Sunday, March 8, 2009

မျှော်လင့်ခြင်းကင်းသောသူ


(မှတ်ချက် - ပုံကိုဘယ်ကရမှန်းမသိတော့ပါဘူးရှင်)

“မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ” ဆိုတဲ့စကားကို ကျွန်မ ခဏခဏကြားဖူးသလို၊ ကိုယ်တိုင်လဲ ပြောဆိုဖူးတယ် ….အဲ့ဒီစကားကိုပြောရတာလဲ အရသာပြည့်ပြည့်၀၀ ရှိတယ်လို့ခံစားရတယ် …. ဘာလို့လဲဆိုတော့ မျှော်လင့်စရာမရှိတော့ရင် လူ့ဘ၀ကြီးမှာ ကြိုးစားချင်စိတ်လဲမရှိနိုင်တော့ဘူးလို့ ကျွန်မက ထင်တာကိုး …. ဒါကြောင့် အဲ့ဒီစကားရဲ့နောက်ကွယ်က ပူလောင်လွန်းတဲ့ခံစားချက်ကို မမြင်နိုင်မိသလို “မျှော်လင့်ခြင်းကင်းတာ” နဲ့ “မျှော်လင့်ချက်မရှိတာ” ကိုလဲ သေသေချာချာသရုပ်မခွဲနိုင်ခဲ့ဘူး …
ဒါပေမယ့် ခုနောက်ပိုင်းတော့ အရင်တုန်းက မျှော်လင့်ခဲ့တာတွေအတွက်ရော၊ ခုလက်ရှိမှာရော မျှော်လင့်ချက်ပေါင်းစုံနဲ့ ပူလောင်နေခဲ့တာတွေကို ခံစားမိလာတယ် …. သေးသေးဖွဲဖွဲကစလို့ ကြီးကြီးမားမားအထိပေါ့ ….

ကျွန်မ ၁၀ တန်းကို အမှတ်များများရဖို့မျှော်လင့်ခဲ့ဖူးတယ် … ကိုယ်မျှော်မှန်းသလောက်ဖြစ်မလာတဲ့အခါမှာ မျက်ရည်ကျခဲ့ဖူးတယ် … (အမှန်တော့ ကျွန်မ ကြိုးစားဖို့လိုခဲ့တာပါ ….) ကျွန်မ ချစ်တဲ့သူငယ်ချင်းတွေဆီက ကျွန်မချစ်တာနဲ့ ထပ်တူညီတဲ့ ချစ်ခြင်းမျိုး မျှော်လင့်ခဲ့ဖူးတယ် …. မသာရင်နေ လျော့တာ မလိုချင်တဲ့ကျွန်မ လိုချင်တာမရခဲ့လို့ ထိခိုက်ခံစားခဲ့ရဖူးတယ် ..… ကျွန်မ ပထမဆုံးအလုပ်စလုပ်တော့ ကျွန်မ နေချင်တဲ့ Team မှာနေရဖို့မျှော်လင့်ခဲ့ဖူးတယ် ….. Team Lead တွေက ကျွန်မတို့ Batch က လူဆယ်ယောက်ထဲကနေ တစ်နေ့ တစ်ယောက်လာလာရွေးထုတ်၊ ခေါ်သွားတဲ့အချိန်မှာ ကျွန်မက နောက်ဆုံး ၃ ယောက်ထဲမှာ ကျန်ခဲ့ရတယ် ….. စောစောရွေးချယ်ခံရဖို့မျှော်လင့်မိတဲ့ကျွန်မ တစ်ပတ်တိတိ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နောက်ဆုံးတော့ ကိုယ်မနေချင်သော Team ထဲကိုပဲ ရောက်ခဲ့ရတယ် ….ကျွန်မ သိပ်ချစ်ခဲ့ဖူးတဲ့ ကျွန်မရဲ့ ပထမဆုံးချစ်သူဆီက ကျွန်မမျှော်လင့်တဲ့နားလည်မှု့နဲ့ ချစ်ခြင်း မရခဲ့လို့ ကျွန်မ ထိထိခိုက်ခိုက် နာကျင်ခံစားခဲ့ရဖူးတယ် … နောက် အလုပ်လျှောက်တဲ့အခါမှာ ကိုယ်က အကောင်းဆုံးဖြေဆိုနိုင်ခဲ့တယ်လို့ ယုံကြည်ပြီး မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာ ထင်သလိုတွေဖြစ်မလာပြန်ဘူး …. မျှော်လင့်ချက်ပေါင်းများစွာနဲ့ အချိန်တွေကို စတေးပြီး စိတ်တွေဇောကပ် ပူလောင်နေခဲ့တယ်ဆိုတာ ကိုယ့်ကိုကိုယ်သတိထားမိတာ ခုမှပါ … စိတ်ရော လူရောပင်ပန်းပါတယ်လို့ ပြောမိလို့ “ဒါဆို မျှော်လင့်မနေနဲ့ပေါ့” ဆိုရင်လဲ သိပ်လွယ်လှတဲ့ကိစ္စတစ်ခုတော့မဟုတ်ပြန်ဘူး .. ဘာလို့လဲဆိုတော့ ကျွန်မက ပုထုဇဉ်ကိုး ….

