မှာ ကတဲ့အခန်းတွေတော်တော်လေးပါကြတယ် … ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလူငယ်တွေတင်လားဆိုတော့လည်း မဟုတ်ပြန်ဘူး ….. သာမန်ဝန်ထမ်းအနေနဲ့သရုပ်ဆောင်သူတွေကလဲ ကလပ်သွားမယ် … ကမယ် .. .အကြောတွေလျော့မယ်တဲ့ …. တကယ်ပဲ မြန်မာပြည်ကလူငယ်လေးတွေ အဲ့လိုဖြစ်နေကြသလားကျွန်မသိချင်လာတယ် … အဓိကကတော့ မိန်းကလေးတွေပါ … ခေတ်နောက်ကျကျန်နေတယ်လို့ပြောရမလား၊ အမြင်ကျဉ်းတယ်လို့ပဲဆိုရမလားပဲ ဒီကလပ်သွားတယ်ဆိုတဲ့ကိစ္စကို မိန်းကလေးတွေအတွက် သဘောမကျတာတော့အမှန်ပဲ …. သွားဖူးလို့လားလို့ မေးရင် ကျွန်မတစ်ခါမှမသွားဖူးပါဘူး …. အမြင်နဲ့တင် စိတ်ကသိကအောင့်နိုင်လွန်းလို့လို့ပဲဖြေရမယ်ထင်ပါတယ် …. မသွားဖူးပဲနဲ့လာပြောနေတယ်လို့ဆိုရင်လဲ ကလပ်ကိုမိန်းကလေးတွေသွားခြင်းရဲ့ ကောင်းကျိုးလေးတွေတော့ သိချင်ပါတယ် … ကျွန်မကဆိုးကျိုးတွေပဲမြင်နေလို့ပါ …. ကျွန်မအသိကောင်လေးတစ်ယောက်ကို ကရတော့ဘယ်လိုနေလဲ … ဘာဖြစ်လို့သွားတာလဲလို့ မေးကြည့်ဖူးပါတယ် … သူကပြောတယ် စိတ်လွတ်ကိုယ်လွတ် ခုန်ပေါက်ကရတော့ စိတ်တွေပေါ့ပါးသွားတယ်တဲ့ …. မိုက်မိုက်လေးတွေလဲတွေ့ရတယ်တဲ့ … ယောက်ျားလေးတွေအတွက်တော့ မဆိုးလှဘူးပေါ့ …. ဆေးချ၊ ဖဲရိုက်၊ အပျော်အပါးလိုက်နေတာထက်စာရင်တော်သေးတယ်လို့ပြောလို့ရပါသေးတယ် …

ဒီနေ့ညကြည့်မိတဲ့ကားမှာကရင်းနဲ့ပြသနာတက်ကြပါတယ် …. ဘာလို့လဲဆိုတော့ ကတဲ့ ယောက်ျားလေးတစ်ယောက်က ကနေတဲ့မိန်းကလေးကို တင်ပါးကိုင်လိုက်လို့တဲ့ ….
ကောင်မလေးတွေက နင်ဘာလုပ်တာလဲဆိုတော့ မသိချင်ယောင်ဆောင်ပြီး ဘာလုပ်လို့လဲတဲ့ …. ဒီမှာ ကောင်မလေးတွေကဒေါပွပြီး နင်ငါ့ရဲ့-င်(ဒီလိုစကားလုံးမျိုးကိုလဲ ဆင်ဆာကခွင့်ပြုပါတယ်) ကို ကိုင်လိုက်တယ်လေဆိုတော့ … ကောင်လေးဖြေပုံက ကောင်မလေးကဖျားယောင်းလို့ ကိုင်လိုက်သတဲ့လေ …. ကျွန်မစိတ်ထဲအတွေးတွေထပ်ဝင်လာပြန်တယ် … ကနေတဲ့ထဲမှာ လူကောင်းတွေရှိနိုင်သလို၊ အခွင့်ရေးသမားတွေလဲရှိနိုင်ပါတယ် … ဒီလိုကိစ္စတွေမဖြစ်ဘူးလို့ ဘယ်သူမှအတပ်မပြောနိုင်ဘူးလေ။ ဖြစ်လာခဲ့ရင်လည်း ဒီလောက် ရှုပ်ရှက်ခတ်နေပြီး မှိတ်တလှည့် လက်တလီမီးရောင်ထဲဝင်ကတော့ အကိုင်ခံရတာနည်းသလားလို့ ပြောရမလိုဖြစ်နေပြီ ….
ကျွန်မတို့တွေ ကားကျပ်ကျပ်ကို လူချင်းထပ်စီးနေရတာတောင် တတ်နိုင်သလောက် အိတ်တွေ ထမင်းဗူးတွေနဲ့ကာပြီး မတတ်သာလို့သာ စီးကြရတာပါ …. ခုတော့ အထိ အကိုင်ခံချင်လို့လူကြားထဲဝင်တိုးကြသလားလို့တွေးရမလိုဖြစ်နေပြီ ……

Monday, November 30, 2009

ခုတလော

Management တဲ့ …. သဘောကျချင်စရာ၊ စိတ်ဝင်စားစရာကောင်းတဲ့ ဒီစကားလုံးကို ကျွန်မသိပ်သဘောမကျချင်တော့ဘူး …. တကယ်တော့ Management ဆိုတာအလုပ်တစ်ခုအောင်အောင်မြင်မြင်နဲ့ ပြီးမြောက်စေဖို့ Process တစ်ခုပဲဖြစ်သင့်ပါတယ် … ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အမိန့်တစ်ခုလိုမျိုးတော့မဖြစ်သင့်ပါဘူးလေ ….

ကျွန်မတို့အလုပ်က Management ဆိုသူတွေရဲ့ ကောင်းကွက်လေးတွေသိသလောက်ချရေးကြည့်ချင်သားလား ….
ကျွန်မရဲ့အထက်လူကြီးကပြောတယ် “ငါ ဘာ အယ်ရာမှ မလိုချင်ဘူး” တဲ့ … မသိရင် ကျွန်မကပဲ အယ်ရာတွေကို ချစ်လွန်း၊မြတ်နိုးလွန်းလို့ လုပ်ယူနေသလားပဲ … ကျွန်မလဲ ပြန်ပြောလိုက်တယ် … “နင်မလိုချင်သလို ငါလဲမလိုချင်ပါဘူး” လို့ …
စနေ၊တနင်္ဂနွေ အလုပ်မလုပ်စေချင်ပါဘူး ဆိုပြီး တနေ့ အလုပ်ချိန် ၈ နာရီစာမကတဲ့အလုပ်တွေကို ပြီးစေချင်တယ် …. တော်ပါတယ် သူတို့လုပ်ပုံ …
ပလန်လုပ်တယ်တဲ့ … ပလန်လုပ်တယ်ဆိုတာ ရှိနေတဲ့အလုပ်နဲ့မျှတတဲ့အချိန်တစ်ခုဖြစ်သင့်တာပေါ့ …. ခုတော့ အချိန်ကိုညှိလို့ရတယ်တဲ့ ဒါပေမယ့် ရက်ထပ်မတိုးရဘူးတဲ့ ….. ကျွန်မ ထပ်ပြောစရာ စကားမရှိတော့ဘူးလေ … အင်းလို့ မပြောလို့မှမရတော့လဲ အင်းပေါ့ …. မပြီးသေးတဲ့အလုပ်တွေလုပ်ဖို့ ပလန်ကို ပြောပါတဲ့ … ကျွန်မပြောလိုက်တယ် … တစ်ရက်မှာ ၂၄ နာရီပဲရှိတာ … ငါ ဒီအလုပ်အတွက် ၁၀ နာရီ နဲ့ ၁၂ နာရီကြားအချိန်ပေးထားတာလို့ဆိုတော့ မသိချင်ယောင်ဆောင်နေတယ် …ကျွန်မ ဒီလောက်ပဲတတ်နိုင်တယ် …. ကျွန်မအစွမ်းကုန် အကောင်းဆုံးလုပ်ထားတာပဲလေ …. ခန်းမှန်းခြေအချိန်ကိုပဲပေးလို့ရတဲ့ကျွန်မတို့အလုပ်မှာ ရက်အတိအကျတောင်းရုံတင်မဟုတ်ပဲ နာရီအတိအကျပါလာတောင်းတော့ ကျွန်မစိတ်တိုလာရော …. အိုင်တီအလုပ်မှာ အဖွဲ့နဲ့လုပ်လေ တစ်ယောက်ပေါ်တစ်ယောက်မှီတည်နေတဲ့ကိစ္စတွေကများလေပဲဆိုတာ သူလဲသိရဲ့သားနဲ့ … ပြီးတော့ သုံးလအချိန်ယူထားတဲ့ပရောဂျက်တစ်ခုကို အချိန်လျော့စေချင်တယ် … သူကနည်းနည်းလေးလျော့ခိုင်းချင်တာနဲ့ ကျွန်မဘော့စ်က လျော့ပေးမယ်ဆိုတာချည်းပဲ … နောက်လူတွေကိုထည့်မတွက်ဘူး … ဖြစ်နိုင်လားမဖြစ်နိုင်လားလဲ မစဉ်းစားဘူး …. Complaint ဘယ်လောက်တက်တက် နောက်ဆုံးတော့လဲ အထက်လူကြီးသဘောပဲ …
မဖြစ်နိုင်လို့ ကိုယ်တွေက ပိတ်ရက်တွေပါအလုပ်လုပ်ရပြီဆိုရင် လျော့ခိုင်းတဲ့လူကြီးက မင်းတို့ဘာလို့ ပိတ်ရက်တွေအလုပ်လုပ်သလဲတဲ့ … ဒီလိုလုပ်တာတောင် ထွက်လာတဲ့ Result ကျတော့ တူတူပဲတဲ့ … Result ကို သူဘာနဲ့တိုင်းသလဲတော့မသိဘူး .. သူ့အတွက်တော့ ကိုယ်တွေကို အချိန်လျော့ခိုင်းလို့ရလေ .. .သူက နာမည်ရလေပဲ ….

ဒီတော့ Management ဆိုတာ ကျွန်မအတွက်တော့ လူတွေကိုကျပ်တဲ့ Process တခုလို့ပဲလို့မြင်လာတော့တယ် ….

Sunday, October 18, 2009

ကြယ်ပြာရဲ့ “က” စကားလုံးလေးတွေ

မောင်လေးဗညားရှိန်တဂ်ထားတဲ့ ပို့စ်လေး အကြွေးဆပ်လိုက်ပါတယ် ...

နာမည်က ။ ။ ကြယ်ပြာ

ပြောချင်တဲ့စကားလေး လေးလုံးက ။ ။ ကိုယ်ကြိုက်တာလုပ်

ကောင်လေးနာမည်က ။ ။ ကင်းကောင်

ကောင်မလေးကတော့ ။ ။ ကြိုးကြာ

လုပ်ချင်တဲ့အလုပ်က ။ ။ ကွန်ပျူတာပညာရှင်

အရောင်ထဲမှာတော့ ။ ။ ကော်ဖီရောင်

ဘာဝတ်ထားလဲဆိုတော့ ။ ။ ကချင်ထမီ

ဘာအစားအစာကြိုက်လဲဆိုရင် ။ ။ ကော်ပြန့်စိမ်း

ရေချိုးခန်းထဲတွေ့တာ ။ ။ ကြွေဘေစင်

နေရာက ။ ။ ကျောက်ပန်းတောင်း

ဘာဖြစ်လို့နောက်ကျလဲဆိုတော့ ။ ။ ကားပျက်နေလို့

အော်ချင်နေတာက ။ ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး

ဇတ်ကားထဲမှာတော့ ။ ။ ကောင်းချစ်တဲ့မမ

ဘာသောက်ချင်လဲဆိုတော့ ။ ။ ကျောက်ကျော

တီးဝိုင်းနံမည်က ။ ။ ကွန်းစ် (Corns)

တိရစ္ဆာန်နံမည်က ။ ။ ကျား

လမ်းနံမည်ကတော့ ။ ။ ကန်ပတ်လမ်း

ကားက ။ ။ ကားဒီလက်

သီချင်းလေးထဲမှာ ........ ကိုယ်ရေးရာဇ၀င်(အငဲ)

ကြိယာထဲမှာတော့ . . . . . .ကင်သည် (Roast)

Sunday, October 11, 2009

ချစ်သူအတွက်


ဝေေ၀၀ါးဝါး မြူယံပါးပါးကိုထွင်းဖောက်
ကြည်စင်တဲ့အလင်းတစ်ပြောက်လို ….
လေမထန် မိုးမသဲ
ညင်းသွဲ့သွဲ့လေပြေတစ်ခက်လို ….
လမလင်း မ၀င်းပချိန်
တောက်ပတဲ့ကြယ်စင်တစ်စင်းလို ….
အသာအယာနဲ့ပဲ နင်ဟာ ငါ့ရင်ထဲ အလိုလိုရောက်ခဲ့တယ် ….

ကြည်စင်တဲ့မေတ္တာ အဆုံးမရှိတဲ့အကြင်နာတွေနဲ့
ခက်ထန်မှုတွေကို အရောင်ပြောင်း
မပျော့ပြောင်းတဲ့စိတ်တွေကို ဖယ်ထုတ်
သံသယအမှိုက်တွေကို သန့်စင်လို့
ငါ့ရင်တခုလုံးက ပန်းဖူးတွေကို
နင်ကညင်သာစွာပဲပွင့်စေခဲ့တယ် …

အချစ်ဆိုတာထက် မြတ်နိုးတွယ်တာမှုတွေပိုဖက်တဲ့
ငါ့အတွက်ပေးထားတဲ့ နင့်ရင်ထဲကရတနာတစ်ပါးကို
တစ်သက်တာတန်ဖိုးထားလို့
မပျောက်ပျက်အောင် ထိန်းသိမ်းမယ်လို့
ငါ ဒီကဗျာထဲကနေပဲ ကတိပေးပါတယ် ….

Wednesday, September 23, 2009

ရန်ကုန်မြို့လေး

မြရေကြည် စိမ့်စမ်းနဲ့
စိမ်းဆတ်ဆတ်တောတန်းသွယ်
မြူခိုးထ ရှုမ၀တဲ့မြင်ကွင်း
ကြည့်လေရာ မျက်စိအေးလို့
တမ်းတတ လွမ်းရအောင်ကလဲ
ကျောပြောင်ပြောင် ကတ္တရာမှောင်မှောင်နဲ့သာ
ကျင့်သားရနေတဲ့ ကျွန်မကတော့ ရန်ကုန်သူပေါ့ …

ကျွန်မတို့မြို့မှာ
မမြင်ရတဲ့ ကိုယ်ချင်းစာတရားတွေရှိတယ်
အသုံးမ၀င်တော့တဲ့ အမှန်တရားတွေရှိတယ်
ခေါက်သိမ်းထားတဲ့ သမာသမတ်ကျမှုတွေရှိတယ်
ရွာမကျနိုင်တော့တဲ့ မျက်ရည်မိုးပေါက်တွေရှိတယ်
ဗူးအကြီးကြီးတွေနဲ့ထည့်သိမ်းထားတဲ့
သိက္ခာခပ်သေးသေးတွေရှိတယ် …

ကျွန်မတို့မြို့မှာ
မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ ဓလေ့စရိုက်တွေရှိတယ်
ထင်ပေါ်ကျော်ကြားတဲ့ အနိုင်ကျင့်ခြင်းတွေရှိတယ်
လည်ရင်လည်သလို လုပ်စားကြတဲ့
ကတုံးပေါ်ထိပ်ကွက်သူတွေရှိသလို
သူခိုးလက်က သူဝှက်လုတာတွေလဲ ဒုနဲ့ဒေး

ကျွန်မတို့မြို့မှာ
ကိရိယာစုံလင်တဲ့ ဆေးခန်းကြီးတွေရှိတယ်
ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေရှိတယ်
ဝန်ဆောင်မှုတွေဆိုတာကလဲ ပေါမှပေါ
စေတနာကတော့ အသပြာမရှိရင် နတ္ထိပဲ

ကျွန်မတို့မြို့မှာ
ထူးချွန်တိုးတက်ချင်တဲ့လူငယ်တွေရှိတယ်
သူတို့တွေထိုင်ဖို့ လက္ဘက်ရည်ဆိုင်တွေလည်းရှိတယ် …
အလုပ်အကြောင်းဆွေးနွေးဖို့ ဘီယာဆိုင်တွေလဲရှိတယ် …
မိန်းကလေးအချို့ အလုပ်မရှားဖို့
စင်တင်ဖျော်ဖြေပွဲတွေတောင်ပါလိုက်သေးရဲ့ ….

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့
မြို့လေးကိုချစ်တုန်း သံယောဇဉ်ဖြစ်တုန်း
ခွဲခွာချင်သူတွေနဲ့ဆုံတိုင်း မြို့လေးကိုယ်စား
နှမြောတသတုန်း ……

Monday, August 17, 2009

နှစ်ကိုယ်တူအလွမ်း


ကြယ်စင်ခါးတွေလင်းလက်
အရိပ်မဲ့တဲ့ညမှာ
ပါးလျှတဲ့လတစ်စင်းရဲ့အပြုံးကိုငေး
အဝေးဆုံးကနင့်ဆီ
အလွမ်းတွေတေးသီရင်း
ညည့်ငှက်ကို မိတ်ဖွဲ့
လေညှင်းကိုလက်ဆက်လို့
မပျက်ကွက်တဲ့သတိရခြင်း
ငါနင့်ဆီအပ်နှင်းပါတယ်..

အဝေးဆုံးက အနီးဆုံးသူတွေအဖြစ်
ရင်ထဲမှာတမ်းတ လွမ်းမ၀တဲ့တို့တွေ
ဖြူစင်ခြင်းနဲ့အမြစ်တွယ် မပျက်ပြယ်သံစဉ်တေး
သံယောဇဉ်ရင်ငွေ့လေးနဲ့
တိမ်တွေပေါ်တံတားဆောက်
သက်တန့်လမ်းလဲဖောက်ခဲ့မယ်…

Tuesday, August 11, 2009

ခုတလော .....


ခုတလော အလုပ်များနေတာမို့ အွန်လိုင်းသိပ်မတက်နိုင်ဘူးဖြစ်နေတာ .....
ခုလေးတင် ဘလော့ကိုဝင်ကြည့်မိတော့ မောင်လေးတလနွန်က အစ်မရေ တဂ်ထားတယ်တဲ့ ....
အဲ့ဒါနဲ့ဘာများလဲလို့ ၀င်ကြည့်မိတော့ မေးခွန်းလေးတွေက ဖြေချင်စရာလေးတွေဖြစ်နေလို့ ဖြေကြည့်လိုက်တယ်နော် ...
မောင်လေး တလနွန် ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် .....

တွေးနေမိတာက
အပြောင်းအလဲများလွန်းတဲ့စိတ်အကြောင်း

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက
ငါလဲ တော်တော်အပြောင်းအလဲများပါလားလို့

ကျန်းမာရေး
လူကကောင်းတယ် ... စိတ်ကမကောင်းဘူး .... ရူးတော့မရူးသေးပါဘူး ...

ဖတ်ဖြစ်တဲ့ စာအုပ်တွေက
စာအုပ်တွေတော့မဖတ်ဖြစ်ဘူး ... ကဗျာလေးတွေပဲဖတ်ဖြစ်တယ် ...

ရောက်နေဖြစ်တာက
ဘယ်မှကိုမရောက်ဖြစ်ဘူး ....

ရေးဖြစ်နေတာက
ပရိုဂရမ်တွေ

နားထောင်ဖြစ်နေတာက
တစ်စုံတစ်ယောက်ရဲ့ကိုယ်တိုင်တီး ကိုယ်တိုင်ဆို သီချင်းလေးတွေ

ရွတ်နေမိတဲ့ ကဗျာက
တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်ကဗျာလေးတွေ

ဖြစ်ချင်နေတာက
စိတ်မပူပင်တတ်တဲ့သူ

စားဖြစ်နေတတ်တာက
အလုပ် ကန်တင်းက ထမင်းနဲ့ဟင်း

သနားနေမိတာက
ဖြစ်ချင်တာဖြစ်ခွင့်မရသူတိုင်းကို သနားတယ် ... ကိုယ်ကိုယ်တိုင်လဲပါတယ် ...

လွမ်းနေမိတာက
ဖေနဲ့မေ

မေ့လျော့ပစ်မိနေတာက
အတိတ်တွေ

ခါးသက်နေမိတာက
ဆန္ဒရှိသလောက်မစွမ်းနိုင်တာတွေပေါ့ ...

တမ်းတနေမိတာက
ပန်းပင်လေးတွေနဲ့ခြံလေးတစ်ခြံ

ကြိတ်ပြီးချီးကျူးနေမိတာက
မိဘအပေါ်သိတတ်တဲ့သူတွေ

ကြိတ်ပြီးအထင်သေးနေမိတာက
သူများခေါင်းပေါ်နင်းပြီးတိုးတက်ရာ တိုးတက်ကြောင်းရှာတတ်သူတွေ

ဆန္ဒမရှိတဲ့နေရာ
ပူပြင်းခြောက်သွေ့လွန်းတဲ့နေရာ

ဆန္ဒရှိနေတဲ့ ကိစ္စ
ပိုက်ဆံစုချင်တယ်

ချစ်နေတာက
တစ်စုံတစ်ယောက်

စိတ်ပျက်နေမိတာက
ချစ်တဲ့သူတွေနဲ့ဝေးနေရတာ

စွဲလန်းနေမိတာက
တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်မှုတွေ

လိုအပ်နေတာက
ငွေ

တောင်းနေမိတဲ့ဆု
မိဘကိုရာသက်ပန်အလုပ်အကျွေးပြုနိုင်တဲ့သူ

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
များလိုက်တဲ့အလုပ်တွေကွာ ....

ဝန်ခံချင်တာက
အပျင်းကြီးတာ မဖျောက်နိုင်သေးဘူး .....

Thursday, July 23, 2009

၃၁ မိုး (၂၄ ဇူလိုင်)

အော် .... ဘာလိုလိုနဲ့အသက်တစ်နှစ်ကြီးသွားပြန်ပြီ .... တိုးလာတဲ့အသက်နဲ့ညီမျှတဲ့ရင့်ကျက်မှုမျိုးရှိပြီလားလို့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်မိတယ် ... အနည်းငယ်ပိုရင့်ကျက်သွားတာတော့ အသေအချာပါပဲ ... လိုနေတာတွေလည်းအများကြီးကျန်သေးတယ်ဆိုတာကိုလဲ သတိချပ်မိတယ် ... မွေးနေ့မို့လို့ဆိုပြီး ပို့စ်တင်တာကလွဲရင် ထွေထွေထူးထူးတော့ဘာမှမလုပ်ဖြစ်ပါဘူး ... မွေးပြီးရင် သေတဲ့နေ့ပဲရှိတယ် ဆိုတဲ့ မေကြီးစကားကိုလဲ ကြားယောင်မိသား .... ဒီနေ့လေးအတွက် ထူးခြားတာက မွေးနေ့အမှတ်တရ ကဗျာလေးရတာပါ ....ဒီကဗျာလေးအတွက် ကိုကြီးကိုအရမ်းကျေးဇူးတင်ပါတယ် ...

မြခွာညိုသပြေလမ်းက ၀ါဆိုပန်းနဲ့လှမ်းတော်မှု
ဆယ်ယူလေ ခတ္တာပျိုနဲ့ ရေစိုစိုနံနက်ခင်းမှာ
အာရုဏ်နီ ရောင်ခြည်ဖြာလို့
ပန်းကမ္ဗလာမှာအချင်းဆေး
အဆင်းကလေးနဲ့ ပွင့်တဲ့ပန်း..

အမြင့်လမ်းထိ တင့်ဆန်းလို့ယဉ်စေ့ချင်
နွယ်ယှက်ခါ အထက်နန်းထိ
ပင်ထက်မှာလန်း
လေအထက်မှာ ပွင့်တဲ့ပန်းမို့
လွင့်ဝဲကာ မကြွေစေနဲ့
ရနံ့စုံ ရဂုံထဲမှာလှ
လမ်းကြုံသူ ရှုတိုင်းမွှေး
ရင်ငြိမ်းအေးသော ပန်းဖြစ်စေ...

မိုးမဆန်း ညှိုးနွမ်းလို့ရေမ၀င်ရင်
နေသခင်အထက်နားဆီက လက်တားလို့ကာလိုက်ချင်ရဲ့
နေမသာ လရောင်ဖြူးလို့
ရွက်ဖူးပျိုနဲ့ နုသစ်စေ...

ရာသီဒါဏ် နေသင့်ရင်
ပင်မြင့်မှာ စိုးတော်မူနဲ့
လေ၀င့်ကာ ချွေခါချလည်း
မြညှာတန် ခိုင်ခိုင်မြဲ ကျိုးပျက်လေနဲ့...


“မျိုးဦးဥာဏ်”

Monday, July 20, 2009

ကိုယ်ပိုင်အချက်အလက်တွေလုံခြုံစေဖို့

ဖော်ဝဒ်မေးလေးပါ ... သဘောကျလို့ ရှဲလိုက်ပါတယ် ... အနည်းငယ်လောက်ပြုံးဖြစ်သွားရင်ပဲ ကျေနပ်ပါတယ် ...
အင်တာနက်သုံးတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အချက်အလက်တွေ အကောင့်တွေ၊ password တွေ လုံခြုံမှုရှိဖို့ က အရေးကြီးလှပါတယ်
အဲလို အရေးကြီးလှတဲ့ အချက်အလက်တွေ ကို သူတပါးလက်ထဲကို ပါမသွားအောင် ထိမ်းသိမ်းဖို့က လည်း မလွယ်လှပါဘူး။
ဒီနေ့ ခေတ်မှာ hacker တွေ၊ hacker ဖြစ်ချင်လို့ လက်တည့်လိုက်စမ်းနေတဲ့လူတွေ ကလည်း များလာတာကြောင့် ကာကွယ်ဖို့ကလည်း အတော်ခက်လာပါတယ်။ အဲဒီတော့ ကျွန်တော် တို့ ရဲ့ ကိုယ်ပိုင် အချက် အလက်တွေကို ကာကွယ်နိုင်မယ့် နောက်ဆုံးပေါ် နည်းလမ်း သုံးမျိုးကို ဖော်ပြလိုပါတယ် ။

ပထမနည်း : ကိုယ်ဘာရိုက်လဲ ဆိုတာ မမြင်ရအောင် ကာကွယ်နည်း။

ဒုတိယနည်း : ကိုယ်ဘာကြည့်နေလဲဆိုတာ သူများမမြင်ရအောင် ကာကွယ်နည်း။

တတိယနည်း : ရိုက်တာရော ကြည့်တာရော ဘာမှ မမြင်ရအောင် ကာကွယ်နည်း။


Monday, July 13, 2009

ကိန်းညွှန်းတစ်ခုထဲက ကျုပ်

လူတွေကဗျာ ကျွန်တော့်ကိုဆို အကောင်းမမြင်ကြဘူး … ကျွန်တော်နဲ့ဆုံရင်ပဲ သူတို့မှာ ထိတ်သလိုလို၊ လန့်သလိုလိုနဲ့ တကယ်ကကျွန်တော်က ဘာကောင်မှမဟုတ်ပါဘူး … ဂဏန်းလေးတစ်လုံးရယ်သာပါ …. ရေတွက်စဉ်တွေထဲက သင်္ချာနာမ ကိန်းညွှန်းလေးတစ်ခုပေါ့ … လူတွေက စေ့စေ့မတွေးကြလို့ပါ … လူတွေထွင်မှဖြစ်လာတဲ့ ကျွန်တော့်လိုဂဏန်းလေးတစ်လုံးက လူတွေရဲ့ကံကြမ္မာကိုစိုးမိုးနိုင်ပါ့မလားဗျာ ….

