စာလဲ မရေးတာ တစ်နှစ်တောင်ရှိသွားပြီ ... အလုပ်နဲ့ပတ်သတ်ပြီးစိတ်ရှုပ်လို့ ရေးမိရေးရာရေးလိုက်တာပါ ...
ဒီအလုပ်မှာ လုပ်ရတာ မနှစ်သက်ပေမယ့် ကိုယ့်ပလန်လေးတွေရှိနေသေးလို့ ဆက်လုပ်ရင်းနဲ့ စိတ်ကရှုပ်လိုက် ပြေလိုက် လုံးချာလည်နေတော့တာပါပဲ ... ခုလောလောဆယ်တော့ သတ်မှတ်ရက်တအားနီးလေ၊ စိတ်တွေ ဂယောင်ချောက်ချားဖြစ်လေ၊ လုပ်လက်စတွေ မပြတ်လေနဲ့ ရူးချင်သလိုလို ဖြစ်နေတယ် .....း(
ပုံစံခွက်တခုထဲ ဖြက်ကနဲကျသွားချိန်
ချော်လဲ ရောထိုင်ဖို့ကို
ပတ်ဝန်းကျင်ကပဲဖြားယောင်းတယ် …
အတိတ်ထဲကနေ သင်ခန်းစာယူရင်းနဲ့ပဲ
အဲ့ဒီအတိတ်ထဲမှာပဲ အခါခါချော်လဲ…
ထိခိုက် ပွန်းပဲ့သွားတာတွေပြပါဆိုရင်တော့
စိတ်တွေ၊ ခံစားမှုတွေ ပဲ ချပြစရာရှိတယ် …
Sunday, January 23, 2011
အလုပ် .... အလုပ် ... အလုပ်
Posted by ကြယ်ပြာ at 11:43 PM 9 comments Links to this post
Labels: တွေးမိတွေးရာ
Saturday, January 16, 2010
အမေသို့
အမေ …. ခုတလော သမီးစိတ်တွေရှုပ်တယ် အမေရယ် … စိတ်လဲမကောင်းဘူး ..
မြန်မာနိုင်ငံက ဆရာဝန်တွေ လူနာတွေအပေါ်စေတနာ တပြားသားဖိုးမှမရှိကြတော့ဘူးလား … အမေ့ကိုသမီးပြောပါတယ် … ပထမတစ်ခေါက်မျက်စိသွားပြကတည်းက ဆရာဝန်ကနောက်တစ်ဘက်က သွေးကြောတစ်ချောင်းယောင်နေတယ်ဆိုတော့ ကြိုတင်ကာကွယ်တာလုပ်ပါလို့လေ …
အမေ့ကို ဆရာဝန်က နေလို့ရသေးတယ် လကုန်မှလာဆိုတာနဲ့ပဲ အမေသူ့စကားကိုယုံပြီးတော့ မသွားဘူးလေ …. သူ့စကားအတိုင်း လကုန်သွားတော့ သူကယောင်နေတာပေါက်တောင်ပေါက်တော့မယ်တဲ့လား အမေ ….
ဒါဆို သူပြောတဲ့ နေလို့ရသေးတယ်ဆိုတာ ပေါက်တဲ့အထိစောင့်ခိုင်းတာလားအမေ ….
လေဆာပစ်တယ်ဆိုတာ သွေးကြောမပေါက်အောင်ပစ်တာလား … ဒါမှမဟုတ် ပေါက်အောင်ပစ်တာလား အမေ ….. အချက် ၂၀၀၀ တဲ့ …. နည်းသလားအမေရယ် …
အမေ့မျက်စိဘယ်လောင်တောင်နာလိုက်ရှာမလဲ …. သမီးစိတ်မကောင်းဘူးအမေ ….
