ကိုယ့်ဇာတာက အဲ့လိုပဲ
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ထဲ
ကိုယ့်ပွင့်လင်းမှုက ကိုယ့်ကိုပြန်ပြန်ချောက်ချ။
အချစ်ဆိုတာကိုကြည့်ရင်း
ကိုယ့်နှုတ်ခမ်းတွေ ညွှတ်ကျ ……
ပြုံးတာလား မဲ့တာလား ဘယ်သူသိနိုင်မလဲကွယ်။
ကိုယ့်ဇာတာက အဲ့လိုပဲ
ကိုယ့်စိတ်ဓါတ်ခိုင်မာမှုက
ကိုယ့်ကို အမြဲ နောက်ကောက်ကျစေခဲ့။
အချစ်ဆိုတာကို ကြည့်ရင်း
ကိုယ့်မျက်ဝန်းမှာ ပုလဲတွေခ …..
ပျော်လို့လား ၀မ်းနည်းလို့လား ဘယ်သူသိနိုင်မလဲကွယ်။
တကယ်ကို ကိုယ့်ဇာတာက အဲ့လိုပဲ
အရာရာ လွဲချော်လွန်းတယ်။
ကိုယ့်သေချာမှုတွေကပဲ ကိုယ့်ကို အကြိမ်ကြိမ်ပြန်သတ်
တပ်မက်စိတ်တွေနဲ့
တကယ်ကို ခဏခဏ သေခဲ့ဖူးတယ်။
ဒီတစ်ကြိမ် ….. မသေပါရစေနဲ့။
ကြယ်ပြာ
Friday, April 29, 2016
" ကိုယ့်ဇာတာက အဲ့လိုပဲ "
Posted by ကြယ်ပြာ at 1:46 AM 0 comments
Labels: ကဗျာ, ခံစားချက်အပိုင်းအစများ
Friday, May 23, 2014
" အပြောင်းအလဲ "
မနေ့တနေ့ကတင်
တိမ်ညိုတွေ ထမ်းပိုးထားတဲ့ ကောင်းကင်ဟာ
ပြိုမယောင်နဲ့ ညို့ ….
ပြောင်းလဲမှုဆိုတာ အကြိုအကြား ဂရုစိုက်မှုတွေကနေ
ခပ်စိပ်စိပ်သို့ ….
ဘ၀ဆိုတာ စီးဆော စီးနေသလို ….
တိတိပပ တည်မြဲတာဆိုလို့ မမြဲခြင်းတရားတစ်ခုတည်းဆိုတဲ့နောက်
ကောင်းကင်ကြီးကျကွဲမလား …
မြေကြီးတွေ ပျံတက်သွားမလားရယ်လို့
မကြောင့်ကြဖြစ်တော့တဲ့အခါ
စိတ်တွေဟာ မေတ္တာခြုံလို့ လုံလွန်းလှတယ်။
Posted by ကြယ်ပြာ at 8:36 AM 2 comments
Labels: ကဗျာ, ခံစားချက်အပိုင်းအစများ
" သောကြာတမ်းချင်း (၇) "
ဆန္ဒတွေက
ပစ်စလတ်ခတ်ရင်ခွင်ထဲ
ကိုယ်မပျိုးပဲနဲ့ အလေ့ကျပေါက်ခဲ့တာပါ ..
အညွန့်တလူလူနဲ့ ကောင်းကင်ကို မျှော်ကြည့်ခိုက်
လမိုက်ညတွေတော့ မရှိစေချင်ခဲ့ဘူး။
ဘယ်တော့မှ မဟောင်းတဲ့ ဂီတသံ
နားထဲ ညက်ညက်ကလေး ၀င်တယ်။
“ရန်ကုန်မှာသာတဲ့ လ” တဲ့လား …
မျက်စိမှိတ်ထားရင်း ခပ်ဖွဖွလိုက်ညည်း
ရင်ထဲမှာ ဘယ်တော့မှငြီးမသွားတဲ့ သံစဉ်
ဒီလိုနဲ့ပဲ ကိုယ့်နေ့တွေ သာယာဖူးခဲ့တယ်။
Posted by ကြယ်ပြာ at 8:34 AM 0 comments
Labels: ကဗျာ, ခံစားချက်အပိုင်းအစများ
" အချစ်ကြောင့် ............. "
ခံစားချက်ဆိုတာက
ဘယ်တော့မှ မျိုးမတုန်းတဲ့အရာ
တလှိုက်လှိုက်တုန်လာတဲ့ရင်က
ပျော်စရာကြောင့်ပဲဖြစ်စေရမှာပေါ့ ….
မက်မောမှုတစ်စုံတစ်ရာ မရှိတော့ရင်
ကိုယ်လွတ်ရုန်းစရာမလိုအောင်
သံယောဇဉ်နှောင်ကြိုးတွေ ငါကိုယ်တိုင်ဖြတ်ပေးမယ်။
ရင်နာတာတွေ၊ မကြင်နာတာတွေ ထည့်မတွက်နဲ့
အတိတ်ဆိုတာ စိတ်တူ၊ ကိုယ်တူ ကခဲ့ကြတဲ့ဇာတ်
ဇာတ်သိမ်းကိုပုစ္ဆာတစ်ပုဒ်လို အတိအကျတွက်ထုတ်လို့ ရနိုင်သလား?
နှလုံးသားကို မျက်ရည်နဲ့ ထုံမွှမ်းရမယ်ဆိုရင်
ငါကတော့ ပစ္စုန်ပ္ပန်ကိုပဲ မွေ့လျော်တယ်။
နင့်ကို ချစ်တဲ့ အချစ်တွေ လက်ရှိအတိုင်း တည်စေ။
Posted by ကြယ်ပြာ at 8:32 AM 0 comments
Labels: ကဗျာ, ခံစားချက်အပိုင်းအစများ
" သောကြာတမ်းချင်း (၆) "
သောကြာရေ
နင့်အပေါ်ထားသမျှအချစ်ဆိုတာ
ငါပိုင်သမျှ ငါ့ရတနာတွေချည်းပါ။
အဆင်ပြေမှုတွေများရဲ့သားနဲ့
အဆင်မပြေတာကို ကံလို့ပဲ ပုံချပါရစေ။
လောကကြီးက အိုးနင်းခွက်နင်းနိုင်တယ်ဆိုတာ
ဝမ်းနည်းစရာစကားကို ရွှင်မြူးစွာပြောဖြစ်တဲ့အခါတိုင်း
ပိုပိုသိလာတယ်။
ကဲ … ၀မ်းနည်းစရာ မကောင်းဘူးလားလို့ မှန်ကြည့်ပြီးမေးမိတဲ့အခါ
ငါ့ပုံရိပ်က ငါ့ကို ခပ်ဖွဖွပြုံးပြတယ်။
ပြီးတော့ …….. ပြောတယ်
မှန်ထဲက အရိပ်တောင် ဘယ်နဲ့ညာ မှန်လို့လား တဲ့ ….