လူတွေက ရယ်လဲ အတော်ရယ်ရသဗျ … ဟိုတနေ့ကပေါ့ နံရံပေါ်ကပြက္ခဒိန်လေးထဲမှာ ကျွန်တော် နှပ်နေတုန်း စကားပြောသံကြားလို့ ဘာရယ်မဟုတ်နားစွင့်လိုက်မိတယ်လေ …. ကောင်မလေးနှစ်ယောက် အချီချပြောနေသံလေးပေါ့ …

တစ်ယောက်က “ငါဟယ် … ဒီနေ့ အလုပ်လုပ်ရတာ တစ်ခုမှအဆင်မပြေဘူး …. အလွဲအချော်တွေချည်းပဲ ”

နောက်တစ်ယောက်က “နင်ကလဲ ဒီနေ့ ၁၃ရက်နေ့မို့နေမှာဟ … ၁၃ ဂဏန်းက လာဘ်မကောင်းတတ်ဘူးလေ”

အလိုဗျာ … နေရင်းထိုင်ရင်း ၁၃ က အပြစ်ဖြစ်နေပါရောလား …. စိတ်ပျက်လက်ပျက်နဲ့ ကျွန်တော်ထွက်သွားဖို့ပြင်တယ် …
သူတို့နဲ့ ခပ်လှမ်းလှမ်းက စားပွဲတင်ပြက္ခဒိန်လေးထဲ ကျွန်တော်ဝင်နေလိုက်တယ် ….ဟော .. ခဏနေတော့ လူနှစ်ယောက်ဝင်လာတယ် …

လူကြီးက စိတ်ပျက်လက်ပျက်နဲ့ “ကျုပ်ဗျာ ဗိုက်နာလို့ ကားအမြန်ရောင်းထွက်ချင်ပါတယ်ဆိုမှ ၀ယ်လက်က ၁၃ ရက်နေ့မို့ ငွေမချေချင်ဘူးတဲ့ဗျာ နောက်ရက်ရွှေ့လိုက်တယ် … ကျွတ်စ်”

ကြားရပြန်ပြီ ဒီ ၁၃ ….. ၁၃ ကိုကြောက်လို့ရှောင်ရင်းနဲ့ အလုပ်တွေအကိုင်တွေပျက်နေကြတာပါလား ….
ကျွန်တော်တွေးမိတယ် … ၁၃ မဟုတ်တဲ့ တခြားရက်တွေတိုင်းရော အဆင်ပြေနေတာကျလိှု့ဗျာ …. ၁၃ ရက်နေ့မှာ တခုခုများ မဖြစ်လိုက်နဲ့ … ဒီ ၁၃ ကြောင့်ဆိုတာ လူတိုင်းပါးစပ်ကမချဘူး … အဲ ကောင်းတာလေးဖြစ်ကြည့် ချီးကျူးဖော်မရဘူး ….. လူတွေက တကယ်တော့ အလကားပါဗျာ …. ထစ်ကနဲရှိ ဘာကို အပြစ်ပုံချရမလဲဆိုတာရှာပြီ …. ကိုယ်ဘာလိုနေသလဲဆိုတာမကြည့်ဘူး …. အဓိကနဲ့ သာမညကို လူတွေမခွဲတတ်သေးပါဘူးဗျာ ….

Saturday, July 11, 2009

လွမ်းတယ်

တမ်းတ တတနဲ့
လွမ်းရက်တွေပဲ တိုးတယ်
ဆုံနိုင်ခွင့်တွေကတော့ အလှမ်းဝေးဆဲ
တနေ့နေ့ပေါ့လို့
ပြောရဖန်လဲများလို့
မျှော်လင့်ချက်ပန်းပင်လေးတွေတောင်
မသိမသာညှိုးလာလိုက်တာဆိုတာလေ
ပန်းပျိုးသူရင်မချိတာပဲ အဖတ်တင်ပါတယ် …
ထပ်တလဲလဲ နားထောင်မိတဲ့သီချင်းတွေကလဲ
အလွမ်းတွေကို အတောင်တပ်
လေအနှံ့ဖြန့်ဝဲပေးနေသလိုလို ….
မှုန်မှိုင်းမှိုင်း အုံ့ဆိုင်းဆိုင်း
ရာသီကလည်း အလွမ်းဇာတ်ကဖို့အတွက်
အားပေးအားမြှောက်လုပ်လို့ပေါ့ …
လွမ်းတယ် ချစ်သူရယ် …
မင်းကို ငါ အရမ်းလွမ်းတယ် ….

Monday, June 22, 2009

ဖေ့မွေးနေ့ (ဇွန်လ ၂၃ ရက်)

ဖေကြီးရေ ..... မနက်ဖြန်ဖေကြီးမွေးနေ့ဆိုတာ သမီး မမေ့ပါဘူး ... ဘာလိုလိုနဲ့ဖေကြီးတောင် အသက်(၆၅) ရှိသွားပြီနော် ....သမီးက အဲ့လောက်တောင်ရှိနေပြီမထင်ဘူးဖေကြီးရ ..... သမီးမျက်စိထဲမှာတော့ သမီးငယ်ငယ်ကတည်း ခုချိန်ထိဖေကြီးမျက်နှာက ဒီအတိုင်းပဲမြင်နေတာ ... ဒီနေ့ မွေးနေ့အထူးမို့လို့ဆိုပြီး မကန်တော့တော့ပါဘူး .. ဘာလို့လဲဆိုတော့ သမီးကနေ့တိုင်းမပျက်မကွက်ကန်တော့နေကျမို့လို့လေ ... ဒီနေ့မှာထူးပြီးကန်တော့ဖို့မလိုတော့ဘူးပေါ့ ... ဟုတ်တယ်ဟုတ် ... ဖေကြီးနဲ့ ခုနက ဖုန်းပြောတော့ သမီး ဖေ့မွေးနေ့အတွက် စာရေးမယ်လို့ မပြောလိုက်ရဘူး ... ဖေကြီးရေ ဖေ့မွေးနေ့မှာ သမီးတို့မိသားစု ဘုရားတူတူသွားချင်တယ် ... သမီးပြန်လာတော့ အငယ်ကောင်ကပြန်လို့မရ ... သူပြန်သွားပြန်တော့ သမီးကပြန်လို့မရနဲ့ မိသားစု(၅)ယောက် တူတူဆုံဖို့ဆိုတာလဲ မလွယ်လိုက်တာဖေကြီးရာ .... ဘာပဲဖြစ်ဖြစ်ပါလေ သမီးတို့စကားပြောနေခွင့်တော့ရှိနေသေးတာပဲ ... အဓိကက ဖေနဲ့မေ သက်ရှိထင်ရှား ရှိနေဖို့ပါပဲ ....

မိသားစုအပေါ် သိပ်ချစ်တတ်ပြီး အရာရာ စိတ်ရှည်တတ်တဲ့ ဖေကြီး ... မိသားစုတစ်ခုလုံးပေါ် အပင်ပန်းခံပြီးတာဝန်ကျေခဲ့တဲ့ဖေကြီး ...
သားသမီးကို ရိုက်တာထက် ပါးစပ်နဲ့ထိရောက်အောင် ဆုံးမတတ်တဲ့ဖေကြီး .... စကားသိပ်များလွန်းတဲ့သမီးစကားတွေကို စိတ်ရှည်လက်ရှည်နားထောင်ပေးတဲ့ဖေကြီး .... သမီးရဲ့အောင်မြင်မှု့တွေကို ချီးကျူးပေးတတ်ပြီး သမီးစိတ်ဓာတ်ကျတိုင်း အားပေးတတ်တဲ့ဖေကြီး ..... အဖေလိုတစ်မျိုး သူငယ်ချင်းလိုတစ်သွယ်နဲ့နေပေးတတ်တဲ့ ဖေကြီး .... သမီးလေ ဖေကြီးကို ကျန်းမာစွာနဲ့ အသက်ရှည်စေချင်သေးတယ် ... တရားဘာဝနာပွားစီးပြီး အေးအေးချမ်းချမ်းလေး ကျေနပ်စွာနဲ့ ဘ၀ရဲ့အချိန်တွေကို ကုန်လွန်စေချင်သေးတယ် ... ပြီးတော့ ဆပ်မကုန်နိုင်တဲ့ ကျေးဇူးပေါင်းများစွာကို နိုင်သလောက်အစွမ်းကုန်ဆပ်ခွင့်လေးလဲရချင်သေးတယ် ....

ဖေကြီးမွေးနေ့တွေ တစ်နှစ်ပြီးတစ်နှစ်ကျန်းမာစွာကျော်ဖြတ်နိုင်ပါစေ .......

Saturday, June 20, 2009

ကိုယ်ဘာသာကိုယ်လုပ် .....

ဒီပုံလေးက သူငယ်ချင်းတွေဆီကတဆင့်ရတဲ့ ပုံလေးပါ ... ရယ်ရလို့ သူငယ်ချင်းတွေကို ရှဲလိုက်ပါတယ် ...


.

Saturday, June 13, 2009

အနာဂတ်မဲ့သော


မပီပြင်တဲ့အနာဂတ်တစ်ခုမှာ
အချစ်ဆိုတာကို ပုံဖော်ဖို့ခက်တယ်
ကိုယ့်နားရောက်ဖို့အတွက်
အကြီးမားဆုံးအခက်အခဲက
နင့်ရဲ့အလေးမြတ်ထားဆုံးအရာဆိုတော့လဲ
ငါ နားလည်ပါတယ် ….
ကိုယ်ချင်းလဲစာပါတယ် …
ငါကိုယ်တိုင်က နင့်ကိုဒုတိယနေရာပဲပေးနိုင်ခဲ့တာလေ ….
ဘာပြောရမလဲ … ဘာလုပ်ရမလဲ ….
ဘာလုပ်သင့်သလဲဆိုတာငါ သိပါတယ် …
မပီပြင်တော့တဲ့ မျှော်လင့်ချက်တစ်ခုနဲ့
ခရီးမဆက်ချင်တော့ပေမယ့်
မပြောရက်ဘူး ချစ်သူ
ပြောမထွက်ပါဘူး
ငါတို့လမ်းခွဲကြစို့ လို့ပေါ့ ….
နင်ငါ့အတွက်မစဉ်းစားပေးပေမယ့်
ငါနင့်အတွက်စဉ်းစားပေးတယ်
ဒီအချိန်မှာ နင်စိတ်မညစ်စေဖို့တော့
ငါနိုင်သလောက်ကြိုးစားမှာပါ ….
ငါတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်
နင်က “စိတ်မကောင်းဘူး” တဲ့လား …
ငါလဲ နင်နဲ့ထပ်တူပါပဲ ….
ငါ့တို့နှစ်ယောက်ရဲ့ အနာဂတ်မဲ့တဲ့ဒီနေ့
ငါတစ်သက်မမေ့ဘူးကွယ် ….
အချစ်ဆိုတာကို မကိုးကွယ်ပေမယ့်
ခုချိန်မှာ နင့်ဘေးကငါထွက်မသွားပါဘူး ….
ဖူးစာမပါလို့ မဆုံဖြစ်ကြတော့ရင်
နင်ရော ငါရော ၀မ်းမနည်းဖြစ်အောင်
ပြင်ဆင်ထားကြစို့ရဲ့ ……

Thursday, June 4, 2009

ပုံလေးသဘောကျလို့ ...


ဒီပုံလေးကို သဘောကျလို့တင်လိုက်တာပါ ... သူငယ်ချင်းတစ်ယောက် ဆီကရတာပါ ... ဆားချက်တယ်တော့လဲ မဟုတ်ပါဘူး ...း) ပုံလေးကို ကလစ်လုပ်ပြီး ချဲ့ကြည့်နော် ... စာတွေဖတ်မှ သဘောကျဖို့ကောင်းတာ ....

Monday, June 1, 2009

“မလှတဲ့ဘ၀တွေ”


“ဘ၀” တဲ့
ကဗျာဆရာတွေက စကားလုံးလှလှတွေနဲ့ ဖွဲ့သီကြတယ် …
စာရေးဆရာတွေက စကားပြေလှလှတွေနဲ့ ရေးစပ်ကြတယ် …
ဒါပေမယ့် ဘ၀တွေကတော့ မလှရှာကြပါဘူး …
လက်လုပ်လက်စား၊ ပညာတတ်လူတန်းစား
ခေါင်းရွက်ဗျက်ထိုး၊ အစိုးရ၀န်ထမ်း
သူ့အလွှာနဲ့သူ သူ့အထွာနဲ့သူ
ရုန်းကန်လိုက်ကြရတာများ
တခါတခါ လူဆိုတာတောင် မေ့မေ့သွားတယ် ….
(၂၁)ရာစုမှာ လူတွေကစက်ရုပ်ဖြစ်
ခံစားချက်တွေမျိုးတုန်း အကြင်နာတွေဆိတ်သုဉ်းကုန်ကြတာ
တိုးတက်လာတာလား ဆုတ်ယုတ်သွားတာလားဆိုတာ
စဉ်းစားဖို့တောင် ဦးနှောက်တွေက အားမရှိကြတော့ဘူး …
အလုပ်ပြီး အလုပ်
အလုပ်ပြီး အလုပ်
အလုပ်ပြီး အလုပ် ……..
စားဝတ်နေရေး ဒီအရေး(၃)ခု ပြေလည်ဖို့ကလွဲရင်
ကျန်တာတွေ ဘာမှမသိတော့တဲ့ဘ၀တွေ ……
နင်းပြားဖြစ်နေတဲ့ဘ၀တွေ ……
မော်မကြည့်ရဲတဲ့ဘ၀တွေ …..
ခံစားချက်မဲ့ဘ၀တွေ …..
အနှိမ်ခံဘ၀တွေ ……
ဘ၀ ဘ၀ချင်းဝါးစားခံရတဲ့ဘ၀တွေ …..
အသားမာတက်နေလိုက်ကြတာဆိုတာမှ
နာလို့နာနေမှန်းတောင် မသိကြတော့ဘူးလေ ……
ကဲ …. ဒီထက်ဝမ်းနည်းစရာကောင်းတာ ဘာရှိဦးမှာလဲ ……

Sunday, May 24, 2009

ရေးချင်လွန်းလို့


ကျွန်မကို မောင်လေးတလနွန်ရယ်၊ မောင်လေးကိုရဲရယ်က ခေါင်းစဉ်တစ်ခုစီနဲ့တဂ်ထားတာပါ ... သူတို့နှစ်ယောက်လုံးအတွက် ပို့စ်ရေးချင်နေပေမယ့် အလုပ်ကြောင့် အာရုံတွေနောက်နေလို့ ရေးဖို့ ဘယ်လိုဈာန်မ၀င်ဘူးဖြစ်နေတာ ... ခုတော့ တဂ်ပို့စ် နှစ်ခုလုံးကို ပို့စ်တစ်ခုတည်းမှာပဲပေါင်းရေးလိုက်ပါတယ်နော ....

“ထားခဲ့ဖူးသောရည်းစားများ (တဂ်ပို့စ်)”

ဒီခေါင်းစဉ်ကို ခင်မင်ရသော မောင်လေး တလနွန်က တဂ်ထားတာပါ … ရေးဖို့စဉ်းစားတိုင်း ဘယ်လိုရေးရမလဲဆိုတာပြန်ပြန်တွေးနေတာနဲ့ပဲ မရေးဖြစ်ဘူးဖြစ်နေတာ …

ခုချိန်ထိရည်းစားမထားဖူးဘူးဆိုရင်လည်း ယုံကြမယ်မထင်သလို၊ ကျွန်မကလဲ အဲ့လိုမညာချင်ဘူးရယ် … ဒါပေမယ့် ရည်းစားတော့ တကယ်မထားဖူးဘူး … ချစ်သူတော့ထားဖူးတယ် …း) ချစ်သူနဲ့ရည်းစားဘာကွာလို့လဲဆိုရင်တော့ ကျွန်မသတ်မှတ်ထားတဲ့ ကွာခြားချက်က ရည်းစားဆိုတာ အပျော်၊ ချစ်သူဆိုတာအတည် … အတည်တော့ထားခဲ့တာပါပဲ … ဒါပေမယ့် အကြောင်းမသင့်တော့လဲ မပေါင်းဖြစ်ဘူးပေါ့ … ဘယ်နှစ်ယောက်ထားဖူးလဲဆိုတာထက် ကျွန်မဘ၀မှာ မှတ်မှတ်ထင်ထင်ဖြစ်ဘူးတဲ့ ယောက်ျားနှစ်ယောက်ရှိခဲ့ပါတယ် …

ပထမဆုံးတစ်ယောက်က ကျွန်မထက် အသက်နှစ်နှစ်ကြီးသော ကျွန်မရဲ့သူငယ်ချင်းပါ …
သူကကျွန်မကို သိပ်ချစ်တယ်လို့ခံစားလာရတဲ့အချိန်မှာ သူ့ကိုလဲကျွန်မ နှစ်နှစ်ကာကာပြန်ချစ်သွားပါတယ် .. ကျွန်မထားခဲ့ဖူးတဲ့အထဲမှာ ချစ်သူသက်တမ်းအကြာဆုံးသူတစ်ယောက်ပါ … သူကစိတ်ကောင်းဝင်ရင် ကျွန်မကို “ကလေး” လို့ခေါ်လေ့ရှိပြီး .. များသောအားဖြင့်တော့ နာမည်ရှေ့မှာ “ဒေါ်” တပ်ပြီးခေါ်လေ့ရှိပါတယ် … သူနဲ့ကျွန်မနဲ့အကြောင်းကို ဒီမှာ ရေးဖူးပါတယ် …

ဒုတိယတစ်ယောက်က ကျွန်မထက် တစ်လသာကြီးသော သူငယ်ချင်းတစ်ယောက်ပါပဲ … ချစ်သူမကျ၊ သူငယ်ချင်းမကလို့ပြောရမယ်ထင်ပါရဲ့ …. ကျွန်မကို သိပ်နားလည်လွန်းသော၊ ကျွန်မဘ၀မှာ မမေ့နိုင်သော၊ ကျွန်မအချစ်ရဆုံးသော ယောက်ျားတစ်ယောက်ကိုပြပါဆိုရင် သူ့ကိုပဲပြရမှာပါ …. သူကတော့ ကျွန်မကို “ဖိုးအိလေး” လို့ခေါ်လေ့ရှိတယ် … သူနဲ့အကြောင်းကိုတော့ ၀တ္ထုတစ်ပုဒ်လိုရေးသားခဲ့ဖူးပါတယ် …

မှတ်ချက်။ ။ ဒီ “ထားခဲ့ဖူးသောရည်းစားများ” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပဲ မောင်လေးကိုရဲကိုရေးပေးဖို့တောင်းဆိုပါတယ် ...

“အတွေ့ချင်ဆုံးသော(၁၀)ယောက် (တဂ်ပို့စ်)”

၁။ ကျွန်မကိုတဂ်ထားသော မောင်လေးကိုရဲ
ကျွန်မနဲ့သူနဲ့က ဘလော့ပေါ်မရောက်ခင်ကတည်းက ning ဆိုဒ်တစ်ခုမှာရင်းနှီးခဲ့တာပါ … ကျွန်မကို တခါတလေ အလွန်နားလည်ပေးတတ်ပေမယ့်၊ တခါတရံ ဂျစ်ကန်ကန် ဘုကျကျတွေဆက်ဆံတတ်သော ကျွန်မသိပ်ခင်တဲ့မောင်လေး တစ်ယောက်မို့ပါ ….

၂။ ဆိုးသွမ်း
တစ်နေ့မှာ “ငါတို့တိုင်းပြည်လေးမှာ” ဆိုတဲ့ကဗျာလေး တစ်ပုဒ်ပါတဲ့မေးလ်တစ်စောင် ကျွန်မစာတိုက်ပုံးထဲကို ၀င်လာပါတယ် … ဒီကဗျာလေးကို ဖတ်မိတော့ ကျွန်မအရမ်းသဘောကျသွားပြီး လင့်ခ်လေးလဲပါတော့ သူရေးတဲ့ကဗျာတွေ ဘာတွေများရှိဦးမလဲဆိုပြီး ဖတ်ချင်လာတာနဲ့ လိုက်သွားပါတယ် .. ကျွန်မ ပထမဆုံးဖတ်ဖြစ်တဲ့ဘလော့က ဆိုးသွမ်းရဲ့ဘလော့ပါ … တစ်နေ့ကို အနည်းဆုံးတစ်ခေါက်လောက်မှ ဒီဘလော့ကိုမကြည့်ရရင် မနေနိုင်အောင်ကိုဖတ်ဖြစ်တဲ့ ဘလော့လေးတစ်ခုပါ … သူရေးတဲ့စာတွေကိုဖတ်ပြီး သူ့ကိုတွေ့ချင်မိပါတယ် …

၃။ ကိုဝင်းဇော်နေမင်းသံစဉ်မောင်မျိုး
ကျွန်မစာတွေစရေးတဲ့အချိန်မှာ ကျွန်မဘလော့ကို အမြဲလာဖတ်ပြီး ကျွန်မအတွက် ကွန်မန့်တွေပေးခြင်းဖြင့် အသစ်တွေရေးဖို့ အားအင်တွေပေးတဲ့ အမြဲတမ်းစာဖတ်ပရိတ်သတ်တွေ ဖြစ်ခဲ့လို့ သူတို့ကိုလဲ တွေ့ချင်မိပါတယ် …

၎။ မိုးမြင့်တိမ်
ကျွန်မက ကဗျာတွေကို ချစ်တဲ့သူတစ်ယောက်မို့လို့ ကဗျာရေးတဲ့ဘလော့တော်တော်များများကိုလဲ လည်ပြီးဖတ်ဖြစ်ပါတယ် … ဘ၀ကဗျာတွေရေးတဲ့နေရာမှာရယ် .. ကဗျာထဲက စကားလုံးသုံးတဲ့နေရာမှာရယ် သိပ်ကောင်းလွန်းလို့ ခဏခဏ မွှေနှောက်ဖတ်မိတဲ့ဘလော့လေးတစ်ခုပါ … ကျွန်မနှစ်သက်သောကဗျာဆရာမို့တွေ့ချင်မိပါတယ် …

၅။ ဇော်ထက်
ကျွန်မ အွန်လိုင်းပြန်စသုံးတဲ့အချိန်မှာ ပထမဆုံးခင်ခဲ့တဲ့ သူငယ်ချင်းလေးပါ …. နောက်တော့ သူ့မှာလဲ ဘလော့လေးရှိတယ် လာဖတ်ဆိုတာနဲ့ အသစ်တင်တိုင်းသွားဖတ်ဖြစ်ပါတယ် … သူနဲ့ကတော့ မကြာမကြာလဲ စကားများ ရန်ဖြစ်လေ့ရှိပါတယ် …

၆။ နေမင်းညို
သီချင်းအဆိုကောင်းသော၊ သည်းခံတတ်လွန်းသော ကျွန်မရဲ့သူငယ်ချင်းလေးပါ …. သူ့ကိုလဲ ဘလော့စမလုပ်ခင်ကတည်းကခင်ခဲ့တာပါ … ခုတော့ သူလဲ ဘလော့မရေးဖြစ်တာကြာပါပြီ ….

၇။ တလနွန်
Ning ဆိုဒ်တစ်ခုမှာ ကျွန်မရေးတဲ့ပို့စ်လေးကို ကွန်မန့်ပေးရာကနေစခင်ခဲ့ တာပါ … ခုချိန်ထိလဲ ဆက်လက်ခင်မင်နေဆဲ စာရေးကောင်းတဲ့ သူငယ်ချင်းလေးတစ်ယောက်မို့တွေ့ချင်မိပါတယ် ….

၈ - ၁၀ ။ မချစ်ရကောင်းကင်ပြာမငုံ
မချစ်ရနဲ့တော့ ရန်ကုန်ပြန်တုန်းက သွားတွေ့ပြီးပါပြီ … ပွင့်လင်းသွက်လက်ပြီး ခင်ဖို့ကောင်းတဲ့သူလေးပါ …
မကောင်းကင်ပြာနဲ့ မငုံကိုတော့ စာရေးဟန်လေးတွေက ပွင့်လင်းရိုးသားပြီး စိတ်ထဲကလဲ အလိုလိုကိုခင်မိလို့မို့ အခွင့်ရမယ်ဆိုရင် တွေ့ချင်မိပါတယ် ….

Wednesday, May 20, 2009

ဒါကဒီလိုရှိတယ် (တဂ်ပို့စ်)


ဒီခေါင်းစဉ်လေးကို အားရင်ရေးပေးပါလို့ မငုံပြောထားတာကြာပေါ့ ….
ခုမှရေးဖြစ်တာတော့ ဆောရီးပါ မငုံရေ …

မသိမသာနဲ့ပြင်သင့်တာတွေကတော့ အများကြီးပဲရှိတာပေါ့ … သိသိသာသာပြင်သင့်တာလေးတွေး ချရေးကြည့်မယ်နော် …

၁။ အစွဲအလမ်းအရမ်းကြီးလွန်းတာပါ …. အစွဲအလမ်းကြီးလွန်းတော့ ခံစားရတာတွေများတယ်လေ … ကိုယ့်ကိုကိုယ်မကြိုက်ဆုံးအချက်ပါပဲ …

၂။ အပျင်းထူလို့ရသလောက်ထူချင်တာ … ရန်ကုန်မှာအလုပ်လုပ်တုန်းက လစာတွေတိုးပေးဖို့ Supervisor တွေက Recommend လုပ်ရတယ် … အဲ့ဒီမှာ ကိုယ်နဲ့တိုက်ရိုက် အလုပ်လုပ်ရတဲ့ Supervisor က Recommend ကောင်းကောင်းပေးတာကို တခြား Supervisor တွေက Initiation နှေးတယ်လို့ မှတ်ချက်ပေးတာခံရဖူးတယ် … Initiate လုပ်တာမြန်တာဆိုလို့ အဲ့တုန်းက ဂိမ်းဆော့တာပဲ … ကိုယ့်ဘေးထိုင်တဲ့သူက ဂိမ်းဖွင့်လိုက်တာနဲ့ ကိုယ်လဲဖွင့်ပြီးသားပဲ …. အဲ့လိုမြန်တာ …

၃။ တခါတလေ ကိုယ့်အတွက်အကျိုးမရှိမှန်းသိသိကြီးနဲ့ လုပ်ချင်ရင် စိတ်အလိုလိုက်ပြီး ဆက်လုပ်တာ … ဥပမာအနေနဲ့ပြောရရင် တညလုံးမအိပ်ပဲ ချတ်တာမျိုး၊ ဂိမ်းဆော့တာမျိုး၊ တညလုံး ရုပ်ရှင်တစ်ကားပြီး တစ်ကားကြည့်တာမျိုးတွေပေါ့ …

၎။ နောက်ပြီး ဖုန်းခတွေဈေးကြီးမှန်းသိလျက်နဲ့ ကိုယ်ဖုန်းခေါ်ချင်ရင် Oversea ကို တိုက်ရိုက်ခေါ်ပြီး ကိုယ်ပင်ပင်ပန်းပန်းရှာထားတဲ့ လုပ်ခတွေဖြုန်းပစ်တာမျိုး …..

