Wednesday, December 31, 2008

မင်္ဂလာပါ ၂၀၀၉ ရေ ….



နှစ်သစ်ကို ဘုရားဖူးရင်းနှုတ်ခွန်းဆက်သလိုက်ကြရအောင်လားရှင် …

နှစ်ဟောင်းကို နှုတ်ဆက်သူတွေ …. နှစ်သစ်ကို ကြိုဆိုသူတွေနဲ့ ကျွန်မတို့ Blog ရပ်ဝန်းလေးမှာသက်ဝင်လှုပ်ရှားနေသလို ကျွန်မလည်း ဘာရယ်မဟုတ် ထိုင်ပြီး အတွေးတွေပွားနေမိပါတယ် ….

ဘာရယ်မဟုတ်ဆိုပေမယ့် တကယ်တော့ အလေးအနက်တွေးနေမိတာပါ ….
လူဆိုတာ မကောင်းမှုတွေနဲ့မွေ့လျော်တတ်တဲ့အမျိုးမဟုတ်လား … ဒါ့အပြင် ကိုယ်မကောင်းတာကိုလဲ မကောင်းမှန်း သိချင်မှသိတတ်သလို၊ သိပြန်ရင်လည်း ဖော့တွေးတတ်ကြတာကလား ….. အဲ့ဒီတော့ မကောင်းမှုတွေက လျော့သွားဖို့ထက် တိုးလာဖို့အခွင့်အလမ်းကပိုများနေတယ်လေ …..

ကျွန်မမှာလဲ မကောင်းမှုတွေများမှများပေါ့ …. ကောင်းတာတစ်ခုလျော့ချနိုင်ရင် မကောင်းတာနှစ်ခုလောက်ကပြန်တက်လာသလိုပဲ …. ဒါပေမယ့် အဆိုးထဲကအကောင်းလို့ပြောရမယ်ထင်တယ် ….. လျော့မချနိုင်ရင်တောင်မှ ကိုယ်ဘာတွေမကောင်းဘူးလဲဆိုတာကိုသိရင် ပြင်ဖို့ လမ်းစတွေ့နိုင်မယ်လေ …..

အဲ့ဒီတော့ လာမဲ့ ၂၀၀၉ အတွက် ကျွန်မချစ်သော သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဘလော့မောင်နှမများ အတွက်ကျွန်မဆုတောင်းပေးချင်တာက

နှစ်သစ်မှာ ကိုယ့်ကိုကိုယ် မှန်မှန်ကန်ကန်ဝေဖန်ဆန်းစစ်နိုင်သောသူတွေ ဖြစ်ကြပါစေ ….

ကိုယ့်ရဲ့မကောင်းသောအကျင့်တွေကို ကိုယ်တိုင်သိပြီး ပြုပြင်နိုင်သောသူတွေဖြစ်ကြပါစေလို့


ဆုတောင်းပေးလိုက်ချင်ပါတယ်ရှင် ….

စိတ်ကူးယဉ်ခြင်း

Tag တယ်ဆိုတာ အကြောင်းအရာတစ်ခုခုကို ရေးဖို့ တောင်းဆိုခြင်းဆိုတာကို ဘလော့တစ်ခုမှာဖတ်ဖူးလို့ သိပေမယ့် ဘယ်လို Tag တယ်ဆိုတာတော့ မသိဘူးရယ် …
ကျွန်မ စီဘောက်စ်ထဲက အစ်ကိုဝင်းဇော်ရဲ့ Tag ထားတယ်ဆိုတဲ့ မက်ဆေ့ခ်ျကြောင့် ဘာခေါင်းစဉ်ပါလိမ့်၊ ဘယ်မှာသွားကြည့်ရမှာပါလိမ့်ဆိုပြီး ဦးနှောက်စားသွားသေးတယ် …
နောက်တော့ အစ်ကိုဝင်းဇော်ဘလော့ကိုသွားဖတ်ရင်းနဲ့ ဘာခေါင်းစဉ်ဆိုတာ သိသွားပါတယ် ..

စိတ်ကူးယဉ်ခြင်းတဲ့ ……

“စိတ်ကူးယဉ်ခြင်း” ဆိုတဲ့စကားစုလေးကို မကောင်းတာပြောချင်တဲ့ဘက်မှာ အသုံးများတယ်လို့ ကျွန်မယူဆပါတယ် … အပြောသမားတွေ၊ စိတ်ကူးပဲရှိပြီး အလုပ်တွဲမပါတတ်သူတွေကို လူတွေက “စိတ်ကူးချည်းပဲ ယဉ်နေတာပဲ” တို့၊ “လေထဲတိုက်အိမ်ဆောက်နေတာပါကွာ” တို့၊ “လေဖမ်း ဒါန်းစီးနေတာပါ” တို့ စသဖြင့်ပြောလေ့ရှိကြတယ် ….. ဒါပေမယ့် လူတိုင်းမှာ စိတ်ကူးယဉ်အိပ်မက်အနည်းဆုံးတစ်ခုစီတော့ ရှိကြတာချည်းပါပဲ …..

ကျွန်မအတွက်တော့ အရွယ်အလိုက် စိတ်ကူးယဉ်တာတွေက တစ်မျိုးပြီးတစ်မျိုးပြောင်းနေတတ်တယ် …ဒါတောင် တခါတလေ “ငါက သိပ်စိတ်ကူးမယဉ်တတ်ဘူး” ရယ်လို့ ကိုယ့်ကိုကိုယ် ပြောင်လိမ်မိသေးတယ် ….း)

ကျွန်မခပ်ငယ်ငယ်အရွယ်တုန်းက ကျွန်မတို့မောင်နှစ်မသုံးယောက်က ခြင်ထောင်အကြီးကြီးတစ်လုံးနဲ့ တူတူအိပ်ကြရတယ် …. ညရောက်လို့ အိပ်ယာဝင်ပြီဆိုရင် ကျွန်မတို့ရဲ့ စိတ်ကူးယဉ်လုပ်ငန်းကြီးစတော့တာပါပဲ ….. ကျွန်မက “ကိုကြီးရေ ငါတို့ စကားပြောရအောင်” ဆို
ပြီးစပြောလိုက်ရင် ကိုကြီးက သဘောပေါက်စွာနဲ့ သူ့စိတ်ကူးတွေကို ဘယ်စကားလုံးတွေနဲ့စလဲဆိုရင်

ကိုကြီး - “ ငါတို့မှာ အိမ်အကြီးကြီး တစ်လုံးရှိတယ်ပေါ့ဟာ” ဆိုတာကနေစပါတယ် ….

ကျွန်မတို့ငယ်စဉ်က ဘကြီး(အဖေ့အစ်ကို) မိသားစုနဲ့တစ်အိမ်တည်းနေရပါတယ်။ မိသားစုနှစ်စုပေါင်းနေရတော့ ကျွန်မတို့မလွတ်လပ်ခဲ့ဘူးလေ ….. ကျွန်မတို့ မိသားစုချည်းပဲ သီးသန့်အိမ်လေးနဲ့ နေချင်တဲ့စိတ်က အဲ့ဒီအရွယ်ကတည်းက ရင်ထဲရှိနေခဲ့တော့ ဒီစကားရပ်လေးကို မောင်နှစ်မသုံးယောက်လုံး နှစ်သက်ခဲ့ကြတယ် ….

မောင်လေး - “ငါကတော့ ကစားစရာတွေ အများကြီးထည့်ထားတဲ့ အခန်းအကြီးကြီးတစ်ခန်းပါ ပါချင်တယ်” ဆိုတဲ့ သူ့စိတ်ကူးလေးကို ၀င်ပြောတယ် ….

ကျွန်မ - “ အေးနော် …. ငါလဲ အဲ့လိုအခန်းမျိုးပါစေချင်တယ် … မောင်နှစ်မသုံးယောက် တစ်ယောက်တစ်ခန်း၊ ဖေနဲ့မေက တစ်ခန်း၊ ကစားစရာတွေအစုံထည့်ထားတဲ့အခန်းကသပ်သပ်နော် … ” ဆိုပြီး ကျွန်မတို့ရဲ့ စိတ်ကူးထဲကအိမ်ကို အခန်းတွေဖွဲ့ပါတော့တယ် …..
ဒီလိုပြောရင်းဆိုရင်းနဲ့ ကျွန်မတို့ အိပ်ပျော်သွားခဲ့ကြတဲ့ ညတွေ မနည်းမနောပါပဲ …..

ကျွန်မ (၇)တန်း၊ (၈)တန်းအရွယ်ရောက်တော့ ကျွန်မအိပ်မက်က ဆရာဝန် သိပ်ဖြစ်ချင်ခဲ့တာပါ ….
စိတ်ကူးထဲမှာ ဂျူတီကုဒ် လေးဝတ်ပြီး နားကျပ်လေးကိုင်ထားတဲ့ ကျွန်မကိုယ်ကျွန်မ သိပ်ကျေနပ်ခဲ့တာပေါ့ …. ဒါပေမယ့် ခုလက်တွေ့နဲ့ကတော့ ကွာချင်တိုင်းကွာနေတာပါပဲ ……

(၁၀)တန်းကနေ တက္ကသိုလ်စရောက်တော့ ကဗျာတွေရေးချင်လာပြန်ရော … စိတ်ကူးထဲမှာတော့ ကဗျာဆရာမပေါ့ …. ကဗျာတွေရမလားရယ်လို့ လမင်းကိုကြည့်ပြီးလဲ စိတ်ကူးယဉ်လိုက်တာပဲ ….
တိမ်တွေကိုလဲ စီးလိုက်တာပဲ …. လေညှင်းတွေနဲ့လဲ စကားပြောကြည့်ခဲ့တာပဲ ….. စိတ်ကူးနဲ့ရူးခဲ့တဲ့အချိန်တွေပေါ့ …..

အလုပ်နဲ့အဝေးသင်တွဲနေတဲ့အချိန်တွေရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကတော့ နည်းနည်းလက်တွေ့ကျလာတယ်ထင်ပါ့ …. ကျွန်မ နိုင်ငံခြားမှာအလုပ်သွားလုပ်ချင်တယ် …
ကျွန်မအလုပ်သဘာဝအရ မြန်မာနိုင်ငံမှာ လုပ်ရင် ၀င်ငွေပြောပလောက်အောင်ရမှာမဟုတ်လို့ပါ ….
ကျွန်မ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်လေးက ဒီကစခဲ့တာပါပဲ ….

ခုလက်ရှိမှာတော့ …. ဖြစ်ခွင့်ရမယ်ဆိုရင် ….. ကျွန်မ မိဘတွေကို ဒီထက်ပိုပြည့်စုံအောင် ထားချင်တယ် … မိဘတွေ သက်ရှိထင်ရှားရှိနေဆဲမှာ အကောင်းဆုံးတာဝန်ကျေတဲ့ သမီးတစ်ယောက်ဖြစ်ချင်တယ် …. ကျွန်မပတ်ဝန်းကျင်ရဲ့ လိုအပ်တဲ့နေရာလေးတွေမှာ အုတ်တစ်ချပ်၊သဲတစ်ပွင့်အနေနဲ့ အမြဲဖြည့်ဆည်းပေးနိုင်ချင်တယ် …. လောဘ၊ ဒေါသ၊ အတ္တ နဲ့ မာန်မာနတွေ လျော့နိုင်သမျှ အနည်းဆုံးရှိတဲ့လူသားတစ်ယောက်ဖြစ်ချင်တယ် ….
နောက်ပြီးတော့လေ ကျွန်မသိပ်ချစ်တဲ့ ချစ်သူလေးနဲ့တူတူနေဖို့ ပန်းပင်လေးတွေစိုက်ထားတဲ့ခြံလေးနဲ့ တစ်ထပ်အိမ်လေးတစ်လုံးလည်းလိုချင်မိတယ် ….. တကယ်လို့ဖြစ်ခွင့်ရမယ်ဆိုရင်ပေါ့လေ …….

Sunday, December 28, 2008

ကျွန်မခံစားမိတဲ့အချစ်ဆိုတဲ့အရာ


ဒီနေ့သူငယ်ချင်းနှစ်ယောက်ရဲ့အိမ်ကိုသွားလည်ဖြစ်တယ် …. တစ်ယောက်က “What is real love?” တဲ့ … နောက်တစ်ယောက်က “အချစ်ဆိုသည်မှာ…” ဆိုတဲ့ ပို့စ်လေးကိုတင်ထားတယ်…. သူတို့ပို့စ်တွေဖတ်ရင်းနဲ့ ကျွန်မစိတ်ထဲ ခံစားမိတဲ့အချစ်ဆိုတာကို ပြောကြည့်ချင်လာတယ် … ကျွန်မစိတ်ထဲက တွေးမိတွေးရာလေး ရေးကြည့်လိုက်ပါတယ် ….

အချစ်ဆိုတာ အတ္တတစ်ခုလို့ ကျွန်မကတော့ ယူဆပါတယ် …. “နင့်ကို သိပ်ချစ်လို့” ဆိုတဲ့ စကားလုံးကိုတွင်တွင်သုံးပြီး သ၀န်တိုတာတွေ၊ချုပ်ခြယ်တာတွေဟာ တကယ်တော့ ကိုယ်ပိုင်တဲ့အရာတစ်ခုကို ၁၀၀% အပြည့်လိုချင်လို့၊ ဘယ်လိုနည်းနဲ့မှ အလျှော့မခံနိုင်လို့ ကာကွယ်ပြီး လူကြားကောင်းအောင်သုံးတဲ့စကားလို့ကျွန်မကတော့မြင်ပါတယ် … ပိုင်ဆိုင်ချင်တယ်ဆိုတာကလဲ သူနဲ့ဆိုရင်ကိုယ်ပျော်မှာပဲလို့ ယုံကြည်လို့ပါ …. “သူသာဘေးမှာရှိရင် ငါ့အတွက်ဘာမှမလိုအပ်တော့ဘူး” ဆိုတဲ့စကားဆိုရင်လဲ ရုတ်တရက်ကြည့်ရင် ကျန်တာတွေအားလုံးကိုစွန့်လွှတ်သယောင်ယောင်နဲ့ တကယ်က “သူ” ဆိုတာကို ကျန်တာတွေအားလုံးထက်ပိုတန်ဘိုးထားလို့ ပိုတန်ဘိုးကြီးတာကို ရယူလိုက်တဲ့သဘောပါပဲ …

“ဘာဆိုဘာမှပြန်မမျှော်လင့်ဘူး… ပေးဆပ်ရုံသပ်သပ်ချစ်တာပါ” ဆိုတဲ့အချစ်မျိုးတွေ ကျွန်မကြားဖူးပါတယ် …. မြင်ဖူးတာကတော့ အဲ့လိုပြောပြီး ချစ်တတ်တဲ့သူတွေက ရှေ့ဆက်လို့ မရနိုင်တဲ့ အကြောင်းအရာ တစ်ချက်ထက်မက ရှိတတ်တဲ့သူတွေဖြစ်နေတတ်ပါတယ် …. (ဒါကလဲရှေ့မဆက်ချင်လို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်)

ကျွန်မရဲ့အတွေ့အကြုံအရပြောရရင်တော့ အချစ်စစ်ဆိုတာကို ကျွန်မတစ်ခါမှ မခံစားဖူးဘူးလို့ပြောရမယ်ထင်ပါတယ် …. ကိုယ်ကရော အချစ်စစ်နဲ့ဘယ်သူ့ကိုချစ်ဖူးလဲလို့ မေးရင်လဲ ဖြေရတော်တော်ခက်မယ်ထင်ပါတယ် ….. ကျွန်မအသက် ၂၂ ကျော်ကျော်မှာ ပထမဆုံးချစ်သူစထားဖူးတယ် …. ပထမဆုံးဖြစ်တဲ့အတွက် ကျွန်မသူ့ကိုတော်တော်လေးချစ်ပါတယ် … နားလည်မှု့လဲအတတ်နိုင်ဆုံးပေးပါတယ် … ဒါပေမယ့် နားလည်မှု့ဆိုတာလဲ အကန့်အသတ်ရှိတယ်ဆိုတာ ကျွန်မသိသွားတဲ့နေ့မှာကျွန်မသူ့ကိုလမ်းခွဲခဲ့တယ် … ဒါ ကျွန်မကိုယ်ကျွန်မချစ်လို့လေ … သူ့အနွံအတာကို ကျွန်မ တစ်သက်လုံး မခံနိုင်လို့လေ … အဲ့ဒါကြောင့် ကျွန်မက အချစ်ကို အတ္တလို့ပြောခဲ့တာပေါ့ …ကျွန်မအဖေကပြောဖူးတယ် … “သမီး … .အသက်(၂၅)ကျော်ရင် အချစ်စစ်ဆိုတာရှားသွားပြီ” တဲ့ …. တကယ်ဟုတ်မဟုတ်တော့မသိပေမယ့် ကျွန်မကတော့ အချစ်စစ်ဆိုတာကို တကယ်ရှိတယ်ဆိုရင် တွေ့ဖူးချင်သားပဲ ………

Thursday, December 25, 2008

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ(၃)



ဖြစ်ရပ်(၃)

“ကဲဟယ်”

ဒေါက်ခနဲ ခေါင်းခေါက်ခံလိုက်ရသော ကလေးငယ်သည် မျက်ရည်လည်လာ၏။ မိခင်၏ အားမလို အားမရဖြစ်မှု၊ စိတ်မရှည်မှုတို့သည် ဒေါသအဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

“ဒီလောက်လေးမှ မတွက်တတ်ဘူးလား …. ဟင် ။ ထောင်စမ်း ညာလက်က လက်လေးချောင်းထောင်၊ ဘယ်ဘက်က လက်သုံးချောင်းထောင်၊ ဟာ … လေးချောင်း ထောင်ပါဆို၊ မထောင်တတ်ဘူးလား။ လေးချောင်း၊ လေးချောင်း၊ ဟောဒီလို လေးချောင်း”

ကလေးမှာ အယောင်ယောင် အမှားမှားဖြစ်နေရှာ၏။ သုံးကြိမ် အခေါက်ခံရပြီးမှ လက်လေးချောင်း ထောင်ဖြစ်သွားသည်။

“ဟုတ်ပြီ ကဲ … ပေါင်းတော့၊ လေးနဲ့သုံးပေါင်း၊ ဟဲ့ …ပေါင်းလေ၊ ဘာကြောင်ကြည့်နေတာလဲ”

“တစ် … နှစ် …. သုံး …. ငါး ….. ခြောက်”

“ဘာ … သုံးပြီးရင် ဘာလဲ … ဟဲ့ သုံးပြီးတော့ ဘာလဲ … ဟား … တစ်နှစ်သုံးလေးတောင် မရေတတ်တော့ဘူးလားဟင်။ အဖျင်း၊ အ အ၊ အတုံး၊ နင် တော်တော်ညံ့ပါလား။ ဟိုဘက်အိမ်က မိနွယ်တို့ဆို အပေါင်းအနှုတ် ဂျောင်းဂျောင်းပြေးနေပြီ။ နင်ကတော့ ဆော့ဖို့ပဲသိတဲ့ကောင်။ သွား … လက်ပိုက်ပြီး တစ်နာရီတိတိရပ်နေ၊ သွား … ငါ မဖြုတ်ခိုင်းသေးဘဲ လက်ဖြုတ်မယ် မကြံနဲ့၊ တိုင်မှာ ကြိုးနဲ့တုပ်ထားမယ်။ သုံးနဲ့လေး မပေါင်းတတ်မချင်း ဆော့ရလိမ့်မယ်မထင်နဲ့”

ဂဏန်းမပေါင်းတတ်သဖြင့် အခန်းထောင့်မှာ တွေဝေစွာ လက်ပိုက်၍ ရပ်နေရသော ကလေးငယ်သည် လေးနှစ်အရွယ်ဖြစ်ပါသည်။

မှတ်ချက်။ ။ မိခင်သည် စာတတ်သည်ဟု သူ့ကိုယ်သူပြောလျှင် သင် လက်ခံပါမည်လား။

Wednesday, December 24, 2008

အမှတ်တရဒီဇင်ဘာ


(Image from www.julienna.com/pictures/2001pictures.htm)

ရန်ကုန်ဆောင်းကတော့ ထုံးစံအတိုင်း သိပ်မအေးလှပါဘူး ….
ကလေးတွေကတော့ ဒီဇင်ဘာမှာကျောင်းပိတ်ရက်တွေနဲ့မို့လို့ ပျော်ရွှင်နေကြပေမယ့် ကျွန်မလို(၁၀) တန်းကျောင်းသူ/သားတွေကတော့ ပျော်နိုင်မယ်မထင်ဘူး … အတန်းတင်ကြီးက တဖြေးဖြေးနီးလာတော့ ပြေးပြေးလွှားလွှားနဲ့ပဲ ကျူရှင်တွေတက်လိုက်၊ စာကျက်လိုက်နဲ့ပေါ့ … အလှအပဆိုလဲ မခံစားနိုင်ပါဘူး … ကောင်လေးချောချောလေးတွေမြင်ရင်တောင် လိုက်မကြည့်အားပါဘူး …. ကျူရှင်တွေက တစ်ခုနဲ့တစ်ခု နာရီဝက်လောက်ပဲကွာတာမဟုတ်လား …. ဒီတော့ အသည်းအသန် ပြေးနေရတာချည်းပဲလေ …

ဒီဇင်ဘာလက ကျွန်မအတွက် အမှတ်တရ တချို့ဖန်တီးပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်မ မမျှော်လင့်ခဲ့ပါဘူး … ကျွန်မ မမျှော်လင့်တဲ့ ဒီဇင်ဘာဆာင်းတစ်ရက်မှာပေါ့ … မထင်မှတ်ပဲ သူနဲ့ဆုံခဲ့ရတယ် .. သူ့မှာထင်ရှားတဲ့ ရုပ်လက္ခဏာရှိပေမယ့် ကျွန်မ စိတ်ဝင်စားတဲ့ပုံစံမျိုးမဟုတ်လေတော့ ကျွန်မလဲ သတိမထားခဲ့မိဘူးလေ ….

