Credit to blog.nus.edu.sg
“အင်း …. သံယောဇဉ် …. သံယောဇဉ် ”
သက်ပြင်းကို ခပ်ဖွဖွ ရှိုက်ထုတ်ရင်း သောက်လက်စ ကော်ဖီပူပူကို အလျင်စလို တစ်ကျိုက် မော့ချလိုက်တယ်။
လည်ချောင်းထဲ စီးမျောသွားတဲ့ ကော်ဖီအရသာကို ချိုသလား ခါးသလား မသိလိုက်မိချေ။
ဖြက်ကနဲ ကျမရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်စ တွဲလွဲခိုလာတယ်။
ကော်ဖီသကြားလုံးလေးတစ်လုံးကို ကျမနှုတ်ခမ်းဝအထိ တယုတယ ခွံ့ကျွေးခဲ့တဲ့သူ့ရဲ့ ကြည်စင်တဲ့ အပြုံးက စွဲမက်စရာ။ ပြီးတော့ သကြားလုံးခွံလေးတွေကို သူ့ဒိုင်ယာရီစာအုပ်ကြားထဲ ခပ်ဖွဖွ ညှပ်သိမ်းလိုက်တယ်။
ဒါ ကျမနဲ့ပတ်သတ်တဲ့ အမှတ်တရ တွေကို သူငယ်ချင်းဘ၀ကတည်းကခုချိန်ထိ သိမ်းဆည်းနေကျနည်းလမ်းတစ်ခုပါ။
သူ့လှုပ်ရှားမှုတိုင်းကို မပျင်းမရိ တမေ့တမော လိုက်ငေးနေတဲ့ ကျမ ကို လှည့်ကြည့်ပြီး ကျမဆံပင်တွေကို အသာအယာဆွဲဖွလိုက်ရင်း လှစ်ကနဲပြုံးလိုက်တယ်။
သူပြုံးလိုက်တိုင်း မျက်လုံးလေးတွေကပါ အရောင်တောက်ပြီးလိုက်ပြုံးသွားတာလေးကိုလေ ကျမ ချစ်လိုက်တာ။
သူနဲ့ ကျမရဲ့ ရွှေရောင်နေ့ရက်တွေထဲမှာ ဘတ်စ်ကား ကြပ်ကြပ်တိုးစီးခဲ့တာတွေလဲ ပါရဲ့၊
အဓိပတိလမ်းမှာ လမ်းလျောက်ခဲ့တာလဲပါရဲ့၊ ရောင်စုံကျောင်းသူ၊ကျောင်းသားတွေကို လိုက်ငေးရင်းလဲ ပျော်ခဲ့ဖူးတာတွေလဲ ပါရဲ့ … ကံ့ကော်ပန်းလေးတစ်ပွင့် ကျမခေါင်းပေါ် ပန်ပေးခဲ့တာလဲပါရဲ့ ….
ဂန္ဓ၀င် သစ်ပုပ်ပင်ကြီးကို မှီပြီး ချစ်ခွန်းသီခဲ့တာတွေလဲပါရဲ့ ….
ရေတမာပင်အောက်ထိုင်ပြီး မင်းလူဝတ္ထုတွေကို နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီး ဖတ်ခဲ့ရတာတွေလဲပါရဲ့ ….
ကျမတို့နှစ်ယောက်အတွက် အမှတ်တရဆိုတာ တိုက်လာတဲ့ လေပြေညင်းလေးတွေက အစ
ခြေလှမ်းအောက်က ရွက်ခြောက်ကြွေလေးတွေ အဆုံး သိပ်သိပ်သည်းသည်းပါဝင်ခဲ့ကြတယ်။
.
.
.
.
.
.
“ ဟဲ့ အမေကြီး တစ်ယောက်တည်း ပြုံးလို့ပါလား ဟ … ဘာတွေ များ သဘောကျနေတုန်း”
ဆက်ကနဲ တုန်သွားတဲ့ ကျမ လက်ကကော်ဖီခွက်ပါလွတ်ကျပါလေရောလား။
“အမယ်လေး … ပူလိုက်တာတော် …. အဖေကြီးကလဲ အလန့်တကြား …..”
သူ ….. အပြေးကလေး ဖြေညှင်းစွာလှမ်းလာပြီး ကျမလက်က ကော်ဖီပူတွေကို တယုတယ ပွတ်သုတ်ပေးလိုက်တယ်။
တွန့်နေတဲ့ အရေးအကြောင်းတွေ ကြားက ကြည်စင်တဲ့ အပြုံးတွေ သူ့နှုတ်ခမ်းမှာ တွဲလွဲခိုနေတုန်း။
လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေး သူ နဲ့ ကွမ်းယာသည်လေးကျမ ခုတော့ ကျောင်းထဲမှာ
လက်ဘက်ဆိုင်လေးတစ်ဆိုင်အခြေတည်လို့ ကျမတို့ရဲ့ အမှတ်တရတွေလဲ ဝေစည်ဆဲ၊
မပြောင်းလဲတဲ့ ချစ်ခြင်းတွေလဲ တိုးပွားဆဲ ….
