သူငယ်တန်းကျောင်းအပ်တုန်းက အရင်အပ်တဲ့သူက တန်းခွဲ(အေ) မှာနေရတော့ ကျောင်းအပ်စောတဲ့ကျမကတန်းခွဲ(အေ)ကိုရောက်တယ်။
တစ်တန်းရောက်တော့ အမှတ်တွေနဲ့ အခန်းပြန်ခွဲတော့ စာသိပ်တော်လွန်းတဲ့ကျမက တန်းခွဲ(ဘီ) ရောက်သွားတယ်။
အဲ့လို တစ်တန်းမှာ တန်းခွဲ(ဘီ) ရောက်လို့လည်း ကျမမှာထွေထွေထူးထူး ၀မ်းနည်းမိတာမရှိခဲ့ဘူး။
မရှိဆို ကျမသူငယ်တန်းတုန်းက လူ အယောက် (၃၇) ယောက်မှာ အဆင့် (၃၂) ရတာကို ပျော်လွန်းလို့ အိမ်ကို ခုန်ပေါက်ပြေးလွှားပြီး အမေ့ကိုကြွားရတာ အမောပေါ့။
နောက်တော့ အမေ ပြောမှသိတယ် အဲ့ဒါ “ညံ့” တာတဲ့။
ဒါလည်း မမှုပါဘူး။ ဘာလို့လည်းဆိုတော့ သူငယ်တန်းကနေ တစ်တန်း၊ နှစ်တန်းကို စာမေးပွဲသွားမဖြေ၊ အောင်စာရင်းသွားမကြည့်ပဲ ရောက်သွားတယ်လို့ ကို
ထင်ခဲ့ဖူးတာကိုး။း)
သုံးတန်းရောက်တော့မှ စာတော်တဲ့သူကို ဆရာမတွေချစ်တယ်ဆိုတာကို ကျမစသိတတ်လာတယ်။
ဆရာမတွေဟာ ကျမတို့ အမှတ်တွေ ကြေငြာတိုင်း အေခန်းက လူတွေနဲ့ နှိုင်းယှဉ် နှိမ်ကွပ်ပြောလေ့ရှိတယ်။ ခု အသက်ကြီးလာတော့ ဆရာမတွေ နှိမ်ပြောခဲ့တယ်ဆိုတာက ကြိုးစားချင်စိတ်ရှိအောင်ဖြစ်ပါလိမ့်မယ်လို့ ပြောင်းတွေးမိပါတယ်။ နောက်ပြီး တော်တဲ့အခန်းမှာ နေချင်စိတ်အဲ့ဒီအရွယ်မှာ စဖြစ်ပါတယ်။
ကျမ သုံးတန်း(ဘီ) ခန်းမှာတော့ သိပ်မညံ့ဘူးရှင့်။ အဆင့်(၁) ကနေ (၁၀) အတွင်းတော့ အမြဲဝင်တယ်။
ဒါပေမယ့် ဘီခန်း (၁) ကနေ (၁၀) ဆိုတာအေခန်း သာမန်တွေလောက်ပဲရှိတယ်လေ။ ကဲ ထားပါဦးလေ…
အဲ့ဒီအချိန်တုန်းက ကျမသူငယ်ချင်းတွေက ခင်နွယ်နွယ်ထွန်း၊ ကျော့ကေခိုင်၊ ဆွေဇင်ထွန်း၊ လှိုင်ဘုန်းမြင့် နှစ်ယောက်တွဲထိုင်ခုံတွေမှာ နှစ်ယောက်တတွဲစီပေါ့။
အဲ့ဒီထဲမှာမှ လှိုင်ဘုန်းမြင့် နဲ့ ဆွေဇင်ထွန်း ကိုမှတ်မှတ်ရရဖြစ်တယ်။ဖြစ်ဆို အမှတ်ရစရာတွေကလည်း ရှိခဲ့တာကိုး။
လှိုင်ဘုန်းမြင့်က ကျမကို ပြောတယ်။ သူက သူငယ်တန်းမတက်ခင်က လေယာဉ်မယ်လုပ်ခဲ့တာတဲ့။