သူနဲ့ဆုံတွေ့ပုံကလဲ ထူးခြားတော့ ကျွန်မသူ့ကို ဒီကနေ့ထိ မမေ့နိုင်ခဲ့ဘူးပေါ့ … သူ့အကြောင်းပြန်ပြောပြတိုင်း ကျွန်မ နာနာကျင်ကျင်ခံစားရပြီး မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ရတယ် … ကျွန်မသူငယ်ချင်းတွေထဲက တချို့ဆိုလဲ မျက်ရည်ဝဲတဲ့အထိဖြစ်ကြရတယ် ….

ကျွန်မ (၁၀)တန်းတုန်းက ရန်ကုန်မှာ နံပါတ်(၁၂) ဟီးနိုးနှစ်စီးတွဲယာဉ်တွေ ဆွဲနေတုန်း အချိန်ပေါ့ …. ကျွန်မက အရပ်ကလည်းမရှည်လေတော့ အဲ့ဒီနှစ်စီးတွဲယာဉ်ရဲ့ အပေါ်လက်ကိုင်တန်းကို မမှီ့ တမှီလေး၊ ခြေဖျားထောက်လေကာမှ မှီတယ်လေ ….. ကျွန်မ ကျူရှင်ကပြန်လာတဲ့တစ်နေ့ နံပါတ်(၁၂) ကားကိုစီးပြီး ပြန်အလာမှာ ကျွန်မဆင်းရမယ့်မှတ်တိုင်နားရောက်တော့ ကျွန်မလဲ မမှီ့တမှီလက်တန်းကို လွှတ်ပြီး ဆင်းမယ့်အပေါက်နားက လက်ကိုင်ကို လှမ်းအကိုင်ပေါ့ … ကားက ဘာဖြစ်တယ်မသိပါဘူး ဘရိတ်ကို ဆောင့်နင်းလိုက်တယ် …. ကျွန်မလည်းကိုးယိုးကားယားနဲ့ ဘယ်ကိုမှကိုင်လို့မမှီတော့ ခြေဖျားထောက်ပြီး သွက်သွက်လက်လက်နဲ့ အပေါ်လက်တန်းကို လှည့်မကြည့်ပဲကိုင်လိုက်မိတယ် … ကျွန်မလက်က လိုရာမရောက်ပဲ လေထဲမှာတန်းလန်းကြီးဆိုတာရယ်၊ လက်ညှိုးလေးအေးသွားတာရယ်ကို တစ်ပြိုင်နက်ခံစားသိရှိလိုက်တဲ့ တခဏ၊ ကားကလဲ အရပ်၊ ကျွန်မကလဲလှည့်အကြည့် …. အဲ့ဒီမှာသူနဲ့တွေ့တော့တာပေါ့ …. အဟင့် … ကျွန်မလက်ညှိုးလေး ဘ၀ပျက်နေပုံများ … သူဆိုတဲ့ ကျွန်မတို့ရပ်ကွပ်ထဲမှာ နွားနို့ရောင်းတဲ့ အသားမည်းမည်းကုလားလေးရဲ့ နှာခေါင်းပေါက်ကျယ်ကျယ်ထဲကိုမှ တည့်တည့်ကြီးကို ၀င်နေတော့တယ်လေ …. ကျွန်မလေ ရင်တွေတုန်လာပြီး ရွံလိုက်တာဆိုတာလေ ပြောတောင်မပြတတ်ဘူးရယ် …. သူကလဲ အံ့သြတဲ့မျက်နှာနဲ့ စိတ်လဲမဆိုးပဲ “အဟီး” ဆိုပြီးရယ်ပြရှာပါတယ် … တစ်ကားလုံးကလဲ ပြုံးစိစိနဲ့ဝိုင်းကြည့်ကြတော့ ကျွန်မလဲရှက်ရှက်နဲ့ အမြန်ဆင်းလိုက်တဲ့သကာလ “၀ုန်း” ကနဲ ဆိုပြီး ကားခြေနင်းရဲ့ အောက်ဆုံးထစ်ကို ဖင်ထိုင်ရက်လေးကျသွားတယ် … ဖိနပ်က သားရေ ခြေညှပ်ဆိုတော့ ချော်ကျတာလေ…. တင်ပါးတစ်ခုလုံးနာကျင်သွားပေမယ့် ဘတ်စ်ကားမှတ်တိုင်ကလဲ လ္ဘက်ရည်ဆိုင်ဆိုတော့ အိမ်ကိုပဲ ခပ်သုတ်သုတ်ပြေးရတော့တာပေါ့ ….

ဒါကြောင့်ကျွန်မပြောပြပါတယ် … ကျွန်မတို့ ဆုံတွေ့ပုံက ထူးခြားတယ်လို့၊ ပြန်ပြောတိုင်း နာနာကျင်ကျင်ခံစားရပြီး မျက်ရည်ကျတယ်လို့လေ…. (ရယ်ရလွန်းလို့ပါ)
ဒီဇင်ဘာလက ကျွန်မအတွက် အမှတ်တရ တချို့ဖန်တီးပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်မ မမျှော်လင့်ခဲ့ဘူးရယ် ……

Monday, December 22, 2008

မျက်စိဘယ်လောက်ကောင်းကြသလဲလို့ပါ ...း)





သူငယ်ချင်းတို့ရေ .....

တစ်ခါတစ်လေ အမြင်တွေက ထူးဆန်းတယ်ပြောရမလားပဲ ....

အကောင်အထည်ရှိရဲ့သားနဲ့ သာမန်ကြည့်လို့ မြင်နိုင်တာတွေရှိသလို၊ မမြင်နိုင်တာတွေလဲရှိတယ်ဆိုတာ ဒီပုံလေးက သက်သေပြပါလိမ့်မယ် .....

ဒီပုံထဲမှာရေးထားတဲ့စာလုံးလေးတွေရှိတယ် ... သူငယ်ချင်းတို့ ဖတ်လို့ရကြလားဟင်?

တကယ်လို့ဖတ်လို့မရခဲ့ရင် သူငယ်ချင်းတို့ရဲ့မျက်လုံးတွေကို ၉၀% လောက်မှေးစင်းစင်းလေးထားပြီး ဖတ်ကြည့်ရင် ဖတ်လို့ရနိုင်ပါလိမ့်မယ်နော .....

မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်ရဲ့ တဆင့်မေးလ်မှ ကူးယူဖော်ပြပါသည်.

Saturday, December 20, 2008

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ(၂)

(Image from http://tykesontrikes.com)


ဖြစ်ရပ်(၂)

“ဗြန်း … ဗြန်း ….”

စားပွဲပေါ်က ကြိမ်လုံးကျသံကြောင့် သူငယ်တန်း(ခ)သည် ရုတ်ချည်း ငြိမ်ဆိတ်သွား၏။ ငါးနှစ်အရွယ်ကလေးငယ်တို့သည် မျက်လုံးကလေးများ ၀ိုင်းကာ ဆရာမကို ကြည့်နေကြ၏။

“ဆူလှချည်လား၊ ပါးစပ်တွေ ပိတ်၊ စာအုပ်တွေ ဖွင့်၊ ဒါအိမ်မဟုတ်ဘူး။ ကျောင်း …. ကျောင်း”

မျက်နှာတင်း၍ လေသံမာသော ဆရာမသည် ကြိမ်လုံးကို စားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်သည်။

“ကဲ … အားလုံး (ဏ) ကြီး တစ်မျက်နှာရေးကြရမယ်။ အခုအချိန်အတွင်း ပြီးအောင်ရေးရမှာနော်။ နောက်ထပ် တစ်မျက်နှာကို အိမ်စာ လုပ်ခဲ့ကြရမယ်။ ကြားကြလား၊ ကိုင်း … ရေးကြတော့”

တစ်တန်းလုံး တိတ်ဆိတ်လျက်ရှိသည်။ စာအုပ်တွေရှေ့မှာ ထားကာ ခုံတွေပေါ်မှာ ကလေးငယ်များ ငြိမ်ငြိမ်လေးတွေထိုင်နေကြသည်။ လက်ကလေးတွေကလွဲ၍ သူတို့ မလှုပ်ရှားနိုင်ကြ။ မလှုပ်ရှားဝံ့ကြ။
ဒုတိယခုံတန်း အစွန်းမှ မေမီစိုးသည် သူနှင့်ဘေးချင်းယှဉ်လျက် တစ်ဖက်ခုံစွန်းမှ စည်သူအောင် “ဏ”ကြီး အရေးမှားနေကြောင်းတွေ့လိုက်ရ၏။ သူက စည်သူအောင်ကို တိုးတိုးလေးခေါ်လိုက်သည်။

“စည်သူအောင် … စည်သူအောင် … နင်ရေးတာမှားနေတယ်။ ကကြီးဖြစ်နေတယ်။”

စည်သူအောင် တစ်ချက်လှည့်ကြည့်၏။ သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးနေပုံရသည်။

“ဟောဒီမှာ ဏကြီးက ဒီလိုရေးရတာ”

မေမီစိုးက သူ့စာအုပ်ကို ထောင်ပြလိုက်သည်။

“မေမီစိုး”

ဆရာမ၏ အသံက မိုးချုန်းသလို မြည်ဟည်းသွား၏။ မေမီစိုး၏ လက်ထဲကစာအုပ် လွတ်ကျသွားလေသည်။

“ဘာဖြစ်လို့ စကားပြောရတာလဲ၊ ခုချက်ချင်း ခုံပေါ်ဒူးထောက်စမ်း၊ ဒူးထောက်ပြီးရေး၊ နောက်တစ်ခါ လှုပ်ဝံ့လှုပ်ကြည့်စမ်း၊ ကြိမ်လုံးစာမိသွားမယ်”

မေမီစိုးသည် ခုံပေါ်တွင် ဒူးထောက်လိုက်ရ၏။ သူ့တစ်ကိုယ်လုံးတုန်နေသည်။ ဒူးနှစ်ဖက်အောက်မှာ ဇီးစေ့လား ကျောက်ခဲငယ်လေးလားမသိ၊ ဖိမိလျက်သား ဖြစ်နေသည်။ သို့သော် သူနေရာ မရွေ့ရဲ၊ မလှုပ်ရဲ သည်အတိုင်းပေ၍ စာရေးရ၏။ ကြာသော် ဖိမိထားသည့်နေရာက တစ်စတစ်စ နာကျင်၍လာသည်။ ချွေးတွေစို့လာ၏။ အတန်းထဲမှာ သူတစ်ယောက်တည်း ဒူးထောက်နေရသည့်အဖြစ်။ ဒူးအောက်က ပြင်းထန်လာသည့် ဝေဒနာ၊အရှက်နှင့် နာကျင်မှု။ နာကျင်မှုနှင့် အရှက်။ အရှက်နှင့် နာကျင်မှု၊ အကြောက်၊ အကြောက်၊ အကြောက်။သည်းမခံနိုင်တော့သည်၏ အဆုံး၌ မေမီစိုး ငိုချလိုက်လေသည်။

“အောင်မယ် ဒူးထောက်ခိုင်းတာလေးကို ငိုတယ်ပေါ့။ အတော်အငိုဝါသနာပါတယ်နဲ့တူတယ်၊ ထွက်ခဲ့စမ်းရှေ့ကို”

ကြိမ်လုံးသံဗြန်းခနဲအောက်၌ သူငယ်တန်း(ခ)သည် တုန်လှုပ်သွားလေသည်။

မေးခွန်း။ ။ အနာဂတ်တွင် ကြီးပြင်းလာမည့် ကလေးအတွက် ငြိမ်ဝပ်စွာ နားထောင်ခြင်းသည် တန်ဖိုးဖြစ်ပါသလား။ မိတ်ဆွေ၊ သူငယ်ချင်းများအား ရိုင်းပင်း ကူညီစိတ်ကို ပျိုးထောင်မပေးသင့်ဘူးလား။

Thursday, December 18, 2008

သူမ


(Image from http://imagecode.blogspot.com/)



ခပ်ဆွေးဆွေး ကဗျာတွေစပ်၊
ခပ်လွမ်းလွမ်း သီချင်းတွေနားဆင်၊
ခပ်နုံနုံ သူမအတွက်
ရလိုက်တဲ့အချစ်က
ကျိုးတိုး ကျဲတဲ

သူမကတော့
အဲ့ဒီ ကျိုးတိုးကျဲတဲ အချစ်ကိုပဲ
တသသထားလို့ တမြမြ လွမ်းနေခဲ့တယ်
တကယ်တော့ …..
သူမက သိပ်ချစ်တတ်လွန်းခဲ့တာပါ …..

ချစ်တာကို ပြတတ်တဲ့ သူမနဲ့
မချစ်တတ်တဲ့ သူမရဲ့ချစ်သူ
တွဲစပ်မှု့ဘက်မညီပေမယ့်
သူမကတော့ ….
မြတ်နိုးစွာ ချစ်နေဆဲ။

မြန်မာသံရုံးနဲ့တစ်နေ့တာ



ဒီဇင်ဘာ (၁၁) ရက်နေ့က ကျွန်မ ပတ်စ်ပို့စ် သက်တမ်းတိုးဖို့ သံရုံးကို မနက် (၄)နာရီခွဲကြီးရောက်သွားပါတယ်။
အစောကြီးရောက်ပုံကလဲ ဒီလိုပါ … ကျွန်မရဲ့ လောလောလတ်လတ်သံရုံးသွားထားတဲ့သူငယ်ချင်းတွေကို လှမ်းမေးကြည့်တော့ စောစောသွားပြီး သံရုံးရှေ့က စာရွက်လေးမှာ နာမည်သွားရေးရပါမယ်၊ တိုကင် ယူသလိုပေါ့ ဆိုလို့ ကျွန်မ စောသွားမိခြင်းပါ။

ကိုယ့်ကိုကိုယ်အတော်စောလှပြီထင်နေပေမယ့် ကျွန်မထက် ၀ိရိယကြီးသူ (၅) ယောက် (၆)ယောက်လောက်ရောက်နှင့်နေပါတယ်။ စာရွက်ကို ရေးမလို့ယူကြည့်လိုက်တော့ ကျွန်မ အမှတ်စဉ်က (၄၈) တဲ့ … ဘယ်အချိန်ကတည်းက ၀ိရိယကြီးစွာလာရေးထားကြလဲ မသိပါဘူး။ ကျွန်မလဲ သံရုံးရှေ့က ပုံးလေးထဲက စာရွက်ယူပြီး ကျွန်မနာမည်၊ အဖေနာမည် နဲ့ ပတ်စ်ပို့နံပါတ် ရေးလိုက်ပါတယ်။ ကျွန်မသူငယ်ချင်းနှစ်ယောက်အတွက်လည်း ထိုအတိုင်းရေးလိုက်ပါတယ်။ နောက်ထပ် ပုံးတစ်ပုံးမှာလဲ နောက် စာရွက်တစ်ရွက်ထပ်တွေ့လို့ ထပ်ရေးလိုက်ပြန်ပါတယ်။ ပထမစာရွက်ကတော့ မျဉ်းတွေဘာတွေ အကျအနတားထားပါတယ်။ နောက်တစ်ရွက်ကတော့ ဘာမျဉ်းမှတားမထားပါဘူး။ (၅) နာရီခွဲလောက်ထိသံရုံးရှေ့မှာထိုင်နေပါသေးတယ်။ နောက်တော့ ရုံးက (၈) နာရီခွဲမှဖွင့်တာ၊ (၉) နာရီကျော်လောက်မှအလုပ်စလုပ်တာ ဆိုတော့ ကျွန်မလဲ အိမ်ပြန်အိပ်ရင်ကောင်းမယ်ဆိုပြီး နာမည်ရေးပြီးပြီဆိုတော့ စိတ်ချ၊လက်ချ နဲ့ အိမ်ပြန်အိပ်လိုက်ပါတော့တယ်။

အိပ်လို့မှ သိပ်မကြာသေးဘူး သူငယ်ချင်းက ဖုန်းလှမ်းဆက်ပါတယ်။ သူသံရုံးရောက်နေပြီ ငါတို့နာမည်တွေ ဘယ်စာရွက်မှာရေးတာလဲ မတွေ့ဘူးဆိုတော့ ကျွန်မလဲ ဟမ် … ငါ နှစ်ခါတောင်ရေးခဲ့တာ အမှတ်စဉ် ဘယ်လောက်၊ဘယ်လောက်ဆိုပြီးရွတ်ပြတော့ … သူငယ်ချင်းက မဟုတ်ဘူး ဒီစာရွက်ကအသစ်တဲ့ …
အပြင်မှာရေးတဲ့စာရွက်ကို သံရုံးတံဆိပ်တုံးမပါလို့ အတည်မပြုပါဘူးတဲ့ ….. ဟိုက် … သေရောပဲ …
ကျွန်မ အစောကြီးထရကျိုးမနပ်တော့ဘူးဆိုပြီး စိတ်ညစ်သွားတယ် … ဒါပေမယ့် အကြာကြီးတော့မညစ်နိုင်ပါဘူး … သူငယ်ချင်းကို ခု အဲ့ဒီအသစ်မှာရေးလိုက် ဆိုတော့ အမှတ်စဉ်က (၉၆) တောင်ရောက်နေပြီတဲ့ … သွားပြီ…. သံရုံးက အရင်နေ့ကလူတွေကို လဲ ပြန်လုပ်ပေးတယ်။ အသစ်စာရင်းက တော့ (၈၅) ယောက်လောက်လုပ်ပေးတယ် ဆိုတော့ ကျွန်မ အမှတ်စဉ်က နောက်နေ့ကူးဖို့သေချာသလောက်ဖြစ်နေပြီလေ။ ခွင့်ကလဲတစ်ရက်ပဲရတာဆိုတော့ စိတ်အနည်းငယ်ရှုပ်သွားမိတယ်။

တစ်ရက်တည်းနဲ့ပြီးအောင် ဘယ်လိုလုပ်ရမလဲလို့ ကျွန်မ ဥာဏ်ရောင်စုံသုံးပြီးစဉ်းစားလိုက်တော့ ကျွန်မသူငယ်ချင်းတစ်ယောက်က မနေ့ကတည်း တိုကင်ယူထားတာ တစ်ရာကျော်မို့လို့ ကျွန်မတို့လုပ်တဲ့ရက်ကိုကူးသွားတယ်လေ.. ဒီတော့ သူ့တိုကင်နဲ့ ကျွန်မ တွဲတင်လို့ရရင်ကောင်းမယ်ဆိုပြီး စဉ်းစားမိပါတယ်။ ချက်ခြင်းပဲ သံရုံးကို ဖုန်းဆက်မေးကြည့်လိုက်တော့ မြန်မာမဟုတ်တဲ့ သံရုံးဝန်ထမ်းတစ်ယောက်က ပြောပါတယ် …
“ မနက် ၇ နာရီလောက်လာရင် တစ်နေ့တည်းပြီးပါတယ်၊ တစ်နေ့ကိုလူအယောက် ၁၀၀ လုပ်ပေးပါတယ်” တဲ့
ဒါနဲ့ကျွန်မက “ကျွန်မ မနက် အစောကြီးကတည်းက လာရေးပြီးပါပြီ” ဆိုတော့ သူမက “ဒါ သံရုံးတံဆိပ်တုံးမပါလို့ အတည်မယူပါဘူး၊ ဒီလို တွေ့ကရာစာ၇ွက်မှာနာမည်လာရေးပြီး ထွက်သွားတာဟာ သံရုံးအပေါ်ရိုင်းတာနဲ့အတူတူပါပဲ” တဲ့ ….
“အိုး … ငါတို့ မြန်မာသံရုံးအပေါ်တော်တော်သိတတ်တဲ့ ၀န်ထမ်းပါလား” လို့ တွေးရင်း ကြည်နူးမိပါသေးတယ်( အဟဲ ..)
ဒီလိုဆို “ တစ်ယောက်တည်း တိုကင်ယူပြီး ပတ်စ်ပို့စ် တစ်ခုထက်မက လုပ်လို့ရသလား” လို့မေးတော့ “မရပါဘူးတဲ့ … တစ်ယောက်တစ်အုပ်ပဲ လုပ်ခွင့်ရှိပါတယ်” တဲ့ ….
ကျွန်မ ဖုန်းဆက်တဲ့အချိန်က (၁၀)နာရီလောက်ရှိပြီဆိုတော့ သူကပြောပါတယ် … “နင်ဒီအချိန်မှဆိုမလာနဲ့တော့ မရတော့ဘူး။ နောက်နေ့ (၇) နာရီလောက်လာခဲ့” တဲ့ …
ကျွန်မလဲ “ကျေးဇူးတင်ပါတယ်” ပြောပြီး ဖုန်းချလိုက်ပါတယ်။