အမေက ဆရာ့ကိုလေဆာပစ်ရင်သက်သာမလားမေးတော့ ဆရာက ဒါကတော့ ကံပဲတဲ့လားအမေ ... ဒီလိုလက်လွတ်စပယ်တော့မပြောသင့်ဘူးနော် … ပစ်လဲပေါက်မယ် မပစ်လဲပေါက်မယ်ဆိုရင် အမေ့မျက်စိကို အနာမခံသင့်ဘူးအမေ …. ပထမတစ်ဘက်တုန်းကလဲ လေဆာပစ်ပြီးရင်ကောင်းသွားမှာတဲ့ … ပစ်လဲပစ်ပြီးရော မျက်ကြည်လွှာမှာ အမာရွတ်ထင်သွားလို့ အရှင်းမမြင်ရနိုင်တော့ဘူးတဲ့ … လေဆာပစ်လို့ အမာရွတ်ဖြစ်သွားတာလားအမေ … မျက်ကြည်လွှာလဲရင် ရနိုင်မလားဆိုပြီး သီတဂူမှာ သွားမေးခိုင်းတော့ စမ်းသပ်ပြီး ဒါ မျက်ကြည်လွှာနဲ့ မဆိုင်ဘူးဆိုပြီး Register လုပ်ခွင့်မပေးပြန်ဘူး … ဘယ်ဆရာဝန်စကားကမှန်သလဲအမေရယ် … သူတို့ပေါ်မှာ သမီးတို့တွေကျန်းမာရေးကို အပ်ဖို့ ဆိုတာ ယုံကြည်ရပါ့မလားအမေ … သမီးအရမ်းစိုးရိမ်တယ် အမေရယ် … တစ်ဘက်က သိပ်မမြင်ရတော့ဘူး … ခုနောက်တစ်ဘက်ကထပ်ပြီး သိပ်မမြင်ရတော့ဘူးဆိုတဲ့အခြေအနေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ အမေရယ် …. အမေ့ရဲ့ကျန်တဲ့ မျက်စိတစ်ဘက် ဘာမှမဖြစ်ပါစေနဲ့လို့ သမီးဆုတောင်းပါတယ်အမေ ….
မှတ်ချက်။ ။ သူငယ်ချင်းတို့ရေ ... ဆီးချိုသမားမျက်စိဝေဒနာရှင်တွေကို ကုတဲ့မျက်စိဆရာဝန်ကောင်းကောင်းလေးများရှိရင် ညွှန်ပေးကြပါနော် .... ကျေးဇူးတင်ပါတယ် ....
Posted by ကြယ်ပြာ at 11:27 AM 19 comments Links to this post
Labels: ခံစားချက်အပိုင်းအစများ
Sunday, December 27, 2009
အလွမ်း
တိမ်ပြာရီရီ နဲ့ ညနေဆီရောက်ရင်လည်း
လွမ်းတယ် ….
လေပြေငယ်ဆော့မြူး တသုန်သုန်ဖြူးတိုင်းလည်း
လွမ်းတယ် ….
ပြိုမလို ညိုတလှည့်နဲ့ တိမ်တွေညှို့ဆိုင်း မှိုင်းလာရင်လည်း
လွမ်းတယ် ….
ရွက်ခြောက်ငယ်တွေ လေပြေနဲ့တွဲကတာမြင်ရင်လည်း
လွမ်းတယ် …
သည်းတချို့ ဖွဲတချို့ မိုးစက်ငယ်တွေ ခုန်ပေါက်ဆော့ကစားတာမြင်လည်း
လွမ်းတယ် …
ကမ်းစပ်ကို ခိုးနမ်းသွားတဲ့ လှိုင်းခေါင်းဖြူတွေကိုကြည့်ရင်းလည်း
လွမ်းတယ် ….
လလေးရေးရေး မကွေးတကွေးကို ကြည့်ရင်းလည်း
လွမ်းတယ် …..
သူတစ်လူ ငါတစ်မင်းနဲ့ တောက်ပနေတဲ့ ကြယ်စင်အစင်းစင်းကို ကြည့်ရင်းလည်း
လွမ်းတယ် ……
လှိုင်းခတ်သံကို တိတ်တခိုးနားဆင်ရင်းလည်း
လွမ်းတယ် …
လွမ်းတယ်ကွယ် … .ငါ မင်းကို အရမ်းလွမ်းတယ် …
Posted by ကြယ်ပြာ at 7:56 AM 15 comments Links to this post
Labels: ကဗျာ
Saturday, December 12, 2009
ကလပ်မှာကကြသတဲ့ ....