၅။ အားနာတတ်တာလဲ မကြိုက်ဘူး … တော်ရုံမဟုတ်ဘူး … ကိုယ်က အားမနာသင့်ဘူးလို့တွေးပြီးလုပ်လိုက်မိရင်တောင် တွေးပြီး အားနာတတ်ပြန်သေးတာ .. အဲ့အကျင့်လဲပြင်ရမယ် … မုန်းလွန်းလို့ …

လောလောဆယ်တော့ အပြင်သင့်ဆုံးတွေက ဒီ(၅)ချက်ပဲစဉ်းစားလို့ရသေးတယ် … မငုံကျေနပ်မယ်ထင်ပါတယ်နော် ….း)

Tuesday, May 19, 2009

ကြယ်ပြာရဲ့အလွဲ


လွန်ခဲ့သော နှစ်ရဲ့နေ့လေးတစ်နေ့ကပေါ့ကွယ် ….. ပုံပြောမလို့မဟုတ်ဘူးနော် ….
တကယ့်ဖြစ်ရပ်မှန်ပြောပြမလို့ …. ဖတ်ပြီးတော့ မရယ်ကြနဲ့ဦး ….

ဆက်ရမယ်ဆိုရင် …. အဲ့ဒီနေ့လေးတစ်နေ့ကပေါ့ … ကြယ်ပြာတစ်ယောက် သူငယ်ချင်းအစ်ကိုကြီးတစ်ယောက်နဲ့ ရထားစီးဖို့အလာမှာ ဘူတာကို ဆင်းတဲ့ စက်လှေကားအရှည်ကြီးတစ်စင်းကနေ ဆင်းလာရောဆိုပါတော့ … ဘူတာနာမည်တော့ မမှတ်မိတော့ဘူးရယ် … ကြယ်ပြာက ဘိနပ်ပါးပါးလေးစီးထားတယ် … ပါးပါးလေးမှ တကယ့်ပါးပါးလေး ….

စက်လှေကားအဆုံးမှာ စက်လှေကားပျက်ရင် ဖွင့်ပြင်ရတဲ့ အံဖုံးလေးတွေရှိတယ်လေ …. အဲ့ဒီအံဖုံးလေးတွေမှာ အဖုံးဖွင့်ဖို့ထားတဲ့ အပေါက်ရှည်မျောမျော သေးသေးလေးတွေနှစ်ခုတောင်ရှိတယ် …. အဲ့ပေါ်ရောက်လဲရောက်ရော ဘယ်ကနေ ဘယ်လို အဲ့အပေါက်လေးထဲကို ဘိနပ်ထိပ်ဦးက ၀င်သွားလဲမသိပါဘူး … ခြေထောက်ကို ဆောင့်ဆွဲလိုက်သလို တုံ့ကနဲဖြစ်သွားပြီး … ဘိုင်းကနဲပစ်လဲပါလေရော …. “အား ……. ” လို့တောင် မအော်နိုင်ဘူး … အွတ်ခနဲတော့မြည်သွားသလိုလိုပဲ … တော်တော်ရင်နာသွားတယ် … မှောက်လျက်ကြီးလဲလို့လေ …. ဟီး ဟီး … အနားကလူတွေကတော့ အုန်းကနဲ အသံကြီးကြားတော့ လန့်ဖြတ်ပြီး လှည့်ကြည့်ကြတာပေါ့ … ကိုယ်ကတော့ ရှက်တာရော ချက်ခြင်းမထနိုင်တာရောပေါင်းပြီး ကြမ်းပြင်မှာ မှောက်လျက်ကြီး ခဏမှိန်းနေပစ်လိုက်တယ် …. အိပ်လို့တော့ အကောင်းသား … :P

ဘေးက အစ်ကိုကြီးကတော့ ကိုယ်လဲတဲ့ပုံရော ပေပြီးမှောက်လျက်ကြီးကမထတာကိုရော ကြည့်ပြီး ထရမလို ထူရမလို ထိုင်ရမလိုနဲ့ နောက်ဆုံးတော့ တဟားဟား နဲ့ရယ်ပါလေရောလေ …. မထူနေပေါ့ ကိုယ်ဘာသာကိုယ်ထမယ်ဆိုပြီး ထတော့ ဒူကကွေးမရဘူးနာနေတာနဲ့ … ဟီး အဲ့တိုင်းထလိုက်တာ မသိရင် အမ်အာတီလာပြီး ဒိုက်ထိုးနေတယ်တောင် ထင်ကြဦးမယ် …. ဘယ်သူတွေများမြင်သွားမလဲဆိုပြီး နောက်လှည့်ကြည့်တော့ … လှေကားပေါ်မှာ ကုလားအုပ် …. ၁၀ ယောက်လောက်ရှိမယ် … အိုး … ရှက်လိုက်တာ ဆိုပြီးရှေ့တည့်တည့်ကို ကြည့်လိုက်တော့ ပိုဆိုးသွားတယ် .. စစ်ကျူရတီကင်မရာကြီးက ကိုယ့်တည့်တည့်ချိန်ရက်သားကြီး ….. ဒီလိုမှန်းသိ လဲလဲခြင်းချက်ခြင်းထပါတယ် …. ခုတော့ မှတ်တမ်းတောင်ဝင်သွားသေးတယ် …

Thursday, May 14, 2009

ကားပေါ်ကဟာသများ(၂)


တစ်နေ့မှာ ကျွန်မရယ်၊ ကျွန်မသူငယ်ချင်းရယ် အလုပ်ကပြန်တော့ အသိတစ်ယောက်အိမ်ကိုသွားကြတယ် … အဲ့ဒီကပြန်တော့ ဆင်မလိုက်အဝေးပြေးကားဂိတ်ထဲကနေ (၃၄) ဒိုင်နာကားစီးပြီးပြန်ရင် ကျွန်မအိမ်နားကမှတ်တိုင်ကိုရောက်တယ်လေ… ပြီးတော့ ဂိတ်စဆိုတော့ ထိုင်စရာကလဲရတယ် …. ကိုယ်တွေကလဲ ထမင်းဂျိုင့်ကတစ်ဘက်ဆိုတော့ ထိုင်ရမှ အဆင်ပြေမှာ .. မဟုတ်ရင် ဒိုင်နာကားကသိတဲ့အတိုင်းပဲ မြန်ကမြန်နဲ့ ဆန်ကောထဲကဇီးဖြူသီးဖြစ်မှာလေ …စပါယ်ယာကတော့ “ဟိုရောက်မယ် … ဒီရောက်မယ်” အော်ပြီး လာသမျှလူတွေကို အတင်းတွန်းထိုးတင်နေတာပဲ … ကျွန်မလဲ တက်ရော ကားလဲမထွက်သေးပဲနဲ့ စပါယ်ယာက နောက်ကကပ်လိုက်လာတယ်လေ … ဘယ်သူတက်တက်မလိုက်လာပဲနဲ့ ကိုယ်တက်မှလိုက်လာတော့ “ငါ့ကိုများ …. ကားခမပေးပဲ အလကားစီးမယ့်သူကျနေတာပဲ ” ဆိုပြီးတော့ ရှက်လဲရှက်၊ စိတ်လည်းနည်းနည်းတိုသွားတာပေါ့ … ဒါပေမယ့် ထုံးစံအတိုင်းလှည့်မကြည့်ပါဘူး … ကျွန်မလှည့်မကြည့်ရင် သူပြန်ဆင်းသွားမယ်ထင်တာပေါ့ … သုံး လေး ငါး လှမ်းလောက်လှမ်းတဲ့ထိ ပြန်မဆင်းတော့ ကျွန်မကလဲ ဘာလဲလို့ မေးမလို့ ရုတ်တရက်ပြန်လှည့်လိုက်တာပေါ့ … အဲ့ဒီတော့ မှ အဖြစ်မှန်ကိုသိတယ် …

ကျွန်မကိုင်တဲ့ စတီးနှစ်ဆင့်ဂျိုင့်ရဲ့ ဂိုင်းက နည်းနည်း အပြင်ကိုကားနေတယ်လေ … အဲ့ဒီ ဂိုင်းက ကျွန်မကားပေါ်စတက်ကတည်းက စပါယ်ယာရဲ့ခပ်တိုတိုပုဆိုး အောက်နားစကို ချိတ်ပြီးသယ်လာမိတာကိုး …. ဟီး …. ကိုယ်ရွှေစပါယ်ယာကလဲ အဲ့ဒါကိုမပြောပဲ သူ့ပုဆိုးလေးကို တင်းတင်းဆုပ်ကိုင်ပြီး ဒီအတိုင်းလိုက်လာတယ်လေ …. တော်သေးတာပေါ့ ဂျိုင့်ကိုတအားမဆွဲလိုက်မိလို့ … ဆွဲများဆွဲလိုက်လို့ကတော့ မြင်မကောင်း ရှုမကောင်းတွေဖြစ်တော့မယ် …. ဘာလို့မပြောလဲဆိုတော့ အားနာလို့တဲ့ … ဟား ဟား ဟား

Wednesday, May 13, 2009

ကားပေါ်ကဟာသများ(၁)


ကျွန်မတို့ရန်ကုန်မှာ လူချမ်းသာတွေကလွဲရင် ကျန်လူတန်းစားတွေက လိုင်းကားကို အဓိကထားကြရတာလူတိုင်းအသိပါ … ဆိုတော့ မိန်းခလေးတွေအတွက် လိုင်းကားစီးရတာ အန္တရာယ်များပါတယ် … ကားပေါ်မှာ အသားယူလိုတဲ့ သကောင့်သားတွေကလဲ အများသားမဟုတ်လား(မြင်ဖူးသလောက်ကတော့ သက်ကြီးပိုင်းတွေများပါတယ်) … တချို့ကလဲ မသိမသာ၊ တချို့ကလဲ သိသိသာသာမို့ ကိုယ့်ဘာသာအဆင်ပြေသလိုလေးကြည့်ရှောင်ကြရပါတယ် … ကျွန်မလဲ လူချမ်းသာတစ်ယောက်မဟုတ်ရလေတော့ လိုင်းကားပဲတိုးစီးရတာပေါ့ရှင် ....

တစ်နေ့မှာ ကျွန်မက (၃၄)ဒတ်ဆန်းကားအပုလေးကိုစီးပြီး မြို့ထဲသွားပါတယ် … အဲ့ဒီကားသေးသေးလေးတွေက တစ်ဘက်ကို လူ(၆)ယောက်ထိုင်စေပါတယ် … မထိုင်ရင် စပါယ်ယာတွေ အပေါက်ဆိုးသံကို နားမခံသာအောင်ကြားရလေ့ရှိတယ် … လူ(၆)ယောက်ဆိုတော့ သိတဲ့အတိုင်း တစ်ယောက်က အပြင်နည်းနည်းထွက်နေတယ် … ပြီးတော့ အလယ်ကခုံတွေလဲ ရှိသေးတော့်ထွက်နေတဲ့သူက ဘယ်လိုမှထိုင်ရအဆင်မပြေဘူးပေါ့ … အရပ်ရှည်ရင် သာဆိုးသေး … ကျွန်မကတော့ ကားခေါင်းနဲ့ကပ်လျက် ထိပ်ဆုံးမှာ လွယ်အိတ်လေးပေါင်ပေါ်တင်ပြီး ခပ်ကုပ်ကုပ်လေးထိုင်နေတာပေါ့ … ကျွန်မဘေးမှာ အစ်ကိုကြီးတစ်ယောက်ထိုင်တယ် … သူက ဘေးမှာ မိန်းခလေးရှိတော့ အားနာတယ်ထင်ပါရဲ့ ထိုင်တာ ကျံုံ့ကျုံလေးရယ် ဆိုပြီး ကျွန်မက စိတ်ထဲက ချီးကျူးနေတာ … နောက် ကားလဲစထွက်ရော သူက တတွန့်တွန့်ဖြစ်လာရော …. ကားလှုပ်လေ တွန့်လေဆိုတော့ ဒီလူဘာဖြစ်နေလဲဆိုပြီး မသင်္ကာဖြစ်လာမိတယ် … ပြီးတော့ သူက ကျွန်မကိုလဲ တစ်ခုခုပြောချင်သလိုလို လှမ်းလှမ်းကြည့်တယ်လေ .. ကျွန်မပုံစံကလဲ ၀တုတ်တုတ် ပါးဖောင်းဖောင်းနဲ့ဆိုတော့ အမြဲ အစခံရတော့ ငါ့ကိုများစမလို့လားဆိုပြီး မျက်နှာကိုတင်းထားလိုက်တာပေါ့ … ဟွန်း … ဘယ်ရမလဲ ကြယ်ပြာပဲနော့ ….

နောက်တော့ သူက ကျွန်မကို စကားစပြောပါလေရော …

အစ်ကိုကြီး - “ညီမ … ညီမ”

ကြယ်ပြာ - “ဘာလဲ ….” (စူပုပ်ပုပ်မျက်နှာထားဖြင့်)

သူက နည်းနည်းရှိန်သွားတဲ့ပုံဖြစ်သွားတယ် .. ဒါပေမယ့် ဆက်ပြောတယ် …

အစ်ကိုကြီး - “ ဟိုလေ …. ညီမလေးအိတ်က စူးတယ် .. ”

ကြယ်ပြာ - “ ဟမ် … ဘာစူးတာလဲ … ဘာမှမလုပ်ဘူး ” (ဇဝေဇ၀ါမျက်နှာထားဖြင့်)

အစ်ကိုကြီး - “ဒီမှာလေ ညီမရယ် … ဒီမှာ .. .အစ်ကိုလဲ အောင့်ခံပါသေးတယ် … ခုက နာလွန်းလို့ပါ ” တဲ့ဆိုပြီး ကျွန်မအိတ်နဲ့ သူ့ဒူးခေါင်းထိနေတဲ့ နေရာကို ကိုင်ပြလိုက်မှ ကြယ်ပြာတို့သဘောပေါက်တော့တယ် …

ကျွန်မက အဲ့ဒီနေ့မှ အိတ်ထဲမယ် ထောက်ချွန်ထည့်လာမိတာ … သူ့ခမျာ တော်တော်လေးနာသွားရှာမယ် ….

“အစ်ကိုကြီးရယ် ဆောရီးပါ … ညီမလဲ သတိမထားလိုက်မိလို့ပါ” ဆိုပြီး အားနာနာနဲ့ တောင်းပန်ခဲ့ရတယ် …. ဟီး ….

Sunday, May 10, 2009

ဒီမနက်က ...


မေကြီးဒီတစ်ပတ် မျက်စိပြတာ အဆင်ပြေမပြေ သိချင်လို့ ဒီမနက်အိမ်ကို ဖုန်းဆက်ဖြစ်တယ် … အမေနဲ့ဖုန်းပြောတော့ အမေက

“သမီးရေ … မေကြီးမျက်စိ မြင်တော့မြင်လာရတယ်၊ အရှင်းတော့မမြင်ရဘူး၊ လူတွေကို ကြည့်ရင် ကွေ့ကွေ့ကောက်ကောက်တွေပဲမြင်ရတယ် ဒါပေမယ့် တစ်ဘက်က ကောင်းသေးတာပဲ စိတ်မပူနဲ့”


“မေ .. .ဆရာဝန်က ဘာပြောလဲ”

“သွေးကြောပေါက်တာကနေဖြစ်တဲ့ အမာရွတ်တွေက မျက်ကြည်လွှာမှာ ကပ်နေတယ်တဲ့ .. အဲ့ဒါတွေဖယ်ထုတ်ပစ်ရင် မျက်ကြည်လွှာကို ဆွဲဖြဲသလိုဖြစ်မယ်ဆိုတော့ ပြန်မကောင်းနိုင်တော့ဘူးလို့ ဆရာဝန်ကပြောတယ်”

“အစကပြောတော့ လေဆာသုံးခါပစ်ပြီးရင် ပြန်မြင်မယ်ဆို”

“၀ဋ်ကြွေးပါလို့ပေါ့ သမီးရယ်.. ဘယ်တတ်နိုင်မလဲ ..”

“မေ … မျက်ကြည်လွှာလဲလို့မရဘူးလား ဟင် …”

“သမီးရယ် မျက်ကြည်လွှာလဲတယ်ဆိုတာ လွယ်တာမှမဟုတ်တာ … လှုတဲ့သူရှိဦးမှ .. မေကြီးတစ်ဘက်မြင်နေရသေးတာပဲ … ဆီးချိုကလဲ ရှိနေတော့ မေကြီးကတော့ မျက်စိမခွဲချင်ဘူး”

“သမီးကတော့ မျက်ကြည်လွှာလဲလို့ရရင် လဲလိုက်စေချင်တယ် …ဆရာဝန်ကို မေးကြည့်ပါလား မေကြီးရယ် ”

“အေး… အေး … မေကြီးကိုနောက်တစ်လခွဲနေရင် လေဆာထပ်ပစ်ဖို့ချိန်းထားသေးတယ် .. အဲ့ဒီကျမေးလိုက်မယ် သမီး”

ပြီးတော့ ဖေကြီးနဲ့ စကားနည်းနည်းပြောပြီးဖုန်းချလိုက်ဖြစ်တယ် … စိတ်ထဲမှာတော့ အတွေးတွေအများကြီးကျန်ခဲ့တယ် ..
မေ မျက်စိမခွဲချင်တာ သမီးသိတယ် … ခွဲရင်ကောင်းသွားမယ်လို့လဲ မေကြီး မယုံကြည်ဘူးလေ … သမီးမေ့မျက်စိကို အကောင်းတိုင်းဖြစ်စေချင်တယ် … မေ့အသက်က ၅၀ တောင်ပြည့်သေးတာမဟုတ်ဘူး … မေ မသေခင် သက်ရှိထင်ရှား ရှိနေချိန်လေးမှာတော့ ဘာချွတ်ယွင်းချက်မှ မရှိပဲ ဘ၀ကိုဖြတ်သန်းသွားစေချင်တယ် မေကြီးရယ် … သမီးဘာလုပ်ပေးနိုင်မလဲ ဟင် …. သမီးဘာလုပ်ပေးရမလဲ … မေကြီးကတော့ ဘာမှမဖြစ်တဲ့ပုံစံနဲ့ပေမယ့် သမီးစိတ်မကောင်းဘူးမေကြီးရယ် … ဖြစ်နိုင်ရင် သမီးရဲ့မျက်ကြည်လွှာကိုတောင် မေကြီးအတွက်ပေးချင်ပါတယ် … မေကြီးရဲ့နောက်ထပ်မျက်စိတစ်ဘက် ထပ်မထိခိုက်ပါစေနဲ့လို့ သမီး ဆုတောင်းပါတယ် ...

နေကြာစေ့စားကြမလား ..



ကျွန်မ ၈ နှစ်သမီးအရွယ်လောက်တုန်းက သူများကိုချောက်ချဖူးတဲ့အမှတ်တရ အဖြစ်လေးပါ … ဘာရယ်မဟုတ် အနည်းငယ်လေးပြုံးဖြစ်ရင်ပဲ ဝေမျှရကျိုးနပ်ပါတယ် …း)

ကျွန်မငယ်ငယ်က အလွန်အဆော့သန်သော ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ် … ဟိုးတုန်းက ကျွန်မတို့ရပ်ကွက်မှာ ကန်ထရိုက်တိုက်တွေမပေါသေး … ဒီတော့ လူဦးရေလည်းသိပ်မထူထပ်သေးဘူးပေါ့ … ကျွန်မနဲ့အရွယ်မတိမ်းမယိမ်းရပ်ကွက်ထဲက ကလေးတွေကို ကျွန်မက ဆရာလုပ်နေကျလေ …. နေ့လည်နေ့ခင်းဆိုရင် လမ်းတကာလှည့်ပြီး ကျွန်မတို့တွေ ဗံဒါသီး ကောက်လေ့ရှိတယ် … ဗံဒါသီးထုစားရတာသိပ်အရသာရှိတာလေ …. များသောအားဖြင့် ကလေးဗိုလ်ဖြစ်တဲ့ ကျွန်မကသိပ်မကောက်ဘူး … အငယ်တွေကိုပဲကောက်ခိုင်းလေ့ရှိတယ် …စပ်လဲစပ်စုတတ်တဲ့ ကျွန်မက နေကြာစေ့ကို သိပ်ကြိုက်တယ် …. နေကြာပန်းကနေ နေကြာစေ့ဘယ်လိုဖြစ်လာတယ်ဆိုတာ သိပ်သိချင်တယ် … ကလေးအတွေးနဲ့ဆိုတော့ နေကြာစေ့ကို နေကြာပန်းထဲကနေ ဖြဲရှာရင်တွေ့မှာပဲလို့ ထင်မိတာပေါ့ ….

တစ်နေ့မှာကျွန်မတို့ဘုရားစင်က နေကြာပန်းတွေ စွန့်တော့ အမေကသွားလွှင့်ပစ်ခိုင်းတာကို ကျွန်မကအကြံနဲ့လွှင့်မပစ်ဘူးလေ … လူကြီးတွေလစ်တော့ နေကြာပန်းတွေကို တစ်ပွင့်ချင်း အလယ်ခေါင်ကနေ ဖြဲရှာတာပေါ့ …နေကြာစေ့ကိုမတွေ့ရဘူး … ကျွန်မစိတ်ထဲမကျေနပ်ဘူး … ရှိသင့်တယ်လို့ ယူဆထားတာကိုး …တွေ့တာက အလယ်အ၀ိုင်းအောက်က အနှစ်လေးတွေကို တွေ့တယ် … အဲ့ဒါကို ကျွန်မက စားကြည့်တော့ စိမ့်စိမ့်လေးအရသာရှိတယ် … ဒီတော့ “အင်း … ဒီကနေ ရင့်ပြီးအခွံ့တွေပေါက်ပြီး နေကြာစေ့ဖြစ်တာနေမယ်” လို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်လိုက်ရော ….

အဲ့ဒီနေ့ နေ့လည်လဲရောက်ရော ထုံးစံအတိုင်း ကလေးတွေကို ဦးဆောင်ပြီး ကြယ်ပြာတစ်ယောက် ဗံဒါသီးလှည့်ကောက်တာပေါ့ … ပါးစပ်ကလဲ ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ နေကြာပန်းအနှစ်အကြောင်း ပြောပြရင်းပေါ့ … အဲ့ဒီထဲမှာ ကျွန်မထက် နှစ်နှစ်ငယ်တဲ့ ကောင်မလေးက သူလဲ စားချင်တယ်လုပ်ပါလေရော … ကျွန်မက “ပန်းတွေကမရှိတော့ဘူး နင်စားချင်ရင် နင့်အိမ်က နေကြာပန်းကပ်တော့မှ စားကြည့်” ဆိုတာကို သူက မရဘူး …. အဲ့လိုပြောရင်းဆိုရင်း လမ်းလျှောက်ရင်းနဲ့ လမ်းမှာ သစ်ရွက်ခြောက်တွေပုံထားတဲ့ အမှိုက်ပုံပေါ်မှာ နေကြာပန်းတွေပစ်ထားတာတွေ့ပါလေရော … အဲ့ဒါကို သူက “အစ်မ အစ်မ … သမီး အဲ့ဒါယူစားကြည့်မယ် .. .ရလား” တဲ့ …. ကျွန်မက “ဟယ် … မကောင်းပါဘူး .. အမှိုက်ပုံကြီးမှာ” ဆိုတော့ သူက “သန့်ပါတယ် အစ်မရ” တဲ့ … အဲ့ဒီလောက်တောင်ဖြစ်တာ စိတ်ထဲ အချဉ်ကပေါက်လာတာနဲ့ “စားချင်စားလေ” လို့ပြောလိုက်တော့ အဲ့ကောင်မလေးက ပန်းတွေကို ၀မ်းသာအားရပြေးကောက်ပြီး ကျွန်မပြောသလိုလုပ်စားပါလေရောလား …. ပြီးတော့ သူက “ အစ်မရော … စားလေ” တဲ့ … ကျွန်မက “တော်ပြီ … ဗိုက်တင်းနေလို့ စားတော့ဘူး” လို့ … ဟီး …. သူတစ်ယောက်တည်း အကုန်စားသွားတယ် …. သူငယ်ချင်းတို့ရော နေကြာစေ့စားကြမလားဟင် ?

မှတ်ချက်။ ။ပုံလေးကို http://www.manataka.org ဒီကယူပါတယ်ရှင်။

Saturday, May 9, 2009

ကျွန်မနှင့် အင်တာဗျူးများ


ကျွန်မချစ်သော ကျွန်မရဲ့သူငယ်ချင်းတွေက ဖုန်းနဲ့တစ်မျိုး၊ မေးလ်နဲ့တစ်ဖုံ၊ အက်စ်အမ်အက်စ်နဲ့တစ်လီ၊ စီဘောက်စ်က တစ်သွယ်နဲ့ ဘာလုပ်နေလဲ၊ ဘာတွေဖြစ်နေလဲ၊ အခြေအနေဘယ်လိုလဲလို့ မေးကြပါတယ် ....
ကျွန်မ ခုတလော အင်တာဗျူးတွေနဲ့ နဘမ်းသတ်နေရလို့ ပို့စ်လဲ ကောင်းကောင်းမတင်နိုင်ပါဘူး … ခုတော့ ကျွန်မရဲ့အင်တာဗျူးကိစ္စတွေပြီးသွားပြီမို့လို့ အချိန်ရရင် ရသလိုပို့စ်ပြန်တင်ပါတော့မယ် …

ကျွန်မတို့ အလုပ်ကနေ စာချုပ်သက်တမ်းပြည့်တော့ သက်တမ်းထပ်မတိုးတော့ဘူးလို့ခေါ်ပြောတဲ့နေ့က ကျွန်မစိတ်အတော်ညစ်သွားပါတယ် … ခုချိန်မှာ အလုပ်ပြန်ရှာရတာ တော်တော်လေးခက်မယ်ဆိုတာ ကျွန်မသိနေလို့ပါ … နောက်ပြီး အင်တာဗျူးတွေဝင်ရတာ သူများတွေတော့ မသိဘူး ကျွန်မတော့ တော်တော်လေးစိတ်ညစ်ပါတယ် … အရင်ဆို အလုပ်ရှာရတာ သိပ်မခက်ခဲတဲ့အပြင် အင်တာဗျူးလေး နှစ်ခု သုံးခုဝင်လိုက်တာနဲ့ အလုပ်က ချက်ခြင်းရတတ်ပါတယ် …ခုတော့ ကုမ္ပဏီ တစ်ခုကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေနဲ့ ၀င်လိုက်ရတဲ့ အင်တာဗျူးတွေဆိုတာ မနည်းပါဘူး … အလုပ်သစ်ကို နှစ်လလောက်ပြန်ရှာလိုက်ရပြီး Last minute မှာ အလုပ်ပြန်ရသွားပါတယ် …Last minute ဆိုတာကလဲ အလုပ်သာပြန်မရခဲ့ရင် ကျွန်မ ဒီနေ့ ရန်ကုန်ပြန်ရတော့မှာပါ …မနေ့က MOM မှာ နေထိုင်ခွင့် သက်တမ်းသွားတိုးတာ နှစ်ပတ်ထပ်ရခဲ့ပါတယ် … နောက်အပတ်ထဲ Pass က Approve ဖြစ်မယ်ဆိုရင်တော့ နောက်အပတ်ထဲ အလုပ်စဆင်းရတော့မှာပါ ….