အဲ့ဒီတော့မှ ငါက ငါ့ပုံရိပ်ကို ခပ်ဖွဖွ ပြန်ပြုံးပြလိုက်တယ်။
Posted by ကြယ်ပြာ at 8:28 AM 0 comments
Labels: ကဗျာ, ခံစားချက်အပိုင်းအစများ
" သောကြာတမ်းချင်း (၅) "
ကျမအချစ်က အပြောင်းအလဲမြန်တယ်။
တခါတရံ သူ့အကြည့်လေးကိုချစ်တယ်။
တခါတရံ သူ့နှုတ်ခမ်းပါးလေးကိုချစ်တယ်။
တခါတရံ သူ့ရဲ့ လူကြီးဆန်မှုကို ချစ်တယ်။
တခါတရံ သူ့ဂရုစိုက်မှုတွေကိုချစ်တယ်။
တခါတရံ သူ့အလိုလိုက်မှုတွေကိုချစ်တယ်။
ကဲ .... ကျမ အချစ်က ဘယ်လောက်များ အပြောင်းအလဲမြန်လိုက်သလဲနော်။
Posted by ကြယ်ပြာ at 8:26 AM 0 comments
Labels: ခံစားချက်အပိုင်းအစများ
" သောကြာတမ်းချင်း (၃) "
သောကြာရေ
တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ
ကြိတ်မှိတ်လွမ်းတတ်ခဲ့တာ ကြာလှပေါ့။
အဖြေမရှိတဲ့မေးခွန်းတွေ မေးခံရတဲ့အခါတိုင်း
ဘယ်နားထားရမှန်းမသိတဲ့ ခံစားချက်တွေနဲ့
ကိုယ့်မျက်နှာပေါ် အပြုံးတစ်ပွင့်တော့ အမိအရတင်ပေးထားပါရဲ့ …
မျှော်လင့်ချက်သိပ်မများလှပါဘူး
ဒီအပြုံးတွေ မလေးလံခင် ပေါ့ပေါ့ပါးပါးဖြစ်ကြစို့ကွယ် …
တခါတလေ အချစ်တွေ သိပ်ကြီးလွန်းသွားတဲ့အခါ
မမြင်ရတတ်တော့တာ မေ့နေမစိုးလို့ပါ …..း)
Posted by ကြယ်ပြာ at 8:12 AM 0 comments
Labels: ကဗျာ, ခံစားချက်အပိုင်းအစများ
" သောကြာတမ်းချင်း (၂) "
တစ တစနဲ့
အလွမ်းတွေ ခဏခဏ ပျိုးချနေမိတာ
အချိန်တွေသာ ဟောင်းဟောင်းသွားတယ်
မျှော်လင့်ချက်တွေက ခုထိ အသွေးအရောင်ကို မစုံနိုင်သေးဘူး။
တနေ့ တနေ့နဲ့
ရေတွက်နေမိတာ
ပြက္ခဒိန်တွေသာ တစ်ရွက်ပြီး တစ်ရွက်ပြောင်းသွားတယ်
အနာဂတ်တွေက ခုထိ ပစ္စုပ္ပန်ဖြစ်မလာသေးဘူး။
ဒီလိုနဲ့ပဲ လွမ်းတိုင်း လွမ်းတိုင်း
အတိတ်တွေကို စိတ်ကူးပြစက်နဲ့ ပြန်ပြန်ရစ်ကြည့်မိလား ရစ်ကြည့်မိခဲ့ ….
“I miss you” ဆိုတဲ့ မက်ဆေ့ခ်ျလေးတစ်စောင်ချထားလား ချထားမိရဲ့ ….
သူညည်းဖူးတဲ့ သီချင်းအချို့ နားထောင်လား နားထောင်မိရဲ့ ….
တစ တစနဲ့ အလွမ်းတွေနဲ့ ယဉ်ပါးမှန်းမသိ ယဉ်ပါးခဲ့ ………
Posted by ကြယ်ပြာ at 8:09 AM 0 comments
Labels: ကဗျာ, ခံစားချက်အပိုင်းအစများ
" ပြောရင်း၊ ဆိုရင်း လွမ်းတယ် ….”
ကိုယ်ကသူ့အကြောင်း တစ်စုံတစ်ယောက်ကို ပြောပြတဲ့အခါ …
သူက ကိုယ့်မျက်လုံးထဲ ပုံရိပ်ယောင်အဖြစ်အလိုလိုဝင်လာတယ်
ကိုယ့်နှုတ်ခမ်းလေးကတော့ အလိုလို ကွေးညွတ်သွားခဲ့ …..
သူက ကိုယ့်ကို “ကလေးရေ” လို့ တိုးဖွဖွ ခေါ်သတဲ့လို့ပြောပြမိတဲ့အခါ
သူ့မျက်လုံးထဲကအပြုံးရိပ် ကိုယ့်မျက်လုံးထဲခုန်ဝင်
ကိုယ်ကလဲ ခုံခုံမင်မင်နဲ့ ခပ်ဖွဖွ လိုက်ရွတ်ဆိုမိခဲ့ ….
ကိုယ်ကသူ့ကို ကန့်လန့်တိုက်မိတဲ့အခါ
သူက ကိုယ့်ခေါင်းကို ခပ်ဆဆ ပုတ်လို့ ခပ်မာန်မာန် ကြည့်တော့
ကျေကျေနပ်နပ်နဲ့ပဲ မကျေမနပ်ဖြစ်ပြခဲ့ ….
ကိုယ်နေမကောင်းတဲ့အခါ ….
“ပူတူးရေ ကျန်းမာရေး ဂရုစိုက်ကွဲ့” လို့ စိုးရိမ်တကြီးပြောတော့
ကိုယ့်နှုတ်ခမ်းထက် အပြုံးတစ်စက် တွဲရရွဲခိုလို့ပေါ့ ….
ဒီလိုနဲ့ ကိုယ်မင်းကို ပြောရင်း၊ ဆိုရင်း နင့်နင့်သည်းသည်း လွမ်းတယ် …..
Posted by ကြယ်ပြာ at 8:05 AM 0 comments
Labels: ကဗျာ, ခံစားချက်အပိုင်းအစများ
သောကြာတမ်းချင်း (၁)
လိုလိုလားလားပါပဲ အပိုဆာဒါးတွေ ဘာမှ မပါဘူး။
ကျေကျေနပ်နပ်ပါပဲ ဟန်ဆောင်ခြင်းတွေလဲ တစ်ခုမှ မပါဘူး။
ခခယယနဲ့ မျှော်လင့်ခြင်းဆိုတာလဲ တစွန်းတစတောင်မပါဘူး။
ငါ့ စိတ်ထဲ သိပ်ရှင်းတယ် …..
လုပ်စရာရှိတာ လုပ်ပေးပြီးတဲ့အခါ ရှင်းစရာရှိတာတွေ ရှင်းပစ်လိုက်မယ်။
သံယောဇဉ်ဆိုတာကို ရေလောင်းပေါင်းသင် သိပ်မလုပ်သင့်ဘူး မဟုတ်လား။
သိပ်ရှင်သန်သွားရင် ချုံနွယ်တွေလို ရှုပ်ထွေးတတ်တယ် လို့ ငါကပြောတော့
မင်းက “၀တ်ကျေတန်းကျေပါကွာ” လို့များ တံဆိပ်ကပ်ချင်သေးလား?
Posted by ကြယ်ပြာ at 8:03 AM 0 comments
Labels: ခံစားချက်အပိုင်းအစများ
Wednesday, March 26, 2014
" စကားလေးတစ်ခွန်းတည်းနဲ့ ချုပ်ချက်က ကြမ်းတယ် ….. "
“ ကိုကြီး ညီမလေးကို ဘယ်လောက်ထိချစ်တယ် ဆိုတာ ညီမလေးအသိဆုံးပါ” တဲ့
စကားလေးတစ်ခွန်းတည်းနဲ့ ချုပ်ချက်က ကြမ်းတယ် …..
ပေးခဲ့သမျှ အချစ်တွေကို ချွေချွေသုံးနေတာလဲသိသတဲ့လေ …..
အကြင်နာဆိုတာ ရာသီမရွေးဖူးပွင့်နေသင့်တဲ့ပန်းတစ်မျိုးဆိုတာ
သူနားလည်အောင် ကိုယ်ဘယ်လိုရှင်းပြရပါ့မလဲ??
ကိုယ်ကတော့
တိမ်တွေ အဆုပ်လိုက်အခဲလိုက်ပွင့်နေတာမြင်ရင်လဲ လွမ်းပစ်လိုက်တာပဲ။
သူနဲ့သွားခဲ့ဖူးတဲ့ နေရာတွေ ရောက်တိုင်းလဲ လွမ်းပစ်လိုက်တာပဲ။
သူ့ကို မနက်တိုင်းဖုန်းဆက်နှိုးဖူးခဲ့တာလေးကို တွေးပြီးတော့လဲ လွမ်းပစ်လိုက်တာပဲ။
ဖုန်းပြောတိုင်း သူ့ကိုချစ်တယ်လို့ ပြောဖို့ ဘယ်တော့မှ မမေ့သလို
"ညီမလေးကိုချစ်လား" လို့ မေးဖို့လဲ ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ဘူး။
သိရဲ့လား
အချစ်တွေ အိပ်ပျော်သွားမယ်ကြံတိုင်း ပုတ်ပုတ်နှိုးခဲ့တာ ကိုယ်ပါကွယ်။
အနီးဆုံးကနေ အဝေးဆုံးဆိုတာက ကဗျာရေးလို့ပဲကောင်းတာ
ခံစားလို့တော့ သိပ်မကောင်းဘူး ….. ဆိုတော့ …
သူက …
"အရူးမလေး …. ကွဲသွားမယ်၊ဝေးသွားမယ်ဆိုတဲ့ အတွေး ဘယ်တော့မှ မတွေးနဲ့" တဲ့ ….
စကားလေးတစ်ခွန်းတည်းနဲ့ ချုပ်ချက်က ကြမ်းတယ်
Posted by ကြယ်ပြာ at 9:19 AM 0 comments
Labels: ကဗျာ, ခံစားချက်အပိုင်းအစများ
Saturday, January 16, 2010
အမေသို့
အမေ …. ခုတလော သမီးစိတ်တွေရှုပ်တယ် အမေရယ် … စိတ်လဲမကောင်းဘူး ..
မြန်မာနိုင်ငံက ဆရာဝန်တွေ လူနာတွေအပေါ်စေတနာ တပြားသားဖိုးမှမရှိကြတော့ဘူးလား … အမေ့ကိုသမီးပြောပါတယ် … ပထမတစ်ခေါက်မျက်စိသွားပြကတည်းက ဆရာဝန်ကနောက်တစ်ဘက်က သွေးကြောတစ်ချောင်းယောင်နေတယ်ဆိုတော့ ကြိုတင်ကာကွယ်တာလုပ်ပါလို့လေ …
အမေ့ကို ဆရာဝန်က နေလို့ရသေးတယ် လကုန်မှလာဆိုတာနဲ့ပဲ အမေသူ့စကားကိုယုံပြီးတော့ မသွားဘူးလေ …. သူ့စကားအတိုင်း လကုန်သွားတော့ သူကယောင်နေတာပေါက်တောင်ပေါက်တော့မယ်တဲ့လား အမေ ….
ဒါဆို သူပြောတဲ့ နေလို့ရသေးတယ်ဆိုတာ ပေါက်တဲ့အထိစောင့်ခိုင်းတာလားအမေ ….
လေဆာပစ်တယ်ဆိုတာ သွေးကြောမပေါက်အောင်ပစ်တာလား … ဒါမှမဟုတ် ပေါက်အောင်ပစ်တာလား အမေ ….. အချက် ၂၀၀၀ တဲ့ …. နည်းသလားအမေရယ် …
အမေ့မျက်စိဘယ်လောင်တောင်နာလိုက်ရှာမလဲ …. သမီးစိတ်မကောင်းဘူးအမေ ….
အမေက ဆရာ့ကိုလေဆာပစ်ရင်သက်သာမလားမေးတော့ ဆရာက ဒါကတော့ ကံပဲတဲ့လားအမေ ... ဒီလိုလက်လွတ်စပယ်တော့မပြောသင့်ဘူးနော် … ပစ်လဲပေါက်မယ် မပစ်လဲပေါက်မယ်ဆိုရင် အမေ့မျက်စိကို အနာမခံသင့်ဘူးအမေ …. ပထမတစ်ဘက်တုန်းကလဲ လေဆာပစ်ပြီးရင်ကောင်းသွားမှာတဲ့ … ပစ်လဲပစ်ပြီးရော မျက်ကြည်လွှာမှာ အမာရွတ်ထင်သွားလို့ အရှင်းမမြင်ရနိုင်တော့ဘူးတဲ့ … လေဆာပစ်လို့ အမာရွတ်ဖြစ်သွားတာလားအမေ … မျက်ကြည်လွှာလဲရင် ရနိုင်မလားဆိုပြီး သီတဂူမှာ သွားမေးခိုင်းတော့ စမ်းသပ်ပြီး ဒါ မျက်ကြည်လွှာနဲ့ မဆိုင်ဘူးဆိုပြီး Register လုပ်ခွင့်မပေးပြန်ဘူး … ဘယ်ဆရာဝန်စကားကမှန်သလဲအမေရယ် … သူတို့ပေါ်မှာ သမီးတို့တွေကျန်းမာရေးကို အပ်ဖို့ ဆိုတာ ယုံကြည်ရပါ့မလားအမေ … သမီးအရမ်းစိုးရိမ်တယ် အမေရယ် … တစ်ဘက်က သိပ်မမြင်ရတော့ဘူး … ခုနောက်တစ်ဘက်ကထပ်ပြီး သိပ်မမြင်ရတော့ဘူးဆိုတဲ့အခြေအနေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ အမေရယ် …. အမေ့ရဲ့ကျန်တဲ့ မျက်စိတစ်ဘက် ဘာမှမဖြစ်ပါစေနဲ့လို့ သမီးဆုတောင်းပါတယ်အမေ ….
မှတ်ချက်။ ။ သူငယ်ချင်းတို့ရေ ... ဆီးချိုသမားမျက်စိဝေဒနာရှင်တွေကို ကုတဲ့မျက်စိဆရာဝန်ကောင်းကောင်းလေးများရှိရင် ညွှန်ပေးကြပါနော် .... ကျေးဇူးတင်ပါတယ် ....
Posted by ကြယ်ပြာ at 11:27 AM 19 comments
Labels: ခံစားချက်အပိုင်းအစများ
Saturday, December 12, 2009
ကလပ်မှာကကြသတဲ့ ....