သံယောဇဉ်တွေလဲ တနေ့ထက် တနေ့ ခိုင်မာဆဲ ……..
Monday, September 8, 2014
" ချိုမြိန်စွာ ရစ်နှောင်တတ်သော "
Posted by ကြယ်ပြာ at 7:39 AM 12 comments
Labels: Tag, တွေးမိတွေးရာ
Sunday, February 26, 2012
စံပါယ်ပုံပြင်

နေပူနေပေမယ့် ဖုန်ထ မနေတဲ့ ဒီလမ်းလေးကို အရင်ဆုံး လျှောက်လိုက်ပါဦးနော် ….
မြေလမ်းကလေးအဆုံးနားရောက်ခါနီးရင် မွှေးထုံလွန်းတဲ့ စပါယ်ရနံ့တွေက သင့်ကို အရင်ဆုံးမိတ်ဆက်ပါလိမ့်မယ်။ 
လမ်းလေးဆုံးသွားတဲ့အခါ ညာဘက်ကို ချိုးကွေ့လိုက်ရင်တော့ ရိုးရှင်းတဲ့စည်းရိုးလေးတွှေနဲ့ဖွဲ့စည်းထားပြီး
မြခက် နဲ့ ပုလဲသွယ်တွေဆင်မြန်းထားတဲ့ ချစ်စဖွယ် ခြံလေးတစ်ခြံကို တွေ့ရမှာပါ။ဒီခြံကလေးကို မှုံလေးတို့ခြံရယ်လို့ လူသိများကြတယ်။
ကျွန်မမှာ ဖြူစင်တဲ့အဆင်းရှိသလို သင်းပျံ့တဲ့ရနံ့လဲရှိတယ်။ ကျွန်မရဲ့ ရနံ့ကို ရှုရှိုက်မိရင် လန်းဆန်းသွားတတ်တယ်လို့လဲ ချီးကျူးကြတယ်လေ။ ပြီးတော့ မြစိမ်းရောင်အရွက်တွေကလဲ တယုတယ ထွေးပွေ့လို့ ကျွန်မရဲ့အလှကို ပိုတောက်ပစေကြတယ်… လေပြေကလေးများနော့လာပြီဆိုရင်ဖြင့် ကျွန်မတို့တတွေ သွဲ့သွဲ့ပြောင်းပြောင်း ငြိမ့်ငြိမ့်ညောင်းညောင်း “က” ကြတော့တာပဲ ….
သြော် .. ပြောဖို့မေ့နေလို့ ကျွန်မက ခြံလေးရဲ့စံပါယ်ရုံကြီး တစ်ရုံထဲက ဖူးငုံစ စံပါယ်လေးတစ်ငုံရယ်ပါ။
မှုံလေးတို့ ခြံထဲမှာ စံပါယ်ရုံတွေအများကြီးရှိတယ်။ စီးပွားဖြစ်စိုက်ထားတာမျိုးမဟုတ်ပေမယ့် လူတွေအကြောင်းအမျိုးမျိုးနဲ့ လာဝယ်လေ့ရှိကြတာတော့ ကျွန်မ သတိထားမိတယ်။ ဒီတော့ ကျွန်မတို့ စံပါယ်ငုံလေးတွေအများစုက အပင်ပေါ်မှာတင် နွမ်းပြီး ကြွေကျသွားတာထက်စာရင် တစ်စုံတစ်ယောက်လာဝယ်တာခံရဖို့ ပို မျှော်လင့်ကြတယ်လေ။
ကျွန်မကတော့ ဒီလိုသာမန်အတွေးမျိုးထက်ပိုပြီး စိတ်ဝင်စားမိတာရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ၀ယ်ယူခြင်းရဲ့အကြောင်းရင်းပါ။ မင်္ဂလာဆောင်အတွက်လား၊ လမ်းဘေးဈေးသည်လေးတွေ တဆင့်ပြန်ရောင်းဖို့အတွက်လား၊ အိမ်ရှင်မတွေက၀ယ်ချင်တာလား စသဖြင့်ပေါ့လေ။ ကျွန်မအထင် မင်္ဂလာဆောင်အတွက် ၀ယ်တာက ကျက်သရေအရှိဆုံး၊ မင်္ဂလာအရှိဆုံး၊တန်ဘိုးအရှိဆုံးလို့ယူဆတယ်။ ကျွန်မကိုယ်တိုင်ကလဲ မင်္ဂလာဆောင်ကလွဲလို့ တခြားနေရာတွေ မသွားချင်ပေါင်။ ကျွန်မသူငယ်ချင်း တချို့ကတော့ ဘာ မျှောက်လင့်ချက်မှ မရှိကြဘူးရယ်။
ဟော …. ခြံထဲ ဧည့်သည်တစ်ယောက်ဝင်လာပါလား။ ပန်းလာဝယ်တာထင်ပါရဲ့။
ဒီတခါလာဝယ်တဲ့အခါ လှပစွာ ဖူးအာစပြုနေတဲ့ ကျွန်မပါသွားမှာ အသေအချာပဲ။
“မင်္ဂလာဆောင်အတွက်ဖြစ်ပါစေ …..” လို့တိတ်တိတ်လေး ဆန္ဒပြုမိတယ်။
မှုံလေးတို့ပြောနေတာတွေ နားစွင့်မိတော့ မင်္ဂလာဆောင်အတွက်တဲ့ ….
