Sunday, March 18, 2012

အိပ်မက်လေလား


ဒီအိပ်မက်ကို ဖေ့စ်ဘွတ်ခ်မှာ တခါတင်ဖူးပါတယ်။ ခု ဘလော့မှာ တင်ချင်စိတ်ပေါ်လာလို့ တင်လိုက်တာပါ။ ကျမက သရဲအိပ်မက်တွေ မကြာခဏ မက်လေ့ရှိတယ်။ ရှိဆို ကျမက သရဲကားအင်မတန်ကြိုက်တဲ့သူဆိုတော့ အားနေ သရဲကားပဲကြည့်ဖြစ်နေတယ်။ သရဲကားကြည့်လို့ ရလာတဲ့ ခံစားချက်ကိုလဲ နှစ်ခြိုက်တယ်။ ဒါပေမယ့် ခုတော့ သိပ်မကြည့်တော့ပါဘူး။ အသက်နည်းနည်းကြီးလာတော့ ကြောက်တတ်လာသလိုပဲ။ အဲ့ဒီနေ့က မက်တဲ့ ကျမရဲ့အိပ်မက်လေးက နည်းနည်းလေးထူးဆန်းတယ်။

ဟိုနေ့က အိပ်မက်တစ်ခုမက်တယ်။ ရက်အတိအကျဆိုရင် ၂၀၁၁ ရဲ့ ဒီဇင်ဘာ(၁)ရက်၊ ကြာသပတေးနေ့ မနက်အစောကြီးပေါ့ ..... ဒီလိုအိပ်မက်မျိုး ကိုယ်မမက်ဖူးတော့ ကိုယ့်အတွက် ထူးဆန်းနေသလိုပဲ .....

အိပ်မက်ထဲမှာ ကိုယ်က အထက်တန်းကျောင်းတစ်ခုကို ရောက်နေတယ် .... ကိုယ်သိနေတာက အဲ့ဒီကျောင်းမှာ ကိုယ့်မောင်လေး တက်နေတယ်။ ကိုယ်က သူ့ကိုတွေ့ဖို့ အဲ့ဒီကျောင်းကိုသွားတာတဲ့ ....

ကျောင်းကြီးက ခန့်ငြားပေမယ့် မသစ်လွင်ဘူး။ ကျောင်းဝင်းအကျယ်ကြီးထဲမှာ ရေနံချေးဝနေတဲ့ အဆောင်မည်းမည်းကြီး တစ်လုံးကိုတွေ့တယ်။ တွေ့ဆို အဲ့ဒီအဆောင်က ရှိသမျှအဆောင်တွေအားလုံးထဲမှာ အကြီးဆုံးပဲလေ ... နောက် ဆရာတွေ၊ ဆရာမတွေက စာသင်ပြီးရင် အဲ့ဒီအဆောင်ထဲ ၀င်သွားတာတွေ့တော့ ဆရာများနားနေခန်းရှိမယ်လို့လဲ တွက်မိရဲ့ ....

ကိုယ်ရဲ့မသိစိတ်ထဲမှာ ဒီအထဲကိုဝင်သွားချင်စိတ်ဖြစ်လာအောင် ဒီအဆောင်ကြီးက ညှို့ခေါ်နေသလိုပဲ ... အဲ့ဒီလိုနဲ့ ကိုယ့်ခြေလှမ်းတွေက အလိုလိုပဲ အဲ့ဒီအဆောင်ကြီးထဲကိုခေါ်ဆောင်သွားလေရဲ့။ အဆောင်ထဲရောက်မှာ ကိုယ်အပြင်ကမြင်ရတဲ့ပုံစံ ကျောင်းဆောင်ဆိုတာထက် ဆေးရုံဟောင်းကြီးတစ်လုံးလိုလိုပါပဲ .... ကိုယ်လဲ ဆက်လျှောက်သွားမိတယ်။ လျှောက်ရင်း လျှောက်ရင်း အဆုံးလောက်မှာ တံခါးတစ်ခုပိတ်ထားတာတွေ့လိုက်တော့ အဲ့ဒီတံခါးကို စိတ်ထဲက ဖွင့်ချင်မိတာနဲ့ သွားဖွင့်ကြည့်လိုက်မိတယ် .....

အဲ့လိုကြည့်လိုက်ရင်ပဲ .... အဲ့ဒီတံခါးက အဆောင်ကြီးနဲ့ နောက်တံခါးပေါက်ဖြစ်နေတာတွေ့ရတဲ့အပြင် ကိုယ်ထင်ခဲ့သလို အဆောင်ကြီးနောက်ဘက်မှာ ခြံစည်းရိုးတစ်ခု ရှိမနေခဲ့ဘူး ..... ခပ်စောက်စောက် နဲ့ မြင့်တဲ့ တောင်ကုန်းတစ်ခုရယ်၊ အဲ့ဒီကနေဖြတ်ပြီး လူသွားပါများလို့ ဖြစ်နေတဲ့ ခြေသွားလမ်းလေးတစ်ကြောင်းရယ်၊ သစ်ပင်ကြီးခပ်အုပ်အုပ်တွေ မှိုင်းမှိုင်းကြီးပေါက်နေတာရယ် တွေ့လိုက်ရတယ်။ စိတ်ထဲမှာ "ဟင်း ... ဒီနေရာကြီး ကြည့်ရတာ ဘယ်လိုကြီးလဲ" ပေါ့ .....

အဲ့လို ကြည့်နေတုန်း သဏ္ဌာန် လေးနှစ်ခု ခပ်ရွေ့ရွေ့ပေါ်လာတယ် ..... သေချာကြည့်လိုက်တော့ ကျောင်းသူ ကလေးငယ် နှစ်ယောက် အဖြူ၊ အစိမ်းလေးဝတ်လို့ လွယ်အိတ်ကို ပခုံးကမလွယ်ပဲ .... ခေါင်းပေါ်မှာ ပလောင်သူတွေ ပလိုင်းလွယ်သလို ပိုးလာကြတယ် .... အိုး ... ဒီလမ်းကနေ ကလေးတွေ မကြောက်မရွံ့လာသလားလို့ ကိုယ်အံ့သြနေမိတယ်။ ဘာလို့လဲ ဆိုတော့ လမ်းကို ကြည့်ရတာ မပွင့်လင်းဘူးလေ ....

ိကိုယ်လဲ တွေပြီး ရပ်ကြည့်နေမိတယ်. ... ကြည့်နေတုန်း တောင်စောင်းဘက်အခြမ်းက လျှောက်တဲ့ ကလေးမလေးရဲ့ ဘေးနားလေးမှာ အရိပ်တစ်ခုခု ပါနေသလိုလို မြင်နေရတယ်။ အဲ့ဒါကိုလဲ ကလေးမလေးက မြင်သလိုလိုပဲ ..... ကိုယ်က စိတ်ဝင်တစား ကြည့်နေတုန်း ဗြုန်းဆို ... အဲ့ဒီ အရိပ်လေးက ကိုယ့်ဘေးကို ဖြတ်ကနဲရောက်လာခဲ့တယ်။ ကိုယ်သေသေချာချာမြင်ရတယ် ..... တိုးယိုပေါက်မြင်ရတဲ့ မိန်းကလေးအရိပ်ကလေးတစ်ခု .....

အဲ့ဒီအရိပ်က ကိုယ့်ကို စကားစပြောတယ် ..... သူ့နာမည် ဘယ်သူပါတဲ့ .... နာမည်က သုံးလုံး(အိပ်ယာကနိုးတော့ နာမည်ကို ကိုယ်လုံးဝမမှတ်မိတော့ပါ) .... သူ အဲ့ဒီတောင်ကုန်းနားမှာနေတယ် ... သူ့နာမည်နဲ့ အမျှဝေပေးပါတဲ့ ......

ကိုယ်က ဘာဖြစ်တာလဲ လို့မေးလိုက်တော့ သူက လိုက်ခဲ့တဲ့ ဆိုပြီး ကိုယ့်ကို တောင်ကုန်းလေးဆီ လမ်းပြပြီးခေါ်သွားခဲ့တယ်။ ကိုယ်တောင်ကုန်းလမ်းကလေးရဲ့ ထိပ်လေးနားရောက်တော့ အောက်ကိုကြည့်လိုက်တဲ့ သူကပြောတယ် ....

ကိုယ်ငုံ့ကြည့်လိုက်တဲ့အချိန်မှာ ဇာအင်္ကျီဖြူလေးဝတ်လို့ ခေါင်းက ကျောဘက် ပြန်ခွေခေါက်လို့ ပုံကျနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့လိုက်ရတယ်။ သူက ပြောတယ် ... အဲ့ဒီနေရာလေးက မတော်တဆပြုတ်ကျခဲ့တာတဲ့လေ .....
အို ... ကိုယ်စိတ်မကောင်းလိုက်တာ ..... အဲ့ဒီအချိန်မှာ အရိပ်ကလေး ကိုယ့်ဘေးက ပျောက်သွားခဲ့တယ် ....

နောက်နေ့ ကိုယ် အဲ့ဒီနေရာလေးကို ဘုန်းကြီးတစ်ပါးပင့်လာခဲ့တယ် .... အမျှဝေမယ် ပရိတ်ရွတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ ....
ဒါပေမယ့် ဘုန်းကြီး ပရိတ်မရွတ်ခင် လေးမှာ အိပ်ယာက နိုးသွားခဲ့တယ် ....

အဲ့ဒါ ကြာသပတေးနေ့ မနက်(၇)နာရီ တိတိပေါ့ .....


Friday, March 16, 2012

ဂယောက်ဂယက် အိပ်မက်


သတိ။ ။ ကြောက်တတ်သူများ ညအချိန် မဖတ်ရ။

မနေ့က ရုံးမှာ အလုပ်သိပ်များလို့ အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်ယာတန်းဝင်ခဲ့တယ်။
ပင်ပန်းလာတာရယ်၊ ခုတလော ရာသီဥတုက မိုးရွာပြီး နည်းနည်းအေးနေတာရယ်နဲ့ အိပ်ယာထဲ လှဲလိုက်တာနဲ့ ခဏလေးအတွင်းမှာတင် အိပ်ပျော်သွားတယ်။

အဲ့ဒီ အချိန်မှာ ဗြုန်းဆို စိုးမြတ်သူဇာ ကို ကိုရီးယားနန်းတွင်းဝတ်စုံကြီးဝတ်လို့။ ဘယ်လိုပါလိမ့်လို့ သေချာကြည့်တော့မှ ကျမက ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို ကြည့်နေတာကို ကျမကိုယ်တိုင်က ပြန်မြင်နေရသတဲ့လေ။ ကိုရီးယားကားမှာ စိုးမြတ်သူဇာ ဘာလို့ ပါနေတာလဲဆိုတာတော့ ခုထိစဉ်းစားလို့ မရဘူး။ ကျမကြည့်နေတဲ့အခန်းမှာ သူဝတ်ထားတဲ့ ၀တ်စုံရဲ့အရောင်က ကြက်သွေးရင့်ရောင်။ နှုတ်ခမ်းနီကိုလဲ ကြက်သွေးရင့်ရောင် ဆိုးထားတယ်။ သိပ်လှတဲ့မျက်နှာရယ်၊ ခေါင်းမှာဝေ့၀ိုက်နေတဲ့ ကျစ်ဆံမြီးအလုံးအကြီးကြီးရယ်တွေက လိုက်ဖက်လွန်းလှတယ်။ သူက မှန်အကြီးကြီးပါတဲ့မှန်တင်ခုံရှေ့မှာ တင်ပါးလွှဲထိုင်ရင်း မှန်ထဲကနေ အနောက်ဘက်ကိုစိုက်ကြည့်နေတဲ့ပုံမျိုးပါ။ သူ့မျက်လုံးတွေကလဲ ထူးခြားစွာတောက်ပလွန်းနေပြန်တယ်။ ကြည့်နေရင်းနဲ့ပဲ သူ့မျက်နှာကနေ ကိုရီးယားအမျိုးသမီးတစ်ယောက်ရဲ့မျက်နှာ ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်မစိတ်ထဲမှာ အဲ့ဒီမိန်းမက သာမန်မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာ သတိထားလိုက်မိတယ်။