မျှော်လင့်ပြီးဖြစ်မလာတဲ့အခါခံစားရတဲ့ ပူလောင်မှုကို သဘောမကျတဲ့ ကျွန်မ စိတ်တွေအေးချမ်းအောင်ဆိုပြီး ဆရာတော်ဦးဇောတိက စာအုပ်တွေဖတ်တယ်၊ ဦးသုမင်္ဂလ တရားတွေနာတယ် ပြီးတော့သတိထားပြီး ကျွန်မရဲ့ မျှော်လင့်ချက်တွေကို ထိန်းကြည့်တယ် …. ဘယ်လိုထိန်းလဲဆိုတော့ ဥပမာ လူတစ်ယောက်ကို ချစ်လိုက်ပြီဆိုပါစို့ …. သူ့ဘက်က ပြန်လာမယ့် တုန့်ပြန်မှု့တွေကို မျှော်လင့်မနေပဲ ကိုယ်ဘက်က ချစ်နိုင်သလောက်ချစ် …… အဲ့ဒီတော့ ထပ်တူညီတာပဲပြန်လာလာ၊ မညီတာပဲပြန်လာလာ မပူပင်ရတော့ဘူး … ကိုယ်ကမှ သူ့ဆီကဘာမှမှ မမျှော်လင့်တာလေ … နေလို့သိပ်ကောင်းတယ် …. နောက်မို့ရင် သူကငါချစ်သလိုပြန်မချစ်ဘူး၊ ငါကတော့ ချစ်လိုက်ရတာဆိုပြီး ပူလောင်နေရပါဦးမယ် … နောက် အလုပ်လျှောက်တဲ့ကိစ္စဆိုပါတော့ …. ကိုယ်ဘက်ကအတတ်နိုင်ဆုံး အစွမ်းကုန်ကြိုးစား …. ငါအကောင်းဆုံးလုပ်ထားတာပဲ ခန့်တာက သူ့ကိစ္စ လို့စိတ်ထဲမယ်ထားလိုက်ရင် စိတ်အတော်အေးပါတယ် …. အရာတော်တော်များများမှာ သူ့အပိုင်း၊ ကိုယ့်အပိုင်းဆိုတာ ခွဲလို့ရပါတယ် …. ဆိုတော့ ကိုယ့်အပိုင်းကိုယ်သာ ပိုင်နိုင်ပါစေ ကျန်တစ်ပိုင်းကို သူ့သဘောနဲ့သူသွားပါစေ … ဒါဆိုနေလို့ အရမ်းအေးချမ်းတာ ကျွန်မလက်တွေ့ပါ …. နောက်ပြီး သူငယ်ချင်းတွေနဲ့ပတ်သတ်လို့ ကျွန်မစိတ်ထဲမှာ ဘာမျှော်လင့်ချက်မှမထားပဲ ကိုယ်တတ်နိုင်တာကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးနိုင်လာပြီ …. အရင်တုန်းကဆို ကိုယ့်ကို ပိုခင်စေချင်တဲ့ ဆန္ဒလေးကစွက်သေးတာကိုး …..

