
ပုံလေးကို ဒီက (http://pro.corbis.com) ယူပါတယ်။
ခုတလော ရာသီဥတုကပူပြင်းလွန်းတယ် … အိမ်အပြင်ဘက်ကိုလှမ်းကြည့်လိုက်ရင် ပတ်ဝန်းကျင်က ခြောက်ခြောက်သွေ့သွေ့ကြီးနဲ့ ဘာကိုလွမ်းလို့လွမ်းမှန်းမသိ စိတ်ထဲခပ်ဆွေးဆွေးလေးဖြစ်နေမိတယ် …. အတွေးတွေကလဲ တောင်စဉ်ရေမရ ဟိုရောက်လိုက် ဒီရောက်လိုက် ….. ဟော … ကြည့်နေရင်းနဲ့မိုးတွေရွာကျလာပြန်ပြီ … မိုးရွာတော့လဲ လွမ်းတာကပျောက်မသွားပါဘူး … ပိုတောင်ဆိုးလာသလိုပဲ … လျှောက်တွေးရင်းနဲ့ပဲ ၂၀၀၃ ကနေ ၂၀၀၅ လောက်ထိ သူငယ်ချင်းတွေတူတူစုပြီး အပတ်တိုင်း ရွှေတိဂုံဘုရားရောက်ဖြစ်တာလေး ပြန်တွေးပြီး လွမ်းမိသွားတယ် ….
ကျွန်မက သူငယ်ချင်းများတယ် … ကျွန်မသူငယ်ချင်းတွေထဲမှာ ၁၈ နှစ်ကနေ အသက် ၄၀ကျော်အရွယ်ထိ ယောက်ျားလေး၊ မိန်းကလေး ပေါင်းစုံပါတယ် … အဲ့ဒီတုန်းက ကျွန်မနဲ့အများဆုံးတွဲဖြစ်တဲ့သူငယ်ချင်းက အေမီ ဆိုတဲ့သူငယ်ချင်း … အသက်ချင်းကမတိမ်းမယိမ်းဖြစ်သလို ကုသိုလ်ကံအကျိုးပေးတွေကလဲ ခပ်ဆင်ဆင် … အလုပ်တစ်ခုလုပ်ရင် တစ်ခါတည်းနဲ့အဆင်ပြေချောမွေ့သွားတယ်ဆိုတာက ခပ်ရှားရှား၊ အတိုက်အခံလေးဖြစ်ပြီးမှ အဆင်ပြေသွားတတ်တာချည်းပဲ …. နောက် ကျွန်မထက် (၅)နှစ်လောက်ငယ်တဲ့ လင်းထွန်းဆိုတဲ့သူငယ်ချင်းကောင်လေးတစ်ယောက်ရယ်၊ အသက် (၂)နှစ်ငယ်တဲ့ ရဲရန်အောင် ဆိုတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ရယ် အပတ်တိုင်း ဘုရားမှာတွေ့ဖြစ်ကြတယ် … အရင်က ကျွန်မတို့ လေးယောက်က ကုမ္ပဏီတစ်ခုတည်းတူတူလုပ်ကြတယ် …. နောက်တော့ ကျွန်မနဲ့အေမီက အလုပ်သစ်ကိုပြောင်းသွားတယ် … ကျွန်မတို့နှစ်ယောက်က အလုပ်မှာ အတိုက်အခံတွေများလွန်းလို့ ဆိုပြီး ဘုရားမှာတံမြက်စည်းလှဲပြီး ကုသိုလ်လုပ်ကြဖို့တိုင်ပင်ကြတယ် …နောက်တော့ လင်းထွန်းပါ ကျွန်မတို့နဲ့ တူတူ အပတ်တိုင်း ရွှေတိဂုံဘုရားပေါ်မှာ တံမြက်စည်းလိုက်လှည်းတယ် … ကျွန်မတို့ သုံးယောက်ကြားမှာ ချစ်စရာဓလေ့လေးတစ်ခုရှိတယ် … ဘုရားပေါ်တက်ရင် အငယ်ဆုံးသူက ဘိနပ်အိတ်ကို ကျေကျေနပ်နပ်ကိုင်ပေးလေ့ရှိကြတာပါ … ကျွန်မတို့က အတက်မုခ်နဲ့အဆင်းမုခ်တူလေ့မရှိတော့ ဘိနပ်တွေကို အမြဲပဲ အိတ်နဲ့ထည့်သယ်ရတယ် … လင်းထွန်းမပါတဲ့နေ့ဆိုရင် ကျွန်မကိုင်ရတယ် …. လင်းထွန်းနဲ့ကြုံရင် သူက အိတ်ကိုင်ပေးတယ် … ကျွန်မတို့တွေ မောင်နှမအရင်းတွေလိုချစ်ခင်ကြတယ် …