ကျွန်မပျော်လိုက်တာ … ကျွန်မ ဆန္ဒလေးတွေ ပြည့်သွားပြီလေ ….
မှုံလေးက ကျွန်မအပါအ၀င် စံပါယ်ပန်း တော်တော်များများကို ညင်ညင်သာသာခူးလို့ ပလတ်စတစ်အိတ် အကြည်လေးထဲ ရွရွလေးထည့်လိုက်ပြီး ဧည့်သည်လက်ထဲကိုပေးလိုက်ပါတယ်။ ဧည့်သည်အိမ်ကိုရောက်တော့ ကျွန်မတို့ ကို အပြင်ထုတ်ပြီး ဆန်ကာ အခုံးလေးထဲထည့် အပေါ်က ရေစိုအ၀တ်ဖြူဖြူလေးအုပ်လို့ ယုယကြပြန်တယ်။
ဟော … ဒီနေ့ မင်္ဂလာဆောင်နေ့ ရောက်ပြီ … ကျွန်မတို့တွေကို ဆန်ကာခုံးလေးထဲကနေ အသာမယူပြီး ငွေဖလားထဲထည့်လိုက်ပြီ ….. နောက်တော့ ဇိမ်ခံကားကြီးထဲမှာ ခပ်ချောချော ဆယ်ကျော်သက်မလေးက ငွေဖလားကို အသာအယာကိုင်လို့ ….. အို … အို …. ကျွန်မ ဘ၀င်တွေတောင်မြင့်ချင်လာပြီ။ ကျွန်မ သိပ်ပျော်တာပဲရှင် …. အဲ့လိုပျော်နေတုန်း ဗြုန်းကနဲ ကျွန်မတကိုယ်လုံး လေထဲမြောက်တက်သွားတယ်။ ကျွန်မကို ကျွန်မ ဘာဖြစ်သွားမှန်းတောင်မသိဘူး ….. လေထဲမှာ တ၀ဲဝဲ တလည်လည်နဲ့ လမ်းလျှောက် ကော်ဇောနီပေါ် တလိမ့်ခေါက်ကွေးပြုတ်ကျသွားလိုက်တာ ….. ခေါင်းတွေကို မူးသွားတာပဲ ….
“အိုး …. ကျွန်မ တစ်ကိုယ်လုံးနာကျင်လိုက်တာ”
ဒီခံစားမှုရလိုက်တာနဲ့ တပြိုင်နက် မရဲတရဲ မော်ကြည့်မိတော့ ကျွန်မကိုယ်ပေါ်ကို ချွန်ထက်ထက် ဒေါက်ဘိနပ်လေး တစ်ဘက်က ခပ်ရွရွ နင်းဖြတ်သွားတယ် …
နောက်ပြီး … ဘိနပ်ပေါင်းများစွာ ….
ကျွန်မခက်ခဲပင်ပန်းစွာ အသက်ရှုနေချိန် … ကျွန်မအတွေးတွေက အိမ်ရှင်မတွေဝယ်သွားတဲ့ ကျွန်မသူငယ်ချင်းလေးတွေဆီရောက်သွားတယ် … သူတို့တွေ ခုချိန်ဆို ဘုရားစင်ပေါ်မှာ ၀ပ်စင်းနေမလား၊ အိမ်ရှင်မတွေရဲ့ ဆံနွယ်တွေပေါ် ခိုစီးနေကြမလား …
လမ်းဘေးဈေးသည်လေးတွေဆီရောက်သွားတဲ့ ပန်းကလေးတွေကကော … ကားမှန်လေးပေါ် တွဲလောင်းခို ပျော်မြူးနေကြမလား ….. တွေးရင်း … တွေးရင်း ….. နောက်ထပ် ဘိနပ်အရံပေါင်းများစွာအောက်မှာ ကျွန်မအတွေးလေးတွေ ငြိမ်သက်သွားတော့မယ်ဆိုတာ ကျွန်မသူငယ်ချင်းလေးတွေသိပါလေစ ……
Credit to:
http://www.gardenbuddies.com for the photo of Fence with Jasmine
http://lillyanna-lilaclanecottage.blogspot.com/ for the photo of lane
http://dreams-weaver.blogspot.com for the photo of Jasmine
Posted by ကြယ်ပြာ at 7:54 AM 6 comments
Labels: တွေးမိတွေးရာ
Sunday, January 23, 2011
အလုပ် .... အလုပ် ... အလုပ်
စာလဲ မရေးတာ တစ်နှစ်တောင်ရှိသွားပြီ ... အလုပ်နဲ့ပတ်သတ်ပြီးစိတ်ရှုပ်လို့ ရေးမိရေးရာရေးလိုက်တာပါ ...
