ဒုတိယတန်း
=======
ဒုတိယတန်းမှာ ကျမအတွက် အမှတ်ရစရာသိပ်များများစားစားမရှိလှဘူး။ မှတ်မိတာလေးတစ်ခုက မုန့်စားနေတုန်း ဆရာလာလို့ပြေးရတာလေးတစ်ခုပဲရှိတယ်။
အဟမ်း .. အဟမ်း ..... အစားငမ်းတဲ့ ကြယ်ပြာပိစိကလေး အကြောင်းပေါ့ ....
ကျမတို့ ကျောင်းက အထက်တန်းကျောင်းပေမယ့် မုန့်စားဆောင်မှာ မုန့်ဆိုင်တွေတော့ သိပ်မမြိုင်လှဘူး။ မုန့်စားဆောင်နားရောက်ရင် ပထမဆုံးတွေ့ရမှာက ရေခဲချောင်းကို တွန်းလှည်းနဲ့ ရောင်းတဲ့ ရေခဲချောင်းသည်အစ်ကိုကြီး။ သူက ကျမသူငယ်တန်းကနေ ၁၀ တန်းရောက်တဲ့ထိ အဲ့ရေခဲချောင်းလှည်းလေးနဲ့ ရေခဲချောင်းရောင်းရင်းနဲ့ပဲ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးခဲ့တာ။
သူတင်ပဲလားဆိုတော့လည်း မဟုတ်ဘူး တခြားဆိုင်တွေလည်း လူမပြောင်းသွားကြဘူး။
နောက် သူ့နောက်ဘက်မှာကျတော့ ကပ်စေးနဲ၊ ဝေဖာယိုသုတ် စတာတွေကိုရောင်းတဲ့ တွန်းလှည်းနဲ့ အသည်ကြီး ရှိတယ်။ သူတို့က လင်မယားလား၊ ယောက်ကရှာအစ်မကြီးရောင်းတာလား မမှတ်မိတော့ဘူး။
နောက် အဲ့နားလေးမှာပဲ နို့အေးချောင်းနဲ့ ဒါးလှီိးရေခဲမုန့်ရောင်းတဲ့ မုတ်ဆိတ်ဗလဗျစ်နဲ့ လူကြီး။
သူက ဒါးလှီးရေခဲမုန့်ရောင်းတာများတယ်။ နို့အေးချောင်းကိုကျ တခါတရံမှရောင်းတယ်။
သံခွက်ကလေးတွေထဲကို နို့တွေထည့်ပြီး ရေခဲခွက်အ၀ိုင်းကြီး တဂျွမ်းဂျွမ်းလှည့်ရင်း ရလာမယ့် နို့အေးချောင်းကို ကျမအပါအ၀င် ကလေးတွေ မက်မက်စက်စက် ရှိလှတယ်။
သူ့ပါးစပ်က ရွတ်လေ့ရှိတာလေးကိုလည်း ကျမမှတ်မိနေတယ်
"အိုင်စီး ယူစီး နှစ်ယောက်စီးတော့ ပြုတ်ကျ" တဲ့ ......း)
နောက် မုန့်စားရုံအစ ညာဘက်မှာကျတော့ မန်ကျည်းဖျော်ရည်သည် မိသားစု။
ဘယ်ဘက်မှာကျတော့ ကျောင်းစောင့် ဦးကုလားရဲ့ အမေ ဘွားကျုတ်နဲ့ သူ့မိန်းမ မတင်အုံးတို့က
မုန့်ဟင်းခါး၊ အုန်းနို့၊ ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊ ၀က်သားဒုတ်ထိုး၊ ပြောင်းဖြူးပြုတ်၊ မြေပဲပြုတ်၊ ထန်းမြစ်၊ ပဲမြစ်၊ ဆီးသီးပေါင်း စတာတွေကိုရောင်းတယ်။
နောက် ဟိုးဘက်ထောင့်လေးမှာကျတော့ ဆီးထုတ်၊ ချိုချဉ်၊ နေကြာစေ့၊ သကြားလုံး၊ နံကထိုင် အစရှိတဲ့ ရယ်ဒီမိတ်မုန့်မျိုးစုံရောင်းတဲ့ မမြင့်စိန်တို့ဆိုင်။
ကဲ ... ဒါလေးပဲ ကျမဆို့ မုန့်စားရုံမှာရှိတယ်။ ဒါပေမယ့် အမယ်တွေတော့ စုံလှတယ်။ လုံလောက်တယ်လို့ပြောလို့တော့ရတာပေါ့။
ကျမ အကြိုက်ဆုံးအစားအစာက ဘွားကျုတ်ရောင်းတဲ့ ခေါက်ဆွဲသုပ်ပဲ။ တကယ်က ခေါင်ဆွဲသုပ်ဆိုလို့ ရှယ်သုတ်တော့ မဟုတ်ဘူး။ ခေါက်ဆွဲကို ဂေါ်ဖီနဲ့ ရောကြော်ထားတယ် နောက် အချဉ်ရည်နဲ့ ရောနယ်ပေးလိုက်တဲ့ မည်ကာမတ္တ အသုပ်။ ဒါပေမယ့် သိပ်အရသာရှိတယ်။ မနက်တိုင်း ကျမ အဲ့ဒါ မစားရရင် မနေနိုင်ဘူး။
