Sunday, December 14, 2008

အရင်လိုချစ်ဆဲပဲ .....(၁)



ဒီနေ့ စနေပိတ်ရက် …

မနက်ခင်းက သာယာ၏။ သို့သော်လည်း နေရောင်ခြည်က စူးရှနေသည်။

ပြူတင်းလိုက်ကာကြားက တိုးဝင်လာသောနေရောင်ခြည် စူးရှရှကြောင့် ပိတ်ရက်ကို အ၀အိပ်မည်ဟု ကြုံးဝါးထားသော အိငယ် တစ်ယောက် အိပ်ယာထက်၌ လွန့်လူးရင်း ဆက်အိပ်လို့မရတော့၍ မျက်နှာသစ်ရန် ထလိုက်ရပါတော့သည်။ ထို့နောက် ကော်ဖီသောက်ရင်းနဲ့ ဘာရယ်မဟုတ် အီးမေးလ်ကို စစ်ချင်နေမိတာနဲ့ပဲ ကွန်ပျူတာကို ဖွင့်လိုက်ပါတော့တယ် …

ထို့နောက် ဂျီမေးလ်ကို ဖွင့်လိုက်တဲ့အခါမှာ ….
“အိုး …. ကျော့်ဆီကစာပါလား ” အာမေဋ္ဋိတ်သံလေးတစ်ချက် အိငယ် ပါးစပ်မှ ထွက်သွားလေသည်။

အိငယ်သည် သူမ မမျှော်လင့်ထားတဲ့ စာတစ်စောင်ကို စိတ်လှုပ်ရှားစွာဖြင့် ဖွင့်လိုက်မိပါသည်။

စာလေးက တိုတိုလေးရယ်ပါ … ဒါပေမယ့် အိငယ်ရဲ့ စိတ်အစဉ်ကို အတိတ်ဆီသို့ဖမ်းစားစုပ်ယူသွားပါသည် ….
“အရင်လို ချစ်ဆဲပဲတဲ့လား ကျော် …. တကယ်က ငါတို့ ဝေးသွားခဲ့တာ နှစ်နှစ်ဆိုတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီးပြီလေ …. ”

၂၀၀၅ ခုနှစ်ရဲ့ နေ့လေးတစ်နေ့မှာ ကျော် ဆိုတဲ့ကောင်လေးနဲ့ အိငယ်ဆိုတဲ့ ကောင်မလေး တို့စပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်။ မိတ်ဆက်ပေးတဲ့သူငယ်ချင်းက

“ ဟဲ့ … ဒီကောင်ကြီးမှာ မမကြီးရှိတယ် … ချစ်သူသက်တမ်း ၈ နှစ်တောင်ရှိနေပြီ .. ၀ါရင့်အချစ်သမားကြီး” တဲ့

သူကတော့ ပြုံးလို့သာနေခဲ့ပါတယ် … အိငယ်ကတော့ စပ်စုစွာ … “ ဟဲ့ နင့်မမကြီးက ဘယ်မှာလဲ” ဆိုတော့ “နိုင်ငံခြားမှာ ပညာတော်သင်သွားနေတယ်” လို့ နင်က တုံးတိတိပဲဖြေခဲ့တယ်နော်…

နောက်တော့တစ်ယောက်တစ်ပေါက် စကားတွေပြောရင်း အီးမေးလ်လိပ်စာတွေဖလှယ်ရင်း
ခင်တတ်တဲ့အိငယ်က “ ဟဲ့ … ငါ့ကို အွန်လိုင်းတွေ့ရင်ခေါ်နော် … ငါက ဂျီတော့ခ်သာ ၀င်ထားတာ … သူငယ်ချင်းတွေအွန်လိုင်းတက်လာရင် မြင်တာမဟုတ်ဘူး” လို့ဆိုတော့ ကျော်က
“အေးပါ …. ငါခေါ်မှာပေါ့” တဲ့ …..

နောက်ပိုင်း ကျော်က သူ့အလုပ်နဲ့သူ၊ အိငယ်ကလဲ ကိုယ့်အလုပ်နဲ့ကိုယ် မအားလပ်ကြတော့ မတွေ့ဖြစ်ကြတော့ဘူး … ဒါပေမယ့် ဂျီတော့မှာတော့ နှစ်ယောက်စလုံး စကားတွေ တော်တော်လေးပြောဖြစ်ကြတယ် … ပိုပြီးလဲ ရင်းနှီးခဲ့ကြတယ် …
မိုးလင်းလို့အလုပ်ရောက်တာနဲ့ အရင်ဆုံးလုပ်ဖြစ်တဲ့အလုပ်က မေးလ်စစ်တဲ့အလုပ်လို့ပြောရလောက်အောင် သူမတို့နှစ်ယောက် ခင်မင်မှု့တွေ ထုထည်ကြီးလာခဲ့တယ် ….

အပိုင်း(၂)သို့ >>

2 Comments:

Welcome said...

အင်တာနက်ချစ်သူဆိုလားပဲ၊ ကြားဖူးတာပါ၊ စိတ်ကူးကောင်း အတွေးကောင်း စာလေး ဖတ်သွားတယ်။ အားပေးလျက်ပါ။

http://winzaw-mdy.blogspot.com/

nayminnyo said...

အမရေ အရေးအသားကတော့ ရှယ်ပဲဗျို့  လာရောက် ဖတ်သွားတရ်နော် ... နောက်လည်း ရေးပေးပါဦး... ပျော်ရွင်သောနေ့လေး ပိုင်ဆိုင်နိုင်ပါစေ...
နေမင်းညို