ဒီအလုပ်မှာ လုပ်ရတာ မနှစ်သက်ပေမယ့် ကိုယ့်ပလန်လေးတွေရှိနေသေးလို့ ဆက်လုပ်ရင်းနဲ့ စိတ်ကရှုပ်လိုက် ပြေလိုက် လုံးချာလည်နေတော့တာပါပဲ ... ခုလောလောဆယ်တော့ သတ်မှတ်ရက်တအားနီးလေ၊ စိတ်တွေ ဂယောင်ချောက်ချားဖြစ်လေ၊ လုပ်လက်စတွေ မပြတ်လေနဲ့ ရူးချင်သလိုလို ဖြစ်နေတယ် .....း(
ပုံစံခွက်တခုထဲ ဖြက်ကနဲကျသွားချိန်
ချော်လဲ ရောထိုင်ဖို့ကို
ပတ်ဝန်းကျင်ကပဲဖြားယောင်းတယ် …
အတိတ်ထဲကနေ သင်ခန်းစာယူရင်းနဲ့ပဲ
အဲ့ဒီအတိတ်ထဲမှာပဲ အခါခါချော်လဲ…
ထိခိုက် ပွန်းပဲ့သွားတာတွေပြပါဆိုရင်တော့
စိတ်တွေ၊ ခံစားမှုတွေ ပဲ ချပြစရာရှိတယ် …
Posted by ကြယ်ပြာ at 11:43 PM 9 comments
Labels: တွေးမိတွေးရာ
Saturday, April 18, 2009
မသေခင်လေးမှာ ...
ကျွန်မရဲ့ ဒီပို့စ်လေးက ဖတ်သူတွေအဖို့ မင်္ဂလာတစ်ပါးမဟုတ်တာတော့ အသေအချာပါပဲ … ဘာလို့လဲဆိုတော့ နာရေးအကြောင်းလေးဖြစ်နေလို့ပါ …. ဘာရယ်မဟုတ် ကျွန်မရေးချင်စိတ်လေးပေါ်လာလို့ ရေးမိပါတယ် … ဖတ်ပြီး စိတ်အနှောက်အယှက်ဖြစ်သွားမယ့် သူငယ်ချင်းတွေကို တင်ကြိုတောင်းပန်ပါတယ်နော …
နှစ်သစ်မှာပဲ သူငယ်ချင်းရဲ့ မောင်လေးနာရေးနဲ့စတိုးခဲ့တယ် … ဆုံးသွားတာက သင်္ကြန်အတက်နေ့က …....
သင်္ဂြိုလ်တာက ဒီနေ့ပေါ့ ….ဒီနေ့တနေကုန် ကတ်စကပ် နဲ့ မန်ဒိုင်းမှာ အချိန်ကုန်ခဲ့တယ် … ခန္ဓာကိုယ်ကို ရန်ကုန်ပြန်ပို့ဖို့စီစဉ်ပေမယ့် နှစ်မကူးခင်ဆုံးပြီး နှစ်ကူးပြီးချိန်မှာပို့မှာမို့ မြန်မာပြည်ဘက်က လက်မခံပါဘူးတဲ့ … ဒီတော့ ဒီမှာပဲ သင်္ဂြိုလ်ဖို့စီစဉ်ရပါတယ် … ဒါပေမယ့် နိုင်ငံရပ်ခြားမှာဆုံးပြီး စနစ်တကျ လူလိုသူလို နာရေးလေးဖြစ်မြောက်သွားတာတော့ ကျွန်မ၀မ်းသာမိပါတယ် …
သူတို့အလုပ်က လိုက်ပို့သူတွေ Shuttle Bus လေးစင်းစာရှိပါတယ် … တစ်ယောက်တစ်လက်နဲ့ ၀ိုင်းကူညီလိုက်ကြတာ ကျွန်မသူငယ်ချင်းဘာမှတောင်သိပ်လုပ်လိုက်စရာမလိုခဲ့ပါဘူး ….