ကျွန်မတွေ့ခဲ့တဲ့ အင်တာဗျူးတွေမှာ လူတွေ့၊ စက်ဖြေ (သို့) လူတွေ့၊ ရေးဖြေ (သို့) မေးလ်တွေ့၊ ဖုန်းတွေ့၊ လူတွေ့ စသဖြင့်တွေပါပါတယ် … ကျွန်မ မကြိုက်ဆုံးက စာရွက်ပေါ်မှာ Coding တွေချရေးခိုင်းတာပါပဲ … ကျွန်မက Syntax တွေအားလုံးအလွတ်မရတော့ အခက်အခဲဖြစ်ရပါတယ် …

ပထမဆုံးဝင်တဲ့ကုမ္ပဏီက System Analyst လျှောက်တာကို Java Question တွေဖြေခိုင်းပါတယ် … ကျွန်မက C#.Net နဲ့ပြောင်းဖြေခဲ့ပါတယ် … ကျွန်မကို လူတွေ့မေးမယ့် မန်နေဂျာက အရေးကြီးကိစ္စနဲ့ အပြင်သွားတာ အချိန်မှီပြန်မရောက်လို့ ကျွန်မ လူတွေ့မဖြေခဲ့ရတဲ့အပြင်ဖုန်းပြန်ဆက်ဆိုလို့ ဆက်ပြန်တော့ ကောင်းကောင်းမဖြေပဲ ဖုန်းချသွားပါတယ် …

ဒုတိယတစ်ခုကတော့ ကျွန်မ J2ME ရတယ်ဆိုလို့ စိတ်ဝင်စားလို့ခေါ်တာပါ … သူတို့ သုံးတာက Highest Technologies တွေတဲ့ ကျွန်မက အကုန်တော့လဲ ဘယ်သိပါ့မလဲ … သူမေးတဲ့ မေးခွန်းတော်တော်များများကိုမဖြေနိုင်ခဲ့လို့ မရပါဘူး …

သုံးခုမြောက်က ကျွန်မ နှုတ်ဖြေအကုန်ရပြီး ရေးဖြေအကုန်မရခဲ့ပါဘူး ..

လေးခုမြောက်ကကျတော့ သူတို့လိုချင်တာ Analyst Role ကိုနိုင်မယ့်သူ … ကျွန်မက Developer ဘက်ကို အားသန်သူဆိုတော့ မရပြန်ပါဘူး .. အဲ့ဒီမှာတော့ ရေးဖြေဖြေရတယ် .. ကျွန်မ ၈၀% လောက်တော့ဖြေနိုင်တယ်လို့ ကိုယ့်ကိုကိုယ်ထင်တာပါပဲ …
မေးခွန်းသုံးမျက်နှာထဲက တစ်ခုက Big Large Objects (BLOBs) ကိုသုံးပြီး Stored Procedure တစ်ခုရေးခိုင်းတာပါ .. အဲ့လိုမျိုး တခါမှမသုံးဖူးတော့ ကျွန်မလဲ ဖြေရမယ့်နေရာမှာ ငါ မသုံးဖူးလို့ မရေးတတ်ဘူး .. ငါ့ကို Help ပေးဖတ်ရင်တော့ ငါကောင်းကောင်းရေးနိုင်ပါတယ်လို့ ရေးခဲ့တယ် … ကျွန်မစိတ်ပေါက်လာရင် အဲ့လိုဖြေဖြေပစ်တယ် …း)

ငါးခုမြောက်ကကျတော့ ကျွန်မစိတ်တို ရတဲ့ အင်တာဗျူးပါ … အဲ့ဒီကိုသွားဖို့ ကျွန်မမှာ ၁ နာရီခွဲလောက်အိမ်ကကြိုထွက်ရတယ် … ပြီးတော့ ဟိုရောက်တော့ ကျွန်မရှေ့မှာ တစ်ယောက်ကို ဗျူးနေတယ် … ပြီးတော့ ကျွန်မ အလှည့်လဲရောက်ရော ၁၅ မိနစ်လောက်ပဲ ပါစင်နယ်နည်းနည်းမေးတယ် .. ပြီးတော့ ကျွန်မကို Business Intelligent သုံးဖူးလားဆိုတော့ ကျွန်မလဲ သုံးဖူးတယ် ပေါ့ .. ပြီးတော့ Analyzing Service ကိုသုံးပြီး Cube ဆောက်ဖူးလားတဲ့ .. ကျွန်မလဲ ဆောက်ဖူးပါတယ်ပေါ့ … ပြီးတော့ အဲ့ဒီ Cube ကို Box ထဲထည့်လားတဲ့ …. ကျွန်မကြောင်သွားတယ် … ဘာမေးပါလိမ့်ပေါ့ .. ငါသိတဲ့ထဲမှာ Cube ကို Box ထဲထည့်တာမပါပါဘူးပေါ့လေ …. ကျွန်မက BI ကို ခဏတာပဲသုံးဖူးတာ အရမ်းအတွင်းကျကျလဲ မသိဘူး .. မသိတာတွေမှအများကြီးရယ် …. ရှိများ ရှိသလားတောင် ထင်သွားတယ် …နောက်တော့ မေးတဲ့သူက ထရယ်ရော … ကျွန်မကို စတာတဲ့ … သူ့ကြည့်တော့ လူကြီးလူကောင်းရုပ်နဲ့ ကျွန်မကိုများ သူစ စရာကျလို့ အဲ့ဒါပြီးတော့ ဘာမှထပ်မမေးတော့ပဲ နောက်ကျရင် ပြန်ဆက်သွယ်မယ်ဆိုပြီး ပြန်ခိုင်းလိုက်လို့ ကျွန်မ စိတ်တိုပြီး ပြန်ခဲ့ရတဲ့ အင်တာဗျူးပေါ့ … ပြီးတော့ ပြန်လဲမဆက်သွယ်ပါဘူး …

ခြောက်ခုမြောက်ကကျတော့ ကျွန်မကို အေးဂျင့်က ညွှန်တဲ့လိပ်စာက မှားနေတော့ ကျွန်မမှာ ကာကီဘူကစ်ထဲ ပတ်ချာကိုလည်လို့ ... နောက်ဆုံးတော့ တွေ့ပါတယ် … သို့ပေမယ့် သူကလဲ ကျွန်မ မကျွမ်းကျင်တဲ့အပိုင်းတွေချည်းပဲမေးလို့ ကျွန်မ သိပ်မဖြေနိုင်ခဲ့ဘူး … အဲ့ဒါလဲမရပါဘူး …

ခုနှစ်ခုမြောက်က ကျတော့ ကျွန်မဆီကို မေးလ်နဲ့ မေးခွန်းခြောက်ခု အရင်ဖြေခိုင်းတယ် … အဲ့ဒါကို သဘောကျရင် သူတို့က ဖုန်းအင်တာဗျူးခေါ်မယ်တဲ့ … ကျွန်မဖြေပြီးတော့ သူတို့က သဘောကျလို့ ဖုန်းအင်တာဗျူးခေါ်ပါတယ် … ဖုန်းအင်တာဗျူးမှာ အဆင်ပြေရင် သဘောကျရင် လူတွေ့ခေါ်မယ်တဲ့ …. အိုခေပေါ့ … ကျွန်မ ဖုန်းအင်တာဗျုးဖြေတယ် … နောက်နေ့ချက်ခြင်း လူတွေ့ခေါ်တယ် …. ကျွန်မကတော့ အလုပ်ရတော့မယ်ပေါ့ .. နှစ်ဆင့်အောင်သွားပြီဆိုတော့ … နောက် လူတွေ့မှာလဲ အင်တာဗျူးတဲ့သူက သဘောကျတယ် ဒါပေမယ့် သူက မေလကုန်ကျရင် နောက်ဆုံးအင်တာဗျူးရှိသတဲ့ …
သူတို့ ကုမ္ပဏီက ဂျာမနီဘေ့စ်ဆိုတော့ ဟိုက ဂျာမန်တွေက Technical ထပ်ဗျူးပါမယ်တဲ့ … ဆိုတော့ ခုထိ Pending ကြီးနဲ့ဒီအတိုင်းကျန်နေတယ် …

ရှစ်ခုမြောက်က အင်တာဗျူးကတော့ ကျွန်မအားအရဆုံးတစ်ခုပါ …မေးခွန်းပေါင်း ၁၁ ခုရယ် Test Plan တစ်ခုရယ် ရေးခိုင်းတာပါ … ကျွန်မ အကုန်လုံးမှန်အောင်ဖြေဆိုနိုင်ပါတယ် … နောက်ဆုံးတော့ အေးဂျင့်က ကွန်ဖန်းပဲစောင့်နေတာ အိုခေတယ်ပြောပြီး နောက်ထပ်လူတစ်ယောက်ထပ်ထည့်ထားသေးတယ်တဲ့ … လစာအဆင်ပြေတဲ့သူယူမယ်ပြောပြီး ကျွန်မကျန်ခဲ့ပါတယ် …

ကိုးခုမြောက်ကတော့ Monster မှာတင်ထားတဲ့ ကျွန်မရဲ့ Resume ကို တွေ့လို့တဲ့ လာဆက်သွယ်တာပါ … ကျွန်မက .Net သမား … တကယ်လဲသွားရော Coldfusion ရယ် အက်ဆေးအတိုနှစ်ပုဒ်ရယ် ဖြေရမယ်တဲ့ … ကျွန်မက ဒေါ့နက်အတွက်လျှောက်တာဆိုတော့ သူတို့က ဒေါ့နက်ခေါ်တာမဟုတ်ဘူးတဲ့လေ… ကျွန်မက ထိုင်ရမလို ထရမလိုနဲ့ ပြန်ရင်ကောင်းမလားစဉ်းစားနေတုန်း ကျွန်မကို စာမေးပွဲဖြေသွားပါ လုပ်ရော … ဒီတော့ ကျွန်မလဲ မထူးဘူးဆိုပြီး Coldfusion ၈ ပုဒ်လောက်ကို C# နဲ့ဖြေခဲ့လိုက်တယ် … ပြီးတော့ Analyst Questions သုံးမျက်နှာစာကို Viva ဖြေခဲ့ရတယ် .....

ဆယ်ခုမြောက်ကလဲ ကိုယ်ကနည်းနည်းသိရင် သူတို့က နက်နက်ဆင်းမေးတယ် … နောက်တော့ ဖြေရမှာတောင် ကြောက်လာတာနဲ့ မသိရင် မသိဘူးပဲ ပြောလိုက်တော့တယ် .. အဲ့ဒီတော့ မရဘူးပေါ့ ဟဲ ဟဲ …

ဆယ့်တစ်ခုမြောက်ကတော့ ကျွန်မရသွားတဲ့အလုပ်ပါ … Technical Questions တွေကို ဖုန်းနဲ့ဗျူးပါတယ် … ကျွန်မမှာ ကွန်ပျူတာရှေ့ငုတ်တုတ်ထိုင်ပြီး ဂူတောင်မဂယ်နိုင်အောင် ဆက်တိုက်မေးပါတယ် … နာရီဝက်တိတိပါ … အဲ့ဒါ အောင်သွားတော့ နောက်နေ့မှာ ဒုတိယအကြိမ်ကို နောက်တစ်ယောက်က နာရီဝက်တိတိပါပဲ ဖုန်းနဲ့ဗျူးပြန်ပါတယ် …အဲ့ဒါအောင်သွားပြန်ပါတယ် … နောက်ဆုံးအကြိမ်အဖြစ်လူတွေ့ခေါ်ပါတယ် … စာအနည်းငယ်မေးတယ် .. နောက်တော့ ဖိအားများရင်လုပ်နိုင်သလား … အိုတီဆင်းနိုင်လား … တစ်ယောက်တည်းဆိုရင် လုပ်နိုင်လား .. အဖွဲ့နဲ့ရောလုပ်နိုင်သလား .. စသဖြင့် ပုံမှန် အင်တာဗျူးမေးခွန်းတွေနဲ့ အဆုံးသတ်ပြီးသကာလ အလုပ်ရသွားပါတယ် …

ကျွန်မ၀င်ခဲ့တဲ့ ကုမ္ပဏီတွေက Hutcabb, Phillip Securities, Lanworks , NLB, SingHealth, ADC Technologies, Invers Asia, Chartered Semiconductor, Recruitment Asia Pacific Regional Office, Hewlett Packard, STATS Chip PAC တို့ဖြစ်ပါတယ် ..
ကျွန်မ၀င်ခဲ့ဘူးတဲ့ ကုမ္ပဏီတွေက အင်တာဗျူးတွေရခဲ့ရင် ကြိုပြီးပြင်ဆင်ချင်တယ်ဆိုရင် ကျွန်မကိုပြောပါ .. ကျွန်မ မှတ်မိသလောက် အကုန်ပြန်ပြောပြပါမယ် … ဘာလို့ဒီလိုပြောသလဲဆိုတော့ အင်တာဗျူးတွေဆိုတာ တချို့အတွက် သိပ်လွယ်ကူတတ်ပေမယ့် တချို့တွေအတွက်သိပ်ခက်ခဲတတ်ပါတယ် .. အသိရှိရင် ရှိသလိုလဲ အလုပ်ရသွားတတ်ပါတယ် … ကျွန်မလို အသိမရှိ၊ စာပုံမှန်မလုပ်ဖြစ်သောသူများ ကျွန်မလို စိတ်မညစ်ရအောင် ကျွန်မ ပြန်မျှဝေချင်တဲ့သဘောပါ … အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေရှင် ….

Wednesday, May 6, 2009

ဝန်ခံခြင်း

နာကျင်စေတော့ရယ်လို့ မရည်ရွယ်ခဲ့ပါဘူး
ပိုင်ဆိုင်တာဆိုလို့ စကားလုံးတွေပဲရှိတာမို့
ရိုးသားစွာ ကြဲချလိုက်မိတာပါ ….
ပါသွားတာဆိုလို့
စကားလုံးတွေမှာ စွန်းပေနေတဲ့
ချစ်ခြင်းရဲ့ အရိပ်တွေပဲရှိမယ်ထင်ပါရဲ့ ….

တကယ်ပါ
ခံစားရပါစေတော့ရယ်လို့လည်း မမျှော်လင့်ခဲ့ပါဘူး
အယူခံဝင်ပေးဖို့လိုမယ်ဆိုရင် အချိန်မရွေးပြောလိုက်ပါ
ငါ့နှလုံးသားကို ချခင်း မင်းနင်းဖို့အတွက်ဆိုရင်
ငါ့နှလုံးသွေးနဲ့ ပန်းတစ်ခင်းဖန်ဆင်းပေးနိုင်ပါတယ် …

Sunday, May 3, 2009

ပန်းပင်နှင့်မြေကွက်လေး




တခါတုန်းက မြေကွက်လေးတစ်ကွက်ရှိတယ်တဲ့ …. အဲ့ဒီမြေကွက်ကလေးကို ပိုင်ရှင်တွေက သေချာမပြုမပြင်ထားတော့ သူ့ခမျာ ခြံစည်းရိုးလေးတွေလဲ ပျက်၊ အနီးအနားက လူတွေကလဲ ဖြတ်လမ်းလိုသဘောထားပြီး ဖြတ်ကြ သွားကြ လာကြနဲ့ပေါ့ ၊ ကြက်တွေ ငှက်တွေကလဲ သူတို့ အစာရှာရာနေရာလို သဘောထားပြီး မြေကွက်လေးအပေါ် ထင်တိုင်းကြဲနေကြတယ်တဲ့ …. ဒီတော့ မြေကွက်လေးက “ငါဟာ လောကကြီးအတွက် ဘာမှ အကျိုးမပြုနိုင်တဲ့အရာ တစ်ခုပါလား” ဆိုပြီး စိတ်မကောင်းဖြစ်နေသတဲ့လေ ….

တစ်နေ့မှာတော့ မြေကွက်ကလေးရဲ့ပိုင်ရှင်တွေက မြေကွက်ကလေးကိုစောင့်ရှောက်ဖို့ ခြံလုပ်သားကြီးတစ်ယောက်လက်ကို အပ်လိုက်သတဲ့ …. လုပ်သားကြီးက ခြံစည်းရိုးလေးကို ခိုင်ခိုင်ခံ့ခံ့လေးပြင်ကာပြီး မြေကွက်လေးကို မြေဆီ မြေသြဇာပြည့်တဲ့ မြေကွက်လေးတစ်ကွက်ဖြစ်အောင် စတင်ဖန်တီးပါလေရောတဲ့ … မြေကွက်ကလေးကတော့ သူ့ရင်ဘတ်ပေါ်မှာ ဘာပင်လေးတွေများစိုက်မလဲဆိုပြီး ရင်ခုန်မျှော်လင့်နေတာပေါ့ … အဲ့လို လုပ်သားကြီးက ပြုပြင်ပြီးတဲ့နောက် မြေကွက်လေးပေါ်မှာ ပန်းပျိုးပင်လေးတွေစိုက်သတဲ့ … မြေကွက်လေးကတော့ ပျော်နေရှာတာပေါ့လေ … ပြီးတော့ ဆုံးဖြတ်ချက်လဲ ချလိုက်သတဲ့ .. သူ့ရင်ဘတ်ပေါ်က သူချစ်တဲ့ ပျိုးပင်လေးတွေ အကောင်းဆုံးရှင်သန်ဖူးပွင့် နိုင်ဖို့ သူအစွမ်းကုန်ကြိုးစားမယ် ဆိုပြီးတော့ပေါ့ ….

ဒီလိုနဲ့ပဲ မြေကြီးကသူဆုံးဖြတ်ထားတဲ့အတိုင်း ပန်းပင်လေးတွေ အမြစ်ခိုင်မာစေဖို့၊ အာဟာရပြည့်စေဖို့ သူ့မှာရှိတဲ့ အစွမ်းတွေနဲ့ ပံ့ပိုးလိုက်တာ ပန်းပင်လေးတွေမှာ လှပတဲ့ရောင်စုံအပွင့်လေးတွေ ငွားငွားစွင့်စွင့်၊ ရနံ့လေးတွေကလဲ သင်းထုံလို့ ဖူးပွင့်လာလိုက်ကြတာ မြေကွက်လေးမှာ ပျော်လွန်းလို့ နေစရာနေရာတောင်မရှိသလို ခံစားရသတဲ့ … ပန်းပွင့်လေးတွေကလဲ မြေကွက်လေးရဲ့ သူတို့အပေါ်ထားတဲ့ စိတ်စေတနာကိုသိလေတော့ အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ဝတ်မှုံလေးတွေ၊ သူတို့ရဲ့ပွင့်ဖတ်လေးတွေ၊ သူတို့ရဲ့အရွက်လေးတွေကို မြေကွက်လေးပေါ် ခြွေချပေးကြတယ်လေ ….သူတို့တစ်ပင်လုံး လဲဖြိုချပေးဖို့ကျတော့လဲ မဖြစ်နိုင်ပြန်ဘူးလေ … ဘာလို့လဲဆိုတော့ သူတို့ အလုပ်က အကောင်းဆုံးဖူးပွင့်ပြီး ကောင်းကင်ကြီးကို မျှော်ကြည့်ဖို့မဟုတ်လား ….

မြေကွက်လေးကတော့ ပန်းပင်လေးတွေဆီက ဘာဆိုဘာမှပြန်မမျှော်လင့်ခဲ့ပါဘူး … သူ့စေတနာကို အသိအမှတ်ပြုတာနဲ့တင်ကျေနပ်ရောင့်ရဲနေနိုင်တယ်ဆိုတာ ပန်းပင်လေးတွေလဲ ရိပ်မိမယ်ထင်ပါတယ် … သူတို့ခြွေချပေးတဲ့ အရာလေးတွေကနေ မြေသြဇာပြန်လုပ်ပြီး အပင်လေးတွေ ဆက်လက်ရှင်သန်ဖို့ပဲ သူစိတ်ဝင်စားသတဲ့လေ … အပင်လေးတွေ ပျော်နေမယ်ဆိုရင်ကိုပဲ လောကကြီးမှာ အကြီးမြတ်ဆုံး အရာတစ်ခုလိုမျိုး သူ့ကိုယ်သူ ဂုဏ်ယူကျေနပ်နေသတဲ့ …. မြေကွက်လေးက ခြံလုပ်သားကြီးကို ခပ်တိုးတိုးပြောလိုက်တယ်တဲ့ “လုပ်သားကြီးခင်ဗျာ … ခင်ဗျားကြောင့် ကျုပ်ချစ်တဲ့ပန်းပင်လေးတွေကို အကောင်းဆုံးဖူးပွင့်ဝေဆာနိုင်အောင်ဖန်တီးပေးနိုင်ခဲ့လို့ ကျုပ်က ခင်ဗျားကို သိပ်ကျေးဇူးတင်ပါတယ် …” တဲ့ ….

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ …. လောကကြီးမှာရော ကိုယ်ချစ်တဲ့သူဆီက ဘာမှပြန်မမျှော်လင့်ပဲ သူပျော်ရွှင်ဖို့လုပ်ပေးနေရတာနဲ့တင် ကျေနပ်နေတတ်တဲ့ မြေကွက်လေးလို လူတွေရှိမယ်လို့ထင်ကြလားဟင် ??????

မှတ်ချက်။ ။ပုံလေးကို www.earthfriendlybouquets.com ကယူပါတယ် ...

Saturday, April 18, 2009

မသေခင်လေးမှာ ...

ကျွန်မရဲ့ ဒီပို့စ်လေးက ဖတ်သူတွေအဖို့ မင်္ဂလာတစ်ပါးမဟုတ်တာတော့ အသေအချာပါပဲ … ဘာလို့လဲဆိုတော့ နာရေးအကြောင်းလေးဖြစ်နေလို့ပါ …. ဘာရယ်မဟုတ် ကျွန်မရေးချင်စိတ်လေးပေါ်လာလို့ ရေးမိပါတယ် … ဖတ်ပြီး စိတ်အနှောက်အယှက်ဖြစ်သွားမယ့် သူငယ်ချင်းတွေကို တင်ကြိုတောင်းပန်ပါတယ်နော …

နှစ်သစ်မှာပဲ သူငယ်ချင်းရဲ့ မောင်လေးနာရေးနဲ့စတိုးခဲ့တယ် … ဆုံးသွားတာက သင်္ကြန်အတက်နေ့က …....
သင်္ဂြိုလ်တာက ဒီနေ့ပေါ့ ….ဒီနေ့တနေကုန် ကတ်စကပ် နဲ့ မန်ဒိုင်းမှာ အချိန်ကုန်ခဲ့တယ် … ခန္ဓာကိုယ်ကို ရန်ကုန်ပြန်ပို့ဖို့စီစဉ်ပေမယ့် နှစ်မကူးခင်ဆုံးပြီး နှစ်ကူးပြီးချိန်မှာပို့မှာမို့ မြန်မာပြည်ဘက်က လက်မခံပါဘူးတဲ့ … ဒီတော့ ဒီမှာပဲ သင်္ဂြိုလ်ဖို့စီစဉ်ရပါတယ် … ဒါပေမယ့် နိုင်ငံရပ်ခြားမှာဆုံးပြီး စနစ်တကျ လူလိုသူလို နာရေးလေးဖြစ်မြောက်သွားတာတော့ ကျွန်မ၀မ်းသာမိပါတယ် …
သူတို့အလုပ်က လိုက်ပို့သူတွေ Shuttle Bus လေးစင်းစာရှိပါတယ် … တစ်ယောက်တစ်လက်နဲ့ ၀ိုင်းကူညီလိုက်ကြတာ ကျွန်မသူငယ်ချင်းဘာမှတောင်သိပ်လုပ်လိုက်စရာမလိုခဲ့ပါဘူး ….

သူ စင်္ကာပူရောက်တာ ၆ လကျော်လေးပဲရှိပါသေးတယ် … သူ့အစ်မ (ကျွန်မသူငယ်ချင်း) က ကျွန်မနဲ့တစ်အိမ်တည်းနေသူပါ … သူမဆုံးခင် သုံးရက်လောက်အလိုက ကျွန်မတို့အိမ်ကိုလာပြီး ချက်ပြုတ်စားသောက်နေပါသေးတယ် …. ပထမ လေဖြတ်သွားလို့တဲ့ ဆေးရုံမှာတင်လိုက်ရတယ်လို့ ဖုန်းဝင်ပြီး မကြာခင်မှာတင် ဆုံးသွားပြီးဆိုတဲ့ဖုန်းဝင်လာတာပါ … နောက်ရင်ခွဲစစ်ပြီးတော့ သိရတာကတော့ နှလုံးသွေးကြောပိတ်သွားတာတဲ့ … ကျွန်မစိတ်ထဲ “အိုး….. မြန်လိုက်တာ ...အသက်မှ ၂၇၊ ၂၈ လေးရှိသေးတယ်” ဆိုပြီး စိတ်မကောင်းဖြစ်မိပါတယ် ..…

ပြီးတော့ ဖြက်ကနဲ ကျွန်မမေ့နေတဲ့အရာလေးကို သတိရသွားပါတယ် … လူတိုင်း တစ်နေ့သေရမယ်ဆိုတာကိုတော့ သိကြပြီးသားပါ … ဒါပေမယ့် ကိုယ်နဲ့အဝေးကြီးလိုပဲ စိတ်ထဲသိပ်မထားတတ်ကြပါဘူး … ကြိုတင်ပြင်ဆင်မှုဆိုတာလဲ လုပ်မထားတတ်ကြပါဘူး … ကျွန်မရော … ကျွန်မသေရင်ပါသွားမယ့်အရာတွေ ဘာတွေ ဘယ်လောက်ထိလုပ်ထားသလဲလို့ ပြန်ဆန်းစစ်မိပါတယ် …. ခေါင်းထဲမှာလဲ ကဗျာလေးတစ်ပိုင်းတစ်စပေါ်လာမိပါတယ် …

ငါသည် မုချသေရမည် …
အချိန်ပိုင်းသာလိုတော့သည် …
အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစား အားထုတ်ပါမည် …..