ကျမစိတ်ထဲ သံသယတချို့ဝင်လာတယ်။ တပြိုင်နက်တည်းမှာပဲ အဲ့ဒီမိန်းမက ကျမကို စိုက်ကြည့်နေတယ်လို့လဲ ခံစားလာရပြန်ရော။ သူ့အကြည့်က စူးရှပြီး ကျမစိတ်ထဲမှာကြောက်လာသလိုလို မို့ ဆက်မကြည့်ရဲတော့ပဲ မျက်စိခဏလေးပိတ်ထားလိုက်တယ်။ ခဏလေးပါပဲ (၅)မိနစ်လောက်အကြာမှာ ကျမစိတ်တည်ငြိမ်သွားတော့ မျက်စိကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တယ်။
ကျမ မျက်စိရှေ့မှာ ကျမ ထိုင်ကြည့်နေတဲ့ တီဗွီမရှိတော့လို့ ထူးဆန်းတယ်ဆိုတာ မတွေးမိချိန်မှာ အဲ့ဒီတီဗွီကို မမြင်ရတာကိုပဲ တော်တော် ကျေနပ်မိသွားတယ်။ ဘေးဘီကို ဝေ့၀ဲကြည့်လိုက်တော့ အခန်းထဲမှာ ကုတင်တွေ (၁၀) ခုထက်မနည်းပဲ။ ဟင် … ဘယ်လိုဖြစ်ပါလိမ့်။ ကျမအခန်းမှာ ကုတင်တွေမှ မရှိတာပဲ။ ကျမတီဗွီ ကြည့်နေရာကနေ ဘယ်ရောက်သွားပါလိမ့်လို့ တွေးနေမိတုန်း အခန်းထဲကို ၆ နှစ်၊ ၇နှစ်အရွယ်ကလေးလေးတွေ ညအိပ် ၀တ်စုံလေးတွေဝတ်လို့ တန်းစီပြီးဝင်လာကြတယ်။ သူတို့တွေရဲ့ နောက်ဆုံးမှာ အမျိုးသမီးကြီး တစ်ယောက်က လိုက်လာတယ်။ သူတို့တွေက ကျမကို မမြင်ကြဘူး။ ဘာလို့သိလဲဆိုတော့ ကျမကို ဘယ်သူမှ မကြည့်ကြလို့ပါ။ တစုံတယောက်က ကျမနား နားကပ်ပြီး တီးတိုးပြောလိုက်တယ် ဒါဟာ မိဘမဲ့ကလေးတွေရဲ့ ဂေဟာတဲ့။

ကလေးတွေ တန်းစီပြီး ကုတင်တွေပေါ်တက်ကြတယ်။ သူတို့ရဲ့အိပ်ချိန်ရောက်နေကြပြီဆိုတာ အလိုလိုသိသာစေတယ်။ သူတို့လေးတွေရဲ့ ခြေထောက်မှာ ခြေအိတ် ထူထူလေးတွေ ၀တ်ထားကြတယ်။ အော် … ကိုရီးယားက အေးတော့ ခြေအိတ်ဝတ်ရတာပေါ့လို့ တွေးနေတုန်း ကလေးတွေ နောက်က လိုက်လာတဲ့ အမျိုးသမီးကြီးက ထိပ်ဆုံးကုတင်က ကလေးရဲ့ ခြေအိတ်ခြေဖြားထဲကို ဖဲကြိုးလို ပိတ်စ ရှည်ရှည်တစ်စ ထိုးထည့်လိုက်တာတွေ့တော့ ခြေအိတ်တွေကို သေချာကြည့်မိတယ်။ အဲ့ဒီတော့မှ ခြေအိတ်တစ်ခုမှာ အပေါက်လေးတွေ နှစ်ခုစီပါနေတာတွေ့ရတယ်။ သူက အဲ့ဒီကြိုးရှည်ရှည်နဲ့ ကလေးတွေရဲ့ ခြေအိတ်တွေကို ပန်းသီသလို သီလာလိုက်တာ တခန်းလုံးက ကုတင်တွေကုန်ရောပဲ။ ပြီးတော့ သူက ပြောတယ် “တခုခုဆိုရင် အော်သာအော်လိုက်တဲ့ ….” ။

အလို သူတို့ မြန်မာလိုပြောကြတာလား။ သူတို့ပြောတာတွေ အကုန်လုံး ကျမ နားလည်နေတယ်။ အဲ့လိုပြောလို့လဲ အပြီး ၅ ကုတင်မြောက်က ကလေးက လေထဲ ဖုန်းကနဲမြောက်တက်သွားတယ်။ အားလုံးလန့်ကုန်တာပေါ့ … ထွက်ပြေးတဲ့သူတွေကလဲ ပြေးလို့ပေါ့ …. ခြေအိတ်တွေကို အတန်းလိုက်ဖဲကြိုးနဲ့တွဲထားတာဆိုတော့ တစ်ယောက်ကပြေး နောက်တစ်ယောက်ကလဲကျနဲ့ ၀ရုန်းသုန်းကားဖြစ်နေကြတယ်။ မြောက်တက်သွားတဲ့ ကလေးကတော့ ကြောက်အား၊လန့်အားနဲ့ အော်ငိုပါလေရော။ နောက်တော့မှ ကလေးကို မ ထားတဲ့ အရာက တဖြေးဖြေးပေါ်လာတယ်။ ဟာ …. ဒါ ခုနက မှန်ကြည့်နေတဲ့မိန်းမပဲ။ သူက ဘာလို့ ကလေးကို မ တာလဲမသိဘူးလို့ တွေးလိုက်တုန်း သူက ကျမကို ကြည့်ပြီး ပြုံးလိုက်တယ်။ ဒါဆို သူက ကျမကို မြင်နေရတဲ့ သဘောပေါ့။

သူပြုံးလိုက်တဲ့အချိန် ချွန်ထက်မြနေတဲ့ရှည်မျောမျော သွားနှစ်ချောင်းကို မြင်လိုက်ရတဲ့အချိန်မှာ သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ ဆိုတာ ကျမသိလိုက်ပြီ။ ။ တိတိကျကျပြောရရင် သူက သွေးစုပ်ဖုတ်ကောင်တစ်ကောင်ပဲ … အို … ဒါဆို သူကလေးကို သွေးစုပ်တော့မှာပေါ့ … သိပ်သနားစရာကောင်းတဲ့ ကလေးလေးပဲ … ကျမကြောက်စိတ်တွေလွင့်ပြယ်သွားတယ်။ သွေးစုပ်ဖုတ်ကောင်နားကို ပြေးသွားပြီး အားနဲ့ စောင့်တွန်းချပစ်လိုက်တယ်။ သူက ကလေးကိုပစ်ချပြီး ဒေါသထွက်နေတဲ့မျက်နှာနဲ့ ကျမကို တိုက်ခိုက်ဖို့ ဦးတည်လိုက်တယ်။ ကျမ နိုင်မယ်၊မနိုင်ဘူးဆိုတာ မသေချာပေမယ့် ကျမ ကျိုးစားပြီး ခုခံရမယ်လေ။
သူခုန်အုပ်တဲ့ အချိန်မှာ ကျမကြမ်းပြင်ပေါ်လဲပြိုကျသွားရင်း ဘယ်လိုကနေ ဘယ်လို သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်သွားမိလဲမသိဘူး … ကျမ အသက်ကိုပြင်းပြင်းရှုပြီး သူ့လည်ပင်းကို အားကုန်ညှစ်နေမိတယ်။ သူကလဲ အတင်းရုန်းနေတော့ ကျမ လက်က အားပျော့လာတယ်။ လက်ဖ၀ါးတခုလုံးချွေးတွေ ရွှဲနစ်လာရင်း လက်က မမြဲချင်တော့ဘူး။ ကျမကို ကိုက်ဖို့ သူ့မျက်နှာက ကျမ လည်ပင်းနား ကပ်ကပ်လာတယ်။ ကျမ ပင်ပန်းနေပြီ …. ခြေကုန်လက်ပန်းကျနေပြီ … ကျမရှုံးတော့မယ်။ တကယ်ကို ကျမရှုံးတော့မယ်။
ကံကောင်းတယ်လို့ ပြောရမလားပဲ … မနက်(၇)နာရီ အလာန်း(မ်) က ထမြည်တော့ ကျမနှိုးသွားတယ်။
သွေးစုပ်ဖုတ်ကောင်ကြီးကတော့ အိပ်မက်ထဲမှာ ကျမ ရုတ်တရက်ပျောက်သွားလို့ ရှာနေမလားမသိဘူးနော် ….


မှတ်ချက်။ မနေ့ညက တကယ်မက်ခဲ့သော အိပ်မက်ကို ဖတ်ကောင်းအောင်ရေးထားတာပါ။


Credit to www.designyourway.net for image

Monday, July 20, 2009

ကိုယ်ပိုင်အချက်အလက်တွေလုံခြုံစေဖို့

ဖော်ဝဒ်မေးလေးပါ ... သဘောကျလို့ ရှဲလိုက်ပါတယ် ... အနည်းငယ်လောက်ပြုံးဖြစ်သွားရင်ပဲ ကျေနပ်ပါတယ် ...
အင်တာနက်သုံးတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အချက်အလက်တွေ အကောင့်တွေ၊ password တွေ လုံခြုံမှုရှိဖို့ က အရေးကြီးလှပါတယ်
အဲလို အရေးကြီးလှတဲ့ အချက်အလက်တွေ ကို သူတပါးလက်ထဲကို ပါမသွားအောင် ထိမ်းသိမ်းဖို့က လည်း မလွယ်လှပါဘူး။
ဒီနေ့ ခေတ်မှာ hacker တွေ၊ hacker ဖြစ်ချင်လို့ လက်တည့်လိုက်စမ်းနေတဲ့လူတွေ ကလည်း များလာတာကြောင့် ကာကွယ်ဖို့ကလည်း အတော်ခက်လာပါတယ်။ အဲဒီတော့ ကျွန်တော် တို့ ရဲ့ ကိုယ်ပိုင် အချက် အလက်တွေကို ကာကွယ်နိုင်မယ့် နောက်ဆုံးပေါ် နည်းလမ်း သုံးမျိုးကို ဖော်ပြလိုပါတယ် ။

ပထမနည်း : ကိုယ်ဘာရိုက်လဲ ဆိုတာ မမြင်ရအောင် ကာကွယ်နည်း။

ဒုတိယနည်း : ကိုယ်ဘာကြည့်နေလဲဆိုတာ သူများမမြင်ရအောင် ကာကွယ်နည်း။

တတိယနည်း : ရိုက်တာရော ကြည့်တာရော ဘာမှ မမြင်ရအောင် ကာကွယ်နည်း။


Tuesday, February 17, 2009

သို့ ... လူကြီးများ

အလုပ်တွေအများကြီးပေးထားတဲ့ကြားက နောက်ထပ်အလုပ်တွေ အလုပ်တွေထပ်ထပ်လုပ်ခိုင်းတယ် ...
ဒီအလုပ်မှာက မြန်မာချည်းပဲ ၉ ယောက်ရှိတယ် ... မြန်မာတွေကို အသေခိုင်းတယ် ... ကိုယ်လုပ်ပေးလေ ပိုခိုင်းလေပဲ ... ဒီနေ့လဲ မန်နေဂျာကြီးက မေးလ်ပို့ပြီး Force လုပ်ပြန်တယ် ... ပြန်ပြောပြန်ရင်လည်းမကြိုက် ...
ပရောဂျက်ကလည်း Dead Line ကကျော်နေတာမှ ရက်ပိုင်းမဟုတ်ဘူး တစ်နှစ်ကြီးများတောင် ... ကိုယ်ရွှေမြန်မာတွေ ကံကောင်းလိုက်ပုံများ လူအမျိုးမျိုး၊ မန်နေဂျာအမျိုးမျိုးပြောင်းနေတဲ့ ဒီအရှုပ်ထုတ် ပရောဂျက်က ကိုယ်တွေအလုပ်ဝင်ချိန်မှပဲ တည်မြဲတော့တယ် ... ရှေ့ကဖားတွေ၊ ငရုတ်သီးတွေ ဖွခဲ့သမျှ ခေါင်းပေါ်လုံးလုံးကျလို့ မဟုတ်တာဖြစ်ရင် မြန်မာတွေ ဆိုတာချည်းဆိုတော့ နည်းနည်းချဉ်လာတာနဲ့ ဒီကဗျာရေးလိုက်တာ ...

“သို့ ... လူကြီးများ”

သူတို့တွေ နှိပ်စက်လိုက်ပုံများ
မဆုတ်သာ မတက်သာနဲ့
အဖြူအမည်းတောင် မသဲကွဲတဲ့ဘ၀မှာ
လုပ်သင့်တာကျ မျက်နှာလွှဲ
မလုပ်သင့်တာကျ အားတွေခဲလို့
လူတွေကို ကွန်ပြူတာအမှတ်နဲ့
ခိုင်းလိုက်တဲ့ Multi-tasking ….

စေ့စေ့တွေးပြန်တော့ ရေးရေးပေါ်
ငါတို့တွေအရေးမတော်ပုံများ
ငုံ့ခံလို့မျက်နှာရမယ်မထင်နဲ့
ဆုတ်ပြန်စရာ အခြေအနေနည်းလို့
ထောင်းမဟဲ့ ဆိုတာချည်း ….