သူ စင်္ကာပူရောက်တာ ၆ လကျော်လေးပဲရှိပါသေးတယ် … သူ့အစ်မ (ကျွန်မသူငယ်ချင်း) က ကျွန်မနဲ့တစ်အိမ်တည်းနေသူပါ … သူမဆုံးခင် သုံးရက်လောက်အလိုက ကျွန်မတို့အိမ်ကိုလာပြီး ချက်ပြုတ်စားသောက်နေပါသေးတယ် …. ပထမ လေဖြတ်သွားလို့တဲ့ ဆေးရုံမှာတင်လိုက်ရတယ်လို့ ဖုန်းဝင်ပြီး မကြာခင်မှာတင် ဆုံးသွားပြီးဆိုတဲ့ဖုန်းဝင်လာတာပါ … နောက်ရင်ခွဲစစ်ပြီးတော့ သိရတာကတော့ နှလုံးသွေးကြောပိတ်သွားတာတဲ့ … ကျွန်မစိတ်ထဲ “အိုး….. မြန်လိုက်တာ ...အသက်မှ ၂၇၊ ၂၈ လေးရှိသေးတယ်” ဆိုပြီး စိတ်မကောင်းဖြစ်မိပါတယ် ..…
ပြီးတော့ ဖြက်ကနဲ ကျွန်မမေ့နေတဲ့အရာလေးကို သတိရသွားပါတယ် … လူတိုင်း တစ်နေ့သေရမယ်ဆိုတာကိုတော့ သိကြပြီးသားပါ … ဒါပေမယ့် ကိုယ်နဲ့အဝေးကြီးလိုပဲ စိတ်ထဲသိပ်မထားတတ်ကြပါဘူး … ကြိုတင်ပြင်ဆင်မှုဆိုတာလဲ လုပ်မထားတတ်ကြပါဘူး … ကျွန်မရော … ကျွန်မသေရင်ပါသွားမယ့်အရာတွေ ဘာတွေ ဘယ်လောက်ထိလုပ်ထားသလဲလို့ ပြန်ဆန်းစစ်မိပါတယ် …. ခေါင်းထဲမှာလဲ ကဗျာလေးတစ်ပိုင်းတစ်စပေါ်လာမိပါတယ် …
ငါသည် မုချသေရမည် …
အချိန်ပိုင်းသာလိုတော့သည် …
အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစား အားထုတ်ပါမည် …..
Posted by ကြယ်ပြာ at 10:17 AM 13 comments
Labels: တွေးမိတွေးရာ
Sunday, March 8, 2009
မျှော်လင့်ခြင်းကင်းသောသူ

(မှတ်ချက် - ပုံကိုဘယ်ကရမှန်းမသိတော့ပါဘူးရှင်)
“မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ” ဆိုတဲ့စကားကို ကျွန်မ ခဏခဏကြားဖူးသလို၊ ကိုယ်တိုင်လဲ ပြောဆိုဖူးတယ် ….အဲ့ဒီစကားကိုပြောရတာလဲ အရသာပြည့်ပြည့်၀၀ ရှိတယ်လို့ခံစားရတယ် …. ဘာလို့လဲဆိုတော့ မျှော်လင့်စရာမရှိတော့ရင် လူ့ဘ၀ကြီးမှာ ကြိုးစားချင်စိတ်လဲမရှိနိုင်တော့ဘူးလို့ ကျွန်မက ထင်တာကိုး …. ဒါကြောင့် အဲ့ဒီစကားရဲ့နောက်ကွယ်က ပူလောင်လွန်းတဲ့ခံစားချက်ကို မမြင်နိုင်မိသလို “မျှော်လင့်ခြင်းကင်းတာ” နဲ့ “မျှော်လင့်ချက်မရှိတာ” ကိုလဲ သေသေချာချာသရုပ်မခွဲနိုင်ခဲ့ဘူး …
ဒါပေမယ့် ခုနောက်ပိုင်းတော့ အရင်တုန်းက မျှော်လင့်ခဲ့တာတွေအတွက်ရော၊ ခုလက်ရှိမှာရော မျှော်လင့်ချက်ပေါင်းစုံနဲ့ ပူလောင်နေခဲ့တာတွေကို ခံစားမိလာတယ် …. သေးသေးဖွဲဖွဲကစလို့ ကြီးကြီးမားမားအထိပေါ့ ….
ကျွန်မ ၁၀ တန်းကို အမှတ်များများရဖို့မျှော်လင့်ခဲ့ဖူးတယ် … ကိုယ်မျှော်မှန်းသလောက်ဖြစ်မလာတဲ့အခါမှာ မျက်ရည်ကျခဲ့ဖူးတယ် … (အမှန်တော့ ကျွန်မ ကြိုးစားဖို့လိုခဲ့တာပါ ….) ကျွန်မ ချစ်တဲ့သူငယ်ချင်းတွေဆီက ကျွန်မချစ်တာနဲ့ ထပ်တူညီတဲ့ ချစ်ခြင်းမျိုး မျှော်လင့်ခဲ့ဖူးတယ် …. မသာရင်နေ လျော့တာ မလိုချင်တဲ့ကျွန်မ လိုချင်တာမရခဲ့လို့ ထိခိုက်ခံစားခဲ့ရဖူးတယ် ..… ကျွန်မ ပထမဆုံးအလုပ်စလုပ်တော့ ကျွန်မ နေချင်တဲ့ Team မှာနေရဖို့မျှော်လင့်ခဲ့ဖူးတယ် ….. Team Lead တွေက ကျွန်မတို့ Batch က လူဆယ်ယောက်ထဲကနေ တစ်နေ့ တစ်ယောက်လာလာရွေးထုတ်၊ ခေါ်သွားတဲ့အချိန်မှာ ကျွန်မက နောက်ဆုံး ၃ ယောက်ထဲမှာ ကျန်ခဲ့ရတယ် ….. စောစောရွေးချယ်ခံရဖို့မျှော်လင့်မိတဲ့ကျွန်မ တစ်ပတ်တိတိ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နောက်ဆုံးတော့ ကိုယ်မနေချင်သော Team ထဲကိုပဲ ရောက်ခဲ့ရတယ် ….ကျွန်မ သိပ်ချစ်ခဲ့ဖူးတဲ့ ကျွန်မရဲ့ ပထမဆုံးချစ်သူဆီက ကျွန်မမျှော်လင့်တဲ့နားလည်မှု့နဲ့ ချစ်ခြင်း မရခဲ့လို့ ကျွန်မ ထိထိခိုက်ခိုက် နာကျင်ခံစားခဲ့ရဖူးတယ် … နောက် အလုပ်လျှောက်တဲ့အခါမှာ ကိုယ်က အကောင်းဆုံးဖြေဆိုနိုင်ခဲ့တယ်လို့ ယုံကြည်ပြီး မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာ ထင်သလိုတွေဖြစ်မလာပြန်ဘူး …. မျှော်လင့်ချက်ပေါင်းများစွာနဲ့ အချိန်တွေကို စတေးပြီး စိတ်တွေဇောကပ် ပူလောင်နေခဲ့တယ်ဆိုတာ ကိုယ့်ကိုကိုယ်သတိထားမိတာ ခုမှပါ … စိတ်ရော လူရောပင်ပန်းပါတယ်လို့ ပြောမိလို့ “ဒါဆို မျှော်လင့်မနေနဲ့ပေါ့” ဆိုရင်လဲ သိပ်လွယ်လှတဲ့ကိစ္စတစ်ခုတော့မဟုတ်ပြန်ဘူး .. ဘာလို့လဲဆိုတော့ ကျွန်မက ပုထုဇဉ်ကိုး ….
မျှော်လင့်ပြီးဖြစ်မလာတဲ့အခါခံစားရတဲ့ ပူလောင်မှုကို သဘောမကျတဲ့ ကျွန်မ စိတ်တွေအေးချမ်းအောင်ဆိုပြီး ဆရာတော်ဦးဇောတိက စာအုပ်တွေဖတ်တယ်၊ ဦးသုမင်္ဂလ တရားတွေနာတယ် ပြီးတော့သတိထားပြီး ကျွန်မရဲ့ မျှော်လင့်ချက်တွေကို ထိန်းကြည့်တယ် …. ဘယ်လိုထိန်းလဲဆိုတော့ ဥပမာ လူတစ်ယောက်ကို ချစ်လိုက်ပြီဆိုပါစို့ …. သူ့ဘက်က ပြန်လာမယ့် တုန့်ပြန်မှု့တွေကို မျှော်လင့်မနေပဲ ကိုယ်ဘက်က ချစ်နိုင်သလောက်ချစ် …… အဲ့ဒီတော့ ထပ်တူညီတာပဲပြန်လာလာ၊ မညီတာပဲပြန်လာလာ မပူပင်ရတော့ဘူး … ကိုယ်ကမှ သူ့ဆီကဘာမှမှ မမျှော်လင့်တာလေ … နေလို့သိပ်ကောင်းတယ် …. နောက်မို့ရင် သူကငါချစ်သလိုပြန်မချစ်ဘူး၊ ငါကတော့ ချစ်လိုက်ရတာဆိုပြီး ပူလောင်နေရပါဦးမယ် … နောက် အလုပ်လျှောက်တဲ့ကိစ္စဆိုပါတော့ …. ကိုယ်ဘက်ကအတတ်နိုင်ဆုံး အစွမ်းကုန်ကြိုးစား …. ငါအကောင်းဆုံးလုပ်ထားတာပဲ ခန့်တာက သူ့ကိစ္စ လို့စိတ်ထဲမယ်ထားလိုက်ရင် စိတ်အတော်အေးပါတယ် …. အရာတော်တော်များများမှာ သူ့အပိုင်း၊ ကိုယ့်အပိုင်းဆိုတာ ခွဲလို့ရပါတယ် …. ဆိုတော့ ကိုယ့်အပိုင်းကိုယ်သာ ပိုင်နိုင်ပါစေ ကျန်တစ်ပိုင်းကို သူ့သဘောနဲ့သူသွားပါစေ … ဒါဆိုနေလို့ အရမ်းအေးချမ်းတာ ကျွန်မလက်တွေ့ပါ …. နောက်ပြီး သူငယ်ချင်းတွေနဲ့ပတ်သတ်လို့ ကျွန်မစိတ်ထဲမှာ ဘာမျှော်လင့်ချက်မှမထားပဲ ကိုယ်တတ်နိုင်တာကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးနိုင်လာပြီ …. အရင်တုန်းကဆို ကိုယ့်ကို ပိုခင်စေချင်တဲ့ ဆန္ဒလေးကစွက်သေးတာကိုး …..