သူငယ်တန်းတက်မှာမို့ အဲ့ဒီအလုပ်ကထွက်ခဲ့တယ်လို့ ကျမကိုပြောတယ်။ ကျမလေ ပါးစပ်လေး ဟောင်းလောင်းနဲ့ အထင်ကြီးလိုက်တာမပြောပါနဲ့တော့။ ကျမသိတာက လေယာဉ်မယ်ဆို လှတယ်။ ကျော့ကျော့လေး မော့မော့လေးပေါ့။ သူကလည်းဖြူဖြူလေးနဲ့ ချစ်စရာလေးဆိုတော့ ကျမလည်းယုံမိတာပေါ့လေ။ (အမှန်က ပိန်းတာ ဟီး ဟီး)
နောက် ဆွေဇင်ထွန်းကကျတော့ ဇာတ်လမ်းတွေဆင်ပြီး အရုပ်နဲ့ ကစားကြတဲ့နေရာမှာသိပ်တော်တယ်။
သူကဖြူဖြူလုံးလုံး တရုတ်မလေး။ ကျမတို့ငယ်ငယ်တုန်းက စက္ကူပေါ်မှာ အရုပ်ဆွဲ ကဒ်ထူနဲ့ကပ်။ အင်္ကျီမျိုးစုံ ကိုယ့်ဘာသာကိုယ်ဆွဲပြီး ဇာတ်လမ်းဆင်ဆော့ကြတာ။
ကျမမှာ ကိုယ်တိုင်လုပ်ထားတဲ့ မိန်းမတစ်ရုပ်၊ ယောက်ျားတစ်ရုပ်ရှိတယ်။ အင်္ကျီတွေဆိုလည်း အများကြီးပဲ။ ဒါပေမယ့် ကျမက ဇာတ်လမ်းမပြောတတ်ဘူး။
အရုပ်တွေနဲ့ စက္ကူအင်္ကျီတွေကို ဖတ်စာအုပ်တွေ ကြားထဲညှပ်ပြီး ကျောင်းကိုယူလာကြတယ်။ ဆရာမရှေ့ဆော့မိရင် အသိမ်းခံရလို့ အတန်းချိန်ပြောင်းပြီဆိုရင်
ခုံအောက်ကို ဆင်းထိုင်ပြီး ဆော့ကြတော့တာပဲ။ အဲ့ဒါနေ့တိုင်းနီးပါးဆော့တာ။
ဒီလိုနဲ့ ဆော့လိုက်၊ စာသင်လိုက်နဲ့ တဖြေးဖြေး အတန်းတင်စာမေးပွဲကြီးနီးလာပါရောလား။
မြန်မာစာဖြေတဲ့နေ့၊ အင်္ဂလိပ်စာဖြေတဲ့နေ့ အားလုံးအဆင်ပြေတယ်။
သင်္ချာနေ့ … ဇာတ်လမ်းကစပြီ။ ကျမကစာရတယ်။ ဒါပေမယ့် စာမေးပွဲဖြေရင်း အမှတ်(၄၀) ဖိုးလောက်ပဲဖြေရသေးပြီး အိပ်ချင်လာတာနဲ့ စားပွဲပေါ်မှောက်အိပ်မိသွားရော။
သင်္ချာတို့၊ အင်္ဂလိပ်တို့က စောပြီးတတ်တာမို့ အတန်းစောင့်ဆရာမကလည်း ပြီးလို့အိပ်တယ်ထင်ပြီး သူကလည်း မနှိုး၊ ကိုယ်ကလည်း မထနဲ့ ပထမခေါင်းလောင်းထိုးတဲ့အချိန်မှာ ကျမနိုးလာတာပေါ့။
အဲ့ဒီကျမှ ကျမဖြေထားတာပြန်ကြည့်မိတော့ အောင်မှတ်လေးတင်ရှိသေးတယ်။ အချိန်ကလည်း ၅ မိနစ်ပဲကျန်တော့တယ်။
တခုခုများမှားလို့ကတော့ ကျပြီပဲလို့တွေးလိုက်မိတာနဲ့ ကျမ တဗြဲဗြဲ နဲ့ငိုပါလေရောလား။
ကျမတို့စာမေးပွဲခန်းကို ဆရာမနှစ်ယောကစောင့်တယ်။ တစ်ယောက် ဆရာမဒေါ်တင်မိုးအေးဆိုတဲ့ ဆရာမ။ နောက်တစ်ယောက်ကိုတော့ ကျမ မမှတ်မိတော့ဘူး။ ကျမက အသည်းအသန်တွေငိုနေတော့ ဆရာမကပါ ငိုရော။
ဆရာ၊တပည့်နှစ်ယောက် ငိုရင်း ဒုတိယခေါင်းလောင်းထိုးသွားတော့ ကျမဆက်ဖြေလို့ မရတော့ဘူးလေ။ ဆရာမက ငိုရင်းနဲ့ပဲ ကျမတို့ ကျောင်းဂိတ်ဝထိလိုက်ပို့တယ်။ ကျမကလည်း ငိုရင်းပါသွားတာပေါ့။