အဟုတ်လုပ်ရင် နာမည်မထွက်
မဟုတ်လုပ်ရင်တော့ အသေဖဲ့တဲ့
လူမျိုးကြီး စလုံးသားတွေ
ပေါချောင်ကောင်း မြန်မာတွေကို
ကျပ်ကျပ်သာဒီလိုဆက်ဆံ
နောင်တစ်နေ့ရောက်ခါမှ
“အိုကွယ် … မှားပါဘိ” လို့
ဝန်ခံကာ တောင်းပန်ရမှာ
စိုးကြောက်ပါနဲ့ ………………………..

Monday, February 16, 2009

နတ်ဝင်သည်ဒေါ်ကြည်

ကျွန်မက ငယ်ငယ်ကတည်းက ဟိုစပ်စပ် ဒီစပ်စပ်ကို အကုန်လျှောက်စိတ်ဝင်စားတတ်တာလေ …
ကျွန်မ ကြီးဒေါ်ကပြောတယ် “ညည်းအေ … ဘယ်လောက်များ စပ်စုသလဲဆိုရင် မွေးကင်းစ အနှီးလေးခေါင်းအုပ်ပြီး ဆေးရုံကဆင်းခါက ရက်သားလေးပဲရှိသေးတယ် … အိမ်ရောက်တော့ … အိုး … ပတ်ဝန်းကျင်ကို ခေါင်းလည်အောင် လိုက်ကြည့်တာ ခေါင်းပေါ်အုပ်ထားတဲ့အနှီးလေးတောင် ပြေကျတယ်” ဆိုပဲ … ကြီးဒေါ်ကပြောတာနော် … ကျွန်မတော့ မသိဘူးရယ် … မှတ်လဲမမှတ်မိပါဘူး …. နည်းနည်းတော့အပိုပြောသလားထင်မိတယ် … ဒီလောက် ကလေးငယ်ငယ်လေးက ခေါင်းကိုတောင်လှည့်တတ်သေးရဲ့လားမသိပါဘူး …

ခုတလောလဲ ဘာရယ်မဟုတ် ငယ်ငယ်တုန်းကစပ်စုမိတာလေးတွေ လျှောက်ရေးချင်စိတ်ပေါက်နေမိတယ် … ဒါနဲ့ပဲ ကျွန်မတို့အိမ်နောက်ဘက် ဟိန္ဒူဘုရားကျောင်းက နတ်ဝင်သည် ဒေါ်ကြည်ဆိုတဲ့ အမျိုးသမီးကြီး နတ်ဘယ်လိုဝင်တယ်ဆိုတာ ပြောချင်စိတ်လေးပေါက်လာတယ် ….

ကျွန်မတို့ အိမ်နောက်ဘက်မှာ နောက်ဖေးလမ်းကြားလေးပဲခြားပြီး ဟိန္ဒူဘုရားကျောင်းခပ်သေးသေးတစ်ခုရှိတယ် …
အဲ့ဒီ ဘုရားကျောင်းမှာ အမေကြီးရယ်၊ သမီး(၃)ယောက်ရယ် ဘုရားကျောင်းကိုစောင့်ရှောက်ဖို့နေကြတယ် … သမီးတွေဆိုတာ ဒေါ်ကြည်အပါအ၀င်ပေါ့ … အသက်တွေကတော့ ခုဆိုရင် ၅၀ နဲ့အထက်တွေဖြစ်လောက်ပြီထင်ပါရဲ့ … အတိအကျတော့မသိဘူးရယ် …

ကျွန်မ ငယ်ငယ်ကဆိုရင် အဲ့ဒီကို ခဏခဏသွားတယ် … ဘာလို့လဲဆိုတော့ နွေရာသီဆိုရင် အပြင်မှာပူပြီး ဘုရားကျောင်းထဲမှာနေရတာအေးတယ်လေ …. ပြီးတော့ အဲ့ထဲမှာ ရုပ်ထုတွေ အများကြီးဆိုတော့ ကျွန်မစိတ်ဝင်စားတာပေါ့ .. အဓိကရုပ်ထုကတော့ ကာလီမယ်တော်ရုပ်ထုပါ …. လက်အများကြီးနဲ့ကာလီမယ်တော်ရုပ်ထုကို ဘုရားကျောင်းရဲ့ အတွင်းခန်းမှာထားတယ် … အခန်းထဲမှာက မယ်တော်ရုပ်ထုရယ်၊ ရုပ်ထုရှေ့က ပန်းအိုးတွေရယ်ပြီးရင် သောက်ရေခွက်တွေထည့်ထားတဲ့စတီးလင်ဗန်းတစ်ချပ်ရယ် … ကန်တော့ပွဲတင်တဲ့ စားပွဲရယ်အပြင် လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်စာလောက်ရှိတဲ့ နေရာခပ်ကျဉ်းကျဉ်းလေးရယ် ရှိတယ် …

ကန်တော့ပွဲတွေကလဲ စားပွဲအပြည့်ပါပဲ … မယ်တော်ရုပ်ထုမှာလဲ စံပယ်ပန်းတွေပြည့်နေတာပေါ့ … ထိုင်လျက်မယ်တော်ရုပ်ထုမှာ စံပယ်ပန်းတွေဘယ်တောင်လှုထားကြသလဲဆိုရင် စံပယ်ပန်းအပုံကြီးပေါ်မှာ မယ်တော့်ခေါင်းလေးတင်ထားသလိုလေးတောင်ဖြစ်နေတယ် …. ပြီးတော့ ဘုရားကျောင်းရှေ့က ဖြတ်သွားဖြတ်လာ အချို့ ဗုဒ္ဓဘာသာဝင်တွေကလဲ ဘုရားသာမှန်မှန်ရှိခိုးချင်မှရှိခိုးမယ် … ဘုရားကျောင်းရှေ့များရောက်ရင် ကာလီမယ်တော်ကို မတ်တပ်လေးရပ် လက်အုပ်လေးချီပြီး ကန်တော့လေ့ရှိကြတယ် … ပြီးတော့ဆုတောင်းတယ် … “မယ်တော်ရယ် မစပါ … ဒီတစ်ခါပေါက်ရင် ပွဲလာပေးပါ့မယ်” တဲ့ … အဲ့ဒီအချိန်က ချဲထီထိုးတဲ့ခေတ် …. ဂဏန်းရဖို့ ပေးလိုက်တဲ့ကန်တော့ပွဲတွေ …
ကျွန်မကတော့ အဲ့ဒီရှေ့သွားဆော့နေကြဆိုတော့ လာသမျှအကုန်မြင်၊ ပြောသမျှအကုန်ကြားတာပေါ့လေ …

ဆက်ပြောရရင်အဲ့ဒီအတွင်းခန်းကို လူတိုင်းပေးမ၀င်ဘူးလေ. .. အမျိုးသမီးဆိုရင် သန့်မှပေးဝင်တယ် … ဟိုဟာဒီဟာဖြစ်နေရင် မသန့်ဘူးလို့ယူဆပြီးပေးမ၀င်ဘူး … နတ်ဝင်ပြီဆိုရင် ကျွန်မက အတွင်းခန်းအ၀ ထိ ကပ်ပြီးတိုးကြည့်ချင်လေ့ရှိတယ် … များသောအားဖြင့် ပေးမ၀င်ဘူး .. နေ့တစ်နေ့ကပေါ့ နတ်ဝင်သည် ဒေါ်ကြည်လဲ စိတ်မကြည်လင်ဘူးထင်ပါရဲ့ မနက်ကတော့ ညီအစ်မတွေရန်ဖြစ်သံတွေကြားရတယ် .. ဆဲကြတာလဲ မိုးကိုမွှန်နေတာပဲ …
ညနေဆိုရင်တော့ အိနြေ္ဒကြီးတစ်ခွဲသားနဲ့ပေါ့ …. အဲ့ဒီနေ့က နတ်မေးသူတွေများတဲ့နေ့ … ကျွန်မလဲ ရောယောင်ပြီး အတွင်းခန်းကိုလိုက်ဝင်တဲ့နေ့ပေါ့ ..
အစ်မကြီးတစ်ယောက်အလုပ်လိုချင်လို့တဲ့ အလုပ်ရနိုင်၊ မရနိုင်ဆိုတာကို နတ်လာမေးတာပါ …..
သူက ကာလီမယ်တော်ကိုလှုဖို့ သံပရာသီး ၃ လုံးယူလာတယ် … ဒါလဲ ဒေါ်ကြည့်အစီအရင်ပေါ့ …
သံပုရာသီး(၃)လုံးကို တင်စရာနေရာမရှိတော့တဲ့ စံပယ်ပန်းပုံပေါ်က ကာလီမယ်တော်လက်နေရာကိုမှန်းပြီး ဒေါ်ကြည်ကတင်လိုက်ပါတယ် … နှစ်ယောက်မျက်နှာချင်းဆိုင်ထိုင် … ပြီးတော့အစ်မကြီးလက်ကို ဒေါ်ကြည်ကထိလိုက်တယ် … နောက်ပန်းအိုးထဲက သပြေခက်ကိုယူပြီး လက်နှစ်ဘက်ပူးပြီး နဖူးကိုရိုက်တော့တာပါပဲ … တအောင့်လောက်ကြာတော့ သူ့ရဲ့လှုပ်ရှားမှု့ရယ်၊ ခုံကိုဒူးနဲ့တိုက်မှု့ရယ်ပေါင်းပြီး သံပုရာသီးတစ်လုံးက အောက်က စတီးလင်ဗန်းပေါ်ပြုတ်ကျပါလေရောလား … စတီးဗန်းကလဲ အပါးစားဆိုတော့ အသံက အကျယ်ကြီးမြည်တာပေါ့ … ကျွန်မတင်လန့်သွားသလားမှတ်တယ် နတ်ဝင်နေတဲ့ဒေါ်ကြည်ပါလန့်ပြီးတုန်သွားတာကို သူ့မျက်နှာကိုသေချာစိုက်ကြည့်ပြီး တကယ်ဝင်၊မ၀င် အကဲခတ်နေတဲ့ ကျွန်မကတော့သိလိုက်တယ် … သူများတွေကတော့ မျက်စိမှိတ်အာရုံပြုနေတာဆိုတော့ မသိလိုက်ဘူးရယ် … ချက်ခြင်းပဲ သူက သံပုရာသီးကိုကောက်ယူပြီး ဟိုအစ်မကြီးကို “ရော့ … ယူသွား အလုပ်ရမှာကျိန်းသေးတယ် … မယ်တော်က ကပ်ထားတဲ့သံပုရာသီး ပြန်စွန့်လိုက်တယ် ဆောင်ထား ” တဲ့ ….. ကျွန်မကတော့တော့ ရယ်ချင်ပက်ကျိနဲ့ပဲ ဆက်ကြည့်နေလိုက်တယ် ….
ဟော …. လာပြန်ပြီ နောက်တစ်ယောက် ….
ဒါက အမျိုးသား …. သူနဲ့ကျတော့ သပြေပန်းကိုမသုံးတော့ဘူး … လက်တစ်ဝါးစာကျော်ကျော်ခက်ရင်းခွရဲ့(ဟို ငရဲသားတွေကိုင်တဲ့ဟာလိုမျိုး) အရိုးတံကို နှစ်ယောက်ဆုပ်ကိုင်လိုက်ကြတယ် … … ပြီးလဲပြီးရော …
ပူးပါလေရော … ဘယ်လိုပုံဖြစ်နေသလဲဆိုတော့ လူနှစ်ယောက် တုတ်တစ်ချောင်းကိုလုနေပုံကိုမြင်ယောင်ကြည့်ပါ … အဲ့ဒီအတိုင်းပါပဲ … သူက သပြေပန်းနဲ့အထာကျနေသူလေ …. နဖူးထိအောင်ရိုက်တာ ဘာပြဿနာရှိမှာတုန်းနော် …. ခုတော့ ခက်ရင်းခွဆိုတော့ ကျွန်မလို ကလေးတစ်ယောက်တောင် နဖူးထိတော့မယ် ဆိုတာ သိနေတယ် … သူတို့က ဇွတ်. …..
အတင်းကို အားနဲ့မာန်နဲ့ပူးတော့ နဖူးကိုစိုက်တာပေါ့ …. ဒုတ်ကနဲပဲ … သွေးတွေကလဲ ဖြာကနဲပဲ …. ဟော ….. နတ်ဝင်သည် မှားတော့ အနှောက်အယှက်ရှိတယ်တဲ့ …. ဘယ်သူမသန့်ပဲ အတွင်းခန်းဝင်သလဲတဲ့ …. ဒုက္ခ …..
ကဲ …. ဘယ်လိုများစစ်ကြမတုန်း အရပ်ကတို့ရယ် …. အကုန်ထွက်ဆိုပြီး မောင်းထုတ်ပါလေရောလား ….
ကျွန်မပါထွက်ရတော့တာပေါ့ …. စိတ်ထဲမှာတော့ “အော … ဒေါ်ကြည်နတ်ဝင်တာဒီလိုကိုး” ဆိုပြီး အိမ်ပြန်ရောက်တော့ အမေ့ကိုပြန်ပြောပြပြီး သဘောကျမဆုံးဖြစ်နေမိတယ် ….
ခုမှပြန်တွေးကြည့်မိတာပါ … “အလိမ်ခံချင်သူတွေရှိလို့ လိမ်တဲ့သူတွေရှိနေတာ” ဆိုတဲ့ အတွေးလေးလဲ ပေါ်လာမိတယ် …
ဘာပဲဖြစ်ဖြစ် … ဒေါ်ကြည်နတ်ဝင်တာ ကျွန်မအတွက် ပို့စ်တစ်ခုတော့ဖြစ်သွားတာပေါ့လေ ……