မျှော်လင့်ချက်ကင်းကင်းနဲ့နေလိုက်လို့ ကိုယ့်ရဲ့ ကြိုးစားမှုကို မထိခိုက်တဲ့အပြင် စိတ်ပူလောင်မှု့ကိုပါ လျော့ကျစေလို့ အလုပ်လဲပိုတွင်ပါတယ် …. ဒါကြောင့် ကျွန်မလေ အရာရာတိုင်းမှာ မျှော်လင့်ခြင်းကင်းသောသူတစ်ယောက်ဖြစ်ချင်တယ် …. ဖြစ်အောင်လဲ ကြိုးစားနေပါတယ် ….
အဲ့လိုပဲ ကျွန်မချစ်သော ကျွန်မရဲ့သူငယ်ချင်းများအားလုံးလဲ “မျှော်လင့်ချက်နဲ့အသက်ရှင်နေတာ” ဆိုတာထက် “မျှော်လင့်ခြင်းကင်းကင်းနဲ့ အသက်ရှင်နိုင်တဲ့ သူတွေ ဖြစ်ပါစေ” လို့ ကျွန်မဆုတောင်းပေးပါတယ်ရှင် ……
Posted by ကြယ်ပြာ at 10:21 AM 10 comments
Labels: တွေးမိတွေးရာ
Sunday, February 22, 2009
နားလည်ပေးပါ
ကျွန်မဘလော့ကို အမြဲဖတ်လေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက်ကပြောတယ် … စာအသစ်မတင်လို့တဲ့လေ … အသစ်မတင်တာ လာဖတ်တဲ့သူငယ်ချင်းတွေကို မလေးစားတာတဲ့ … အဲ့ဒါနဲ့ ကျွန်မက “မဟုတ်ပါဘူးဟယ် … ဘလော့ဆိုတာ ရေးချင်တိုင်းရေးလို့ရတာမဟုတ်ဘူး … ဖီလင်လဲလာမှ အားချိန်လဲရှိမှ” လို့ပြန်ရှင်းပြမိပါတယ် …
ကျွန်မလည်းအနည်းဆုံး တစ်နေ့တစ်ပို့စ်တော့ တင်ချင်တာပေါ့ … ခုတလော ဘလော့လည်ဖတ်လို့မရအောင်ကို အလုပ်တွေကမပြီး … အလုပ်ကြွေးတွေက တစ်ဘက်၊ စိတ်ညစ်ညူးမှုတွေကတစ်ဘက်နဲ့ တော်တော် ကသိကအောင့်ဖြစ်နေမိပါတယ် …
မနေ့ကတော့ အတူနေသူငယ်ချင်းရဲ့မွေးနေ့အတွက် အိမ်မှာ နန်းကြီးသုပ် လုပ်စားကြတယ် … ကျွန်မတို့ ငယ်သူငယ်ချင်း ၄ ယောက်ရယ် ကြီးသူငယ်ချင်း ၂ ယောက်ရယ် စုပြီး ဓာတ်ပုံတွေရိုက်ကြ၊ စကားတွေပြောကြနဲ့ မနေ့ကတော့ တော်တော်လေးပျော်ဖို့ကောင်းခဲ့ပါတယ် ..
စီဘောက်စ်ထဲမှာ သူငယ်ချင်းတွေပြောထားတဲ့ နေကောင်းလား၊ အဆင်ပြေပျော်ရွှင်ပါစေ၊ ပို့စ်အသစ်မတင်ဘူးလား စတာတွေဖတ်မိရင် စိတ်က စာရေးချင်တယ် … တခုခုပေါ့ … ဘာလေးပဲဖြစ်ဖြစ်ရေးချင်တယ် … ဟူး …. ကျွန်မတကယ်ကို စိတ်ရှုပ်နေတာပါ ….း(
စိတ်ကျနေတာတော့မဟုတ်လောက်ဘူးထင်ပါရဲ့  …. အမြန်ဆုံးအဆင်ပြေသွားပါစေလို့ပဲ ဆုတောင်းရမှာပဲ … ကျွန်မပို့စ်တွေမတင်ဖြစ်ရင် စိတ်မရှိကြပါနဲ့ သူငယ်ချင်းတို့ရေ …
ကျွန်စိတ်ဆင်းရဲစရာတွေကြုံရင်လေ ကျွန်မလိုပဲ စိတ်ဆင်းရဲစရာမျိုး ကျွန်မသူငယ်ချင်းတွေမကြုံပါစေနဲ့လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးဖြစ်တယ် …
Posted by ကြယ်ပြာ at 4:42 AM 10 comments
Labels: တွေးမိတွေးရာ
Sunday, December 28, 2008
ကျွန်မခံစားမိတဲ့အချစ်ဆိုတဲ့အရာ
ဒီနေ့သူငယ်ချင်းနှစ်ယောက်ရဲ့အိမ်ကိုသွားလည်ဖြစ်တယ် …. တစ်ယောက်က “What is real love?” တဲ့ … နောက်တစ်ယောက်က “အချစ်ဆိုသည်မှာ…” ဆိုတဲ့ ပို့စ်လေးကိုတင်ထားတယ်…. သူတို့ပို့စ်တွေဖတ်ရင်းနဲ့ ကျွန်မစိတ်ထဲ ခံစားမိတဲ့အချစ်ဆိုတာကို ပြောကြည့်ချင်လာတယ် … ကျွန်မစိတ်ထဲက တွေးမိတွေးရာလေး ရေးကြည့်လိုက်ပါတယ် ….