Saturday, April 4, 2009

နေခဲ့တော့နေရာဟောင်းရေ

မနက်ဖြန်ကျွန်မအလုပ်ဆင်းရမယ့်နောက်ဆုံးနေ့ …. နောက်ထပ်အလုပ်သစ်တစ်ခုကလဲ အဆင်သင့်မဖြစ်သေးဘူး … ဆက်နေဖို့ရာလဲမသေချာဘူး …. ဘာမှလဲရေရေရာရာမရှိဘူး .. ဒါပေမယ့်သေချာတာတစ်ခုကတော့ မနက်ဖြန်ကျရင် နေရာဟောင်းကို ကျွန်မလက်ပြနှုတ်ဆက်ရမယ် ….
အဲ့ဒီနေရာဟောင်းလေးမှာ ရန်ကုန်မှာကတည်းက (၅)နှစ်မက လက်တွဲပြီး အလုပ်လုပ်ဖူးတဲ့ သူငယ်ချင်းအချို့ရှိတယ် ..
ကျွန်မတရားစခန်းဝင်ဖြစ်အောင်တိုက်တွန်းဖူးတဲ့ သူငယ်ချင်းရှိတယ် …
ကျွန်မရဲ့ဒေါသတွေပြေလျော့သွားအောင် လုပ်ပေးဖူးတဲ့သူငယ်ချင်းရှိတယ် …
ကျွန်မစိတ်ညစ်လို့တိုင်ပင်တိုင်း အကြံကောင်းပေးတတ်တဲ့သူငယ်ချင်းတွေရှိတယ် …
ကျွန်မကို စာနာ နားလည်ပေးတဲ့သူငယ်ချင်းတွေရှိတယ် …
ကျွန်မရဲ့အားနည်းချက်တွေကို ထောက်ပြပေးတဲ့သူငယ်ချင်းတွေရှိတယ် …
ကျွန်မလဲကျတိုင်း ထူမတ်ပေးတဲ့သူငယ်ချင်းတွေရှိတယ် ….
နေရာဟောင်းလေးကို နှုတ်မဆက်ချင်ပေမယ့်လည်း သေချာတာတစ်ခုကတော့ နှုတ်ဆက်ရတော့မယ် …

Wednesday, April 1, 2009

လောကဓံရေ …



လောကဓံရေ …..
ကကြိုးကကွက်တွေဆန်းပုံများ
သက်မောတွေရှိုက် ပင့်သက်တွေလှိုက်နေတာတောင်
တီးကွက်ကမချနိုင်သေးဘူးရယ် …

လောကဓံရေ ……
စည်းချက်ကျကျ ယိမ်းယိုင်
ကိုယ့်ကကွက်ကိုယ် အနိုင်နိုင်ထိန်းရင်း
ဇာတ်ဆရာအလိုကျ ကနေရတဲ့ဘ၀မှာ
ဘယ်သူ့ ဘယ်သူမှ မပြစ်မတင်သာဘူးလေ …

လောကဓံရေ ….
ဘ၀ဆိုတာတိုက်ပွဲတဲ့ နွှဲလာတဲ့ပွဲတွေလည်းများတော့
ကိုယ့်ခြေပေါ်ခိုင်ခိုင်ရပ်နိုင်ဘို့
တခါတလေ ဓါးလွတ်ကိုလဲမြေမှာထောက်မိတာပေါ့ ….

လောကဓံရေ ……
မကောင်းဆုံးတွေထဲက အကောင်းဆုံးကိုရွေးထုတ်
အပူရုပ်ကို ဟန်မလုပ်နိုင်ပေမယ့်
လမ်းဆုံးရင်တော့ ရွာတွေ့မပေါ့ဆိုတဲ့စိတ်နဲ့
လျှောက်လက်စ ခြေလှမ်းတွေကတော့ရွေ့မြဲ ရွေ့ဆဲ ……

မှတ်ချက်။ ။ပုံလေးကို ဒီက (http://www.urban75.org)ယူပါတယ် ...

Sunday, March 29, 2009

ပြုခဲ့ဖူးတဲ့ကုသိုလ်



ပုံလေးကို ဒီက (http://pro.corbis.com) ယူပါတယ်။

ခုတလော ရာသီဥတုကပူပြင်းလွန်းတယ် … အိမ်အပြင်ဘက်ကိုလှမ်းကြည့်လိုက်ရင် ပတ်ဝန်းကျင်က ခြောက်ခြောက်သွေ့သွေ့ကြီးနဲ့ ဘာကိုလွမ်းလို့လွမ်းမှန်းမသိ စိတ်ထဲခပ်ဆွေးဆွေးလေးဖြစ်နေမိတယ် …. အတွေးတွေကလဲ တောင်စဉ်ရေမရ ဟိုရောက်လိုက် ဒီရောက်လိုက် ….. ဟော … ကြည့်နေရင်းနဲ့မိုးတွေရွာကျလာပြန်ပြီ … မိုးရွာတော့လဲ လွမ်းတာကပျောက်မသွားပါဘူး … ပိုတောင်ဆိုးလာသလိုပဲ … လျှောက်တွေးရင်းနဲ့ပဲ ၂၀၀၃ ကနေ ၂၀၀၅ လောက်ထိ သူငယ်ချင်းတွေတူတူစုပြီး အပတ်တိုင်း ရွှေတိဂုံဘုရားရောက်ဖြစ်တာလေး ပြန်တွေးပြီး လွမ်းမိသွားတယ် ….

ကျွန်မက သူငယ်ချင်းများတယ် … ကျွန်မသူငယ်ချင်းတွေထဲမှာ ၁၈ နှစ်ကနေ အသက် ၄၀ကျော်အရွယ်ထိ ယောက်ျားလေး၊ မိန်းကလေး ပေါင်းစုံပါတယ် … အဲ့ဒီတုန်းက ကျွန်မနဲ့အများဆုံးတွဲဖြစ်တဲ့သူငယ်ချင်းက အေမီ ဆိုတဲ့သူငယ်ချင်း … အသက်ချင်းကမတိမ်းမယိမ်းဖြစ်သလို ကုသိုလ်ကံအကျိုးပေးတွေကလဲ ခပ်ဆင်ဆင် … အလုပ်တစ်ခုလုပ်ရင် တစ်ခါတည်းနဲ့အဆင်ပြေချောမွေ့သွားတယ်ဆိုတာက ခပ်ရှားရှား၊ အတိုက်အခံလေးဖြစ်ပြီးမှ အဆင်ပြေသွားတတ်တာချည်းပဲ …. နောက် ကျွန်မထက် (၅)နှစ်လောက်ငယ်တဲ့ လင်းထွန်းဆိုတဲ့သူငယ်ချင်းကောင်လေးတစ်ယောက်ရယ်၊ အသက် (၂)နှစ်ငယ်တဲ့ ရဲရန်အောင် ဆိုတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ရယ် အပတ်တိုင်း ဘုရားမှာတွေ့ဖြစ်ကြတယ် … အရင်က ကျွန်မတို့ လေးယောက်က ကုမ္ပဏီတစ်ခုတည်းတူတူလုပ်ကြတယ် …. နောက်တော့ ကျွန်မနဲ့အေမီက အလုပ်သစ်ကိုပြောင်းသွားတယ် … ကျွန်မတို့နှစ်ယောက်က အလုပ်မှာ အတိုက်အခံတွေများလွန်းလို့ ဆိုပြီး ဘုရားမှာတံမြက်စည်းလှဲပြီး ကုသိုလ်လုပ်ကြဖို့တိုင်ပင်ကြတယ် …နောက်တော့ လင်းထွန်းပါ ကျွန်မတို့နဲ့ တူတူ အပတ်တိုင်း ရွှေတိဂုံဘုရားပေါ်မှာ တံမြက်စည်းလိုက်လှည်းတယ် … ကျွန်မတို့ သုံးယောက်ကြားမှာ ချစ်စရာဓလေ့လေးတစ်ခုရှိတယ် … ဘုရားပေါ်တက်ရင် အငယ်ဆုံးသူက ဘိနပ်အိတ်ကို ကျေကျေနပ်နပ်ကိုင်ပေးလေ့ရှိကြတာပါ … ကျွန်မတို့က အတက်မုခ်နဲ့အဆင်းမုခ်တူလေ့မရှိတော့ ဘိနပ်တွေကို အမြဲပဲ အိတ်နဲ့ထည့်သယ်ရတယ် … လင်းထွန်းမပါတဲ့နေ့ဆိုရင် ကျွန်မကိုင်ရတယ် …. လင်းထွန်းနဲ့ကြုံရင် သူက အိတ်ကိုင်ပေးတယ် … ကျွန်မတို့တွေ မောင်နှမအရင်းတွေလိုချစ်ခင်ကြတယ် …
နောက်တော့ ရဲရန်အောင်ပါ ပါလာတယ် … တခါတလေ ကျွန်မတို့သူငယ်ချင်းတွေ ၁၀ ယောက်လောက်ရှိတယ် လိုက်လိုက်လာပြီးဝိုင်းလှည်းကြတယ် ..… ကျွန်မတို့က အသင်းဝင်ထားတာမဟုတ်ပဲ လှည်းနိုင်သလောက် ဧရိယာလေးသတ်မှတ်ပြီးလှည်းကြတယ် … နေရာကတော့ ကျွန်မတို့ထိုင်လေ့ရှိတဲ့ ဗုဒ္ဓ၀င်ပြခန်းဘက်ဆင်းတဲ့ ညောင်ပင်တစ်ဝိုက်ပေါ့ … ကျွန်မတို့ အလုပ်ဆင်းပြီဆိုရင် တံမြက်စည်းလှည်းပြီးမောရင် စားဖို့ဆိုပြီး အကြော်ကို အလှည့်ကျ ၀ယ်လေ့ရှိတယ် … ပြီးတော့ ကျွန်မတို့ရဲ့စုရပ်နေရာလေးကို သူငယ်ချင်းတွေ အလျှိုလျှိုရောက်လာကြရော … ကျွန်မတို့ လူစုံပြီဆိုရင် တံမြက်စည်းရှာပုံတော်အရင်ဖွင့်ရတယ် … တခါတလေ ရင်ပြင်တော်သာ တစ်ပတ်ပြည့်သွားတယ် တံမြက်စည်းက သုံးချောင်းလောက်ပဲရတယ် … နောက်ပိုင်းတော့ ဂေါပကရုံးကနေလိုသလောက်သွားငှားတယ် … ပြီးရင်သွားပြန်ပို့ပေးလိုက်နဲ့ အဆင်ပြေသွားတယ် ….

ကျွန်မတို့တွေတံမြက်စည်းလှည်းနေကြတာမြင်ရင် တချို့စုံတွဲလေးတွေ၊ တချို့ ကလေးတွေ လူကြီးတွေပါ တံမြက်စည်းခဏလောက်ပေးပါဆိုပြီး ကုသိုလ်ပါဝင်ကြတာမြင်ရတော့ ကြည်နူးမိတယ် … ပြီးတော့ ကျွန်မတို့လှည်းထားလို့ ဘုရားဖူးတွေ အမှိုက်သရိုက်ကင်းကင်းနဲ့ သွားလာနေကြတာ မြင်ရင်လည်း ကြည်နူးမိတယ် … မိုးအရမ်းရွာချထားလို့ တံမြက်စည်းလှည်းမရတဲ့နေ့တွေဆိုရင် ကျွန်မတို့ လက်နဲ့ ညောင်ရွက်ကြွေတွေလိုက်ကောက်ကြတယ် … အားလုံးပြီးပြီဆိုရင် ဇရပ်ပေါ်မှာဝိုင်းထိုင်ကြပြီး အလယ်မှာအကြော်ထုတ်ချ၊ သူငယ်ချင်းတွေ အကြော်စားကြရင်း အလုပ်အကြောင်း၊ ပြင်ပဗဟုသုတတွေအကြောင်း၊ အနုပညာအကြောင်း သိသလောက်လေးတွေဝေမျှကြတယ် … ဆွေးနွေးကြတယ် … ကျွန်မတို့တွေ ၉ ခွဲလောက်ထိ နေကြပြီးရင် အသီးသီးလမ်းခွဲကြလေ့ရှိတယ် … တစ်ပတ်တစ်ရက်နဲ့ ဒီအကျင့်လေးကို ကျွန်မတို့ သုံးနှစ်နီးပါး မပျက်မကွက်ထိန်းသိမ်းခဲ့ကြတယ် …

ခုချိန်မှာတော့ ကျွန်မတို့တွေအားလုံးနေရာတကွဲစီမှာရောက်နေကြပြီ … တချို့က ရန်ကုန်မှာ၊ တချို့က ဘန်ကောက်မှာ၊ တချို့က စင်္ကာပူမှာ …. ကျွန်မတို့တွေအရင်လိုပြန်ဆုံကြဖို့မလွယ်တော့ဘူး …. ဆုံဖြစ်ကြရင်ရော ရွှေတိဂုံဘုရားပေါ်က ကျွန်မတို့ တံမြက်စည်းလှည်းနေကြနေရာလေးမှာ ဆုံနိုင်ပါတော့မလားလို့ တွေးရင်း စိတ်မကောင်းဖြစ်နေမိတယ် …. ဘာပဲဖြစ်ဖြစ် တချိန်က အမှတ်တရလေးကိုတော့ ကျွန်မစိတ်ထဲမှာ ဘယ်တော့မှမေ့ပျောက်မှာမဟုတ်သလို သူငယ်ချင်းတွေကိုလဲ အမြဲတမ်းသတိရနေမိပါတယ် …..

လေပြေကျော့
သော့တဲ့ညနေ
ရင်ပြင်ပေါ် ဖော်တစ်သင်းရယ်နဲ့
စုပေါင်းကာ ကုသိုလ်ပြုရတယ်
ထူးလှပါပေ့ …..

မှတ်ချက်။ ။ အေမီ၊ လင်းထွန်း၊ ရဲရန်အောင်၊ ကိုလင်း၊ သူရိန်၊ အောင်ညီလတ် နဲ့ မကြာခဏလိုက်လာ ကုသိုလ်ပြုလေ့ရှိတဲ့ သူငယ်ချင်းများအားလုံးကို သတိရလို့ရေးလိုက်တဲ့ပို့စ်လေးပါ ….

Thursday, March 26, 2009

ဂေါ်လီပြိုင်ပစ်မလား ….



သူမက မိန်းကလေးပေမယ့် ယောက်ျားလေးနှစ်ယောက်ကြားကြီးပြင်းလာခဲ့သူ ... သူမကစားသော ကစားနည်းများအားလုံးနီးပါးက ယောက်ျားလေးများကစားသော ကစားနည်းများ …. ဂေါ်လီပစ်၊ ဂျင်ပေါက်၊ ဘောလုံးကန်၊ အံစာလှိမ့်၊ ပြေးတမ်းလိုက်တမ်း စုံတကာကိုစိနေတာပဲလေ … သူမ ငယ်ငယ်ကပုံရိပ်က အင်မတန် ပေချောင်ချောင်နိုင်သောပုံရိပ် … ဂျစ်ကန်ကန်နဲ့ ဘယ်နေရာမှာ ဘာကစားနေလဲ သူမ မပါဘူးဆိုတာမရှိသလောက်ပဲ ….

သူမတို့ငယ်ငယ်က ကြွေပန်းကန်စိအကွဲတွေကို ထောင်ပြီးဂေါ်လီနဲ့ပစ်လေ့ရှိတယ် … တချို့ကတော့ ပိုက်ဆံထောင်ပြီးပစ်ကြတယ် ….. ဒါပေမယ့် သူမကတော့ ပိုက်ဆံနဲ့ဘယ်တော့မှပစ်လေ့မရှိဘူး ….ဒီကစားနည်းကစားဖို့ ကြွေပန်းကန်စိအကွဲတွေလိုပြီလေ … ကြွေပန်းကန်စိပစ်တဲ့အချိန် ကိုယ့်မှာ အဲ့ဒါတွေများများရှိလို့ကတော့ ကိုယ်ကခပ်မော့မော့နဲ့ဝင်ပစ်လို့ရသကိုး … ဒီတော့သူမကဘာလုပ်သလဲဆိုတော့ နောက်ဖေးလမ်းကြားတကာ လမ်းကြားလှည့်ပြီး အိမ်တကာက ပျက်စီးသွားလို့ပစ်ထားတဲ့ ပန်းကန်အကွဲတွေလိုက်ကောက်တော့တာပေါ့ … အကွဲတွေရလာရင် သူမအိမ်ရှေ့မှာချပြီး အပိုင်းအရွယ်တော်အသေးလေးတွေရအောင်ထိုင်ခွဲ … ပြီးရင် အိတ်တစ်အိတ်ထဲစုထည့် …. ပြီးရင် အဲ့ဒီအထုပ်ကြီးခါးမှာချိတ်ပြီး လမ်းတကာလှည့်ပစ်တော့တာပဲ …. သူမက လက်လဲ အတော်ဖြောင့်တယ် … ဂေါ်လီပစ်ရင် နိုင်တာများတယ် … သူမမှာ ဂေါ်လီတွေဆိုလဲ အိတ်ကြီးနဲ့တစ်လုံးရှိတယ် …. အမေက အဲ့လိုတွေဆော့တာသိပ်မကြိုက်သလို၊ နောက်ဖေးလမ်းကြားထဲဝင်တာလဲမကြိုက်ဘူးလေ …
ဘယ်ကြိုက်ပါ့မလဲ အဲ့ဒီခေတ်ရဲ့နောက်ဖေးလမ်းကြားတွေက အမှိုက်ပုံသာသာရယ် … ညစ်ပတ်နံစော်နေတာလေ …. ပြီးတော့ အကွဲတွေရှမှာ၊ ပုလင်းကွဲစူးမှာ၊ အကောင်ပလောင်တွေကိုက်မှာ အမေကစိုးရိမ်သေးတယ် … နောက်ပြီးတော့ ကောက်လာသမျှအကွဲတွေကို သူမက အိမ်ရှေ့မှာဒီအတိုင်းထားထားပစ်ခဲ့တတ်တာကိုး …. အမေကသိပ်အသန့်ကြိုက်တဲ့သူ … သူမက အမေလှဲကျင်းထားတဲ့ အိမ်ရှေ့ကိုညစ်ပတ်အောင်လုပ်သူ … သူမက ဆော့ပြီဆိုရင် မိုးမမြင်၊လေမမြင် … ခေါ်မကြား၊ အော်မကြား … သိပ်ကြောက်ရတဲ့ အမေခေါ်ရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဆော့တာ … ပြန်လာရင်လည်း အတီးခံရတာလဲ ခဏခဏ …. ဘယ်လောက်ရိုက်ရိုက် နောက်နေ့ရောက်ပြန်တော့လဲ သူမကိုကြွေပန်းကန်စိအထုပ်ရယ်၊ ဂေါ်လီထုပ်ရယ်နဲ့ ယောက်ျားလေးတွေနဲ့အပြိုင် ဂေါ်လစ်ပစ်နေတာကို မြင်ရပြန်ရော …. ကဲ ….. သူမနဲ့ ဂေါ်လီပြိုင်ပစ်ကြမလားဟေ ……

မှတ်ချက်။ ။ပုံလေးကို ဒီက http://www.britannica.com ယူပါတယ်။ ပြီးတော့ပုံက ဂေါ်လီပုံမတွေ့လို့ တွေ့တဲ့ပုံထဲက ဂေါ်လီနဲ့တူတာရွေးထားတာပါ။

Tuesday, March 17, 2009

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ….


(Image from http://www.partyrama.co.uk, http://www.olga-art.info)

ကိုကြီးရေ ဒီနေ့ နင့်ရဲ့ (၃၂) နှစ်ပြည့်မွေးနေ့နော် …. ငါ ပထမ မေ့နေတာဟ …. မနေ့ညက ငါနဲ့ ငဖြိုးလေး အိမ်ကိုဖုန်းဆက်တော့မှ နင့်မွေးနေ့ကိုရုတ်တရက်သတိရလိုက်တာ … ငါနင့်အတွက် မွေးနေ့လက်ဆောင်မ၀ယ်ရသေးဘူးကိုကြီးရ …. နင်ဘာလိုချင်တာလဲဆိုတာငါသိတယ်နော် ….
ငါ နောက်မှဝယ်ပေးမယ်ဟာ … နော် …. ကိုကြီးရေ နင်က ငါ စိတ်ညစ်တာတွေပြေစေဖို့ဆိုပြီး နေ့တိုင်း ဘုရားရှိခိုး၊ မေတ္တာပို့ပေးတယ်တဲ့လား … ကျေးဇူးတင်ပါတယ်ကိုကြီးရာ …. အဲ့ဒါလေးတွေကြောင့်လဲ ငါနင့်ကိုချစ်တာဟ … သိလား ….

မိသားစုကို သိပ်ချစ်တတ်တဲ့ ကိုကြီး …
အမေ နေမကောင်းလို့ တစ်ချက်လောက် စုပ်သပ် သံလေးကြားလိုက်တာနဲ့ အချိန်မရွေးချက်ခြင်းပြုစုပေးတတ်တဲ့ကိုကြီး ….
အဖေ့မျက်နှာရိပ်ကြည့်ပြီး အလိုက်တသိ နင်းနှိပ်ပေးတတ်တဲ့ ကိုကြီး ….
ငါနဲ့ငဖြိုးလေး အပေါ်မှာ အစ်ကိုလိုရော၊ အစ်မလိုပါစောင့်ရှောက်ပေးတတ်တဲ့ ကိုကြီး ….
ငါ့ကိုသိပ်ချစ်တဲ့ ကိုကြီး ….
နင့်ရဲ့ ဒီမွေးနေ့က စလို့ အသက်ရှည်သလောက် ကျန်းမာပါစေ ….
ကျန်းမာသလောက် စိတ်ချမ်းသာပါစေ ….
ဖြစ်ချင်တာနဲ့ ဖြစ်နေရတာ တထပ်တည်းကျနိုင်ပါစေ …
တထပ်တည်းမကျခဲ့ရင်လဲ ဖြစ်နေရတဲ့အပေါ် အကောင်းဆုံးလမ်းလျှောက်နိုင်ပါစေ ….
နင့်ရဲ့ ချစ်သူ “ခိုင်လေး” နဲ့ ထာဝရပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ ….
ငါ့ကိုလဲ ဒီအတိုင်းထက်မပိုရင်တောင် မလျော့ပဲဆက်ချစ်နိုင်ပါစေ လို့ ငါ ဆုတောင်းပေးပါတယ် ….

နင့်ရဲ့ညီမလေး

Sunday, March 15, 2009

ဘ၀သမား


ပန်းခင်းလမ်းဆိုတာကို
စိတ်ကူးနဲ့မြင်ယောင်
လက်တွေ့ဘ၀မှာတော့
ကိုယ့်တူးရွင်းကိုယ်ဆောင်လို့
ကိုယ့်လမ်းကိုယ်ဖောက်ရတယ် .....

တ၀မ်းတခါးအတွက်နဲ့
ဦးဏှောက်တွေပန်းဖျားဖျားတာတောင်
နေသာရဲ့လားလို့
တစ်ခွန်းမှ ဟန်လုပ်ပြီးမမေးခဲ့မိဘူး .........

ကြိုးမဲ့စွန်တစ်ကောင်လို
ဝဲချင်ရာဝဲလိုက်ချင်ပေမယ့်
ဒီနေ့တွေ အဓိပ္ပါယ်ရှိစေဖို့
အဇ္ဈတ္တရဲ့ သွားလမ်းတွေကို
အဓမ္မ ပိတ်ထားပစ်လိုက်တယ် .........

မျှော်လင့်ချက်နဲ့ မနက်ဖြန်တွေအတွက်
ဒီနေ့ရဲ့ ပျော်ရွှင်မှုတချို့ကို
ခပ်ပါးပါး မျိုချပြီး
မနက်ဖြန်ပေါင်းများစွာကို ကျော်ဖြတ်နေဆဲ ……….။။

မှတ်ချက်။ ။ ပုံလေးကို ဒီက (https://www.artanddesignonline.com) ယူပါတယ်။

Wednesday, March 11, 2009

မေမေသို့



(Image from http://www.marybethart.com)

မေကြီးရေ ခုတလော သမီးအတွေးတွေယောက်ယက်ခတ်နေသလိုပဲ …. တစ်ခုခုစဉ်းစားနေရင်း မပြီးခင် နောက်တစ်ခုကို စဉ်းစားမိတာမျိုးတွေဖြစ်ဖြစ်နေတယ် …. အိမ်ကိုလဲ ခဏခဏသတိရလို့ ဖုန်းဆက်ဆက်နေမိတာနဲ့ ဖုန်းကဒ်ဖိုးတွေလဲ ကုန်တာမနည်းဘူး …. ဒါပေမယ့် မေတို့ ဖေတို့ နဲ့စကားပြောရတာ သမီး စိတ်ချမ်းသာတယ် … မေတို့က သမီးကိုစိတ်ပူ၊ သမီးက မေတို့ကိုစိတ်ပူနဲ့ ဟုတ်တော့ ဟုတ်နေတာပဲ …
မေနဲ့သမီးနဲ့ သားအမိရယ်လို့ ရင်းရင်းနှီးနှီးစကားသိပ်မပြောဖူးဘူးနော် …. ဖုန်းထဲကနေဆိုရင် လည်း ဖေနဲ့စကားပြောသလောက် မရင်းနှီးဘူး …. မေကလဲ ပြန်ခံပြောတာ ဘယ်လိုမှမကြိုက်တဲ့သူ၊ သမီးကလဲ ကိုယ်မှန်တယ်ထင်ရင် တစက်မှ မလျော့ချင်တဲ့သူ ဆိုတော့ ငယ်ငယ်ကတည်းက သိပ်မတည့်ဘူးလေ …. ငယ်ငယ်တုန်းက သူများတွေက “ဖေနဲ့မေ ဘယ်သူ့ကိုချစ်လဲ” မေးရင် “ဖေကြီးကိုပဲချစ်တယ်” လို့ သမီးအမြဲဖြေလေ့ရှိတယ် …

ဒါပေမယ့် ခု မေ့ကို အရမ်းသတိရနေတယ် … မေ့မျက်လုံးသက်သာရဲ့လားမသိဘူး …. သေချာရောပြန်မြင်ပါ့မလား စိတ်ပူနေမိတယ် … ဘာလိုလိုနဲ့ မေ့မျက်လုံးထိခိုက်ထားတာ တစ်နှစ်တောင်ပြည့်တော့မယ် …. ဒီတစ်ခေါက်လေဆာပစ်ပြီးရင်တော့ အခြေအနေတစ်ခုခုသိရမယ်ထင်တယ် … မေ့မျက်လုံး အရင်အတိုင်းပြန်ကောင်းပါစေလို့ သမီးဆုတောင်းနေပါတယ်….