မျှော်လင့်ချက်ကင်းကင်းနဲ့နေလိုက်လို့ ကိုယ့်ရဲ့ ကြိုးစားမှုကို မထိခိုက်တဲ့အပြင် စိတ်ပူလောင်မှု့ကိုပါ လျော့ကျစေလို့ အလုပ်လဲပိုတွင်ပါတယ် …. ဒါကြောင့် ကျွန်မလေ အရာရာတိုင်းမှာ မျှော်လင့်ခြင်းကင်းသောသူတစ်ယောက်ဖြစ်ချင်တယ် …. ဖြစ်အောင်လဲ ကြိုးစားနေပါတယ် ….

အဲ့လိုပဲ ကျွန်မချစ်သော ကျွန်မရဲ့သူငယ်ချင်းများအားလုံးလဲ “မျှော်လင့်ချက်နဲ့အသက်ရှင်နေတာ” ဆိုတာထက် “မျှော်လင့်ခြင်းကင်းကင်းနဲ့ အသက်ရှင်နိုင်တဲ့ သူတွေ ဖြစ်ပါစေ” လို့ ကျွန်မဆုတောင်းပေးပါတယ်ရှင် ……

10 Comments:

Anonymous said...

ကောင်းတယ် အမရေ..ကျနော် တောင် မျှော်လင့်ခြင်း ကင်းအောင် နေတက်နေပြီ..မှတ်သားသွားပါတယ်
အဆင်ပြေပျော်ရွှင်ပါစေဗျာ

dare2fight said...

မိုက်တယ်ဗျာ ကျနော်လဲဒီလိုခံစားဖူးလို့ပါ

Anonymous said...

အမရေ...
ကြိုးစားတာတော့ ကြာပြီ ဒါပေမယ့် ရာနှုန်းပြည့် မရသေးဘူး..ဘယ်တော့မှ ရမလဲ လည်း ပြောတတ်ဘူး...အမ စကားယူသုံးရရင် ပုထုဇဉ်လေ...မျှော်လင့်ခြင်းကင်းကင်းနဲ့ အသက်ရှင်နိုင်တဲ့သူဖြစ်ချင်ရင်တော့ အရိယာဖြစ်ဖို့ အရင်လုပ်ရမယ်ထင်တယ်...

Welcome said...

သယ်ချင်းရေ
မျှော်လင့်ခြင်းတွေ၊ တမ်းတခြင်းတွေ၊ လွမ်းဆွတ်မှုတွေနဲ့ကင်းဝေးတဲ့ ဘ၀လှလှလေးကို ပိုင်ဆိုင်ချင်ပါတယ်။
ဒါပေမယ့် ကိုယ်၌က
ခံစားချက်မဲ့တဲ့ စက်ရုပ်မဟုတ်တာကြောင့်
သံယောဇဉ်တစ်ခုအတွက်နဲ့
လွမ်းချင်သေးတယ်
တမ်းတချင်သေးတယ်
ခွင့်ပြုမယ်ဆိုရင်ပေါ့လေ .....

(သဘောထားကတော့ ကွဲပြန်ပီ)

Anonymous said...

အရူးလေးရေ

မျှော်လင့်ခြင်းကင်းအောင်နေတတ်နေပြီဆိုတော့ အေးချမ်းတာပေါ့ ...

dare2fight ရေ
လာဖတ်တာ ကျေးဇူးပါ ...

