Tuesday, February 3, 2009

ရန်ကုန်သို့အပြန်ခရီးမှ စပ်မိစပ်ရာ၊ထင်ရာမြင်ရာများ


ဇန်န၀ါရီ(၁၀)ရက်နေ့က ကျွန်မ ရန်ကုန်ခဏပြန်ဖြစ်ခဲ့ပါတယ် …. အစစ အရာရာချောချောမွေ့မွေ့ပါပဲ …… ကျွန်မက အိမ်လွမ်းတတ်သူမို့ ခဏပြန်ရတဲ့အချိန်မှာ တော်တော်လေးတော့ပျော်ခဲ့ရပါတယ် ….

ကျွန်မရောက်ရောက်ချင်းနေ့မှာပဲ ချိန်းထားတာတစ်ခုရှိလို့ ဒဂုံစင်တာရှေ့က Ice Berry ဆိုတဲ့ဆိုင်လေးကို ရောက်ဖြစ်ခဲ့တယ်…. ဆိုင်လေးကတော့အရင်အတိုင်းပဲ ဘာမှမပြောင်းလဲပါဘူး … ဒါပေမယ့် အရင်က အေးအေးလူလူထိုင်လို့ရတဲ့ဆိုင်လေးက ခုတော့မျက်စိနောက်လောက်အောင် လူအ၀င်အထွက်တွေရှုပ်လွန်းလှပါတယ် … ကျွန်မလည်း ချိန်းထားတာကိုစောင့်ရင်း လူတွေကို ဘာရယ်မဟုတ်လိုက်ကြည့်နေမိပါတယ် … လူငယ်တွေဝတ်တတ်၊စားတတ်လာသလို လူကြီး(အမျိုးသမီးကြီး)တွေကိုလဲ စကပ်တွေ၊ဘောင်းဘီတွေနဲ့တွေ့မိပါတယ် … စိတ်ထဲကတော့ “အလဲ့ … လူတွေ ၀တ်တာစားတာ တော်တော်ခေတ်မီလာပါလား” လို့တွေးမိတယ် …
နောက်တော့ စမ်းချောင်းထဲက “မငယ်” ဆိုင်မှာ ကြာဇံနဲ့ဝက်သားလိပ်စားပါတယ် ….
ပိုက်ဆံရှင်းတော့ တစ်ပွဲကို ၂၀၀၀ တဲ့ …. ကျွန်မ တကယ်ကိုမထင်မိဘူး …. ဈေးကြီးလိုက်တာလို့ စိတ်ထဲထင်မိတယ် ….နောက်နေ့ YKKO မှာ ကြေးအိုးစားတော့ ရိုးရိုးကိုပဲ ၂၉၀၀ တောင်ပေးခဲ့ရပါတယ်(တခြားဆိုင်မှာ ၂၁၀၀ ပဲရှိပါတယ်) … ၀က်သားဒုတ်ထိုးကတော့ တစ်ချောင်း ၁၀၀ ပါပဲ … ဒါပေမယ့် အသားတုံးလေးတွေကတော့ ပိုပါးပြီးသေးသွားသလားပဲရယ် …. တနင်္လာနေ့ကျတော့ ရွှေတိဂုံဘုရားကိုသွားပါတယ် … ဒီတခါတော့ ဘုရားပေါ်မှာ တံမြက်စည်းမလှဲခဲ့လိုက်ရဘူး ….