သမီးရင်ထဲမှာရှိပြီး မေ့ကိုမပြောဖြစ်တဲ့စကားတွေကို သမီး စာတစ်ပုဒ်အနေနဲ့ ချရေးနေဖြစ်တယ် …..
သမီးငယ်ငယ်က မေ့ကို အထင်တွေလွဲခဲ့ဖူးတယ် … မောင်နှမသုံးယောက်ထဲမှာ သမီးက အဆူခံရဆုံး၊ အရိုက်ခံရဆုံးလေ …. မေပြောနေကျစကားရှိပါတယ် “မိန်းကလေး တစ်ယောက်တည်းပါပါတယ် … သူကငါးဖယ်မ၊ ထုလေမာလေ” တဲ့ …. “ဘာလို့ ငါ့ကိုမှရွေးရိုက်တာလဲ” ဆိုပြီးမကျေမနပ်ဖြစ်ခဲ့ဖူးတာလည်း အကြိမ်ကြိမ်ပါ … မေ့ကိုလဲ ဘာလို့ဒေါသကြီးမှန်း နားကိုမလည်ပေးနိုင်ဘူး … အေးအေးဆေးဆေးပြောလဲရတာပဲဆိုပြီး စိတ်ဆိုးမိတယ်…. ခုတော့ မေ့ကိုသမီးနားလည်တတ်လာပါပြီ … မေက ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့တဲ့အပြင် အိမ်မလည်၊ အပြင်သိပ်မထွက်ပဲ အိမ်မှုကိစ္စတွေနဲ့ပဲ အချိန်ကုန်တတ်တဲ့ မေ့အတွက် ဒီမိသားစုငါးယောက်သည်သာ မေ့ကမ္ဘာဖြစ်နေတယ်ဆိုတာကို သမီး သိလာတာသိပ်မကြာသေးဘူး …. ပြီးတော့ မေ့မှာ ဆီးချိုကလဲရှိ၊ နှလုံးသွေးကြောကလဲကျဉ်းတော့ နေမကောင်းသူတွေရဲ့ထုံးစံအတိုင်း စိတ်တို၊စိတ်ဆတ်တယ်…. အဲ့ဒီတော့ ထစ်ကနဲရှိ ဆူမယ်ဆိုတာချည်းပဲဆိုတာကိုလဲ သမီးနားလည်တတ်လာပါပြီ ….

မေကြီးရေ …. သမီးတို့သားအမိနှစ်ယောက်တူတာဆိုလို့ ဘောလုံးပွဲမကြိုက်တာ တစ်ခုပဲရှိမယ်ထင်တယ် … ဘောလုံးပွဲ လွှင့်တဲ့နေ့ဆိုရင်တော့ သမီးတို့စည်းလုံးကြတယ်နော် … ဖေကြီးရယ်၊ ကိုကြီးရယ်၊ မောင်လေးရယ်က အားရပါးရ အော်ဟစ်အားပေးပြီးကြည့်ကြတော့ သမီးက နားမခံသာတော့ မေ့ကိုကပ်ပြီးချွန်ရတာလေ ….“မေကြီး ကိုကြီးတို့ကိုပြောလိုက်လေ … အော်ပြီးကြည့်ရင် တီဗွီလာပိတ်မယ်” လို့ဆိုတော့ မေက သမီးပြောတဲ့အတိုင်း အော်ပေးတယ် … မကြိုက်တာချင်းတူလို့လေ ….း)

“မေကြီးက သိပ်အမိန့်ပေးတာပဲ …. သမီးမလုပ်ချင်တာတွေကို ဗီတို အာဏာနဲ့ခိုင်းတယ် …. ပြီးတော့ စိတ်တိုင်းမကျရင်လဲ ဆူပြန်သေးတယ် …. အရိုက်ကလဲ ခံရသေးတယ် …. တကယ်ကလေ သမီးက မေ့ကိုမကြောက်ပါဘူး … မေ့လက်ထဲက ကြိမ်လုံး ကိုကြောက်တာ … သမီးက အသားနာမခံနိုင်သလို နားပူလဲမခံနိုင်ပါဘူး …..” လို့ စိတ်ထဲမှာ ခဏခဏပြောဖြစ်တယ် …. အပြင်မှာပြောရင် ကြိမ်လုံးစာမိမှာစိုးလို့လေ …

သားသမီးတွေအတွက်ဆိုရင် ရှေ့မှာမားမားမတ်မတ်ရပ်ပေးတဲ့ မေ၊ တစ်အိမ်လုံးကိစ္စကို သူကိုယ်တိုင်လုပ်ရမှကျေနပ်တဲ့မေ၊ ဟင်းချက်သိပ်ကောင်းလွန်းတဲ့မေ၊ တခါတရံ မထင်မှတ်လောက်အောင် နောက်ပြောင်တတ်ပြီး မိသားစုကိုပျော်ရွှင်စေတဲ့ မေ
အဲ့လိုလေး အမြဲနေနိုင်အောင် မေ့ကျန်းမာရေးကို သေချာဂရုစိုက်ပါနော် .....

Sunday, March 8, 2009

မျှော်လင့်ခြင်းကင်းသောသူ


(မှတ်ချက် - ပုံကိုဘယ်ကရမှန်းမသိတော့ပါဘူးရှင်)

“မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ” ဆိုတဲ့စကားကို ကျွန်မ ခဏခဏကြားဖူးသလို၊ ကိုယ်တိုင်လဲ ပြောဆိုဖူးတယ် ….အဲ့ဒီစကားကိုပြောရတာလဲ အရသာပြည့်ပြည့်၀၀ ရှိတယ်လို့ခံစားရတယ် …. ဘာလို့လဲဆိုတော့ မျှော်လင့်စရာမရှိတော့ရင် လူ့ဘ၀ကြီးမှာ ကြိုးစားချင်စိတ်လဲမရှိနိုင်တော့ဘူးလို့ ကျွန်မက ထင်တာကိုး …. ဒါကြောင့် အဲ့ဒီစကားရဲ့နောက်ကွယ်က ပူလောင်လွန်းတဲ့ခံစားချက်ကို မမြင်နိုင်မိသလို “မျှော်လင့်ခြင်းကင်းတာ” နဲ့ “မျှော်လင့်ချက်မရှိတာ” ကိုလဲ သေသေချာချာသရုပ်မခွဲနိုင်ခဲ့ဘူး …
ဒါပေမယ့် ခုနောက်ပိုင်းတော့ အရင်တုန်းက မျှော်လင့်ခဲ့တာတွေအတွက်ရော၊ ခုလက်ရှိမှာရော မျှော်လင့်ချက်ပေါင်းစုံနဲ့ ပူလောင်နေခဲ့တာတွေကို ခံစားမိလာတယ် …. သေးသေးဖွဲဖွဲကစလို့ ကြီးကြီးမားမားအထိပေါ့ ….

ကျွန်မ ၁၀ တန်းကို အမှတ်များများရဖို့မျှော်လင့်ခဲ့ဖူးတယ် … ကိုယ်မျှော်မှန်းသလောက်ဖြစ်မလာတဲ့အခါမှာ မျက်ရည်ကျခဲ့ဖူးတယ် … (အမှန်တော့ ကျွန်မ ကြိုးစားဖို့လိုခဲ့တာပါ ….) ကျွန်မ ချစ်တဲ့သူငယ်ချင်းတွေဆီက ကျွန်မချစ်တာနဲ့ ထပ်တူညီတဲ့ ချစ်ခြင်းမျိုး မျှော်လင့်ခဲ့ဖူးတယ် …. မသာရင်နေ လျော့တာ မလိုချင်တဲ့ကျွန်မ လိုချင်တာမရခဲ့လို့ ထိခိုက်ခံစားခဲ့ရဖူးတယ် ..… ကျွန်မ ပထမဆုံးအလုပ်စလုပ်တော့ ကျွန်မ နေချင်တဲ့ Team မှာနေရဖို့မျှော်လင့်ခဲ့ဖူးတယ် ….. Team Lead တွေက ကျွန်မတို့ Batch က လူဆယ်ယောက်ထဲကနေ တစ်နေ့ တစ်ယောက်လာလာရွေးထုတ်၊ ခေါ်သွားတဲ့အချိန်မှာ ကျွန်မက နောက်ဆုံး ၃ ယောက်ထဲမှာ ကျန်ခဲ့ရတယ် ….. စောစောရွေးချယ်ခံရဖို့မျှော်လင့်မိတဲ့ကျွန်မ တစ်ပတ်တိတိ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နောက်ဆုံးတော့ ကိုယ်မနေချင်သော Team ထဲကိုပဲ ရောက်ခဲ့ရတယ် ….ကျွန်မ သိပ်ချစ်ခဲ့ဖူးတဲ့ ကျွန်မရဲ့ ပထမဆုံးချစ်သူဆီက ကျွန်မမျှော်လင့်တဲ့နားလည်မှု့နဲ့ ချစ်ခြင်း မရခဲ့လို့ ကျွန်မ ထိထိခိုက်ခိုက် နာကျင်ခံစားခဲ့ရဖူးတယ် … နောက် အလုပ်လျှောက်တဲ့အခါမှာ ကိုယ်က အကောင်းဆုံးဖြေဆိုနိုင်ခဲ့တယ်လို့ ယုံကြည်ပြီး မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာ ထင်သလိုတွေဖြစ်မလာပြန်ဘူး …. မျှော်လင့်ချက်ပေါင်းများစွာနဲ့ အချိန်တွေကို စတေးပြီး စိတ်တွေဇောကပ် ပူလောင်နေခဲ့တယ်ဆိုတာ ကိုယ့်ကိုကိုယ်သတိထားမိတာ ခုမှပါ … စိတ်ရော လူရောပင်ပန်းပါတယ်လို့ ပြောမိလို့ “ဒါဆို မျှော်လင့်မနေနဲ့ပေါ့” ဆိုရင်လဲ သိပ်လွယ်လှတဲ့ကိစ္စတစ်ခုတော့မဟုတ်ပြန်ဘူး .. ဘာလို့လဲဆိုတော့ ကျွန်မက ပုထုဇဉ်ကိုး ….

မျှော်လင့်ပြီးဖြစ်မလာတဲ့အခါခံစားရတဲ့ ပူလောင်မှုကို သဘောမကျတဲ့ ကျွန်မ စိတ်တွေအေးချမ်းအောင်ဆိုပြီး ဆရာတော်ဦးဇောတိက စာအုပ်တွေဖတ်တယ်၊ ဦးသုမင်္ဂလ တရားတွေနာတယ် ပြီးတော့သတိထားပြီး ကျွန်မရဲ့ မျှော်လင့်ချက်တွေကို ထိန်းကြည့်တယ် …. ဘယ်လိုထိန်းလဲဆိုတော့ ဥပမာ လူတစ်ယောက်ကို ချစ်လိုက်ပြီဆိုပါစို့ …. သူ့ဘက်က ပြန်လာမယ့် တုန့်ပြန်မှု့တွေကို မျှော်လင့်မနေပဲ ကိုယ်ဘက်က ချစ်နိုင်သလောက်ချစ် …… အဲ့ဒီတော့ ထပ်တူညီတာပဲပြန်လာလာ၊ မညီတာပဲပြန်လာလာ မပူပင်ရတော့ဘူး … ကိုယ်ကမှ သူ့ဆီကဘာမှမှ မမျှော်လင့်တာလေ … နေလို့သိပ်ကောင်းတယ် …. နောက်မို့ရင် သူကငါချစ်သလိုပြန်မချစ်ဘူး၊ ငါကတော့ ချစ်လိုက်ရတာဆိုပြီး ပူလောင်နေရပါဦးမယ် … နောက် အလုပ်လျှောက်တဲ့ကိစ္စဆိုပါတော့ …. ကိုယ်ဘက်ကအတတ်နိုင်ဆုံး အစွမ်းကုန်ကြိုးစား …. ငါအကောင်းဆုံးလုပ်ထားတာပဲ ခန့်တာက သူ့ကိစ္စ လို့စိတ်ထဲမယ်ထားလိုက်ရင် စိတ်အတော်အေးပါတယ် …. အရာတော်တော်များများမှာ သူ့အပိုင်း၊ ကိုယ့်အပိုင်းဆိုတာ ခွဲလို့ရပါတယ် …. ဆိုတော့ ကိုယ့်အပိုင်းကိုယ်သာ ပိုင်နိုင်ပါစေ ကျန်တစ်ပိုင်းကို သူ့သဘောနဲ့သူသွားပါစေ … ဒါဆိုနေလို့ အရမ်းအေးချမ်းတာ ကျွန်မလက်တွေ့ပါ …. နောက်ပြီး သူငယ်ချင်းတွေနဲ့ပတ်သတ်လို့ ကျွန်မစိတ်ထဲမှာ ဘာမျှော်လင့်ချက်မှမထားပဲ ကိုယ်တတ်နိုင်တာကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးနိုင်လာပြီ …. အရင်တုန်းကဆို ကိုယ့်ကို ပိုခင်စေချင်တဲ့ ဆန္ဒလေးကစွက်သေးတာကိုး …..

မျှော်လင့်ချက်ကင်းကင်းနဲ့နေလိုက်လို့ ကိုယ့်ရဲ့ ကြိုးစားမှုကို မထိခိုက်တဲ့အပြင် စိတ်ပူလောင်မှု့ကိုပါ လျော့ကျစေလို့ အလုပ်လဲပိုတွင်ပါတယ် …. ဒါကြောင့် ကျွန်မလေ အရာရာတိုင်းမှာ မျှော်လင့်ခြင်းကင်းသောသူတစ်ယောက်ဖြစ်ချင်တယ် …. ဖြစ်အောင်လဲ ကြိုးစားနေပါတယ် ….

အဲ့လိုပဲ ကျွန်မချစ်သော ကျွန်မရဲ့သူငယ်ချင်းများအားလုံးလဲ “မျှော်လင့်ချက်နဲ့အသက်ရှင်နေတာ” ဆိုတာထက် “မျှော်လင့်ခြင်းကင်းကင်းနဲ့ အသက်ရှင်နိုင်တဲ့ သူတွေ ဖြစ်ပါစေ” လို့ ကျွန်မဆုတောင်းပေးပါတယ်ရှင် ……

Thursday, March 5, 2009

ငါနှင့်အတ္တ

လူမှန်းသိတတ်စကတည်းက
မသိလိုက် မသိဘာသာနဲ့
အတ္တတစ်စင်းကို ကျောပိုးခဲ့မိတယ် ….

အဲ့ဒီအချိန်ကစလို့ပေါ့
သူက ငါ့ကို
ရယူလိုမှုတွေနဲ့ ဆွဲဆောင်တယ် …
ဒုက္ခတွေနဲ့ စစ်ခင်းစေတယ် …
မောဟတွေနဲ့ တွေဝေစေတယ် …
အချစ်တွေနဲ့ လောင်မြိုက်စေတယ် ..
ဝမ်းနည်းမှုတွေနဲ့ ပူဆွေးစေတယ် …
ရွေးချယ်မှုတွေနဲ့ ဗျာများစေတယ် ….
အောင်မြင်မှုတွေနဲ့ နှစ်သိမ့်တယ်
တခါတလေတော့လဲ ပျော်ရွှင်မှုတွေနဲ့ ကခုန်စေပြန်တယ် …

ဒုက္ခတွေကြုံပြန်တော့ “ဆိုးလိုက်တဲ့ကံ” လို့
ခပ်တိုးတိုးတစ်မျိုး ခပ်ကျယ်ကျယ်တစ်ဖုံ
ညည်းတွားမိတယ် …
ဟော .. သုခဖြစ်နေပြန်တော့လဲ
အရာအားလုံးမေ့လို့
မြင်မြင်တကာတိုင်း သာယာနေသလိုလို ….

တကယ်တော့ အတ္တက ငါ့ကို
လှုပ်ရှားအောင်၊ တက်ကြွအောင်
မငြီးငွေ့အောင်၊ ရိုးမသွားအောင်
မမြဲတာတွေကို မြဲသယောင်ယောင်ထင်အောင်
ငါမပိုင်တာတွေနဲ့ ငါ့ကို မြူဆွယ်ခဲ့တာပါ ….

ငါနဲ့ ငါ့အတ္တ
နှစ်ကိုယ့်တစ်စိတ်ဖြစ်လွန်းတော့လဲ
ခွဲမရ ခွာမရနဲ့ ဒီသံသရာထဲ ၀ဲလှည့်ရင်း
သူစေရာနောက် တကောက်ကောက်လိုက်လို့
ရုန်းထွက်လို့မရသေးတာ ခုချိန်ထိပါပဲ ……

Wednesday, February 25, 2009

ကိုကိုကြီး


ကျုပ်နာမည် လှဝင်း … လူပျိုကြီး မောင်လှဝင်းပေါ့ … ကျုပ်ကတစ်ဦးတည်းသောသား …... ကျုပ်ညီ၊ညီမတစ်ဝမ်းကွဲတွေကတော့ ကျုပ်ကို “ကိုကိုကြီး” လို့ခေါ်ကြတယ် … ခေါ်ဆိုကျုပ်ကတစ်ဝမ်းကွဲမောင်နှမတွေကြားမှာ အကြီးဆုံးပဲလေ ….ကျုပ်ကို လူတွေက နဲနဲလွတ်နေတယ်လို့ပြောကြတယ် …… ကျုပ်ကိုယ်ကျုပ်တော့ အကောင်းထင်တာပဲ …ကြည့်လေ … ကျုပ်က အစိုးရရုံးတစ်ရုံးမှာ စာရေးအလုပ်လုပ်နေတာ … ကျုပ်သာလွတ်နေကြည့်ပါလား … ကျုပ်ကို အလုပ်ခန့်မလား … ဝေးပါသေးတယ်လေ ….အဲ့ဒီတော့ လူတွေက ဘာပြောတယ်မှတ်သလဲ “ယဉ်ယဉ်လေး မို့လို့ပါကွာ” တဲ့ … တတ်လဲ တတ်နိုင်ကြပါပေ့ ….

ကျုပ်အလုပ်ကောင်းကောင်းလုပ်တယ် … ကျုပ်မှာ မုဆိုးမ အမေကြီးရှိတယ် …ကျုပ်က ဗုဒ္ဓဟူးသား၊ အမေက စနေသမီး …. ကျုပ်အမေက အမွေရထားတဲ့ တိုက်ခန်းလေး လူငှားတင်ထားတော့ သားအမိနှစ်ယောက်စာ မပူရဘူးလေ .. ဒါကို ပတ်ဝန်းကျင်က ဘာပြောတယ်မှတ်သလဲ “စနေ၊ဗုဒ္ဓဟူးမို့ ရူးတာတောင်မဆင်းရဲတာ” တဲ့လေ ..

တကယ်ပြောတာပါ ကျုပ်က လူကောင်းဗျ ….. တခါတလေ စိတ်ထဲရှိတာလေးပဲလုပ်တတ်တာပါ …. ဟိုတစ်နေ့ကအကြောင်းပြောပြဦးမယ် ….ကျုပ်အလုပ်ကပြန်လာတော့ ကားမစီးချင်လို့ လမ်းလျှောက်ပြန်တယ် … ကန်တော်ကြီးဘက်ကို ပတ်ပြီးပြန်တာဗျ … ရှုခင်းလေးလဲကောင်း၊ လေကောင်းလေသန့်လဲရ … ကျုပ်အတွေးနဲ့ကျုပ်အဟုတ်ဗျ …..ကန်ကြီးဘေးရောက်တော့ ကျုပ်စိတ်ထဲ ရေထဲဆင်းစိမ်ချင်လိုက်တာဗျာ … ဒါနဲ့ကျုပ်လဲ ၀တ်ထားတဲ့ ပုဆိုးရယ်၊ အင်္ကျီရယ်ကို ချွတ်ပြီး ကျုပ်ရဲ့လွယ်အိတ်လေးထဲထည့် ထမင်းဗူးလေးဘေးချပြီး ဘောင်းဘီတိုလေးနဲ့ရေထဲဆင်းပါရောလား … နေလို့ကောင်းလိုက်တာဗျာ အေးနေတာပဲ …. ရေစိမ်လို့ဝတော့ ကမ်းပေါ်ပြန်တက်လာတာပေါ့ ….. ကျုပ်ချထားခဲ့တဲ့ ပစ္စည်းတွေတစ်ခုမှမရှိတော့ဘူးဗျ … တစ်ကောင်ကောင်ဖြောင်သွားတာနေမယ် … ဒါပေမယ့် ကိစ္စမရှိပါဘူးလေ … ကျုပ်ပဲသိတယ်မဟုတ်လား …. အဲ့ဒီနားရှိတဲ့အပင်တွေက အရွက်ခပ်ကြီးကြီးတွေရွေးပြီး တွေ့ရာကြိုးနဲ့သီ … ခါးမှာပတ်ပြီးပြန်တာပေါ့ …. လူတွေက ကျုပ်ကိုဝိုင်းကြည့်ပြီး တီးတိုးပြောကြတယ် … ရယ်မောကြတယ် … ကျုပ်သိပါတယ် “ဒီလူ အရူးနေမယ်” လို့ပြောနေကြတာနေမှာပေါ့ … ကျုပ်က လူမြင်ကောင်းအောင်လဲ လုပ်လာရသေးတယ် …. လူတွေ လူတွေ ခက်တယ်ဗျာ ….. အဲ့ဒါကြောင့် ကျုပ်လူတွေကိုကြည့်မရတာဗျ ….
အားနေ သူများကိစ္စပဲစိတ်ဝင်စားနေကြတယ် ….

နောက်တစ်ရက်ကျတော့လဲ ထမင်းစားတာ ဟင်းချိုမပါလို့ အမေ့ကိုဂျီကျပြီး ပန်းကန်ထဲရေတွေလောင်းထည့်ပြီးစားမိပါတယ် … အမေကြည့်ပုံက တစ်မျိုးဗျ ….ကျုပ်အမေ ကျုပ်ကိုအဲ့လိုတခါမှမကြည့်ဖူးဘူး ဗျာ …. အမေ့မျက်လုံးထဲက အရိပ်တွေကြည့်ပြီး ကျုပ်စိတ်မကောင်းတောင်နည်းနည်းဖြစ်သွားပြီ …. အမေကပါ ကျုပ်ကို အရူးလို့ ထင်နေပြီလားဗျာ …..

ဒီနေ့ ကျုပ်စိတ်တွေအရမ်းရှုပ်နေတယ် … အလုပ်မှာလဲ လူကြီးက ငေါက်တာခံရသေးတယ် … အိမ်ပြန်ရောက်တော့လဲ အင်္ကျီဝတ်ကြီးနဲ့ရေချိုးလို့ဆိုပြီး အမေက ထပ်ဆူသေးတယ် … စိတ်ရှုပ်တယ်ဗျာ … ကျုပ်စိတ်တွေအရမ်းတိုလာပြီ … ကျုပ်အထက်လူကြီးကိုလဲ မကျေနပ်ဘူးဗျာ … ကျုပ်စိတ်တွေကိုထွက်ပေါက်ပေးချင်တယ် …. ကျုပ် တံခါးနားကို ပြေးသွားပြီး သံပန်းတံခါးကို ၀ုန်းဒိုင်းကြဲနေအောင် ဆွဲခါရမ်းနေမိတယ် … မရသေးဘူး … စိတ်မပြေသေးဘူး … ကျုပ် ၀ရန်တာကို ထွက်လိုက်တယ် …. ကျုပ်ပါးစပ်ကလေ ဖရုဿဝါစာတွေ အကျယ်ကြီးပဲ ….. အော်ဟစ် ဆဲဆိုပစ်လိုက်တယ် …. ကျုပ်နေသာထိုင်သာ နည်းနည်းရှိသွားပြီ …. အိမ်ထဲပြန်ဝင်ပြီး လှဲလိုက်ဦးမယ်ဗျာ …. အလိုကျုပ်ရှိနေတဲ့ ၀ရန်တာကို သော့ခတ်ထားပါလား …. ပြီးတော့ ဆေးထိုးအပ်ကိုင်ထားတဲ့ အိမ်နီးချင်းဆရာဝန် …. ကျုပ်ရဲ့ ဦးလေးတွေရော ရောက်နေပါလား …. ရောက်ဆို ကျုပ်တို့အမျိုးတွေက ကန်ထရိုက်တိုက် တစ်လုံးမှာ စုနေကြတာလေ … ဘာတွေလဲ …. ကျုပ်စိတ်ပြန်ရှုပ်လာပြန်ပြီ …. ၀ရန်တာတံခါးကို ကျုပ်ကိုယ်နဲ့ပစ်တိုက်ပစ်တယ် …. ကျုပ်ဦးလေး အငယ်က “ဟေ့ရောင် ဖိုးလှဝင်း စိတ်ကိုထိန်းကွာ” တဲ့ … ကျုပ်ဘာမှမှမဖြစ်တာ သူတို့လုပ်ပုံလဲကြည့်ဦးဗျာ … ကျုပ်ကိုဝိုင်းချုပ်ကြတယ် …. ချုပ်သာချုပ်ကြတာ ကျုပ်အရပ်က ၆ ပေအတိ၊ သူတို့က ကျုပ် ချိုင်းလောက်ပဲရှိကြတာ … ကျုပ်လဲ အတင်းရုန်းတာပေါ့ … ဆရာဝန်ကလဲ ဆေးထိုးအပ် တကဲကဲနဲ့ … ထိုးမယ်ဆိုတာချည်းပဲ ….
...

.....

.........

..............

………………..
ကျုပ် အိပ်ယာနိုးလာပြီ ….. “အမေရေ .. ကျုပ်ဗိုက်ဆာပြီ” ….
ဟင် … အမေဘယ်ရောက်နေပါလိမ့်? … ကျုပ်ရော ဘယ်ရောက်နေတာပါလိမ့်? …..
ကျုပ် …. ကျုပ် ထောင်ထဲမှာပါလား …. အမေ … အမေရော …. ကျုပ်အော်ဟစ်မိပြန်ပြီ ….
ဆဲဆိုမိပြန်ပြီ…. ကျုပ်ကိုလာတားတဲ့သူတွေကို ကျုပ်ဆောင့်တွန်းပစ်လိုက်တယ် … ကျုပ်ကို ဘယ်သူမှ လာမထိကြနဲ့ဗျာ …. အမေ … အမေရေ … ကျုပ်ကို သူတို့ရိုက်တယ်ဗျာ …. ကျုပ်က ကြမ်းလွန်းလို့တဲ့လေ …. ကျုပ်အကောင်းပါဗျာ …
ကျုပ် မရူးပါဘူး ….. အမေရေ … ကျုပ်ကိုပြန်လာခေါ်လှည့်ပါဗျာ ……………….