နောက်တော့ ခွင့်ကလဲ ယူပြီးပြီဆိုတော့ ကံကောင်းရင်တော့ ရမှာပါဆိုပြီး ကျွန်မသံရုံးသွားပါတယ်။
ကျွန်မရောက်တော့ သံရုံးမှာလူတွေတော်တော်စည်ကားနေပါပြီ။ ၀န်ထမ်း အန်တီကြီးက အတတ်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါတယ်။ အခွန်ဆောင်မယ့်သူတွေက ဈေးဆစ်၊ ဈေးညှိနဲ့ အမှတ်စဉ်က တော်တော်နဲ့မတက်ပါဘူး။ သူတို့သတ်မှတ်ထားတဲ့ နှုန်းအတိုင်းဆောင်လိုက်ရင်တော့ အဆင်ပြေ မြန်ဆန်ပါတယ်။ နေ့ခင်း ထမင်းစားချိန်နီးတော့ ကောင်လေးတစ်ယောက်က(ညကတည်းက လာရေးထားပုံပါ) ကျွန်တော် အစောကြီးကတည်းကလာရေးထားတာ ဆိုပြီး အန်တီကြီးကို ပြောပါတယ်။ အန်တီကြီးက “ဘယ်မှာလဲ၊ မင်းရေးတာ အပြင်ကစာရွက်မဟုတ်လား၊ အဲ့မှာ သံရုံးတံဆိပ်မပါလို့ မရဘူး” ဆိုပြီးပြောပါလေရော … နောက်တော့ ကောင်လေးက အပြင်ကစာရွက်ကို ယူပြပြီး သေချာထိုးပြတော့ အန်တီကြီးက သဘောကောင်းပါတယ်။ ဒီတစ်ခါတော့ လုပ်ပေးလိုက်မယ်ဆိုပြီး လုပ်ပေးလိုက်ပါတယ်။ ပြီးတော့ “ဒီတစ်ယောက်ပြီးရင် ကျွန်မထမင်းစားတော့မယ်။ (၃)နာရီခွဲထိနာမည်ခေါ်ပေးပါမယ်လို့ တရားဝင်ပြောပါတယ်နော်” ဆိုပြီး နေ့လည် (၁) နာရီမှာ ထွက်သွားပါတယ်။ ကျွန်မလဲ ခုနက ကောင်လေးလိုလုပ်ကြည့်ရင် အဆင်ပြေမယ်ဆိုပြီး မျှော်လင့်ချက်ရောင်ခြည်လေးပေါ်လာပါတယ်။

နေ့လည် (၂ ) နာရီမှာ အန်တီကြီးပြန်ရောက်လာပါတယ်။ ကျွန်မလဲ ကောင်တာနားမှာ တစ်နာရီလောက်ခြေအညောင်းခံရပ်ပြီး လူနည်းနည်းပါးနေတုန်း ဟိုကောင်လေးနည်းအတိုင်းကျင့်သုံးလိုက်တာ အဆင်ပြေသွားပါတယ်။ ကျွန်မအမှတ်စဉ်အရဆိုရင် နောက်နေ့မှထပ်လာရမှာပါ။ ကျွန်မက သက်တမ်းတိုးမှာဆိုတော့ ထုံးစံအတိုင်းအခွန်ဆောင်ဖို့ အရင်တစ်ခါဆောင်ထားတဲ့ ပြေစာပြလိုက်ပါတယ်။(လက်ရှိကာလထိမဆောင်ရင် (၃)နှစ်အစား (၁)နှစ်ပဲတိုးပေးပါတယ်) ပြေစာပါသွားတာတောင် ဒီဈေးနဲ့မရတော့ဘူး ဆိုပြီး အနည်းငယ်ထပ်တိုးတောင်းလို့ ဆောင်ခဲ့ရပါတယ်။

အန်တီကြီးပြောလိုက်တဲ့ နောက်တစ်ချက်က
“ဒီကလူတွေက မြန်မာပတ်စ်ပို့စ်ကို အရေးမစိုက်ကြဘူး။ တချို့ဆို လနဲ့ချီကျော်နေတာတောင် မသိကြဘူး။ လေယာဉ်ပေါ်တက်ခါနီးမှသိလို့ နောက်ရက်မှပြန်ရတယ်။ ခုတော့ အန်တီတို့က သက်တမ်းကျော်လို့ (၁)လအတွင်းဆိုရင်တော့ လုပ်ပေးတယ်။ (၁)လကျော်သွားရင်တော့ ဒဏ်ငွေ စင်းဒေါ်လာ(၃၀၀)ရယ် သက်တမ်းတိုးခ (၃၀၀) ပေးမှ တိုးပေးတယ် … ဒီကိစ္စကို တောင် မြန်မာတော်တော်များများမသိသေးဘူး” တဲ့
တရားဝင်လဲ ထုတ်ပြန်ထားပုံမရပါဘူး။

သံရုံးက သတ်မှတ်တဲ့နှုန်းတွေက တော့အောက်ပါအတိုင်းဖြစ်ပါတယ်။
PR,EP - SGD 120
SP - SGD 80
WP - SGD 60/40
စာအုပ်သက်တမ်းတိုး - SGD 300
သက်တမ်းကျော် တစ်လအထက်ဆိုရင် - SGD 300

စာအုပ်ပျောက်သွားရင် စင်း ၃၀၀ နဲ့ (၃) လစောင့်ရပါမယ်။
(၃)လစောင့်ဖို့ နေထိုင်ခွင့်မရှိတော့လို့ ချက်ခြင်းပြန်ရမယ်ဆိုရင် မြန်မာနိုင်ငံတစ်ခုတည်းသာပြန်လို့ရတဲ့ ပတ်ပို့စ် နို့စိမ်းရောင် တစ်မျိုးရှိပါသေးတယ်။ အဲ့ဒါက စင်း ၂၀၀ နဲ့ ချက်ခြင်းရနိုင်ပါတယ်။ ယာယီ ပတ်စ်ပို့စ်သဘောပါ။ ကျောင်းသားတွေအနေနဲ့ ထောက်ခံစာယူတာတော့ တော်တော်လေးမြန်ပါတယ်။

ဒါကြောင့် ကျွန်မသူငယ်ချင်းများ ဒဏ်ငွေမထိရလေအောင် စာအုပ်သက်တမ်းကိုသတိထားကြပါလို့ ပြောချင်ပါတယ်။ ပြီးတော့ အခွန်ဆောင်ဖို့သွားရင် အသေချာဆုံးက (၈) နာရီခွဲမှာ သံရုံးထဲက ထုတ်ပေးတဲ့စာရွက်ပေါ်မှာ ကိုယ့်နာမည်ပါဖို့ပါ။ အစစ အရာရာအဆင်ပြေကြပါစေ ….


မှတ်ချက်။ ။ ဒီပို့စ်လေးက သူငယ်ချင်းအားလုံးအတွက်တော့ အသုံးဝင်ချင်မှဝင်မှာပါ။ ဒါပေမယ့် စင်္ကာပူကမြန်မာသံရုံးမှာ အခွန်ဆောင်တဲ့ကိစ္စလေး ဗဟုသုတအနေနဲ့မျှဝေတာပါ။

Wednesday, December 17, 2008

ပိုနေမြဲ၊ ကျားနေမြဲ ....

A newly wedded girl was being welcomed at her husband's home in a traditional manner. She was asked to give a little speech.

She addressed as follows: "My dear family members, I thank you for welcoming me in my new home and family", she said "Firstly, with my presence I would not want to create any inconveniences by my being here. I mean that I don't want you all to change your way of life, your routine."

"What do you mean my child?" asked the head of the family. "What I mean dad is: Those who used to wash dishes must carry on washing them. Those who used to do the laundry must carry on doing it. Those who cooked shouldn't stop on my account. Those who used to clean should clean."

As for me, I am here just to control your son.

Monday, December 15, 2008

အရင်လိုချစ်ဆဲပဲ .... (ဇာတ်သိမ်းပိုင်း)


အိငယ် မျက်နှာလေးကို ပြုံးယောင်ပြုရင်း
“အင်းပါ ကျော်ရာ … ငါတို့ မတွေ့ပဲနေကြရအောင်ပါ .. မင်းပြောတာမှန်ပါတယ် ငါတို့ဒီထက်ပိုပြီး မငြိတွယ်သင့်ဘူးဆိုတာလေ”
“ဖိုးအိလေး … ငါ့ကို စိတ်မဆိုးနဲ့နော် … မုန်းလဲမမုန်းပစ်လိုက်ပါနဲ့ကွာ …. ငါလေ မင်းကို ……………”
အိငယ် ဖြက်ကနဲကြည့်လိုက်တော့ ကျော် ဆက်မပြောတော့ပဲ ရပ်ပစ်လိုက်လေသည်။
ထိုအချိန်တွင် မိုးများသည်းသည်းမဲမဲ ရွာကျလာသည်။
“ကျော် …. ငါတို့ဒီနေ့ အကုန်လုံးမေ့ထားပြီး ပျော်ပျော်ပဲနေရအောင်နော် …. ငါ မိုးထဲမှာ ထီးမဆောင်းပဲ လမ်းလျှောက်ချင်တယ်”
“မင်း နေမကောင်းဖြစ်ဦးမယ် ဖိုးအိလေးရယ် …. ထီးဆောင်းပါ … ငါ ထီးကိုင်ပေးမယ်လေ …”
“ဒီတစ်နေ့တော့ ငါ နေချင်သလိုလေး နေပါရစေကျော်ရယ်”
“ငါတို့နောက်ဆို ဖုန်းပဲပြောရတော့မှာပေါ့နော် ….” လို့ အိငယ်ဆိုတော့ …
ကျော်က “အင်း ….. ” လို့ ဖြေခဲ့တယ် …

တစ်လ၊ နှစ်လ၊ သုံးလ မြောက် ….

“ကျော် ငါ တခြားနိုင်ငံမှာ အလုပ်သွားလုပ်တော့မယ်.. မင်းနဲ့ငါ နောက်ဆို အဆက်အသွယ်ပြတ်ချင်ပြတ်သွားမှာ ဒါပေမယ့် ငါ မင်းကို ဘယ်တော့မှ မမေ့ဘူးနော် … ”
“ဖိုးအိလေး … ငါမင်းနဲ့ တစ်ခါလောက်တွေ့ချင်သေးတယ်ကွာ …. ငါ လာခဲ့မယ်နော် … မင်းကို ပေးစရာရယ်၊ ပြောစရာရယ်ရှိလို့” .
“အင်း .. လာခဲ့လေ … ငါလိုတာတွေလိုက်ဝယ်မလို့ မင်းပါ အဖော်လိုက်ခဲ့ပေါ့”
ကျော်က အိငယ်နဲ့ လိုတာတွေလိုက်ဝယ်ရင်း နာရီ တစ်လုံးရယ်၊ မှို့ခေါင်းအုံးတစ်လုံးရယ်၊ စိတ်ပုတီးတစ်ကုံးရယ် လက်ဆောင်ပေးတယ် …
“ဖိုးအိ … နာရီလေးက မင်းမနက်တိုင်း အိပ်ယာထဖို့ရယ် ငါ့ကို မနက်တိုင်းသတိရစေချင်လို့ရယ် … ခေါင်းအုံးက ကျတော့ ညအိပ်တိုင်းငါ့ကို သတိရဖို့၊ စိတ်ပုတီးက မင်းပုတီးစိပ်တိုင်းလဲ ငါပါချင်လို့နော်”

အိငယ်က ပြုံးလိုက်ပြီး
“အေးပါ … မင်းကို ငါက ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး …မင်းက ငါ့ရဲ့အခင်ရဆုံး၊ အချစ်ရဆုံး သူငယ်ချင်းပါကွာ”
“အင်း …. ငါဝန်ခံစရာတစ်ခုရှိတယ် ….”
“ဘာကို ၀န်ခံမှာလဲကွ … မင်းက ဘာတွေများ မဟုတ်တာလုပ်ထားလို့လဲ”
“ငါ ဒီစကားမပြောလိုက်ရရင် ငါနေလို့မရတော့လို့ပါ …. ငါလေ…. ”
“အင်း … ဘာဖြစ်လဲ .. .ပြော …”
“ငါ … မင်းကို မြတ်မြတ်နိုးနိုးနဲ့ သန့်သန့်ရှင်းရှင်းလေးချစ်တယ် ဖိုးအိလေးရယ်။ ငါတို့ ကြေးအိုးဆိုင်မှာ ထိုင်တဲ့နေ့ကတည်းက မင်းကိုချစ်နေပြီဆိုတာ ငါ့ကိုယ်ငါသိတာ”
“ကျေးဇူးတင်ပါတယ် ကျော် … ငါ့ကိုချစ်တဲ့အတွက်ပါ … ငါလဲ မင်းကိုအရမ်းချစ်တယ် … ငါ ကျေနပ်ပါတယ်၊ မင်းအချစ်တွေကို ငါထာဝရသိမ်းထားမယ်နော်”
ဒီလိုနဲ့ အိငယ်တို့နှစ်ယောက် ခွဲခွာခဲ့ကြတယ်။

ခုလို နှစ်နှစ်ကြီးများတောင် အဆက်အသွယ်ပြတ်နေခဲ့ပြီးခါမှ ငါ့ဆီဘာလို့ စာပို့ရတာလဲကျော်ရယ် …
မင်းတို့လက်မထပ်ဖြစ်သေးဘူးတဲ့လား …. ခုချိန်ထိ မပြတ်မသားစိတ်တွေနဲ့ ဒွိဟဖြစ်နေတုန်းလား ကျော် …
ငါတို့ ကျေကျေနပ်နပ်ရွေးခဲ့ကြတဲ့လမ်း မလွမ်းကြေးလေ ….
သေချာတာတစ်ခုကတော့ ငါကတော့မင်းကို အရင်လိုချစ်ဆဲ ……….
<< အပိုင်း(၃)သို့

အရင်လိုချစ်ဆဲပဲ .... (၃)


ရင်ထဲမှာ လှိုက်ကနဲဝမ်းနည်းသွားတယ်။ လူကအားတွေယုတ်သွားသလိုပျော့ခွေကျသွားတယ်။ အိငယ် ကိုယ့်ကိုကိုယ် သတိမထားမိခင်မှာပဲ မျက်ရည်တွေက တစ်ပေါက်ပေါက်ကျနေပြီ။ အစ်ကိုက အလန့်တကြားနဲ့
“ဟဲ့ အိငယ် … ဘာဖြစ်လို့လဲ … ဘာဖြစ်လို့လဲ” လို့မေးတော့
“အိငယ်သူနဲ့အရမ်းတွေ့ချင်လို့ပါ ….. ” ဆိုပြီး မျက်ရည်တွေပဲကျနေမိတယ်။ အဲ့ဒီအချိန်မှာသေချာသိလိုက်တာက အိငယ်သူ့ကို သိပ်ချစ်သွားပြီဆိုတာပါပဲ။ အိငယ် အရမ်းလန့်သွားတယ်။
သူ့မှာ တချိန်ကျရင် လက်ထပ်ရမယ့်မမကြီးရှိတယ်။ အိငယ်တို့ ဘယ်လိုမှမဆုံနိုင်ဘူးဆိုတာလဲ သိတယ်။
သိရက်နဲ့လဲချစ်နေမိတယ်။ အိငယ် ဘာလုပ်ရမလဲ ကျော်ရယ်။ မင်းကရော ငါ့ကိုချစ်ပါ့မလား။

၁၀ ရက်လောက်ကြာသွားပြီးနောက် ….

အိငယ် အလုပ်လုပ်နေရင်း ဖုန်းသံမြည်လာလို့
“ဟယ်လို”
“ဖိုးအိလေး ငါ ပြန်ရောက်ပြီ”
“ဟာ … ကျော် … ငါပျော်လိုက်တာ …. မင်းကို မကျေနပ်ဘူးနော် … ငါ့ကိုမပြောပဲပြန်သွားတယ်”
“အေးပါ … မင်းကျေနပ်တဲ့ထိ ငါချော့မယ် ဟုတ်ပြီလား … ငါ မင်းကို အရမ်းလွမ်းတယ်ကွာ”
“ငါ ခုပဲပြန်ရောက်တာ မင်းအသံကြားချင်လွန်းလို့ ငါ ချက်ခြင်းဖုန်းဆက်တာကွ”
ကျော်ရယ် … မင်းလဲ ငါ့ကို လွမ်းတယ်တဲ့လား … ငါ့အသံကြားချင်တယ်တဲ့လား ….
ငါ အရမ်းပျော်တာပဲ သိလား ….

“ဖိုးအိ မနက်ဖြန် ငါတို့ ဘုရားသွားရအောင်လေ မင်းနဲ့လဲတွေ့ချင်လို့”
“အင်း … ငါလဲတွေ့ချင်တယ် သွားမယ်လေ”

နောက်နေ့ ဘုရားရင်ပြင်တော်ပေါ်ရောက်တော့ …..
“ဖိုးအိလေး … ငါ မင်းကိုပြောစရာရှိတယ် …. ငါ့ကိုစိတ်မဆိုးနဲ့နော်”
“အာ. … ပြောစရာရှိတာပြောကွာ … စကားကိုရှည်တယ် … ပြော … ပြော …. ငါ စိတ်မဆိုးဘူး”
“ငါ မင်းကို ဒီစကားမပြောချင်ဘူးကွာ … ”
“ဘာစကားမို့လဲကွာ၊ မင်းနဲ့ငါကြားမှာ ကွိုင်ရှိနေလို့လား”
“မဟုတ်ပါဘူး … ဖိုးအိလေး ….. မင်းနဲ့ငါနဲ့ ခပ်ဝေးဝေးလေးနေကြရအောင်နော် …. ငါတို့အဆက်အသွယ်မပြတ်ကြဘူး လူချင်းပဲမတွေ့ကြရအောင်ပါ”
“ဘာရယ်၊ မင်းဘာပြောလိုက်တာလဲ”
“ငါတို့ ဒီထက်ပိုမငြိတွယ်သင့်တော့လို့ပါ ဖိုးအိလေးရယ် … ငါကအကြီးလေ … လုပ်သင့်တာတစ်ခုကို ငါက အရင်စလုပ်မှရမှာ”

အိငယ်ရဲ့မျက်လုံးအိမ်မှာအရည်ကြည်လေးဝေ့လာပေမယ့် မျက်ရည်လုံးဝမကျဘူး ….
အိငယ်က နှုတ်ခမ်းလေး စေ့ပြီး ကျော့်ကို ခပ်ငေးငေးကြည့်ရင်း စိတ်ထဲမှာ စကားတွေ တရစပ်ပြောနေမိတယ်
“ ငါဒီလိုစကားတွေ မမျှော်လင့်ခဲ့ဘူး ကျော်ရယ် …. ငါ မင်းနဲ့အဝေးကြီးမနေချင်သေးပါဘူး … တစ်နေ့မှာ အဝေးကြီးနေပေးရမယ်ဆိုတာ ငါသိပါတယ်။ အဲ့ဒီတစ်နေ့ထိ ငါစောင့်လို့မရတော့ဘူးလားဟင် ….”

“ငါ အခုပျော်နေတာပါကွာ … မင်းဘေးမှ တူတူလျှောက်ခွင့်ရနေတာလေးနဲ့တင် ငါပျော်တတ်ခဲ့တာပါကွာ …..
ငါ့ရင်ထဲမှာ မိုးတွေသည်းနေပြီ။”

“မင်းသိရဲ့လားဟင် ငါကလေ မင်းကို ပိုင်ဆိုင်ဖို့ ဘယ်တော့မှ မကြိုးစားဘူး ဆိုတာကိုလေ … ၈ နှစ်တောင်တွဲခဲ့တဲ့ မင်းချစ်သူကို ငါ ကိုယ်ချင်းစာပါတယ် … နှစ်ဘက်အသိုင်းအ၀ိုင်းသိနေကြတဲ့ မင်းတို့ အတွဲကို ငါ့ကြောင့် ဘာမှမထိခိုက်စေချင်ပါဘူး … မင်းကိုလဲ သစ္စာမရှိတဲ့သူရယ်လို့ အပြောမခံစေချင်ပါဘူးကွာ …. ငါ မင်းကိုချစ်နေရယုံနဲ့တင် ကျေနပ်ပါတယ် ကျော်ရယ်”
<< အပိုင်း(၂)သို့   ဇာတ်သိမ်းပိုင်းသို့ >>

အရင်လိုချစ်ဆဲပဲ .... (၂)


ဂျီတော့ခ်ပြောရလောက်အောင်မအားတဲ့နေ့တွေဆိုရင် မေးလ်အတိုလေးတွေ အပြန်အလှန်ပို့ရင်းနဲ့ စကားပြောဖြစ်ခဲ့ကြတယ်။ ကျော်က အိငယ်ကို “ဖိုးအိ” လို့ ခေါ်တတ်သလို အိငယ်ကလဲ “ကျော်” လို့ခေါ်ဖြစ်ခဲ့ကြပြီး “မင်း” ၊ “ငါ” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ တကယ့် ငယ်ပေါင်းကြီးဖော်တွေလို ရင်းနှီးခဲ့ကြတယ် ။ တကယ်တော့ ငါတို့နှစ်ယောက်သားရင်ထဲမှာ မမြင်ရတဲ့နှောင်ကြိုးတွေ အထပ်ထပ်ရစ်နေမိပြီဆိုတာ နှစ်ယောက်လုံးသတိမထားမိခဲ့ကြတာပါ ….