ခုတလောအချိန်အားလေးနည်းနည်းရရင် မြန်မာဗွီဒီယိုကားလေးတွေကြည့်ဖြစ်တယ် …
နောက်ပြီး ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေက ခေတ်ရဲ့အရိပ်ကိုတကယ်ပဲထင်ဟပ်စေသလားဆိုတာ လည်းကျွန်မတွေးမိတယ် .… တကယ်လို့ ထင်ဟပ်စေတယ်ဆိုရင်တော့ ကျွန်မစိတ်ထဲမှာ အနည်းငယ်တော့ ဘ၀င်မကျချင်သလိုလိုပါပဲ …
ခုတလောကြည့်မိတဲ့ကားလေးတွေထဲမှာ “Club” သွားမယ်ဆိုတဲ့ စကားကို ခဏခဏပြောကြတယ် …. ကလပ်မှာ ကတဲ့အခန်းတွေတော်တော်လေးပါကြတယ် … ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလူငယ်တွေတင်လားဆိုတော့လည်း မဟုတ်ပြန်ဘူး ….. သာမန်ဝန်ထမ်းအနေနဲ့သရုပ်ဆောင်သူတွေကလဲ ကလပ်သွားမယ် … ကမယ် .. .အကြောတွေလျော့မယ်တဲ့ …. တကယ်ပဲ မြန်မာပြည်ကလူငယ်လေးတွေ အဲ့လိုဖြစ်နေကြသလားကျွန်မသိချင်လာတယ် … အဓိကကတော့ မိန်းကလေးတွေပါ … ခေတ်နောက်ကျကျန်နေတယ်လို့ပြောရမလား၊ အမြင်ကျဉ်းတယ်လို့ပဲဆိုရမလားပဲ ဒီကလပ်သွားတယ်ဆိုတဲ့ကိစ္စကို မိန်းကလေးတွေအတွက် သဘောမကျတာတော့အမှန်ပဲ …. သွားဖူးလို့လားလို့ မေးရင် ကျွန်မတစ်ခါမှမသွားဖူးပါဘူး …. အမြင်နဲ့တင် စိတ်ကသိကအောင့်နိုင်လွန်းလို့လို့ပဲဖြေရမယ်ထင်ပါတယ် …. မသွားဖူးပဲနဲ့လာပြောနေတယ်လို့ဆိုရင်လဲ ကလပ်ကိုမိန်းကလေးတွေသွားခြင်းရဲ့ ကောင်းကျိုးလေးတွေတော့ သိချင်ပါတယ် … ကျွန်မကဆိုးကျိုးတွေပဲမြင်နေလို့ပါ …. ကျွန်မအသိကောင်လေးတစ်ယောက်ကို ကရတော့ဘယ်လိုနေလဲ … ဘာဖြစ်လို့သွားတာလဲလို့ မေးကြည့်ဖူးပါတယ် … သူကပြောတယ် စိတ်လွတ်ကိုယ်လွတ် ခုန်ပေါက်ကရတော့ စိတ်တွေပေါ့ပါးသွားတယ်တဲ့ …. မိုက်မိုက်လေးတွေလဲတွေ့ရတယ်တဲ့ … ယောက်ျားလေးတွေအတွက်တော့ မဆိုးလှဘူးပေါ့ …. ဆေးချ၊ ဖဲရိုက်၊ အပျော်အပါးလိုက်နေတာထက်စာရင်တော်သေးတယ်လို့ပြောလို့ရပါသေးတယ် …
ဒီနေ့ညကြည့်မိတဲ့ကားမှာကရင်းနဲ့ပြသနာတက်ကြပါတယ် …. ဘာလို့လဲဆိုတော့ ကတဲ့ ယောက်ျားလေးတစ်ယောက်က ကနေတဲ့မိန်းကလေးကို တင်ပါးကိုင်လိုက်လို့တဲ့ ….