စကားမစပ် … ကျွန်မတို့အိမ်ပတ်ဝန်းကျင်မှာ အင်တာနက်ဆိုင်တွေများလာသလို ၈တန်း၊ ၉တန်း ကျောင်းသား၊သူလေးတွေက အားတာနဲ့ အင်တာနက်ဆိုင်ကိုပြေးတော့တာပဲ …
ကျွန်မတူမ၀မ်းကွဲလည်း ထိုနည်းလည်းကောင်းပါပဲ …. အသက်ကတော့ ၁၄ နှစ်ရယ် … ပြောလိုက်ရင် ပန့်ခ်၊ပန့်ခ် ဆိုတာကလဲပါးစပ်ကမချဘူး … အကောင့်ပေါင်းသောင်းခြောက်ထောင်နဲ့ ချတ်မယ်ဆိုရင်လာခဲ့ စာတော့မကျက်ဆိုတဲ့အစားမျိုးလေးတွေ့ရတာတော့ ဘ၀င်မကျမိတာအမှန်ပါ …. ပြီးတော့ ခုခေတ်ကလေးတွေ အထူးသဖြင့် မိန်းကလေးတွေပေါ့ ကိုရီးယားကားတွေကြည့်ပြီး အတုမယူသင့်တဲ့ ကျောင်းသူချင်း ရန်စတာတို့ ဘာတို့ကို အဟုတ်ထင် လိုက်လုပ်ချင်ကြတယ် … ကျွန်မတို့ငယ်ငယ်တုန်းက ရန်ဖြစ်တယ်ဆိုရင် ယောက်ျားလေးတွေပဲဖြစ်ကြတာပါ …ခုတော့ကျွန်မပဲ သိပ်အသက်ကြီးသွားသလားပဲရယ် … အဲ့လိုတွေမြင်ရ ကြားရရင် သိပ်ကြည့်မရချင်ဘူး …

ပြီးတော့ ရန်ကုန်မှာ မီးကတော့ ထုံးစံအတိုင်းပေါ့ … ကျွန်မတို့ရပ်ကွက်မှာတော့ ပုံစံ(၃)မျိုးနဲ့မီးပေးပါတယ်တဲ့ … ည(၁၁) နာရီကနေ မနက်(၅)နာရီ၊ ညနေ(၅)နာရီကနေ ည(၁၁)နာရီ၊ တခါတလေ မနက်(၅)နာရီကနေ နေ့လည်(၁၁)နာရီထိ အလှည့်ကျပေးပါတယ် .. ပုံစံ(၁)နဲ့(၂)က အပေါ်ကအချိန်တွေကို လှည့်ပြီှးမှန်မှန်လာပါတယ်။ နောက်တစ်မျိုးက တော့ရောသမမွှေပြီး လာချင်တဲ့ရက်လာ ပျက်ချင်တဲ့ရက်ပျက်ပါတယ် …. ရ၀တရုံးမှာ မီးလာရက်အချိန်ဇယားထုတ်ပေးလို့ ယူသာထားရတယ် ကျွန်မတို့အိမ်က ပုံစံ(၃)နဲ့မီးပေးတဲ့ထဲမှာပါလို့ မှန်းလို့မရပါဘူး …
ခုဟာက (၂၄) နာရီတစ်ရက်မဟုတ်ပဲ (၆)နာရီတစ်ရက်ဖြစ်နေတော့ မီးလာမှလုပ်လို့ရမယ့်အလုပ်တွေဆိုရင် အကုန်နှောင့်နှေးပြီး တစ်နေ့ တစ်နေ့ ယောင်တောင်ပေါင်တောင်နဲ့အချိန်ဘယ်လိုလေးကုန်သွားမှန်းကိုမသိလိုက်ဘူးရယ် …

အော … နောက်တစ်ခုထပ်ကြုံလို့ပြောရဦးမယ် … ကျွန်မတို့မျက်စောင်းထိုးမှာ စက်ရုံအသေးစားလေးတစ်ခုရှိတယ် … သူတို့က မီးမလာတော့မီးစက်နဲ့အလုပ်လုပ်ရတာပေါ့ .. မီးစက်က မီးလန့်တာလေ သိပ်တော့မကြီးပါဘူး … ဒါပေမယ့် မီးဆိုတာကလဲ သေးတယ်ကြီးတယ်ဆိုပြီးပေါ့လို့မှမရတာနော …. ချက်ခြင်းကို ကားကြီးတစ်စင်းစိုက်လာပြီး ရ၀တတွေ၊ ရပ်ကွက်ထဲကတာဝန်ရှိသူတွေ၊ မြို့နယ်ရဲတွေ ချက်ခြင်းရောက်လာပါရောလား … ကျွန်မဖြင့်အံ့တွေသြလို့ …. အဲ့လိုချက်ခြင်းရောက်လာတာမျိုးမကြုံဖူးဘူးလေ … ကျွန်မတို့ရပ်ကွက်မှာ အရင်တုန်းက လူသတ်မှု့တစ်ခါဖြစ်ဘူးတယ် …. ရဲတွေတော့လာကြပါတယ် … သတ်နေတာကိုလဲ ကြားနေရတယ် … အိမ်ထဲမ၀င်ဘူးတော့ … ဘာကိုစောင့်နေသလဲတော့မသိဘူးရယ် … ထွက်ပြေးမှ လိုက်ဖမ်းတာမျိုးတွေချည်းပဲတွေ့ဖူးတော့လေ …. ခုလိုမီးလန့်တာကို ချက်ခြင်းကြီးရောက်ချလာတာ ကျွန်မလေ တကယ်ပါ တကယ်အံ့သြတာသိလား … ဘာရယ်မဟုတ်ပါဘူး … ကြုံလို့ပါ ….

