Monday, December 15, 2008

အရင်လိုချစ်ဆဲပဲ .... (၂)


ဂျီတော့ခ်ပြောရလောက်အောင်မအားတဲ့နေ့တွေဆိုရင် မေးလ်အတိုလေးတွေ အပြန်အလှန်ပို့ရင်းနဲ့ စကားပြောဖြစ်ခဲ့ကြတယ်။ ကျော်က အိငယ်ကို “ဖိုးအိ” လို့ ခေါ်တတ်သလို အိငယ်ကလဲ “ကျော်” လို့ခေါ်ဖြစ်ခဲ့ကြပြီး “မင်း” ၊ “ငါ” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ တကယ့် ငယ်ပေါင်းကြီးဖော်တွေလို ရင်းနှီးခဲ့ကြတယ် ။ တကယ်တော့ ငါတို့နှစ်ယောက်သားရင်ထဲမှာ မမြင်ရတဲ့နှောင်ကြိုးတွေ အထပ်ထပ်ရစ်နေမိပြီဆိုတာ နှစ်ယောက်လုံးသတိမထားမိခဲ့ကြတာပါ ….

ဒီလိုနဲ့တစ်နေ့ ….
“ကျော်ရေ … ငါတို့ ကြေးအိုးသောက်ရအောင်ဟာ … ငါ့ကိုလာဝယ်တိုက်”
“အေး .. .ဒါဆို ဒီနေ့လည် မင်းအလုပ်ကို ငါလာခဲ့မယ် စောင့်နေ”

နေ့လည်ကျတော့ ကျော် ရောက်လာတယ်။ မျက်မှန်ကြီးကလဲ တပ်လို့။ အိငယ်ကတော့ နေပူလို့ တပ်လာတယ်ပဲထင်မိတာပေါ့။ ဒါပေမယ့် ဆိုင်ထဲရောက်တော့လဲ မျက်မှန်က မချွတ်ဘူး။
အိငယ်ကလဲ စကားပြောရင် မျက်လုံးတည့်တည့်ကြည့်ပြီးပြောတတ်တဲ့သူဆိုတော့
“ဟဲ့ … မျက်မှန်ချွတ်ဦးဟ … ”
“အာ. .. ဘာဖြစ်လို့လဲ ဖိုးအိလေးရာ … ငါ့ဘာသာငါ တပ်ထားတာ”
“မင်း မျက်စိနာနေလို့လား… မင်းမျက်မှန်ကြီးက ငါ့မျက်စိထဲ ရှုပ်နေတယ်ကွ ငါကမင်းမျက်လုံးကိုကြည့်ပြီးစကားပြောချင်တာ”
“မျက်စိမနာပါဘူး ထားလိုက်ပါ ဖိုးအိရာ မင်းကလဲ နောက်မှကြည့်” ဆိုပြီး မျက်မှန်ကိုလုံးဝမချွတ်ခဲ့ဘူးလေ။
အိငယ်က အလိုမကျဟန်ဖြင့် အနည်းငယ်စူပုပ်သွားကာ
“အေး ပြီးရော၊ ငါ့ကြေးအိုး ပူနေတယ် အအေးခံပေး”
“အေးပါ …. ငါလုပ်ပေးမယ် ” ဆိုပြီး ကျော်က ပြုံး၍ ကြေးအိုးပန်းကန်းကို အေးအောင်လုပ်ပေးနေတော့တယ်။
အိငယ်က ကျော့်ကို ဘာရယ်မဟုတ် စိုက်ကြည့်မိတယ်။ ကျော်က တစ်ချက်သာလှမ်းကြည့်ပြီး သူ လုပ်စရာရှိတာကိုပဲ ဆက်လုပ်ပေးနေတယ်။ မျက်မှန်ဘာလို့မချွတ်တာလဲကို သိချင်နေပေမယ့် အတင်းမမေးချင်တော့လို့ နှုတ်ဆိတ်ပြီး ပဲနေဖြစ်လိုက်တယ်။ နောက်ပိုင်း မင်းက ဘာ့ကြောင့်ဆိုတာ ငါ့ကို ပြန်ပြောပြခဲ့တယ်လေ။
“ ဖိုးအိလေးရယ် … ငါ့မျက်လုံးထဲမှာ မင်းကိုချစ်တဲ့အရိပ်တွေပေါ်နေတာ မင်းမြင်သွားမှာစိုးလို့ပါ” တဲ့လား …

နောက်တစ်ရက် … ထုံးစံအတိုင်းလာနေကျမေးလ်က ၀င်မလာဘူး …
အိငယ် နေမထိ၊ထိုင်မသာနဲ့ မေးလ်တွေဆက်တိုက်ပို့နေမိတယ် … ဒါပေမယ့် ပြန်စာကလုံးဝမလာခဲ့ဘူး။
အိငယ် စိတ်ပူစပြုလာပြီး အလုပ်လဲဆက်လုပ်လို့မရတော့အောင် ၀မ်းနည်းလာတယ်။ ဘာကြောင့်ဒီလိုခံစားမှု့ဖြစ်လဲဆိုတာကိုလဲ ကိုယ့်ကိုကိုယ်မဆန်းစစ်မိရိုးအမှန်ပါ။

နောက်တစ်နေ့မနက်ရောက်တော့ သူနေတဲ့အဆောင်ကို လိုက်သွားချင်စိတ်က ထိန်းမရတော့တာမို့
အစ်ကိုဝမ်းကွဲတစ်ယောက်ကို လိုက်ပို့ခိုင်းမိတယ်။ အဲ့ဒီမနက်က ၆ နာရီပဲရှိသေးတယ်။ သူ့အဆောင်နားနီးလာလေ အိငယ် ရင်ထဲမှာပျော်လေပါပဲ … သူနဲ့တွေ့ရတော့မယ်ဆိုတဲ့စိတ်နဲ့ပေါ့။
အဆောင်ရှေ့ရောက်တော့လဲ အစ်ကို့ကို သွားမေးပေးဖို့ အသနားခံရပြန်ရော … အစ်ကိုက အိငယ်ကို နားလည်သူမို့ လုပ်ပေးရှာပါတယ်။ အစ်ကို ပြန်ထွက်လာတော့
“အိငယ် နင့်သူငယ်ချင်း နယ်ပြန်သွားတယ်” လို့ပြောတယ်။
<< အပိုင်း(၁)သို့   အပိုင်း(၃)သို့ >>

0 Comments: