သူငယ်တန်းကျောင်းအပ်တုန်းက အရင်အပ်တဲ့သူက တန်းခွဲ(အေ) မှာနေရတော့ ကျောင်းအပ်စောတဲ့ကျမကတန်းခွဲ(အေ)ကိုရောက်တယ်။
တစ်တန်းရောက်တော့ အမှတ်တွေနဲ့ အခန်းပြန်ခွဲတော့ စာသိပ်တော်လွန်းတဲ့ကျမက တန်းခွဲ(ဘီ) ရောက်သွားတယ်။
အဲ့လို တစ်တန်းမှာ တန်းခွဲ(ဘီ) ရောက်လို့လည်း ကျမမှာထွေထွေထူးထူး ၀မ်းနည်းမိတာမရှိခဲ့ဘူး။
မရှိဆို ကျမသူငယ်တန်းတုန်းက လူ အယောက် (၃၇) ယောက်မှာ အဆင့် (၃၂) ရတာကို ပျော်လွန်းလို့ အိမ်ကို ခုန်ပေါက်ပြေးလွှားပြီး အမေ့ကိုကြွားရတာ အမောပေါ့။
နောက်တော့ အမေ ပြောမှသိတယ် အဲ့ဒါ “ညံ့” တာတဲ့။
ဒါလည်း မမှုပါဘူး။ ဘာလို့လည်းဆိုတော့ သူငယ်တန်းကနေ တစ်တန်း၊ နှစ်တန်းကို စာမေးပွဲသွားမဖြေ၊ အောင်စာရင်းသွားမကြည့်ပဲ ရောက်သွားတယ်လို့ ကို
ထင်ခဲ့ဖူးတာကိုး။း)
သုံးတန်းရောက်တော့မှ စာတော်တဲ့သူကို ဆရာမတွေချစ်တယ်ဆိုတာကို ကျမစသိတတ်လာတယ်။
ဆရာမတွေဟာ ကျမတို့ အမှတ်တွေ ကြေငြာတိုင်း အေခန်းက လူတွေနဲ့ နှိုင်းယှဉ် နှိမ်ကွပ်ပြောလေ့ရှိတယ်။ ခု အသက်ကြီးလာတော့ ဆရာမတွေ နှိမ်ပြောခဲ့တယ်ဆိုတာက ကြိုးစားချင်စိတ်ရှိအောင်ဖြစ်ပါလိမ့်မယ်လို့ ပြောင်းတွေးမိပါတယ်။ နောက်ပြီး တော်တဲ့အခန်းမှာ နေချင်စိတ်အဲ့ဒီအရွယ်မှာ စဖြစ်ပါတယ်။
ကျမ သုံးတန်း(ဘီ) ခန်းမှာတော့ သိပ်မညံ့ဘူးရှင့်။ အဆင့်(၁) ကနေ (၁၀) အတွင်းတော့ အမြဲဝင်တယ်။
ဒါပေမယ့် ဘီခန်း (၁) ကနေ (၁၀) ဆိုတာအေခန်း သာမန်တွေလောက်ပဲရှိတယ်လေ။ ကဲ ထားပါဦးလေ…
အဲ့ဒီအချိန်တုန်းက ကျမသူငယ်ချင်းတွေက ခင်နွယ်နွယ်ထွန်း၊ ကျော့ကေခိုင်၊ ဆွေဇင်ထွန်း၊ လှိုင်ဘုန်းမြင့် နှစ်ယောက်တွဲထိုင်ခုံတွေမှာ နှစ်ယောက်တတွဲစီပေါ့။
အဲ့ဒီထဲမှာမှ လှိုင်ဘုန်းမြင့် နဲ့ ဆွေဇင်ထွန်း ကိုမှတ်မှတ်ရရဖြစ်တယ်။ဖြစ်ဆို အမှတ်ရစရာတွေကလည်း ရှိခဲ့တာကိုး။
လှိုင်ဘုန်းမြင့်က ကျမကို ပြောတယ်။ သူက သူငယ်တန်းမတက်ခင်က လေယာဉ်မယ်လုပ်ခဲ့တာတဲ့။
သူငယ်တန်းတက်မှာမို့ အဲ့ဒီအလုပ်ကထွက်ခဲ့တယ်လို့ ကျမကိုပြောတယ်။ ကျမလေ ပါးစပ်လေး ဟောင်းလောင်းနဲ့ အထင်ကြီးလိုက်တာမပြောပါနဲ့တော့။ ကျမသိတာက လေယာဉ်မယ်ဆို လှတယ်။ ကျော့ကျော့လေး မော့မော့လေးပေါ့။ သူကလည်းဖြူဖြူလေးနဲ့ ချစ်စရာလေးဆိုတော့ ကျမလည်းယုံမိတာပေါ့လေ။ (အမှန်က ပိန်းတာ ဟီး ဟီး)
နောက် ဆွေဇင်ထွန်းကကျတော့ ဇာတ်လမ်းတွေဆင်ပြီး အရုပ်နဲ့ ကစားကြတဲ့နေရာမှာသိပ်တော်တယ်။
သူကဖြူဖြူလုံးလုံး တရုတ်မလေး။ ကျမတို့ငယ်ငယ်တုန်းက စက္ကူပေါ်မှာ အရုပ်ဆွဲ ကဒ်ထူနဲ့ကပ်။ အင်္ကျီမျိုးစုံ ကိုယ့်ဘာသာကိုယ်ဆွဲပြီး ဇာတ်လမ်းဆင်ဆော့ကြတာ။
ကျမမှာ ကိုယ်တိုင်လုပ်ထားတဲ့ မိန်းမတစ်ရုပ်၊ ယောက်ျားတစ်ရုပ်ရှိတယ်။ အင်္ကျီတွေဆိုလည်း အများကြီးပဲ။ ဒါပေမယ့် ကျမက ဇာတ်လမ်းမပြောတတ်ဘူး။
အရုပ်တွေနဲ့ စက္ကူအင်္ကျီတွေကို ဖတ်စာအုပ်တွေ ကြားထဲညှပ်ပြီး ကျောင်းကိုယူလာကြတယ်။ ဆရာမရှေ့ဆော့မိရင် အသိမ်းခံရလို့ အတန်းချိန်ပြောင်းပြီဆိုရင်
ခုံအောက်ကို ဆင်းထိုင်ပြီး ဆော့ကြတော့တာပဲ။ အဲ့ဒါနေ့တိုင်းနီးပါးဆော့တာ။
ဒီလိုနဲ့ ဆော့လိုက်၊ စာသင်လိုက်နဲ့ တဖြေးဖြေး အတန်းတင်စာမေးပွဲကြီးနီးလာပါရောလား။
မြန်မာစာဖြေတဲ့နေ့၊ အင်္ဂလိပ်စာဖြေတဲ့နေ့ အားလုံးအဆင်ပြေတယ်။
သင်္ချာနေ့ … ဇာတ်လမ်းကစပြီ။ ကျမကစာရတယ်။ ဒါပေမယ့် စာမေးပွဲဖြေရင်း အမှတ်(၄၀) ဖိုးလောက်ပဲဖြေရသေးပြီး အိပ်ချင်လာတာနဲ့ စားပွဲပေါ်မှောက်အိပ်မိသွားရော။
သင်္ချာတို့၊ အင်္ဂလိပ်တို့က စောပြီးတတ်တာမို့ အတန်းစောင့်ဆရာမကလည်း ပြီးလို့အိပ်တယ်ထင်ပြီး သူကလည်း မနှိုး၊ ကိုယ်ကလည်း မထနဲ့ ပထမခေါင်းလောင်းထိုးတဲ့အချိန်မှာ ကျမနိုးလာတာပေါ့။
အဲ့ဒီကျမှ ကျမဖြေထားတာပြန်ကြည့်မိတော့ အောင်မှတ်လေးတင်ရှိသေးတယ်။ အချိန်ကလည်း ၅ မိနစ်ပဲကျန်တော့တယ်။
တခုခုများမှားလို့ကတော့ ကျပြီပဲလို့တွေးလိုက်မိတာနဲ့ ကျမ တဗြဲဗြဲ နဲ့ငိုပါလေရောလား။
ကျမတို့စာမေးပွဲခန်းကို ဆရာမနှစ်ယောကစောင့်တယ်။ တစ်ယောက် ဆရာမဒေါ်တင်မိုးအေးဆိုတဲ့ ဆရာမ။ နောက်တစ်ယောက်ကိုတော့ ကျမ မမှတ်မိတော့ဘူး။ ကျမက အသည်းအသန်တွေငိုနေတော့ ဆရာမကပါ ငိုရော။
ဆရာ၊တပည့်နှစ်ယောက် ငိုရင်း ဒုတိယခေါင်းလောင်းထိုးသွားတော့ ကျမဆက်ဖြေလို့ မရတော့ဘူးလေ။ ဆရာမက ငိုရင်းနဲ့ပဲ ကျမတို့ ကျောင်းဂိတ်ဝထိလိုက်ပို့တယ်။ ကျမကလည်း ငိုရင်းပါသွားတာပေါ့။
ဆရာမက အမေ့ကို အကျိုးအကြောင်းမေးတော့ အမေက အ၇မ်းစိတ်မကောင်းဖြစ်ပေမယ့် ကျမကငိုနေတော့ မဆူရက်ဘူး။
အမှန်ဆို အမေက စိတ်ဆတ်တယ်၊ ငိုတာလည်းသိပ်မကြိုက်လှဘူး။ ဒါပေမယ့် ကျမက တလမ်းလုံး ရှိုက်ကြီး တငင်ငိုနေတော့ အမေက စိတ်ရှည်ရှည်ထားပြီး စိတ်သက်သာအောင်
“သမီး အုန်းနို့ခေါက်ဆွဲစားမလား” တဲ့ဆိုပြီးချော့ရှာပါတယ်။
အဲ့ဒီမှာ ကျမက“စားမယ်” လို့ပြောရင်း အလုံဘူတာနားကဆိုင်မှာစားကြတယ်။
ကျမက စားရင်း၊ ငိုရင်း တစ်ပွဲလည်းကုန်သွားရော မျက်ရည်ဝိုင်းတဲ့ မျက်လုံးကြီးတွေနဲ့ အမေ့ကို မော့ကြည့်လိုက်ပြီး အမေ့ကို စကားတစ်ခွန်းပြောလိုက်တယ်
.
.
.
.
.
.
.
.
.
.
.
.
“မေကြီး သမီးမ၀သေးဘူး နောက်တစ်ပွဲစားချင်တယ်” လို့ …………
အမေက စားမေးပွဲမဖြေနိုင်ရတဲ့ကြားထဲ ငတ်ကြီးကျနေတဲ့ သူ့သမီးကို စိတ်တိုပေမယ့် စိတ်တိုရအခက်ဖြစ်နေတဲ့ပုံကို ခုထိမြင်ယောင်တုန်း ဟိဟိ....
မှတ်မှတ်ရရ ကျမသုံးတန်းတုန်းက အတွေ့အကြုံလေးပါ။ အဲ့တုန်းက တကယ်ကို ၀မ်းနည်းငိုကြွေးခဲ့ရတာပေမယ့် ခုချိန်ပြန်စဉ်းစားတော့ ရယ်ချင်စရာလေးမို့
သူငယ်ချင်းတွေအတွက်ရေးလိုက်ပါတယ်။
သူငယ်ချင်းတွေ ပျော်ရွှင်ရယ်မောနိုင်ကြပါစေ။
Friday, October 18, 2013
ကျမနှင့် တတိယတန်းအတွေ့အကြုံ
Posted by ကြယ်ပြာ at 9:06 AM 2 comments
Labels: အမှတ်တရများ
Friday, October 11, 2013
"ငယ်ဘ၀ အတွေ့အကြုံများ (၂)"
ဒုတိယတန်း
=======
ဒုတိယတန်းမှာ ကျမအတွက် အမှတ်ရစရာသိပ်များများစားစားမရှိလှဘူး။ မှတ်မိတာလေးတစ်ခုက မုန့်စားနေတုန်း ဆရာလာလို့ပြေးရတာလေးတစ်ခုပဲရှိတယ်။
အဟမ်း .. အဟမ်း ..... အစားငမ်းတဲ့ ကြယ်ပြာပိစိကလေး အကြောင်းပေါ့ ....