Tuesday, February 10, 2009

Strictly NO Myanmar


သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ပုံပါ... Strictly NO Myanmar လို့ဘာကြောင့်ရေးသလဲတော့ကျွန်မ မသိပေမယ့် စိတ်ထဲမကျေမနပ်ဖြစ်မိတယ် ... ဘယ်မြန်မာတစ်ယောက်က ဘယ်လိုအမှားမျိုးများလုပ်မိလို့ ဒီလိုမြန်မာနဲ့ချီပြီးရေးသလဲဆိုတာသိချင်မိတယ် ... အိုင်တီမှာ မြန်မာတွေမညံ့ကြဘူးလို့ထင်ပါတယ် ... တစ်နေရာက တစ်နေရာ ခုန်တာများတာတော့ရှိပါတယ် .... အများစုကတော့ လစာနှိမ်လို့ (သို့) ပိုရတဲ့နေရာပြောင်းချင်လို့ပါ ... နှစ်ဘက်စလုံးမှားတာရှိနိုင်ပေမယ့် ဒီလိုကြောငြာခံရခြင်းဟာ Company ဘက်ကယူဆတဲ့ မကောင်းတဲ့သူတစ်ယောက်အတွက်နဲ့ မြန်မာအများစုထိခိုက်၊နစ်နာတယ်လို့မြင်ပါတယ်။

Tuesday, February 3, 2009

ရန်ကုန်သို့အပြန်ခရီးမှ စပ်မိစပ်ရာ၊ထင်ရာမြင်ရာများ


ဇန်န၀ါရီ(၁၀)ရက်နေ့က ကျွန်မ ရန်ကုန်ခဏပြန်ဖြစ်ခဲ့ပါတယ် …. အစစ အရာရာချောချောမွေ့မွေ့ပါပဲ …… ကျွန်မက အိမ်လွမ်းတတ်သူမို့ ခဏပြန်ရတဲ့အချိန်မှာ တော်တော်လေးတော့ပျော်ခဲ့ရပါတယ် ….

ကျွန်မရောက်ရောက်ချင်းနေ့မှာပဲ ချိန်းထားတာတစ်ခုရှိလို့ ဒဂုံစင်တာရှေ့က Ice Berry ဆိုတဲ့ဆိုင်လေးကို ရောက်ဖြစ်ခဲ့တယ်…. ဆိုင်လေးကတော့အရင်အတိုင်းပဲ ဘာမှမပြောင်းလဲပါဘူး … ဒါပေမယ့် အရင်က အေးအေးလူလူထိုင်လို့ရတဲ့ဆိုင်လေးက ခုတော့မျက်စိနောက်လောက်အောင် လူအ၀င်အထွက်တွေရှုပ်လွန်းလှပါတယ် … ကျွန်မလည်း ချိန်းထားတာကိုစောင့်ရင်း လူတွေကို ဘာရယ်မဟုတ်လိုက်ကြည့်နေမိပါတယ် … လူငယ်တွေဝတ်တတ်၊စားတတ်လာသလို လူကြီး(အမျိုးသမီးကြီး)တွေကိုလဲ စကပ်တွေ၊ဘောင်းဘီတွေနဲ့တွေ့မိပါတယ် … စိတ်ထဲကတော့ “အလဲ့ … လူတွေ ၀တ်တာစားတာ တော်တော်ခေတ်မီလာပါလား” လို့တွေးမိတယ် …
နောက်တော့ စမ်းချောင်းထဲက “မငယ်” ဆိုင်မှာ ကြာဇံနဲ့ဝက်သားလိပ်စားပါတယ် ….
ပိုက်ဆံရှင်းတော့ တစ်ပွဲကို ၂၀၀၀ တဲ့ …. ကျွန်မ တကယ်ကိုမထင်မိဘူး …. ဈေးကြီးလိုက်တာလို့ စိတ်ထဲထင်မိတယ် ….နောက်နေ့ YKKO မှာ ကြေးအိုးစားတော့ ရိုးရိုးကိုပဲ ၂၉၀၀ တောင်ပေးခဲ့ရပါတယ်(တခြားဆိုင်မှာ ၂၁၀၀ ပဲရှိပါတယ်) … ၀က်သားဒုတ်ထိုးကတော့ တစ်ချောင်း ၁၀၀ ပါပဲ … ဒါပေမယ့် အသားတုံးလေးတွေကတော့ ပိုပါးပြီးသေးသွားသလားပဲရယ် …. တနင်္လာနေ့ကျတော့ ရွှေတိဂုံဘုရားကိုသွားပါတယ် … ဒီတခါတော့ ဘုရားပေါ်မှာ တံမြက်စည်းမလှဲခဲ့လိုက်ရဘူး ….

စကားမစပ် … ကျွန်မတို့အိမ်ပတ်ဝန်းကျင်မှာ အင်တာနက်ဆိုင်တွေများလာသလို ၈တန်း၊ ၉တန်း ကျောင်းသား၊သူလေးတွေက အားတာနဲ့ အင်တာနက်ဆိုင်ကိုပြေးတော့တာပဲ …
ကျွန်မတူမ၀မ်းကွဲလည်း ထိုနည်းလည်းကောင်းပါပဲ …. အသက်ကတော့ ၁၄ နှစ်ရယ် … ပြောလိုက်ရင် ပန့်ခ်၊ပန့်ခ် ဆိုတာကလဲပါးစပ်ကမချဘူး … အကောင့်ပေါင်းသောင်းခြောက်ထောင်နဲ့ ချတ်မယ်ဆိုရင်လာခဲ့ စာတော့မကျက်ဆိုတဲ့အစားမျိုးလေးတွေ့ရတာတော့ ဘ၀င်မကျမိတာအမှန်ပါ …. ပြီးတော့ ခုခေတ်ကလေးတွေ အထူးသဖြင့် မိန်းကလေးတွေပေါ့ ကိုရီးယားကားတွေကြည့်ပြီး အတုမယူသင့်တဲ့ ကျောင်းသူချင်း ရန်စတာတို့ ဘာတို့ကို အဟုတ်ထင် လိုက်လုပ်ချင်ကြတယ် … ကျွန်မတို့ငယ်ငယ်တုန်းက ရန်ဖြစ်တယ်ဆိုရင် ယောက်ျားလေးတွေပဲဖြစ်ကြတာပါ …ခုတော့ကျွန်မပဲ သိပ်အသက်ကြီးသွားသလားပဲရယ် … အဲ့လိုတွေမြင်ရ ကြားရရင် သိပ်ကြည့်မရချင်ဘူး …

ပြီးတော့ ရန်ကုန်မှာ မီးကတော့ ထုံးစံအတိုင်းပေါ့ … ကျွန်မတို့ရပ်ကွက်မှာတော့ ပုံစံ(၃)မျိုးနဲ့မီးပေးပါတယ်တဲ့ … ည(၁၁) နာရီကနေ မနက်(၅)နာရီ၊ ညနေ(၅)နာရီကနေ ည(၁၁)နာရီ၊ တခါတလေ မနက်(၅)နာရီကနေ နေ့လည်(၁၁)နာရီထိ အလှည့်ကျပေးပါတယ် .. ပုံစံ(၁)နဲ့(၂)က အပေါ်ကအချိန်တွေကို လှည့်ပြီှးမှန်မှန်လာပါတယ်။ နောက်တစ်မျိုးက တော့ရောသမမွှေပြီး လာချင်တဲ့ရက်လာ ပျက်ချင်တဲ့ရက်ပျက်ပါတယ် …. ရ၀တရုံးမှာ မီးလာရက်အချိန်ဇယားထုတ်ပေးလို့ ယူသာထားရတယ် ကျွန်မတို့အိမ်က ပုံစံ(၃)နဲ့မီးပေးတဲ့ထဲမှာပါလို့ မှန်းလို့မရပါဘူး …
ခုဟာက (၂၄) နာရီတစ်ရက်မဟုတ်ပဲ (၆)နာရီတစ်ရက်ဖြစ်နေတော့ မီးလာမှလုပ်လို့ရမယ့်အလုပ်တွေဆိုရင် အကုန်နှောင့်နှေးပြီး တစ်နေ့ တစ်နေ့ ယောင်တောင်ပေါင်တောင်နဲ့အချိန်ဘယ်လိုလေးကုန်သွားမှန်းကိုမသိလိုက်ဘူးရယ် …

အော … နောက်တစ်ခုထပ်ကြုံလို့ပြောရဦးမယ် … ကျွန်မတို့မျက်စောင်းထိုးမှာ စက်ရုံအသေးစားလေးတစ်ခုရှိတယ် … သူတို့က မီးမလာတော့မီးစက်နဲ့အလုပ်လုပ်ရတာပေါ့ .. မီးစက်က မီးလန့်တာလေ သိပ်တော့မကြီးပါဘူး … ဒါပေမယ့် မီးဆိုတာကလဲ သေးတယ်ကြီးတယ်ဆိုပြီးပေါ့လို့မှမရတာနော …. ချက်ခြင်းကို ကားကြီးတစ်စင်းစိုက်လာပြီး ရ၀တတွေ၊ ရပ်ကွက်ထဲကတာဝန်ရှိသူတွေ၊ မြို့နယ်ရဲတွေ ချက်ခြင်းရောက်လာပါရောလား … ကျွန်မဖြင့်အံ့တွေသြလို့ …. အဲ့လိုချက်ခြင်းရောက်လာတာမျိုးမကြုံဖူးဘူးလေ … ကျွန်မတို့ရပ်ကွက်မှာ အရင်တုန်းက လူသတ်မှု့တစ်ခါဖြစ်ဘူးတယ် …. ရဲတွေတော့လာကြပါတယ် … သတ်နေတာကိုလဲ ကြားနေရတယ် … အိမ်ထဲမ၀င်ဘူးတော့ … ဘာကိုစောင့်နေသလဲတော့မသိဘူးရယ် … ထွက်ပြေးမှ လိုက်ဖမ်းတာမျိုးတွေချည်းပဲတွေ့ဖူးတော့လေ …. ခုလိုမီးလန့်တာကို ချက်ခြင်းကြီးရောက်ချလာတာ ကျွန်မလေ တကယ်ပါ တကယ်အံ့သြတာသိလား … ဘာရယ်မဟုတ်ပါဘူး … ကြုံလို့ပါ ….