နောက်တော့ ရဲရန်အောင်ပါ ပါလာတယ် … တခါတလေ ကျွန်မတို့သူငယ်ချင်းတွေ ၁၀ ယောက်လောက်ရှိတယ် လိုက်လိုက်လာပြီးဝိုင်းလှည်းကြတယ် ..… ကျွန်မတို့က အသင်းဝင်ထားတာမဟုတ်ပဲ လှည်းနိုင်သလောက် ဧရိယာလေးသတ်မှတ်ပြီးလှည်းကြတယ် … နေရာကတော့ ကျွန်မတို့ထိုင်လေ့ရှိတဲ့ ဗုဒ္ဓ၀င်ပြခန်းဘက်ဆင်းတဲ့ ညောင်ပင်တစ်ဝိုက်ပေါ့ … ကျွန်မတို့ အလုပ်ဆင်းပြီဆိုရင် တံမြက်စည်းလှည်းပြီးမောရင် စားဖို့ဆိုပြီး အကြော်ကို အလှည့်ကျ ၀ယ်လေ့ရှိတယ် … ပြီးတော့ ကျွန်မတို့ရဲ့စုရပ်နေရာလေးကို သူငယ်ချင်းတွေ အလျှိုလျှိုရောက်လာကြရော … ကျွန်မတို့ လူစုံပြီဆိုရင် တံမြက်စည်းရှာပုံတော်အရင်ဖွင့်ရတယ် … တခါတလေ ရင်ပြင်တော်သာ တစ်ပတ်ပြည့်သွားတယ် တံမြက်စည်းက သုံးချောင်းလောက်ပဲရတယ် … နောက်ပိုင်းတော့ ဂေါပကရုံးကနေလိုသလောက်သွားငှားတယ် … ပြီးရင်သွားပြန်ပို့ပေးလိုက်နဲ့ အဆင်ပြေသွားတယ် ….
ကျွန်မတို့တွေတံမြက်စည်းလှည်းနေကြတာမြင်ရင် တချို့စုံတွဲလေးတွေ၊ တချို့ ကလေးတွေ လူကြီးတွေပါ တံမြက်စည်းခဏလောက်ပေးပါဆိုပြီး ကုသိုလ်ပါဝင်ကြတာမြင်ရတော့ ကြည်နူးမိတယ် … ပြီးတော့ ကျွန်မတို့လှည်းထားလို့ ဘုရားဖူးတွေ အမှိုက်သရိုက်ကင်းကင်းနဲ့ သွားလာနေကြတာ မြင်ရင်လည်း ကြည်နူးမိတယ် … မိုးအရမ်းရွာချထားလို့ တံမြက်စည်းလှည်းမရတဲ့နေ့တွေဆိုရင် ကျွန်မတို့ လက်နဲ့ ညောင်ရွက်ကြွေတွေလိုက်ကောက်ကြတယ် … အားလုံးပြီးပြီဆိုရင် ဇရပ်ပေါ်မှာဝိုင်းထိုင်ကြပြီး အလယ်မှာအကြော်ထုတ်ချ၊ သူငယ်ချင်းတွေ အကြော်စားကြရင်း အလုပ်အကြောင်း၊ ပြင်ပဗဟုသုတတွေအကြောင်း၊ အနုပညာအကြောင်း သိသလောက်လေးတွေဝေမျှကြတယ် … ဆွေးနွေးကြတယ် … ကျွန်မတို့တွေ ၉ ခွဲလောက်ထိ နေကြပြီးရင် အသီးသီးလမ်းခွဲကြလေ့ရှိတယ် … တစ်ပတ်တစ်ရက်နဲ့ ဒီအကျင့်လေးကို ကျွန်မတို့ သုံးနှစ်နီးပါး မပျက်မကွက်ထိန်းသိမ်းခဲ့ကြတယ် …
ခုချိန်မှာတော့ ကျွန်မတို့တွေအားလုံးနေရာတကွဲစီမှာရောက်နေကြပြီ … တချို့က ရန်ကုန်မှာ၊ တချို့က ဘန်ကောက်မှာ၊ တချို့က စင်္ကာပူမှာ …. ကျွန်မတို့တွေအရင်လိုပြန်ဆုံကြဖို့မလွယ်တော့ဘူး …. ဆုံဖြစ်ကြရင်ရော ရွှေတိဂုံဘုရားပေါ်က ကျွန်မတို့ တံမြက်စည်းလှည်းနေကြနေရာလေးမှာ ဆုံနိုင်ပါတော့မလားလို့ တွေးရင်း စိတ်မကောင်းဖြစ်နေမိတယ် …. ဘာပဲဖြစ်ဖြစ် တချိန်က အမှတ်တရလေးကိုတော့ ကျွန်မစိတ်ထဲမှာ ဘယ်တော့မှမေ့ပျောက်မှာမဟုတ်သလို သူငယ်ချင်းတွေကိုလဲ အမြဲတမ်းသတိရနေမိပါတယ် …..
လေပြေကျော့
သော့တဲ့ညနေ
ရင်ပြင်ပေါ် ဖော်တစ်သင်းရယ်နဲ့
စုပေါင်းကာ ကုသိုလ်ပြုရတယ်
ထူးလှပါပေ့ …..