ကျမတို့ ကျောင်းက အထက်တန်းကျောင်းပေမယ့် မုန့်စားဆောင်မှာ မုန့်ဆိုင်တွေတော့ သိပ်မမြိုင်လှဘူး။ မုန့်စားဆောင်နားရောက်ရင် ပထမဆုံးတွေ့ရမှာက ရေခဲချောင်းကို တွန်းလှည်းနဲ့ ရောင်းတဲ့ ရေခဲချောင်းသည်အစ်ကိုကြီး။ သူက ကျမသူငယ်တန်းကနေ ၁၀ တန်းရောက်တဲ့ထိ အဲ့ရေခဲချောင်းလှည်းလေးနဲ့ ရေခဲချောင်းရောင်းရင်းနဲ့ပဲ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးခဲ့တာ။
သူတင်ပဲလားဆိုတော့လည်း မဟုတ်ဘူး တခြားဆိုင်တွေလည်း လူမပြောင်းသွားကြဘူး။
နောက် သူ့နောက်ဘက်မှာကျတော့ ကပ်စေးနဲ၊ ဝေဖာယိုသုတ် စတာတွေကိုရောင်းတဲ့ တွန်းလှည်းနဲ့ အသည်ကြီး ရှိတယ်။ သူတို့က လင်မယားလား၊ ယောက်ကရှာအစ်မကြီးရောင်းတာလား မမှတ်မိတော့ဘူး။
နောက် အဲ့နားလေးမှာပဲ နို့အေးချောင်းနဲ့ ဒါးလှီိးရေခဲမုန့်ရောင်းတဲ့ မုတ်ဆိတ်ဗလဗျစ်နဲ့ လူကြီး။
သူက ဒါးလှီးရေခဲမုန့်ရောင်းတာများတယ်။ နို့အေးချောင်းကိုကျ တခါတရံမှရောင်းတယ်။
သံခွက်ကလေးတွေထဲကို နို့တွေထည့်ပြီး ရေခဲခွက်အ၀ိုင်းကြီး တဂျွမ်းဂျွမ်းလှည့်ရင်း ရလာမယ့် နို့အေးချောင်းကို ကျမအပါအ၀င် ကလေးတွေ မက်မက်စက်စက် ရှိလှတယ်။
သူ့ပါးစပ်က ရွတ်လေ့ရှိတာလေးကိုလည်း ကျမမှတ်မိနေတယ်
"အိုင်စီး ယူစီး နှစ်ယောက်စီးတော့ ပြုတ်ကျ" တဲ့ ......း)
နောက် မုန့်စားရုံအစ ညာဘက်မှာကျတော့ မန်ကျည်းဖျော်ရည်သည် မိသားစု။
ဘယ်ဘက်မှာကျတော့ ကျောင်းစောင့် ဦးကုလားရဲ့ အမေ ဘွားကျုတ်နဲ့ သူ့မိန်းမ မတင်အုံးတို့က
မုန့်ဟင်းခါး၊ အုန်းနို့၊ ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊ ၀က်သားဒုတ်ထိုး၊ ပြောင်းဖြူးပြုတ်၊ မြေပဲပြုတ်၊ ထန်းမြစ်၊ ပဲမြစ်၊ ဆီးသီးပေါင်း စတာတွေကိုရောင်းတယ်။
နောက် ဟိုးဘက်ထောင့်လေးမှာကျတော့ ဆီးထုတ်၊ ချိုချဉ်၊ နေကြာစေ့၊ သကြားလုံး၊ နံကထိုင် အစရှိတဲ့ ရယ်ဒီမိတ်မုန့်မျိုးစုံရောင်းတဲ့ မမြင့်စိန်တို့ဆိုင်။
ကဲ ... ဒါလေးပဲ ကျမဆို့ မုန့်စားရုံမှာရှိတယ်။ ဒါပေမယ့် အမယ်တွေတော့ စုံလှတယ်။ လုံလောက်တယ်လို့ပြောလို့တော့ရတာပေါ့။
ကျမ အကြိုက်ဆုံးအစားအစာက ဘွားကျုတ်ရောင်းတဲ့ ခေါက်ဆွဲသုပ်ပဲ။ တကယ်က ခေါင်ဆွဲသုပ်ဆိုလို့ ရှယ်သုတ်တော့ မဟုတ်ဘူး။ ခေါက်ဆွဲကို ဂေါ်ဖီနဲ့ ရောကြော်ထားတယ် နောက် အချဉ်ရည်နဲ့ ရောနယ်ပေးလိုက်တဲ့ မည်ကာမတ္တ အသုပ်။ ဒါပေမယ့် သိပ်အရသာရှိတယ်။ မနက်တိုင်း ကျမ အဲ့ဒါ မစားရရင် မနေနိုင်ဘူး။
ဒုတိယအကြိုက်ဆုံး မုန့်က ရွှေပုစွန်က နံကထိုင် (အခုတော့ မကြိုက်တော့ဘူး)။ မမြင့်စိန်တို့ဆိုင်က နံကထိုင် ၁ ခုကို ၃ မတ်။ ကျမ မုန့်ဖိုးက ၁ ကျပ် ခွဲ။ ခေါက်ဆွဲသုပ်က ငါးမူး ဆိုတော့ ကွက်တိပဲ (စုတောင် မစုနိုင်ဘူး )
ကျမတို့ကျောင်းလေးက သူများကျောင်းတွေလိုပဲ ပထမကျောင်းတက်ခေါင်းလောင်ထိုးရင် ကျောင်းသားတွေအကုန် အတန်းထဲမှာရှိပြီး ဘုရားရှိခိုးရတယ်။ ကျမက တခါတလေ နောက်ကျတတ်တယ်။ ကျောင်းရောက်တာနဲ့ ကျမရဲ့ပထမဆုံးအလုပ်က လွယ်အိတ်ပစ်ချပြီး ဘွားကျုတ်ဆိုင်ကို ပြေးတာပဲ။ ဘယ်လောက်အိမ်ကပဲ စားလာရပါစေ ဘွားကျုတ်အသုတ်ကို နေ့တိုင်းစားရမှ စိတ်ထဲအာသာပြေတယ်။ ခေါင်းလောင်းထိုးသွားရင် ဒု-ကျောင်းအုပ် ခေါင်းဖြူဆရာကြီးက မုန့်စားရုံကို ပတ်စစ်လေ့ရှိတယ်။
ကျမက အစာစားရင် သိပ်မ၀ါးပဲ မျိုချလေ့ရှိတာ ငယ်ကတည်းက အကျင့်ဆိုပါတော့။ တနေ့ ကျမ အပူတွေကန်လို့ အာခေါင်တွေမှာစင်းကြောင်းတွေထပြီးရေသောက်ရင်တောင် နာနေတဲ့အချိန်မှာ ကျမကျောင်းချိန်ကွက်တိရောက်သွားတယ်။ မနက်စာ စားချိန်မရှိတော့ဘူး။ ဒါပေမယ့် ကျမရဲ့ တဇွတ်ထိုးထုံးစံအတိုင်း မုန့်ဆိုင်ကိုပြေးတယ်။ အသုပ်စားတော့ ထင်သလောက် ခရီးမရောက်ဘူး အာခေါင်က နာနေတာကိုး။ အဲ့ဒီအချိန်မှာ ခေါင်းဖြူဆရာကြီးကလာနေပြီ ကြိမ်လုံးကလည်း တ၀င့်ဝင့်။ အသုပ်ကလည်း တန်းလန်း မျိုချလို့ကလည်းမရ ဖြတ်ချလို့ကလည်း အဆင်မပြေ။ ပါးစပ်မှာ ခေါက်ဆွဲတန်းလန်းစားရင်းနဲ့ ဆိုင်တွေနောက်ဘက် ပတ်ပြီး ပုန်းရတယ်။ ပါးစပ်ကလည်းအစားမပျက်၊ လူကလည်း ကုန်းကွပုန်း၊ ဆရာကြီးပြန်ပြီလားလည်းချောင်းကြည့်ရနဲ့ တော်တော်ကို ကိုးယိုးကားယားနိုင်ခဲ့တာ။ ဒါပေမယ့်လေ ကျမခေါက်ဆွဲသုပ်ကို ပြေးရင်းလွှားရင်း အောင်မြင်စွာ ကုန်အောင် စားနိုင်ခဲ့တယ်။ အရိုက်လည်း မခံရဘူး။
မှတ်မှတ်ရရ ရင်ခုန် (ကြိမ်လုံးစာကြောက်လို့)၊ စိတ်မော၊ ပျော်ရွှင်ခဲ့ရတဲ့အဖြစ်လေးတစ်ခုပေါ့။
သူငယ်ချင်းတွေလည်း ပြုံးပျော်နိုင်ကြပါစေ .......
Posted by ကြယ်ပြာ at 9:47 PM 4 comments
Labels: အမှတ်တရများ
"ငယ်ဘ၀ အတွေ့အကြုံများ (၁)"
ဘာရယ်မဟုတ် ... သူများတွေကျောင်းသားဘ၀အကြောင်းရေးတာမြင်ရင်း ကိုယ့်ငယ်ဘ၀လေးက အမှတ်တရလေးတွေ ပြန်သတိရမိတယ်။
သူငယ်တန်း
=======
- ပထမဆုံး သူငယ်တန်းတက်တဲ့နေ့က ကိုယ့်ကိုလည်းမြင်ရော အခန်းထဲက ကျောင်းသားလေးတစ်ယောက်က ပြေးလာပြီး ကိုယ့်ကို အတင်းဖက်ပြီး ပါးကိုနမ်းတာ မမေ့ဘူး။
သူနမ်းတဲ့ အကြောင်း ကိုယ်က အိမ်မှာ ပြန်ပြောပြမိတော့ တမိသားစုလုံး ၀ိုင်းဟားလို့ အော်ကြီး ဟစ်ကျယ် ငိုရတာလည်း မမေ့ဘူး။
- အမေက ပြောတယ်ကျောင်းလွှတ်ချိန်ဆို ကလေးတွေ အများကြီးကြားမှာ ကိုယ့်ကလေးကိုယ်ရှာရတာ မူးတောင် မူးတယ်တဲ့။ ဒါပေမယ့် ငါ့သမီးကတော့ ဒီလိုမဟုတ်ဘူးဆိုပဲ။ အမေကျောင်းလာကြိုတော့ ပါးစပ်ကြီး တခုလုံး ရဲပဒေါင်းခတ်ပြီး သူငယ်ချင်းတွေ ကြားထဲ ပြူးပြဲနေတဲ့ သူ့သမီးကို အမေက တန်းကိုမြင်တာ။ အမေက ပါးစပ်ကြီးနီရဲနေတော့ လန့်သွားရှာတာပေါ့။ တကယ်က ဘေးနာက ကုလားမလေးက သူ့အိမ်က ဒါန်းသီးကိုယူလာပြီး အဲ့ဒါနဲ့ နှုတ်ခမ်းနီဆိုးလို့ရတယ်ဆိုပြောပြီး စာရေးခုံမှာ သွေးပေးတယ် ကိုယ်ကလည်း အဲ့ဒါတွေ ကောက်ကောက်ပြီး နှုတ်ခမ်းကို ဆိုးပစ်တာ....
ခု ပြန်တွေး ခုရယ်ချင်တယ် လှချက်ရက် စက်စက်ယိုပဲ
ပထမတန်း
======
ဒီတစ်ခါတော့ ကျမက ဆရာမစကားကို သိပ်နားထောင်တဲ့ ကလေးလေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတာကို ပြောပြချင်တာပါ။
မူလတန်းကလေးတွေဟာ အားရင် အပေါ့သွားဖို့ပဲ အမြဲ ခွင့်တိုင်လေ့ရှိတယ်။ ကျမကလည်း အဲ့ဒီအမျိုးအစားထဲမှာပါတယ်။ အဆော့ကလဲ အင်မတန်မက်တယ်။
တနေ့ပေါ့ ... ကျမ အရင်လို အပြင်ထွက်ချင်လို့ အပေါ့သွားမယ် ခွင့်တိုင်တာမျိုးမဟုတ်ပဲ တကယ်ကို အပေါ့သွားချင်နေခဲ့တာ။
အဲ့ဒီအချိန်မှာ ၀င်နေတဲ့ ဆရာမက မျက်နှာတည်လွန်းတော့ ကလေးတွေက ကြောက်ကြတယ်။ (စကားချပ်။ ။ တကယ်က ဆရာမသိပ်သဘောကောင်းတာ နောင်မှသိလာတယ်။)
ကျမလဲ ဆရာမကိုသိပ်ကြောက်ပေမယ့် အပေါ့ကအရမ်းကို သွားချင်နေပြီဆိုတော့ ကြောက်ကြောက်နဲ့ပဲ လက်လေးပိုက် လက်ညှိုးလေး နှုတ်ခမ်းနားကပ်ပြီး
"ဆရာမ သမီးအပေါ့သွားချင်လို့ပါ" ဆိုလိုက်တော့ ဖျက်ကနဲ ကြည့်လိုက်တဲ့ဆရာမ မျက်လုံးကိုလန့်လိုက်တာ ဆိုတာ တအားပဲ။
ဆရာမက "နင်တို့တွေ အားနေ အပေါ့သွားမယ်ချည်းပဲ။ မသွားနဲ့ " တဲ့ ....
ကျမလည်း "ဆရာမ သမီး တကယ်အပေါ့သွားချင်လို့ပါ" လို့ အရဲစွန့် ပြောရပြန်ရော။ ကိုယ့်အကြောင်းကိုယ်သာသိလေ။ ထွက်က ထွက်ကျတော့မယ်။
ဆရာမက "မအောင့်နိုင်ရင် အတန်းထဲ ပေါက်ချလိုက်" တဲ့ ......
ကျမကလေးဥာဏ်လေးနဲ့ စဉ်းစားတယ်။ ကျမအတန်းထဲမှာ ပေါက်ချရင် ဘောင်းဘီတွေစို၊ သေးနံ့တွေနံရင် ရှက်ရကောင်းမှန်း ကျမသိတယ်။
ဒါပေမယ့် အောင့်ကလည်းမအောင့်နိုင် ဆရာမက ရွဲ့ပြောတာကို ခွင့်ပြုတယ်လို့ စိတ်ထဲယူဆပစ်လိုက်တယ်။
ကျမဘေးမှာ ထိုင်တာက အရပ်ရှည်ရှည်နဲ့ ကုလားမလေးတစ်ယောက်။ ကျမက သူ့ကို ပြောလိုက်တယ်။
"ဟဲ့ ဆရာမက ပေါက်ချင်အတန်းထဲပေါက်လို့ ပြောတယ်။ ငါ ခုံအောက်ဝင်ပေါက်မလို့ ကွယ်ပေး" လို့ ပြောတော့ သူက ကွယ်ပေးတယ်။
ကျမလည်း ခုံအောက်ဝင်ပြီး ပေါက်ပစ်လိုက်တာပေါ့။ သေးတွေက သံမံတလင်းမှာ ကျမနေရာကနေ ဘေးကို စီးကြောင်းနဲ့ စီးလို့ .... ကိုယ်က ခပ်တည်တည်ပဲ စာလုပ်နေလိုက်တယ်။
အတန်းချိန်ကုန်ခါနီးတော့ ဆရာမက ကလေးတွေစာအုပ်ကို ပတ်ကြည့်တာပေါ့ ။ ကိုယ့်ဘေးလည်းရောက်ရော သေးစီးကြောင်းကိုတွေ့ရောဆိုပါတော့ ။ ဆရာမက ဟဲ့ ဘာတွေတုန်းဆိုတော့
ကလေးပိစိကျမက လိမ်တတ်တယ်ဗျ။
"ရေဗူးဖိတ်တာ ဆရာမ" တဲ့ ဖြေလိုက်တယ်။
အဲ့မှာ ဘေးက ကုလားမလေးက
"မဟုတ်ဘူးဆရာမ မို့မို့အိအောင် ခုံအောက်ဝင်ပြီး သေးပေါက်တာ" လို့ အကျယ်ကြီးအော်ပြောတယ်။
အဲ့မှာ မို့အိတို့ ဂွမ်းပါလေရောလား။
"ဆရာမက အထဲမှာ ပေါက်ချင်ပေါက် ပြောလို့ သမီးပေါက်မိတာပါ" လို့ ငိုယိုပြီးပြောလာတဲ့ ကျမကို ကြည့်ရင်း သိပ်အရိုက်သန်တဲ့ ဆရာမမှာ ငိုအားထက်ရယ်အားသန်ခဲ့ရတယ်။
မှတ်မှတ်ရရ တစ်တန်းတုန်းကပေါ့ ။။။။။။
Posted by ကြယ်ပြာ at 9:06 PM 1 comments
Labels: အမှတ်တရများ
Sunday, March 25, 2012
သင်္ကြန်အလွမ်း

မြန်မာ့ (၁၂)လရာသီပွဲတော်တွေထဲမှာ သင်္ကြန်ပွဲတော်သည်လဲ ကျမ အနှစ်သက်ဆုံးပွဲတော်တစ်ခုပါ။ ကျမ ငယ်စဉ် ကလေးဘ၀ကတည်းက သင်္ကြန်ကိုစွဲလမ်းရင်ခုန်ခဲ့တာ ခုအချိန်ထိပဲဆိုပါတော့။ အကြောင်းကြောင်းတွေ သင်္ကြန်ပွဲတွေမှာ ပါဝင်မဆင်နွှဲဖြစ်သည့်တိုင်အောင် ပျော်ရွှင်သူများကိုကြည့်လို့ ကျမလဲ ကြည်နူးဖြစ်ခဲ့သည်ချည်းပါ …. သင်္ကြန်နီးလို့ ထီလှည်းတွေကဖွင့်တဲ့ သင်္ကြန်သီချင်းသံတွေကြားမှာ ရင်ခုန်ပျော်ရွှင်ရင်း နှစ်တွေအများကြီး ကျော်ဖြတ်နေကျပါ …..
ဟော … ခုလဲ ကျမချစ်တဲ့သင်္ကြန်ပွဲကြီးနီးကပ်လာပြန်ပြီ …. သင်္ကြန်သီချင်းသံလေး တစွန်းတစကြားနိုင်ဖို့အတွက် You Tube ဒါမှမဟုတ် မြန်မာဗွီဒီယိုဝဘ်ဆိုဒ်လေးတွေထဲပြေးလို့ သင်္ကြန်သီချင်းသံလေး၊ သင်္ကြန်အငွေ့အသက်လေးခံစားရတာကိုက ရင်ခုန်စရာပါ ….