ပြီးတော့ ကျွန်မ ကျိုက်ထီးရိုးဘုရားဖူးရောက်ဖြစ်တယ် …. နောက်မှ ကျိုက်ထီးရိုးဖီလင်ကိုရေးပါမယ် …. ဆက်ရန်ပေါ့နော …

Friday, January 30, 2009

ဂဏန်း(၉)လုံးနှင့်သင်၏ကံ


ဒီအဟောလေးက ဘယ်နှစ်ခုနှစ်မှာ ကိုယ့်ကံကဘယ်လိုဖြစ်မလဲဆိုတာ တွက်ကြည့်တာမျိုးပါ။
သိချင်တဲ့နှစ်ကို ကြိုတွက်လို့ရသလို ကျန်ခဲ့တဲ့နှစ်တွေကိုလဲတွက်ကြည့်လို့ရပါတယ်။
ဒီအဟောလေးကို ၂၀၀၂ ခုနှစ်လောက်တုန်းက စာအုပ်တစ်အုပ်ကနေဖတ်မိပြီး စိတ်ဝင်စားလို့ကူးရေးထားမိပါတယ်။ စာအုပ်နာမည်မမှတ်မိတော့တဲ့အပြင် မူရင်းရေးသားသူဘယ်သူမှန်းလဲ မှတ်မထားမိလိုက်ပါဘူးရှင်။ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ ယူဆလို့ ကျွန်မသူငယ်ချင်းများကို ဝေမျှလိုက်ပါတယ်။

တွက်ချက်ပုံက ဒီလိုပါ ….
သူငယ်ချင်းတို့ရဲ့ မွေးရက်၊ မွေးလ နဲ့ သိချင်တဲ့နှစ်ကို ချရေးပြီး ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင်းလိုက်ပါ။ ဥပမာ ……

မွေးရက် + မွေးလ + သိလိုသောနှစ်
၂၄ + ၇ + ၂၀၀၉
(၂+၄) + ၇ + (၂+၀+၀+၉)
၆ + ၇ + ၁၁ = ၂၄
ရလာတဲ့အဖြေ ၂၄ ကိုလည်း ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင်းပါ ….
၂ + ၄ = ၆ ….
ဒါဆိုရင် ၆ ဂဏန်းအတွက်အဟောကို သွားဖတ်ရမှာပါ …. သူငယ်ချင်းတို့နားလည်မယ်လို့မျှော်လင့်ပါတယ်။

၁ ဂဏန်း။ ။ ထူးခြားသောတက်လမ်းရှိမည်။ အပြောင်းအလဲရှိမည်။ လုပ်ငန်းသစ်အောင်မြင်မည်။ တစ်ကြိမ်မှမလုပ်ဖူးသေးသည်များလုပ်ကိုင်အောင်မြင်မည်။ အလုပ်နေရာ၊ အိမ်နေရာအပြောင်းအလဲရှိမည်။ ဘ၀အတွက်အရေးပါသော ခြေလှမ်းများစတင်ရမည်။ အိမ်ဆောက်၊အိမ်ပြင်ခြင်းရှိမည်။ အဟောင်းရပ်၍အသစ်စတင်မည်။

၂ ဂဏန်း။ ။ ခရီးနှင့်ပတ်သတ်သောကံကောင်းသည်။ လူမျိုးကွဲ၊လူမျိုးခြား အကျိုးပေးသည်။ ချစ်သူ၊ခင်သူ၊ သံယောဇဉ်ရှိသူများနှင့် ခေတ္တခွဲရကိန်းရှိသည်။ အိမ်တွင်းရေးညံ့သည်။ ရန်အတိုက်အခံကြားမှတိုးတက်မည်။ ကြန့်ကြာနေသောရပိုင်ခွင့်များပြန်လည်ရရှိမည်။ ပြည်ပခရီးကြံစည်ပေါ်ပေါက်အောင်မြင်မည်။

၃ ဂဏန်း။ ။ အထူးကောင်းသည်။ ရည်မှန်းထားသည်များ အောင်မြင်မည်။ ပြန့်ကျဲနေသောစီးပွားများ စုစည်းမိမည်။ စိတ်ရှုပ်စရာများကင်းစင်သည်။ အလုပ်တိုးတက်မည်။ စုပေါင်းလုပ်ငန်းလုပ်၍ကောင်းသည်။ဝင်ငွေတိုး ရာထူးတိုးမည်။ ပညာရေးအထူးကောင်းသည်။ ငွေကြေးကံကောင်းသည်။

၎ ဂဏန်း။ ။ အလွန်ငွေကုန်များသည်။ မိမိကိစ္စမဟုတ်ဘဲအလုပ်ပို၊ ကိစ္စပိုများကြုံမည်။ စိတ်ပင်ပန်းပြီး အောင်မြင်မည်။ ယှဉ်ပြိုင်၍ အနိုင်ရမည်။ ပညာ၊သင်တန်းနှင်ပတ်သတ်သော ကိစ္စများကြုံမည်။ ထူးခြားသောတိုးတက်မှုများရမည်။ ငွေစုဆောင်းရန်ခက်မည်။ နာမည်ကျော်ကြားမည်။

၅ ဂဏန်း။ ။ အလွန်စိတ်ရှုပ်ရမည်။ စိတ်ပန်းလူပန်းဖြစ်မည်။ လူယုံဒုက္ခပေးတတ်သည်။ သူများပြဿနာ ကိုယ့်ပြဿနာဖြစ်တတ်သည်။ အိမ်ထောင်ရေး၊ အိမ်တွင်းရေး၊ မေတ္တာရေးတွင်အညံ့ရှိသည်။ ငွေကြေးကိစ္စ၊လူမှုရေးကိစ္စအညံ့ရှိသည်။ အမှုပြဿနာများတတ်သည်။ အထင်လွဲခံရခြင်းများကြုံမည်။

၆ ဂဏန်း။ ။ အထူးကောင်းသောအနေအထားရှိသည်။ လိုလားချက်များ အောင်မြင်မည်။ မေတ္တာရေးကောင်းမည်။ ကိုယ်တိုင်တွင်၎င်း၊ မိသားစုတွင်၎င်း အလှုမင်္ဂလာကိစ္စများကြုံမည်။ စုပေါင်းတွဲဖက်လုပ်သော ကိစ္စများမှ အောင်မြင်မှုကောင်းစွားရနိုင်သည်။ ကျန်းမာရေးအညံ့ရှိသည်။ မိတ်ကောင်း၊ဆွေကောင်း၊ အကြီးအကဲ အကူအညီရတတ်သည်။

၇ ဂဏန်း။ ။ ထူးခြားသောအပြောင်းအလဲနှင့် တက်လမ်းပေါ်ပေါက်မည်။ လူမျိုးကွဲ၊ ကပြားများ အကျိုးပေးသည်။ နေရာအပြောင်းအလဲနှင့်တက်လမ်းပွင့်မည်။ ငွေကြေး၊ လုပ်ငန်းကိစ္စများ စနစ်တကျလုပ်ကိုင်၍ကောင်းသောအနေအထားရှိမည်။ လိမ်ညာခံရမည်။ ပြည်ပခရီးကံအထူးကောင်း၏။ မိဘ အကြီးအကဲ ကျန်းမာရေးညံ့သည်။ ခြံ၊ကား၊အခန်း အဟောင်းထွက်၍ အသစ်ဝင်မည်။

၈ ဂဏန်း။ ။ အထူးကောင်းသည်။ စိတ်ပျော်ရွှင်ရမည်။ ရည်မှန်းထားသည်များ စနစ်တကျလုပ်၍တိုးတက်မည်။ လုပ်အားကြောင့်သာမက ကံကြောင့်ငွေဝင်မည်။ ဘက်စုံကောင်းမည်။ လိုလားချက်များပြည့်စုံမည်။ ထူးခြားသောတိုးတက်မှုများ သေချာပေါက်ရမည်။ ထီပေါက်ငွေရမည်။ အိမ်တွင်းရေးညံ့သည်။ ငွေကြေးကိစ္စစကားပြောဆိုမှုအောင်မြင်မည်။

၉ ဂဏန်း။ ။ အညံ့ရှိသည်။ သွေးထွက်သံယိုဖြစ်တတ်သည်။ လုပ်နေသောလုပ်ငန်းများရပ်တန့်မည်။ လမ်ကြောင်းဟောင်းရပ်၍ လမ်းသစ်ပေါ်သောအနေအထားရှိမည်။ ငွေကြေးကံ၊ လုပ်ငန်းကံ အနှောက်အယှက်ရှိမည်။ စိတ်ရှုပ်စရာများ တခုပြီးတခုပေါ်မည်။ မှန်းထားသည်နှင့်လက်တွေ့ကွာခြားသော အခြေအနေရှိမည်။ ခက်ခဲသောပြဿနာများထိပ်တိုက်တွေ့မည်။ အရှုံးပေါ် ငွေကုန် စိတ်ရှုပ်ရမည်။



Thursday, January 8, 2009

အပျင်းလဲပြေ ပျော်စရာလဲကောင်း …

မနေနိုင်လို့ ပို့စ်တစ်ခုတင်မိပြန်ပြီ ... ဒီပို့စ်ပြီးရင်တော့တကယ်ကြီးကိုခွင့်ယူမှာပါ .... :P

ကျွန်မဆီကို သူငယ်ချင်းတစ်ယောက်ဆီက ဖော်ဝဒ်မေးလ်လေးတစ်စောင်ဝင်လာပါတယ်။ အပျင်းလဲပြေ၊ ပျော်စရာလဲကောင်း၊ စိတ်ဝင်စားဖို့လဲကောင်းတဲ့ စိတ်ပညာဆိုင်ရာ အမေးအဖြေလေးတွေပါ။
ဒီအမေးအဖြေလေးက လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာ အတ္တကျော် ရေးသားတင်ပြထားတဲ့ အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါတဲ့။ လူ့စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို့ပြောနိုင်ပါတယ်တဲ့။ အရေးကြီးတာက ညွှန်ကြားချက်တွေကို တသဝေမတိမ်းလိုက်နာဖို့ပါပဲ။ ညွှန်ကြားချက်တွေကို တနည်းနည်းနဲ့လှည့်ဖြားမယ်ဆိုရင်တော့ အောင်မြင်မှာမဟုတ်သလို နောက်ဆုံးကျရင်လှည့်ဖျားမိခဲ့တဲ့အတွက်နောင်တရနေမှာလည်း အသေအချာပါပဲတဲ့။ ကျွန်မဖြေကြည့်တာတော့ အံ့သြဖို့ကောင်းလောက်အောင်တိုက်ဆိုင်တာကိုတွေ့ရပါတယ်။
ကဲ … သူငယ်ချင်းတို့ရေ မလိမ်၊မညာပဲနဲ့ စမ်းသပ်ကြည့်ကြရအောင်ပါ …

ပထမဆုံး စက္ကူအလွတ်တစ်ရွက်နဲ့ရေးစရာတစ်ခုခုယူလိုက်ပါ။ သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့တကယ်သိကျွမ်းနေတဲ့သူ၊ရင်းနှီးတဲ့သူတွေကိုသာရွေးပါ။ ပြီးတော့စိတ်ထဲ ဖျိုးကနဲ၊ ဖျက်ကနဲ့ ပထဆုံးပေါ်လာတာတွေကိုသာ ချရေးပါနော်။ လုံးဝကျော်မဖတ်ပဲနဲ့ တစ်လိုင်းချင်းဖြေးဖြေးချင်း ဖတ်ရင်းဖြေသွားပါနော်။

စပါပြီ ……

(က) ရှေးဦးစွာ ၁ မှ ၁၁ အထိကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
၁.
၂.
၃.
၎.
၅.
၆.
၇.
၈.
၉.
၁၀.
၁၁.

(ခ) ပြီးရင် နံပါတ်(၁)ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။

(ဂ) ပြီးရင် နံပါတ်(၂)ဘေးမှာလည်း ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။

(ဃ) နံပါတ်(၃) နှင့် (၇) ဘေးမှာအနီးစပ်ဆုံးဆန့်ကျင်ဘက်များရဲ့နာမည်များချရေးပါ။
(ဖြေသူက ယောက်ျားဆိုရင် မိန်းမနှစ်ယောက်နာမည်၊ ဖြေသူကမိန်းမဆိုရင် ယောက်ျားနှစ်ယောက်ရဲ့နာမည်ပေါ့)
(င) နံပါတ်(၄)၊(၅)၊(၆) ဘေးမှာမိသားစုထဲကဖြစ်ဖြစ်၊ မိတ်ဆွေ၊ သူငယ်ချင်းထဲကဖြစ်ဖြစ် ခေါင်းထဲပေါ်လာတဲ့နာမည်သုံးခုကိုချရေးလိုက်ပါဦး။

သတိပေးချင်ပါသေးတယ်။ မလိမ်နဲ့ မညာနဲ့နော် လိမ်ညာမိရင် နောင်တရနေလိမ့်မယ်။

(စ) သီချင်းခေါင်းစဉ်လေးခုကို နံပါတ်(၈)၊(၉)၊(၁၀) နှင့် (၁၁)ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာခံစားမိသလို ဖျက်ကနဲပေါ်တာတွေသာချရေးလိုက်နော်)

(ဆ) အားလုံးပြီးသွားပြီနော် … လိုရာဆုတောင်းလိုက်ပါ။

အားလုံးသေချာပြီဆိုရင်တော့ အဖြေတွေကို ကြည့်လိုက်တော့နော် ….

အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် ဒီအမေးအဖြေလေးတွေအကြောင်းကို

နံပါတ်(၁)မှာ သင်ရေးထားတဲ့ဂဏန်းအတိုင်း(လူအရေအတွက်) စေ့အောင် နံပါတ်(၂)မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း(ရက်အတွင်း) ပြောလိုက်ပါ။ ဒါဆို ဆုတောင်းတွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (မှတ်ချက်။ ။ စာရေးသူပြောတာနော်။ ပြည့်မပြည့်တော့မသိဘူး။)

(ဥပမာ - နံပါတ်(၁)မှာ ၃ ရေးပြီး နံပါတ်(၂)မှာ ၅ ရေးတယ်ဆိုပါစို့ … သင်က ၅ ရက်အတွင်း လူ ၃ ယောက်ကိုအသိပေးရမယ်လို့ဆိုလိုတာပါ)

အဖြေလေးတွေဖတ်ပြီး တိုက်ဆိုင်မှု့လေးတွေကြည့်လိုက်ကြရအောင်လား ….