မှတ်ချက်။ ။ အေမီ၊ လင်းထွန်း၊ ရဲရန်အောင်၊ ကိုလင်း၊ သူရိန်၊ အောင်ညီလတ် နဲ့ မကြာခဏလိုက်လာ ကုသိုလ်ပြုလေ့ရှိတဲ့ သူငယ်ချင်းများအားလုံးကို သတိရလို့ရေးလိုက်တဲ့ပို့စ်လေးပါ ….
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
12 Comments:
Wishes u everyday must do Ku sa la
တွေ့ကြုံဆုံကွဲကလောက ဓမ္မတာပေါ့မကြယ်ပြာ
ကောင်းသောနေ့ပါ :)
ညီမလေးရေ.. သာဓု သာဓု သာဓု ပါ...
အမဆို အဲဒီလို တစ်ခါမှ မလုပ်ဖြစ်ဘူး.. ဒီထဲက လူအကုန်လုံးကို သိနေတော့ စာဖတ်ရင်း သူတို့တွေကိုပါ မြင်ယောင်မိပြီး သတိရမိတယ်.... :)
မောင်ခင်လေးရေ ... လောကဓမ္မတာတော့ဟုတ်ပါတယ် ... ဒါပေမယ့် တခါတခါကျတော့လဲ လွမ်းမိတာပေါ့ ...
မနုရေ ... ဟုတ်တယ် အစ်မ ... အဲ့တုန်းက အရမ်းပျော်ဖို့ကောင်းခဲ့တာ ....း)
ကျွန်တော်လည်း ၁၀ တန်းအောင်ပြီးကာစက မြသလွန်ဘုရား မှာ လုပ်ဖြစ်တယ်။ ဥပုဒ် အသင်းမှာ ၀င် ပြီးလုပ်တာလေ။
ကြည်နူးစရာနော်။
ပြန်မျှဝေတာကျေးဇူးပါ။
သိပ်ကောင်းတဲ့ ကုသိုလ်ယူမှု့လေးပါ။ မငုံလဲ ဘုရားရောက်ရင် တံမြတ်စည်းလှည်းတတ်တဲ့ အကျင့်လေးရှိတယ်။ အများကြီးတော့ ဟုတ်ဘူးရယ်။ နီးနီးနားနားလေးကို ရှင်းအောင်လှည်းပေးလိုက်ရရင် စိတ်ထဲ ပျော်သွားတယ်။ သူငယ်ချင်းတွေနဲ့ ပြန်ဆုံမဲ့ရက်လေး နီးပါစေနော်။။
သယ်ချင်းရေ
ပြုခဲ့တဲ့ ကုသိုလ်ကြောင့်
လုပ်ငန်းခွင်မှာ ဆင်ဆင်ပြေပါစေနော် .. ..
ငယ်တုန်းက လုပ်ဖြစ်ပေမယ့်
ကြီးလာတော့ လုပ်ဖြစ်တော့ဘူး။
ခင်မင်စွာနဲ့
တစ်ချိန်ချိန်မှာတော့ သူငယ်ချင်းတွေနဲ့ ပြန်လည်
ဆုံဆည်းခွင့်လေးကို ရရှိပါစေဗျာ
သီဟသစ်ရေ ... ၀ါသနာတူသမားတွေ့ရလို့ဝမ်းသာပါတယ် ...
မငုံ ... ကြယ်ပြာလဲ ရင်ပြင်တော်တစ်ခုလုံးမဟုတ်ပါဘူး .. နေရာလေးတစ်ခုသတ်မှတ်ပြီးလှည်းတာပါ...း)
ရှမ်းလေးရေ တောင်းပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ် ... ကျေးဇူးပါ ...
မောင်လေးတလနွန် ... ဆုတောင်းပေးလို့ကျေးဇူးပါ ...း)
သာဓုပါ ညီမရေ။ သိပ်ကောင်းတဲ့ အလေ့အထလေးပေါ့ ။
ငါ့ညီမ ဒီ့ထက်မက ကုသိုလ်ကောင်းမှုတွေ ပြုနိုင်ပါစေကွယ်။ ပြုခဲ့ဘူတဲ့ကုသိုလ်တွေကြောင့် ငါ့ညီမ အလုပ်အကိုင်တွေလည်း အဆင်ပြေချောမွေ့ပါစေ ကွယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အစ်ကိုမိုးမြင့်တိမ် ..
ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်ရှင်
တကယ့်ကို ဖြူစင်သန့်ရှင်းတဲ့ စိတ်လေးတွေနဲ့ ပြုခဲ့တဲ့ ကုသိုလ်ပေါ့ မကြယ်ပြာရယ်။ သာဓု သာဓု သာဓုပါဗျာ။
အဲဒီ့ကုသိုလ်လေးကြောင့် မကြယ်ပြာဘ၀မှာ ဘယ်လိုအခက်အခဲ ကြုံကြုံ အဆင်ပြေချောမွေ့စွာ အောင်မြင်ကျော်လွှားနိုင်မှာပါ ။
ဆူးရင့်
Post a Comment