ကျမ မူလတန်းအရွယ်တုန်းကဆိုရင် ကျမတို့နေတဲ့ အလုံလမ်းမကြီးက သိပ်မစည်ကားလှပါဘူး။ မစည်ကားဘူးဆိုတာကို သင်္ကြန်ကား အဖြတ်အသန်းနည်းခြင်းနဲ့ ကျမတို့တွေက တိုင်းတာလေ့ရှိကြပါတယ်။ သင်္ကြန်ကားတွေက အောက်ကြည့်မြင်တိုင် လမ်းမကြီးပေါ်ကနေပြီး ရွှေတိဂုံဘုရားဘက် ထောင်တက်သွားလေ့ရှိတော့ ကျမတို့ကလေးတွေမှာ သင်္ကြန်ကားကို ပက်ရတယ်ကိုမရှိသလောက်ပါ။ အဲ့ဒီအရွယ်တုန်းက အမေက လမ်းထိပ်ကို ပေးမထွက်ခဲ့ပါဘူး။ ရေဇလားကြီးထဲကို ပိုက်နဲ့ရေဖြည့်လို့ ရေခွက်လေးပိုက်လို့ ရေပက်ရမယ့်သူကို စောင့်မျှော်နေရင်း နေကပူလာ၊ အချင်းချင်းပက်ထားလို့ စိုနေတဲ့ အ၀တ်ကလဲ သွေ့ရာကနေ ပူလာတော့ နောက်ဆုံး ကိုယ့်ကိုကိုယ် လောင်းချချင်လောင်းချ ဒါမှမဟုတ် အချင်းချင်း ပက်ရင်းနဲ့ပဲ နေ့လည်ကို နားလိုက်ရတာများခဲ့ပါတယ်။ ညနေဆိုရင် နေမြန်မြန်ကျဖို့ အမြန်ဆုတောင်းရတာ ကျမရဲ့ သင်္ကြန်တွင်းအလုပ်ပိုတခုပါ။ အမေက နေပြင်းသေးရင် ရေဆင်းမပက်ခိုင်းပါဘူး။
အလယ်တန်းအရွယ်လဲရောက်ရော အိမ်ရှေ့လမ်းမကြီးက အနည်းငယ် စည်ကားစပြုလာပါတယ်။ ဒါပေမယ့်လဲ ကိုယ်က ရေပူဖေါင်းနဲ့ ကားတွေကို ပစ်ပေါက်ချင်တော့ လမ်းထိပ်ထွက်ပက်ချင်ပါတယ်။ ထုံးစံအတိုင်း အမေကတော့ အန္တရာယ်များလို့ဆိုပြီး ပေးမသွားခဲ့ပြန်ပါဘူး။ ကျမမှာ တညလုံး ရေပူဖေါင်းတွေကို ရေပုံးနဲ့ တပုံးကြီးအပြည့် ထိုင်လုပ်ထားပြီး မသွားရဆိုတဲ့ တချက်လွှတ်အမိန့်အောက်မှာ မျက်ရည်တပေါက်ပေါက်ကျရင်း ကတ္တရာလမ်းမကြီးကိုပဲ မဲပြီး ပူဖေါင်းတွေနဲ့ပစ်ပစ်ပေါက်ခဲ့ဖူးတယ်။
အဲ့ဒီအလယ်တန်းအရွယ်မှာပဲ သင်္ကြန်ရောက်တိုင်း အလုပ်နောက်တခုပိုလာတာက ဘီယာဘူးခွံကို ဖင်ပြတ်အောင် သံမံတလင်းနဲ့တိုက်ပြီး ခွက်စောင်းခုတ်လေ့ကျင့်ခြင်းပါ။ အမေမသိအောင်ဆိုပြီး ရေချိုးခန်းထဲမှာ သင်္ကြန်မတိုင်ခင် (၂)လလောက်အလိုကတည်းက ရေချိုးတိုင်း ခွက်စောင်းခုတ်ကျင့်ပါတယ်။ သူများအသားနာဖို့အတွက် တပင်တပန်းနဲ့ ကျိုးစားခဲ့ခြင်းပါ။ ခွက်စောင်းခုတ်ကျင့်ခြင်းရဲ့နောက်ထပ် ရည်ရွယ်ချက်တခုရှိပါသေးတယ်။ အဲ့ဒါက မှန်အလုံပိတ်ထားတဲ့ ကားတွေကို မုန်းတီးခြင်းပါ …. အဲ့လိုကားတွေလာပြီးဆိုရင် အယောက်(၂၀)လောက်ရှိတဲ့ ကလေးတစ်သိုက်က ကားနောက်ဘော်ဒီကို ခွက်စောင်းဝိုင်းခုတ်ကြပါတယ်။ လူမပက်ရတော့ ကားကို ခွက်စောင်းခုတ်တယ်ကွာလို့ ပြောပြောပြီး ခပ်ဆိုးဆိုးနည်းနဲ့ရေပက်ခဲ့ဖူးပါတယ် …. ကိုယ်ခွက်စောင်းခုတ်လို့ မနာဘူးပြောရင် ကိုယ့်ကိုအသုံးမကျဘူးလို့ဆိုလိုက်သလို တလွဲဆံပင်ကောင်းခဲ့ပါသေးတယ်။ ဒီလိုနဲ့ လက်စောင်းထက်တဲ့ ခွက်စောင်းသမား ကြယ်ပြာ ဖြစ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ကိုယ်တိုင်ခွက်စောင်းခုတ်ခြင်းခံလိုက်ရတော့မှ မသက်မသာ ကျောတခြမ်းအောင့်သွားပြီး ခွက်စောင်းခုတ်ခြင်းမှ သူ့အလိုလိုရပ်တန့်ခဲ့ပါတယ်။ ကိုယ့်ကိုထိတော့မှ နာတတ်တဲ့ လူ့သဘာဝလေးကို သတိပြုမိလိုက်ပါတယ်။
ကျမ ၇တန်းနှစ်လောက်တုန်းက ကျမအစ်မ၀မ်းကွဲ မိသားစုနဲ့ မြို့ထဲက အသိအိမ်တစ်အိမ်မှာ ရှိနေခဲ့တယ်။ အဲ့ဒီအိမ်ကနေ လမ်းမပေါ်ကို မြင်ရတယ်။ လမ်းထိပ်မှာက မွေးမြူရေးနဲ့ရေလုပ်ငန်းက မန်းဒတ်အကြီးကြီးတစ်ခုထိုးထားတယ်။ ဖျော်ဖြေမှုတွေပါတော့ လူတွေ စည်လိုက်တာမှအရမ်းပါပဲ … ကြည့်နေတုန်း လူတွေအလွန်များတဲ့ ဟိုင်းလတ်အမိုးဖွင့်ကားတစ်စီး ရေပက်စင်မြင့်ရှေ့မှာရပ်လိုက်ပါတယ်။ သူတို့တွေမူးနေကြပုံပါ … ကားကိုမကိုင်ထားပဲ ကကြပါတယ် ….. အဲ့ဒီမှာ ကားကရုတ်ရက်ဆောင့်ထွက်လိုက်တော့ မကိုင်ထားတဲ့သူတွေအကုန်နောက်ယိုင်ကုန်ပါပြီး ကားနောက်ဆုံးက မတ်တပ်ရပ်နေတဲ့လူတွေရဲ့ခေါင်းတွေက ကတ္တရာလမ်းမပေါ် ဒရွတ်တိုက်နဲ့ ခပ်လှမ်းလှမ်းထိပါသွားကြတယ် …. သွေးတွေမြင်မကောင်းဘူး … ကျမ သူငယ်ချင်းများ အန္တရာယ်ကင်းသောပျော်ရွှင်မှုမျိုးနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။
အထက်တန်းအရွယ်လဲရောက်ရော ညင်ညင်သာသာနည်းနဲ့ပဲ ရေပက်ချင်တော့တယ်။ ကိုယ်ပက်ချင်တဲ့သူကို ရေအများကြီးစိုသွားအောင် ခွက်အကြီးကြီးနဲ့ သေချာ ကျကျ နန ပက်ချင်တော့တာပါပဲ …. ဒါပေမယ့် ညစ်ကျယ်ကျယ်စိတ်လေးကလဲ မပျောက်သေးတော့ ညနေ(၆)နာရီကျော်မပက်ရဆိုတာကို ပက်မိလို့ အဆဲခံရဖူးသေးတယ် ….
အဖြစ်ကဒီလို ကိုယ်က ကန်ထရိုက်တိုက်(၅)လွှာမှာနေတာလေ။ ၀ရန်တာကို ပုဆိုးအပြည့်ကာပြီး မီးပါပိတ်ထားတယ်။ ရေခဲရေကို ပုံးအပြည့်နဲ့ ဘယ်သူ့ကိုပက်ရမယ်ဆိုတာ ကြွက်ချောင်းချောင်းနေတုန်း စုံတွဲတစ်တွဲ ခပ်ဖြေးဖြေးလမ်းလျှောက်လာကြတယ်… အမျိုးသားက အသက်နည်းနည်းကြီးပုံရတယ် … ထိပ်ကလဲ ပြောင်နေတယ် … အမျိုးသမီးက တော့ နည်းနည်းကြည့်ကောင်းတယ် … အသက်သိပ်မကြီးသေးဘူး …. သူတို့ ကြည်နူးနေတာကြည့်ရင်း ကျမစိတ်ထဲ စချင်လာတယ် … ခုအချိန်မှာ ကျမသာရေပက်ချလိုက်ရင် သူတို့လန့်သွားမှာပဲဆိုတဲ့အတွေးနဲ့ သူများဒုက္ခရောက်မှာကို ဟာသလုပ်ချင်တဲ့ ကြယ်ပြာတစ်ယောက် ၀ရန်တာကနေ ရေကို ပက်ချလိုက်ပြီး ထိုင်ချပြီးပုန်းနေလိုက်တယ် … ပြီးတော့ ပုဆိုးကြားကနေချောင်းကြည့်တာပေါ့ … ရေခဲရေက ပြောင်နေတဲ့ ငယ်ထိပ်ပေါ်ကျတော့ လန့်သွားတယ်ထင်ပါရဲ့ … စူးကနဲလည်းဖြစ်သွားမယ်ထင်ပါရဲ့ ဆက်ကနဲ ခုန်လိုက်သလိုဖြစ်သွားတယ် …. ကျမပါးစပ်ပိတ်ပြီး တခွိခွိဖြစ်နေတုန်း တိုက်တွေပေါ် လှည့်ပတ်ကြည့်ပြီး အော်ဆဲတော့တာကိုး …. သူကဆဲလေ ကျမကရယ်လေနဲ့ … ကျမအတော်ပျော်ရွှင်ခဲ့ဖူးတယ် … တကယ်က သူများဒုက္ခရောက်တာကို ရယ်ချင်ခဲ့တဲ့ မကောင်းတဲ့စိတ်ကလေးကို မရှက်တတ်ခဲ့တာပါ …..
ကျမကိုးတန်းနှစ်မှာ အိမ်ကရေပက်ခံထွက်ဖို့ လိုက်ပို့ပေးတယ်။ အချစ်ဆုံးသူငယ်ချင်းလေးယောက်ရယ် ကြီးတော် မောင်ဘွားတွေရယ်နဲ့သွားရတော့ လုံခြုံမှုရှိတယ်လေ။ ဒီအခါမှာ သင်္ကြန်ရဲ့ရသလေးတွေကို ပျက်အောင် ဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေကို တွေ့ရတယ်။ မှတ်မိနေတဲ့ အဖြစ်အပျက်လေးတွေထဲက တခုက နှမသားချင်းမစာနာတဲ့ ယောက်ျားတစ်ယောက်အကြောင်းပါ။ ကျမတို့ကားက ကမ္ဘာအေးဘုရားလမ်းပေါ်မှာ လမ်းပိတ်မိနေတဲ့အချိန် ကျမလဲ ဟိုကြည့် ဒီကြည့်နဲ့ပေါ့ … အဲ့ဒီမှာ အပျိုရွယ် ကောင်မလေးတစ်ယောက် စတီးချိုင့်လေးတစ်လုံးကိုင်ပြီး လူတွေနဲ့ တတ်နိုင်သမျှ အနားမကပ်အောင် သွက်သွက် လျှောက်လာနေတယ်။ သူ့ဝတ်ပုံစားပုံနဲ့ ခပ်ကုပ်ကုပ်အမူအရာလေးအရ အိမ်အကူ ကောင်မလေးလို့ ကျမထင်ပါတယ်။ သူလျှောက်လာတုန်းမှာ သင်္ကြန်ကားတစ်စင်းပေါ်က မူးနေတဲ့ ယောက်ျားလေးတစ်ယောက်က နောက်ကနေ တစ်လှမ်းခြင်းလိုက်လျှောက်ပြီး ကောင်မလေးတင်ပါးကို လက်နဲ့လိုက်ပုတ်ပါတယ်။ ကောင်မလေး က အရှိန်မြှင့်ပြီး ခပ်သွက်သွက်လျှောက်ပါတယ်။ သူက ခပ်သွက်သွက်လိုက်ပုတ်ပါတယ်။ သူကတော့ သူလုပ်ရဲတယ် သူ့ကိုယ်သူ ဟီးရိုးဆိုတဲ့ မျက်နှာပေးနဲ့ပါ။ ကျမတော်တော်လေးကို ရွံရှာမိပါတယ်။ ကျမ မောင်လေးတွေ၊ အစ်ကိုတွေ၊ သူငယ်ချင်းတွေ ကိုယ်ချင်းစာစိတ်၊ နှမသားချင်းစာနာစိတ်လေးတွေရှိပါစေလို့ ကျမ ဆုတောင်းမိပါတယ်။
နောက်တစ်ခုက အင်းယားလမ်းထဲမှာပါ ... အင်းယားလမ်းထဲက ကောင်မလေးတွေ ဟော့လို့၊ ချောကြလို့ လမ်းဘယ်လောက်ပိတ်ကြသလဲဆိုတာ ရန်ကုန်သင်္ကြန်ဆင်နွှဲဖုးသူတိုင်းသိကြပါတယ်။ အိမ်တစ်အိမ်ရှေ့မှာ မန်းဒတ်ထိုးထားတယ် ….. မန်းဒတ်ပေါ်ကနေ ကားဆင်ဝင်ရဲ့အမိုးကို လှေကားလေးထောင်ထားတယ် … ဆင်ဝင်အမိုးပေါ်မှာ ကက်ဆက် တစ်လုံးက သီချင်းအမြူးစားတွေဖွင့်လို့ပေါ့ ….. မိန်းကလေး လှလှလေးတစ်ယောက် … စကပ်နီရဲရဲ တိုတို ကားကားလေးကိုဝတ်ထားတယ် …. တိုတာမှ ပေါင်ရင်းကို ရောက်ခါနီးလောက်တိုပါတယ် …. သူက လှေကားပေါ်ကို တက်ပြီး မမှီမကမ်းနဲ့ ကိုယ်ကိုအသာညွှတ်ပြီးကက်ဆက်ခွေပြောင်းထည့်ပါတယ် ….. ခါးလေးနည်းနည်းညွှတ်ရပြီဆိုမှတော့ သူ့ပုံစံဘယ်လိုဖြစ်နေမလဲဆိုတာ မြင်ကြည့်လို့ရပါတယ် … အောက်က ကိုကိုကာလသားတွေမြူးကုန်တာပေါ့ …. အော်ကြ ဟစ်ကြပေါ့ …. ကျမစိတ်မကောင်းဖြစ်ရပါတယ် … ကောင်မလေးရယ် ရုပ်ကလေးကချောချောလေးနဲ့ကိုယ့်အရှက် ကိုယ့်သိက္ခာမှ မငဲ့ညှာလေခြင်းရယ်လို့ပါ … ကျမ ညီမလေးတွေ မလိုအပ်သော ဖော်ပြခြင်းများ မလုပ်မိကြပါစေနဲ့လို့ ဆုတောင်းမိပါတယ် ….