ဒီလိုနဲ့တစ်နေ့ ….
“ကျော်ရေ … ငါတို့ ကြေးအိုးသောက်ရအောင်ဟာ … ငါ့ကိုလာဝယ်တိုက်”
“အေး .. .ဒါဆို ဒီနေ့လည် မင်းအလုပ်ကို ငါလာခဲ့မယ် စောင့်နေ”

နေ့လည်ကျတော့ ကျော် ရောက်လာတယ်။ မျက်မှန်ကြီးကလဲ တပ်လို့။ အိငယ်ကတော့ နေပူလို့ တပ်လာတယ်ပဲထင်မိတာပေါ့။ ဒါပေမယ့် ဆိုင်ထဲရောက်တော့လဲ မျက်မှန်က မချွတ်ဘူး။
အိငယ်ကလဲ စကားပြောရင် မျက်လုံးတည့်တည့်ကြည့်ပြီးပြောတတ်တဲ့သူဆိုတော့
“ဟဲ့ … မျက်မှန်ချွတ်ဦးဟ … ”
“အာ. .. ဘာဖြစ်လို့လဲ ဖိုးအိလေးရာ … ငါ့ဘာသာငါ တပ်ထားတာ”
“မင်း မျက်စိနာနေလို့လား… မင်းမျက်မှန်ကြီးက ငါ့မျက်စိထဲ ရှုပ်နေတယ်ကွ ငါကမင်းမျက်လုံးကိုကြည့်ပြီးစကားပြောချင်တာ”
“မျက်စိမနာပါဘူး ထားလိုက်ပါ ဖိုးအိရာ မင်းကလဲ နောက်မှကြည့်” ဆိုပြီး မျက်မှန်ကိုလုံးဝမချွတ်ခဲ့ဘူးလေ။
အိငယ်က အလိုမကျဟန်ဖြင့် အနည်းငယ်စူပုပ်သွားကာ
“အေး ပြီးရော၊ ငါ့ကြေးအိုး ပူနေတယ် အအေးခံပေး”
“အေးပါ …. ငါလုပ်ပေးမယ် ” ဆိုပြီး ကျော်က ပြုံး၍ ကြေးအိုးပန်းကန်းကို အေးအောင်လုပ်ပေးနေတော့တယ်။
အိငယ်က ကျော့်ကို ဘာရယ်မဟုတ် စိုက်ကြည့်မိတယ်။ ကျော်က တစ်ချက်သာလှမ်းကြည့်ပြီး သူ လုပ်စရာရှိတာကိုပဲ ဆက်လုပ်ပေးနေတယ်။ မျက်မှန်ဘာလို့မချွတ်တာလဲကို သိချင်နေပေမယ့် အတင်းမမေးချင်တော့လို့ နှုတ်ဆိတ်ပြီး ပဲနေဖြစ်လိုက်တယ်။ နောက်ပိုင်း မင်းက ဘာ့ကြောင့်ဆိုတာ ငါ့ကို ပြန်ပြောပြခဲ့တယ်လေ။
“ ဖိုးအိလေးရယ် … ငါ့မျက်လုံးထဲမှာ မင်းကိုချစ်တဲ့အရိပ်တွေပေါ်နေတာ မင်းမြင်သွားမှာစိုးလို့ပါ” တဲ့လား …

နောက်တစ်ရက် … ထုံးစံအတိုင်းလာနေကျမေးလ်က ၀င်မလာဘူး …
အိငယ် နေမထိ၊ထိုင်မသာနဲ့ မေးလ်တွေဆက်တိုက်ပို့နေမိတယ် … ဒါပေမယ့် ပြန်စာကလုံးဝမလာခဲ့ဘူး။
အိငယ် စိတ်ပူစပြုလာပြီး အလုပ်လဲဆက်လုပ်လို့မရတော့အောင် ၀မ်းနည်းလာတယ်။ ဘာကြောင့်ဒီလိုခံစားမှု့ဖြစ်လဲဆိုတာကိုလဲ ကိုယ့်ကိုကိုယ်မဆန်းစစ်မိရိုးအမှန်ပါ။

နောက်တစ်နေ့မနက်ရောက်တော့ သူနေတဲ့အဆောင်ကို လိုက်သွားချင်စိတ်က ထိန်းမရတော့တာမို့
အစ်ကိုဝမ်းကွဲတစ်ယောက်ကို လိုက်ပို့ခိုင်းမိတယ်။ အဲ့ဒီမနက်က ၆ နာရီပဲရှိသေးတယ်။ သူ့အဆောင်နားနီးလာလေ အိငယ် ရင်ထဲမှာပျော်လေပါပဲ … သူနဲ့တွေ့ရတော့မယ်ဆိုတဲ့စိတ်နဲ့ပေါ့။
အဆောင်ရှေ့ရောက်တော့လဲ အစ်ကို့ကို သွားမေးပေးဖို့ အသနားခံရပြန်ရော … အစ်ကိုက အိငယ်ကို နားလည်သူမို့ လုပ်ပေးရှာပါတယ်။ အစ်ကို ပြန်ထွက်လာတော့
“အိငယ် နင့်သူငယ်ချင်း နယ်ပြန်သွားတယ်” လို့ပြောတယ်။
<< အပိုင်း(၁)သို့   အပိုင်း(၃)သို့ >>

Sunday, December 14, 2008

အရင်လိုချစ်ဆဲပဲ .....(၁)



ဒီနေ့ စနေပိတ်ရက် …

မနက်ခင်းက သာယာ၏။ သို့သော်လည်း နေရောင်ခြည်က စူးရှနေသည်။

ပြူတင်းလိုက်ကာကြားက တိုးဝင်လာသောနေရောင်ခြည် စူးရှရှကြောင့် ပိတ်ရက်ကို အ၀အိပ်မည်ဟု ကြုံးဝါးထားသော အိငယ် တစ်ယောက် အိပ်ယာထက်၌ လွန့်လူးရင်း ဆက်အိပ်လို့မရတော့၍ မျက်နှာသစ်ရန် ထလိုက်ရပါတော့သည်။ ထို့နောက် ကော်ဖီသောက်ရင်းနဲ့ ဘာရယ်မဟုတ် အီးမေးလ်ကို စစ်ချင်နေမိတာနဲ့ပဲ ကွန်ပျူတာကို ဖွင့်လိုက်ပါတော့တယ် …

ထို့နောက် ဂျီမေးလ်ကို ဖွင့်လိုက်တဲ့အခါမှာ ….
“အိုး …. ကျော့်ဆီကစာပါလား ” အာမေဋ္ဋိတ်သံလေးတစ်ချက် အိငယ် ပါးစပ်မှ ထွက်သွားလေသည်။

အိငယ်သည် သူမ မမျှော်လင့်ထားတဲ့ စာတစ်စောင်ကို စိတ်လှုပ်ရှားစွာဖြင့် ဖွင့်လိုက်မိပါသည်။

စာလေးက တိုတိုလေးရယ်ပါ … ဒါပေမယ့် အိငယ်ရဲ့ စိတ်အစဉ်ကို အတိတ်ဆီသို့ဖမ်းစားစုပ်ယူသွားပါသည် ….
“အရင်လို ချစ်ဆဲပဲတဲ့လား ကျော် …. တကယ်က ငါတို့ ဝေးသွားခဲ့တာ နှစ်နှစ်ဆိုတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီးပြီလေ …. ”

၂၀၀၅ ခုနှစ်ရဲ့ နေ့လေးတစ်နေ့မှာ ကျော် ဆိုတဲ့ကောင်လေးနဲ့ အိငယ်ဆိုတဲ့ ကောင်မလေး တို့စပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်။ မိတ်ဆက်ပေးတဲ့သူငယ်ချင်းက

“ ဟဲ့ … ဒီကောင်ကြီးမှာ မမကြီးရှိတယ် … ချစ်သူသက်တမ်း ၈ နှစ်တောင်ရှိနေပြီ .. ၀ါရင့်အချစ်သမားကြီး” တဲ့

သူကတော့ ပြုံးလို့သာနေခဲ့ပါတယ် … အိငယ်ကတော့ စပ်စုစွာ … “ ဟဲ့ နင့်မမကြီးက ဘယ်မှာလဲ” ဆိုတော့ “နိုင်ငံခြားမှာ ပညာတော်သင်သွားနေတယ်” လို့ နင်က တုံးတိတိပဲဖြေခဲ့တယ်နော်…

နောက်တော့တစ်ယောက်တစ်ပေါက် စကားတွေပြောရင်း အီးမေးလ်လိပ်စာတွေဖလှယ်ရင်း
ခင်တတ်တဲ့အိငယ်က “ ဟဲ့ … ငါ့ကို အွန်လိုင်းတွေ့ရင်ခေါ်နော် … ငါက ဂျီတော့ခ်သာ ၀င်ထားတာ … သူငယ်ချင်းတွေအွန်လိုင်းတက်လာရင် မြင်တာမဟုတ်ဘူး” လို့ဆိုတော့ ကျော်က
“အေးပါ …. ငါခေါ်မှာပေါ့” တဲ့ …..

နောက်ပိုင်း ကျော်က သူ့အလုပ်နဲ့သူ၊ အိငယ်ကလဲ ကိုယ့်အလုပ်နဲ့ကိုယ် မအားလပ်ကြတော့ မတွေ့ဖြစ်ကြတော့ဘူး … ဒါပေမယ့် ဂျီတော့မှာတော့ နှစ်ယောက်စလုံး စကားတွေ တော်တော်လေးပြောဖြစ်ကြတယ် … ပိုပြီးလဲ ရင်းနှီးခဲ့ကြတယ် …
မိုးလင်းလို့အလုပ်ရောက်တာနဲ့ အရင်ဆုံးလုပ်ဖြစ်တဲ့အလုပ်က မေးလ်စစ်တဲ့အလုပ်လို့ပြောရလောက်အောင် သူမတို့နှစ်ယောက် ခင်မင်မှု့တွေ ထုထည်ကြီးလာခဲ့တယ် ….

အပိုင်း(၂)သို့ >>

Tuesday, December 9, 2008

ရုန်းရင်းကန်ရင်း


(Image from http://executivezen.wordpress.com/2008/02/25/6-conclusion/)

လူတိုင်း လူတိုင်းမှာ ကိုယ်ဖြစ်ချင်တာတွေမဖြစ်ရရင်၊ ကိုယ်လုပ်ချင်တာတွေလုပ်ခွင့်မရရင်၊ မျှော်လင့်မထားတဲ့အဆိုးတွေဖြစ်လာရင်၊ လုပ်သလောက်လည်းအရာမရောက်ဘူးဆိုရင် စိတ်ညစ်မယ်၊ စိတ်ဓာတ်ကျမယ်၊ စိတ်အားငယ်မယ်၊ “ငါမှဖြစ်ရလေခြင်း” ဆိုပြီး ပူဆွေးတာတွေဖြစ်မယ်လို့ထင်ပါတယ်။ ဒီလိုကိစ္စတွေမဖြစ်သင့်ဘူး၊ မဖြစ်နဲ့လို့တားလို့မရသလို ဖြစ်လာခဲ့ရင်လည်း ကိုယ့်ကို ဘယ်သူတွေက ဘယ်လိုပဲအားပေးပေး ကိုယ့်စိတ်ကိုယ်မှ မဖြေနိုင်ဘူးဆိုရင် အရာမရောက်ပါဘူး။
တချို့ကလဲ ဒီလိုစိတ်အခြေအနေမှာ ဘ၀ကို ရေစုန်မျှောလိုက်ကြတဲ့သူတွေရှိသလို၊ တချို့ကလဲ ဒီလိုစိတ်အခြေအနေမှာ ကြာရှည်မနေပဲ ကိုယ့်စိတ်ကိုယ် ပြန်မြှင့်တင်ကြတဲ့သူတွေလဲ ရှိကြပါတယ်။ မြှင့်တင်ပုံ မြှင့်တင်နည်းကတော့ အမျိုးမျိုးပေါ့ … တချို့က တရားထိုင်ပြီး စိတ်တွေတည်ငြိမ်အောင်လုပ်တယ်။ တချို့ကျပြန်တော့ စိတ်ကိုလွှတ်လိုက်ပြီး စိတ်တိုင်းကျ ခဏနေလိုက်တယ်။ တချို့ကျတော့ ကစားကွင်းတွေသွားတယ်၊ ဖုန်းပြောတယ်၊ တစ်ယောက်တည်း အားရပါးရ ငိုပစ်လိုက်ကြတယ်။ ဒီလိုနည်းမျိုးစုံနဲ့ စိတ်ကိုသက်သာရာရအောင်လုပ်တတ်ကြတယ်။

ကျွန်မကတော့ စိတ်ညစ်လာရင် (သို့) စိတ်ဓာတ်ကျလာရင် ရွှေတိဂုံဘုရားကို တစ်ယောက်တည်းသွားပြီး၊ ရင်ပြင်တော်ပေါ်ရောက်ရင် မြောက်ဘက်မုခ်နားက ဗုဒ္ဓ၀င်ပြခန်းဘက်ဆင်းတဲ့နေရာနဲ့နီးတဲ့ ညောင်ပင်နားမှာ ထိုင်လေ့ရှိတယ်။(စိတ်မညစ်လဲသွားလေ့ရှိပါတယ်) ဘုရားရိပ်က စိတ်တွေအရမ်းအေးချမ်းစေတယ်၊ စိတ်ချမ်းသာစေတယ်၊ သောကတွေ တချို့တ၀က် ပြေစေတယ်လေ …

နောက်တစ်နည်းကတော့ ကျွန်မစိတ်ညစ်တိုင်း အများဆုံးလုပ်လေ့ရှိတာပါ။ အဲ့ဒီနည်းက ကဗျာတွေ၊စာတွေ ဖတ်ပြီး စိတ်ကို ပြန်မြှင့်တင်တာပါ။ စာကတော့ ဆရာတော် ဦးဇောတိက စာအုပ်တွေဖတ်တာများပါတယ်။ ကဗျာကတော့ တစ်ပုဒ်တည်းပါ။ ကျွန်မ (၇)တန်းအရွယ်မှာ မဂ္ဂဇင်း(မဟေသီလား၊ ပန်းဝေသီလား နာမည်သေချာမမှတ်မိတော့ပါဘူး) တစ်အုပ်ထဲက ဖတ်မိပြီး သိပ်ကြိုက်သွားလို့ ကူးထားတာလေးပါ။ ကဗျာရေးသူကတော့ “ဆရာ ဦးအေးငွေ” ပါ။ “ပန်းချီအေးငွေ” လို့လဲသိကြပါတယ်။

ဒီကဗျာလေးအတွက်ဆရာ့ကို ကျွန်မသိပ်ကျေးဇူးတင်ပါတယ်။ ဒီကဗျာလေးဖတ်ပြီးတိုင်း ကျနေတဲ့ကျွန်မရဲ့စိတ်အခြေအနေက ပုံမှန်ပြန်ရောက်သွားတတ်လို့ပါ်။ ကျွန်မချစ်တဲ့သူငယ်ချင်းတွေ စိတ်ညစ်၊ စိတ်ဓာတ်ကျ၊ အားငယ်တိုင်း ဒီကဗျာလေးကို ပို့ပေးလေ့ရှိပါတယ်။ ခုလည်းပဲ ကျွန်မချစ်တဲ့ ဘလော့မောင်နှမ၊သူငယ်ချင်းများကို ဒီကဗျာလေး မျှဝေလိုက်ပါတယ်နော်။


ရုန်းရင်းကန်ရင်း

လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာပန်းများ ကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး ကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာမျက်ရည် ကျန်မည်နည်း။

အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ ကြုံမြဲသာတည့်
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည့်
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
ချစ်သောမုန်းသော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာ။

လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား ………..

ကလေးအတွေး


ဒီပုံလေးတွေကို သူငယ်ချင်းရဲ့ဖော်ဝဒ်မေးလ်ထဲကရတာပါ။ သူတို့လေးတွေ တွေးပြီး ဖြေထားတဲ့ အဖြေလေးတွေကိုဖတ်ရင်း ကျွန်မ ရယ်မောရသလို သူငယ်ချင်းတွေကိုလဲ ရယ်မောပျော်ရွှင်စေချင်လို့ မျှဝေလိုက်ပါတယ်ရှင်။ ပြုံးပျော်နိုင်ကြပါစေ။













Monday, December 8, 2008

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ(၁)



ဆရာမောင်သစ်ဆင်းရေးတဲ့ “ကြောက်စိတ်နှင့် သင့်ဘ၀ မျက်နှာဖုံးဆောင်းပါးများ” ဆိုတဲ့စာအုပ်ထဲက “တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ” ဆိုတဲ့ ဆောင်းပါးကို ကျွန်မ အလွန်နှစ်သက်လို့ သူငယ်ချင်းတွေကို မျှဝေချင်ပါတယ်။





ဖြစ်ရပ်(၁)

ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ လွှားခနဲ ခုန်ကျော်၍ လာသည်။ သူ့မျက်နှာမှာ အပျော်ဖြင့် ၀င်းပနေ၏။ အိမ်သို့ မြန်မြန် သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။ အားရ၀မ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ ငါ့သား…… ကွ” ဟူသော အဖေ၏ ချီးမွမ်းသံကို ကြားချင်လှပြီ။ ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။
ရှေ့မှာ အိမ်ကို မြင်နေရပြီ။
အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်ုးကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း ဘယ်လိုမှ မလွတ်ဘဲ သစ်ခက်သစ်ညွန့် တို့ကိုခြေဖျားဖြင့် ခတ်မိမြဲ ဖြစ်သော်လည်း သည်နေ့အဖို့ လုံးဝ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်သွားသည့်အခါ သူ အံ့သြသွားလေသည်။ သို့ရာတွင် ကြာကြာ မအံ့သြနိုင်ဘဲ အိမ်ပေါ်သို့တဒုန်းဒုန်း ပြေးတက်သွားခဲ့သည်။ ပါးစပ်ကလည်း “အဖေရေ …. အမေရေ” ဟု အော်ခေါ်လာခဲ့၏။
အဖေသည် ဧည့်ခန်းထဲ့က ပက်လက်ကုလားထိုင်မှာ ထိုင်နေသည်။ ဆူညံစွာ ပြေးတက်လာသည့် သားဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်နေ၏။ ကလေးငယ်သည် ဖခင်ကို မြင်သောအခါ အပြေးကလေး ချဉ်းကပ်သွားလေသည်။
“အဖေ … ကျွန်တော်လေ စာမေးပွဲအောင်တယ်ဗျ၊ သိလား”
“ဟင် … ဟုတ်လား၊ တယ်တော်ပါလား … လာစမ်းပါဦးကွ”
အနီးသို့ရောက်သည်နှင့် အဖေ၏ လက်တစ်ဖက် မြောက်တက်သွားသည်ကို ရိပ်ခနဲ့ မြင်လိုက်ရ၏။ မရှေးမနှောင်းပင် ဖြန်းခနဲ့ အသံနှင့်အတူ သူ့နားရင်းမှာ ပူခနဲ့ ခံစားလိုက်ရပြီး မျက်စိထဲမှာ ၀င်းခနဲ ဖြစ်သွား၏။ ကလေးငယ်၏ ဦးခေါင်းသည် ရှေ့သို့ စိုက်ခနဲ့ကျသွားလေသည်။
မယုံနိုင်စွာ၊ ထို့နောက် ထိတ်လန့်စွာ မော့ကြည့်မိသောအခါ အဖေ၏ အနီရောင်မျက်နှာကို မြင်လိုက်ရသည်။
“အောင်ရုံနဲ့ ဘာလုပ်ရမှာလဲ”
ကလေးငယ်သည် ပါးစပ် အစောင်းသား၊ မျက်လုံးအပြူးသားနှင့် မော့ကြည့်နေ၏။ နှုတ်ခမ်းများ တုန်လှုပ်စပြုလာသည်။
“ဟေ့ကောင် ငါမေးနေတယ်လေ၊ အောင်ရုံနဲ့ မင်းဘာလုပ်မှာလဲ”
ကလေးဆီမှ ဖြေသံအစား ရှိုက်သံတစ်ချက် ထွက်လာ၏။ အဖေသည် ဗီရိုပေါ်က ကြိမ်လုံးကိုဆွဲယူလိုက်သည်။
“မေးမနေပါနဲ့ရှင်၊ ဒီလောက် အဆော့မက်နေမှတော့ ထိပ်ဆင့် ဘယ်ချိတ်ပါ့မလဲ၊ ပြောစမ်း … ပထမက ဘယ်သူရသလဲ၊ မေမီစိုး မဟုတ်လား”
အိမ်ခန်းထဲမှထွက်လာသော မိခင်ဖြစ်သူ၏ အသံဖြစ်သည်။ မျက်ရည်ပေါက်ပေါက်ကျနေပြီဖြစ်သော ကလေးငယ်က ခေါင်းညိတ်လိုက်သည့်အခါ အမေက တစ်ချက်မဲ့လိုက်၏။
“ဟင်း .. သူ့အမေနဲ့ ဈေးထဲတွေ့ရင် တမင် စကားစပ်ပြီး ကြွားဦးမှာ၊ သူများကြွားတာ ခံရဦးမယ်။ တောက် …”
“ကိုင်း … လာခဲ့စမ်း၊ ဟိုဘက်လှည့်”
တင်းပါးပေါ်သို့ ကျရောက်လာတော့မည့် ကြိမ်လုံးကို အသက်အောင့် ငံ့လင့်နေသည့် ကလေးငယ်၏ မျက်လုံးများမှာ အရောင်မဲ့ မျက်လုံးသေများ ဖြစ်နေလေသည်။

မေးခွန်း။ ။ ကလေးမှာ မိမိကိုယ်ကိုယ် ယုံကြည်စိတ်၊ မိမိကိုယ်ကို တန်ဖိုးထားစိတ် နည်းပါးသွားပြီး ညံ့သည်ထက် ညံ့လာလျှင် ကလေးကြောင့်ပါလား … မိဘကြောင့်ပါလား …..