ခုတလောအချိန်အားလေးနည်းနည်းရရင် မြန်မာဗွီဒီယိုကားလေးတွေကြည့်ဖြစ်တယ် …
နောက်ပြီး ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေက ခေတ်ရဲ့အရိပ်ကိုတကယ်ပဲထင်ဟပ်စေသလားဆိုတာ လည်းကျွန်မတွေးမိတယ် .… တကယ်လို့ ထင်ဟပ်စေတယ်ဆိုရင်တော့ ကျွန်မစိတ်ထဲမှာ အနည်းငယ်တော့ ဘ၀င်မကျချင်သလိုလိုပါပဲ …
ခုတလောကြည့်မိတဲ့ကားလေးတွေထဲမှာ “Club” သွားမယ်ဆိုတဲ့ စကားကို ခဏခဏပြောကြတယ် …. ကလပ်မှာ ကတဲ့အခန်းတွေတော်တော်လေးပါကြတယ် … ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလူငယ်တွေတင်လားဆိုတော့လည်း မဟုတ်ပြန်ဘူး ….. သာမန်ဝန်ထမ်းအနေနဲ့သရုပ်ဆောင်သူတွေကလဲ ကလပ်သွားမယ် … ကမယ် .. .အကြောတွေလျော့မယ်တဲ့ …. တကယ်ပဲ မြန်မာပြည်ကလူငယ်လေးတွေ အဲ့လိုဖြစ်နေကြသလားကျွန်မသိချင်လာတယ် … အဓိကကတော့ မိန်းကလေးတွေပါ … ခေတ်နောက်ကျကျန်နေတယ်လို့ပြောရမလား၊ အမြင်ကျဉ်းတယ်လို့ပဲဆိုရမလားပဲ ဒီကလပ်သွားတယ်ဆိုတဲ့ကိစ္စကို မိန်းကလေးတွေအတွက် သဘောမကျတာတော့အမှန်ပဲ …. သွားဖူးလို့လားလို့ မေးရင် ကျွန်မတစ်ခါမှမသွားဖူးပါဘူး …. အမြင်နဲ့တင် စိတ်ကသိကအောင့်နိုင်လွန်းလို့လို့ပဲဖြေရမယ်ထင်ပါတယ် …. မသွားဖူးပဲနဲ့လာပြောနေတယ်လို့ဆိုရင်လဲ ကလပ်ကိုမိန်းကလေးတွေသွားခြင်းရဲ့ ကောင်းကျိုးလေးတွေတော့ သိချင်ပါတယ် … ကျွန်မကဆိုးကျိုးတွေပဲမြင်နေလို့ပါ …. ကျွန်မအသိကောင်လေးတစ်ယောက်ကို ကရတော့ဘယ်လိုနေလဲ … ဘာဖြစ်လို့သွားတာလဲလို့ မေးကြည့်ဖူးပါတယ် … သူကပြောတယ် စိတ်လွတ်ကိုယ်လွတ် ခုန်ပေါက်ကရတော့ စိတ်တွေပေါ့ပါးသွားတယ်တဲ့ …. မိုက်မိုက်လေးတွေလဲတွေ့ရတယ်တဲ့ … ယောက်ျားလေးတွေအတွက်တော့ မဆိုးလှဘူးပေါ့ …. ဆေးချ၊ ဖဲရိုက်၊ အပျော်အပါးလိုက်နေတာထက်စာရင်တော်သေးတယ်လို့ပြောလို့ရပါသေးတယ် …
ဒီနေ့ညကြည့်မိတဲ့ကားမှာကရင်းနဲ့ပြသနာတက်ကြပါတယ် …. ဘာလို့လဲဆိုတော့ ကတဲ့ ယောက်ျားလေးတစ်ယောက်က ကနေတဲ့မိန်းကလေးကို တင်ပါးကိုင်လိုက်လို့တဲ့ ….
ကောင်မလေးတွေက နင်ဘာလုပ်တာလဲဆိုတော့ မသိချင်ယောင်ဆောင်ပြီး ဘာလုပ်လို့လဲတဲ့ …. ဒီမှာ ကောင်မလေးတွေကဒေါပွပြီး နင်ငါ့ရဲ့-င်(ဒီလိုစကားလုံးမျိုးကိုလဲ ဆင်ဆာကခွင့်ပြုပါတယ်) ကို ကိုင်လိုက်တယ်လေဆိုတော့ … ကောင်လေးဖြေပုံက ကောင်မလေးကဖျားယောင်းလို့ ကိုင်လိုက်သတဲ့လေ …. ကျွန်မစိတ်ထဲအတွေးတွေထပ်ဝင်လာပြန်တယ် … ကနေတဲ့ထဲမှာ လူကောင်းတွေရှိနိုင်သလို၊ အခွင့်ရေးသမားတွေလဲရှိနိုင်ပါတယ် … ဒီလိုကိစ္စတွေမဖြစ်ဘူးလို့ ဘယ်သူမှအတပ်မပြောနိုင်ဘူးလေ။ ဖြစ်လာခဲ့ရင်လည်း ဒီလောက် ရှုပ်ရှက်ခတ်နေပြီး မှိတ်တလှည့် လက်တလီမီးရောင်ထဲဝင်ကတော့ အကိုင်ခံရတာနည်းသလားလို့ ပြောရမလိုဖြစ်နေပြီ ….
ကျွန်မတို့တွေ ကားကျပ်ကျပ်ကို လူချင်းထပ်စီးနေရတာတောင် တတ်နိုင်သလောက် အိတ်တွေ ထမင်းဗူးတွေနဲ့ကာပြီး မတတ်သာလို့သာ စီးကြရတာပါ …. ခုတော့ အထိ အကိုင်ခံချင်လို့လူကြားထဲဝင်တိုးကြသလားလို့တွေးရမလိုဖြစ်နေပြီ ……
Posted by ကြယ်ပြာ at 11:17 AM 17 comments
Labels: ခံစားချက်အပိုင်းအစများ
Monday, November 30, 2009
ခုတလော
Management တဲ့ …. သဘောကျချင်စရာ၊ စိတ်ဝင်စားစရာကောင်းတဲ့ ဒီစကားလုံးကို ကျွန်မသိပ်သဘောမကျချင်တော့ဘူး …. တကယ်တော့ Management ဆိုတာအလုပ်တစ်ခုအောင်အောင်မြင်မြင်နဲ့ ပြီးမြောက်စေဖို့ Process တစ်ခုပဲဖြစ်သင့်ပါတယ် … ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အမိန့်တစ်ခုလိုမျိုးတော့မဖြစ်သင့်ပါဘူးလေ ….
ကျွန်မတို့အလုပ်က Management ဆိုသူတွေရဲ့ ကောင်းကွက်လေးတွေသိသလောက်ချရေးကြည့်ချင်သားလား ….