Sunday, February 22, 2009

နားလည်ပေးပါ

ကျွန်မဘလော့ကို အမြဲဖတ်လေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက်ကပြောတယ် … စာအသစ်မတင်လို့တဲ့လေ … အသစ်မတင်တာ လာဖတ်တဲ့သူငယ်ချင်းတွေကို မလေးစားတာတဲ့ … အဲ့ဒါနဲ့ ကျွန်မက “မဟုတ်ပါဘူးဟယ် … ဘလော့ဆိုတာ ရေးချင်တိုင်းရေးလို့ရတာမဟုတ်ဘူး … ဖီလင်လဲလာမှ အားချိန်လဲရှိမှ” လို့ပြန်ရှင်းပြမိပါတယ် …

ကျွန်မလည်းအနည်းဆုံး တစ်နေ့တစ်ပို့စ်တော့ တင်ချင်တာပေါ့ … ခုတလော ဘလော့လည်ဖတ်လို့မရအောင်ကို အလုပ်တွေကမပြီး … အလုပ်ကြွေးတွေက တစ်ဘက်၊ စိတ်ညစ်ညူးမှုတွေကတစ်ဘက်နဲ့ တော်တော် ကသိကအောင့်ဖြစ်နေမိပါတယ် …
မနေ့ကတော့ အတူနေသူငယ်ချင်းရဲ့မွေးနေ့အတွက် အိမ်မှာ နန်းကြီးသုပ် လုပ်စားကြတယ် … ကျွန်မတို့ ငယ်သူငယ်ချင်း ၄ ယောက်ရယ် ကြီးသူငယ်ချင်း ၂ ယောက်ရယ် စုပြီး ဓာတ်ပုံတွေရိုက်ကြ၊ စကားတွေပြောကြနဲ့ မနေ့ကတော့ တော်တော်လေးပျော်ဖို့ကောင်းခဲ့ပါတယ် ..

စီဘောက်စ်ထဲမှာ သူငယ်ချင်းတွေပြောထားတဲ့ နေကောင်းလား၊ အဆင်ပြေပျော်ရွှင်ပါစေ၊ ပို့စ်အသစ်မတင်ဘူးလား စတာတွေဖတ်မိရင် စိတ်က စာရေးချင်တယ် … တခုခုပေါ့ … ဘာလေးပဲဖြစ်ဖြစ်ရေးချင်တယ် … ဟူး …. ကျွန်မတကယ်ကို စိတ်ရှုပ်နေတာပါ ….း(
စိတ်ကျနေတာတော့မဟုတ်လောက်ဘူးထင်ပါရဲ့  …. အမြန်ဆုံးအဆင်ပြေသွားပါစေလို့ပဲ ဆုတောင်းရမှာပဲ … ကျွန်မပို့စ်တွေမတင်ဖြစ်ရင် စိတ်မရှိကြပါနဲ့ သူငယ်ချင်းတို့ရေ …

ကျွန်စိတ်ဆင်းရဲစရာတွေကြုံရင်လေ ကျွန်မလိုပဲ စိတ်ဆင်းရဲစရာမျိုး ကျွန်မသူငယ်ချင်းတွေမကြုံပါစေနဲ့လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးဖြစ်တယ် …

Tuesday, February 17, 2009

သို့ ... လူကြီးများ

အလုပ်တွေအများကြီးပေးထားတဲ့ကြားက နောက်ထပ်အလုပ်တွေ အလုပ်တွေထပ်ထပ်လုပ်ခိုင်းတယ် ...
ဒီအလုပ်မှာက မြန်မာချည်းပဲ ၉ ယောက်ရှိတယ် ... မြန်မာတွေကို အသေခိုင်းတယ် ... ကိုယ်လုပ်ပေးလေ ပိုခိုင်းလေပဲ ... ဒီနေ့လဲ မန်နေဂျာကြီးက မေးလ်ပို့ပြီး Force လုပ်ပြန်တယ် ... ပြန်ပြောပြန်ရင်လည်းမကြိုက် ...
ပရောဂျက်ကလည်း Dead Line ကကျော်နေတာမှ ရက်ပိုင်းမဟုတ်ဘူး တစ်နှစ်ကြီးများတောင် ... ကိုယ်ရွှေမြန်မာတွေ ကံကောင်းလိုက်ပုံများ လူအမျိုးမျိုး၊ မန်နေဂျာအမျိုးမျိုးပြောင်းနေတဲ့ ဒီအရှုပ်ထုတ် ပရောဂျက်က ကိုယ်တွေအလုပ်ဝင်ချိန်မှပဲ တည်မြဲတော့တယ် ... ရှေ့ကဖားတွေ၊ ငရုတ်သီးတွေ ဖွခဲ့သမျှ ခေါင်းပေါ်လုံးလုံးကျလို့ မဟုတ်တာဖြစ်ရင် မြန်မာတွေ ဆိုတာချည်းဆိုတော့ နည်းနည်းချဉ်လာတာနဲ့ ဒီကဗျာရေးလိုက်တာ ...

“သို့ ... လူကြီးများ”

သူတို့တွေ နှိပ်စက်လိုက်ပုံများ
မဆုတ်သာ မတက်သာနဲ့
အဖြူအမည်းတောင် မသဲကွဲတဲ့ဘ၀မှာ
လုပ်သင့်တာကျ မျက်နှာလွှဲ
မလုပ်သင့်တာကျ အားတွေခဲလို့
လူတွေကို ကွန်ပြူတာအမှတ်နဲ့
ခိုင်းလိုက်တဲ့ Multi-tasking ….

စေ့စေ့တွေးပြန်တော့ ရေးရေးပေါ်
ငါတို့တွေအရေးမတော်ပုံများ
ငုံ့ခံလို့မျက်နှာရမယ်မထင်နဲ့
ဆုတ်ပြန်စရာ အခြေအနေနည်းလို့
ထောင်းမဟဲ့ ဆိုတာချည်း ….

အဟုတ်လုပ်ရင် နာမည်မထွက်
မဟုတ်လုပ်ရင်တော့ အသေဖဲ့တဲ့
လူမျိုးကြီး စလုံးသားတွေ
ပေါချောင်ကောင်း မြန်မာတွေကို
ကျပ်ကျပ်သာဒီလိုဆက်ဆံ
နောင်တစ်နေ့ရောက်ခါမှ
“အိုကွယ် … မှားပါဘိ” လို့
ဝန်ခံကာ တောင်းပန်ရမှာ
စိုးကြောက်ပါနဲ့ ………………………..

Monday, February 16, 2009

နတ်ဝင်သည်ဒေါ်ကြည်

ကျွန်မက ငယ်ငယ်ကတည်းက ဟိုစပ်စပ် ဒီစပ်စပ်ကို အကုန်လျှောက်စိတ်ဝင်စားတတ်တာလေ …
ကျွန်မ ကြီးဒေါ်ကပြောတယ် “ညည်းအေ … ဘယ်လောက်များ စပ်စုသလဲဆိုရင် မွေးကင်းစ အနှီးလေးခေါင်းအုပ်ပြီး ဆေးရုံကဆင်းခါက ရက်သားလေးပဲရှိသေးတယ် … အိမ်ရောက်တော့ … အိုး … ပတ်ဝန်းကျင်ကို ခေါင်းလည်အောင် လိုက်ကြည့်တာ ခေါင်းပေါ်အုပ်ထားတဲ့အနှီးလေးတောင် ပြေကျတယ်” ဆိုပဲ … ကြီးဒေါ်ကပြောတာနော် … ကျွန်မတော့ မသိဘူးရယ် … မှတ်လဲမမှတ်မိပါဘူး …. နည်းနည်းတော့အပိုပြောသလားထင်မိတယ် … ဒီလောက် ကလေးငယ်ငယ်လေးက ခေါင်းကိုတောင်လှည့်တတ်သေးရဲ့လားမသိပါဘူး …

ခုတလောလဲ ဘာရယ်မဟုတ် ငယ်ငယ်တုန်းကစပ်စုမိတာလေးတွေ လျှောက်ရေးချင်စိတ်ပေါက်နေမိတယ် … ဒါနဲ့ပဲ ကျွန်မတို့အိမ်နောက်ဘက် ဟိန္ဒူဘုရားကျောင်းက နတ်ဝင်သည် ဒေါ်ကြည်ဆိုတဲ့ အမျိုးသမီးကြီး နတ်ဘယ်လိုဝင်တယ်ဆိုတာ ပြောချင်စိတ်လေးပေါက်လာတယ် ….

ကျွန်မတို့ အိမ်နောက်ဘက်မှာ နောက်ဖေးလမ်းကြားလေးပဲခြားပြီး ဟိန္ဒူဘုရားကျောင်းခပ်သေးသေးတစ်ခုရှိတယ် …
အဲ့ဒီ ဘုရားကျောင်းမှာ အမေကြီးရယ်၊ သမီး(၃)ယောက်ရယ် ဘုရားကျောင်းကိုစောင့်ရှောက်ဖို့နေကြတယ် … သမီးတွေဆိုတာ ဒေါ်ကြည်အပါအ၀င်ပေါ့ … အသက်တွေကတော့ ခုဆိုရင် ၅၀ နဲ့အထက်တွေဖြစ်လောက်ပြီထင်ပါရဲ့ … အတိအကျတော့မသိဘူးရယ် …

ကျွန်မ ငယ်ငယ်ကဆိုရင် အဲ့ဒီကို ခဏခဏသွားတယ် … ဘာလို့လဲဆိုတော့ နွေရာသီဆိုရင် အပြင်မှာပူပြီး ဘုရားကျောင်းထဲမှာနေရတာအေးတယ်လေ …. ပြီးတော့ အဲ့ထဲမှာ ရုပ်ထုတွေ အများကြီးဆိုတော့ ကျွန်မစိတ်ဝင်စားတာပေါ့ .. အဓိကရုပ်ထုကတော့ ကာလီမယ်တော်ရုပ်ထုပါ …. လက်အများကြီးနဲ့ကာလီမယ်တော်ရုပ်ထုကို ဘုရားကျောင်းရဲ့ အတွင်းခန်းမှာထားတယ် … အခန်းထဲမှာက မယ်တော်ရုပ်ထုရယ်၊ ရုပ်ထုရှေ့က ပန်းအိုးတွေရယ်ပြီးရင် သောက်ရေခွက်တွေထည့်ထားတဲ့စတီးလင်ဗန်းတစ်ချပ်ရယ် … ကန်တော့ပွဲတင်တဲ့ စားပွဲရယ်အပြင် လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်စာလောက်ရှိတဲ့ နေရာခပ်ကျဉ်းကျဉ်းလေးရယ် ရှိတယ် …

ကန်တော့ပွဲတွေကလဲ စားပွဲအပြည့်ပါပဲ … မယ်တော်ရုပ်ထုမှာလဲ စံပယ်ပန်းတွေပြည့်နေတာပေါ့ … ထိုင်လျက်မယ်တော်ရုပ်ထုမှာ စံပယ်ပန်းတွေဘယ်တောင်လှုထားကြသလဲဆိုရင် စံပယ်ပန်းအပုံကြီးပေါ်မှာ မယ်တော့်ခေါင်းလေးတင်ထားသလိုလေးတောင်ဖြစ်နေတယ် …. ပြီးတော့ ဘုရားကျောင်းရှေ့က ဖြတ်သွားဖြတ်လာ အချို့ ဗုဒ္ဓဘာသာဝင်တွေကလဲ ဘုရားသာမှန်မှန်ရှိခိုးချင်မှရှိခိုးမယ် … ဘုရားကျောင်းရှေ့များရောက်ရင် ကာလီမယ်တော်ကို မတ်တပ်လေးရပ် လက်အုပ်လေးချီပြီး ကန်တော့လေ့ရှိကြတယ် … ပြီးတော့ဆုတောင်းတယ် … “မယ်တော်ရယ် မစပါ … ဒီတစ်ခါပေါက်ရင် ပွဲလာပေးပါ့မယ်” တဲ့ … အဲ့ဒီအချိန်က ချဲထီထိုးတဲ့ခေတ် …. ဂဏန်းရဖို့ ပေးလိုက်တဲ့ကန်တော့ပွဲတွေ …
ကျွန်မကတော့ အဲ့ဒီရှေ့သွားဆော့နေကြဆိုတော့ လာသမျှအကုန်မြင်၊ ပြောသမျှအကုန်ကြားတာပေါ့လေ …

ဆက်ပြောရရင်အဲ့ဒီအတွင်းခန်းကို လူတိုင်းပေးမ၀င်ဘူးလေ. .. အမျိုးသမီးဆိုရင် သန့်မှပေးဝင်တယ် … ဟိုဟာဒီဟာဖြစ်နေရင် မသန့်ဘူးလို့ယူဆပြီးပေးမ၀င်ဘူး … နတ်ဝင်ပြီဆိုရင် ကျွန်မက အတွင်းခန်းအ၀ ထိ ကပ်ပြီးတိုးကြည့်ချင်လေ့ရှိတယ် … များသောအားဖြင့် ပေးမ၀င်ဘူး .. နေ့တစ်နေ့ကပေါ့ နတ်ဝင်သည် ဒေါ်ကြည်လဲ စိတ်မကြည်လင်ဘူးထင်ပါရဲ့ မနက်ကတော့ ညီအစ်မတွေရန်ဖြစ်သံတွေကြားရတယ် .. ဆဲကြတာလဲ မိုးကိုမွှန်နေတာပဲ …
ညနေဆိုရင်တော့ အိနြေ္ဒကြီးတစ်ခွဲသားနဲ့ပေါ့ …. အဲ့ဒီနေ့က နတ်မေးသူတွေများတဲ့နေ့ … ကျွန်မလဲ ရောယောင်ပြီး အတွင်းခန်းကိုလိုက်ဝင်တဲ့နေ့ပေါ့ ..
အစ်မကြီးတစ်ယောက်အလုပ်လိုချင်လို့တဲ့ အလုပ်ရနိုင်၊ မရနိုင်ဆိုတာကို နတ်လာမေးတာပါ …..
သူက ကာလီမယ်တော်ကိုလှုဖို့ သံပရာသီး ၃ လုံးယူလာတယ် … ဒါလဲ ဒေါ်ကြည့်အစီအရင်ပေါ့ …
သံပုရာသီး(၃)လုံးကို တင်စရာနေရာမရှိတော့တဲ့ စံပယ်ပန်းပုံပေါ်က ကာလီမယ်တော်လက်နေရာကိုမှန်းပြီး ဒေါ်ကြည်ကတင်လိုက်ပါတယ် … နှစ်ယောက်မျက်နှာချင်းဆိုင်ထိုင် … ပြီးတော့အစ်မကြီးလက်ကို ဒေါ်ကြည်ကထိလိုက်တယ် … နောက်ပန်းအိုးထဲက သပြေခက်ကိုယူပြီး လက်နှစ်ဘက်ပူးပြီး နဖူးကိုရိုက်တော့တာပါပဲ … တအောင့်လောက်ကြာတော့ သူ့ရဲ့လှုပ်ရှားမှု့ရယ်၊ ခုံကိုဒူးနဲ့တိုက်မှု့ရယ်ပေါင်းပြီး သံပုရာသီးတစ်လုံးက အောက်က စတီးလင်ဗန်းပေါ်ပြုတ်ကျပါလေရောလား … စတီးဗန်းကလဲ အပါးစားဆိုတော့ အသံက အကျယ်ကြီးမြည်တာပေါ့ … ကျွန်မတင်လန့်သွားသလားမှတ်တယ် နတ်ဝင်နေတဲ့ဒေါ်ကြည်ပါလန့်ပြီးတုန်သွားတာကို သူ့မျက်နှာကိုသေချာစိုက်ကြည့်ပြီး တကယ်ဝင်၊မ၀င် အကဲခတ်နေတဲ့ ကျွန်မကတော့သိလိုက်တယ် … သူများတွေကတော့ မျက်စိမှိတ်အာရုံပြုနေတာဆိုတော့ မသိလိုက်ဘူးရယ် … ချက်ခြင်းပဲ သူက သံပုရာသီးကိုကောက်ယူပြီး ဟိုအစ်မကြီးကို “ရော့ … ယူသွား အလုပ်ရမှာကျိန်းသေးတယ် … မယ်တော်က ကပ်ထားတဲ့သံပုရာသီး ပြန်စွန့်လိုက်တယ် ဆောင်ထား ” တဲ့ ….. ကျွန်မကတော့တော့ ရယ်ချင်ပက်ကျိနဲ့ပဲ ဆက်ကြည့်နေလိုက်တယ် ….
ဟော …. လာပြန်ပြီ နောက်တစ်ယောက် ….
ဒါက အမျိုးသား …. သူနဲ့ကျတော့ သပြေပန်းကိုမသုံးတော့ဘူး … လက်တစ်ဝါးစာကျော်ကျော်ခက်ရင်းခွရဲ့(ဟို ငရဲသားတွေကိုင်တဲ့ဟာလိုမျိုး) အရိုးတံကို နှစ်ယောက်ဆုပ်ကိုင်လိုက်ကြတယ် … … ပြီးလဲပြီးရော …
ပူးပါလေရော … ဘယ်လိုပုံဖြစ်နေသလဲဆိုတော့ လူနှစ်ယောက် တုတ်တစ်ချောင်းကိုလုနေပုံကိုမြင်ယောင်ကြည့်ပါ … အဲ့ဒီအတိုင်းပါပဲ … သူက သပြေပန်းနဲ့အထာကျနေသူလေ …. နဖူးထိအောင်ရိုက်တာ ဘာပြဿနာရှိမှာတုန်းနော် …. ခုတော့ ခက်ရင်းခွဆိုတော့ ကျွန်မလို ကလေးတစ်ယောက်တောင် နဖူးထိတော့မယ် ဆိုတာ သိနေတယ် … သူတို့က ဇွတ်. …..
အတင်းကို အားနဲ့မာန်နဲ့ပူးတော့ နဖူးကိုစိုက်တာပေါ့ …. ဒုတ်ကနဲပဲ … သွေးတွေကလဲ ဖြာကနဲပဲ …. ဟော ….. နတ်ဝင်သည် မှားတော့ အနှောက်အယှက်ရှိတယ်တဲ့ …. ဘယ်သူမသန့်ပဲ အတွင်းခန်းဝင်သလဲတဲ့ …. ဒုက္ခ …..
ကဲ …. ဘယ်လိုများစစ်ကြမတုန်း အရပ်ကတို့ရယ် …. အကုန်ထွက်ဆိုပြီး မောင်းထုတ်ပါလေရောလား ….
ကျွန်မပါထွက်ရတော့တာပေါ့ …. စိတ်ထဲမှာတော့ “အော … ဒေါ်ကြည်နတ်ဝင်တာဒီလိုကိုး” ဆိုပြီး အိမ်ပြန်ရောက်တော့ အမေ့ကိုပြန်ပြောပြပြီး သဘောကျမဆုံးဖြစ်နေမိတယ် ….
ခုမှပြန်တွေးကြည့်မိတာပါ … “အလိမ်ခံချင်သူတွေရှိလို့ လိမ်တဲ့သူတွေရှိနေတာ” ဆိုတဲ့ အတွေးလေးလဲ ပေါ်လာမိတယ် …
ဘာပဲဖြစ်ဖြစ် … ဒေါ်ကြည်နတ်ဝင်တာ ကျွန်မအတွက် ပို့စ်တစ်ခုတော့ဖြစ်သွားတာပေါ့လေ ……

Sunday, February 15, 2009

လတ်တလော



အထာမကျတဲ့ စီးမျောမှု့တွေနဲ့
စိတ်တွေ မှုန်မှိုင်း အုံ့ဆိုင်းနေခဲ့တာ
ရက်သတ္တ တစ်ပတ်လောက်တောင်ရှိရော့မယ် …

အစဆွဲထုတ်လို့မရလောက်အောင်
ရှုပ်နေတဲ့အတွေးစပေါင်းများစွာကို
ရှင်းဖို့ကြိုးစားရင်း ပြန်ပြန်ရှုပ်နေတာလဲ အခါခါပဲ …

မွန်းကျပ်တဲ့စိတ်တွေကို ထွက်ပေါက်ပေးဖို့
ကဲ …. ဘယ်မှာလဲ ငါ့ရဲ့ ရင်ဖွင့်ရာ ….

Wednesday, February 11, 2009

ခရီးသွားဟန်လွှဲ နတ်ကနားပွဲ


မပြန်ခင်တစ်ညအလိုက မုဆိုးတောင်ဘက်သွားတဲ့ ဆိုင်တန်းတွေရှိတဲ့ဘက်ရဲ့စောင်းတန်းမှာ နတ်ကနားပေးဖို့ လမ်းပြည့်လုနီးပါးထိုးထားတဲ့ မဏ္ဍပ် ကိုသွား ကြည့်ဖြစ်ပါတယ် …

မဏ္ဍပ်က ၀င်ပေါက်တစ်ပေါက်ပဲရှိပါတယ် … အဲ့ဒီအပေါက်က နတ်ဝင်သူတွေလာဖို့ ပိတ်မရပ်ရဘူးလို့တာဝန်ရှိသူတွေကပြောပါတယ် … မဏ္ဍပ်က ဆိုင်းတွေ၊ဘုံတွေတီးနေပါပြီ … ကျွန်မ အဲ့ဒီနတ်ဝင်ပေါက်နားကကပ်ပြီး ရပ်ကြည့်နေမိတယ် … အထဲမှာကနေတဲ့ သူတစ်ယောက်တော့ရောက်နှင့်နေပါပြီ … ဆိုင်းဝိုင်းကြီးဘေးမှာ မိုက်တစ်လုံးနဲ့ကြေငြာသူတစ်ယောက်ရှိပါတယ် … သူက အခုကုလားနတ်ကိုချော့ဖို့အလှည့်ကျလို့ ရပ်ကြည့်နေသူတွေထဲကလိပ်ပြာတူသူတွေလာဖို့ ဖိတ်ခေါ်ပါတယ်တဲ့ …. ဘယ်သူများလာမလဲလို့ ကျွန်မစောင့်ကြည့်နေမိပါတယ် … သူတို့က ၀င်မလာမချင်း ဖလားထဲမှာရေထည့်ပြီး သပြေခက်နဲ့ ပတ်ပတ်လည်ကရပ်ကြည့်နေသူတွေကိုလိုက်ဖြန်းပါတယ် … ဒါမှ လိပ်ပြာတူသူပေါ်လာမယ်ပေါ့ … အဲ့ဒီအချိန်မှာ အမျိုးသမီးတစ်ယောက် ကျွန်မကို ၀င်တိုက်ပြီး ယိုင်တိ ယိုင်ထိုးနဲ့ဝင်လာပြီး ကပါတော့တယ် ။ အဲ့ဒီမှာ အထဲက နတ်ထိန်းခေါ်မလား အဘွားကြီးနှစ်ယောက်က ၀င်လာသူရဲ့ ရင်ဘတ်မှာ ပုဝါအနီစည်းပေးပါတယ် … ပြီးတော့လက်ထဲကို အမွှေးတိုင်တွေထည့်ပေးပါတယ် ... အမွှေးတိုင်တွေကိုင်ရင်းကတာ ကံကောင်းလို့အချင်းချင်းမထိုးမိတယ် ... အကကတော့မရပ်ပါဘူး … တီးလုံးက ကုလားတီးလုံးပါ … ကျွန်မစိတ်ထဲမှာတော့ ကတာ အိန္ဒိယကားတွေထဲကလို မလှဘူးလို့ တွေးနေမိပါတယ် …. ပူးရင်းနဲ့ ဆိုင်းလဲအချ လူကလဲပုံကျသွားပါတယ် … မောသွားပုံပါပဲ …
နောက်တစ်ကျော့အတွက် ခုနကလို လူထပ်ခေါ်ပါတယ် ..တော်တော်နဲ့ပေါ်မလာပါဘူး .. နောက်တော့ မိန်းမကြီးတစ်ယောက်ဝင်လာပါတယ် … သူလဲခုနကနတ်ကိုချော့ဖို့ပါပဲ … ကျွန်မလဲဘာမှသိပ်မထူးခြားလို့ ဆက်မကြည့်တော့ပဲ ခေါက်မုန့်စားမယ်ဆိုပြီး ခေါက်မုန့်ဆိုင်ကိုသွားပါတယ် … ခေါက်မုန့်ဆိုင်ဘေးကဘိနပ်အပ်တဲ့နေရာမှာ ထိုင်နေတဲ့ကလေးမလေးက ထိုင်နေရင်းနဲ့ လက်ဝါးနှစ်ဘက်ပူးပြီး နဖူးကိုရိုက်ပါတော့တယ်… ပြီးလဲ ပြီးရော ပူးရင်းနဲ့ မဏ္ဍပ်ကိုတောက်လျှောက်ပြေးသွားပါတော့တယ် … ခေါက်မုန့်ဆိုင်က ကောင်မလေးက “ဟယ် … သူလဲပူးနေပြီ၊ သားအမိနှစ်ယောက်လုံး တကယ်ပူးတာလားတော့မသိဘူး” တဲ့ ….ဒီတော့မှ ပထမပူးသူနဲ့ ဒီကလေးမ သားအမိမှန်းသိတော့တယ် … ဘုရားဖူးတွေထဲက ရပ်ကြည့်နေရင်းနဲ့ ပူးသလိုဖြစ်တာ နှစ်ယောက်လောက်ကိုလည်းတွေ့လိုက်ပါတယ် … သူတို့ကိုတော့အတူပါလာသူ တွေက ရှက်လို့ထင်ရဲ့ ပေးမကပဲ အတင်းပြန်ဆွဲခေါ်ကြပါတယ် … အဲ့ဒီတော့ မိုက်သမားက ဒါ နတ်ပွဲကိုနှောက်ယှက်သလိုဖြစ်ပါတယ်တဲ့ … တကယ်လို့ လိပ်ပြာတူတဲ့သူပါရင် ဆွဲမထားကြပါနဲ့ လွှတ်ပေးလိုက်ကြပါလို့ပြောပါတယ် …ကျွန်မကြည့်ခဲ့တဲ့ လူလေးယောက်မှာ လေးယောက်လုံးက အဲ့ဒီနားတစ်ဝိုက်ကဈေးသည်တွေပါပဲ … တကယ်ပူးလား၊ မပူးလားတော့ ကျွန်မ မသိပါဘူး … မဏ္ဍပ်ကပြန်လာတော့ ကျွန်မအတွေးထဲမှာ နတ်ပူးတာ ဘာလို့မျက်စိဖွင့်ပြီးမပူးကြတာလဲ ?
ပူးတဲ့သူတွေက အဲ့နားတစ်ဝိုက်ကလူတွေပဲဘာလို့ဖြစ်နေကြရတာလဲ ?
ပူးသလိုဖြစ်တဲ့သူတွေကရော ဘယ်လိုများဖြစ်သွားတာလဲ ?
ဝင်လာတုန်းကတော့ မတ်တပ်ကြီးဝင်လာပြီး ဆိုင်းလဲချရော ဘာလို့ပုံလဲသွားတာလဲ (အရမ်းခုန်ပြီးကတာလဲမဟုတ်ပါဘူး) ?
ပုံလဲပြီး ခဏလဲနေရော ကုပ်ချောင်းချောင်းနဲ့ ဘယ်သူ့ကိုမှမကြည့်ပဲဘာလို့ထွက်သွားတာလဲ?
အတွေးပေါင်းများစွာနဲ့ ကျွန်မ သုံးထပ်ဆောင်ကိုဘယ်လိုပြန်ရောက်လာခဲ့မှန်းတောင်မသိပါဘူး …..