ကောင်မလေးတွေက နင်ဘာလုပ်တာလဲဆိုတော့ မသိချင်ယောင်ဆောင်ပြီး ဘာလုပ်လို့လဲတဲ့ …. ဒီမှာ ကောင်မလေးတွေကဒေါပွပြီး နင်ငါ့ရဲ့-င်(ဒီလိုစကားလုံးမျိုးကိုလဲ ဆင်ဆာကခွင့်ပြုပါတယ်) ကို ကိုင်လိုက်တယ်လေဆိုတော့ … ကောင်လေးဖြေပုံက ကောင်မလေးကဖျားယောင်းလို့ ကိုင်လိုက်သတဲ့လေ …. ကျွန်မစိတ်ထဲအတွေးတွေထပ်ဝင်လာပြန်တယ် … ကနေတဲ့ထဲမှာ လူကောင်းတွေရှိနိုင်သလို၊ အခွင့်ရေးသမားတွေလဲရှိနိုင်ပါတယ် … ဒီလိုကိစ္စတွေမဖြစ်ဘူးလို့ ဘယ်သူမှအတပ်မပြောနိုင်ဘူးလေ။ ဖြစ်လာခဲ့ရင်လည်း ဒီလောက် ရှုပ်ရှက်ခတ်နေပြီး မှိတ်တလှည့် လက်တလီမီးရောင်ထဲဝင်ကတော့ အကိုင်ခံရတာနည်းသလားလို့ ပြောရမလိုဖြစ်နေပြီ ….
ကျွန်မတို့တွေ ကားကျပ်ကျပ်ကို လူချင်းထပ်စီးနေရတာတောင် တတ်နိုင်သလောက် အိတ်တွေ ထမင်းဗူးတွေနဲ့ကာပြီး မတတ်သာလို့သာ စီးကြရတာပါ …. ခုတော့ အထိ အကိုင်ခံချင်လို့လူကြားထဲဝင်တိုးကြသလားလို့တွေးရမလိုဖြစ်နေပြီ ……
Posted by ကြယ်ပြာ at 11:17 AM 17 comments Links to this post
Labels: ခံစားချက်အပိုင်းအစများ
Monday, November 30, 2009
ခုတလော
Management တဲ့ …. သဘောကျချင်စရာ၊ စိတ်ဝင်စားစရာကောင်းတဲ့ ဒီစကားလုံးကို ကျွန်မသိပ်သဘောမကျချင်တော့ဘူး …. တကယ်တော့ Management ဆိုတာအလုပ်တစ်ခုအောင်အောင်မြင်မြင်နဲ့ ပြီးမြောက်စေဖို့ Process တစ်ခုပဲဖြစ်သင့်ပါတယ် … ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အမိန့်တစ်ခုလိုမျိုးတော့မဖြစ်သင့်ပါဘူးလေ ….
ကျွန်မတို့အလုပ်က Management ဆိုသူတွေရဲ့ ကောင်းကွက်လေးတွေသိသလောက်ချရေးကြည့်ချင်သားလား ….