ကျွန်မရဲ့အထက်လူကြီးကပြောတယ် “ငါ ဘာ အယ်ရာမှ မလိုချင်ဘူး” တဲ့ … မသိရင် ကျွန်မကပဲ အယ်ရာတွေကို ချစ်လွန်း၊မြတ်နိုးလွန်းလို့ လုပ်ယူနေသလားပဲ … ကျွန်မလဲ ပြန်ပြောလိုက်တယ် … “နင်မလိုချင်သလို ငါလဲမလိုချင်ပါဘူး” လို့ …
စနေ၊တနင်္ဂနွေ အလုပ်မလုပ်စေချင်ပါဘူး ဆိုပြီး တနေ့ အလုပ်ချိန် ၈ နာရီစာမကတဲ့အလုပ်တွေကို ပြီးစေချင်တယ် …. တော်ပါတယ် သူတို့လုပ်ပုံ …
ပလန်လုပ်တယ်တဲ့ … ပလန်လုပ်တယ်ဆိုတာ ရှိနေတဲ့အလုပ်နဲ့မျှတတဲ့အချိန်တစ်ခုဖြစ်သင့်တာပေါ့ …. ခုတော့ အချိန်ကိုညှိလို့ရတယ်တဲ့ ဒါပေမယ့် ရက်ထပ်မတိုးရဘူးတဲ့ ….. ကျွန်မ ထပ်ပြောစရာ စကားမရှိတော့ဘူးလေ … အင်းလို့ မပြောလို့မှမရတော့လဲ အင်းပေါ့ …. မပြီးသေးတဲ့အလုပ်တွေလုပ်ဖို့ ပလန်ကို ပြောပါတဲ့ … ကျွန်မပြောလိုက်တယ် … တစ်ရက်မှာ ၂၄ နာရီပဲရှိတာ … ငါ ဒီအလုပ်အတွက် ၁၀ နာရီ နဲ့ ၁၂ နာရီကြားအချိန်ပေးထားတာလို့ဆိုတော့ မသိချင်ယောင်ဆောင်နေတယ် …ကျွန်မ ဒီလောက်ပဲတတ်နိုင်တယ် …. ကျွန်မအစွမ်းကုန် အကောင်းဆုံးလုပ်ထားတာပဲလေ …. ခန်းမှန်းခြေအချိန်ကိုပဲပေးလို့ရတဲ့ကျွန်မတို့အလုပ်မှာ ရက်အတိအကျတောင်းရုံတင်မဟုတ်ပဲ နာရီအတိအကျပါလာတောင်းတော့ ကျွန်မစိတ်တိုလာရော …. အိုင်တီအလုပ်မှာ အဖွဲ့နဲ့လုပ်လေ တစ်ယောက်ပေါ်တစ်ယောက်မှီတည်နေတဲ့ကိစ္စတွေကများလေပဲဆိုတာ သူလဲသိရဲ့သားနဲ့ … ပြီးတော့ သုံးလအချိန်ယူထားတဲ့ပရောဂျက်တစ်ခုကို အချိန်လျော့စေချင်တယ် … သူကနည်းနည်းလေးလျော့ခိုင်းချင်တာနဲ့ ကျွန်မဘော့စ်က လျော့ပေးမယ်ဆိုတာချည်းပဲ … နောက်လူတွေကိုထည့်မတွက်ဘူး … ဖြစ်နိုင်လားမဖြစ်နိုင်လားလဲ မစဉ်းစားဘူး …. Complaint ဘယ်လောက်တက်တက် နောက်ဆုံးတော့လဲ အထက်လူကြီးသဘောပဲ …
မဖြစ်နိုင်လို့ ကိုယ်တွေက ပိတ်ရက်တွေပါအလုပ်လုပ်ရပြီဆိုရင် လျော့ခိုင်းတဲ့လူကြီးက မင်းတို့ဘာလို့ ပိတ်ရက်တွေအလုပ်လုပ်သလဲတဲ့ … ဒီလိုလုပ်တာတောင် ထွက်လာတဲ့ Result ကျတော့ တူတူပဲတဲ့ … Result ကို သူဘာနဲ့တိုင်းသလဲတော့မသိဘူး .. သူ့အတွက်တော့ ကိုယ်တွေကို အချိန်လျော့ခိုင်းလို့ရလေ .. .သူက နာမည်ရလေပဲ ….
ဒီတော့ Management ဆိုတာ ကျွန်မအတွက်တော့ လူတွေကိုကျပ်တဲ့ Process တခုလို့ပဲလို့မြင်လာတော့တယ် ….
Posted by ကြယ်ပြာ at 8:55 PM 10 comments
Labels: ခံစားချက်အပိုင်းအစများ
Sunday, May 10, 2009
ဒီမနက်က ...
မေကြီးဒီတစ်ပတ် မျက်စိပြတာ အဆင်ပြေမပြေ သိချင်လို့ ဒီမနက်အိမ်ကို ဖုန်းဆက်ဖြစ်တယ် … အမေနဲ့ဖုန်းပြောတော့ အမေက
“သမီးရေ … မေကြီးမျက်စိ မြင်တော့မြင်လာရတယ်၊ အရှင်းတော့မမြင်ရဘူး၊ လူတွေကို ကြည့်ရင် ကွေ့ကွေ့ကောက်ကောက်တွေပဲမြင်ရတယ် ဒါပေမယ့် တစ်ဘက်က ကောင်းသေးတာပဲ စိတ်မပူနဲ့”
“မေ .. .ဆရာဝန်က ဘာပြောလဲ”
“သွေးကြောပေါက်တာကနေဖြစ်တဲ့ အမာရွတ်တွေက မျက်ကြည်လွှာမှာ ကပ်နေတယ်တဲ့ .. အဲ့ဒါတွေဖယ်ထုတ်ပစ်ရင် မျက်ကြည်လွှာကို ဆွဲဖြဲသလိုဖြစ်မယ်ဆိုတော့ ပြန်မကောင်းနိုင်တော့ဘူးလို့ ဆရာဝန်ကပြောတယ်”
“အစကပြောတော့ လေဆာသုံးခါပစ်ပြီးရင် ပြန်မြင်မယ်ဆို”
“၀ဋ်ကြွေးပါလို့ပေါ့ သမီးရယ်.. ဘယ်တတ်နိုင်မလဲ ..”
“မေ … မျက်ကြည်လွှာလဲလို့မရဘူးလား ဟင် …”
“သမီးရယ် မျက်ကြည်လွှာလဲတယ်ဆိုတာ လွယ်တာမှမဟုတ်တာ … လှုတဲ့သူရှိဦးမှ .. မေကြီးတစ်ဘက်မြင်နေရသေးတာပဲ … ဆီးချိုကလဲ ရှိနေတော့ မေကြီးကတော့ မျက်စိမခွဲချင်ဘူး”
“သမီးကတော့ မျက်ကြည်လွှာလဲလို့ရရင် လဲလိုက်စေချင်တယ် …ဆရာဝန်ကို မေးကြည့်ပါလား မေကြီးရယ် ”
“အေး… အေး … မေကြီးကိုနောက်တစ်လခွဲနေရင် လေဆာထပ်ပစ်ဖို့ချိန်းထားသေးတယ် .. အဲ့ဒီကျမေးလိုက်မယ် သမီး”
ပြီးတော့ ဖေကြီးနဲ့ စကားနည်းနည်းပြောပြီးဖုန်းချလိုက်ဖြစ်တယ် … စိတ်ထဲမှာတော့ အတွေးတွေအများကြီးကျန်ခဲ့တယ် ..
မေ မျက်စိမခွဲချင်တာ သမီးသိတယ် … ခွဲရင်ကောင်းသွားမယ်လို့လဲ မေကြီး မယုံကြည်ဘူးလေ … သမီးမေ့မျက်စိကို အကောင်းတိုင်းဖြစ်စေချင်တယ် … မေ့အသက်က ၅၀ တောင်ပြည့်သေးတာမဟုတ်ဘူး … မေ မသေခင် သက်ရှိထင်ရှား ရှိနေချိန်လေးမှာတော့ ဘာချွတ်ယွင်းချက်မှ မရှိပဲ ဘ၀ကိုဖြတ်သန်းသွားစေချင်တယ် မေကြီးရယ် … သမီးဘာလုပ်ပေးနိုင်မလဲ ဟင် …. သမီးဘာလုပ်ပေးရမလဲ … မေကြီးကတော့ ဘာမှမဖြစ်တဲ့ပုံစံနဲ့ပေမယ့် သမီးစိတ်မကောင်းဘူးမေကြီးရယ် … ဖြစ်နိုင်ရင် သမီးရဲ့မျက်ကြည်လွှာကိုတောင် မေကြီးအတွက်ပေးချင်ပါတယ် … မေကြီးရဲ့နောက်ထပ်မျက်စိတစ်ဘက် ထပ်မထိခိုက်ပါစေနဲ့လို့ သမီး ဆုတောင်းပါတယ် ...