Sunday, December 7, 2008

ကျွန်မချစ်သော


အစ်ကိုတစ်ယောက်၊ မောင်လေးတစ်ယောက်ရှိတယ် ....

အစ်ကိုက ငယ်ငယ်ကတည်းက အမေကိုကူလုပ်ပေးတတ်လို့ ကိုယ်သက်သာရတာနဲ့တင် တော်တော်ချစ်လှပြီ ....အိမ်မှာကျွန်မက မိန်းကလေးပေမယ့် အမေနဲ့ဘယ်တော့မှလက်ပွန်းတတီးနေ့လေ့မရှိဘူး ... အဖေနားပဲကပ်တယ် ....
ကိုကြီးက ကျွန်မကို အစ်ကိုတစ်ယောက်လိုရော၊ အစ်မတစ်ယောက်လိုပါ ဂရုစိုက်လေ့ရှိတယ် ...
ကျွန်မနေမကောင်းလို့ ခြေတွေ၊လက်တွေကိုက်ပြီဆိုရင် “ကိုကြီးရေ ငါ နေမကောင်းဘူး၊ တကိုယ်လုံးကိုက်ခဲနေတယ်” လို့ပြောလိုက်ရင် ပရုတ်ဆီပုလင်းယူပြီး ခြေတွေလက်တွေလူး၊ နှိပ်ပေးတတ်ပါတယ်(သူ့အလှည့်ဆိုရင်တော့ နင်ဇိမ်ခံချင်လို့မဟုတ်လား ငါမလုပ်ပေးဘူးဟာ ဆိုပြီး ဘယ်တော့မှပြန်မလုပ်ပေးပါဘူး။ ကျွန်မစိတ်ပုပ်တာပါ။) ... အိပ်ခါနီးတိုင်း ခြင်ဆေးထွန်းရမှာပျင်းလို့ အိပ်ချင်ယောင်ဆောင်တိုင်း ကျွန်မဘေးမှာ ခြင်ဆေးလာထွန်းပေးတတ်တဲ့အစ်ကို ... ခွလုံးနဲ့မှအိပ်တတ်တဲ့ကျွန်မက ခွလုံးကိုအိမ်ရှေ့ခန်းမှာ မေ့ကျန်ခဲ့တိုင်း“ကိုကြီးရေ ငါ့ခွလုံးလေးပေးပါဆိုရင်” ဒူးခေါင်းကြားထဲထိ ခွလုံးလိုက်ထည့်ပေးတတ်တဲ့ အစ်ကို့ကို တော်တော်ချစ်ပါတယ် ...မကောင်းတာကတော့ ကျွန်မမို့ထိုင်ပြီးစာအုပ်ဖတ်နေပြီဆိုရင် အ၀င်တစ်ခါ၊အထွက်တစ်ခါ ကျောကိုကန်ပြီးစလေ့ရှိတယ် .... ကျွန်မကစာဖတ်ပျက်မှာစိုးလို့ အချိန်တော်တော်ကြာသည်းခံလေ့ရှိတယ်ဆိုတာသိတော့ စာအုပ်ဖတ်မပြီးမချင်းအဲ့လိုစတယ် ... ကျွန်မက အသားများတော့ နာလာပြီး စိတ်ကတိုရော ... ပြီးတော့ ၀ုန်းဒိုင်းလိုက်လုပ်တော့ ထွက်ပြေးတယ် .... တခါတလေ အိပ်နေရင် ပါးစပ်ထဲကို ဆားတွေလာထည့်တာမျိုး၊ ကြက်ဟင်းခါးသီးတွေ အရည်ညှစ်ထားပြီးထည့်တာမျိုး၊ အီးပေါက်ပြီး လာရှုခိုင်းတာမျိုး တွေလုပ်တတ်ပါတယ် ... ၂၈နှစ်လုံးလုံး အဲ့လိုပုံစံနေဖြစ်ခဲ့တယ် ..... အစ်ကိုနဲ့က ၂ နှစ်နီးပါးပဲ အသက်ကွာတာပါ …..

ကျွန်မထက် အသက် ၄ နှစ်ငယ်တဲ့ မောင်လေးကိုလဲ အရမ်းချစ်တယ် .... ကျွန်မက ချစ်စနိုးနဲ့ “ငဖြိုးလေး” လို့ခေါ်တယ် ... တခါတလေတော့ “ဖြိုး” လို့ ခေါ်တယ် .... မိသားစုအပေါ်သိပ်နားလည်တတ်တဲ့ အငယ်ဆုံးလေးပါ ....ငယ်ငယ်တုန်းကတော့ သူ့ကိုအမြင်ကပ်တယ် ... သူ့ကြောင့် ကျွန်မခဏခဏ အရိုက်ခံရတတ်လို့လေ ....
ပြီးတော့ အမေက သိပ်ဦးစားပေးလွန်းလို့ မနာလိုဖြစ်မိတာလဲပါမှာပေါ့ ….... ငယ်ငယ်တုန်းကဆိုရင် သူ့ကိုအမြင်ကပ်လို့ သူ့ဆံပင် ကောက်ကောက်လေးတွေကို ဖယောင်းတိုင်မီးနဲ့ ရှပ်ပြီး ရှို့ဘူးတယ် .... (ခေါင်းမလောင်သွားတာ တော်သေးတယ် ... ဟီး ) ... ကြီးလာတော့ ကျွန်မနဲ့ကအရမ်းတည့် ...
ကိုယ့်ဘာသာကိုယ်ဆိုရင် ၀ယ်ဖို့ကပ်စေးနည်းပေမယ့် သူ့အတွက်ဆိုရင်ဘယ်တော့မှကပ်စီးနည်းလေ့မရှိဘူး .... သူ့ နဲ့အစ်ကို ကိုလာထိရင်လည်း နဲနဲလေးမှမခံဘူး .... သူ့ကိုရန်ရှာဖို့လုပ်တဲ့ လူတစ်ယောက်ကို အနောက်ကနေ၀င်နပန်းလုံးမိလို့ အဲ့လူက လက်သီးနဲ့လှည့်ထိုးတာ ခံရဖူးတယ် ... မနာပါဘူး ကိုယ့်မောင်လေးအသားမထိပြီးတာပဲ (ပြီးသွားမှနာတာ)..
သူ့မှာဆိုးတာဆိုလို့ ဆေးလိပ်သောက်တာကလွဲရင် မယ်မယ်ရရသိပ်ပြောစရာမရှိဘူး .... ကိုယ့်ရဲ့ခံစားချက်တွေ အားလုံးနီးပါးကိုလဲ မျှဝေခံစားပေးနိုင်တယ် ... အစ်မအတွက်ဆိုရင် အမြဲအသင့်ဖြစ်နေတတ်တဲ့ မောင်လေးကို အရမ်းချစ်တာပဲ ....

Friday, December 5, 2008

မေ့မရတဲ့ပုံရိပ်



နေ့လည် ထမင်းစားပြီးချိန် ၁၂း၃၀ လောက်မှာ ထုံးစံအတိုင်း ဘူတာကို လမ်းလျှောက်၊ သတင်းစာယူပြီးပြန်မယ် လုပ်ဖို့အထွက်မှာ အပေါ့သွားချင်လာတာနဲ့ အိမ်သာကိုအရင် ၀င်ဖြစ်လိုက်တယ်။ အလုပ်မှာ အိမ်သာက လေးခန်းရှိတယ် .... ၀င်ပေါက်ကနေ၀င်ဝင်ချင်း ဒုတိယမြောက် အခန်းက တံခါးပိတ်ထားတယ် ... ကျန်အခန်းတွေ အကုန်လွတ်နေတယ် .... အိမ်သာခန်းဖွဲ့စည်းပုံက အိမ်သာတံခါးနဲ့ မျက်နှာချင်းဆိုင်ခြေလှမ်း(၇)လှမ်းစာလောက်မှာ လက်ဆေးဘေစင်လေးလုံးရှိတယ် .... နံရံမှာတော့ ကိုယ်တစ်ဝက်ပေါ်မှန်လေးချပ်ရှိတယ် ....
ကျွန်မက တတိယအခန်းကိုဝင်တယ် .... ပြီးတော့ ပြန်ထွက်လာပြီး လက်ဆေးဘေစင်မှာ လက်ဆေးနေတုန်း စိတ်ထဲတစ်ယောက်ယောက်ကြည့်နေသလိုခံစားလာရတယ် .... အဲ့ဒါနဲ့ ဘာရယ်မဟုတ်ဘူး မှန်ထဲကနေ ကိုယ့်နောက်ကိုကြည့်လိုက်မိတယ် ....

အဲ့ဒီမှာ ဘာသွားမြင်လဲဆိုတော့ ကိုယ့်နောက် အပေါ်လေးမှာ အရိပ်တစ်ခု ကိုယ့်ကို ငုံ့မိုးပြီးကြည့်နေတယ် ..... (မျက်နှာကြက်က ရောင်ပြန်စရာတစ်ခုမှမရှိတဲ့ ဆေးသုတ်ထားတဲ့ပလိန်းမျက်နှာပြင်ပါ) မျက်နှာရယ်၊ ကိုယ်တစ်ပိုင်းရယ် လွင့်လွင့်လေးပေါ်နေတယ် မီးခိုးထဲကနေလူပုံပေါ်သလိုလေး .... အင်္ကျီကအဖြူရောင်လေး ....
ဆံပင်လေးတွေက အညိုရောင်ဖျော့ဖျော့ ၊ မျက်နှာပြင်တစ်ခုလုံးက ခပ်ဝါးဝါးလေးပဲ မြင်ရတယ် ..... ဒါပေမယ့် ခပ်ချောချောမိန်းကလေးတစ်ယောက်မျက်နှာလေးဆိုတာ သိသာတယ် ....ကိုယ့်ကိုကြည့်နေတယ်ဆိုတာလဲသိတယ် .....

အဲ့ဒီအချိန်မှာ ကိုယ့်စိတ်ထဲ ငါ အမြင်မှားတာလား ဆိုပြီး စဉ်းစားရင်းနဲ့ သူ့ မျက်နှာ
ဒီထက်ပိုထင်ရှားလာမလားရယ်လို့ မှန်ထဲတဆင့်ကြောင်ပြီး ကြည့်နေမိတယ် .... တစ်မိနစ်နီးပါးလောက်ကြာသွားမယ်ထင်တယ် ..... တဖြည်းဖြည်း
အဲ့ဒီအရိပ်လေးက ၀ါးလာပြီး နောက်ဆုံးလုံးဝပျောက်သွားတယ် ….

ကိုယ့်စိတ်ထဲ ထူးဆန်းနေလို့ ဒုတိယအိမ်သာခန်းထဲက တစ်ယောက် ဘာအရောင်များဝတ်ထားလဲဆိုပြီး စောင့်ကြည့်နေသေးတယ် .... ထွက်လာတော့
မီးခိုးရင့်ေ၇ာင် ၀မ်းဆက်နဲ့ .... ကျွန်မလဲထပ်မြင်ရမလားဆိုပြီး ခဏလေးတော့ စောင့်ကြည့်လိုက်သေးတယ် ....ဒါပေမယ့် မမြင်ရတော့ပါဘူး .....

နောက်သုံး၊လေးရက်လောက်ဆက်တိုက် အဲ့ဒီအချိန်တိုင်းအတိအကျသွားပြီး အဲ့ဒီဘေစင်မှာပဲလက်ဆေးရင်း စောင့်ကြည့်ပါသေးတယ် …ထပ်တွေ့ရင် ဓာတ်ပုံရိုက်မယ်ဆိုပြီး ဖုန်းလေးကိုလဲယူသွားမိပါတယ် … ဒါပေမယ့် နောက်ထပ်တခါမှထပ်မတွေ့ရတော့တာ ဒီနေ့ထိပါပဲ …..

သူငယ်ချင်းတို့ရေ .... အိမ်သာထဲရောက်ရင် အဲ့ဒီအရိပ်လေးကို လိုက်ရှာကြည့်မနေကြနဲ့ဦးနော် .....

မှတ်ချက်။ ။ ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ။

Wednesday, December 3, 2008

ကျွန်မနဲ့နဘမ်းပွဲ


ကျွန်မတို့ ငယ်ငယ်က BMX ဆိုတဲ့စက်ဘီးစတန့်ထွင်ပြီးစီးတဲ့ ဗီဒီယိုကားလေး ကလေးတွေကြားမှာ တော်တော်လေးနာမည်ကြီးတဲ့အချိန် ကျွန်မတို့ရပ်ကွက်မှာလဲ စက်ဘီးယဉ်ကျေးမှု့တစ်ရပ်ထွန်းကားခဲ့ပါတယ် …. ညနေဆိုရင် အပျိုတွေအရွယ်စုံက အလှပြင်ပြီး စက်ဘီးစီးထွက်ကြသလို လူပျိုတွေအရွယ်စုံကလဲ မျက်စိအစာကျွေးကြ၊ လိုက်ကြောင်ကြနဲ့ ကျွန်မတို့ရပ်ကွက်ရဲ့ လမ်းမကြီးတစ်လျှောက် စက်ဘီးများနဲ့ပြည့်နေတတ်ခဲ့ပါတယ် ….

ကျွန်မကလည်း စက်ဘီးစီးရတာ သိပ်ပျော်တာပေါ့ ….. ညနေဆိုရင် သနပ်ခါးဖုံဖုံလေးလူး(အပျိုတွေလိုမပြင်တတ်တော့) ကျွန်မသူငယ်ချင်း အစ်မကြီးနဲ့ စက်ဘီးစီးထွက်လေ့ရှိပါတယ် …. အဲ့ဒီလိုနဲ့တစ်နေု့ ကျွန်မရဲ့ ကလေးသာသာအရွယ်(၅တန်းအရွယ်ပါ)နဲ့ ကလေးမသာရုပ်လေးကို ကျွန်မထက်အသက်အနည်းငယ်သာကြီးသော( ၆ တန်းအရွယ်) ကောင်လေးတစ်ယောက်က ဘယ်လိုကနေ ဘယ်လိုသဘောကျသွားလဲမသိ တကောက်ကောက်လိုက် စကားပြောပါလေရောရှင် ….

တွေ့တိုင်းတကောက်ကောက်လိုက်စကားပြောတဲ့ အဲ့ဒီကောင်လေးက တစ်နေ့မှာ ကျွန်မ ကာတွန်းစာအုပ်အငှားဆိုင်သွားတုန်း လမ်းမှာတွေ့တော့သူကကျွန်မစက်ဘီးရှေ့ကရပ်ပြီး ၊ စက်ဘီးလက်ကိုင်ကို ဖမ်းဆွဲ ရည်းစားစကားပြောပါလေရော …. ကျွန်မက ရှက်ရမယ့် အစား စိတ်ထဲက “ အောင်မယ် … ဒီကောင် ငါ့စက်ဘီးလက်ကိုင်ကို ဆွဲပစ်လိုက်တာများ မတော် ငါလဲရင်ဒုက္ခ၊ ငါ့ကိုအရှက်ကွဲအောင်လုပ်တယ်” ဆိုပြီး စိတ်တွေလှိမ့်တိုလာရော ….. စိတ်နဲ့တစ်ထပ်တည်း လက်ကပါ သူ့ပါးပေါ်ဖြောင်း ကနဲရောက်သွားလိုက်တာများ မြန်သလားမမေးနဲ့ …. ပြီးတော့ ကျွန်မလည်း စက်ဘီးနင်းပြီး ထွက်ပြေးပါလေရော … ကျွန်မစိတ်ထဲတော့ ဟိုခမျာ ကြောင်ပြီးကျန်ရစ်ခဲ့မယ်ထင်နေတာ ……
တကယ်တော့ သူက ကျွန်မနောက်ကိုပြေးလိုက်ပြီး ဆိုင်ရှေ့ကရပ်စောင့်နေပါလေရော …
“၀မ်းနည်းပက်လက်လုပ်ရက်လေခြင်း” ဆိုတဲ့ မျက်နှာပေးနဲ့များထင်လို့လားဟင် ….
ဝေးပါ့ရှင် …. ကျွန်မကို ချစ်ပုံများ …. လက်ဝါးကို လက်သီးနဲ့ထိုးထိုးပြီး ဒေါသအချောင်းလိုက်ထွက်နေတဲ့ရုပ်နဲ့ ဆိုင်အပြင်က စောင့်နေတာရှင် ….. ကျွန်မလဲ သူ့ပုံစံမြင်ပြီးတော့ ဆိုင်အပြင်မထွက်ရဲတော့ဘူး ဖြစ်နေတာပေါ့ …. ဒါပေမယ့် ကျွန်မက အမေ့ကို နာရီဝက်ပဲကြာမယ်ပြောထားတော့ အဲ့ဒီထက်လဲပိုမနေရဲဘူး …. အမေဆူမှာ ကိုပိုကြောက်တယ်လေ.. ..

နောက်ဆုံးတော့ သတ္တိခဲ ကျွန်မတစ်ယောက်ဆိုင်ပြင်ထွက်လာရတော့တာပေါ့ ….
ဆိုင်ပြင်ရောက်တာနဲ့ ဟိုကောင်လေး ကျွန်မဘေးရောက်လာပြီး ကျွန်မကို နပမ်းလုံးပါလေရော ။ ကျွန်မကလဲ အစ်ကိုတစ်ယောက် နဲ့မောင်တစ်ယောက်ကြားမှာနေတာဆိုတော့ ပေါက်တဲ့နဖူးလဲ မထူးတော့ပြီမို့ ပြန်ပြီး နဘမ်းလုံးတာပေါ့ ဘယ်ရမလဲ …. သူတစ်ပြန်၊ ကိုယ်တစ်ပြန်နဲ့ ဆိုင်ရှေ့ ကတ္တရာလမ်းပေါ်မှာ လှိမ့်ပြီးနဘမ်းလုံးကြတာများ လူကြီးတွေဝင်ဆွဲမှ ရပ်တော့တယ် ….

နောက်ဆုံးရလဒ်က ကျွန်မ ပါးရိုးပေါ်မှာ သူ့လက်သည်းနဲ့ခြစ်မိလို့သွေးထွက်သွားတယ် …
ပြီးတော့ ကတ္တရာလမ်းပေါ်လှိမ့်လိုက်ရလို့ ဒူးတွေ၊ တံတောင်တွေကွဲသွားတယ် ….
ဒါပေမယ့်နောက်ပိုင်းလမ်းမှာတွေ့ရင် ကျွန်မကို “ရန်သူတော်၊မိတ်ဆွေကြီး” လို့ မကြားတကြားပြောတာကလွဲရင် ကျွန်မနောက်မလိုက်ရဲတော့ပါဘူး ….

မှတ်ချက်။ ။ သူနဲ့ချတုန်းက သူ ကရာတေးသင်တန်းတက်ခါစဆိုတာမသိပါဘူး။ နောက်တော့ ၀တ်စုံကြီးနဲ့ အိမ်ရှေ့ကဖြတ်လမ်းသလားမှသိတာ။ ကံကောင်းတာက သူကခါးပတ်အဖြူမို့ ကျွန်မသိပ်မထိခိုက်ဘူးထင်ပါရဲ့။း)

Tuesday, December 2, 2008

ဘ၀(၂)


ရေကြည်ရာ မြက်နုရာ
ကိုယ့်သဘောနဲ့ကိုယ်လာရင်း
အိမ်လွမ်းတဲ့စိတ်
ဘယ်လိုမှ သိမ်းမရတာ
ငါ့ကိုယ်ငါ အပြစ်တင်ချင်ရဲ့ ....
လိုချင်တာနှစ်ခု စုံကိုင်ခွင့်မရတော့မှ
ဘ၀ဆိုတာ .......
တကယ်တော့
လက်တစ်ဘက်တည်းရှိပါလားလို့
ခုမှသိလိုက်ရတယ် .....

ခေါင်းစဉ်မဲ့ဝေဒနာ


ဟိုနားကစစ်ကနဲနာ၊ ဒီနားကစစ်ကနဲကိုက်
ခပ်တိုးတိုး ညည်းငြူသံတွေကြားယောင်
သက်ပြင်းမောတွေ အခါခါချရင်း
အတွေးတွေညဉ့်နက်
အိပ်မရခဲ့တာကြာပေါ့

ထမင်းတစ်လုတ် ပါးစပ်ထဲထည့်တိုင်း
အတွေးတစ်စ ၀င်ဝင်လာတယ်
ထမင်းလုတ် ပါးစပ်ထဲရောက်ဖို့အတွက်
အဆင်ပြေပြေ သယ်လာမယ့် လက်ရယ်၊ ဟနိုင်တဲ့ပါးစပ်ရယ်
ဝါးနိုင်တဲ့သွားတွေရယ်
ရှိဖို့ တကယ်လိုအပ်တာပါ

လောကကြီးမှာ
မညီမျှတာတွေ အလဲအလှယ်လုပ်တာမြင်ရတိုင်း
ရင်ဘတ်ထဲက ကျင်နေအောင်နာတာ
သူများမပြောနဲ့ ကိုယ့်အနီးနားကလူတွေတောင်
ကိုယ်ချင်းမစာတတ်ကြဘူး

ဒီလို ဒီလိုနဲ့ပဲ
အချိန်တွေ တရွေ့ရွေ့
သွားတဲ့သူတွေ သွားကြပြီ
ကျန်တဲ့သူတွေ ကျန်ခဲ.ပြီ
ကောင်းတဲ့သူတွေ ကောင်းသွားပြီ
ဆိုးတဲ့သူတွေလဲ ဆိုးနေကြတုန်းပါပဲ

အခန်းဖော်


စိတ်ကူးတွေ ခပ်ပါးပါးနဲ့
တယောက်တည်းနေချင်ချိန်တွေမှာ
စကားသံတွေက နှောက်ယှက်တယ် ....