နံပါတ်(၃)ဘေးမှာရေးထားတဲ့သူနာမည်က ကိုယ့်ချစ်သူတဲ့။(ဟုတ်ပါရဲ့လား)

နံပါတ်(၇)ဘေးမှာရေးထားတဲ့သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။

နံပါတ်(၄)ဘေးမှာရေးထားတဲ့သူကိုကျတော့ ကိုယ်က ဂရုအစိုက်မိဆုံး၊အလေးပေးမိဆုံးပါတဲ့။

နံပါတ်(၅)ဘေးမှာရေးထားတဲ့သူကတော့ကိုယ့်ကိုကောင်းကောင်းသိရှိနားလည်သူပေပဲပေါ့။

နံပါတ်(၆)လေးမှာရေးထားတဲ့သူကတော့ကိုယ့်အတွက်ကံကောင်းစေမယ့်သူပါပဲ။

နံပါတ်(၈)ဘေးမှာရေးထားတဲ့သီချင်းခေါင်းစဉ်လေးကတော့ နံပါတ်(၃)ကသူနဲ့လိုက်ဖက်တဲ့သီချင်းလေးပါ။

နံပါတ်(9)ဘေးမှာရေးထားတဲ့သီချင်းခေါင်းစဉ်လေးကတော့ နံပါတ်(၇)ကသူအတွက်ပေါ့။
နံပါတ်(၁၀)ဘေးမှာရေးထားတဲ့သီချင်းကတော့ကိုယ့်စိတ်ကို အများဆုံးရောင်ပြန်ဟပ်နေတဲ့သီချင်းပါတဲ့။

နံပါတ်(၁၁)ဘေးမှာရေးထားတဲ့သီချင်းကတော့ကိုယ့်ဘ၀ခံယူချက်ကို ထင်ဟပ်နေပါလိမ့်မယ်။

ကဲ … သူငယ်ချင်းတို့ရေ … အပျင်းလဲပြေ၊ပျော်စရာလဲကောင်းမယ်လို့မျှော်လင့်ပါတယ်နော် ….

Wednesday, January 7, 2009

ခဏခွင့်ယူမယ်ဗျိုး .........

သူငယ်ချင်းတို့ရေ ...

မနက်ဖြန်ကစပြီး ဘလော့ကနေ ခဏခွင့်ယူမယ်နော် ...

ဇန်န၀ါရီလကုန်ခါနီးထိပေါ့ ...

ရန်ကုန်ခဏပြန်မလို့လေ .... ကျိုက်ထီးရိုးလဲသွားဖြစ်မယ်ထင်တယ် ...

ဒီအချိန်ဆိုအေးအေးလေးနဲ့နေလို့တော်တော်ကောင်းမယ် ....

ရန်ကုန်ပြန်မှာတွေးပြီးပျော်နေတော့ အလုပ်ထဲလည်းစိတ်ကမပါဘူး ...

ဒါပေမယ့်လည်းမလုပ်လို့မရတော့လုပ်နေရတယ် ...

Wednesday, December 31, 2008

မင်္ဂလာပါ ၂၀၀၉ ရေ ….



နှစ်သစ်ကို ဘုရားဖူးရင်းနှုတ်ခွန်းဆက်သလိုက်ကြရအောင်လားရှင် …

နှစ်ဟောင်းကို နှုတ်ဆက်သူတွေ …. နှစ်သစ်ကို ကြိုဆိုသူတွေနဲ့ ကျွန်မတို့ Blog ရပ်ဝန်းလေးမှာသက်ဝင်လှုပ်ရှားနေသလို ကျွန်မလည်း ဘာရယ်မဟုတ် ထိုင်ပြီး အတွေးတွေပွားနေမိပါတယ် ….

ဘာရယ်မဟုတ်ဆိုပေမယ့် တကယ်တော့ အလေးအနက်တွေးနေမိတာပါ ….
လူဆိုတာ မကောင်းမှုတွေနဲ့မွေ့လျော်တတ်တဲ့အမျိုးမဟုတ်လား … ဒါ့အပြင် ကိုယ်မကောင်းတာကိုလဲ မကောင်းမှန်း သိချင်မှသိတတ်သလို၊ သိပြန်ရင်လည်း ဖော့တွေးတတ်ကြတာကလား ….. အဲ့ဒီတော့ မကောင်းမှုတွေက လျော့သွားဖို့ထက် တိုးလာဖို့အခွင့်အလမ်းကပိုများနေတယ်လေ …..

ကျွန်မမှာလဲ မကောင်းမှုတွေများမှများပေါ့ …. ကောင်းတာတစ်ခုလျော့ချနိုင်ရင် မကောင်းတာနှစ်ခုလောက်ကပြန်တက်လာသလိုပဲ …. ဒါပေမယ့် အဆိုးထဲကအကောင်းလို့ပြောရမယ်ထင်တယ် ….. လျော့မချနိုင်ရင်တောင်မှ ကိုယ်ဘာတွေမကောင်းဘူးလဲဆိုတာကိုသိရင် ပြင်ဖို့ လမ်းစတွေ့နိုင်မယ်လေ …..

အဲ့ဒီတော့ လာမဲ့ ၂၀၀၉ အတွက် ကျွန်မချစ်သော သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဘလော့မောင်နှမများ အတွက်ကျွန်မဆုတောင်းပေးချင်တာက

နှစ်သစ်မှာ ကိုယ့်ကိုကိုယ် မှန်မှန်ကန်ကန်ဝေဖန်ဆန်းစစ်နိုင်သောသူတွေ ဖြစ်ကြပါစေ ….

ကိုယ့်ရဲ့မကောင်းသောအကျင့်တွေကို ကိုယ်တိုင်သိပြီး ပြုပြင်နိုင်သောသူတွေဖြစ်ကြပါစေလို့


ဆုတောင်းပေးလိုက်ချင်ပါတယ်ရှင် ….

Monday, December 22, 2008

မျက်စိဘယ်လောက်ကောင်းကြသလဲလို့ပါ ...း)





သူငယ်ချင်းတို့ရေ .....

တစ်ခါတစ်လေ အမြင်တွေက ထူးဆန်းတယ်ပြောရမလားပဲ ....

အကောင်အထည်ရှိရဲ့သားနဲ့ သာမန်ကြည့်လို့ မြင်နိုင်တာတွေရှိသလို၊ မမြင်နိုင်တာတွေလဲရှိတယ်ဆိုတာ ဒီပုံလေးက သက်သေပြပါလိမ့်မယ် .....

ဒီပုံထဲမှာရေးထားတဲ့စာလုံးလေးတွေရှိတယ် ... သူငယ်ချင်းတို့ ဖတ်လို့ရကြလားဟင်?

တကယ်လို့ဖတ်လို့မရခဲ့ရင် သူငယ်ချင်းတို့ရဲ့မျက်လုံးတွေကို ၉၀% လောက်မှေးစင်းစင်းလေးထားပြီး ဖတ်ကြည့်ရင် ဖတ်လို့ရနိုင်ပါလိမ့်မယ်နော .....

မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်ရဲ့ တဆင့်မေးလ်မှ ကူးယူဖော်ပြပါသည်.

Thursday, December 18, 2008

မြန်မာသံရုံးနဲ့တစ်နေ့တာ



ဒီဇင်ဘာ (၁၁) ရက်နေ့က ကျွန်မ ပတ်စ်ပို့စ် သက်တမ်းတိုးဖို့ သံရုံးကို မနက် (၄)နာရီခွဲကြီးရောက်သွားပါတယ်။
အစောကြီးရောက်ပုံကလဲ ဒီလိုပါ … ကျွန်မရဲ့ လောလောလတ်လတ်သံရုံးသွားထားတဲ့သူငယ်ချင်းတွေကို လှမ်းမေးကြည့်တော့ စောစောသွားပြီး သံရုံးရှေ့က စာရွက်လေးမှာ နာမည်သွားရေးရပါမယ်၊ တိုကင် ယူသလိုပေါ့ ဆိုလို့ ကျွန်မ စောသွားမိခြင်းပါ။

ကိုယ့်ကိုကိုယ်အတော်စောလှပြီထင်နေပေမယ့် ကျွန်မထက် ၀ိရိယကြီးသူ (၅) ယောက် (၆)ယောက်လောက်ရောက်နှင့်နေပါတယ်။ စာရွက်ကို ရေးမလို့ယူကြည့်လိုက်တော့ ကျွန်မ အမှတ်စဉ်က (၄၈) တဲ့ … ဘယ်အချိန်ကတည်းက ၀ိရိယကြီးစွာလာရေးထားကြလဲ မသိပါဘူး။ ကျွန်မလဲ သံရုံးရှေ့က ပုံးလေးထဲက စာရွက်ယူပြီး ကျွန်မနာမည်၊ အဖေနာမည် နဲ့ ပတ်စ်ပို့နံပါတ် ရေးလိုက်ပါတယ်။ ကျွန်မသူငယ်ချင်းနှစ်ယောက်အတွက်လည်း ထိုအတိုင်းရေးလိုက်ပါတယ်။ နောက်ထပ် ပုံးတစ်ပုံးမှာလဲ နောက် စာရွက်တစ်ရွက်ထပ်တွေ့လို့ ထပ်ရေးလိုက်ပြန်ပါတယ်။ ပထမစာရွက်ကတော့ မျဉ်းတွေဘာတွေ အကျအနတားထားပါတယ်။ နောက်တစ်ရွက်ကတော့ ဘာမျဉ်းမှတားမထားပါဘူး။ (၅) နာရီခွဲလောက်ထိသံရုံးရှေ့မှာထိုင်နေပါသေးတယ်။ နောက်တော့ ရုံးက (၈) နာရီခွဲမှဖွင့်တာ၊ (၉) နာရီကျော်လောက်မှအလုပ်စလုပ်တာ ဆိုတော့ ကျွန်မလဲ အိမ်ပြန်အိပ်ရင်ကောင်းမယ်ဆိုပြီး နာမည်ရေးပြီးပြီဆိုတော့ စိတ်ချ၊လက်ချ နဲ့ အိမ်ပြန်အိပ်လိုက်ပါတော့တယ်။

အိပ်လို့မှ သိပ်မကြာသေးဘူး သူငယ်ချင်းက ဖုန်းလှမ်းဆက်ပါတယ်။ သူသံရုံးရောက်နေပြီ ငါတို့နာမည်တွေ ဘယ်စာရွက်မှာရေးတာလဲ မတွေ့ဘူးဆိုတော့ ကျွန်မလဲ ဟမ် … ငါ နှစ်ခါတောင်ရေးခဲ့တာ အမှတ်စဉ် ဘယ်လောက်၊ဘယ်လောက်ဆိုပြီးရွတ်ပြတော့ … သူငယ်ချင်းက မဟုတ်ဘူး ဒီစာရွက်ကအသစ်တဲ့ …
အပြင်မှာရေးတဲ့စာရွက်ကို သံရုံးတံဆိပ်တုံးမပါလို့ အတည်မပြုပါဘူးတဲ့ ….. ဟိုက် … သေရောပဲ …
ကျွန်မ အစောကြီးထရကျိုးမနပ်တော့ဘူးဆိုပြီး စိတ်ညစ်သွားတယ် … ဒါပေမယ့် အကြာကြီးတော့မညစ်နိုင်ပါဘူး … သူငယ်ချင်းကို ခု အဲ့ဒီအသစ်မှာရေးလိုက် ဆိုတော့ အမှတ်စဉ်က (၉၆) တောင်ရောက်နေပြီတဲ့ … သွားပြီ…. သံရုံးက အရင်နေ့ကလူတွေကို လဲ ပြန်လုပ်ပေးတယ်။ အသစ်စာရင်းက တော့ (၈၅) ယောက်လောက်လုပ်ပေးတယ် ဆိုတော့ ကျွန်မ အမှတ်စဉ်က နောက်နေ့ကူးဖို့သေချာသလောက်ဖြစ်နေပြီလေ။ ခွင့်ကလဲတစ်ရက်ပဲရတာဆိုတော့ စိတ်အနည်းငယ်ရှုပ်သွားမိတယ်။