ချမ်းမြေ, %ပြည့် ပူနေရတာထက်စာရင် ကိုယ်ကြိုးစားသလောက်တော့ သက်သာတာပေါ့ ... ဟုတ်ဘူးလား ...

ရှမ်းလေးရေ ... လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ် .... အပူခံနိုင်တဲ့သူက ခံနိုင်သလို မခံနိုင်တဲ့သူက မခံနိုင်သလိုပေါ့ .... နော့ ...

nu-san said...

ညီမလေးရေ..ရေးထားတာ ကောင်းလိုက်တာ.. အမလည်း အတူတူပါပဲ.. ဘယ်သူ့ဆီကမှ ဘာကိုမှ မမျှော်လင့်တာ ကိုယ့်အတွက် ခံစားရ သက်သာတယ်.. နို့မို့ဆို ကိုယ့်စိတ်နဲ့ ကိုယ် ပူလောင်ရတယ်.. ဒါပေမယ့် အဲဒီလိုတွေ စဉ်းစားလာနိုင်ဖို့ အများကြီး ရင်းနှီးခဲ့ရတယ် ပေးဆပ်ခဲ့ရတယ်ဆိုတာကို နားလည်မိတယ်.. ကိုယ်ချင်းလည်း စာတယ်.. အသက်အရွယ်နဲ့လည်း ဆိုင်တာပေါ့.. အခုတော့ ဘာမှလည်း မမျှော်လင့်ချင်တော့ပါဘူး.. အကြောင်းသိသူတွေက ပြောမှာပဲ... အခုအခြေအနေမှာ ဘာများမျှော်လင့်ချင်သေးလို့လည်းဆိုပြီးပေါ့.. ညီမရေ.. အမလည်း မျှော်လင့်ချက် ကင်းကင်းနဲ့ အသက်ဆက်ချင်ပါတယ်...တတ်နိုင်သလောက်ပေါ့... :)

ကြယ်ပြာ said...

မနုရေ .... ဟုတ်တယ် အစ်မ .... သမီးလဲ စိတ်တွေပူလောင်လွန်းလို့ ထိန်းကြည့်ရင်း အဆင်ပြေလို့ သူငယ်ချင်းတွေကို ရှဲလိုက်တာပါ ... လာဖတ်တာကျေးဇူးပါ အစ်မ .....

Anonymous said...

မှန်တာပေါ့.. ကြယ်ပြာရေ.. လေးမလည်း မျှော်လင့်ချက်တွေ နည်းနိုင်သမျှ နည်းအောင် လျှော့ချလိုက်တော့ တော်တော် နေလို့  ကောင်းတယ်..။ ပေါ့သွားတယ်..။

ရိုးမြင့်အောင် said...

မျှော်လင့်ချက်တွေ နည်းအောင်တော့ လျှော့ချလို့ရမယ်ဗျ...။ ဘာမှမရှိတော့ဘူးဆိုရင်တောင် ကျွန်တော်တို့ အိပ်ကပ်ထဲမှာ မျှော်လင့်ခြင်းအချို့ တွယ်ကပ်နေဦးမှာပါပဲ...။ ဒီအချက်က လူတစ်ယောက်ကို ထိန်းသိမ်းထားတာလို့ ကျွန်တော်ထင်တယ်ဗျ...။

အဆင်ပြေ ပျော်ရွှင်ပါစေဗျာ....။

ခင်မင်စွာဖြင့်

လွမ်းလုင်

Anonymous said...

မှန်ပါတယ် ရှင် မျှော်လင့်ခြင်းကင်း၂နဲ့နေနိုင်အောင် ကြိုးစားပါ ဆို တာ ကောင်းပါတယ် အမ. လင့်မထားခဲ့လို့ ရှာပြီးလိုက်လာတယ်နော် ပျော်ရွင်ပါစေ..