Thursday, December 25, 2008

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ(၃)



ဖြစ်ရပ်(၃)

“ကဲဟယ်”

ဒေါက်ခနဲ ခေါင်းခေါက်ခံလိုက်ရသော ကလေးငယ်သည် မျက်ရည်လည်လာ၏။ မိခင်၏ အားမလို အားမရဖြစ်မှု၊ စိတ်မရှည်မှုတို့သည် ဒေါသအဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

“ဒီလောက်လေးမှ မတွက်တတ်ဘူးလား …. ဟင် ။ ထောင်စမ်း ညာလက်က လက်လေးချောင်းထောင်၊ ဘယ်ဘက်က လက်သုံးချောင်းထောင်၊ ဟာ … လေးချောင်း ထောင်ပါဆို၊ မထောင်တတ်ဘူးလား။ လေးချောင်း၊ လေးချောင်း၊ ဟောဒီလို လေးချောင်း”

ကလေးမှာ အယောင်ယောင် အမှားမှားဖြစ်နေရှာ၏။ သုံးကြိမ် အခေါက်ခံရပြီးမှ လက်လေးချောင်း ထောင်ဖြစ်သွားသည်။

“ဟုတ်ပြီ ကဲ … ပေါင်းတော့၊ လေးနဲ့သုံးပေါင်း၊ ဟဲ့ …ပေါင်းလေ၊ ဘာကြောင်ကြည့်နေတာလဲ”

“တစ် … နှစ် …. သုံး …. ငါး ….. ခြောက်”

“ဘာ … သုံးပြီးရင် ဘာလဲ … ဟဲ့ သုံးပြီးတော့ ဘာလဲ … ဟား … တစ်နှစ်သုံးလေးတောင် မရေတတ်တော့ဘူးလားဟင်။ အဖျင်း၊ အ အ၊ အတုံး၊ နင် တော်တော်ညံ့ပါလား။ ဟိုဘက်အိမ်က မိနွယ်တို့ဆို အပေါင်းအနှုတ် ဂျောင်းဂျောင်းပြေးနေပြီ။ နင်ကတော့ ဆော့ဖို့ပဲသိတဲ့ကောင်။ သွား … လက်ပိုက်ပြီး တစ်နာရီတိတိရပ်နေ၊ သွား … ငါ မဖြုတ်ခိုင်းသေးဘဲ လက်ဖြုတ်မယ် မကြံနဲ့၊ တိုင်မှာ ကြိုးနဲ့တုပ်ထားမယ်။ သုံးနဲ့လေး မပေါင်းတတ်မချင်း ဆော့ရလိမ့်မယ်မထင်နဲ့”

ဂဏန်းမပေါင်းတတ်သဖြင့် အခန်းထောင့်မှာ တွေဝေစွာ လက်ပိုက်၍ ရပ်နေရသော ကလေးငယ်သည် လေးနှစ်အရွယ်ဖြစ်ပါသည်။

မှတ်ချက်။ ။ မိခင်သည် စာတတ်သည်ဟု သူ့ကိုယ်သူပြောလျှင် သင် လက်ခံပါမည်လား။

2 Comments:

Welcome said...

တော်စေချင်၊ တတ်စေချင်တဲ့ လူကြီးတွေရဲ့ စေတနာကို အသိအမှတ်ပြုပေမယ့်။ ငယ်ရွယ် နုနယ်သေးတဲ့ ကလေး တွေကို အတင်းအကြပ် စာသင်ပေးတာကို မနှစ်သက်ပါဘူး။ တကယ် လိုလားတဲ့ ကလေးတွေဟာ သူ့ဖာသာသူ နာယူလွယ်ပါတယ်။ (မှတ်ချက်)ကိုပြောရရင်-
သင်ယူဖို့ လိုပါသေးတယ်။

မောင်ပိစိ said...

လက်မခံပါ