ကျမ ဆယ်တန်းအောင်ပြီး နောက်ပိုင်းကစလို့ သင်္ကြန်ဆိုရင် ကျမ မလည်ဖြစ်တော့ပါဘူး …. ရေလည်းမပက်ဖြစ်တော့ပါဘူး …. သူတို့ကို ၀ရန်တာကထိုင်ကြည့်ရင်းပဲ သင်္ကြန်တွေကို ဖြတ်သန်းခဲ့တာများပါတယ် ….
ဒီ့နောက်ပိုင်း အလုပ်ဝင်တဲ့ နှစ်တွေကျတော့ ကျမအတွက် သင်္ကြန်အဆန်းတစ်ခုကို ရင်ခုန်ရပြန်ရော … အွန်လိုင်းသင်္ကြန်တဲ့ …. ဂျီတော့ခ်ထဲကနေ … ဖိုရမ်ထဲကနေ … ကိုယ်မမြင်ဖူးတဲ့သူတွေ … ကိုယ်ခင်မင်နှစ်လိုတဲ့သူတွေကို … ဦးဦးဖျားဖျား သင်္ကြန်ရေပက်ရင်း အွန်လိုင်းသင်္ကြန်ကို ပျော်ရွှင်ခဲ့ဖူးတယ် ….
ဒီနှစ်လဲ ကျမခင်မင်သော ချစ်သော ဘလော့ဂါသူငယ်ချင်းများကို ရေပက်ဖို့အချိန်ကိုစောင့်မျှော်ရင်း …..
~~~ မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစ တန်းခူးနွေမှာ … တစ်ယောက်တစ်လက်မို့လှမ်းကာ ဖြန်းပက်ကြစဉ် … ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ … ခေါင်းလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ….ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ … ငိုနေရှာတယ်ပန်းပိတောက်ဖူးတွေရယ် … ရာသီအချိန်မှီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို ပန်ဆင်ပါရင် လှသထက်တင့်မှာမို့ … မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ မြူးကြွတဲ့သင်္ကြန်ခါ … လန်းဆန်းတဲ့ မိုးရယ် မိုးပြေးလေးရယ် ပိတောက်ပန်းပွင့်ရုံ စိုရုံဖြန်းပက်ဦး … ~~~~
Posted by ကြယ်ပြာ at 8:43 AM 12 comments
Labels: အမှတ်တရများ
Tuesday, May 19, 2009
ကြယ်ပြာရဲ့အလွဲ
လွန်ခဲ့သော နှစ်ရဲ့နေ့လေးတစ်နေ့ကပေါ့ကွယ် ….. ပုံပြောမလို့မဟုတ်ဘူးနော် ….
တကယ့်ဖြစ်ရပ်မှန်ပြောပြမလို့ …. ဖတ်ပြီးတော့ မရယ်ကြနဲ့ဦး ….
ဆက်ရမယ်ဆိုရင် …. အဲ့ဒီနေ့လေးတစ်နေ့ကပေါ့ … ကြယ်ပြာတစ်ယောက် သူငယ်ချင်းအစ်ကိုကြီးတစ်ယောက်နဲ့ ရထားစီးဖို့အလာမှာ ဘူတာကို ဆင်းတဲ့ စက်လှေကားအရှည်ကြီးတစ်စင်းကနေ ဆင်းလာရောဆိုပါတော့ … ဘူတာနာမည်တော့ မမှတ်မိတော့ဘူးရယ် … ကြယ်ပြာက ဘိနပ်ပါးပါးလေးစီးထားတယ် … ပါးပါးလေးမှ တကယ့်ပါးပါးလေး ….
စက်လှေကားအဆုံးမှာ စက်လှေကားပျက်ရင် ဖွင့်ပြင်ရတဲ့ အံဖုံးလေးတွေရှိတယ်လေ …. အဲ့ဒီအံဖုံးလေးတွေမှာ အဖုံးဖွင့်ဖို့ထားတဲ့ အပေါက်ရှည်မျောမျော သေးသေးလေးတွေနှစ်ခုတောင်ရှိတယ် …. အဲ့ပေါ်ရောက်လဲရောက်ရော ဘယ်ကနေ ဘယ်လို အဲ့အပေါက်လေးထဲကို ဘိနပ်ထိပ်ဦးက ၀င်သွားလဲမသိပါဘူး … ခြေထောက်ကို ဆောင့်ဆွဲလိုက်သလို တုံ့ကနဲဖြစ်သွားပြီး … ဘိုင်းကနဲပစ်လဲပါလေရော …. “အား ……. ” လို့တောင် မအော်နိုင်ဘူး … အွတ်ခနဲတော့မြည်သွားသလိုလိုပဲ … တော်တော်ရင်နာသွားတယ် … မှောက်လျက်ကြီးလဲလို့လေ …. ဟီး ဟီး … အနားကလူတွေကတော့ အုန်းကနဲ အသံကြီးကြားတော့ လန့်ဖြတ်ပြီး လှည့်ကြည့်ကြတာပေါ့ … ကိုယ်ကတော့ ရှက်တာရော ချက်ခြင်းမထနိုင်တာရောပေါင်းပြီး ကြမ်းပြင်မှာ မှောက်လျက်ကြီး ခဏမှိန်းနေပစ်လိုက်တယ် …. အိပ်လို့တော့ အကောင်းသား … :P
ဘေးက အစ်ကိုကြီးကတော့ ကိုယ်လဲတဲ့ပုံရော ပေပြီးမှောက်လျက်ကြီးကမထတာကိုရော ကြည့်ပြီး ထရမလို ထူရမလို ထိုင်ရမလိုနဲ့ နောက်ဆုံးတော့ တဟားဟား နဲ့ရယ်ပါလေရောလေ …. မထူနေပေါ့ ကိုယ်ဘာသာကိုယ်ထမယ်ဆိုပြီး ထတော့ ဒူကကွေးမရဘူးနာနေတာနဲ့ … ဟီး အဲ့တိုင်းထလိုက်တာ မသိရင် အမ်အာတီလာပြီး ဒိုက်ထိုးနေတယ်တောင် ထင်ကြဦးမယ် …. ဘယ်သူတွေများမြင်သွားမလဲဆိုပြီး နောက်လှည့်ကြည့်တော့ … လှေကားပေါ်မှာ ကုလားအုပ် …. ၁၀ ယောက်လောက်ရှိမယ် … အိုး … ရှက်လိုက်တာ ဆိုပြီးရှေ့တည့်တည့်ကို ကြည့်လိုက်တော့ ပိုဆိုးသွားတယ် .. စစ်ကျူရတီကင်မရာကြီးက ကိုယ့်တည့်တည့်ချိန်ရက်သားကြီး ….. ဒီလိုမှန်းသိ လဲလဲခြင်းချက်ခြင်းထပါတယ် …. ခုတော့ မှတ်တမ်းတောင်ဝင်သွားသေးတယ် …
Posted by ကြယ်ပြာ at 8:10 AM 13 comments
Labels: အမှတ်တရများ
Thursday, May 14, 2009
ကားပေါ်ကဟာသများ(၂)
တစ်နေ့မှာ ကျွန်မရယ်၊ ကျွန်မသူငယ်ချင်းရယ် အလုပ်ကပြန်တော့ အသိတစ်ယောက်အိမ်ကိုသွားကြတယ် … အဲ့ဒီကပြန်တော့ ဆင်မလိုက်အဝေးပြေးကားဂိတ်ထဲကနေ (၃၄) ဒိုင်နာကားစီးပြီးပြန်ရင် ကျွန်မအိမ်နားကမှတ်တိုင်ကိုရောက်တယ်လေ… ပြီးတော့ ဂိတ်စဆိုတော့ ထိုင်စရာကလဲရတယ် …. ကိုယ်တွေကလဲ ထမင်းဂျိုင့်ကတစ်ဘက်ဆိုတော့ ထိုင်ရမှ အဆင်ပြေမှာ .. မဟုတ်ရင် ဒိုင်နာကားကသိတဲ့အတိုင်းပဲ မြန်ကမြန်နဲ့ ဆန်ကောထဲကဇီးဖြူသီးဖြစ်မှာလေ …စပါယ်ယာကတော့ “ဟိုရောက်မယ် … ဒီရောက်မယ်” အော်ပြီး လာသမျှလူတွေကို အတင်းတွန်းထိုးတင်နေတာပဲ … ကျွန်မလဲ တက်ရော ကားလဲမထွက်သေးပဲနဲ့ စပါယ်ယာက နောက်ကကပ်လိုက်လာတယ်လေ … ဘယ်သူတက်တက်မလိုက်လာပဲနဲ့ ကိုယ်တက်မှလိုက်လာတော့ “ငါ့ကိုများ …. ကားခမပေးပဲ အလကားစီးမယ့်သူကျနေတာပဲ ” ဆိုပြီးတော့ ရှက်လဲရှက်၊ စိတ်လည်းနည်းနည်းတိုသွားတာပေါ့ … ဒါပေမယ့် ထုံးစံအတိုင်းလှည့်မကြည့်ပါဘူး … ကျွန်မလှည့်မကြည့်ရင် သူပြန်ဆင်းသွားမယ်ထင်တာပေါ့ … သုံး လေး ငါး လှမ်းလောက်လှမ်းတဲ့ထိ ပြန်မဆင်းတော့ ကျွန်မကလဲ ဘာလဲလို့ မေးမလို့ ရုတ်တရက်ပြန်လှည့်လိုက်တာပေါ့ … အဲ့ဒီတော့ မှ အဖြစ်မှန်ကိုသိတယ် …
ကျွန်မကိုင်တဲ့ စတီးနှစ်ဆင့်ဂျိုင့်ရဲ့ ဂိုင်းက နည်းနည်း အပြင်ကိုကားနေတယ်လေ … အဲ့ဒီ ဂိုင်းက ကျွန်မကားပေါ်စတက်ကတည်းက စပါယ်ယာရဲ့ခပ်တိုတိုပုဆိုး အောက်နားစကို ချိတ်ပြီးသယ်လာမိတာကိုး …. ဟီး …. ကိုယ်ရွှေစပါယ်ယာကလဲ အဲ့ဒါကိုမပြောပဲ သူ့ပုဆိုးလေးကို တင်းတင်းဆုပ်ကိုင်ပြီး ဒီအတိုင်းလိုက်လာတယ်လေ …. တော်သေးတာပေါ့ ဂျိုင့်ကိုတအားမဆွဲလိုက်မိလို့ … ဆွဲများဆွဲလိုက်လို့ကတော့ မြင်မကောင်း ရှုမကောင်းတွေဖြစ်တော့မယ် …. ဘာလို့မပြောလဲဆိုတော့ အားနာလို့တဲ့ … ဟား ဟား ဟား
Posted by ကြယ်ပြာ at 8:51 AM 13 comments
Labels: အမှတ်တရများ
Wednesday, May 13, 2009
ကားပေါ်ကဟာသများ(၁)
ကျွန်မတို့ရန်ကုန်မှာ လူချမ်းသာတွေကလွဲရင် ကျန်လူတန်းစားတွေက လိုင်းကားကို အဓိကထားကြရတာလူတိုင်းအသိပါ … ဆိုတော့ မိန်းခလေးတွေအတွက် လိုင်းကားစီးရတာ အန္တရာယ်များပါတယ် … ကားပေါ်မှာ အသားယူလိုတဲ့ သကောင့်သားတွေကလဲ အများသားမဟုတ်လား(မြင်ဖူးသလောက်ကတော့ သက်ကြီးပိုင်းတွေများပါတယ်) … တချို့ကလဲ မသိမသာ၊ တချို့ကလဲ သိသိသာသာမို့ ကိုယ့်ဘာသာအဆင်ပြေသလိုလေးကြည့်ရှောင်ကြရပါတယ် … ကျွန်မလဲ လူချမ်းသာတစ်ယောက်မဟုတ်ရလေတော့ လိုင်းကားပဲတိုးစီးရတာပေါ့ရှင် ....
တစ်နေ့မှာ ကျွန်မက (၃၄)ဒတ်ဆန်းကားအပုလေးကိုစီးပြီး မြို့ထဲသွားပါတယ် … အဲ့ဒီကားသေးသေးလေးတွေက တစ်ဘက်ကို လူ(၆)ယောက်ထိုင်စေပါတယ် … မထိုင်ရင် စပါယ်ယာတွေ အပေါက်ဆိုးသံကို နားမခံသာအောင်ကြားရလေ့ရှိတယ် … လူ(၆)ယောက်ဆိုတော့ သိတဲ့အတိုင်း တစ်ယောက်က အပြင်နည်းနည်းထွက်နေတယ် … ပြီးတော့ အလယ်ကခုံတွေလဲ ရှိသေးတော့်ထွက်နေတဲ့သူက ဘယ်လိုမှထိုင်ရအဆင်မပြေဘူးပေါ့ … အရပ်ရှည်ရင် သာဆိုးသေး … ကျွန်မကတော့ ကားခေါင်းနဲ့ကပ်လျက် ထိပ်ဆုံးမှာ လွယ်အိတ်လေးပေါင်ပေါ်တင်ပြီး ခပ်ကုပ်ကုပ်လေးထိုင်နေတာပေါ့ … ကျွန်မဘေးမှာ အစ်ကိုကြီးတစ်ယောက်ထိုင်တယ် … သူက ဘေးမှာ မိန်းခလေးရှိတော့ အားနာတယ်ထင်ပါရဲ့ ထိုင်တာ ကျံုံ့ကျုံလေးရယ် ဆိုပြီး ကျွန်မက စိတ်ထဲက ချီးကျူးနေတာ … နောက် ကားလဲစထွက်ရော သူက တတွန့်တွန့်ဖြစ်လာရော …. ကားလှုပ်လေ တွန့်လေဆိုတော့ ဒီလူဘာဖြစ်နေလဲဆိုပြီး မသင်္ကာဖြစ်လာမိတယ် … ပြီးတော့ သူက ကျွန်မကိုလဲ တစ်ခုခုပြောချင်သလိုလို လှမ်းလှမ်းကြည့်တယ်လေ .. ကျွန်မပုံစံကလဲ ၀တုတ်တုတ် ပါးဖောင်းဖောင်းနဲ့ဆိုတော့ အမြဲ အစခံရတော့ ငါ့ကိုများစမလို့လားဆိုပြီး မျက်နှာကိုတင်းထားလိုက်တာပေါ့ … ဟွန်း … ဘယ်ရမလဲ ကြယ်ပြာပဲနော့ ….
နောက်တော့ သူက ကျွန်မကို စကားစပြောပါလေရော …
အစ်ကိုကြီး - “ညီမ … ညီမ”
ကြယ်ပြာ - “ဘာလဲ ….” (စူပုပ်ပုပ်မျက်နှာထားဖြင့်)
သူက နည်းနည်းရှိန်သွားတဲ့ပုံဖြစ်သွားတယ် .. ဒါပေမယ့် ဆက်ပြောတယ် …
အစ်ကိုကြီး - “ ဟိုလေ …. ညီမလေးအိတ်က စူးတယ် .. ”
ကြယ်ပြာ - “ ဟမ် … ဘာစူးတာလဲ … ဘာမှမလုပ်ဘူး ” (ဇဝေဇ၀ါမျက်နှာထားဖြင့်)
အစ်ကိုကြီး - “ဒီမှာလေ ညီမရယ် … ဒီမှာ .. .အစ်ကိုလဲ အောင့်ခံပါသေးတယ် … ခုက နာလွန်းလို့ပါ ” တဲ့ဆိုပြီး ကျွန်မအိတ်နဲ့ သူ့ဒူးခေါင်းထိနေတဲ့ နေရာကို ကိုင်ပြလိုက်မှ ကြယ်ပြာတို့သဘောပေါက်တော့တယ် …
ကျွန်မက အဲ့ဒီနေ့မှ အိတ်ထဲမယ် ထောက်ချွန်ထည့်လာမိတာ … သူ့ခမျာ တော်တော်လေးနာသွားရှာမယ် ….