တစ်ရက်တည်းနဲ့ပြီးအောင် ဘယ်လိုလုပ်ရမလဲလို့ ကျွန်မ ဥာဏ်ရောင်စုံသုံးပြီးစဉ်းစားလိုက်တော့ ကျွန်မသူငယ်ချင်းတစ်ယောက်က မနေ့ကတည်း တိုကင်ယူထားတာ တစ်ရာကျော်မို့လို့ ကျွန်မတို့လုပ်တဲ့ရက်ကိုကူးသွားတယ်လေ.. ဒီတော့ သူ့တိုကင်နဲ့ ကျွန်မ တွဲတင်လို့ရရင်ကောင်းမယ်ဆိုပြီး စဉ်းစားမိပါတယ်။ ချက်ခြင်းပဲ သံရုံးကို ဖုန်းဆက်မေးကြည့်လိုက်တော့ မြန်မာမဟုတ်တဲ့ သံရုံးဝန်ထမ်းတစ်ယောက်က ပြောပါတယ် …
“ မနက် ၇ နာရီလောက်လာရင် တစ်နေ့တည်းပြီးပါတယ်၊ တစ်နေ့ကိုလူအယောက် ၁၀၀ လုပ်ပေးပါတယ်” တဲ့
ဒါနဲ့ကျွန်မက “ကျွန်မ မနက် အစောကြီးကတည်းက လာရေးပြီးပါပြီ” ဆိုတော့ သူမက “ဒါ သံရုံးတံဆိပ်တုံးမပါလို့ အတည်မယူပါဘူး၊ ဒီလို တွေ့ကရာစာ၇ွက်မှာနာမည်လာရေးပြီး ထွက်သွားတာဟာ သံရုံးအပေါ်ရိုင်းတာနဲ့အတူတူပါပဲ” တဲ့ ….
“အိုး … ငါတို့ မြန်မာသံရုံးအပေါ်တော်တော်သိတတ်တဲ့ ၀န်ထမ်းပါလား” လို့ တွေးရင်း ကြည်နူးမိပါသေးတယ်( အဟဲ ..)
ဒီလိုဆို “ တစ်ယောက်တည်း တိုကင်ယူပြီး ပတ်စ်ပို့စ် တစ်ခုထက်မက လုပ်လို့ရသလား” လို့မေးတော့ “မရပါဘူးတဲ့ … တစ်ယောက်တစ်အုပ်ပဲ လုပ်ခွင့်ရှိပါတယ်” တဲ့ ….
ကျွန်မ ဖုန်းဆက်တဲ့အချိန်က (၁၀)နာရီလောက်ရှိပြီဆိုတော့ သူကပြောပါတယ် … “နင်ဒီအချိန်မှဆိုမလာနဲ့တော့ မရတော့ဘူး။ နောက်နေ့ (၇) နာရီလောက်လာခဲ့” တဲ့ …
ကျွန်မလဲ “ကျေးဇူးတင်ပါတယ်” ပြောပြီး ဖုန်းချလိုက်ပါတယ်။

နောက်တော့ ခွင့်ကလဲ ယူပြီးပြီဆိုတော့ ကံကောင်းရင်တော့ ရမှာပါဆိုပြီး ကျွန်မသံရုံးသွားပါတယ်။
ကျွန်မရောက်တော့ သံရုံးမှာလူတွေတော်တော်စည်ကားနေပါပြီ။ ၀န်ထမ်း အန်တီကြီးက အတတ်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါတယ်။ အခွန်ဆောင်မယ့်သူတွေက ဈေးဆစ်၊ ဈေးညှိနဲ့ အမှတ်စဉ်က တော်တော်နဲ့မတက်ပါဘူး။ သူတို့သတ်မှတ်ထားတဲ့ နှုန်းအတိုင်းဆောင်လိုက်ရင်တော့ အဆင်ပြေ မြန်ဆန်ပါတယ်။ နေ့ခင်း ထမင်းစားချိန်နီးတော့ ကောင်လေးတစ်ယောက်က(ညကတည်းက လာရေးထားပုံပါ) ကျွန်တော် အစောကြီးကတည်းကလာရေးထားတာ ဆိုပြီး အန်တီကြီးကို ပြောပါတယ်။ အန်တီကြီးက “ဘယ်မှာလဲ၊ မင်းရေးတာ အပြင်ကစာရွက်မဟုတ်လား၊ အဲ့မှာ သံရုံးတံဆိပ်မပါလို့ မရဘူး” ဆိုပြီးပြောပါလေရော … နောက်တော့ ကောင်လေးက အပြင်ကစာရွက်ကို ယူပြပြီး သေချာထိုးပြတော့ အန်တီကြီးက သဘောကောင်းပါတယ်။ ဒီတစ်ခါတော့ လုပ်ပေးလိုက်မယ်ဆိုပြီး လုပ်ပေးလိုက်ပါတယ်။ ပြီးတော့ “ဒီတစ်ယောက်ပြီးရင် ကျွန်မထမင်းစားတော့မယ်။ (၃)နာရီခွဲထိနာမည်ခေါ်ပေးပါမယ်လို့ တရားဝင်ပြောပါတယ်နော်” ဆိုပြီး နေ့လည် (၁) နာရီမှာ ထွက်သွားပါတယ်။ ကျွန်မလဲ ခုနက ကောင်လေးလိုလုပ်ကြည့်ရင် အဆင်ပြေမယ်ဆိုပြီး မျှော်လင့်ချက်ရောင်ခြည်လေးပေါ်လာပါတယ်။

နေ့လည် (၂ ) နာရီမှာ အန်တီကြီးပြန်ရောက်လာပါတယ်။ ကျွန်မလဲ ကောင်တာနားမှာ တစ်နာရီလောက်ခြေအညောင်းခံရပ်ပြီး လူနည်းနည်းပါးနေတုန်း ဟိုကောင်လေးနည်းအတိုင်းကျင့်သုံးလိုက်တာ အဆင်ပြေသွားပါတယ်။ ကျွန်မအမှတ်စဉ်အရဆိုရင် နောက်နေ့မှထပ်လာရမှာပါ။ ကျွန်မက သက်တမ်းတိုးမှာဆိုတော့ ထုံးစံအတိုင်းအခွန်ဆောင်ဖို့ အရင်တစ်ခါဆောင်ထားတဲ့ ပြေစာပြလိုက်ပါတယ်။(လက်ရှိကာလထိမဆောင်ရင် (၃)နှစ်အစား (၁)နှစ်ပဲတိုးပေးပါတယ်) ပြေစာပါသွားတာတောင် ဒီဈေးနဲ့မရတော့ဘူး ဆိုပြီး အနည်းငယ်ထပ်တိုးတောင်းလို့ ဆောင်ခဲ့ရပါတယ်။

အန်တီကြီးပြောလိုက်တဲ့ နောက်တစ်ချက်က
“ဒီကလူတွေက မြန်မာပတ်စ်ပို့စ်ကို အရေးမစိုက်ကြဘူး။ တချို့ဆို လနဲ့ချီကျော်နေတာတောင် မသိကြဘူး။ လေယာဉ်ပေါ်တက်ခါနီးမှသိလို့ နောက်ရက်မှပြန်ရတယ်။ ခုတော့ အန်တီတို့က သက်တမ်းကျော်လို့ (၁)လအတွင်းဆိုရင်တော့ လုပ်ပေးတယ်။ (၁)လကျော်သွားရင်တော့ ဒဏ်ငွေ စင်းဒေါ်လာ(၃၀၀)ရယ် သက်တမ်းတိုးခ (၃၀၀) ပေးမှ တိုးပေးတယ် … ဒီကိစ္စကို တောင် မြန်မာတော်တော်များများမသိသေးဘူး” တဲ့
တရားဝင်လဲ ထုတ်ပြန်ထားပုံမရပါဘူး။

သံရုံးက သတ်မှတ်တဲ့နှုန်းတွေက တော့အောက်ပါအတိုင်းဖြစ်ပါတယ်။
PR,EP - SGD 120
SP - SGD 80
WP - SGD 60/40
စာအုပ်သက်တမ်းတိုး - SGD 300
သက်တမ်းကျော် တစ်လအထက်ဆိုရင် - SGD 300

စာအုပ်ပျောက်သွားရင် စင်း ၃၀၀ နဲ့ (၃) လစောင့်ရပါမယ်။
(၃)လစောင့်ဖို့ နေထိုင်ခွင့်မရှိတော့လို့ ချက်ခြင်းပြန်ရမယ်ဆိုရင် မြန်မာနိုင်ငံတစ်ခုတည်းသာပြန်လို့ရတဲ့ ပတ်ပို့စ် နို့စိမ်းရောင် တစ်မျိုးရှိပါသေးတယ်။ အဲ့ဒါက စင်း ၂၀၀ နဲ့ ချက်ခြင်းရနိုင်ပါတယ်။ ယာယီ ပတ်စ်ပို့စ်သဘောပါ။ ကျောင်းသားတွေအနေနဲ့ ထောက်ခံစာယူတာတော့ တော်တော်လေးမြန်ပါတယ်။

ဒါကြောင့် ကျွန်မသူငယ်ချင်းများ ဒဏ်ငွေမထိရလေအောင် စာအုပ်သက်တမ်းကိုသတိထားကြပါလို့ ပြောချင်ပါတယ်။ ပြီးတော့ အခွန်ဆောင်ဖို့သွားရင် အသေချာဆုံးက (၈) နာရီခွဲမှာ သံရုံးထဲက ထုတ်ပေးတဲ့စာရွက်ပေါ်မှာ ကိုယ့်နာမည်ပါဖို့ပါ။ အစစ အရာရာအဆင်ပြေကြပါစေ ….


မှတ်ချက်။ ။ ဒီပို့စ်လေးက သူငယ်ချင်းအားလုံးအတွက်တော့ အသုံးဝင်ချင်မှဝင်မှာပါ။ ဒါပေမယ့် စင်္ကာပူကမြန်မာသံရုံးမှာ အခွန်ဆောင်တဲ့ကိစ္စလေး ဗဟုသုတအနေနဲ့မျှဝေတာပါ။

Friday, December 5, 2008

မေ့မရတဲ့ပုံရိပ်



နေ့လည် ထမင်းစားပြီးချိန် ၁၂း၃၀ လောက်မှာ ထုံးစံအတိုင်း ဘူတာကို လမ်းလျှောက်၊ သတင်းစာယူပြီးပြန်မယ် လုပ်ဖို့အထွက်မှာ အပေါ့သွားချင်လာတာနဲ့ အိမ်သာကိုအရင် ၀င်ဖြစ်လိုက်တယ်။ အလုပ်မှာ အိမ်သာက လေးခန်းရှိတယ် .... ၀င်ပေါက်ကနေ၀င်ဝင်ချင်း ဒုတိယမြောက် အခန်းက တံခါးပိတ်ထားတယ် ... ကျန်အခန်းတွေ အကုန်လွတ်နေတယ် .... အိမ်သာခန်းဖွဲ့စည်းပုံက အိမ်သာတံခါးနဲ့ မျက်နှာချင်းဆိုင်ခြေလှမ်း(၇)လှမ်းစာလောက်မှာ လက်ဆေးဘေစင်လေးလုံးရှိတယ် .... နံရံမှာတော့ ကိုယ်တစ်ဝက်ပေါ်မှန်လေးချပ်ရှိတယ် ....
ကျွန်မက တတိယအခန်းကိုဝင်တယ် .... ပြီးတော့ ပြန်ထွက်လာပြီး လက်ဆေးဘေစင်မှာ လက်ဆေးနေတုန်း စိတ်ထဲတစ်ယောက်ယောက်ကြည့်နေသလိုခံစားလာရတယ် .... အဲ့ဒါနဲ့ ဘာရယ်မဟုတ်ဘူး မှန်ထဲကနေ ကိုယ့်နောက်ကိုကြည့်လိုက်မိတယ် ....

အဲ့ဒီမှာ ဘာသွားမြင်လဲဆိုတော့ ကိုယ့်နောက် အပေါ်လေးမှာ အရိပ်တစ်ခု ကိုယ့်ကို ငုံ့မိုးပြီးကြည့်နေတယ် ..... (မျက်နှာကြက်က ရောင်ပြန်စရာတစ်ခုမှမရှိတဲ့ ဆေးသုတ်ထားတဲ့ပလိန်းမျက်နှာပြင်ပါ) မျက်နှာရယ်၊ ကိုယ်တစ်ပိုင်းရယ် လွင့်လွင့်လေးပေါ်နေတယ် မီးခိုးထဲကနေလူပုံပေါ်သလိုလေး .... အင်္ကျီကအဖြူရောင်လေး ....
ဆံပင်လေးတွေက အညိုရောင်ဖျော့ဖျော့ ၊ မျက်နှာပြင်တစ်ခုလုံးက ခပ်ဝါးဝါးလေးပဲ မြင်ရတယ် ..... ဒါပေမယ့် ခပ်ချောချောမိန်းကလေးတစ်ယောက်မျက်နှာလေးဆိုတာ သိသာတယ် ....ကိုယ့်ကိုကြည့်နေတယ်ဆိုတာလဲသိတယ် .....