Tuesday, February 10, 2009

Strictly NO Myanmar


သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ပုံပါ... Strictly NO Myanmar လို့ဘာကြောင့်ရေးသလဲတော့ကျွန်မ မသိပေမယ့် စိတ်ထဲမကျေမနပ်ဖြစ်မိတယ် ... ဘယ်မြန်မာတစ်ယောက်က ဘယ်လိုအမှားမျိုးများလုပ်မိလို့ ဒီလိုမြန်မာနဲ့ချီပြီးရေးသလဲဆိုတာသိချင်မိတယ် ... အိုင်တီမှာ မြန်မာတွေမညံ့ကြဘူးလို့ထင်ပါတယ် ... တစ်နေရာက တစ်နေရာ ခုန်တာများတာတော့ရှိပါတယ် .... အများစုကတော့ လစာနှိမ်လို့ (သို့) ပိုရတဲ့နေရာပြောင်းချင်လို့ပါ ... နှစ်ဘက်စလုံးမှားတာရှိနိုင်ပေမယ့် ဒီလိုကြောငြာခံရခြင်းဟာ Company ဘက်ကယူဆတဲ့ မကောင်းတဲ့သူတစ်ယောက်အတွက်နဲ့ မြန်မာအများစုထိခိုက်၊နစ်နာတယ်လို့မြင်ပါတယ်။

Monday, February 9, 2009

ကျိုက်ထီးရိုးသို့အလည်တစ်ခေါက် ( ၁၅ ဇန်န၀ါရီ ၂၀၀၉)


ကျိုက်ထီးရိုးစေတီတော်ပုံကို http://www.myanmarvoyages.com မှယူထားပါတယ်။

ရန်ကုန်ကပြန်လာပြီးကတည်းက ဘယ်လိုဖြစ်မှန်းမသိ စာရေးဖို့ကို စိတ်ကသိပ်မပါဘူးဖြစ်နေတယ် …. အဲ့ဒီတော့ ဘလော့တွေပဲလိုက်လည်ပြီးဖတ်ဖြစ်နေတော့တာပေါ့ … ကျိုက်ထီးရိုးသွားတုန်းကအကြောင်းလေးရေးမယ် စိတ်ကူးထားတာပြန်လာကတည်းကပဲ .. ခုမှပဲရေးဖြစ်တော့တယ် …

ကျွန်မတို့ရဲ့ခရီးလေးကို ရွှေအိုးစည်ကားနဲ့စဖြစ်ခဲ့ပါတယ်။ ည ၉ နာရီမတိုင်ခင် စုရပ်နေရာတွေထဲကတစ်ခုဖြစ်တဲ့ မြေနီကုန်း ရိုးမဘဏ်ရှေ့ကို ကျွန်မတို့တွေ အနည်းငယ်စောပြီးရောက်နေခဲ့ကြတယ်။ တခြားကားတွေနဲ့သွားမယ့်သူတွေလည်း တဖွဲဖွဲရောက်လာကြပါတယ်။ ကျွန်မတို့အဖွဲ့ဘေးကတစ်ဖွဲ့ဆို ဆူညံနေပြီး သူတို့ကိုကြည့်ရတာပျော်စရာကောင်းပါတယ်။ စိတ်မကောင်းစရာတစ်ခုက သူတို့အထုပ်တွေ စုပုံချပြီး စလိုက်၊ နောက်လိုက်လုပ်နေကြပြီး၊ ကားပေါ်တက်ခါနီးအထုပ်စစ်တော့မှ တစ်ထုပ်ပျောက်နေတာတွေ့ပါတယ် … မျက်စိရှေ့တင်ဘယ်လိုက ဘယ်လိုသုတ်သွားမှန်းမသိလိုက်ပါဘူး ….

ကျွန်မတို့စီးမည့်ကားက ၉ နာရီ ၃၀ လောက်မှရောက်လာပါတယ်။ လက်မှတ်ဝယ်တုန်းကတော့ ခုံနံပါတ်တွေဘာတွေသေချာရွေးခဲ့ပေမယ့် ကားပေါ်ရောက်တော့ လွတ်တဲ့နေရာထိုင်ခိုင်းပါတယ်။ ကျွန်မတို့က လေးယောက်သွားတာဆိုတော့ နှစ်ယောက်တွဲစီထိုင်လိုက်တော့ အဆင်ပြေပါတယ်… ကားထွက်ထွက်ခြင်း တရားခွေဖွင့်ပေးထားပါတယ် … အနည်းငယ်ကြာတော့ သီချင်းခွေပြောင်းထည့်လိုက်ပါတယ် … ဖိုးချစ်နဲ့ သားစိုးတို့ရဲ့သီချင်း ခပ်မြူးမြူးလေးနားထောင်ရင်း အေးစက်နေတဲ့ကားထဲမှာ ကွေးကွေးလေးလိုက်ပြီး ခရီးသွားရတာ စိတ်ထဲမှာပျော်နေမိပါတယ်။
ချမ်းတာကလဲ အတော့်ကိုချမ်းပါတယ် .. ကျွန်မတို့ ကျိုက်ထီးရိုးသွားချိန်မှာ ရန်ကုန်မှာရော ကျိုက်ထီးရိုးမှာပါ အအေးတော်တော်သည်းပါတယ်။ မနက်(၃)နာရီလောက်မှာ ကင်ပွန်းစခန်းကိုရောက်ပြီး ရင်ရင်ပြုံးထမင်းဆိုင်မှာ ခဏတာတည်းခိုကြပါတယ် … နောက်နေ့မနက်(၈)နာရီလောက်ထပြီး တောင်ပေါ်တက်မယ့်ကားတွေနဲ့လိုက်ခဲ့ပါတယ် …. နောက်ဆုံးခုံမှာထိုင်လိုက်ရတော့ အသည်းတယားယားနဲ့ပဲ အကွေ့၊ အ၀ိုက်၊ အမြင့်၊ အမောက်တွေနဲ့ တန်ဆာဆင်ထားတဲ့ ကျိုက်ထီးရိုးတောင်တက်လမ်းအလှကိုခံစားခဲ့ပါတယ်။

တောင်ပေါ်ရောက်တော့သုံးထပ်ဆောင်မှာပဲတည်းဖြစ်ပါတယ် … အဆောင်က ရင်ပြင်တော်အောက်ဘက်တင်ဆိုတော့ ဘုရားဖူးရနီးနီးနားနားဖြစ်တယ်လေ …. ကျွန်မတို့သွားတာ ကြာသပတေးနေ့ည ဆိုတော့ နောက်နေ့တွေမှာ လာလိုက်တဲ့ဘုရားဖူးတွေဆိုတာ မနည်းမနောပါပဲ …
ဟိန္ဒူလူမျိုးတွေဦးစီးပြီးလုပ်တဲ့ ဆီမီး(၅၀၀၀)၊ပန်း(၅၀၀၀) ပွဲနဲ့လဲတိုးတော့ ဟိန္ဒူလူမျိုးတွေ လည်းတိုးမပေါက်အောင် များနေခဲ့ပါတယ်။ ပြီးတော့ “ထူးပါဖူးမည် ပန်းစေတီ” ဆိုတဲ့ စာသားကို ပန်းတွေနဲ့အလှဆင်ထားကြပြီး ကျိုက်ထီးရိုးစေတီတော်မြတ်ပုံကိုလဲ ပန်းတွေနဲ့ပဲ ပုံဖော်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ (ပုံတွေတင်ပေးချင်ပေမယ့်လည်း ကျွန်မပုံပါ ပါနေတော့ သူငယ်ချင်းတွေလန့်ကုန်မှာစိုးလို့ မတင်တော့ပါဘူးနော)

ကျွန်မ တောင်ပေါ်မှာ နှစ်ညအိပ်ပါတယ် … အပြန်လမ်းကိုတော့ ရသေ့တောင်အထိ ခြေလျင်ဆင်းပါတယ် … မပြန်ခင်တစ်ညအလိုက မုဆိုးတောင်ဘက်သွားတဲ့ ဆိုင်တန်းတွေရှိတဲ့ဘက်ရဲ့လမ်းမှာ နတ်ကနားပေးဖို့ လမ်းပြည့်လုနီးပါးထိုးထားတဲ့ မဏ္ဍပ် ကိုသွား ကြည့်ဖြစ်ပါတယ် … နတ်ကနားပွဲက မထူးဆန်းပေမယ့် တွေးစရာ၊မေးစရာလေးတွေရှိလို့ ပို့စ်တစ်ခုအနေနဲ့တင်ပါဦးမယ် …


Tuesday, February 3, 2009

ငယ်တုန်းကဆွဲထားဖူးတာလေးတွေ



အပေါ်ကပုံလေးတွေက ငယ်ငယ်တုန်းကကိုယ်တိုင်ဆွဲထားတဲ့ပုံလေးတွေပါ .... ရန်ကုန်ပြန်ရောက်တုန်းက စာအုပ်ဘီဒိုဖွရင်း ပြန်တွေ့လို့(အမှန်က အများကြီးဆွဲဖူးတယ်) စကင်လုပ်၊ ပြီးတော့ သူငယ်ချင်းဆီပို့ပေး၊ သူငယ်ချင်းက Photoshop နဲ့ စာရွက်အသားဝါနေတာတွေဖယ်ထားပေးတာပါ ...

ရန်ကုန်သို့အပြန်ခရီးမှ စပ်မိစပ်ရာ၊ထင်ရာမြင်ရာများ


ဇန်န၀ါရီ(၁၀)ရက်နေ့က ကျွန်မ ရန်ကုန်ခဏပြန်ဖြစ်ခဲ့ပါတယ် …. အစစ အရာရာချောချောမွေ့မွေ့ပါပဲ …… ကျွန်မက အိမ်လွမ်းတတ်သူမို့ ခဏပြန်ရတဲ့အချိန်မှာ တော်တော်လေးတော့ပျော်ခဲ့ရပါတယ် ….

ကျွန်မရောက်ရောက်ချင်းနေ့မှာပဲ ချိန်းထားတာတစ်ခုရှိလို့ ဒဂုံစင်တာရှေ့က Ice Berry ဆိုတဲ့ဆိုင်လေးကို ရောက်ဖြစ်ခဲ့တယ်…. ဆိုင်လေးကတော့အရင်အတိုင်းပဲ ဘာမှမပြောင်းလဲပါဘူး … ဒါပေမယ့် အရင်က အေးအေးလူလူထိုင်လို့ရတဲ့ဆိုင်လေးက ခုတော့မျက်စိနောက်လောက်အောင် လူအ၀င်အထွက်တွေရှုပ်လွန်းလှပါတယ် … ကျွန်မလည်း ချိန်းထားတာကိုစောင့်ရင်း လူတွေကို ဘာရယ်မဟုတ်လိုက်ကြည့်နေမိပါတယ် … လူငယ်တွေဝတ်တတ်၊စားတတ်လာသလို လူကြီး(အမျိုးသမီးကြီး)တွေကိုလဲ စကပ်တွေ၊ဘောင်းဘီတွေနဲ့တွေ့မိပါတယ် … စိတ်ထဲကတော့ “အလဲ့ … လူတွေ ၀တ်တာစားတာ တော်တော်ခေတ်မီလာပါလား” လို့တွေးမိတယ် …
နောက်တော့ စမ်းချောင်းထဲက “မငယ်” ဆိုင်မှာ ကြာဇံနဲ့ဝက်သားလိပ်စားပါတယ် ….
ပိုက်ဆံရှင်းတော့ တစ်ပွဲကို ၂၀၀၀ တဲ့ …. ကျွန်မ တကယ်ကိုမထင်မိဘူး …. ဈေးကြီးလိုက်တာလို့ စိတ်ထဲထင်မိတယ် ….နောက်နေ့ YKKO မှာ ကြေးအိုးစားတော့ ရိုးရိုးကိုပဲ ၂၉၀၀ တောင်ပေးခဲ့ရပါတယ်(တခြားဆိုင်မှာ ၂၁၀၀ ပဲရှိပါတယ်) … ၀က်သားဒုတ်ထိုးကတော့ တစ်ချောင်း ၁၀၀ ပါပဲ … ဒါပေမယ့် အသားတုံးလေးတွေကတော့ ပိုပါးပြီးသေးသွားသလားပဲရယ် …. တနင်္လာနေ့ကျတော့ ရွှေတိဂုံဘုရားကိုသွားပါတယ် … ဒီတခါတော့ ဘုရားပေါ်မှာ တံမြက်စည်းမလှဲခဲ့လိုက်ရဘူး ….

စကားမစပ် … ကျွန်မတို့အိမ်ပတ်ဝန်းကျင်မှာ အင်တာနက်ဆိုင်တွေများလာသလို ၈တန်း၊ ၉တန်း ကျောင်းသား၊သူလေးတွေက အားတာနဲ့ အင်တာနက်ဆိုင်ကိုပြေးတော့တာပဲ …
ကျွန်မတူမ၀မ်းကွဲလည်း ထိုနည်းလည်းကောင်းပါပဲ …. အသက်ကတော့ ၁၄ နှစ်ရယ် … ပြောလိုက်ရင် ပန့်ခ်၊ပန့်ခ် ဆိုတာကလဲပါးစပ်ကမချဘူး … အကောင့်ပေါင်းသောင်းခြောက်ထောင်နဲ့ ချတ်မယ်ဆိုရင်လာခဲ့ စာတော့မကျက်ဆိုတဲ့အစားမျိုးလေးတွေ့ရတာတော့ ဘ၀င်မကျမိတာအမှန်ပါ …. ပြီးတော့ ခုခေတ်ကလေးတွေ အထူးသဖြင့် မိန်းကလေးတွေပေါ့ ကိုရီးယားကားတွေကြည့်ပြီး အတုမယူသင့်တဲ့ ကျောင်းသူချင်း ရန်စတာတို့ ဘာတို့ကို အဟုတ်ထင် လိုက်လုပ်ချင်ကြတယ် … ကျွန်မတို့ငယ်ငယ်တုန်းက ရန်ဖြစ်တယ်ဆိုရင် ယောက်ျားလေးတွေပဲဖြစ်ကြတာပါ …ခုတော့ကျွန်မပဲ သိပ်အသက်ကြီးသွားသလားပဲရယ် … အဲ့လိုတွေမြင်ရ ကြားရရင် သိပ်ကြည့်မရချင်ဘူး …

ပြီးတော့ ရန်ကုန်မှာ မီးကတော့ ထုံးစံအတိုင်းပေါ့ … ကျွန်မတို့ရပ်ကွက်မှာတော့ ပုံစံ(၃)မျိုးနဲ့မီးပေးပါတယ်တဲ့ … ည(၁၁) နာရီကနေ မနက်(၅)နာရီ၊ ညနေ(၅)နာရီကနေ ည(၁၁)နာရီ၊ တခါတလေ မနက်(၅)နာရီကနေ နေ့လည်(၁၁)နာရီထိ အလှည့်ကျပေးပါတယ် .. ပုံစံ(၁)နဲ့(၂)က အပေါ်ကအချိန်တွေကို လှည့်ပြီှးမှန်မှန်လာပါတယ်။ နောက်တစ်မျိုးက တော့ရောသမမွှေပြီး လာချင်တဲ့ရက်လာ ပျက်ချင်တဲ့ရက်ပျက်ပါတယ် …. ရ၀တရုံးမှာ မီးလာရက်အချိန်ဇယားထုတ်ပေးလို့ ယူသာထားရတယ် ကျွန်မတို့အိမ်က ပုံစံ(၃)နဲ့မီးပေးတဲ့ထဲမှာပါလို့ မှန်းလို့မရပါဘူး …
ခုဟာက (၂၄) နာရီတစ်ရက်မဟုတ်ပဲ (၆)နာရီတစ်ရက်ဖြစ်နေတော့ မီးလာမှလုပ်လို့ရမယ့်အလုပ်တွေဆိုရင် အကုန်နှောင့်နှေးပြီး တစ်နေ့ တစ်နေ့ ယောင်တောင်ပေါင်တောင်နဲ့အချိန်ဘယ်လိုလေးကုန်သွားမှန်းကိုမသိလိုက်ဘူးရယ် …

အော … နောက်တစ်ခုထပ်ကြုံလို့ပြောရဦးမယ် … ကျွန်မတို့မျက်စောင်းထိုးမှာ စက်ရုံအသေးစားလေးတစ်ခုရှိတယ် … သူတို့က မီးမလာတော့မီးစက်နဲ့အလုပ်လုပ်ရတာပေါ့ .. မီးစက်က မီးလန့်တာလေ သိပ်တော့မကြီးပါဘူး … ဒါပေမယ့် မီးဆိုတာကလဲ သေးတယ်ကြီးတယ်ဆိုပြီးပေါ့လို့မှမရတာနော …. ချက်ခြင်းကို ကားကြီးတစ်စင်းစိုက်လာပြီး ရ၀တတွေ၊ ရပ်ကွက်ထဲကတာဝန်ရှိသူတွေ၊ မြို့နယ်ရဲတွေ ချက်ခြင်းရောက်လာပါရောလား … ကျွန်မဖြင့်အံ့တွေသြလို့ …. အဲ့လိုချက်ခြင်းရောက်လာတာမျိုးမကြုံဖူးဘူးလေ … ကျွန်မတို့ရပ်ကွက်မှာ အရင်တုန်းက လူသတ်မှု့တစ်ခါဖြစ်ဘူးတယ် …. ရဲတွေတော့လာကြပါတယ် … သတ်နေတာကိုလဲ ကြားနေရတယ် … အိမ်ထဲမ၀င်ဘူးတော့ … ဘာကိုစောင့်နေသလဲတော့မသိဘူးရယ် … ထွက်ပြေးမှ လိုက်ဖမ်းတာမျိုးတွေချည်းပဲတွေ့ဖူးတော့လေ …. ခုလိုမီးလန့်တာကို ချက်ခြင်းကြီးရောက်ချလာတာ ကျွန်မလေ တကယ်ပါ တကယ်အံ့သြတာသိလား … ဘာရယ်မဟုတ်ပါဘူး … ကြုံလို့ပါ ….

ပြီးတော့ ကျွန်မ ကျိုက်ထီးရိုးဘုရားဖူးရောက်ဖြစ်တယ် …. နောက်မှ ကျိုက်ထီးရိုးဖီလင်ကိုရေးပါမယ် …. ဆက်ရန်ပေါ့နော …

Friday, January 30, 2009

ဂဏန်း(၉)လုံးနှင့်သင်၏ကံ


ဒီအဟောလေးက ဘယ်နှစ်ခုနှစ်မှာ ကိုယ့်ကံကဘယ်လိုဖြစ်မလဲဆိုတာ တွက်ကြည့်တာမျိုးပါ။
သိချင်တဲ့နှစ်ကို ကြိုတွက်လို့ရသလို ကျန်ခဲ့တဲ့နှစ်တွေကိုလဲတွက်ကြည့်လို့ရပါတယ်။
ဒီအဟောလေးကို ၂၀၀၂ ခုနှစ်လောက်တုန်းက စာအုပ်တစ်အုပ်ကနေဖတ်မိပြီး စိတ်ဝင်စားလို့ကူးရေးထားမိပါတယ်။ စာအုပ်နာမည်မမှတ်မိတော့တဲ့အပြင် မူရင်းရေးသားသူဘယ်သူမှန်းလဲ မှတ်မထားမိလိုက်ပါဘူးရှင်။ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ ယူဆလို့ ကျွန်မသူငယ်ချင်းများကို ဝေမျှလိုက်ပါတယ်။

တွက်ချက်ပုံက ဒီလိုပါ ….
သူငယ်ချင်းတို့ရဲ့ မွေးရက်၊ မွေးလ နဲ့ သိချင်တဲ့နှစ်ကို ချရေးပြီး ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင်းလိုက်ပါ။ ဥပမာ ……

မွေးရက် + မွေးလ + သိလိုသောနှစ်
၂၄ + ၇ + ၂၀၀၉
(၂+၄) + ၇ + (၂+၀+၀+၉)
၆ + ၇ + ၁၁ = ၂၄
ရလာတဲ့အဖြေ ၂၄ ကိုလည်း ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင်းပါ ….
၂ + ၄ = ၆ ….
ဒါဆိုရင် ၆ ဂဏန်းအတွက်အဟောကို သွားဖတ်ရမှာပါ …. သူငယ်ချင်းတို့နားလည်မယ်လို့မျှော်လင့်ပါတယ်။

၁ ဂဏန်း။ ။ ထူးခြားသောတက်လမ်းရှိမည်။ အပြောင်းအလဲရှိမည်။ လုပ်ငန်းသစ်အောင်မြင်မည်။ တစ်ကြိမ်မှမလုပ်ဖူးသေးသည်များလုပ်ကိုင်အောင်မြင်မည်။ အလုပ်နေရာ၊ အိမ်နေရာအပြောင်းအလဲရှိမည်။ ဘ၀အတွက်အရေးပါသော ခြေလှမ်းများစတင်ရမည်။ အိမ်ဆောက်၊အိမ်ပြင်ခြင်းရှိမည်။ အဟောင်းရပ်၍အသစ်စတင်မည်။

၂ ဂဏန်း။ ။ ခရီးနှင့်ပတ်သတ်သောကံကောင်းသည်။ လူမျိုးကွဲ၊လူမျိုးခြား အကျိုးပေးသည်။ ချစ်သူ၊ခင်သူ၊ သံယောဇဉ်ရှိသူများနှင့် ခေတ္တခွဲရကိန်းရှိသည်။ အိမ်တွင်းရေးညံ့သည်။ ရန်အတိုက်အခံကြားမှတိုးတက်မည်။ ကြန့်ကြာနေသောရပိုင်ခွင့်များပြန်လည်ရရှိမည်။ ပြည်ပခရီးကြံစည်ပေါ်ပေါက်အောင်မြင်မည်။

၃ ဂဏန်း။ ။ အထူးကောင်းသည်။ ရည်မှန်းထားသည်များ အောင်မြင်မည်။ ပြန့်ကျဲနေသောစီးပွားများ စုစည်းမိမည်။ စိတ်ရှုပ်စရာများကင်းစင်သည်။ အလုပ်တိုးတက်မည်။ စုပေါင်းလုပ်ငန်းလုပ်၍ကောင်းသည်။ဝင်ငွေတိုး ရာထူးတိုးမည်။ ပညာရေးအထူးကောင်းသည်။ ငွေကြေးကံကောင်းသည်။

၎ ဂဏန်း။ ။ အလွန်ငွေကုန်များသည်။ မိမိကိစ္စမဟုတ်ဘဲအလုပ်ပို၊ ကိစ္စပိုများကြုံမည်။ စိတ်ပင်ပန်းပြီး အောင်မြင်မည်။ ယှဉ်ပြိုင်၍ အနိုင်ရမည်။ ပညာ၊သင်တန်းနှင်ပတ်သတ်သော ကိစ္စများကြုံမည်။ ထူးခြားသောတိုးတက်မှုများရမည်။ ငွေစုဆောင်းရန်ခက်မည်။ နာမည်ကျော်ကြားမည်။

၅ ဂဏန်း။ ။ အလွန်စိတ်ရှုပ်ရမည်။ စိတ်ပန်းလူပန်းဖြစ်မည်။ လူယုံဒုက္ခပေးတတ်သည်။ သူများပြဿနာ ကိုယ့်ပြဿနာဖြစ်တတ်သည်။ အိမ်ထောင်ရေး၊ အိမ်တွင်းရေး၊ မေတ္တာရေးတွင်အညံ့ရှိသည်။ ငွေကြေးကိစ္စ၊လူမှုရေးကိစ္စအညံ့ရှိသည်။ အမှုပြဿနာများတတ်သည်။ အထင်လွဲခံရခြင်းများကြုံမည်။

၆ ဂဏန်း။ ။ အထူးကောင်းသောအနေအထားရှိသည်။ လိုလားချက်များ အောင်မြင်မည်။ မေတ္တာရေးကောင်းမည်။ ကိုယ်တိုင်တွင်၎င်း၊ မိသားစုတွင်၎င်း အလှုမင်္ဂလာကိစ္စများကြုံမည်။ စုပေါင်းတွဲဖက်လုပ်သော ကိစ္စများမှ အောင်မြင်မှုကောင်းစွားရနိုင်သည်။ ကျန်းမာရေးအညံ့ရှိသည်။ မိတ်ကောင်း၊ဆွေကောင်း၊ အကြီးအကဲ အကူအညီရတတ်သည်။

၇ ဂဏန်း။ ။ ထူးခြားသောအပြောင်းအလဲနှင့် တက်လမ်းပေါ်ပေါက်မည်။ လူမျိုးကွဲ၊ ကပြားများ အကျိုးပေးသည်။ နေရာအပြောင်းအလဲနှင့်တက်လမ်းပွင့်မည်။ ငွေကြေး၊ လုပ်ငန်းကိစ္စများ စနစ်တကျလုပ်ကိုင်၍ကောင်းသောအနေအထားရှိမည်။ လိမ်ညာခံရမည်။ ပြည်ပခရီးကံအထူးကောင်း၏။ မိဘ အကြီးအကဲ ကျန်းမာရေးညံ့သည်။ ခြံ၊ကား၊အခန်း အဟောင်းထွက်၍ အသစ်ဝင်မည်။

၈ ဂဏန်း။ ။ အထူးကောင်းသည်။ စိတ်ပျော်ရွှင်ရမည်။ ရည်မှန်းထားသည်များ စနစ်တကျလုပ်၍တိုးတက်မည်။ လုပ်အားကြောင့်သာမက ကံကြောင့်ငွေဝင်မည်။ ဘက်စုံကောင်းမည်။ လိုလားချက်များပြည့်စုံမည်။ ထူးခြားသောတိုးတက်မှုများ သေချာပေါက်ရမည်။ ထီပေါက်ငွေရမည်။ အိမ်တွင်းရေးညံ့သည်။ ငွေကြေးကိစ္စစကားပြောဆိုမှုအောင်မြင်မည်။

၉ ဂဏန်း။ ။ အညံ့ရှိသည်။ သွေးထွက်သံယိုဖြစ်တတ်သည်။ လုပ်နေသောလုပ်ငန်းများရပ်တန့်မည်။ လမ်ကြောင်းဟောင်းရပ်၍ လမ်းသစ်ပေါ်သောအနေအထားရှိမည်။ ငွေကြေးကံ၊ လုပ်ငန်းကံ အနှောက်အယှက်ရှိမည်။ စိတ်ရှုပ်စရာများ တခုပြီးတခုပေါ်မည်။ မှန်းထားသည်နှင့်လက်တွေ့ကွာခြားသော အခြေအနေရှိမည်။ ခက်ခဲသောပြဿနာများထိပ်တိုက်တွေ့မည်။ အရှုံးပေါ် ငွေကုန် စိတ်ရှုပ်ရမည်။