“အစ်ကိုကြီးရယ် ဆောရီးပါ … ညီမလဲ သတိမထားလိုက်မိလို့ပါ” ဆိုပြီး အားနာနာနဲ့ တောင်းပန်ခဲ့ရတယ် …. ဟီး ….
Posted by ကြယ်ပြာ at 7:27 AM 11 comments
Labels: အမှတ်တရများ
Sunday, May 10, 2009
နေကြာစေ့စားကြမလား ..

ကျွန်မ ၈ နှစ်သမီးအရွယ်လောက်တုန်းက သူများကိုချောက်ချဖူးတဲ့အမှတ်တရ အဖြစ်လေးပါ … ဘာရယ်မဟုတ် အနည်းငယ်လေးပြုံးဖြစ်ရင်ပဲ ဝေမျှရကျိုးနပ်ပါတယ် …း)
ကျွန်မငယ်ငယ်က အလွန်အဆော့သန်သော ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ် … ဟိုးတုန်းက ကျွန်မတို့ရပ်ကွက်မှာ ကန်ထရိုက်တိုက်တွေမပေါသေး … ဒီတော့ လူဦးရေလည်းသိပ်မထူထပ်သေးဘူးပေါ့ … ကျွန်မနဲ့အရွယ်မတိမ်းမယိမ်းရပ်ကွက်ထဲက ကလေးတွေကို ကျွန်မက ဆရာလုပ်နေကျလေ …. နေ့လည်နေ့ခင်းဆိုရင် လမ်းတကာလှည့်ပြီး ကျွန်မတို့တွေ ဗံဒါသီး ကောက်လေ့ရှိတယ် … ဗံဒါသီးထုစားရတာသိပ်အရသာရှိတာလေ …. များသောအားဖြင့် ကလေးဗိုလ်ဖြစ်တဲ့ ကျွန်မကသိပ်မကောက်ဘူး … အငယ်တွေကိုပဲကောက်ခိုင်းလေ့ရှိတယ် …စပ်လဲစပ်စုတတ်တဲ့ ကျွန်မက နေကြာစေ့ကို သိပ်ကြိုက်တယ် …. နေကြာပန်းကနေ နေကြာစေ့ဘယ်လိုဖြစ်လာတယ်ဆိုတာ သိပ်သိချင်တယ် … ကလေးအတွေးနဲ့ဆိုတော့ နေကြာစေ့ကို နေကြာပန်းထဲကနေ ဖြဲရှာရင်တွေ့မှာပဲလို့ ထင်မိတာပေါ့ ….
တစ်နေ့မှာကျွန်မတို့ဘုရားစင်က နေကြာပန်းတွေ စွန့်တော့ အမေကသွားလွှင့်ပစ်ခိုင်းတာကို ကျွန်မကအကြံနဲ့လွှင့်မပစ်ဘူးလေ … လူကြီးတွေလစ်တော့ နေကြာပန်းတွေကို တစ်ပွင့်ချင်း အလယ်ခေါင်ကနေ ဖြဲရှာတာပေါ့ …နေကြာစေ့ကိုမတွေ့ရဘူး … ကျွန်မစိတ်ထဲမကျေနပ်ဘူး … ရှိသင့်တယ်လို့ ယူဆထားတာကိုး …တွေ့တာက အလယ်အ၀ိုင်းအောက်က အနှစ်လေးတွေကို တွေ့တယ် … အဲ့ဒါကို ကျွန်မက စားကြည့်တော့ စိမ့်စိမ့်လေးအရသာရှိတယ် … ဒီတော့ “အင်း … ဒီကနေ ရင့်ပြီးအခွံ့တွေပေါက်ပြီး နေကြာစေ့ဖြစ်တာနေမယ်” လို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်လိုက်ရော ….
အဲ့ဒီနေ့ နေ့လည်လဲရောက်ရော ထုံးစံအတိုင်း ကလေးတွေကို ဦးဆောင်ပြီး ကြယ်ပြာတစ်ယောက် ဗံဒါသီးလှည့်ကောက်တာပေါ့ … ပါးစပ်ကလဲ ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ နေကြာပန်းအနှစ်အကြောင်း ပြောပြရင်းပေါ့ … အဲ့ဒီထဲမှာ ကျွန်မထက် နှစ်နှစ်ငယ်တဲ့ ကောင်မလေးက သူလဲ စားချင်တယ်လုပ်ပါလေရော … ကျွန်မက “ပန်းတွေကမရှိတော့ဘူး နင်စားချင်ရင် နင့်အိမ်က နေကြာပန်းကပ်တော့မှ စားကြည့်” ဆိုတာကို သူက မရဘူး …. အဲ့လိုပြောရင်းဆိုရင်း လမ်းလျှောက်ရင်းနဲ့ လမ်းမှာ သစ်ရွက်ခြောက်တွေပုံထားတဲ့ အမှိုက်ပုံပေါ်မှာ နေကြာပန်းတွေပစ်ထားတာတွေ့ပါလေရော … အဲ့ဒါကို သူက “အစ်မ အစ်မ … သမီး အဲ့ဒါယူစားကြည့်မယ် .. .ရလား” တဲ့ …. ကျွန်မက “ဟယ် … မကောင်းပါဘူး .. အမှိုက်ပုံကြီးမှာ” ဆိုတော့ သူက “သန့်ပါတယ် အစ်မရ” တဲ့ … အဲ့ဒီလောက်တောင်ဖြစ်တာ စိတ်ထဲ အချဉ်ကပေါက်လာတာနဲ့ “စားချင်စားလေ” လို့ပြောလိုက်တော့ အဲ့ကောင်မလေးက ပန်းတွေကို ၀မ်းသာအားရပြေးကောက်ပြီး ကျွန်မပြောသလိုလုပ်စားပါလေရောလား …. ပြီးတော့ သူက “ အစ်မရော … စားလေ” တဲ့ … ကျွန်မက “တော်ပြီ … ဗိုက်တင်းနေလို့ စားတော့ဘူး” လို့ … ဟီး …. သူတစ်ယောက်တည်း အကုန်စားသွားတယ် …. သူငယ်ချင်းတို့ရော နေကြာစေ့စားကြမလားဟင် ?
မှတ်ချက်။ ။ပုံလေးကို http://www.manataka.org ဒီကယူပါတယ်ရှင်။
Posted by ကြယ်ပြာ at 11:02 AM 10 comments
Labels: အမှတ်တရများ
Sunday, March 29, 2009
ပြုခဲ့ဖူးတဲ့ကုသိုလ်

ပုံလေးကို ဒီက (http://pro.corbis.com) ယူပါတယ်။
ခုတလော ရာသီဥတုကပူပြင်းလွန်းတယ် … အိမ်အပြင်ဘက်ကိုလှမ်းကြည့်လိုက်ရင် ပတ်ဝန်းကျင်က ခြောက်ခြောက်သွေ့သွေ့ကြီးနဲ့ ဘာကိုလွမ်းလို့လွမ်းမှန်းမသိ စိတ်ထဲခပ်ဆွေးဆွေးလေးဖြစ်နေမိတယ် …. အတွေးတွေကလဲ တောင်စဉ်ရေမရ ဟိုရောက်လိုက် ဒီရောက်လိုက် ….. ဟော … ကြည့်နေရင်းနဲ့မိုးတွေရွာကျလာပြန်ပြီ … မိုးရွာတော့လဲ လွမ်းတာကပျောက်မသွားပါဘူး … ပိုတောင်ဆိုးလာသလိုပဲ … လျှောက်တွေးရင်းနဲ့ပဲ ၂၀၀၃ ကနေ ၂၀၀၅ လောက်ထိ သူငယ်ချင်းတွေတူတူစုပြီး အပတ်တိုင်း ရွှေတိဂုံဘုရားရောက်ဖြစ်တာလေး ပြန်တွေးပြီး လွမ်းမိသွားတယ် ….
ကျွန်မက သူငယ်ချင်းများတယ် … ကျွန်မသူငယ်ချင်းတွေထဲမှာ ၁၈ နှစ်ကနေ အသက် ၄၀ကျော်အရွယ်ထိ ယောက်ျားလေး၊ မိန်းကလေး ပေါင်းစုံပါတယ် … အဲ့ဒီတုန်းက ကျွန်မနဲ့အများဆုံးတွဲဖြစ်တဲ့သူငယ်ချင်းက အေမီ ဆိုတဲ့သူငယ်ချင်း … အသက်ချင်းကမတိမ်းမယိမ်းဖြစ်သလို ကုသိုလ်ကံအကျိုးပေးတွေကလဲ ခပ်ဆင်ဆင် … အလုပ်တစ်ခုလုပ်ရင် တစ်ခါတည်းနဲ့အဆင်ပြေချောမွေ့သွားတယ်ဆိုတာက ခပ်ရှားရှား၊ အတိုက်အခံလေးဖြစ်ပြီးမှ အဆင်ပြေသွားတတ်တာချည်းပဲ …. နောက် ကျွန်မထက် (၅)နှစ်လောက်ငယ်တဲ့ လင်းထွန်းဆိုတဲ့သူငယ်ချင်းကောင်လေးတစ်ယောက်ရယ်၊ အသက် (၂)နှစ်ငယ်တဲ့ ရဲရန်အောင် ဆိုတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ရယ် အပတ်တိုင်း ဘုရားမှာတွေ့ဖြစ်ကြတယ် … အရင်က ကျွန်မတို့ လေးယောက်က ကုမ္ပဏီတစ်ခုတည်းတူတူလုပ်ကြတယ် …. နောက်တော့ ကျွန်မနဲ့အေမီက အလုပ်သစ်ကိုပြောင်းသွားတယ် … ကျွန်မတို့နှစ်ယောက်က အလုပ်မှာ အတိုက်အခံတွေများလွန်းလို့ ဆိုပြီး ဘုရားမှာတံမြက်စည်းလှဲပြီး ကုသိုလ်လုပ်ကြဖို့တိုင်ပင်ကြတယ် …နောက်တော့ လင်းထွန်းပါ ကျွန်မတို့နဲ့ တူတူ အပတ်တိုင်း ရွှေတိဂုံဘုရားပေါ်မှာ တံမြက်စည်းလိုက်လှည်းတယ် … ကျွန်မတို့ သုံးယောက်ကြားမှာ ချစ်စရာဓလေ့လေးတစ်ခုရှိတယ် … ဘုရားပေါ်တက်ရင် အငယ်ဆုံးသူက ဘိနပ်အိတ်ကို ကျေကျေနပ်နပ်ကိုင်ပေးလေ့ရှိကြတာပါ … ကျွန်မတို့က အတက်မုခ်နဲ့အဆင်းမုခ်တူလေ့မရှိတော့ ဘိနပ်တွေကို အမြဲပဲ အိတ်နဲ့ထည့်သယ်ရတယ် … လင်းထွန်းမပါတဲ့နေ့ဆိုရင် ကျွန်မကိုင်ရတယ် …. လင်းထွန်းနဲ့ကြုံရင် သူက အိတ်ကိုင်ပေးတယ် … ကျွန်မတို့တွေ မောင်နှမအရင်းတွေလိုချစ်ခင်ကြတယ် …
နောက်တော့ ရဲရန်အောင်ပါ ပါလာတယ် … တခါတလေ ကျွန်မတို့သူငယ်ချင်းတွေ ၁၀ ယောက်လောက်ရှိတယ် လိုက်လိုက်လာပြီးဝိုင်းလှည်းကြတယ် ..… ကျွန်မတို့က အသင်းဝင်ထားတာမဟုတ်ပဲ လှည်းနိုင်သလောက် ဧရိယာလေးသတ်မှတ်ပြီးလှည်းကြတယ် … နေရာကတော့ ကျွန်မတို့ထိုင်လေ့ရှိတဲ့ ဗုဒ္ဓ၀င်ပြခန်းဘက်ဆင်းတဲ့ ညောင်ပင်တစ်ဝိုက်ပေါ့ … ကျွန်မတို့ အလုပ်ဆင်းပြီဆိုရင် တံမြက်စည်းလှည်းပြီးမောရင် စားဖို့ဆိုပြီး အကြော်ကို အလှည့်ကျ ၀ယ်လေ့ရှိတယ် … ပြီးတော့ ကျွန်မတို့ရဲ့စုရပ်နေရာလေးကို သူငယ်ချင်းတွေ အလျှိုလျှိုရောက်လာကြရော … ကျွန်မတို့ လူစုံပြီဆိုရင် တံမြက်စည်းရှာပုံတော်အရင်ဖွင့်ရတယ် … တခါတလေ ရင်ပြင်တော်သာ တစ်ပတ်ပြည့်သွားတယ် တံမြက်စည်းက သုံးချောင်းလောက်ပဲရတယ် … နောက်ပိုင်းတော့ ဂေါပကရုံးကနေလိုသလောက်သွားငှားတယ် … ပြီးရင်သွားပြန်ပို့ပေးလိုက်နဲ့ အဆင်ပြေသွားတယ် ….
ကျွန်မတို့တွေတံမြက်စည်းလှည်းနေကြတာမြင်ရင် တချို့စုံတွဲလေးတွေ၊ တချို့ ကလေးတွေ လူကြီးတွေပါ တံမြက်စည်းခဏလောက်ပေးပါဆိုပြီး ကုသိုလ်ပါဝင်ကြတာမြင်ရတော့ ကြည်နူးမိတယ် … ပြီးတော့ ကျွန်မတို့လှည်းထားလို့ ဘုရားဖူးတွေ အမှိုက်သရိုက်ကင်းကင်းနဲ့ သွားလာနေကြတာ မြင်ရင်လည်း ကြည်နူးမိတယ် … မိုးအရမ်းရွာချထားလို့ တံမြက်စည်းလှည်းမရတဲ့နေ့တွေဆိုရင် ကျွန်မတို့ လက်နဲ့ ညောင်ရွက်ကြွေတွေလိုက်ကောက်ကြတယ် … အားလုံးပြီးပြီဆိုရင် ဇရပ်ပေါ်မှာဝိုင်းထိုင်ကြပြီး အလယ်မှာအကြော်ထုတ်ချ၊ သူငယ်ချင်းတွေ အကြော်စားကြရင်း အလုပ်အကြောင်း၊ ပြင်ပဗဟုသုတတွေအကြောင်း၊ အနုပညာအကြောင်း သိသလောက်လေးတွေဝေမျှကြတယ် … ဆွေးနွေးကြတယ် … ကျွန်မတို့တွေ ၉ ခွဲလောက်ထိ နေကြပြီးရင် အသီးသီးလမ်းခွဲကြလေ့ရှိတယ် … တစ်ပတ်တစ်ရက်နဲ့ ဒီအကျင့်လေးကို ကျွန်မတို့ သုံးနှစ်နီးပါး မပျက်မကွက်ထိန်းသိမ်းခဲ့ကြတယ် …
ခုချိန်မှာတော့ ကျွန်မတို့တွေအားလုံးနေရာတကွဲစီမှာရောက်နေကြပြီ … တချို့က ရန်ကုန်မှာ၊ တချို့က ဘန်ကောက်မှာ၊ တချို့က စင်္ကာပူမှာ …. ကျွန်မတို့တွေအရင်လိုပြန်ဆုံကြဖို့မလွယ်တော့ဘူး …. ဆုံဖြစ်ကြရင်ရော ရွှေတိဂုံဘုရားပေါ်က ကျွန်မတို့ တံမြက်စည်းလှည်းနေကြနေရာလေးမှာ ဆုံနိုင်ပါတော့မလားလို့ တွေးရင်း စိတ်မကောင်းဖြစ်နေမိတယ် …. ဘာပဲဖြစ်ဖြစ် တချိန်က အမှတ်တရလေးကိုတော့ ကျွန်မစိတ်ထဲမှာ ဘယ်တော့မှမေ့ပျောက်မှာမဟုတ်သလို သူငယ်ချင်းတွေကိုလဲ အမြဲတမ်းသတိရနေမိပါတယ် …..