ဆရာမက အမေ့ကို အကျိုးအကြောင်းမေးတော့ အမေက အ၇မ်းစိတ်မကောင်းဖြစ်ပေမယ့် ကျမကငိုနေတော့ မဆူရက်ဘူး။
အမှန်ဆို အမေက စိတ်ဆတ်တယ်၊ ငိုတာလည်းသိပ်မကြိုက်လှဘူး။ ဒါပေမယ့် ကျမက တလမ်းလုံး ရှိုက်ကြီး တငင်ငိုနေတော့ အမေက စိတ်ရှည်ရှည်ထားပြီး စိတ်သက်သာအောင်
“သမီး အုန်းနို့ခေါက်ဆွဲစားမလား” တဲ့ဆိုပြီးချော့ရှာပါတယ်။
အဲ့ဒီမှာ ကျမက“စားမယ်” လို့ပြောရင်း အလုံဘူတာနားကဆိုင်မှာစားကြတယ်။
ကျမက စားရင်း၊ ငိုရင်း တစ်ပွဲလည်းကုန်သွားရော မျက်ရည်ဝိုင်းတဲ့ မျက်လုံးကြီးတွေနဲ့ အမေ့ကို မော့ကြည့်လိုက်ပြီး အမေ့ကို စကားတစ်ခွန်းပြောလိုက်တယ်
.
.
.
.
.
.
.
.
.
.
.
.
“မေကြီး သမီးမ၀သေးဘူး နောက်တစ်ပွဲစားချင်တယ်” လို့ …………
အမေက စားမေးပွဲမဖြေနိုင်ရတဲ့ကြားထဲ ငတ်ကြီးကျနေတဲ့ သူ့သမီးကို စိတ်တိုပေမယ့် စိတ်တိုရအခက်ဖြစ်နေတဲ့ပုံကို ခုထိမြင်ယောင်တုန်း ဟိဟိ....
မှတ်မှတ်ရရ ကျမသုံးတန်းတုန်းက အတွေ့အကြုံလေးပါ။ အဲ့တုန်းက တကယ်ကို ၀မ်းနည်းငိုကြွေးခဲ့ရတာပေမယ့် ခုချိန်ပြန်စဉ်းစားတော့ ရယ်ချင်စရာလေးမို့
သူငယ်ချင်းတွေအတွက်ရေးလိုက်ပါတယ်။
သူငယ်ချင်းတွေ ပျော်ရွှင်ရယ်မောနိုင်ကြပါစေ။
ဂျပန်သွား တောလား - ၄
-
Day 9 - Takachiho Gorge, Miyazaki Prefecture, Kyushu Island
It is known for its crystal-clear mountain waters.
March 29, 2025.
Happy Traveling!
စန်းထွန...
2 hours ago
2 Comments:
စာမေးပွဲခန်းထဲမှာ အိပ်တဲ့သူ တခါမှ မကြုံဖူးသေးဘူး..တော်တော်ငတ်ကြီးကျတဲ့ ကြယ်ပြာလေးပဲ...ကျွန်မလည်း ငယ်ငယ်တုန်းက အဲဒီလို အရုပ်တွေနဲ့ ကစား.. မယ်ထွေးလေးပုံပြင်တွေကို ကျောက်သင်ပုန်းမှာ ဇာတ်လမ်းဆင်ရေးပြီး ကြီးခဲ့တာ..တို့ များ ငယ်ငယ်တုန်းက ခုခေတ်လို တီဗွီတွေ၊ အင်တာနက်တွေ မပေါ်သေးတော့ အတော်ဆော့ခဲ့သား..နောက်အပိုင်းတွေ ရေးဦးနော်..
ဟုတ်ပါ့ ... ငတ်ကြီးက ကျသလားမမေးနဲ့ ဟိ
လာဖတ်တာကျေးဇူးတင်ပါတယ်။
Post a Comment