Tag တယ်ဆိုတာ အကြောင်းအရာတစ်ခုခုကို ရေးဖို့ တောင်းဆိုခြင်းဆိုတာကို ဘလော့တစ်ခုမှာဖတ်ဖူးလို့ သိပေမယ့် ဘယ်လို Tag တယ်ဆိုတာတော့ မသိဘူးရယ် …
ကျွန်မ စီဘောက်စ်ထဲက အစ်ကိုဝင်းဇော်ရဲ့ Tag ထားတယ်ဆိုတဲ့ မက်ဆေ့ခ်ျကြောင့် ဘာခေါင်းစဉ်ပါလိမ့်၊ ဘယ်မှာသွားကြည့်ရမှာပါလိမ့်ဆိုပြီး ဦးနှောက်စားသွားသေးတယ် …
နောက်တော့ အစ်ကိုဝင်းဇော်ဘလော့ကိုသွားဖတ်ရင်းနဲ့ ဘာခေါင်းစဉ်ဆိုတာ သိသွားပါတယ် ..
စိတ်ကူးယဉ်ခြင်းတဲ့ ……
“စိတ်ကူးယဉ်ခြင်း” ဆိုတဲ့စကားစုလေးကို မကောင်းတာပြောချင်တဲ့ဘက်မှာ အသုံးများတယ်လို့ ကျွန်မယူဆပါတယ် … အပြောသမားတွေ၊ စိတ်ကူးပဲရှိပြီး အလုပ်တွဲမပါတတ်သူတွေကို လူတွေက “စိတ်ကူးချည်းပဲ ယဉ်နေတာပဲ” တို့၊ “လေထဲတိုက်အိမ်ဆောက်နေတာပါကွာ” တို့၊ “လေဖမ်း ဒါန်းစီးနေတာပါ” တို့ စသဖြင့်ပြောလေ့ရှိကြတယ် ….. ဒါပေမယ့် လူတိုင်းမှာ စိတ်ကူးယဉ်အိပ်မက်အနည်းဆုံးတစ်ခုစီတော့ ရှိကြတာချည်းပါပဲ …..
ကျွန်မအတွက်တော့ အရွယ်အလိုက် စိတ်ကူးယဉ်တာတွေက တစ်မျိုးပြီးတစ်မျိုးပြောင်းနေတတ်တယ် …ဒါတောင် တခါတလေ “ငါက သိပ်စိတ်ကူးမယဉ်တတ်ဘူး” ရယ်လို့ ကိုယ့်ကိုကိုယ် ပြောင်လိမ်မိသေးတယ် ….း)
ကျွန်မခပ်ငယ်ငယ်အရွယ်တုန်းက ကျွန်မတို့မောင်နှစ်မသုံးယောက်က ခြင်ထောင်အကြီးကြီးတစ်လုံးနဲ့ တူတူအိပ်ကြရတယ် …. ညရောက်လို့ အိပ်ယာဝင်ပြီဆိုရင် ကျွန်မတို့ရဲ့ စိတ်ကူးယဉ်လုပ်ငန်းကြီးစတော့တာပါပဲ ….. ကျွန်မက “ကိုကြီးရေ ငါတို့ စကားပြောရအောင်” ဆို
ပြီးစပြောလိုက်ရင် ကိုကြီးက သဘောပေါက်စွာနဲ့ သူ့စိတ်ကူးတွေကို ဘယ်စကားလုံးတွေနဲ့စလဲဆိုရင်
ကိုကြီး - “ ငါတို့မှာ အိမ်အကြီးကြီး တစ်လုံးရှိတယ်ပေါ့ဟာ” ဆိုတာကနေစပါတယ် ….
ကျွန်မတို့ငယ်စဉ်က ဘကြီး(အဖေ့အစ်ကို) မိသားစုနဲ့တစ်အိမ်တည်းနေရပါတယ်။ မိသားစုနှစ်စုပေါင်းနေရတော့ ကျွန်မတို့မလွတ်လပ်ခဲ့ဘူးလေ ….. ကျွန်မတို့ မိသားစုချည်းပဲ သီးသန့်အိမ်လေးနဲ့ နေချင်တဲ့စိတ်က အဲ့ဒီအရွယ်ကတည်းက ရင်ထဲရှိနေခဲ့တော့ ဒီစကားရပ်လေးကို မောင်နှစ်မသုံးယောက်လုံး နှစ်သက်ခဲ့ကြတယ် ….
မောင်လေး - “ငါကတော့ ကစားစရာတွေ အများကြီးထည့်ထားတဲ့ အခန်းအကြီးကြီးတစ်ခန်းပါ ပါချင်တယ်” ဆိုတဲ့ သူ့စိတ်ကူးလေးကို ၀င်ပြောတယ် ….
ကျွန်မ - “ အေးနော် …. ငါလဲ အဲ့လိုအခန်းမျိုးပါစေချင်တယ် … မောင်နှစ်မသုံးယောက် တစ်ယောက်တစ်ခန်း၊ ဖေနဲ့မေက တစ်ခန်း၊ ကစားစရာတွေအစုံထည့်ထားတဲ့အခန်းကသပ်သပ်နော် … ” ဆိုပြီး ကျွန်မတို့ရဲ့ စိတ်ကူးထဲကအိမ်ကို အခန်းတွေဖွဲ့ပါတော့တယ် …..
ဒီလိုပြောရင်းဆိုရင်းနဲ့ ကျွန်မတို့ အိပ်ပျော်သွားခဲ့ကြတဲ့ ညတွေ မနည်းမနောပါပဲ …..
ကျွန်မ (၇)တန်း၊ (၈)တန်းအရွယ်ရောက်တော့ ကျွန်မအိပ်မက်က ဆရာဝန် သိပ်ဖြစ်ချင်ခဲ့တာပါ ….