လေပြေကျော့
သော့တဲ့ညနေ
ရင်ပြင်ပေါ် ဖော်တစ်သင်းရယ်နဲ့
စုပေါင်းကာ ကုသိုလ်ပြုရတယ်
ထူးလှပါပေ့ …..
မှတ်ချက်။ ။ အေမီ၊ လင်းထွန်း၊ ရဲရန်အောင်၊ ကိုလင်း၊ သူရိန်၊ အောင်ညီလတ် နဲ့ မကြာခဏလိုက်လာ ကုသိုလ်ပြုလေ့ရှိတဲ့ သူငယ်ချင်းများအားလုံးကို သတိရလို့ရေးလိုက်တဲ့ပို့စ်လေးပါ ….
Posted by ကြယ်ပြာ at 2:34 AM 12 comments
Labels: အမှတ်တရများ
Thursday, March 26, 2009
ဂေါ်လီပြိုင်ပစ်မလား ….

သူမက မိန်းကလေးပေမယ့် ယောက်ျားလေးနှစ်ယောက်ကြားကြီးပြင်းလာခဲ့သူ ... သူမကစားသော ကစားနည်းများအားလုံးနီးပါးက ယောက်ျားလေးများကစားသော ကစားနည်းများ …. ဂေါ်လီပစ်၊ ဂျင်ပေါက်၊ ဘောလုံးကန်၊ အံစာလှိမ့်၊ ပြေးတမ်းလိုက်တမ်း စုံတကာကိုစိနေတာပဲလေ … သူမ ငယ်ငယ်ကပုံရိပ်က အင်မတန် ပေချောင်ချောင်နိုင်သောပုံရိပ် … ဂျစ်ကန်ကန်နဲ့ ဘယ်နေရာမှာ ဘာကစားနေလဲ သူမ မပါဘူးဆိုတာမရှိသလောက်ပဲ ….
သူမတို့ငယ်ငယ်က ကြွေပန်းကန်စိအကွဲတွေကို ထောင်ပြီးဂေါ်လီနဲ့ပစ်လေ့ရှိတယ် … တချို့ကတော့ ပိုက်ဆံထောင်ပြီးပစ်ကြတယ် ….. ဒါပေမယ့် သူမကတော့ ပိုက်ဆံနဲ့ဘယ်တော့မှပစ်လေ့မရှိဘူး ….ဒီကစားနည်းကစားဖို့ ကြွေပန်းကန်စိအကွဲတွေလိုပြီလေ … ကြွေပန်းကန်စိပစ်တဲ့အချိန် ကိုယ့်မှာ အဲ့ဒါတွေများများရှိလို့ကတော့ ကိုယ်ကခပ်မော့မော့နဲ့ဝင်ပစ်လို့ရသကိုး … ဒီတော့သူမကဘာလုပ်သလဲဆိုတော့ နောက်ဖေးလမ်းကြားတကာ လမ်းကြားလှည့်ပြီး အိမ်တကာက ပျက်စီးသွားလို့ပစ်ထားတဲ့ ပန်းကန်အကွဲတွေလိုက်ကောက်တော့တာပေါ့ … အကွဲတွေရလာရင် သူမအိမ်ရှေ့မှာချပြီး အပိုင်းအရွယ်တော်အသေးလေးတွေရအောင်ထိုင်ခွဲ … ပြီးရင် အိတ်တစ်အိတ်ထဲစုထည့် …. ပြီးရင် အဲ့ဒီအထုပ်ကြီးခါးမှာချိတ်ပြီး လမ်းတကာလှည့်ပစ်တော့တာပဲ …. သူမက လက်လဲ အတော်ဖြောင့်တယ် … ဂေါ်လီပစ်ရင် နိုင်တာများတယ် … သူမမှာ ဂေါ်လီတွေဆိုလဲ အိတ်ကြီးနဲ့တစ်လုံးရှိတယ် …. အမေက အဲ့လိုတွေဆော့တာသိပ်မကြိုက်သလို၊ နောက်ဖေးလမ်းကြားထဲဝင်တာလဲမကြိုက်ဘူးလေ …
ဘယ်ကြိုက်ပါ့မလဲ အဲ့ဒီခေတ်ရဲ့နောက်ဖေးလမ်းကြားတွေက အမှိုက်ပုံသာသာရယ် … ညစ်ပတ်နံစော်နေတာလေ …. ပြီးတော့ အကွဲတွေရှမှာ၊ ပုလင်းကွဲစူးမှာ၊ အကောင်ပလောင်တွေကိုက်မှာ အမေကစိုးရိမ်သေးတယ် … နောက်ပြီးတော့ ကောက်လာသမျှအကွဲတွေကို သူမက အိမ်ရှေ့မှာဒီအတိုင်းထားထားပစ်ခဲ့တတ်တာကိုး …. အမေကသိပ်အသန့်ကြိုက်တဲ့သူ … သူမက အမေလှဲကျင်းထားတဲ့ အိမ်ရှေ့ကိုညစ်ပတ်အောင်လုပ်သူ … သူမက ဆော့ပြီဆိုရင် မိုးမမြင်၊လေမမြင် … ခေါ်မကြား၊ အော်မကြား … သိပ်ကြောက်ရတဲ့ အမေခေါ်ရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဆော့တာ … ပြန်လာရင်လည်း အတီးခံရတာလဲ ခဏခဏ …. ဘယ်လောက်ရိုက်ရိုက် နောက်နေ့ရောက်ပြန်တော့လဲ သူမကိုကြွေပန်းကန်စိအထုပ်ရယ်၊ ဂေါ်လီထုပ်ရယ်နဲ့ ယောက်ျားလေးတွေနဲ့အပြိုင် ဂေါ်လစ်ပစ်နေတာကို မြင်ရပြန်ရော …. ကဲ ….. သူမနဲ့ ဂေါ်လီပြိုင်ပစ်ကြမလားဟေ ……
မှတ်ချက်။ ။ပုံလေးကို ဒီက http://www.britannica.com ယူပါတယ်။ ပြီးတော့ပုံက ဂေါ်လီပုံမတွေ့လို့ တွေ့တဲ့ပုံထဲက ဂေါ်လီနဲ့တူတာရွေးထားတာပါ။
Posted by ကြယ်ပြာ at 2:25 AM 16 comments
Labels: အမှတ်တရများ
Wednesday, February 11, 2009
ခရီးသွားဟန်လွှဲ နတ်ကနားပွဲ
မပြန်ခင်တစ်ညအလိုက မုဆိုးတောင်ဘက်သွားတဲ့ ဆိုင်တန်းတွေရှိတဲ့ဘက်ရဲ့စောင်းတန်းမှာ နတ်ကနားပေးဖို့ လမ်းပြည့်လုနီးပါးထိုးထားတဲ့ မဏ္ဍပ် ကိုသွား ကြည့်ဖြစ်ပါတယ် …
မဏ္ဍပ်က ၀င်ပေါက်တစ်ပေါက်ပဲရှိပါတယ် … အဲ့ဒီအပေါက်က နတ်ဝင်သူတွေလာဖို့ ပိတ်မရပ်ရဘူးလို့တာဝန်ရှိသူတွေကပြောပါတယ် … မဏ္ဍပ်က ဆိုင်းတွေ၊ဘုံတွေတီးနေပါပြီ … ကျွန်မ အဲ့ဒီနတ်ဝင်ပေါက်နားကကပ်ပြီး ရပ်ကြည့်နေမိတယ် … အထဲမှာကနေတဲ့ သူတစ်ယောက်တော့ရောက်နှင့်နေပါပြီ … ဆိုင်းဝိုင်းကြီးဘေးမှာ မိုက်တစ်လုံးနဲ့ကြေငြာသူတစ်ယောက်ရှိပါတယ် … သူက အခုကုလားနတ်ကိုချော့ဖို့အလှည့်ကျလို့ ရပ်ကြည့်နေသူတွေထဲကလိပ်ပြာတူသူတွေလာဖို့ ဖိတ်ခေါ်ပါတယ်တဲ့ …. ဘယ်သူများလာမလဲလို့ ကျွန်မစောင့်ကြည့်နေမိပါတယ် … သူတို့က ၀င်မလာမချင်း ဖလားထဲမှာရေထည့်ပြီး သပြေခက်နဲ့ ပတ်ပတ်လည်ကရပ်ကြည့်နေသူတွေကိုလိုက်ဖြန်းပါတယ် … ဒါမှ လိပ်ပြာတူသူပေါ်လာမယ်ပေါ့ … အဲ့ဒီအချိန်မှာ အမျိုးသမီးတစ်ယောက် ကျွန်မကို ၀င်တိုက်ပြီး ယိုင်တိ ယိုင်ထိုးနဲ့ဝင်လာပြီး ကပါတော့တယ် ။ အဲ့ဒီမှာ အထဲက နတ်ထိန်းခေါ်မလား အဘွားကြီးနှစ်ယောက်က ၀င်လာသူရဲ့ ရင်ဘတ်မှာ ပုဝါအနီစည်းပေးပါတယ် … ပြီးတော့လက်ထဲကို အမွှေးတိုင်တွေထည့်ပေးပါတယ် ... အမွှေးတိုင်တွေကိုင်ရင်းကတာ ကံကောင်းလို့အချင်းချင်းမထိုးမိတယ် ... အကကတော့မရပ်ပါဘူး … တီးလုံးက ကုလားတီးလုံးပါ … ကျွန်မစိတ်ထဲမှာတော့ ကတာ အိန္ဒိယကားတွေထဲကလို မလှဘူးလို့ တွေးနေမိပါတယ် …. ပူးရင်းနဲ့ ဆိုင်းလဲအချ လူကလဲပုံကျသွားပါတယ် … မောသွားပုံပါပဲ …
နောက်တစ်ကျော့အတွက် ခုနကလို လူထပ်ခေါ်ပါတယ် ..တော်တော်နဲ့ပေါ်မလာပါဘူး .. နောက်တော့ မိန်းမကြီးတစ်ယောက်ဝင်လာပါတယ် … သူလဲခုနကနတ်ကိုချော့ဖို့ပါပဲ … ကျွန်မလဲဘာမှသိပ်မထူးခြားလို့ ဆက်မကြည့်တော့ပဲ ခေါက်မုန့်စားမယ်ဆိုပြီး ခေါက်မုန့်ဆိုင်ကိုသွားပါတယ် … ခေါက်မုန့်ဆိုင်ဘေးကဘိနပ်အပ်တဲ့နေရာမှာ ထိုင်နေတဲ့ကလေးမလေးက ထိုင်နေရင်းနဲ့ လက်ဝါးနှစ်ဘက်ပူးပြီး နဖူးကိုရိုက်ပါတော့တယ်… ပြီးလဲ ပြီးရော ပူးရင်းနဲ့ မဏ္ဍပ်ကိုတောက်လျှောက်ပြေးသွားပါတော့တယ် … ခေါက်မုန့်ဆိုင်က ကောင်မလေးက “ဟယ် … သူလဲပူးနေပြီ၊ သားအမိနှစ်ယောက်လုံး တကယ်ပူးတာလားတော့မသိဘူး” တဲ့ ….ဒီတော့မှ ပထမပူးသူနဲ့ ဒီကလေးမ သားအမိမှန်းသိတော့တယ် … ဘုရားဖူးတွေထဲက ရပ်ကြည့်နေရင်းနဲ့ ပူးသလိုဖြစ်တာ နှစ်ယောက်လောက်ကိုလည်းတွေ့လိုက်ပါတယ် … သူတို့ကိုတော့အတူပါလာသူ တွေက ရှက်လို့ထင်ရဲ့ ပေးမကပဲ အတင်းပြန်ဆွဲခေါ်ကြပါတယ် … အဲ့ဒီတော့ မိုက်သမားက ဒါ နတ်ပွဲကိုနှောက်ယှက်သလိုဖြစ်ပါတယ်တဲ့ … တကယ်လို့ လိပ်ပြာတူတဲ့သူပါရင် ဆွဲမထားကြပါနဲ့ လွှတ်ပေးလိုက်ကြပါလို့ပြောပါတယ် …ကျွန်မကြည့်ခဲ့တဲ့ လူလေးယောက်မှာ လေးယောက်လုံးက အဲ့ဒီနားတစ်ဝိုက်ကဈေးသည်တွေပါပဲ … တကယ်ပူးလား၊ မပူးလားတော့ ကျွန်မ မသိပါဘူး … မဏ္ဍပ်ကပြန်လာတော့ ကျွန်မအတွေးထဲမှာ နတ်ပူးတာ ဘာလို့မျက်စိဖွင့်ပြီးမပူးကြတာလဲ ?
ပူးတဲ့သူတွေက အဲ့နားတစ်ဝိုက်ကလူတွေပဲဘာလို့ဖြစ်နေကြရတာလဲ ?
ပူးသလိုဖြစ်တဲ့သူတွေကရော ဘယ်လိုများဖြစ်သွားတာလဲ ?
ဝင်လာတုန်းကတော့ မတ်တပ်ကြီးဝင်လာပြီး ဆိုင်းလဲချရော ဘာလို့ပုံလဲသွားတာလဲ (အရမ်းခုန်ပြီးကတာလဲမဟုတ်ပါဘူး) ?
ပုံလဲပြီး ခဏလဲနေရော ကုပ်ချောင်းချောင်းနဲ့ ဘယ်သူ့ကိုမှမကြည့်ပဲဘာလို့ထွက်သွားတာလဲ?
အတွေးပေါင်းများစွာနဲ့ ကျွန်မ သုံးထပ်ဆောင်ကိုဘယ်လိုပြန်ရောက်လာခဲ့မှန်းတောင်မသိပါဘူး …..
Posted by ကြယ်ပြာ at 9:43 PM 9 comments
Labels: အမှတ်တရများ
Monday, February 9, 2009
ကျိုက်ထီးရိုးသို့အလည်တစ်ခေါက် ( ၁၅ ဇန်န၀ါရီ ၂၀၀၉)
ကျိုက်ထီးရိုးစေတီတော်ပုံကို http://www.myanmarvoyages.com မှယူထားပါတယ်။
ရန်ကုန်ကပြန်လာပြီးကတည်းက ဘယ်လိုဖြစ်မှန်းမသိ စာရေးဖို့ကို စိတ်ကသိပ်မပါဘူးဖြစ်နေတယ် …. အဲ့ဒီတော့ ဘလော့တွေပဲလိုက်လည်ပြီးဖတ်ဖြစ်နေတော့တာပေါ့ … ကျိုက်ထီးရိုးသွားတုန်းကအကြောင်းလေးရေးမယ် စိတ်ကူးထားတာပြန်လာကတည်းကပဲ .. ခုမှပဲရေးဖြစ်တော့တယ် …
ကျွန်မတို့ရဲ့ခရီးလေးကို ရွှေအိုးစည်ကားနဲ့စဖြစ်ခဲ့ပါတယ်။ ည ၉ နာရီမတိုင်ခင် စုရပ်နေရာတွေထဲကတစ်ခုဖြစ်တဲ့ မြေနီကုန်း ရိုးမဘဏ်ရှေ့ကို ကျွန်မတို့တွေ အနည်းငယ်စောပြီးရောက်နေခဲ့ကြတယ်။ တခြားကားတွေနဲ့သွားမယ့်သူတွေလည်း တဖွဲဖွဲရောက်လာကြပါတယ်။ ကျွန်မတို့အဖွဲ့ဘေးကတစ်ဖွဲ့ဆို ဆူညံနေပြီး သူတို့ကိုကြည့်ရတာပျော်စရာကောင်းပါတယ်။ စိတ်မကောင်းစရာတစ်ခုက သူတို့အထုပ်တွေ စုပုံချပြီး စလိုက်၊ နောက်လိုက်လုပ်နေကြပြီး၊ ကားပေါ်တက်ခါနီးအထုပ်စစ်တော့မှ တစ်ထုပ်ပျောက်နေတာတွေ့ပါတယ် … မျက်စိရှေ့တင်ဘယ်လိုက ဘယ်လိုသုတ်သွားမှန်းမသိလိုက်ပါဘူး ….