အဲ့ဒီအချိန်မှာ ကိုယ့်စိတ်ထဲ ငါ အမြင်မှားတာလား ဆိုပြီး စဉ်းစားရင်းနဲ့ သူ့ မျက်နှာ
ဒီထက်ပိုထင်ရှားလာမလားရယ်လို့ မှန်ထဲတဆင့်ကြောင်ပြီး ကြည့်နေမိတယ် .... တစ်မိနစ်နီးပါးလောက်ကြာသွားမယ်ထင်တယ် ..... တဖြည်းဖြည်း
အဲ့ဒီအရိပ်လေးက ၀ါးလာပြီး နောက်ဆုံးလုံးဝပျောက်သွားတယ် ….

ကိုယ့်စိတ်ထဲ ထူးဆန်းနေလို့ ဒုတိယအိမ်သာခန်းထဲက တစ်ယောက် ဘာအရောင်များဝတ်ထားလဲဆိုပြီး စောင့်ကြည့်နေသေးတယ် .... ထွက်လာတော့
မီးခိုးရင့်ေ၇ာင် ၀မ်းဆက်နဲ့ .... ကျွန်မလဲထပ်မြင်ရမလားဆိုပြီး ခဏလေးတော့ စောင့်ကြည့်လိုက်သေးတယ် ....ဒါပေမယ့် မမြင်ရတော့ပါဘူး .....

နောက်သုံး၊လေးရက်လောက်ဆက်တိုက် အဲ့ဒီအချိန်တိုင်းအတိအကျသွားပြီး အဲ့ဒီဘေစင်မှာပဲလက်ဆေးရင်း စောင့်ကြည့်ပါသေးတယ် …ထပ်တွေ့ရင် ဓာတ်ပုံရိုက်မယ်ဆိုပြီး ဖုန်းလေးကိုလဲယူသွားမိပါတယ် … ဒါပေမယ့် နောက်ထပ်တခါမှထပ်မတွေ့ရတော့တာ ဒီနေ့ထိပါပဲ …..

သူငယ်ချင်းတို့ရေ .... အိမ်သာထဲရောက်ရင် အဲ့ဒီအရိပ်လေးကို လိုက်ရှာကြည့်မနေကြနဲ့ဦးနော် .....

မှတ်ချက်။ ။ ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ။

Tuesday, December 2, 2008

အံ့ဖွယ်မြန်မာ


“ဘာပြောတယ် လော်ရာ”

“စိတ်မ၀င်စားဘူးလို.ပြောတာပါ ဒယ်ဒီ”

“မရဘူး သမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ဗမာစကားမတတ်လို.မရဘူး”

“ဒါဆိုလည်း နောက်မှတက်မယ် ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ. ဂျပန် ယဉ်ကျေးမှုအတန်းတွေ တက်ရဦးမယ်”

“အဲ.ဒါခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို.ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ.ဆီသွားလို.ရပြီ။ မင်းလုပ်ချင်တဲ.အလုပ် လုပ်လို့ရပြီကွ”

“အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ”

“၀င်ပြီလား သမီး။ ကဲ .... မင်းဗမာစာ၊ဗမာစကားတတ်ပြီ ဆိုပါတော. ပထမဆုံး မင်း ရန်ကုန်က မာစတာတန်းတွေတက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း၊စာခန့်တွေဖတ်လို့ရမယ် ... ပြီးတော့ ....”

“ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့ ”

“ဘာကွ ..... အေး .... ၂၀၀၀ ပြည်.နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလိုအချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ”

“သိပ်တော့မထူးပါဘူး”

“ဟာ ...သိပ်ထူးတာပေါ့ သမီးရယ် ။ ကဲ .... ဒယ်ဒီပြောမယ်... နားထောင် ။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် မိုက်ခရိုဆော.ရဲ့ ၀င်းဒိုး ပုပ္ပါးကို မင်းဘယ်လိုသုံးမလဲ ။ ထားပါတော. မင်းက အိုးပင်းဆို. လို. ။ လင်းနက်ရဲ့ ဟင်္သာရောင်အပိုင်း(၆) ကိုရော ဘယ်လိုကိုင်တွယ်မလဲ .....
အလုပ်လုပ်လို.မကောင်းတော.တဲ. ၀င်းဒိုး ဗစ်စတာ နဲ.နေခဲ့ချင်ရင်တော. မင်း အမေရိကကို သွား .. ခေတ်ရှေ.ပြေးနေတဲ. အရှေ.တောင်အာရှကိုတော. မလာလေနဲ.။ နောက်ပြီး ဆဲလ်ဖုံးနဲ. မြေပုံစနစ်တွေမှာဆိုရင် မင်းဗမာစာ မတတ်တာနဲ.သုံးရခက်ပြီ”

“ ဘာဆိုင်လဲ ဒယ်ဒီရာ”
“ဆိုင်တာပေါ. .... တက်ခ်ျစကရင် နဲ. အသံကွန်မန်း တွေသုံးထားတဲ. (ဆသရ) အမျိုးအစားဖုံးတွေကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ”

“ဆိုနီနဲ. နိုကီယာကတော. အင်္ဂလိပ်လိုသုံးပါသေးတယ်”

“ဒယ်ဒီသိပြီ။ ငါ့သမီးက ၀ိဇ္ဇာတန်းတက်ပြီး ခေတ်နဲ.မျက်ခြေပြတ်နေတာကိုး။ မင်းပြောတဲ. တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကိုမမှီတော.ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ. ဆသရ အရောင်းမြှင်.တင်ရေးပွဲကို အမ်အာတီဗွီ ၂၃ က တိုက်ရိုက်လွှင်.လို. ဒယ်ဒီကြည်.လိုက်ရတယ်။

သိပ်ကိုကောင်းတဲ. လက်ကိုင်ဖုံးတွေပဲ သမီး။ နိုကီယာဆိုတာ ကလေးကစားတာပါကွာ။ ကဲ .... ဒီတော. သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင် လိုက်ခဲ.တော.. ဟုတ်ပြီလား ။”

“ဗမာပြည်ဝင်ခွင်.ဗီဇာက ထင်သလောက် မလွယ်ဘူးနော် ။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ”

“ဒယ်ဒီက တောင်ငူမှာလုပ်မယ်. လေယာဉ်ပြပွဲကိုသွားမယ် ။ ဗမာပြည်လုပ် မိုးယံဆင် ငါးထပ်လူစီး လေယာဉ်ကို အဓိကကြည်.ချင်လို.ပါ ။ အဲ.ဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော. တောင်ပံတွေလဲခေါက်သိမ်းနိုင်တယ်တဲ.။ သမီးပါရင်တော. ရန်ကုန် မြကျွန်းသားပန်းခြံထဲက ရေအောက်ပြခန်းမှာ လုပ်မယ်. စက်ရုပ်အလေးမပြိုင်ပွဲ ၀င်ကြည်.မလားလို.လေ”

“စိတ်ဝင်စားဖို.တော.ကောင်းသားပဲ .....ဒါနဲ. အစားအသောက်က အဆင်ပြေပါ.မလား ဒယ်ဒီ”

“ဟား ဟား ... ငါ.သမီးက သူ.အမေနဲ.တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာ သမီး ... ဗမာပြည်မှာမရတာမရှိဘူး ။ သမီးဘာစားချင်လဲ ။ အဆူးမပါ အနံ့ကင်းတဲ. ၂၁၁၄ ခုနှစ်စတိုင်ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ. လေးထောင်.ပုံကြက်ဆင်ဥလား၊ လေဆာနဲ. အရိုးတွေကိုချေပြီး တကောင်းလုံးဝါးလို.ရအောင်လုပ်ထားတဲ. ငါးသလောက်ပေါင်းလား၊ ဥရောပသားတွေအတွက် သီးသန်.လုပ်ထားတဲ. အဖြူရောင် ပုန်းရည်ကြီးလား ... ဒါမှမဟုတ်....”

“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .... သွားရေး၊လာရေးနဲ. ဆက်သွယ်ရေးက... ”

“သမီး .... သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆိုကတည်းက ဒါတွေ ထည်.စဉ်းစားဖို.မလိုဘူးလေ ။ လေယာဉ်ပေါ်ကဆင်းတာနဲ. အောက်ဆီဂျင်စစ်စစ် ထည်.ထားတဲ. လေရှုဗူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ. ဦးထုပ်နဲ. မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင်.တော. သမီးမပူရတော.ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ. ကားတံခါးကို လာကပ်မယ်Tube တွေရှိတယ်။ အဲ.ဒီအပေါ်ခြေထောက်ချလိုက်ရုံနဲ. အလိုလျောက်ရွေ.လျားပြီး သမီးကို ရီဆက်ရှင်းကို ပို.ပေးလိမ်.မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ. ဟိုတယ်ဝန်ထမ်းတွေစောင်.နေလိမ်.မယ်။ နောက် ... ဘာတဲ. .... ဆက်သွယ်ရေး ဟုတ်လား .... ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ. အင်တာနက်ကွန်နက်ရှင် ရပြီ ။ ဂျီအက်စ်အမ်တွေသယ်လာရင် ပြောလို.ရပြီ။ အဲ...ကိုယ်.ဖုံးယူလာဖို.မေ.လာရင်လည်း မပူပါနဲ. ။လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို လိုက်ဝေနေတဲ.ချာတိတ်တွေရှိတယ် ...ကြိုက်တဲ. ဆင်ကဒ်ရွေးယူ။ ဟန်းဆက်ကတော. ထုတ်ထားတာ နှစ်ပတ်ကြာတဲ. မော်ဒယ်ဆိုရင် အလကားယူလို.ရတယ်လေ။ အများစုကတော. ဆသရ လို.ခေါ်တဲ. တံဆိပ်တွေပေါ. လေ ...”

“အော ... ကောင်းလိုက်တာနော် ။ ဒါနဲ့ အစိုးရနဲ.နိုင်ငံရေးကရော ... ”

“အစိုးရ ... အစိုးရ ... ဒီ အစိုးရကတော.ကွာ .... ဒယ်ဒီပြောမယ် ... ဒီလိုရှိတယ် ...”
ထိုစဉ် .... “ဆိုက်ကားအားလား” ဟူသော ခရီးသည် အသံကြောင်. ကျွန်တော်လည်းလန်.နိုးသွားကာ ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို.လေတော. သတည်း ........

မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်၏ ဖော်ဝဒ် မေးလ်မှရတာကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ကျွန်မရင်ထဲမှာလဲ ကျွန်မတို့နိုင်ငံကို တကယ်ဒီလိုနိုင်ငံမျိုးဖြစ်စေချင်ပါတယ် ...

Sunday, November 23, 2008

ရေကူးကြရအောင်


ဒီအကြောင်းအရာလေးကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ဖော်ဝဒ်မေးလ်လေးကဆင့် ရခဲ့တာပါ … ပုံတွေကို ကြည့်ပြီး သူငယ်ချင်းတွေကို မျှဝေပေးချင်လို့ ဒီပို့စ်လေးတင်ပါတယ် ..
အောက်ကပုံတွေကတော့ ရေတံခွန်ထိပ်မှာရှိနေတဲ့ 'The devil's swimming pool' လို့ခေါ်တဲ့ရေကူးကန်ရဲ့ပုံလေးတွေပါ … ဒီရေတံခွန်က ကမ္ဘာ့ အကြီးဆုံး ရေတံခွန်ရယ်လို့ ၀ီကီမှာဆိုထားပါတယ် … တောင်အာဖရိကရဲ့ Zambia နဲ့ Zimbabwe နှစ်နိုင်ငံကြားမှာ ရှိတဲ့ Zambezi မြစ်ပေါ်မှာတည်ရှိတာပါ …. အကျယ်က ၁.၇ ကီလိုမီတာ (၁ မိုင်) နဲ့ အမြင့်ကတော့ ၁၀၈ မီတာ(၃၆၀ ပေ) ရှိပါတယ် … အသေးစိပ် သိချင်ရင်တော့ ဒီလင့်ခ်လေးကို သွားနိုင်ပါတယ် …

ဒီရေကူးကန်က အစွန်းရောက် ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ရေပန်းစားနေပါသတဲ့ ...
ကျွန်မကတော့ ပုံတွေမြင်ယုံနဲ့တင် ကြက်သီးတွေထပြီး ခြေဖ၀ါးတွေယားလာပါတယ် ...
သူငယ်ချင်းတို့ရော သွားကူးချင်ကြပါသလား ?