ကြည့်လဲမသိ ပြောလဲမနာ
မကြားယောင်ဆောင်လဲမရ
အခါခါ စိတ်ပျက်ရပေါင်းလဲများပြီ ....

ထပ်ခါ ထပ်ခါဖွင့်တဲ့ဓါတ်ပြား
ကိုယ့်အတွက် ဟောင်းသွားပေမယ့်
သူ့အတွက်တော့ သစ်နေတုန်းပဲ ....

ကိုယ့်ဖိစီးမှု့နဲ့ကိုယ်
ရုန်းကန်နေကြပါတယ်ဆိုမှ
ဘာလို့ နားလည်မှု့ တစ်မှုန်စာလောက်တောင်မရှိကြတာပါလိမ့် ....

ကြာတော့လဲ
ငါ့နားတွေ၊ မျက်စိတွေတောင်
ကောင်းလျက်နဲ့ကန်းကုန်ကြပြီ ......

မှတ်ချက်။ ။ သူများနဲ့တူတူနေရတဲ့အခါတွေမှာ ကိုယ့်ကြောင့်သူတစ်ပါး စိတ်မဆင်းရဲစေချင်သလို၊ သူများကြောင့်လဲ ကိုယ်စိတ်မညစ်ချင်ပါဘူး ... အသွင်မတူတဲ့အခန်းဖော်နဲ့တူတူ နေခဲ့ရတုန်းက စိတ်ညစ်လို့ရေးထားဖူးတဲ့ ကဗျာတစ်ပုဒ်ပါ ....

လယ်သမားနှင့်ဂြိုလ်သား


တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်သားတစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမှုအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ
လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက
ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို "ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က
ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့
ပြောလိုက်တယ်။ သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။
သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစံနဲ့
ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်"

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး " ကြောက်စရာကောင်းတဲ့
လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့
သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက
လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့
ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး
လစ်တော့တာပဲ"

တစ်ရက်၊ နှစ်ရက်မမြင်ရဘူး ....


နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး
အများအပြား တက်ရောက်ကြသည်။

အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။
"ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ
သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။ အဲ့ဒီနောက် သူ့ကို
တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့
ပြန်ရောက်လာတယ်။ ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး
လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်"

အင်္ဂလိပ် အမျိုးသမီး အလှည့်ရောက်လာသည်။
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ ထမင်း
မချက်နိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူးလို့။ တစ်ရက် နှစ်ရက် မမြင်ရဘူး။
သုံးရက်မြောက်နေ့မှ သေတ္တာတစ်လုံးနဲ့ ပြန်ရောက်လာတယ်။ သေတ္တာထဲမှာ
စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်။

မြန်မာအမျိုးသမီး အလှည့်သို့ ရောက်လာရာ ...
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ
တံမြက်စည်း မလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်ပေးနိုင်ဘူး၊
ပန်းကန်လည်း မဆေးနိုင်ဘူး။ တစ်ရက် မမြင်ရဘူး။ နှစ်ရက်မမြင်ရဘူး။ အဲ့..
သုံးရက်မြောက်နေ့မှာ ဘယ်ဖက် မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်"

အံ့ဖွယ်မြန်မာ


“ဘာပြောတယ် လော်ရာ”

“စိတ်မ၀င်စားဘူးလို.ပြောတာပါ ဒယ်ဒီ”

“မရဘူး သမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ဗမာစကားမတတ်လို.မရဘူး”

“ဒါဆိုလည်း နောက်မှတက်မယ် ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ. ဂျပန် ယဉ်ကျေးမှုအတန်းတွေ တက်ရဦးမယ်”

“အဲ.ဒါခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို.ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ.ဆီသွားလို.ရပြီ။ မင်းလုပ်ချင်တဲ.အလုပ် လုပ်လို့ရပြီကွ”

“အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ”

“၀င်ပြီလား သမီး။ ကဲ .... မင်းဗမာစာ၊ဗမာစကားတတ်ပြီ ဆိုပါတော. ပထမဆုံး မင်း ရန်ကုန်က မာစတာတန်းတွေတက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း၊စာခန့်တွေဖတ်လို့ရမယ် ... ပြီးတော့ ....”

“ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့ ”

“ဘာကွ ..... အေး .... ၂၀၀၀ ပြည်.နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလိုအချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ”

“သိပ်တော့မထူးပါဘူး”

“ဟာ ...သိပ်ထူးတာပေါ့ သမီးရယ် ။ ကဲ .... ဒယ်ဒီပြောမယ်... နားထောင် ။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် မိုက်ခရိုဆော.ရဲ့ ၀င်းဒိုး ပုပ္ပါးကို မင်းဘယ်လိုသုံးမလဲ ။ ထားပါတော. မင်းက အိုးပင်းဆို. လို. ။ လင်းနက်ရဲ့ ဟင်္သာရောင်အပိုင်း(၆) ကိုရော ဘယ်လိုကိုင်တွယ်မလဲ .....
အလုပ်လုပ်လို.မကောင်းတော.တဲ. ၀င်းဒိုး ဗစ်စတာ နဲ.နေခဲ့ချင်ရင်တော. မင်း အမေရိကကို သွား .. ခေတ်ရှေ.ပြေးနေတဲ. အရှေ.တောင်အာရှကိုတော. မလာလေနဲ.။ နောက်ပြီး ဆဲလ်ဖုံးနဲ. မြေပုံစနစ်တွေမှာဆိုရင် မင်းဗမာစာ မတတ်တာနဲ.သုံးရခက်ပြီ”

“ ဘာဆိုင်လဲ ဒယ်ဒီရာ”
“ဆိုင်တာပေါ. .... တက်ခ်ျစကရင် နဲ. အသံကွန်မန်း တွေသုံးထားတဲ. (ဆသရ) အမျိုးအစားဖုံးတွေကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ”

“ဆိုနီနဲ. နိုကီယာကတော. အင်္ဂလိပ်လိုသုံးပါသေးတယ်”

“ဒယ်ဒီသိပြီ။ ငါ့သမီးက ၀ိဇ္ဇာတန်းတက်ပြီး ခေတ်နဲ.မျက်ခြေပြတ်နေတာကိုး။ မင်းပြောတဲ. တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကိုမမှီတော.ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ. ဆသရ အရောင်းမြှင်.တင်ရေးပွဲကို အမ်အာတီဗွီ ၂၃ က တိုက်ရိုက်လွှင်.လို. ဒယ်ဒီကြည်.လိုက်ရတယ်။

သိပ်ကိုကောင်းတဲ. လက်ကိုင်ဖုံးတွေပဲ သမီး။ နိုကီယာဆိုတာ ကလေးကစားတာပါကွာ။ ကဲ .... ဒီတော. သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင် လိုက်ခဲ.တော.. ဟုတ်ပြီလား ။”

“ဗမာပြည်ဝင်ခွင်.ဗီဇာက ထင်သလောက် မလွယ်ဘူးနော် ။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ”

“ဒယ်ဒီက တောင်ငူမှာလုပ်မယ်. လေယာဉ်ပြပွဲကိုသွားမယ် ။ ဗမာပြည်လုပ် မိုးယံဆင် ငါးထပ်လူစီး လေယာဉ်ကို အဓိကကြည်.ချင်လို.ပါ ။ အဲ.ဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော. တောင်ပံတွေလဲခေါက်သိမ်းနိုင်တယ်တဲ.။ သမီးပါရင်တော. ရန်ကုန် မြကျွန်းသားပန်းခြံထဲက ရေအောက်ပြခန်းမှာ လုပ်မယ်. စက်ရုပ်အလေးမပြိုင်ပွဲ ၀င်ကြည်.မလားလို.လေ”

“စိတ်ဝင်စားဖို.တော.ကောင်းသားပဲ .....ဒါနဲ. အစားအသောက်က အဆင်ပြေပါ.မလား ဒယ်ဒီ”

“ဟား ဟား ... ငါ.သမီးက သူ.အမေနဲ.တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာ သမီး ... ဗမာပြည်မှာမရတာမရှိဘူး ။ သမီးဘာစားချင်လဲ ။ အဆူးမပါ အနံ့ကင်းတဲ. ၂၁၁၄ ခုနှစ်စတိုင်ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ. လေးထောင်.ပုံကြက်ဆင်ဥလား၊ လေဆာနဲ. အရိုးတွေကိုချေပြီး တကောင်းလုံးဝါးလို.ရအောင်လုပ်ထားတဲ. ငါးသလောက်ပေါင်းလား၊ ဥရောပသားတွေအတွက် သီးသန်.လုပ်ထားတဲ. အဖြူရောင် ပုန်းရည်ကြီးလား ... ဒါမှမဟုတ်....”

“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .... သွားရေး၊လာရေးနဲ. ဆက်သွယ်ရေးက... ”

“သမီး .... သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆိုကတည်းက ဒါတွေ ထည်.စဉ်းစားဖို.မလိုဘူးလေ ။ လေယာဉ်ပေါ်ကဆင်းတာနဲ. အောက်ဆီဂျင်စစ်စစ် ထည်.ထားတဲ. လေရှုဗူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ. ဦးထုပ်နဲ. မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင်.တော. သမီးမပူရတော.ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ. ကားတံခါးကို လာကပ်မယ်Tube တွေရှိတယ်။ အဲ.ဒီအပေါ်ခြေထောက်ချလိုက်ရုံနဲ. အလိုလျောက်ရွေ.လျားပြီး သမီးကို ရီဆက်ရှင်းကို ပို.ပေးလိမ်.မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ. ဟိုတယ်ဝန်ထမ်းတွေစောင်.နေလိမ်.မယ်။ နောက် ... ဘာတဲ. .... ဆက်သွယ်ရေး ဟုတ်လား .... ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ. အင်တာနက်ကွန်နက်ရှင် ရပြီ ။ ဂျီအက်စ်အမ်တွေသယ်လာရင် ပြောလို.ရပြီ။ အဲ...ကိုယ်.ဖုံးယူလာဖို.မေ.လာရင်လည်း မပူပါနဲ. ။လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို လိုက်ဝေနေတဲ.ချာတိတ်တွေရှိတယ် ...ကြိုက်တဲ. ဆင်ကဒ်ရွေးယူ။ ဟန်းဆက်ကတော. ထုတ်ထားတာ နှစ်ပတ်ကြာတဲ. မော်ဒယ်ဆိုရင် အလကားယူလို.ရတယ်လေ။ အများစုကတော. ဆသရ လို.ခေါ်တဲ. တံဆိပ်တွေပေါ. လေ ...”

“အော ... ကောင်းလိုက်တာနော် ။ ဒါနဲ့ အစိုးရနဲ.နိုင်ငံရေးကရော ... ”

“အစိုးရ ... အစိုးရ ... ဒီ အစိုးရကတော.ကွာ .... ဒယ်ဒီပြောမယ် ... ဒီလိုရှိတယ် ...”
ထိုစဉ် .... “ဆိုက်ကားအားလား” ဟူသော ခရီးသည် အသံကြောင်. ကျွန်တော်လည်းလန်.နိုးသွားကာ ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို.လေတော. သတည်း ........

မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်၏ ဖော်ဝဒ် မေးလ်မှရတာကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ကျွန်မရင်ထဲမှာလဲ ကျွန်မတို့နိုင်ငံကို တကယ်ဒီလိုနိုင်ငံမျိုးဖြစ်စေချင်ပါတယ် ...

Monday, December 1, 2008

ရင်ဖွင့်သူ



ခံစားချက်တိုင်းကိုသာ
ဖောက်ခွဲခွင့်ရခဲ့ရင်
ငါ့လောက်နေပျော်သူ
ကမ္ဘာမှာရှိမယ်မထင်ဘူး …..

မျိုသိပ်ခြင်းဆိုတာ
ကောင်းတဲ့အရာတစ်ခုလို့
ဘယ်တုန်းကမှ မထင်ခဲ့ပေမယ့်
ငါဟာ မျိုသိပ်ခြင်းနဲ့ ရင်းနှီးခဲ့တယ် …..

တခါတခါ
စိတ်ရှိတိုင်းလုပ်လိုက်ချင်ပေမယ့်
ငဲ့ညှာစရာတွေက
ငါ့ခေါင်းထဲပေါ်ပေါ်လာတယ် ….

လူတွေက ငါ့ကို
“အနစ်နာခံတတ်သူ” တဲ့ ……
နာမည်ကောင်းပေမယ့်
ငါ့ရဲ့ခံစားချက်တော်တော်များများကို
သဂြိ င်္ုလ်ပစ်လိုက်ရတာတော့
ရင်မချိစွာနဲ့ပါပဲ ….

Sunday, November 30, 2008

လက်ထဲမှဖန်ခွက်ကိုလွှတ်ချလိုက်ပါ



လူတိုင်း လူတိုင်းမှာ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အလုပ်နဲ့ ပတ်သတ်လို့ စိတ်ဖိစီးမှု့တွေ အနည်းနှင့်အများရှိတတ်ကြပါတယ်။ အဲ့ဒီစိတ်ဖိစီးမှု့တွေကို မဖြေလျော့တတ်ရင် စိတ်ကျန်းမာရေးရော၊ ရုပ်ကျန်းမာရေးပါထိခိုက်နိုင်သလို ကိုယ့်ရဲ့လုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေလဲ လျော့ကျသွားတတ်ပါတယ်။ အဲ့လိုမထိခိုက်အောင်၊ စိတ်သက်သာအောင်ဘယ်လိုနေရမယ်ဆိုတာကိုရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကျွန်မဖတ်ခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းလေးကို သိတဲ့သူတွေလဲရှိနိုင်သလို၊ မသိတဲ့သူတွေလဲရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေပြန်ဖတ်ဖြစ်လို့ စိတ်အနည်းငယ်သက်သာအောင် လုပ်နိုင်တယ်ဆိုရင်ပဲ ကျွန်မကျေနပ်ပါတယ်။ ဒီဇာတ်လမ်းလေးကို သင့်သလိုဘာသာပြန်ပြီး သူငယ်ချင်းတွေကို မျှဝေပါရစေရှင်။

ဇာတ်လမ်းလေးကတော့ ဒီလိုပါ ……

ပရော်ဖက်ဆာတစ်ယောက်ဟာ ရေအနည်းငယ်ထည့်ထားတဲ့ ဖန်ခွက်လေးကို ကိုင်ပြီး သူ့အတန်းကို စတင်ဖို့ဝင်လာပါတယ် .... နောက်တော့သူဟာ ကျောင်းသားတွေအားလုံးမြင်သာလောက်အောင် ဖန်ခွက်လေးကို ကိုင်မြှောက်ပြီး
“ ဒီဖန်ခွက်ဘယ်လောက်လေးမယ်ထင်သလဲ” လို့ကျောင်းသားတွေကို မေးလိုက်ပါတယ်။

“၅၀ ဂရမ်” “၁၀၀ ဂရမ်” “၁၂၅ ဂရမ်” စသဖြင့်ကျောင်းသားတွေက ဖြေဆိုကြပါတယ်။

ဒီအခါမှာ ပရော်ဖက်ဆာက “ဆရာချိန်မကြည့်ပဲနဲ့ ဒီဖန်ခွက်ဘယ်လောက်လေးသလဲ အတိအကျမသိပါဘူး” တဲ့
“ဒါပေမယ့် ဒီဖန်ခွက်လေးကို ဒီလိုကိုင်မြှောက်ပြီး မိနစ်အနည်းငယ်နေရင် ဘာဖြစ်မလဲလို့ မေးချင်တာပါ” လို့ဆိုသတဲ့။

ဒီတော့ ကျောင်းသားတွေက “ဘာမှမဖြစ်ပါဘူး” လို့ပြန်ဖြေကြပါတယ်။

ပရောဖက်ဆာက “ကောင်းပါပြီ ဒီလိုဆိုရင် တစ်နာရီလောက်ကြာအောင် ဒီလိုဆက်ကိုင်ထားမယ်ဆိုရင်ရော” လို့မေးပြန်သတဲ့။

ဒီတခါမှာ ကျောင်းသားတစ်ယောက်က “ဆရာ့ လက်မောင်းတွေညောင်းလာမှာပေါ့” လို့ဖြေလိုက်ပါတယ်။

“တပည့်ပြောတာမှန်ပါတယ် ။ တကယ်လို့ ဒီဖန်ခွက်ကို တနေကုန်သာ ကိုင်မြှောက်ထားမယ်ဆိုရင်ရော” လို့ထပ်မေးပြန်ရော …

ဒီတခါမှာလည်းကျောင်းသားတစ်ယောက်က “ဆရာ့လက်မောင်းကြောတွေဆိုင်းလာသလိုဖြစ်လာမယ်၊ ကြွက်သားတွေလဲနာလာမယ်၊ လေတောင်ဖြတ်သလိုဖြစ်သွားနိုင်တယ် …ဆေးရုံတော့သွားရမှာသေချာသလောက်ပဲ” လို့ဖြေလိုက်ပါတယ်။

ဒီအခါပရော်ဖက်ဆာက “မင်းဖြေတာ သိပ်ကောင်းတဲ့အဖြေပါ။ ဆရာတို့ ဒီလိုတနေကုန်ဖန်ခွက်ကိုကိုင်မြှောက်ထားတဲ့အချိန်မှာ ဖန်ခွက်ရဲ့အလေးချိန်ကပြောင်းလဲသွားသလား” လို့ထပ်မေးလိုက်ပြန်ပါတယ်။

ကျောင်းသားအားလုံးက “ပြောင်းလဲမသွားပါဘူး” လို့ဖြေလိုက်ကြပါတယ်။

ဒီတော့ ပရော်ဖက်ဆာက “ ဒါဆို ဘာလို့ လက်မောင်းတွေအောင့်လာပြီး ကြွက်သားတွေနာလာရသလဲ” တဲ့ ….

ပြီးတော့ ထပ်မေးပြန်ပါတယ် “ဒီနာကျင်မှု့က လွတ်မြောက်အောင် ငါတို့တွေဘာလုပ်သင့်သလဲ” တဲ့။

ကျောင်းသားတစ်ယောက်က “ဖန်ခွက်ကိုလွှတ်ချလိုက်ပါ” တဲ့။

ဒီအခါ ပရော်ဖက်ဆာက “အတိအကျပါပဲ” လို့ပြောပြီးဆက်ပြောပါတယ်။

“ဘ၀ရဲ့ ပြဿနာတွေဒီလိုပါပဲ။ မင်းတို့ရဲ့ခေါင်းထဲခဏလေးသာ ထည့်ထားမယ်ဆိုရင် သိပ်ပြဿနာ မရှိပါဘူး။ တကယ်လို့ ခပ်ကြာကြာလေးတွေးမယ်ဆိုရင်တော့ စပြီးတော့ နာကျင်လာပါပြီ။ ဒီထက်ပိုပြီး ကြာကြာလေး ဆက်တွေးတော့မယ်ဆိုရင် လေဖြတ်ချင်သလိုလိုဖြစ်လာပါလိမ့်မယ်။ မင်းတို့ဘာဆို ဘာမှထပ်မလုပ်နိုင်တော့ပါဘူး။”

“မင်းတို့ဘ၀မှာအရေးကြီးတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှု့တွေနဲ့ပတ်သတ်ပြီး စဉ်းစားဖို့အရေးကြီးပါတယ်။ ဒါပေမယ့် မင်းတို့တွေနေ့တိုင်း မအိပ်ခင်အချိန်ရောက်ရင် အားလုံးကို လွှတ်ချလိုက်ဖို့က ပိုအရေးကြီးပါတယ်”
“ဒီလိုလုပ်မယ်ဆိုရင် မင်းတို့ရဲ့ စိတ်ဖိစီးမှု့တွေသက်သာမယ်။”
“မနက်မိုးလင်းလို့ အိပ်ယာနိုးတဲ့အချိန်မှာ ကြည်လင်၊ လန်းဆန်းနေမယ်။ နောက်ထပ်ကြုံလာမယ့် စိန်ခေါ်မှု့အသစ်တွေကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်” တဲ့။

သူငယ်ချင်းတို့ရေ ဒီနေ့အလုပ်ကပြန်ချိန်ရောက်လာခဲ့ရင် ဖန်ခွက်လေးကို လွှတ်ချဖို့ မမေ့ကြနဲ့နော် ။

Tuesday, November 25, 2008

ကံဆိုးသူ



ခံစားချက်တွေကို
သံစဉ်တွေနဲ့ဖောက်ထုတ်ဖို့
ဂစ်တာတစ်လက်ကို ငါ အပြင်းအထန်ရှာခဲ့တယ် ….

ဟော …. ဟိုမှာ
ဂစ်တာတစ်လက် …
ငြိမ်သက်စွာထောင်မတ်လို့
ငါ …. ၀မ်းသာအားရ ပြေးသွားပြီး
တီးမယ်ဟန်ပြင်လိုက်စဉ်မှာ ……..
တစ်စုံတစ်ရာကို ၀မ်းနည်းစွာ
ဖြက်ကနဲ သတိရလိုက်တယ် …..