ကျွန်မရဲ့အထက်လူကြီးကပြောတယ် “ငါ ဘာ အယ်ရာမှ မလိုချင်ဘူး” တဲ့ … မသိရင် ကျွန်မကပဲ အယ်ရာတွေကို ချစ်လွန်း၊မြတ်နိုးလွန်းလို့ လုပ်ယူနေသလားပဲ … ကျွန်မလဲ ပြန်ပြောလိုက်တယ် … “နင်မလိုချင်သလို ငါလဲမလိုချင်ပါဘူး” လို့ …
စနေ၊တနင်္ဂနွေ အလုပ်မလုပ်စေချင်ပါဘူး ဆိုပြီး တနေ့ အလုပ်ချိန် ၈ နာရီစာမကတဲ့အလုပ်တွေကို ပြီးစေချင်တယ် …. တော်ပါတယ် သူတို့လုပ်ပုံ …
ပလန်လုပ်တယ်တဲ့ … ပလန်လုပ်တယ်ဆိုတာ ရှိနေတဲ့အလုပ်နဲ့မျှတတဲ့အချိန်တစ်ခုဖြစ်သင့်တာပေါ့ …. ခုတော့ အချိန်ကိုညှိလို့ရတယ်တဲ့ ဒါပေမယ့် ရက်ထပ်မတိုးရဘူးတဲ့ ….. ကျွန်မ ထပ်ပြောစရာ စကားမရှိတော့ဘူးလေ … အင်းလို့ မပြောလို့မှမရတော့လဲ အင်းပေါ့ …. မပြီးသေးတဲ့အလုပ်တွေလုပ်ဖို့ ပလန်ကို ပြောပါတဲ့ … ကျွန်မပြောလိုက်တယ် … တစ်ရက်မှာ ၂၄ နာရီပဲရှိတာ … ငါ ဒီအလုပ်အတွက် ၁၀ နာရီ နဲ့ ၁၂ နာရီကြားအချိန်ပေးထားတာလို့ဆိုတော့ မသိချင်ယောင်ဆောင်နေတယ် …ကျွန်မ ဒီလောက်ပဲတတ်နိုင်တယ် …. ကျွန်မအစွမ်းကုန် အကောင်းဆုံးလုပ်ထားတာပဲလေ …. ခန်းမှန်းခြေအချိန်ကိုပဲပေးလို့ရတဲ့ကျွန်မတို့အလုပ်မှာ ရက်အတိအကျတောင်းရုံတင်မဟုတ်ပဲ နာရီအတိအကျပါလာတောင်းတော့ ကျွန်မစိတ်တိုလာရော …. အိုင်တီအလုပ်မှာ အဖွဲ့နဲ့လုပ်လေ တစ်ယောက်ပေါ်တစ်ယောက်မှီတည်နေတဲ့ကိစ္စတွေကများလေပဲဆိုတာ သူလဲသိရဲ့သားနဲ့ … ပြီးတော့ သုံးလအချိန်ယူထားတဲ့ပရောဂျက်တစ်ခုကို အချိန်လျော့စေချင်တယ် … သူကနည်းနည်းလေးလျော့ခိုင်းချင်တာနဲ့ ကျွန်မဘော့စ်က လျော့ပေးမယ်ဆိုတာချည်းပဲ … နောက်လူတွေကိုထည့်မတွက်ဘူး … ဖြစ်နိုင်လားမဖြစ်နိုင်လားလဲ မစဉ်းစားဘူး …. Complaint ဘယ်လောက်တက်တက် နောက်ဆုံးတော့လဲ အထက်လူကြီးသဘောပဲ …
မဖြစ်နိုင်လို့ ကိုယ်တွေက ပိတ်ရက်တွေပါအလုပ်လုပ်ရပြီဆိုရင် လျော့ခိုင်းတဲ့လူကြီးက မင်းတို့ဘာလို့ ပိတ်ရက်တွေအလုပ်လုပ်သလဲတဲ့ … ဒီလိုလုပ်တာတောင် ထွက်လာတဲ့ Result ကျတော့ တူတူပဲတဲ့ … Result ကို သူဘာနဲ့တိုင်းသလဲတော့မသိဘူး .. သူ့အတွက်တော့ ကိုယ်တွေကို အချိန်လျော့ခိုင်းလို့ရလေ .. .သူက နာမည်ရလေပဲ ….
ဒီတော့ Management ဆိုတာ ကျွန်မအတွက်တော့ လူတွေကိုကျပ်တဲ့ Process တခုလို့ပဲလို့မြင်လာတော့တယ် ….