Posted by ကြယ်ပြာ at 9:34 PM 14 comments
Labels: ခံစားချက်အပိုင်းအစများ
Sunday, May 3, 2009
ပန်းပင်နှင့်မြေကွက်လေး

တခါတုန်းက မြေကွက်လေးတစ်ကွက်ရှိတယ်တဲ့ …. အဲ့ဒီမြေကွက်ကလေးကို ပိုင်ရှင်တွေက သေချာမပြုမပြင်ထားတော့ သူ့ခမျာ ခြံစည်းရိုးလေးတွေလဲ ပျက်၊ အနီးအနားက လူတွေကလဲ ဖြတ်လမ်းလိုသဘောထားပြီး ဖြတ်ကြ သွားကြ လာကြနဲ့ပေါ့ ၊ ကြက်တွေ ငှက်တွေကလဲ သူတို့ အစာရှာရာနေရာလို သဘောထားပြီး မြေကွက်လေးအပေါ် ထင်တိုင်းကြဲနေကြတယ်တဲ့ …. ဒီတော့ မြေကွက်လေးက “ငါဟာ လောကကြီးအတွက် ဘာမှ အကျိုးမပြုနိုင်တဲ့အရာ တစ်ခုပါလား” ဆိုပြီး စိတ်မကောင်းဖြစ်နေသတဲ့လေ ….
တစ်နေ့မှာတော့ မြေကွက်ကလေးရဲ့ပိုင်ရှင်တွေက မြေကွက်ကလေးကိုစောင့်ရှောက်ဖို့ ခြံလုပ်သားကြီးတစ်ယောက်လက်ကို အပ်လိုက်သတဲ့ …. လုပ်သားကြီးက ခြံစည်းရိုးလေးကို ခိုင်ခိုင်ခံ့ခံ့လေးပြင်ကာပြီး မြေကွက်လေးကို မြေဆီ မြေသြဇာပြည့်တဲ့ မြေကွက်လေးတစ်ကွက်ဖြစ်အောင် စတင်ဖန်တီးပါလေရောတဲ့ … မြေကွက်ကလေးကတော့ သူ့ရင်ဘတ်ပေါ်မှာ ဘာပင်လေးတွေများစိုက်မလဲဆိုပြီး ရင်ခုန်မျှော်လင့်နေတာပေါ့ … အဲ့လို လုပ်သားကြီးက ပြုပြင်ပြီးတဲ့နောက် မြေကွက်လေးပေါ်မှာ ပန်းပျိုးပင်လေးတွေစိုက်သတဲ့ … မြေကွက်လေးကတော့ ပျော်နေရှာတာပေါ့လေ … ပြီးတော့ ဆုံးဖြတ်ချက်လဲ ချလိုက်သတဲ့ .. သူ့ရင်ဘတ်ပေါ်က သူချစ်တဲ့ ပျိုးပင်လေးတွေ အကောင်းဆုံးရှင်သန်ဖူးပွင့် နိုင်ဖို့ သူအစွမ်းကုန်ကြိုးစားမယ် ဆိုပြီးတော့ပေါ့ ….
ဒီလိုနဲ့ပဲ မြေကြီးကသူဆုံးဖြတ်ထားတဲ့အတိုင်း ပန်းပင်လေးတွေ အမြစ်ခိုင်မာစေဖို့၊ အာဟာရပြည့်စေဖို့ သူ့မှာရှိတဲ့ အစွမ်းတွေနဲ့ ပံ့ပိုးလိုက်တာ ပန်းပင်လေးတွေမှာ လှပတဲ့ရောင်စုံအပွင့်လေးတွေ ငွားငွားစွင့်စွင့်၊ ရနံ့လေးတွေကလဲ သင်းထုံလို့ ဖူးပွင့်လာလိုက်ကြတာ မြေကွက်လေးမှာ ပျော်လွန်းလို့ နေစရာနေရာတောင်မရှိသလို ခံစားရသတဲ့ … ပန်းပွင့်လေးတွေကလဲ မြေကွက်လေးရဲ့ သူတို့အပေါ်ထားတဲ့ စိတ်စေတနာကိုသိလေတော့ အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ဝတ်မှုံလေးတွေ၊ သူတို့ရဲ့ပွင့်ဖတ်လေးတွေ၊ သူတို့ရဲ့အရွက်လေးတွေကို မြေကွက်လေးပေါ် ခြွေချပေးကြတယ်လေ ….သူတို့တစ်ပင်လုံး လဲဖြိုချပေးဖို့ကျတော့လဲ မဖြစ်နိုင်ပြန်ဘူးလေ … ဘာလို့လဲဆိုတော့ သူတို့ အလုပ်က အကောင်းဆုံးဖူးပွင့်ပြီး ကောင်းကင်ကြီးကို မျှော်ကြည့်ဖို့မဟုတ်လား ….
မြေကွက်လေးကတော့ ပန်းပင်လေးတွေဆီက ဘာဆိုဘာမှပြန်မမျှော်လင့်ခဲ့ပါဘူး … သူ့စေတနာကို အသိအမှတ်ပြုတာနဲ့တင်ကျေနပ်ရောင့်ရဲနေနိုင်တယ်ဆိုတာ ပန်းပင်လေးတွေလဲ ရိပ်မိမယ်ထင်ပါတယ် … သူတို့ခြွေချပေးတဲ့ အရာလေးတွေကနေ မြေသြဇာပြန်လုပ်ပြီး အပင်လေးတွေ ဆက်လက်ရှင်သန်ဖို့ပဲ သူစိတ်ဝင်စားသတဲ့လေ … အပင်လေးတွေ ပျော်နေမယ်ဆိုရင်ကိုပဲ လောကကြီးမှာ အကြီးမြတ်ဆုံး အရာတစ်ခုလိုမျိုး သူ့ကိုယ်သူ ဂုဏ်ယူကျေနပ်နေသတဲ့ …. မြေကွက်လေးက ခြံလုပ်သားကြီးကို ခပ်တိုးတိုးပြောလိုက်တယ်တဲ့ “လုပ်သားကြီးခင်ဗျာ … ခင်ဗျားကြောင့် ကျုပ်ချစ်တဲ့ပန်းပင်လေးတွေကို အကောင်းဆုံးဖူးပွင့်ဝေဆာနိုင်အောင်ဖန်တီးပေးနိုင်ခဲ့လို့ ကျုပ်က ခင်ဗျားကို သိပ်ကျေးဇူးတင်ပါတယ် …” တဲ့ ….
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ …. လောကကြီးမှာရော ကိုယ်ချစ်တဲ့သူဆီက ဘာမှပြန်မမျှော်လင့်ပဲ သူပျော်ရွှင်ဖို့လုပ်ပေးနေရတာနဲ့တင် ကျေနပ်နေတတ်တဲ့ မြေကွက်လေးလို လူတွေရှိမယ်လို့ထင်ကြလားဟင် ??????
မှတ်ချက်။ ။ပုံလေးကို www.earthfriendlybouquets.com ကယူပါတယ် ...
Posted by ကြယ်ပြာ at 11:43 AM 9 comments
Labels: ခံစားချက်အပိုင်းအစများ
Saturday, April 4, 2009
နေခဲ့တော့နေရာဟောင်းရေ
မနက်ဖြန်ကျွန်မအလုပ်ဆင်းရမယ့်နောက်ဆုံးနေ့ …. နောက်ထပ်အလုပ်သစ်တစ်ခုကလဲ အဆင်သင့်မဖြစ်သေးဘူး … ဆက်နေဖို့ရာလဲမသေချာဘူး …. ဘာမှလဲရေရေရာရာမရှိဘူး .. ဒါပေမယ့်သေချာတာတစ်ခုကတော့ မနက်ဖြန်ကျရင် နေရာဟောင်းကို ကျွန်မလက်ပြနှုတ်ဆက်ရမယ် ….