ငါ …………………………………….
ဘယ်တုန်းကမှ ဂစ်တာ မတီးတတ်ခဲ့ပါလား …

Monday, November 24, 2008

တွယ်ရာမဲ့



မျှော်လင့်တိုင်းဖြစ်မလာတတ်တာ
ခဏ ခဏ သိခဲ့ရက်နဲ့
မျှော်လင့်ခဲ့မိတာ ငါ့အပြစ်ပဲပေါ့ ….

ငါလိုလူဆုတောင်းရင်
မပြည့်လောက်ဘူးဆိုတာသိပေမယ့်
ကောက်ရိုးတစ်မျှင်ရယ်လို့ ဖမ်းဆုပ်ခဲ့မိတယ် …
ဒါပေမယ့်လည်း
ငါ့ဆုတောင်းတွေ မပြည့်ခဲ့ဘူးကွာ …..

တကယ်တော့ အရာအရာဟာ
တစစ မှုန်ဝါးရင်းနဲ့ နောက်ဆုံးတော့
သူ့နေရာနဲ့သူ အသားကျသွားမှာပါ …..
ခုန်လှုပ်နေတဲ့ ငါ့နှလုံးသားတစ်စုံကလွဲလို့ပေါ့ ……

မင်းကိုသိပ်ချစ်တယ်ဆိုတာ
ငါ့ကိုငါ မသိခင်တုန်းက
ငါဆိုတဲ့ ငါ သိပ်အေးချမ်းခဲ့တာပါ …
မင်းကလောဘမကြီးဖို့ သတိပေးပေမယ့်
မင်းကို သိပ်ချစ်သွားတာ
ငါလုပ်ယူခဲ့တာမဟုတ်ဘူးနော် …..

ငါ မသိခင်ကတည်းက မင်းကငါ့ရင်ထဲရောက်နေပြီလေ…..
သိလိုက်တဲ့အချိန်မှာ မပိုင်ဖူးတဲ့ အရာတစ်ခုကို
လက်လွှတ်လိုက်တဲ့ ဆုံးရှုံးမှု့ရယ် …..
မင်းကို မပေးလိုက်ရတဲ့ အချစ်တွေရယ်ကလွဲရင်
ငါ့ဆီမှာ ဘာမှမကျန်တော့ဘူးကွာ …..

ဗလာဖြစ်နေတဲ့ ငါ့ရင်ထဲမှာ …
ဝုန်းဒိုင်းကြဲနေတာ ဘယ်သူမြင်နိုင်မှာလဲ???
စူးအောင့်တဲ့ဝေဒနာတစ်ခုကို
မြတ်နိုးစွာတွယ်ဖက်ရင်းနဲ့
နှလုံးသားတစ်ခြမ်းမရှိတော့တဲ့
ငါ့ရင်ထဲကို ငါတော့မြင်နေရတယ် …
ငါ မျက်ရည်မကျဘဲ ရှိုက်ကြီးတငင်ငိုနေမိတာ
မင်းနှလုံးသားလေး အအေးပတ်မှာစိုးလို့ပါ …..

Sunday, November 23, 2008

ရေကူးကြရအောင်


ဒီအကြောင်းအရာလေးကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ဖော်ဝဒ်မေးလ်လေးကဆင့် ရခဲ့တာပါ … ပုံတွေကို ကြည့်ပြီး သူငယ်ချင်းတွေကို မျှဝေပေးချင်လို့ ဒီပို့စ်လေးတင်ပါတယ် ..
အောက်ကပုံတွေကတော့ ရေတံခွန်ထိပ်မှာရှိနေတဲ့ 'The devil's swimming pool' လို့ခေါ်တဲ့ရေကူးကန်ရဲ့ပုံလေးတွေပါ … ဒီရေတံခွန်က ကမ္ဘာ့ အကြီးဆုံး ရေတံခွန်ရယ်လို့ ၀ီကီမှာဆိုထားပါတယ် … တောင်အာဖရိကရဲ့ Zambia နဲ့ Zimbabwe နှစ်နိုင်ငံကြားမှာ ရှိတဲ့ Zambezi မြစ်ပေါ်မှာတည်ရှိတာပါ …. အကျယ်က ၁.၇ ကီလိုမီတာ (၁ မိုင်) နဲ့ အမြင့်ကတော့ ၁၀၈ မီတာ(၃၆၀ ပေ) ရှိပါတယ် … အသေးစိပ် သိချင်ရင်တော့ ဒီလင့်ခ်လေးကို သွားနိုင်ပါတယ် …

ဒီရေကူးကန်က အစွန်းရောက် ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ရေပန်းစားနေပါသတဲ့ ...
ကျွန်မကတော့ ပုံတွေမြင်ယုံနဲ့တင် ကြက်သီးတွေထပြီး ခြေဖ၀ါးတွေယားလာပါတယ် ...
သူငယ်ချင်းတို့ရော သွားကူးချင်ကြပါသလား ?








Thursday, November 20, 2008

ဝေးနေချိန်လေး

ဘ၀(၁)


ဒီကဗျာလေးက ပျင်းစရာကောင်းလွန်းတဲ့ Seminor တစ်ခုမှာ အိပ်ငိုက်လွန်းလို့ရေးထားတဲ့ကဗျာလေးပါ ….

လူ့ဘဝ

တခါ တခါတော့လည်း
လူ့ဘ၀ဆိုတာ ဖြစ်ချင်တာမဖြစ်ရ
ငိုက်ချင်တာတောင် အခွင့်မရတဲ့
ခပ်ခြောက်ခြောက် Seminor မှာ
ငြိမ်သက်စွာ အသက်ရှုရ
မွန်းကြပ်လှပါလားနော် …

သို့ပေမယ့်လည်း
ကိုယ်ရွေးချယ်တဲ့ ကိုယ့်ဘဝ
ခုမှ မှားပါပြီအော်လို့မရ
ဝဋ်ကြွေးလို့သာမှတ်ပြီး
မျက်စိကိုဖွင့်နားကိုစွင့်လော့ ….

Thursday, November 13, 2008

ဒေါသနည်းအောင်နေနည်း အပိုင်း(၃)


• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပါမျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

ဒေါသနည်းအောင်နေနည်း အပိုင်း(၂)


• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ် ။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့ အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

ဒေါသနည်းအောင်နေနည်း အပိုင်း(၁)


ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း တရားတော်အားဝေငှလိုက်ပါသည်။

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့် ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော် နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင် တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

Tuesday, November 11, 2008

မှတ်မိနေသော ကဗျာတစ်ပုဒ်


“နင့်ကိုမချစ်၊ နင်ကျန်ရစ်” လို့
ဘာညာ ဘာညာ ပြောလိုက်တာနဲ့
ဒီကောင့်အသည်း ခွဲလိုက်နိုင်ပြီ
မင်းမထင်နဲ့ ….

လေနည်းနည်းစိုက် မင်းနောက်လိုက်ကာ
မင်းကိုချစ်တယ် ပြောခဲ့တာဟာ
စိတ်ကမပါ ကံစမ်းတာ …….

ဒီကဗျာလေးကို ခေါင်းစဉ်လဲ မမှတ်မိတော့သလို၊ ရေးသူအမည်လဲ မမှတ်မိတော့ပါဘူး …
မှတ်မိတာတစ်ခုကတော့ ဒီကဗျာလေးက ၁၉၉၆ လောက်က YIT ကျောင်းသားတွေ စုထုတ်တဲ့ကဗျာစာအုပ်လေးထဲကပါ …. ဖတ်ပြီးတော့ အမြင်ကပ်မိပေမယ့် ဘာကြောင့် အလွတ်ရနေမှန်းမသိဘူး …. ခုချိန်မှာတော့ ဖတ်ကြည့်ရတာ တော်တော်လေးသဘောကျမိတယ် ….

Wednesday, October 29, 2008

နားလည်မှု့

Tuesday, October 28, 2008

တိုက်ကပ်ပနုး

Wednesday, July 23, 2008

၂၄ ဇူလိုင် ၂၀၀၈ (၃၀ နှစ်ပြည့်မွေးနေ့)


ဒီနေ့ ကျွန်မမွေးနေ့ပေါ့ ….. မနေ့ကတည်းက ကျွန်မ ဘလော့မှာ မွေးနေ့အတွက် အမှတ်တရ ပို့စ်တစ်ခုခုတင်မယ်လို့ စဉ်းစားထားမိတယ် … ဒါပေမယ့် ဘာရေးလို့ ရေးရမှန်းမသိဘူးဖြစ်နေတာ မနေ့က မအိပ်ခင်ထိပဲ … ဒီမနက် အိပ်ယာကထထချင်း ရေးချင်တဲ့ အကြောင်းအရာလေးတစ်ခု ခေါင်းထဲတန်းဝင်လာသလို ကျွန်မအလုပ်ချင်ဆုံး အလုပ်လေးတစ်ခုကိုလဲတွေးနေမိတဲ့ အခိုက်မှာ ကျွန်မဖုန်းလေး အသံမြည်လာတယ် … ကျွန်မ အဖေနဲ့အမေပေါ့ …. ကျွန်မ မွေးနေ့ကို သူတို့ အမှတ်တရ သတိတရနဲ့ လှမ်းဆက်ကြတာ မိုးလင်းကတည်းကပဲတဲ့ .. ကျွန်မကလဲ ဖုန်းကိုပိတ်ပြီးအိပ်မိတယ် …

ကျွန်မ အိပ်ချင်မူးတူးနဲ့ ဘာပြောလို့ပြောရမှန်းမသိ အူကြောင်ကြောင်နဲ့ “ဟုတ်၊ ဟုတ်” ပဲလုပ်နေဖြစ်တော့တယ် .. ပြီးတော့ သူတို့ ဖုန်းချသွားကြတယ် …
အဲ့ဒီအချိန်မှာ ကျွန်မစိတ်ထဲ ၀မ်းသာ၊၀မ်းနည်းခံစားချက်နှစ်ခုတစ်ပြိုင်တည်းဖြစ်နေတယ်ဆိုတာ သတိထားမိလိုက်တယ် …၀မ်းသာတာက သူတို့ကျွန်မကို ဂရုစိုက်လွန်းလို့၊ ၀မ်းနည်းမိတာက ကျွန်မ မထုံတက်တေးနဲ့ပျော်ရွှင်တဲ့ အသံလေးနဲ့တောင် စကားပြန်မပြောဖြစ်ခဲ့လို့ပါ ….

တဆက်တည်း လောကကြီးမှာ ကျွန်မအပေါ်ကျွန်မမိဘလောက် ဘယ်သူမှမကောင်းနိုင်ဘူးဆိုတာလဲ ပိုသိလာတယ် … ဒါနဲ့များ ဘာလို့ အပူရှာချင်မိပါလိမ့်လို့လဲ တွေးမိသွားတယ် ….
ပြီးတော့ ကျွန်မအလုပ်ချင်ဆုံးအလုပ်တစ်ခုကိုလုပ်ဖို့ ကျွန်မအဖေဆီ့ ဖုန်းပြန်ခေါ်လိုက်တယ် …

“ဖေကြီး နဲ့ မေကြီး …. သမီးမွေးနေ့မှာ သမီးပထမဆုံးလုပ်ချင်တာက ဖေနဲ့မေကို ကန်တော့ချင်တာပါပဲ” လို့ကျွန်မ စိတ်အားထက်သန်စွာပြောမိတယ် … ဖေနဲ့မေက သာဓုခေါ်ရင်း ကျေနပ်နေတဲ့ အသံကို ကျွန်မခံစားလို့ရတယ် … ကျွန်မ မျက်နှာမှာလဲအပြုံးတွေနဲ့ပေါ့ …

ဖေကြီးနဲ့မေကြီးရေ …. သမီးမွေးနေ့မှာ ဖေတို့ကို အဝေးတစ်နေရာကနေပဲ လှမ်းကန်တော့ပါရစေ …
ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ပါ …. သမီးဘ၀မှာ ခုချိန်ထိ မိဘသည် ပထမ၊ မိဘသည် ဒုတိယ၊ မိဘသည် တတိယပါ … ဘယ်တော့မှပျောက်ပျက်သွားမှာမဟုတ်တဲ့ ဒီစိတ်ဓာတ်လေးကို မွေးကတည်းက သမီးရင်ထဲမှာ ပါလာစေတဲ့အတွက်လဲ ဖေတို့ကို အရမ်းကျေးဇူးတင်ပါတယ် …
သမီးလေ ဖေနဲ့မေကို လုပ်ကျွေးနိုင်စွမ်းရှိသရွေ့လုပ်ကျွေးချင်ပါသေးတယ် … အဲ့လိုလုပ်ကျွေးခွင့်ရလို့လဲ အတိုင်းမသိ ကြည်နူး ကျေနပ်မိပါတယ် ….

ဖေနဲ့မေ … သမီးကို ကျေးဇူးဆက်ခွင့် အကြာကြီးပေးပါဦးနော် ….
သမီးလေ ဖေနဲ့မေ ကို အရမ်းချစ်တယ် ….

ချစ်သမီး

Sunday, July 20, 2008

လက်ရှိ

Sunday, July 13, 2008

မမအတွက်ကဗျာ

Tuesday, July 8, 2008

လမ်း


ကျွန်မအလုပ်သွားရင် လျှောက်ရတဲ့လမ်းတိုလေးက သိပ်ချစ်စရာကောင်းတယ် … မြို့လယ်ခေါင်ကြီးမှာပေမယ့် အဲ့ဒီလမ်းလေးထဲရောက်ရင် မြို့လယ်ခေါင်လို့မခံစားရဘူး ..
အဲ့ဒီလမ်းလေးမှာ ပိုင်ဆိုင်တာဆိုလို့ လမ်းလေးကို အုပ်မိုးထားတဲ့တရုတ်စကားပင်တွေရယ် တရုတ်စကားပင်တွေအောက်မှာစိုက်ထားတဲ့ ပုဏ္ဍရိတ်ပန်းပင်လေးတွေရယ်ပဲရှိပါတယ် …
ပန်းရောင်အနု၊အရင့် … ကြက်သွေးရောင်ရင့်ရင့် … အ၀ါနုရောင် တွေရှိကြတဲ့
ရောင်စုံတရုတ်စကားပွင့်လေးတွေကလဲ ဝေတချို့၊ ကြွေတချို့နဲ့ ကဗျာဆန်စွာလှပနေကြတယ် ..
ဝေနေတဲ့ပန်းကလေးတွေကလည်း သူတို့ရဲ့မိခင်အပင်နဲ့ သူတို့ရဲ့ လမ်းတိုလေးကို အလှဆင်ကြသလို …
ကြွေကျနေတဲ့ပန်းကလေးတွေကလည်း ပန်းကော်ဇောခင်းထားသလိုမျိုးနဲ့ သူတို့ရဲ့ လမ်းတိုလေးကို အလှဆင်ကြပြန်တယ်လေ …. ဘယ်လိုပဲဖြစ်ဖြစ် လမ်းတိုလေးနဲ့ပန်းပွင့်လေးတွေနဲ့ပနံတင့်နေတာတော့ အမှန်ပါပဲ ..ကျွန်မလို စိတ်ကူးယဉ်တတ်သူတစ်ယောက်အတွက်တော့ လမ်းတိုကလေးက ရသမျိုးစုံပေးနိုင်တယ်လို့ ဆိုရမယ် …

ရေကြည်ရာ၊ မြက်နုရာရှာဖွေရင်း


ရေကြည်ရာ၊မြက်နုရာ ဆိုတဲ့ စကားကို ကျွန်မငယ်ငယ်ကတည်းက ကြားဖူးနေကျပါ။ ငယ်စဉ်ကတော့ ဘာရယ်သေချာမသိခဲ့ပေမယ့် ကိုယ်တိုင်အလုပ်စလုပ်တဲ့ အချိန်မှာ သိလာခဲ့ရတယ်။ ရေကြည်ရာ၊ မြက်နုရာဆိုတဲ့စကားကိုတွင်တွင်သုံးပြီး တစ်နေရာမှ တစ်နေရာ ကူးသန်း၊ ခုန်ကျော် နေကြတဲ့လူတွေထဲမှာ ကျွန်မလည်းတစ်ယောက်အပါအ၀င်ပါ။ အဲ့လိုသွားလာနေကြတဲ့သူတွေမှာလည်းရည်ရွယ်ချက်တွေ အမျိုးမျိုးနဲ့ပေါ့။ တချို့က ပျော်ပျော်ရွှင်ရွှင်၊တချို့က မပျော်မရွှင်၊ တချို့ကျပြန်တော့လဲ နဲနဲပိုကောင်းမယ်ထင်လို့၊ တချို့ကလဲဘ၀တစ်ဆစ်ချိုးကောင်းသွားမှာမို့လို့ စသဖြင့်ပေါ့လေ။

ကျွန်မကရော ….. ပြောရမယ်ဆိုရင် အပေါ်ကရည်ရွယ်ချက်တွေ အားလုံးနီးပါးနဲ့ ရေကြည်ရာ၊ မြက်နုရာကိုရှာဖွေခဲ့ဖူးတယ် … ရှာလည်းရှာနေဆဲပါ …. နောင် ဘယ်ချိန်ထိ ဆက်ရှာနေမလဲဆိုတာလည်း မသိသေးပါဘူး …. အဲ့လိုနဲ့ပဲ ကျွန်မတစ်စုံတစ်ရာကို သတိထားမိလာတယ်။ အဲ့ဒါဘာလဲဆိုတော့ရေကြည်ရာ၊မြက်နုရာလို့ ကျွန်မသတ်မှတ်တဲ့ နေရာတစ်ခုရောက်တိုင်းကျွန်မရဲ့ပိုင်ဆိုင်မှု့က လျော့လျော့သွားတာကိုပါပဲ … အရင်က ကျွန်မ မှာ မိသားစုဆိုတဲ့ နွေးထွေးတဲ့အ၀န်းအ၀ိုင်းလေးရယ်၊ခံစားချက်အစစ်တွေနဲ့ မိတ်ဆွေတွေရယ် ရှိတယ်။ ခုပိုကောင်းတဲ့နေရာတစ်ခုရောက်တဲ့အချိန်မှာ ကျွန်မပိုင်ဆိုင်တာကကျွန်မရဲ့အခန်းလေးတစ်ခန်း(သို့) ကျွန်မရဲ့ ခုတင်လေးတစ်လုံး ….နောက်ပြီး အပေါ်ယံခံစားချက်တွေနဲ့ မိတ်ဆွေတစ်ချို့ …..

ကျွန်မကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိတယ် …. ဒီလိုနေရတဲ့ ဘ၀ကိုပျော်သလား၊ ကျေနပ်သလားဆိုတာကိုပေါ့ …. ကျေနပ်တယ်ဆိုတဲ့ အဖြေကိုချက်ခြင်းပြန်ဖြေနိုင်သလို၊ မပျော်ဘူးဆိုတာကိုလဲချက်ခြင်းပြန်ဖြေနိုင်ခဲ့တယ်။ ကျေနပ်တာကတော့ ကိုယ်လျှောက်ချင်တဲ့ လမ်းကိုကိုယ့်စိတ်တိုင်းကျလျှောက်နေရလို့ရယ်၊ ကိုယ့်မိဘမသေခင် အတိုင်းအတာတစ်ခုထိလုပ်ကျွေးခွင့်လေးရလို့ရယ်ပါ။ မပျော်တာကတော့ မိဝေး၊ဘဝေး၊ ချစ်သူဝေးနဲ့နေရသလို၊ ဘ၀အမောတွေကြုံလာတိုင်း တိုင်ပင်စရာ၊ရင်ဖွင့်စရာ ဆိုတဲ့ဘ၀ရဲ့ ဟစ်တိုင်ပျောက်ဆုံးနေလို့ပါပဲ ….

မနက်အိပ်ယာထ၊ အလုပ်သွား၊ အလုပ်ပြန် ပြီးရင်ကိုယ့်ရဲ့အခန်းကျဉ်းလေးထဲမှာ ဖုန်းပြောရင်ပြော၊ ဒါမှမဟုတ်စာအုပ်တစ်အုပ်ဖတ် ဒါနဲ့ပဲ လည်ပတ်နေရတဲ့ ကျွန်မရဲ့ နေ့တဓူဝ ဘ၀မှာပျော်ရွှင်မှု့ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲဆိုတာမေ့တတ်လာသလို၊စိတ်လိုလက်ရ ပြုံးရယ်ဖို့ကိုလဲ သတိမရတတ်တော့တာကြာနေပါပြီ….ဒီလိုနေရတာကိုငြီးငွေ့လာသလိုလိုရှိမိတဲ့ အခိုက်အတန့်လေးမှာရေကြည်ရာ၊မြက်နုရာကို ထပ်မံရှာဖွေဖို့ ကျွန်မ ကြောက်သလိုကြီးဖြစ်မိတယ်….

ဒါပေမယ့်လည်း ……. အဲ့ဒီအခိုက်အတန့်လေးကျော်သွားတာနဲ့တပြိုင်နက် ကျွန်မရဲ့ အနာဂတ်ကို ကျွန်မ အလှဆင်ချင်ပြန်ပါလေရော …. ကျွန်မဖြစ်ချင်တာ၊ လုပ်ချင်တာတွေရှိနေသေးသ၍၊ ဆုပ်ကိုင်ထားနေသ၍တော့ရေကြည်ရာ၊မြက်နုရာကိုရှာဖွေရင်းနဲ့ကျွန်မရဲ့ပျော်ရွှင်မှု့တွေကို ခဏအကျဉ်းချထားပါရစေ …….