ကျွန်မတို့စီးမည့်ကားက ၉ နာရီ ၃၀ လောက်မှရောက်လာပါတယ်။ လက်မှတ်ဝယ်တုန်းကတော့ ခုံနံပါတ်တွေဘာတွေသေချာရွေးခဲ့ပေမယ့် ကားပေါ်ရောက်တော့ လွတ်တဲ့နေရာထိုင်ခိုင်းပါတယ်။ ကျွန်မတို့က လေးယောက်သွားတာဆိုတော့ နှစ်ယောက်တွဲစီထိုင်လိုက်တော့ အဆင်ပြေပါတယ်… ကားထွက်ထွက်ခြင်း တရားခွေဖွင့်ပေးထားပါတယ် … အနည်းငယ်ကြာတော့ သီချင်းခွေပြောင်းထည့်လိုက်ပါတယ် … ဖိုးချစ်နဲ့ သားစိုးတို့ရဲ့သီချင်း ခပ်မြူးမြူးလေးနားထောင်ရင်း အေးစက်နေတဲ့ကားထဲမှာ ကွေးကွေးလေးလိုက်ပြီး ခရီးသွားရတာ စိတ်ထဲမှာပျော်နေမိပါတယ်။
ချမ်းတာကလဲ အတော့်ကိုချမ်းပါတယ် .. ကျွန်မတို့ ကျိုက်ထီးရိုးသွားချိန်မှာ ရန်ကုန်မှာရော ကျိုက်ထီးရိုးမှာပါ အအေးတော်တော်သည်းပါတယ်။ မနက်(၃)နာရီလောက်မှာ ကင်ပွန်းစခန်းကိုရောက်ပြီး ရင်ရင်ပြုံးထမင်းဆိုင်မှာ ခဏတာတည်းခိုကြပါတယ် … နောက်နေ့မနက်(၈)နာရီလောက်ထပြီး တောင်ပေါ်တက်မယ့်ကားတွေနဲ့လိုက်ခဲ့ပါတယ် …. နောက်ဆုံးခုံမှာထိုင်လိုက်ရတော့ အသည်းတယားယားနဲ့ပဲ အကွေ့၊ အ၀ိုက်၊ အမြင့်၊ အမောက်တွေနဲ့ တန်ဆာဆင်ထားတဲ့ ကျိုက်ထီးရိုးတောင်တက်လမ်းအလှကိုခံစားခဲ့ပါတယ်။
တောင်ပေါ်ရောက်တော့သုံးထပ်ဆောင်မှာပဲတည်းဖြစ်ပါတယ် … အဆောင်က ရင်ပြင်တော်အောက်ဘက်တင်ဆိုတော့ ဘုရားဖူးရနီးနီးနားနားဖြစ်တယ်လေ …. ကျွန်မတို့သွားတာ ကြာသပတေးနေ့ည ဆိုတော့ နောက်နေ့တွေမှာ လာလိုက်တဲ့ဘုရားဖူးတွေဆိုတာ မနည်းမနောပါပဲ …
ဟိန္ဒူလူမျိုးတွေဦးစီးပြီးလုပ်တဲ့ ဆီမီး(၅၀၀၀)၊ပန်း(၅၀၀၀) ပွဲနဲ့လဲတိုးတော့ ဟိန္ဒူလူမျိုးတွေ လည်းတိုးမပေါက်အောင် များနေခဲ့ပါတယ်။ ပြီးတော့ “ထူးပါဖူးမည် ပန်းစေတီ” ဆိုတဲ့ စာသားကို ပန်းတွေနဲ့အလှဆင်ထားကြပြီး ကျိုက်ထီးရိုးစေတီတော်မြတ်ပုံကိုလဲ ပန်းတွေနဲ့ပဲ ပုံဖော်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ (ပုံတွေတင်ပေးချင်ပေမယ့်လည်း ကျွန်မပုံပါ ပါနေတော့ သူငယ်ချင်းတွေလန့်ကုန်မှာစိုးလို့ မတင်တော့ပါဘူးနော)
ကျွန်မ တောင်ပေါ်မှာ နှစ်ညအိပ်ပါတယ် … အပြန်လမ်းကိုတော့ ရသေ့တောင်အထိ ခြေလျင်ဆင်းပါတယ် … မပြန်ခင်တစ်ညအလိုက မုဆိုးတောင်ဘက်သွားတဲ့ ဆိုင်တန်းတွေရှိတဲ့ဘက်ရဲ့လမ်းမှာ နတ်ကနားပေးဖို့ လမ်းပြည့်လုနီးပါးထိုးထားတဲ့ မဏ္ဍပ် ကိုသွား ကြည့်ဖြစ်ပါတယ် … နတ်ကနားပွဲက မထူးဆန်းပေမယ့် တွေးစရာ၊မေးစရာလေးတွေရှိလို့ ပို့စ်တစ်ခုအနေနဲ့တင်ပါဦးမယ် …
Posted by ကြယ်ပြာ at 11:46 PM 7 comments
Labels: အမှတ်တရများ
Tuesday, February 3, 2009
ငယ်တုန်းကဆွဲထားဖူးတာလေးတွေ


အပေါ်ကပုံလေးတွေက ငယ်ငယ်တုန်းကကိုယ်တိုင်ဆွဲထားတဲ့ပုံလေးတွေပါ .... ရန်ကုန်ပြန်ရောက်တုန်းက စာအုပ်ဘီဒိုဖွရင်း ပြန်တွေ့လို့(အမှန်က အများကြီးဆွဲဖူးတယ်) စကင်လုပ်၊ ပြီးတော့ သူငယ်ချင်းဆီပို့ပေး၊ သူငယ်ချင်းက Photoshop နဲ့ စာရွက်အသားဝါနေတာတွေဖယ်ထားပေးတာပါ ...
Posted by ကြယ်ပြာ at 9:46 AM 11 comments
Labels: အမှတ်တရများ
Tuesday, January 6, 2009
ကျွန်မစွဲလမ်းခဲ့ဖူးသောကွန်ပျူတာဂိမ်းနှင့် ဆော့ဖော်ဆော့ဖက်များ
တက္ကသိုလ်ကို ဒေးတက်ကြသူတွေကလဲ ဒေးအမှတ်တရတွေရှိကြသလို၊ အဝေးသင်တက်သူတွေကလဲ အဝေးသင်ရဲ့ အမှတ်တရတွေရှိကြမှာပါ …ကျွန်မက အလုပ်တစ်ဘက်နဲ့ဆိုတော့ ကျောင်းသားဘ၀ထက်၊ ၀န်ထမ်းဘ၀မှာ ပိုအနေကြာခဲ့ပါတယ် … အဲ့ဒီတော့ အလုပ်ကသူငယ်ချင်းတွေကို ပိုပြီး သံယောဇဉ်တွယ်မိတယ်ပေါ့ရှင် … လုပ်ဖော်ကိုင်ဖက်တွေထဲမှာမှ ဂိမ်းဆော့ဖော်၊ ဆော့ဖက်တွေကို ပိုပြီးအခင်အမင်ပိုခဲ့ပါတယ် ….
ကျွန်မ ရန်ကုန်မှာတုန်းက ကုပ္မဏီတစ်ခုမှာ(၅)နှစ်ကြာအောင် အလုပ်လုပ်ခဲ့ဖူးပါတယ်….
အဲ့ဒီကုမ္ပဏီက ၀န်ထမ်းတော်တော်များများက ဂိမ်းဆော့တာ အတော်လေးဝါသနာပါကြပါတယ် .. ကျွန်မတို့ရဲ့ စီနီယာတွေကတော့ Star Craft ကိုအသေအလဲဆော့ကြတာပေါ့ရှင် …
ဂျူနီယာတွေကတော့ ဘာဂိမ်းတွေဆော့ကြသလဲဆိုရင် …. Age Of Empire II ဆိုတဲ့ စစ်တိုက်တဲ့ဂိမ်းကို ဆော့ကြပါတယ် …. အများဆုံး လူ(၈)ယောက်ဆော့လို့ရပါတယ် .. ဒီဂိမ်းမှာ မြေပုံနဲ့ လူမျိုးလဲရွေးလို့ရပါတယ်။ ပြီးတော့ ဒီမှာ Dark Age, Feudal Age, Castle Age နဲ့ Imperial Age ဆိုပြီးခေတ်လေးခေတ် ရှိပါတယ်။ လယ်စိုက်၊သစ်ခုတ်၊ အသားရှာ၊ ရွှေတူး၊ ကျောက်တူးနဲ့ စီးပွားရှာ …. ပြီးရင် လေးရုံ၊ ဓားရုံ ၊ မြင်းရုံ၊ သေနတ်ရုံ၊ အမြှောက်ရုံ စသဖြင့် ခေတ်အလိုက်၊ လူမျိုးအလိုက် ဆောက်ခွင့်ရတာတွေဆောက် ပြီးတော့ ပိုကောင်းအောင် Upgrade လုပ်ပြီးတော့ ရန်သူကိုသွားတိုက်ရပါတယ် ..
ကျွန်မတို့ကအဖွဲ့လိုက်တစ်မျိုး၊ ခေတ်အတက်ပြိုင်လို့တစ်ဖုံ (အပေါ်မှာပြောထားတဲ့ခေတ်လေးခေတ်ကို ဘယ်သူအရင်ရောက်လဲပြိုင်တာမျိုးပါ)၊ ယောက်ျားလေး မိန်းခလေး တွဲလို့တစ်မျိုးနဲ့ အလုပ်မရှိချိန်တိုင်း အသေအလဲဆော့ခဲ့ကြတာပါ … တစ်နေ့တစ်နေ့ ချိန်းပွဲတွေဆိုတာ မနည်းမနောပါပဲ …. ယောက်ျားလေးတွေကတော့ လ္ဘက်ရည်တိုက်ကြေးပေါ့ …. သူတို့တွေက လေသေနတ်နဲ့လည်း စစ်တိုက်တတ်ကြပါသေးတယ် … ကျွန်မတို့တွေ ဒီဂိမ်းကိုဘယ်လောက်စွဲလမ်းသလဲဆိုရင် ထမင်းကို ၅ မိနစ်နဲ့အပြီးစားတတ်လာပါတယ် … ဘေးကတစ်ယောက်ယောက်က ဂိမ်းကိုဖွင့်တာမြင်လိုက်ရင်ကိုပဲ မနေနိုင်မထိုင်နိုင်ဖြစ်လာပါတယ် .. ညအိပ်ရင်တောင် အိပ်မက်ထဲထည့်မက်တဲ့အထိပါ ….
ကျွန်မတို့ထိုင်ရတဲ့ပုံစံက အခန်းရှည်မှာ အလယ်လွတ်ထားပြီး နံရံဘက်ခြမ်းတွေကို မျက်နှာမူထိုင်ရပါတယ် … ကျွန်မတို့ကို အခန်းဝကနေရပ်ကြည့်တာနဲ့ မော်နီတာ အားလုံးကိုမြင်ရတဲ့အနေအထားမျိုးဖြစ်အောင် ထိုင်ခိုင်းထားတာပါ …. ဒါပေမယ့် ကျွန်မတို့အားလုံးထိုင်တဲ့ပုံစံတွေရော၊ မော်နီတာတွေရောက အတွင်းဘက်ကိုအကုန်စောင်းနေကြပါတယ် …. (လူကြီးလာရင် မမြင်အောင်ပါ) တေ့တေ့ဆိုင်ဆိုင်မြင်ပြီဟေ့ ဆိုရင် များသောအားဖြင့် Shut down ကိုယောင်မှားပြီးချပစ်လေ့ရှိကြတယ် …း) လူကြီးလာရင် စက်တွေအားလုံးက Restart လေးတွေဖြစ်လို့ပေါ့ …. နောက်ပိုင်း ဆော့ဝဲလ်တစ်ခုနဲ့သုံးလိုက်တော့ စက်ကိုပိတ်ချစရာမလိုတော့ပါဘူး … အဆင်ပြေသွားပါတယ် …
ကျွန်မစဆော့ခါစက မကျွမ်းကျင်တော့ ဆရာကြီးတွေက ခေါ်မဆော့ကြပါဘူး … နောက်ပိုင်းကျွန်မကိုသင်ပေးတာက Orca ဆိုတဲ့သူငယ်ချင်းပါ …ကျွန်မ နည်းနည်းလက်ရည်တက်လာတော့ သူက ယုံလို့ သူများနဲ့ စိန်ခေါ်ဆော့ပြီး ရှုံးသွားတော့ ကျွန်မကို “နောက်တစ်ခါ နင်ပါရင် ငါဘယ်တော့မှ မပါတော့ဘူး” ရယ်လို့ စိတ်တိုတိုနဲ့လက်ညှိုးကြီးထိုးပြီးပြောဖူးပါတယ် …
နောက်သူငယ်ချင်းတစ်ယောက်က မိန်းခလေး(၃)ယောက်နဲ့ သူတစ်ယောက်တည်းချမယ်ပေါ့ စိမ်လာခေါ်တယ် … သူက Castle Age ထိရအောင်တက်မယ်။ Castle Age ရောက်တာနဲ့ ကျွန်မတို့အရှုံးပေါ့ …. တကယ်က သူကသိပ်တော်တဲ့ Gamer ပါ … သူက သူ့နာမည်ကို “ချီးကားကြီး” လို့နာမည်ပေးပါတယ် … သူ့ရည်ရွယ်ချက်က ကျွန်မတို့တွေ ချီးကားကြီးတိုက်လို့သေတယ်လို့နာမည်တွင်အောင်ပေါ့လေ….. ဟား ဟား …. အဲ့ဒီပွဲမှာ ချီးကားကြီးရှုံးသွားပါတယ် … ကျွန်မတို့တွေပျော်မှပျော်ပေါ့ …
နောက် မိန်းခလေးချင်းတိုက်ကြတဲ့ပွဲမှာ ယောက်ျားလေးတွေက ဘေးက၀င်ပြောရင်း ရန်မဖြစ်ယုံတမယ်လဲ ဖြစ်ခဲ့ကြဖူးပါတယ် … ကျွန်မတို့ ကုပ္မဏီက ၀န်ထမ်းများတဲ့အပြင် လူငယ်လူလွတ်တွေများတော့ အရမ်းပျော်စရာကောင်းခဲ့ပါတယ် … (လူကြီးနဲ့သိပ်အဆင်မပြေတာကလွဲရင်ပေါ့) … ခုတော့ ကျွန်မလည်း ဂိမ်းမဆော့တာ (၃)နှစ်တောင်ကြာခဲ့ပါပြီ …. သူငယ်ချင်းတွေလဲ အိမ်ထောင်ကျတဲ့သူကကျ … အဝေးရောက်တဲ့သူတွေကရောက်နဲ့ ကျွန်မတို့တွေ အရင်လိုလွတ်လပ်စွာ မဆော့နိုင်ကြတော့ပါဘူး …. အရင်အချိန်တွေကို လွမ်းလိုက်တာ ….