အဲ့ဒီနေရာဟောင်းလေးမှာ ရန်ကုန်မှာကတည်းက (၅)နှစ်မက လက်တွဲပြီး အလုပ်လုပ်ဖူးတဲ့ သူငယ်ချင်းအချို့ရှိတယ် ..
ကျွန်မတရားစခန်းဝင်ဖြစ်အောင်တိုက်တွန်းဖူးတဲ့ သူငယ်ချင်းရှိတယ် …
ကျွန်မရဲ့ဒေါသတွေပြေလျော့သွားအောင် လုပ်ပေးဖူးတဲ့သူငယ်ချင်းရှိတယ် …
ကျွန်မစိတ်ညစ်လို့တိုင်ပင်တိုင်း အကြံကောင်းပေးတတ်တဲ့သူငယ်ချင်းတွေရှိတယ် …
ကျွန်မကို စာနာ နားလည်ပေးတဲ့သူငယ်ချင်းတွေရှိတယ် …
ကျွန်မရဲ့အားနည်းချက်တွေကို ထောက်ပြပေးတဲ့သူငယ်ချင်းတွေရှိတယ် …
ကျွန်မလဲကျတိုင်း ထူမတ်ပေးတဲ့သူငယ်ချင်းတွေရှိတယ် ….
နေရာဟောင်းလေးကို နှုတ်မဆက်ချင်ပေမယ့်လည်း သေချာတာတစ်ခုကတော့ နှုတ်ဆက်ရတော့မယ် …
Posted by ကြယ်ပြာ at 7:03 PM 19 comments
Labels: ခံစားချက်အပိုင်းအစများ
Sunday, December 7, 2008
ကျွန်မချစ်သော
အစ်ကိုတစ်ယောက်၊ မောင်လေးတစ်ယောက်ရှိတယ် ....
အစ်ကိုက ငယ်ငယ်ကတည်းက အမေကိုကူလုပ်ပေးတတ်လို့ ကိုယ်သက်သာရတာနဲ့တင် တော်တော်ချစ်လှပြီ ....အိမ်မှာကျွန်မက မိန်းကလေးပေမယ့် အမေနဲ့ဘယ်တော့မှလက်ပွန်းတတီးနေ့လေ့မရှိဘူး ... အဖေနားပဲကပ်တယ် ....
ကိုကြီးက ကျွန်မကို အစ်ကိုတစ်ယောက်လိုရော၊ အစ်မတစ်ယောက်လိုပါ ဂရုစိုက်လေ့ရှိတယ် ...
ကျွန်မနေမကောင်းလို့ ခြေတွေ၊လက်တွေကိုက်ပြီဆိုရင် “ကိုကြီးရေ ငါ နေမကောင်းဘူး၊ တကိုယ်လုံးကိုက်ခဲနေတယ်” လို့ပြောလိုက်ရင် ပရုတ်ဆီပုလင်းယူပြီး ခြေတွေလက်တွေလူး၊ နှိပ်ပေးတတ်ပါတယ်(သူ့အလှည့်ဆိုရင်တော့ နင်ဇိမ်ခံချင်လို့မဟုတ်လား ငါမလုပ်ပေးဘူးဟာ ဆိုပြီး ဘယ်တော့မှပြန်မလုပ်ပေးပါဘူး။ ကျွန်မစိတ်ပုပ်တာပါ။) ... အိပ်ခါနီးတိုင်း ခြင်ဆေးထွန်းရမှာပျင်းလို့ အိပ်ချင်ယောင်ဆောင်တိုင်း ကျွန်မဘေးမှာ ခြင်ဆေးလာထွန်းပေးတတ်တဲ့အစ်ကို ... ခွလုံးနဲ့မှအိပ်တတ်တဲ့ကျွန်မက ခွလုံးကိုအိမ်ရှေ့ခန်းမှာ မေ့ကျန်ခဲ့တိုင်း“ကိုကြီးရေ ငါ့ခွလုံးလေးပေးပါဆိုရင်” ဒူးခေါင်းကြားထဲထိ ခွလုံးလိုက်ထည့်ပေးတတ်တဲ့ အစ်ကို့ကို တော်တော်ချစ်ပါတယ် ...မကောင်းတာကတော့ ကျွန်မမို့ထိုင်ပြီးစာအုပ်ဖတ်နေပြီဆိုရင် အ၀င်တစ်ခါ၊အထွက်တစ်ခါ ကျောကိုကန်ပြီးစလေ့ရှိတယ် .... ကျွန်မကစာဖတ်ပျက်မှာစိုးလို့ အချိန်တော်တော်ကြာသည်းခံလေ့ရှိတယ်ဆိုတာသိတော့ စာအုပ်ဖတ်မပြီးမချင်းအဲ့လိုစတယ် ... ကျွန်မက အသားများတော့ နာလာပြီး စိတ်ကတိုရော ... ပြီးတော့ ၀ုန်းဒိုင်းလိုက်လုပ်တော့ ထွက်ပြေးတယ် .... တခါတလေ အိပ်နေရင် ပါးစပ်ထဲကို ဆားတွေလာထည့်တာမျိုး၊ ကြက်ဟင်းခါးသီးတွေ အရည်ညှစ်ထားပြီးထည့်တာမျိုး၊ အီးပေါက်ပြီး လာရှုခိုင်းတာမျိုး တွေလုပ်တတ်ပါတယ် ... ၂၈နှစ်လုံးလုံး အဲ့လိုပုံစံနေဖြစ်ခဲ့တယ် ..... အစ်ကိုနဲ့က ၂ နှစ်နီးပါးပဲ အသက်ကွာတာပါ …..
ကျွန်မထက် အသက် ၄ နှစ်ငယ်တဲ့ မောင်လေးကိုလဲ အရမ်းချစ်တယ် .... ကျွန်မက ချစ်စနိုးနဲ့ “ငဖြိုးလေး” လို့ခေါ်တယ် ... တခါတလေတော့ “ဖြိုး” လို့ ခေါ်တယ် .... မိသားစုအပေါ်သိပ်နားလည်တတ်တဲ့ အငယ်ဆုံးလေးပါ ....ငယ်ငယ်တုန်းကတော့ သူ့ကိုအမြင်ကပ်တယ် ... သူ့ကြောင့် ကျွန်မခဏခဏ အရိုက်ခံရတတ်လို့လေ ....
ပြီးတော့ အမေက သိပ်ဦးစားပေးလွန်းလို့ မနာလိုဖြစ်မိတာလဲပါမှာပေါ့ ….... ငယ်ငယ်တုန်းကဆိုရင် သူ့ကိုအမြင်ကပ်လို့ သူ့ဆံပင် ကောက်ကောက်လေးတွေကို ဖယောင်းတိုင်မီးနဲ့ ရှပ်ပြီး ရှို့ဘူးတယ် .... (ခေါင်းမလောင်သွားတာ တော်သေးတယ် ... ဟီး ) ... ကြီးလာတော့ ကျွန်မနဲ့ကအရမ်းတည့် ...