ဒုတိယအကြိုက်ဆုံး မုန့်က ရွှေပုစွန်က နံကထိုင် (အခုတော့ မကြိုက်တော့ဘူး)။ မမြင့်စိန်တို့ဆိုင်က နံကထိုင် ၁ ခုကို ၃ မတ်။ ကျမ မုန့်ဖိုးက ၁ ကျပ် ခွဲ။ ခေါက်ဆွဲသုပ်က ငါးမူး ဆိုတော့ ကွက်တိပဲ (စုတောင် မစုနိုင်ဘူး )
ကျမတို့ကျောင်းလေးက သူများကျောင်းတွေလိုပဲ ပထမကျောင်းတက်ခေါင်းလောင်ထိုးရင် ကျောင်းသားတွေအကုန် အတန်းထဲမှာရှိပြီး ဘုရားရှိခိုးရတယ်။ ကျမက တခါတလေ နောက်ကျတတ်တယ်။ ကျောင်းရောက်တာနဲ့ ကျမရဲ့ပထမဆုံးအလုပ်က လွယ်အိတ်ပစ်ချပြီး ဘွားကျုတ်ဆိုင်ကို ပြေးတာပဲ။ ဘယ်လောက်အိမ်ကပဲ စားလာရပါစေ ဘွားကျုတ်အသုတ်ကို နေ့တိုင်းစားရမှ စိတ်ထဲအာသာပြေတယ်။ ခေါင်းလောင်းထိုးသွားရင် ဒု-ကျောင်းအုပ် ခေါင်းဖြူဆရာကြီးက မုန့်စားရုံကို ပတ်စစ်လေ့ရှိတယ်။
ကျမက အစာစားရင် သိပ်မ၀ါးပဲ မျိုချလေ့ရှိတာ ငယ်ကတည်းက အကျင့်ဆိုပါတော့။ တနေ့ ကျမ အပူတွေကန်လို့ အာခေါင်တွေမှာစင်းကြောင်းတွေထပြီးရေသောက်ရင်တောင် နာနေတဲ့အချိန်မှာ ကျမကျောင်းချိန်ကွက်တိရောက်သွားတယ်။ မနက်စာ စားချိန်မရှိတော့ဘူး။ ဒါပေမယ့် ကျမရဲ့ တဇွတ်ထိုးထုံးစံအတိုင်း မုန့်ဆိုင်ကိုပြေးတယ်။ အသုပ်စားတော့ ထင်သလောက် ခရီးမရောက်ဘူး အာခေါင်က နာနေတာကိုး။ အဲ့ဒီအချိန်မှာ ခေါင်းဖြူဆရာကြီးကလာနေပြီ ကြိမ်လုံးကလည်း တ၀င့်ဝင့်။ အသုပ်ကလည်း တန်းလန်း မျိုချလို့ကလည်းမရ ဖြတ်ချလို့ကလည်း အဆင်မပြေ။ ပါးစပ်မှာ ခေါက်ဆွဲတန်းလန်းစားရင်းနဲ့ ဆိုင်တွေနောက်ဘက် ပတ်ပြီး ပုန်းရတယ်။ ပါးစပ်ကလည်းအစားမပျက်၊ လူကလည်း ကုန်းကွပုန်း၊ ဆရာကြီးပြန်ပြီလားလည်းချောင်းကြည့်ရနဲ့ တော်တော်ကို ကိုးယိုးကားယားနိုင်ခဲ့တာ။ ဒါပေမယ့်လေ ကျမခေါက်ဆွဲသုပ်ကို ပြေးရင်းလွှားရင်း အောင်မြင်စွာ ကုန်အောင် စားနိုင်ခဲ့တယ်။ အရိုက်လည်း မခံရဘူး။
မှတ်မှတ်ရရ ရင်ခုန် (ကြိမ်လုံးစာကြောက်လို့)၊ စိတ်မော၊ ပျော်ရွှင်ခဲ့ရတဲ့အဖြစ်လေးတစ်ခုပေါ့။
သူငယ်ချင်းတွေလည်း ပြုံးပျော်နိုင်ကြပါစေ .......
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
4 Comments:
တော်တော်ဆိုးတဲ့ ကြယ်ပြာ ပေါက်စ ပိစိလေး။း)
အလိုလေး...အစားသရဲပဲကိုးဗျ...ဦးဟန်ကြည်တို့ မုန့်ဖိုးငါးမူးရတုန်းက တစ်မတ်ဖိုးစားတာတောင် ဗိုက်ကားလွန်းလို့ ကျန်တဲ့တစ်မတ်ကို စုထားရတယ်...း)
ဟီးပျော်လိုက်တာ ... ကိုကိုမောင်နဲ့ ဦးဟန်ကြည့်လာဖတ်တယ်ကွ .....
စန်းထွန်းလည်း အစားသောင်းကျန်းတယ်...ငယ်ငယ်တုန်းက အကြောင်းတွေကို ကြယ်ပြာ့လောက် မမှတ်မိဘူးရယ်..ကြယ်ပြာက အတော်လေး အသေးစိတ် မှတ်မိနေတယ်..မှတ်မိသလောက် ရေးနော် ရေးနော် ဒိုင်ယာရီပေါ့...နောက်အပိုင်းတွေလည်း မျှော်နေပါကြောင်း...
Post a Comment