စိတ်ကူးထဲမှာ ဂျူတီကုဒ် လေးဝတ်ပြီး နားကျပ်လေးကိုင်ထားတဲ့ ကျွန်မကိုယ်ကျွန်မ သိပ်ကျေနပ်ခဲ့တာပေါ့ …. ဒါပေမယ့် ခုလက်တွေ့နဲ့ကတော့ ကွာချင်တိုင်းကွာနေတာပါပဲ ……
(၁၀)တန်းကနေ တက္ကသိုလ်စရောက်တော့ ကဗျာတွေရေးချင်လာပြန်ရော … စိတ်ကူးထဲမှာတော့ ကဗျာဆရာမပေါ့ …. ကဗျာတွေရမလားရယ်လို့ လမင်းကိုကြည့်ပြီးလဲ စိတ်ကူးယဉ်လိုက်တာပဲ ….
တိမ်တွေကိုလဲ စီးလိုက်တာပဲ …. လေညှင်းတွေနဲ့လဲ စကားပြောကြည့်ခဲ့တာပဲ ….. စိတ်ကူးနဲ့ရူးခဲ့တဲ့အချိန်တွေပေါ့ …..
အလုပ်နဲ့အဝေးသင်တွဲနေတဲ့အချိန်တွေရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကတော့ နည်းနည်းလက်တွေ့ကျလာတယ်ထင်ပါ့ …. ကျွန်မ နိုင်ငံခြားမှာအလုပ်သွားလုပ်ချင်တယ် …
ကျွန်မအလုပ်သဘာဝအရ မြန်မာနိုင်ငံမှာ လုပ်ရင် ၀င်ငွေပြောပလောက်အောင်ရမှာမဟုတ်လို့ပါ ….
ကျွန်မ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်လေးက ဒီကစခဲ့တာပါပဲ ….
ခုလက်ရှိမှာတော့ …. ဖြစ်ခွင့်ရမယ်ဆိုရင် ….. ကျွန်မ မိဘတွေကို ဒီထက်ပိုပြည့်စုံအောင် ထားချင်တယ် … မိဘတွေ သက်ရှိထင်ရှားရှိနေဆဲမှာ အကောင်းဆုံးတာဝန်ကျေတဲ့ သမီးတစ်ယောက်ဖြစ်ချင်တယ် …. ကျွန်မပတ်ဝန်းကျင်ရဲ့ လိုအပ်တဲ့နေရာလေးတွေမှာ အုတ်တစ်ချပ်၊သဲတစ်ပွင့်အနေနဲ့ အမြဲဖြည့်ဆည်းပေးနိုင်ချင်တယ် …. လောဘ၊ ဒေါသ၊ အတ္တ နဲ့ မာန်မာနတွေ လျော့နိုင်သမျှ အနည်းဆုံးရှိတဲ့လူသားတစ်ယောက်ဖြစ်ချင်တယ် ….
နောက်ပြီးတော့လေ ကျွန်မသိပ်ချစ်တဲ့ ချစ်သူလေးနဲ့တူတူနေဖို့ ပန်းပင်လေးတွေစိုက်ထားတဲ့ခြံလေးနဲ့ တစ်ထပ်အိမ်လေးတစ်လုံးလည်းလိုချင်မိတယ် ….. တကယ်လို့ဖြစ်ခွင့်ရမယ်ဆိုရင်ပေါ့လေ …….
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
5 Comments:
သယ်ချင်း
တဂ်တယ်ဆိုတာ ကိုယ့် ဘ၀တစ်စိတ်တစ်ဒေသ ကို ရေးချလိုက်ရတာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီတဂ်ပိုစ့်လေး အတွက် ကျေးဇူးတင်တယ်။
စာအရေးအသားကောင်းသူမို့ ဖတ်လို့လည်း အဆင်ပြေတယ်။
ဖြစ်ချင်တဲ့ လိုအင်ဆန္ဒ စိတ်ကူးအိပ်မက်တွေ
ပြည့်ဝပါစေ။
ပျော်ရွှင်တဲ့ မိသားစု ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။
မိသားစုအပေါ်သိတတ်တဲ့ သမီးကောင်းရတနာ ဖြစ်ပါစေ။
နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေလို့ ဆန္ဒပြုလိုက် ပါတယ်။
Http://winzaw-mdy.blogspot.com
စာအရေးအသားကောင်းသူရယ်လို့ သတ်မှတ်ပေးလို့ရယ်၊ တောင်းပေးထားတဲ့ဆုတွေအတွက်ရယ် ကျေးဇူးတင်ပါတယ်နော .....
စိတ်ကူးယဉ်တာတွေအားလုံးဖြစ်လာနိုင်ပါစေဗျာ..
နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေနော်..
မရေ
စိတ်ကူးယဉ် တယ် ဆိုတာ လူတိုင်း လုပ်ဖူးကြလိမ့်မယ်လို့ ယုံကြည်ပါတယ် . အမရဲ့ စိတ်ကူး အိမ်မက်တွေ အကောင်အထည် ဖော်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်နော် .
အမ ...
ဖြစ်ချင်တာတွေ များနေရင် အတ္တဆိုတာတွေ မျှော်လင့်တာတွေလည်း များနေမှာပေါ့...သူငယ်ချင်းတွေကြတော့ မျှော်လင်ခြင်းကင်းသူတွေ ဖြစ်ပါစေဆို...အမကျတော့ မကင်းနိုင်သေးဘူး..ဒါပေမယ့် ဒါက အရင်နှစ်ကရေးထားတာ ...ဆုတောင်းပေးးထားတာက မတ် လမှာ ...ဟုတ်တော့ဟုတ်နေပါတယ်...
Post a Comment