ကျွန်မတို့သူငယ်ချင်းတွေ သုံးတဲ့နစ်ခ်တွေမှတ်မိသလောက်ပြန်ချရေးကြည့်ဦးမယ်နော် …
ယောက်ျားလေးစာရင်း
1. Conqueror
2. Desert Fox
3. Cloud
4. Killer
5. Maximus
6. Patriot
7. Zirano
8. Myth
9. Leo King
10. Orca
11. Knight
12. Saton
13. KMO
14. Neophoton
ဒါကတော့မိန်းကလေးတွေပါ …
1. Player (ကျွန်မပါ)
2. Virus
3. Adventure
4. Top
5. Stranger
6. Athena
7. Arrow
8. Yuki
မှတ်ချက်။ ။ ကျွန်မရဲ့ဂိမ်းဆော့ဖက်သူငယ်ချင်းများကို သတိရလို့ရေးလိုက်တဲ့ပို့စ်လေးပါ …
Posted by ကြယ်ပြာ at 10:59 AM 9 comments
Labels: အမှတ်တရများ
Wednesday, December 24, 2008
အမှတ်တရဒီဇင်ဘာ

(Image from www.julienna.com/pictures/2001pictures.htm)
ရန်ကုန်ဆောင်းကတော့ ထုံးစံအတိုင်း သိပ်မအေးလှပါဘူး ….
ကလေးတွေကတော့ ဒီဇင်ဘာမှာကျောင်းပိတ်ရက်တွေနဲ့မို့လို့ ပျော်ရွှင်နေကြပေမယ့် ကျွန်မလို(၁၀) တန်းကျောင်းသူ/သားတွေကတော့ ပျော်နိုင်မယ်မထင်ဘူး … အတန်းတင်ကြီးက တဖြေးဖြေးနီးလာတော့ ပြေးပြေးလွှားလွှားနဲ့ပဲ ကျူရှင်တွေတက်လိုက်၊ စာကျက်လိုက်နဲ့ပေါ့ … အလှအပဆိုလဲ မခံစားနိုင်ပါဘူး … ကောင်လေးချောချောလေးတွေမြင်ရင်တောင် လိုက်မကြည့်အားပါဘူး …. ကျူရှင်တွေက တစ်ခုနဲ့တစ်ခု နာရီဝက်လောက်ပဲကွာတာမဟုတ်လား …. ဒီတော့ အသည်းအသန် ပြေးနေရတာချည်းပဲလေ …
ဒီဇင်ဘာလက ကျွန်မအတွက် အမှတ်တရ တချို့ဖန်တီးပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်မ မမျှော်လင့်ခဲ့ပါဘူး … ကျွန်မ မမျှော်လင့်တဲ့ ဒီဇင်ဘာဆာင်းတစ်ရက်မှာပေါ့ … မထင်မှတ်ပဲ သူနဲ့ဆုံခဲ့ရတယ် .. သူ့မှာထင်ရှားတဲ့ ရုပ်လက္ခဏာရှိပေမယ့် ကျွန်မ စိတ်ဝင်စားတဲ့ပုံစံမျိုးမဟုတ်လေတော့ ကျွန်မလဲ သတိမထားခဲ့မိဘူးလေ ….
သူနဲ့ဆုံတွေ့ပုံကလဲ ထူးခြားတော့ ကျွန်မသူ့ကို ဒီကနေ့ထိ မမေ့နိုင်ခဲ့ဘူးပေါ့ … သူ့အကြောင်းပြန်ပြောပြတိုင်း ကျွန်မ နာနာကျင်ကျင်ခံစားရပြီး မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ရတယ် … ကျွန်မသူငယ်ချင်းတွေထဲက တချို့ဆိုလဲ မျက်ရည်ဝဲတဲ့အထိဖြစ်ကြရတယ် ….
ကျွန်မ (၁၀)တန်းတုန်းက ရန်ကုန်မှာ နံပါတ်(၁၂) ဟီးနိုးနှစ်စီးတွဲယာဉ်တွေ ဆွဲနေတုန်း အချိန်ပေါ့ …. ကျွန်မက အရပ်ကလည်းမရှည်လေတော့ အဲ့ဒီနှစ်စီးတွဲယာဉ်ရဲ့ အပေါ်လက်ကိုင်တန်းကို မမှီ့ တမှီလေး၊ ခြေဖျားထောက်လေကာမှ မှီတယ်လေ ….. ကျွန်မ ကျူရှင်ကပြန်လာတဲ့တစ်နေ့ နံပါတ်(၁၂) ကားကိုစီးပြီး ပြန်အလာမှာ ကျွန်မဆင်းရမယ့်မှတ်တိုင်နားရောက်တော့ ကျွန်မလဲ မမှီ့တမှီလက်တန်းကို လွှတ်ပြီး ဆင်းမယ့်အပေါက်နားက လက်ကိုင်ကို လှမ်းအကိုင်ပေါ့ … ကားက ဘာဖြစ်တယ်မသိပါဘူး ဘရိတ်ကို ဆောင့်နင်းလိုက်တယ် …. ကျွန်မလည်းကိုးယိုးကားယားနဲ့ ဘယ်ကိုမှကိုင်လို့မမှီတော့ ခြေဖျားထောက်ပြီး သွက်သွက်လက်လက်နဲ့ အပေါ်လက်တန်းကို လှည့်မကြည့်ပဲကိုင်လိုက်မိတယ် … ကျွန်မလက်က လိုရာမရောက်ပဲ လေထဲမှာတန်းလန်းကြီးဆိုတာရယ်၊ လက်ညှိုးလေးအေးသွားတာရယ်ကို တစ်ပြိုင်နက်ခံစားသိရှိလိုက်တဲ့ တခဏ၊ ကားကလဲ အရပ်၊ ကျွန်မကလဲလှည့်အကြည့် …. အဲ့ဒီမှာသူနဲ့တွေ့တော့တာပေါ့ …. အဟင့် … ကျွန်မလက်ညှိုးလေး ဘ၀ပျက်နေပုံများ … သူဆိုတဲ့ ကျွန်မတို့ရပ်ကွပ်ထဲမှာ နွားနို့ရောင်းတဲ့ အသားမည်းမည်းကုလားလေးရဲ့ နှာခေါင်းပေါက်ကျယ်ကျယ်ထဲကိုမှ တည့်တည့်ကြီးကို ၀င်နေတော့တယ်လေ …. ကျွန်မလေ ရင်တွေတုန်လာပြီး ရွံလိုက်တာဆိုတာလေ ပြောတောင်မပြတတ်ဘူးရယ် …. သူကလဲ အံ့သြတဲ့မျက်နှာနဲ့ စိတ်လဲမဆိုးပဲ “အဟီး” ဆိုပြီးရယ်ပြရှာပါတယ် … တစ်ကားလုံးကလဲ ပြုံးစိစိနဲ့ဝိုင်းကြည့်ကြတော့ ကျွန်မလဲရှက်ရှက်နဲ့ အမြန်ဆင်းလိုက်တဲ့သကာလ “၀ုန်း” ကနဲ ဆိုပြီး ကားခြေနင်းရဲ့ အောက်ဆုံးထစ်ကို ဖင်ထိုင်ရက်လေးကျသွားတယ် … ဖိနပ်က သားရေ ခြေညှပ်ဆိုတော့ ချော်ကျတာလေ…. တင်ပါးတစ်ခုလုံးနာကျင်သွားပေမယ့် ဘတ်စ်ကားမှတ်တိုင်ကလဲ လ္ဘက်ရည်ဆိုင်ဆိုတော့ အိမ်ကိုပဲ ခပ်သုတ်သုတ်ပြေးရတော့တာပေါ့ ….
ဒါကြောင့်ကျွန်မပြောပြပါတယ် … ကျွန်မတို့ ဆုံတွေ့ပုံက ထူးခြားတယ်လို့၊ ပြန်ပြောတိုင်း နာနာကျင်ကျင်ခံစားရပြီး မျက်ရည်ကျတယ်လို့လေ…. (ရယ်ရလွန်းလို့ပါ)
ဒီဇင်ဘာလက ကျွန်မအတွက် အမှတ်တရ တချို့ဖန်တီးပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်မ မမျှော်လင့်ခဲ့ဘူးရယ် ……
Posted by ကြယ်ပြာ at 11:15 PM 5 comments
Labels: အမှတ်တရများ
Wednesday, December 3, 2008
ကျွန်မနဲ့နဘမ်းပွဲ
ကျွန်မတို့ ငယ်ငယ်က BMX ဆိုတဲ့စက်ဘီးစတန့်ထွင်ပြီးစီးတဲ့ ဗီဒီယိုကားလေး ကလေးတွေကြားမှာ တော်တော်လေးနာမည်ကြီးတဲ့အချိန် ကျွန်မတို့ရပ်ကွက်မှာလဲ စက်ဘီးယဉ်ကျေးမှု့တစ်ရပ်ထွန်းကားခဲ့ပါတယ် …. ညနေဆိုရင် အပျိုတွေအရွယ်စုံက အလှပြင်ပြီး စက်ဘီးစီးထွက်ကြသလို လူပျိုတွေအရွယ်စုံကလဲ မျက်စိအစာကျွေးကြ၊ လိုက်ကြောင်ကြနဲ့ ကျွန်မတို့ရပ်ကွက်ရဲ့ လမ်းမကြီးတစ်လျှောက် စက်ဘီးများနဲ့ပြည့်နေတတ်ခဲ့ပါတယ် ….
ကျွန်မကလည်း စက်ဘီးစီးရတာ သိပ်ပျော်တာပေါ့ ….. ညနေဆိုရင် သနပ်ခါးဖုံဖုံလေးလူး(အပျိုတွေလိုမပြင်တတ်တော့) ကျွန်မသူငယ်ချင်း အစ်မကြီးနဲ့ စက်ဘီးစီးထွက်လေ့ရှိပါတယ် …. အဲ့ဒီလိုနဲ့တစ်နေု့ ကျွန်မရဲ့ ကလေးသာသာအရွယ်(၅တန်းအရွယ်ပါ)နဲ့ ကလေးမသာရုပ်လေးကို ကျွန်မထက်အသက်အနည်းငယ်သာကြီးသော( ၆ တန်းအရွယ်) ကောင်လေးတစ်ယောက်က ဘယ်လိုကနေ ဘယ်လိုသဘောကျသွားလဲမသိ တကောက်ကောက်လိုက် စကားပြောပါလေရောရှင် ….
တွေ့တိုင်းတကောက်ကောက်လိုက်စကားပြောတဲ့ အဲ့ဒီကောင်လေးက တစ်နေ့မှာ ကျွန်မ ကာတွန်းစာအုပ်အငှားဆိုင်သွားတုန်း လမ်းမှာတွေ့တော့သူကကျွန်မစက်ဘီးရှေ့ကရပ်ပြီး ၊ စက်ဘီးလက်ကိုင်ကို ဖမ်းဆွဲ ရည်းစားစကားပြောပါလေရော …. ကျွန်မက ရှက်ရမယ့် အစား စိတ်ထဲက “ အောင်မယ် … ဒီကောင် ငါ့စက်ဘီးလက်ကိုင်ကို ဆွဲပစ်လိုက်တာများ မတော် ငါလဲရင်ဒုက္ခ၊ ငါ့ကိုအရှက်ကွဲအောင်လုပ်တယ်” ဆိုပြီး စိတ်တွေလှိမ့်တိုလာရော ….. စိတ်နဲ့တစ်ထပ်တည်း လက်ကပါ သူ့ပါးပေါ်ဖြောင်း ကနဲရောက်သွားလိုက်တာများ မြန်သလားမမေးနဲ့ …. ပြီးတော့ ကျွန်မလည်း စက်ဘီးနင်းပြီး ထွက်ပြေးပါလေရော … ကျွန်မစိတ်ထဲတော့ ဟိုခမျာ ကြောင်ပြီးကျန်ရစ်ခဲ့မယ်ထင်နေတာ ……
တကယ်တော့ သူက ကျွန်မနောက်ကိုပြေးလိုက်ပြီး ဆိုင်ရှေ့ကရပ်စောင့်နေပါလေရော …
“၀မ်းနည်းပက်လက်လုပ်ရက်လေခြင်း” ဆိုတဲ့ မျက်နှာပေးနဲ့များထင်လို့လားဟင် ….
ဝေးပါ့ရှင် …. ကျွန်မကို ချစ်ပုံများ …. လက်ဝါးကို လက်သီးနဲ့ထိုးထိုးပြီး ဒေါသအချောင်းလိုက်ထွက်နေတဲ့ရုပ်နဲ့ ဆိုင်အပြင်က စောင့်နေတာရှင် ….. ကျွန်မလဲ သူ့ပုံစံမြင်ပြီးတော့ ဆိုင်အပြင်မထွက်ရဲတော့ဘူး ဖြစ်နေတာပေါ့ …. ဒါပေမယ့် ကျွန်မက အမေ့ကို နာရီဝက်ပဲကြာမယ်ပြောထားတော့ အဲ့ဒီထက်လဲပိုမနေရဲဘူး …. အမေဆူမှာ ကိုပိုကြောက်တယ်လေ.. ..
နောက်ဆုံးတော့ သတ္တိခဲ ကျွန်မတစ်ယောက်ဆိုင်ပြင်ထွက်လာရတော့တာပေါ့ ….
ဆိုင်ပြင်ရောက်တာနဲ့ ဟိုကောင်လေး ကျွန်မဘေးရောက်လာပြီး ကျွန်မကို နပမ်းလုံးပါလေရော ။ ကျွန်မကလဲ အစ်ကိုတစ်ယောက် နဲ့မောင်တစ်ယောက်ကြားမှာနေတာဆိုတော့ ပေါက်တဲ့နဖူးလဲ မထူးတော့ပြီမို့ ပြန်ပြီး နဘမ်းလုံးတာပေါ့ ဘယ်ရမလဲ …. သူတစ်ပြန်၊ ကိုယ်တစ်ပြန်နဲ့ ဆိုင်ရှေ့ ကတ္တရာလမ်းပေါ်မှာ လှိမ့်ပြီးနဘမ်းလုံးကြတာများ လူကြီးတွေဝင်ဆွဲမှ ရပ်တော့တယ် ….
နောက်ဆုံးရလဒ်က ကျွန်မ ပါးရိုးပေါ်မှာ သူ့လက်သည်းနဲ့ခြစ်မိလို့သွေးထွက်သွားတယ် …
ပြီးတော့ ကတ္တရာလမ်းပေါ်လှိမ့်လိုက်ရလို့ ဒူးတွေ၊ တံတောင်တွေကွဲသွားတယ် ….
ဒါပေမယ့်နောက်ပိုင်းလမ်းမှာတွေ့ရင် ကျွန်မကို “ရန်သူတော်၊မိတ်ဆွေကြီး” လို့ မကြားတကြားပြောတာကလွဲရင် ကျွန်မနောက်မလိုက်ရဲတော့ပါဘူး ….
မှတ်ချက်။ ။ သူနဲ့ချတုန်းက သူ ကရာတေးသင်တန်းတက်ခါစဆိုတာမသိပါဘူး။ နောက်တော့ ၀တ်စုံကြီးနဲ့ အိမ်ရှေ့ကဖြတ်လမ်းသလားမှသိတာ။ ကံကောင်းတာက သူကခါးပတ်အဖြူမို့ ကျွန်မသိပ်မထိခိုက်ဘူးထင်ပါရဲ့။း)
Posted by ကြယ်ပြာ at 9:15 AM 6 comments
Labels: အမှတ်တရများ