အချစ်ဆိုတာ အတ္တတစ်ခုလို့ ကျွန်မကတော့ ယူဆပါတယ် …. “နင့်ကို သိပ်ချစ်လို့” ဆိုတဲ့ စကားလုံးကိုတွင်တွင်သုံးပြီး သ၀န်တိုတာတွေ၊ချုပ်ခြယ်တာတွေဟာ တကယ်တော့ ကိုယ်ပိုင်တဲ့အရာတစ်ခုကို ၁၀၀% အပြည့်လိုချင်လို့၊ ဘယ်လိုနည်းနဲ့မှ အလျှော့မခံနိုင်လို့ ကာကွယ်ပြီး လူကြားကောင်းအောင်သုံးတဲ့စကားလို့ကျွန်မကတော့မြင်ပါတယ် … ပိုင်ဆိုင်ချင်တယ်ဆိုတာကလဲ သူနဲ့ဆိုရင်ကိုယ်ပျော်မှာပဲလို့ ယုံကြည်လို့ပါ …. “သူသာဘေးမှာရှိရင် ငါ့အတွက်ဘာမှမလိုအပ်တော့ဘူး” ဆိုတဲ့စကားဆိုရင်လဲ ရုတ်တရက်ကြည့်ရင် ကျန်တာတွေအားလုံးကိုစွန့်လွှတ်သယောင်ယောင်နဲ့ တကယ်က “သူ” ဆိုတာကို ကျန်တာတွေအားလုံးထက်ပိုတန်ဘိုးထားလို့ ပိုတန်ဘိုးကြီးတာကို ရယူလိုက်တဲ့သဘောပါပဲ …
“ဘာဆိုဘာမှပြန်မမျှော်လင့်ဘူး… ပေးဆပ်ရုံသပ်သပ်ချစ်တာပါ” ဆိုတဲ့အချစ်မျိုးတွေ ကျွန်မကြားဖူးပါတယ် …. မြင်ဖူးတာကတော့ အဲ့လိုပြောပြီး ချစ်တတ်တဲ့သူတွေက ရှေ့ဆက်လို့ မရနိုင်တဲ့ အကြောင်းအရာ တစ်ချက်ထက်မက ရှိတတ်တဲ့သူတွေဖြစ်နေတတ်ပါတယ် …. (ဒါကလဲရှေ့မဆက်ချင်လို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်)
ကျွန်မရဲ့အတွေ့အကြုံအရပြောရရင်တော့ အချစ်စစ်ဆိုတာကို ကျွန်မတစ်ခါမှ မခံစားဖူးဘူးလို့ပြောရမယ်ထင်ပါတယ် …. ကိုယ်ကရော အချစ်စစ်နဲ့ဘယ်သူ့ကိုချစ်ဖူးလဲလို့ မေးရင်လဲ ဖြေရတော်တော်ခက်မယ်ထင်ပါတယ် ….. ကျွန်မအသက် ၂၂ ကျော်ကျော်မှာ ပထမဆုံးချစ်သူစထားဖူးတယ် …. ပထမဆုံးဖြစ်တဲ့အတွက် ကျွန်မသူ့ကိုတော်တော်လေးချစ်ပါတယ် … နားလည်မှု့လဲအတတ်နိုင်ဆုံးပေးပါတယ် … ဒါပေမယ့် နားလည်မှု့ဆိုတာလဲ အကန့်အသတ်ရှိတယ်ဆိုတာ ကျွန်မသိသွားတဲ့နေ့မှာကျွန်မသူ့ကိုလမ်းခွဲခဲ့တယ် … ဒါ ကျွန်မကိုယ်ကျွန်မချစ်လို့လေ … သူ့အနွံအတာကို ကျွန်မ တစ်သက်လုံး မခံနိုင်လို့လေ … အဲ့ဒါကြောင့် ကျွန်မက အချစ်ကို အတ္တလို့ပြောခဲ့တာပေါ့ …ကျွန်မအဖေကပြောဖူးတယ် … “သမီး … .အသက်(၂၅)ကျော်ရင် အချစ်စစ်ဆိုတာရှားသွားပြီ” တဲ့ …. တကယ်ဟုတ်မဟုတ်တော့မသိပေမယ့် ကျွန်မကတော့ အချစ်စစ်ဆိုတာကို တကယ်ရှိတယ်ဆိုရင် တွေ့ဖူးချင်သားပဲ ………
Posted by ကြယ်ပြာ at 9:02 AM 5 comments
Labels: တွေးမိတွေးရာ