ပြီးတော့ ကျွန်မ ကျိုက်ထီးရိုးဘုရားဖူးရောက်ဖြစ်တယ် …. နောက်မှ ကျိုက်ထီးရိုးဖီလင်ကိုရေးပါမယ် …. ဆက်ရန်ပေါ့နော …

5 Comments:

nu-san said...

အမက ရန်ကုန်အကြောင်းကို အရမ်းဖတ်ချင်နေတာ.. ကြေးအိုး ၂၉၀၀ (ကျပ်) ဆိုတော့ ဘုရားတလိုက်သေးတယ်.. ၀က်သားတုတ်ထိုးက ၁၀၀ ဆိုတော့ ၁၀ ခုစားရင်ပဲ ၁၀၀၀ ဖြစ်နေပြီ။ မီးကလည်း မမှန်ဘူးနော်.. မီးမလာတော့ မီးဘေးအန္တရာယ်တွေဖြစ်ကုန်ရော.. ညီမလေးကတော့ ရန်ကုန်ကို အလွမ်းပြေသွားမှာပဲ.. :) မနက်က အစောကြီး ဒီပို့စ်လေး ဖတ်ပြီး comment မရေးလိုက်ရဘူး.. အခုမှ လာရေးရတယ်..

ကြယ်ပြာ said...

အလွမ်းပြေတယ်အစ်မ ... ပြန်လာတာတောင်ပျင်းနေသေး .. အိမ်မှာ အမေ့လက်ရာဟင်းတွေနဲ့ဇိမ်ကျနေတာလေ ... ဟီး

Welcome said...

ဘယ်သူလဲကွ ငါတို့ ရန်ကုန်မကောင်း ကြောင်းပြောတာ။ ၂၄ နာရီ မီးမပေးတာ မီတာခ သက်သာအောင်လို့ စေတနာနဲ့ပါ။
----
လက်နှီးပိုင်းလေး မီးလောင်ရင်လည်း ရ၀တနဲ့ မီးသတ်က အရောက်လာမှာပေါ့ (စိုးရိမ်လွန်) တာတော့ မဟုတ်ပါဘူး။ လည်ပင်းကို ၀ါးကျော နဲ့ ပါးပါးလေးလှီးမလို့၊ ၀ိုင်းဖဲ့မလို့လေ။
----
စိတ်ဝင်တစား ဖတ်သွားတယ်၊ ကျိုက်ထီးရိုး ပို့စ်ကိုလည်း မျှော်နေပါမယ် ..။

ကြယ်ပြာ said...

ပြောရဲပါဘူးတော် ... ကျုပ်ကလဲ ရန်ကုန်ကြီးကိုချစ်တဲ့သူပါပဲ ... ၂၄ နာရီမီးမလာတာ မီတာခလဲသက်သာတယ် ... လူလဲသက်သာပါတယ် ... ကျေးဇူးလဲတင်ပါတယ်တော်တို့ရယ် ...

ကျိုက်ထီးရိုးပို့စ်လဲရေးပါဦးမယ် ... ကျိုက်ထီးရိုးကနည်းနည်း တခြားပြောချင်တာကများများဖြစ်နေမှာသေချာသလောက်ပဲ ...

စိုင်းစိုင်းလားရှိုး said...

ကျိုတ်ထီးရိုး အကြောင်းရေးပါတော့