“ဟိုးတုန်းက ...”


လွန်ခဲ့တဲ့ ၈ နှစ်လောက်က အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ အဲ့ဒီကောင်မလေးကို အနိုင်ယူတတ်တဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ်။ ကောင်လေးက ကောင်မလေးထက် ၂ နှစ်ကြီးတော့ အစစ အရာရာ လိုက်ဆုံးမ၊ စည်းကမ်းတွေထုတ်တယ်လေ။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ကောင်မလေးခမျာ စိတ်ကျဉ်းကျပ်ပေမယ့် ကောင်လေးကိုချစ်တော့ သူ့စည်းကမ်းတွေအတိုင်း လိုက်နာနိုင်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ကောင်လေးရဲ့စည်းကမ်းတွေက အတော်တော့များသား ..... လက်သည်းမကိုက်ရဘူးတဲ့ (ကောင်မလေးက တခါတလေ လက်သည်းကိုက်လေ့ရှိတယ်)၊ လက်ဖက်ရည်ဆိုင်ထိုင်ရင် လမ်းမကို မျက်နှာမူပြီးမထိုင်ရဘူးတဲ့(ကောင်မလေးက အမြဲအဲ့လိုပဲထိုင်တတ်လို့တဲ့လေ)၊ ယောက်ျားလေးသူငယ်ချင်းတွေနဲ့ စကားပြောတာ မကြိုက်ဘူးတဲ့(ကောင်မလေးမှာ ယောက်ျားလေးသူငယ်ချင်းများတယ်လေ၊ ဘာလို့လဲဆိုတော့ ယောက်ျားလေးတွေက စိတ်ဆိုး၊စိတ်ကောက်သိပ်မရှိကြလို့တဲ့)၊ လမ်းသွားရင်း သီချင်းမဆိုရဘူးတဲ့(ကောင်မလေးက တခါတရံ သီချင်း ခပ်တိုးတိုး ညည်းလေ့ရှိတယ်)၊ ဘတ်စ်ကားပေါ်မှာစပါယ်ယာကရယ်စရာပြောရင် လိုက်မရယ်ရဘူးတဲ့ (ကောင်မလေးက အရယ်သန်တယ်လေ)၊ အစအနောက်သန်တာ လျော့တဲ့(ကောင်မလေးက ငပြောင်လေးမို့လို့လေ) စသဖြင့်ပေါ့လေ .... အများကြီးပါ .... ဒါပေမယ့်လဲ တတ်နိုင်သလောက်တော့ ကောင်မလေးလိုက်နာခဲ့တယ် ....

ကောင်မလေးအတွက် ကောင်လေးက ပထမဆုံးချစ်သူဖြစ်သလို၊ ကောင်လေးဘက်ကလဲ ဒီအတိုင်းပါပဲ ......
နှစ်ယောက်လုံးကလဲ တစ်သက်တာအတွက် ရည်၇ွယ်ချက်တွေနဲ့ပေါ့ .....
ဒီလိုနဲ့ ကောင်လေးက အလုပ်မှာ ပြသနာတစ်ခုတက်လို့ အထုတ်ခံလိုက်ရတယ် ....
အဲ့လိုအထုတ်ခံလိုက်ရတာဟာ ကောင်လေးရဲ့ မျှော်လင့်ချက်ကြီးတစ်ခုကို ပျက်စီးစေခဲ့တယ် ....
ကောင်လေး အရမ်းစိတ်ဓာတ်ကျနေချိန်မှာ ကောင်မလေးက ပိုအလိုက်သိတတ်လာတယ် .... ပိုချစ်လာတယ် ... ပိုလဲ အလျော့ပေးလာတယ် ... ကောင်မလေးက ကောင်လေးကို တခါမှ စိတ်မကောက်ဖူးဘူး .... ကောင်မလေးက စိတ်ကောက်မယ်လို့ကြံခါရှိသေး ကောင်လေးကကြိုစိတ်ဆိုးနေနှင့်ပြီလေ ..... ဒီလိုနဲ့ သူတို့ချစ်သူသက်တမ်း ၁ နှစ်ခွဲရောက်လာခဲ့တယ် .....

အဲ့ဒီအချိန်မှာ ကောင်လေးကို သိပ်သဘောကျတဲ့ နောက်ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ် ....
နောက်ကောင်မလေးက ကောင်လေးမှာချစ်သူရှိမှန်းသိရက်နဲ့ ကောင်လေးဘေးကို တစစ ရောက်လာခဲ့တယ်(ကောင်လေးနေခွင့်ပေးခဲ့တာလဲပါတာပေါ့)။ နောက်ကောင်မလေးရဲ့ မိန်းမဆန်မှု့တွေ၊ ဂရုစိုက်မှု့တွေအပေါ် ကောင်လေးသာယာခဲ့တယ် .... သူပေးတဲ့ ဆင်ခြေ၊ ဆင်လက်တွေကို ကောင်မလေးက သိသိကြီးနဲ့ မသိချင်ယောင်ဆောင် ခွင့်လွှတ်ပေးခဲ့တယ် ... ကောင်မလေးစိတ်ထဲမှာ သူ့ရဲ့ ပထမဆုံးချစ်သူ နဲ့ ပဲလက်တွဲချင်တဲ့ စိတ်ကြီးက အရာရာကိုခွင့်လွှတ်စေခဲ့တယ် .....

ဒီလိုနဲ့ တနေ့မှာပေါ့ ..... ကောင်လေးစိတ်ဆိုးနေတာကို ချော့ဖို့ ကောင်မလေးက ကောင်လေးရုံးကိုလိုက်သွားခဲ့တယ် ....(ပြသနာတခုခုဖြစ်တိုင်း ကောင်မလေးကမှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ ကောင်မလေးကပဲ အလျော့ပေးတာ ကောင်လေး အလုပ်ထုတ်ခံရပြီးကတည်းကပါ) အဲ့ဒီအချိန်မှာ ကောင်လေးနဲ့ နောက်ကောင်မလေး လက်ချင်းတွဲပြီး ကားလမ်းကူးလာတာကို မြင်လိုက်ရတယ် .... သူကြည့်တတ်မယ်ဆိုရင် အဲ့ဒီအချိန်မှာ ခံစားလိုက်ရတဲ့ အံ့သြမှု့၊ ၀မ်းနည်းမှု့၊ နာကျင်မှု့ တွေ တစ်ပြိုင်တည်းခံစားနေရတဲ့ မျက်နှာ အမူအရာနဲ့ မျက်ရည်တွေပြည့်နေတဲ့ မျက်ဝန်းတစ်စုံ သူသေချာမြင်လိုက်မှာပါ .... ဒါပေမယ့် ..... ဒါပေမယ့်ပေါ့ ..... သူက “နင်ရုံးမသွားဘူးလား၊ ငါတို့ မနက်စာ ဆင်းစားတာ” ဆိုတဲ့ စကားတစ်ခွန်းပဲပြောပြီး နောက်ကောင်မလေးနဲ့ ထွက်သွားခဲ့တယ်လေ ... အဲ့ဒါ ၂ နှစ်ကျော်ကျော် အချိန်လောက်မှာပေါ့ ......

သူတို့ ချစ်သူသက်တမ်း ၃ နှစ်အကြာမှာ ကောင်မလေးက ကောင်လေးကို စတင်လမ်းခွဲစကားပြောခဲ့တယ် .....အဲ့ဒီအချိန်ထိ ကောင်လေးက “ငါ နင့်ကိုပဲချစ်တာပါ။ နောက်ကောင်မလေးကို မချစ်ပါဘူး” တဲ့ .....ကောင်မလေး သူ့ကိုလမ်းခွဲမယ်ပြောတော့ သူ အရမ်းအံ့သြသွားတယ် .... သူထင်ခဲ့တာက သူဘာတွေပဲလုပ်နေနေ ကောင်မလေးက သူ့ကိုအမြဲချစ်နေမှာပဲလို့ ထင်ထားခဲ့တာကိုး(သူ့ကိုယ်သူ အရမ်းအထင်ကြီးမိတာနေမယ်ထင်ပါရဲ့) ..... ကောင်လေးရဲ့ စကားတွေက သူပေးခဲ့တဲ့ ဒဏ်ရာတွေနဲ့ အသားမာတက်သွားတဲ့ ကောင်မလေးရဲ့ နှလုံးသားကို မလှုပ်ရှားစေနိုင်တော့ဘူးလေ ..... ဒီလိုနဲ့ သူတို့ နှစ်ယောက် ဝေးကွာခဲ့ကြတယ် ......

Saturday, June 28, 2008

အနမ်း


ငါတို့နှစ်ယောက်ကြားမှာ
အနမ်းတစ်ခုလွတ်ကျခဲ့တယ် ..
နင်ကမဖမ်းခဲ့ပေမယ့်
ငါကတော့ အဲ့ဒီအနမ်းလေးအတွက်
တသသ ၀မ်းနည်းတုန်း ….
ငါမတောင်းပဲနဲ့ရခဲ့ပေမယ့်
ဒီအနမ်းကို ငါတန်ဘိုးထားမိတယ် …
ထပ်ခါ ထပ်ခါ မရခဲ့တဲ့ အနမ်းကို
ထပ်ခါ ထပ်ခါ လိုချင်နေမိတာ
ဒီအနမ်းရဲ့လျှို့ဝှက်တဲ့ ဆွဲငင်အားကြောင့်ဆိုတာ
အနမ်းလေးကရော၊ အနမ်းပိုင်ရှင်ကရော
သိချင်မှသိမှာပါ …..

ဇူလိုင် ၂၊၂၀၀၇ (မနက် ၁၀း၀၃)

မိုးတိမ်နှင့်မြို့


မနေ့က
ကျွန်မရဲ့မြို့လေးပေါ်
တိမ်တစ်အုပ်ဖြတ်ပျံသွားတယ် ….
ခဏလေးပါပဲ …
တကယ့်ကိုခဏလေးပါပဲ ….
ခဏလောက်မှိုင်းညို့သွားတဲ့အချိန်မှာ
မြို့လေးကတိတ်ဆိတ်လို့ကြေကွဲနေတာ
တိမ်တစ်အုပ်ကတော့ သိမယ်မထင်ဘူး …

မြို့လေးရေ
မင်းအပေါ်ကဖြတ်တဲ့ခဏမှာ
မင်းသဏာန်ကိုကြည့်ပြီး
ဝမ်းနည်းနေမယ်ဆိုတာ ငါမှန်းဆလို့ရပါရဲ့ ..
ငါကရော
ငွေ့ရည်တွေဖွဲ့နေလိမ့်မယ်လို့
မင်းနည်းနည်းလေးမှ မထင်ဘူးလားဟင် ….

စိတ်ကူး


အိပ်မက်တွေကို ဖမ်းဆုပ်ဖို့
တိတ်တဆိတ်ကြိုးစားနေတုန်း
မရေရာတဲ့ ကံကြမာရယ်
ငါ့ရဲ့မျှော်လင့်ချက်တွေကို
အရောင်တောက်ခွင့်ပေးပါ …

ငါ့အိပ်မက်တွေ ငါဆေးခြယ်
ငါ့ဇာတ်ညွှန်း ငါရေး
ငါကိုယ်တိုင်ဒါရိုက်တာ
ငါကိုယ်တိုင်မင်းသမီး
စိတ်ကူးနဲ့ရူးခွင့်တော့ပေးပါ …

ဘာဆိုဘာမှမသိတဲ့
နှလုံးသားတစ်စုံပါလို့
မကြေငြာရဲပေမယ့်
ရင်ထဲမှာ အမှတ်တရရှိသွားတာတော့
ငါ့ကိုယ်ငါ အသိဆုံးပါ …..

အကြိမ်ကြိမ်အခါခါ
ရှုံးနိမ့်ခဲ့တဲ့ ငါ့နှလုံးသား
မင်းဆီမှာ ထပ်ရှုံးရမယ်ဆိုရင်လည်း
ကျေနပ်စွာနဲ့ အရှုံခံဦးမှာပါ …..

ယုံကြည်မှု့တွေပြိုကျတဲ့နေ့ (ဇွန်လ ၂၆ ရက်၊ ည ၉း၀၀)


မြေကျင်းကို နက်နက်တူး
အုတ်မြစ်ကို အချိန်ယူချပြီး
သေချာတည်ဆောက်လာတဲ့
ငါရဲ့ ယုံကြည်မှု့အိမ်ကို
အချိန်ပိုင်းလေးအတွင်းမှာ
စကားလုံးအချို့နဲ့
ဖြိုချလိုက်နိုင်တာ နင်တော်လို့နေမှာပါ ….

အချစ်တွေကို သံမှိုတွေလို
ငါ့နှလုံးသားထဲရိုက်ထည့်
အနာကျက် အသားသေလောက်တော့မှ
အသည်းကိုဖြဲပြီး ပြန်ဆွဲထုတ်ရက်တာ
ငါ့ကံကိုက ကောင်းဖို့ပါမလာလို့နေမှာပါ …

လောကကြီးရေ ..
ဆုတောင်းခွင့်ရှိမယ်ဆိုရင်
မျှော်လင့်ချက်တွေ တသီကြီးနဲ့
ငါ့အိပ်မက်တွေကို
အကောင်အထည်ဖော်ခွင့်လေးတော့ ရချင်မိပါရဲ့ …

Sunday, March 30, 2008

ဝင်းခြံထိပ်က အဘိုးအို


မနက် မနက် အလုပ်သွားတိုင်း
ခြံလေးတစ်ခုရှေ့ ကဖြတ်သွားရတယ် …
အဲ့ဒီ ခြံလေးရှေ့ရောက်တိုင်းလဲ
ခြံဝကနေ ခြံပြင်ကို မျှော်နေတဲ့ အဘိုးအိုတစ်ယောက်ကို
နေ့တိုင်းတွေ့ရတယ် ….

လက်နှစ်ဘက်နောက်ပစ်ပြီးရပ်နေတဲ့
အဘိုးရဲ့ ကိုယ်ဟန်က ဖြူဖျော့ဖျော့
အဘိုးရဲ့ မျက်လုံးက ဝေသီသီ
ဘယ်ဆီကိုမျှော်နေမှန်းမသိတဲ့ အကြည့်တွေနဲ့
သူ့မနက်ခင်းတွေကို ဒီလိုပဲ ဖြတ်ကျော်နေခဲ့တယ်ထင်ပါရဲ့ ….

အဘိုးစိတ်ထဲမှာ ငယ်ဘ၀ကိုပဲလွမ်းနေသလား ….
အနာဂတ်ကိုပဲ ပုံဖော်နေသလား ….
ပျင်းစရာကောင်းတဲ့ နေ့ရက်တွေကိုပဲရေတွက်နေသလား …… ဆိုတာ
အဘိုးကိုယ်တိုင်ကလွဲလို့ ဘယ်သူသိနိုင်မှာလဲ …….

Tuesday, March 25, 2008

စိတ်ညစ်ရသော ဘ၀ရဲ့အချိန်ပိုင်းလေးတစ်ခု


(၁၉ မတ် ၂၀၀၈ မှ ၃၁ မတ် ၂၀၀၈ ထိ)

ခုတလော ငါ့ရဲ့နေ့ တဓူဝမှာ
ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်းလို့
အေးစက်နေခဲ့တာ
ရက်ပေါင်း ၃၀ ကျော်တောင်ရှိရော့မယ် ….

ဒါဟာဘ၀ရဲ့ တိုက်ပွဲတစ်ခုလား …
ဒဏ်ရာတစ်စလား …..
အဆုံးအမ တစ်ခုလား …..
ရေရေ ရာရာမပြောတတ်ပေမယ့်
သေချာတာကတော့ ငါ့ရဲ့ စိတ်ဓာတ်တွေ
အလဲလဲ အကွဲကွဲပါပဲ ……

Tuesday, March 11, 2008

Draw rhombus using recursive method in C#

// Call this line in main method
drawT(10);

public void drawT(int n)
{

for(int i=n; i > 0; i --)
{
drawSpace(i);
drawStar(n-(i-1));
Response.Write("
");
}
for(int i=1; i < n; i++)
{
drawSpace(i+1);
drawStar(n-i);
Response.Write("
");
}
}
public void drawStar(int n)
{
if(n ==0) return;
Response.Write("1");
drawStar(n-1);
}
public void drawSpace(int n)
{
if( n == 1) return;
Response.Write(" ");
drawSpace(n-1);
}

Find Destiny Number using C#

/*
A number derived from all of the letters in your FULL BIRTH NAME make up what is called the Destiny or Destiny number.
To arrive at your Destiny number, take each name separately and add up the letter values using the conversion chart below. Reduce each name to a single digit . Then add the results of all of the names to arrive at a total which you then once again reduce to a single digit.

Here is how to turn letters in the full name to a Destiny Number:
| 1 | 2 | 3 | 4 | 5 | 6 | 7 | 8 | 9 |
_____________________________________
| A | B | C | D | E | F | G | H | I |
| J | K | L | M | N | O | P | Q | R |
| S | T | U | V | W | X | Y | Z |

*/
private int FindDestinyNumber(string inputName)
{
inputName = inputName.ToUpper();
string str ="AJSBKTCLUDMVENWFOXGPYHQZIR";
string strWord="";int iDestNum=0;
for(int i=0; i < inputName.Length; i++)
{
strWord = inputName.Substring(i,1);
int idx = str.IndexOf(strWord)+1;
if(idx < 3)
iDestNum += 1;
else
{
int remainder = idx % 3;
if(remainder == 0)
iDestNum += idx/3;
else
iDestNum += (idx/3) + 1;
}
}
while(iDestNum > 9) {
string s = iDestNum.ToString();
iDestNum = Convert.ToInt32(s.Substring(0,1)) +
Convert.ToInt32(s.Substring(1,1));
}
return iDestNum;
}

ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ခြင်း(၁) …


စိတ်ထဲ အတွေးတစ်စ၀င်လာတယ် …. ကျွန်မ ဘာလို့ အငြင်းသန်သလဲဆိုတာပေါ့ …..
ကျွန်မမှန်တယ်ထင်တဲ့ အရာတွေတော်တော်များများကို အသဲအသန်ငြင်းလေ့ရှိတယ် …
မွေးရာပါဗီဇလို့ပဲပြောရမယ်ထင်ပါတယ် ….. ကျွန်မကိုသူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် “နင့်ကို တခုခုလာပြောတိုင်း နင်ပြန်ပြန်တုံ့ ပြန်နေရတာ မပင်ပန်းလွန်းဘူးလား” တဲ့ …. အဲ့ဒီတုန်းက “ မပင်ပန်းပါဘူး …. ပျော်တောင် ပျော်သေးတယ်” လို့ ကျွန်မပြန်ပြောခဲ့တာ မှတ်မိနေတယ် ….ဒါပေမယ့် ခုအသက်လေးနဲနဲကြီးလာတော့ ငြင်းတာတွေ မြင်ရ၊ ကြားရတာသိပ်မောတာပဲ …. ကျွန်မ မငြင်းချင်ဘူး။ အငြင်းမသန်ချင်တော့ဘူး …
ဒါပေမယ့် လုံးဝမငြင်းတော့တာလဲ မဟုတ်ပြန်ဘူး ……

ခုနောက်ပိုင်း ဘယ်သူ့စကားဝိုင်းကိုမှ ၀င်မပြောချင်ဘူးဖြစ်နေမိတယ် ….
ကိုယ့်စိတ်ကိုယ်လဲ မကျေမနပ်ဖြစ်တာတွေများလာတယ် … စိတ်တွေမကြည်လင်၊ မလန်းဆန်းဘူး …. ဘာကြောင့်ဆိုတာ သေချာသိပေမယ့် ကျွန်မကိုယ် ကျွန်မ မကုစားနိုင်ဘူး …. ကုစားဖို့ တခြားနည်းလမ်းရှိတာကို ကျွန်မသိပေမယ့် ခေါင်းမာနေတယ် …. ကျွန်မစိတ်တွေကို ထွက်ပေါက်ပေးချင်နေတယ် …. ဖောက်ခွဲချင်တယ် ….
ဘယ်လိုနည်းနဲ့ဖောက်ခွဲရမလဲဆိုတာ မသိဘူးဖြစ်နေတယ် …..
အဲ့လိုမသိတိုင်း ကျွန်မစိတ်ရဲ့ ဖိစီးမှု့တွေ အားလုံးကို ကျွန်မ မိဘနဲ့ ညီအကို၊မောင်နှမတွေဆီကို လွှဲပို့မိတယ် …. တကယ်ကကျွန်မ ပတ်ဝန်းကျင်ကလူတွေကို ကျွန်မမျက်နှာ မကြည်လင်မှု့ကြောင့် ဖြစ်ဖြစ်၊ ကျွန်စိတ်တိုလို့ စကားကောင်းကောင်းမထွက်လို့ပဲဖြစ်ဖြစ် စိတ်မညစ်စေချင်၊ စိတ်အားမငယ်စေချင်ဘူး …. ခုချိန်မှာ ပိုဂရုစိုက်ရမယ်ဆိုတာ မသိမဟုတ်၊ သိနေလျက်နဲ့ ကျွန်မ မိသားစုကို ဘာလို့များ နားလည်မှု့မပေးမိပါလိမ့် …..