ကိုယ့်ဘာသာကိုယ်ဆိုရင် ၀ယ်ဖို့ကပ်စေးနည်းပေမယ့် သူ့အတွက်ဆိုရင်ဘယ်တော့မှကပ်စီးနည်းလေ့မရှိဘူး .... သူ့ နဲ့အစ်ကို ကိုလာထိရင်လည်း နဲနဲလေးမှမခံဘူး .... သူ့ကိုရန်ရှာဖို့လုပ်တဲ့ လူတစ်ယောက်ကို အနောက်ကနေ၀င်နပန်းလုံးမိလို့ အဲ့လူက လက်သီးနဲ့လှည့်ထိုးတာ ခံရဖူးတယ် ... မနာပါဘူး ကိုယ့်မောင်လေးအသားမထိပြီးတာပဲ (ပြီးသွားမှနာတာ)..
သူ့မှာဆိုးတာဆိုလို့ ဆေးလိပ်သောက်တာကလွဲရင် မယ်မယ်ရရသိပ်ပြောစရာမရှိဘူး .... ကိုယ့်ရဲ့ခံစားချက်တွေ အားလုံးနီးပါးကိုလဲ မျှဝေခံစားပေးနိုင်တယ် ... အစ်မအတွက်ဆိုရင် အမြဲအသင့်ဖြစ်နေတတ်တဲ့ မောင်လေးကို အရမ်းချစ်တာပဲ ....
Posted by ကြယ်ပြာ at 10:54 PM 2 comments
Labels: ခံစားချက်အပိုင်းအစများ
Tuesday, March 11, 2008
ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ခြင်း(၁) …
စိတ်ထဲ အတွေးတစ်စ၀င်လာတယ် …. ကျွန်မ ဘာလို့ အငြင်းသန်သလဲဆိုတာပေါ့ …..
ကျွန်မမှန်တယ်ထင်တဲ့ အရာတွေတော်တော်များများကို အသဲအသန်ငြင်းလေ့ရှိတယ် …
မွေးရာပါဗီဇလို့ပဲပြောရမယ်ထင်ပါတယ် ….. ကျွန်မကိုသူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် “နင့်ကို တခုခုလာပြောတိုင်း နင်ပြန်ပြန်တုံ့ ပြန်နေရတာ မပင်ပန်းလွန်းဘူးလား” တဲ့ …. အဲ့ဒီတုန်းက “ မပင်ပန်းပါဘူး …. ပျော်တောင် ပျော်သေးတယ်” လို့ ကျွန်မပြန်ပြောခဲ့တာ မှတ်မိနေတယ် ….ဒါပေမယ့် ခုအသက်လေးနဲနဲကြီးလာတော့ ငြင်းတာတွေ မြင်ရ၊ ကြားရတာသိပ်မောတာပဲ …. ကျွန်မ မငြင်းချင်ဘူး။ အငြင်းမသန်ချင်တော့ဘူး …
ဒါပေမယ့် လုံးဝမငြင်းတော့တာလဲ မဟုတ်ပြန်ဘူး ……
ခုနောက်ပိုင်း ဘယ်သူ့စကားဝိုင်းကိုမှ ၀င်မပြောချင်ဘူးဖြစ်နေမိတယ် ….
ကိုယ့်စိတ်ကိုယ်လဲ မကျေမနပ်ဖြစ်တာတွေများလာတယ် … စိတ်တွေမကြည်လင်၊ မလန်းဆန်းဘူး …. ဘာကြောင့်ဆိုတာ သေချာသိပေမယ့် ကျွန်မကိုယ် ကျွန်မ မကုစားနိုင်ဘူး …. ကုစားဖို့ တခြားနည်းလမ်းရှိတာကို ကျွန်မသိပေမယ့် ခေါင်းမာနေတယ် …. ကျွန်မစိတ်တွေကို ထွက်ပေါက်ပေးချင်နေတယ် …. ဖောက်ခွဲချင်တယ် ….
ဘယ်လိုနည်းနဲ့ဖောက်ခွဲရမလဲဆိုတာ မသိဘူးဖြစ်နေတယ် …..
အဲ့လိုမသိတိုင်း ကျွန်မစိတ်ရဲ့ ဖိစီးမှု့တွေ အားလုံးကို ကျွန်မ မိဘနဲ့ ညီအကို၊မောင်နှမတွေဆီကို လွှဲပို့မိတယ် …. တကယ်ကကျွန်မ ပတ်ဝန်းကျင်ကလူတွေကို ကျွန်မမျက်နှာ မကြည်လင်မှု့ကြောင့် ဖြစ်ဖြစ်၊ ကျွန်စိတ်တိုလို့ စကားကောင်းကောင်းမထွက်လို့ပဲဖြစ်ဖြစ် စိတ်မညစ်စေချင်၊ စိတ်အားမငယ်စေချင်ဘူး …. ခုချိန်မှာ ပိုဂရုစိုက်ရမယ်ဆိုတာ မသိမဟုတ်၊ သိနေလျက်နဲ့ ကျွန်မ မိသားစုကို ဘာလို့များ နားလည်မှု့မပေးမိပါလိမ့် …..
Posted by ကြယ်ပြာ at 12:50 AM 0 comments
Labels: ခံစားချက်အပိုင်းအစများ
Friday, December 21, 2007
ခံစားချက်အပိုင်းအစ
ရင်ဖွင့်ပါရစေ ကျွန်မရဲ့ ဒိုင်ယာရီလေးရေ …….
ဒီနေ့ သူငယ်ချင်းတစ်ယောက်အတွက်နဲ. စိတ်မကောင်းဖြစ်၊ မျက်ရည်ကျရပြန်ပြီ …..
ကျွန်မ ထင်ထားတဲ့၊ ယူဆထားတဲ့ ဘယ်သူ့ကိုမှ မထိခိုက်လောက်ဘူးထင်လို့ လုပ်မိတဲ့ အလုပ်က သူတစ်ပါးကို ထိခိုက်စေတယ်ဆိုတာ သိလိုက်ရလို့ပါ …..ခုတစ်ကြိမ်နဲ့ပါဆိုရင် သူငယ်ချင်း နှစ်ယောက်ရှိသွားပြီ ။ ကျွန်မစိတ်ထဲ တော်တော်ထိခိုက်ပါတယ် …..သူတို့ကိုတောင်းပန်လိုက်ရုံနဲ့ သူတို့တွေ စိတ်ထဲမှာ တကယ်ကျေနပ်သွားကြရဲ့ လား ကျွန်မ မသိနိုင်ပါဘူး …..
ကျွန်မ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်၊ ဆုံးမနေမိတယ် …. ကျွန်မက သူငယ်ချင်းတွေနဲ့ ပတ်သတ်ရင် တကယ်ကောင်းချင်ခဲ့သူပါ …. ဖြစ်နိုင်ရင် ကျွန်မကြောင့် ဘယ်သူ့ကို မှ စိတ်အနှောက်အယှက်မဖြစ်စေချင်ပါဘူး ။
ငါသာဆိုရင် ဒီလိုမဖြစ်ဘူးလို့ အမြဲတွေးတတ်တဲ. ကျွန်မ ၊ ကျွန်မစိတ်နဲ.နှိုင်းပြီး အရာရာကို ဆုံးဖြတ်လေ့ရှိတယ် ။ လူတစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ခြင်း မတူနိုင်တာ ကျွန်မမေ့နေမိတယ် ….
ခုတော့ သူငယ်ချင်းစိတ်ထဲလည်း ကသိကအောင့်ဖြစ် ၊ ကျွန်မလဲ စိတ်ဆင်းရဲရတယ် …..
ကြယ်ပြာ
Posted by ကြယ်ပြာ at 4:17 AM 0 comments
Labels: ခံစားချက်အပိုင်းအစများ