Posted by ကြယ်ပြာ at 8:55 PM 10 comments Links to this post
Labels: ခံစားချက်အပိုင်းအစများ
Sunday, October 18, 2009
ကြယ်ပြာရဲ့ “က” စကားလုံးလေးတွေ
မောင်လေးဗညားရှိန်တဂ်ထားတဲ့ ပို့စ်လေး အကြွေးဆပ်လိုက်ပါတယ် ...
နာမည်က ။ ။ ကြယ်ပြာ
ပြောချင်တဲ့စကားလေး လေးလုံးက ။ ။ ကိုယ်ကြိုက်တာလုပ်
ကောင်လေးနာမည်က ။ ။ ကင်းကောင်
ကောင်မလေးကတော့ ။ ။ ကြိုးကြာ
လုပ်ချင်တဲ့အလုပ်က ။ ။ ကွန်ပျူတာပညာရှင်
အရောင်ထဲမှာတော့ ။ ။ ကော်ဖီရောင်
ဘာဝတ်ထားလဲဆိုတော့ ။ ။ ကချင်ထမီ
ဘာအစားအစာကြိုက်လဲဆိုရင် ။ ။ ကော်ပြန့်စိမ်း
ရေချိုးခန်းထဲတွေ့တာ ။ ။ ကြွေဘေစင်
နေရာက ။ ။ ကျောက်ပန်းတောင်း
ဘာဖြစ်လို့နောက်ကျလဲဆိုတော့ ။ ။ ကားပျက်နေလို့
အော်ချင်နေတာက ။ ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး
ဇတ်ကားထဲမှာတော့ ။ ။ ကောင်းချစ်တဲ့မမ
ဘာသောက်ချင်လဲဆိုတော့ ။ ။ ကျောက်ကျော
တီးဝိုင်းနံမည်က ။ ။ ကွန်းစ် (Corns)
တိရစ္ဆာန်နံမည်က ။ ။ ကျား
လမ်းနံမည်ကတော့ ။ ။ ကန်ပတ်လမ်း
ကားက ။ ။ ကားဒီလက်
သီချင်းလေးထဲမှာ ........ ကိုယ်ရေးရာဇ၀င်(အငဲ)
ကြိယာထဲမှာတော့ . . . . . .ကင်သည် (Roast)
Posted by ကြယ်ပြာ at 6:43 AM 11 comments Links to this post
Labels: Tag
Sunday, October 11, 2009
ချစ်သူအတွက်
ဝေေ၀၀ါးဝါး မြူယံပါးပါးကိုထွင်းဖောက်
ကြည်စင်တဲ့အလင်းတစ်ပြောက်လို ….
လေမထန် မိုးမသဲ
ညင်းသွဲ့သွဲ့လေပြေတစ်ခက်လို ….
လမလင်း မ၀င်းပချိန်
တောက်ပတဲ့ကြယ်စင်တစ်စင်းလို ….
အသာအယာနဲ့ပဲ နင်ဟာ ငါ့ရင်ထဲ အလိုလိုရောက်ခဲ့တယ် ….
ကြည်စင်တဲ့မေတ္တာ အဆုံးမရှိတဲ့အကြင်နာတွေနဲ့
ခက်ထန်မှုတွေကို အရောင်ပြောင်း
မပျော့ပြောင်းတဲ့စိတ်တွေကို ဖယ်ထုတ်
သံသယအမှိုက်တွေကို သန့်စင်လို့
ငါ့ရင်တခုလုံးက ပန်းဖူးတွေကို
နင်ကညင်သာစွာပဲပွင့်စေခဲ့တယ် …
အချစ်ဆိုတာထက် မြတ်နိုးတွယ်တာမှုတွေပိုဖက်တဲ့
ငါ့အတွက်ပေးထားတဲ့ နင့်ရင်ထဲကရတနာတစ်ပါးကို
တစ်သက်တာတန်ဖိုးထားလို့
မပျောက်ပျက်အောင် ထိန်းသိမ်းမယ်လို့
ငါ ဒီကဗျာထဲကနေပဲ ကတိပေးပါတယ် ….
Posted by ကြယ်ပြာ at 8:13 AM 11 comments Links to this post
Labels: ကဗျာ

