
(Image from http://www.marybethart.com)
မေကြီးရေ ခုတလော သမီးအတွေးတွေယောက်ယက်ခတ်နေသလိုပဲ …. တစ်ခုခုစဉ်းစားနေရင်း မပြီးခင် နောက်တစ်ခုကို စဉ်းစားမိတာမျိုးတွေဖြစ်ဖြစ်နေတယ် …. အိမ်ကိုလဲ ခဏခဏသတိရလို့ ဖုန်းဆက်ဆက်နေမိတာနဲ့ ဖုန်းကဒ်ဖိုးတွေလဲ ကုန်တာမနည်းဘူး …. ဒါပေမယ့် မေတို့ ဖေတို့ နဲ့စကားပြောရတာ သမီး စိတ်ချမ်းသာတယ် … မေတို့က သမီးကိုစိတ်ပူ၊ သမီးက မေတို့ကိုစိတ်ပူနဲ့ ဟုတ်တော့ ဟုတ်နေတာပဲ …
မေနဲ့သမီးနဲ့ သားအမိရယ်လို့ ရင်းရင်းနှီးနှီးစကားသိပ်မပြောဖူးဘူးနော် …. ဖုန်းထဲကနေဆိုရင် လည်း ဖေနဲ့စကားပြောသလောက် မရင်းနှီးဘူး …. မေကလဲ ပြန်ခံပြောတာ ဘယ်လိုမှမကြိုက်တဲ့သူ၊ သမီးကလဲ ကိုယ်မှန်တယ်ထင်ရင် တစက်မှ မလျော့ချင်တဲ့သူ ဆိုတော့ ငယ်ငယ်ကတည်းက သိပ်မတည့်ဘူးလေ …. ငယ်ငယ်တုန်းက သူများတွေက “ဖေနဲ့မေ ဘယ်သူ့ကိုချစ်လဲ” မေးရင် “ဖေကြီးကိုပဲချစ်တယ်” လို့ သမီးအမြဲဖြေလေ့ရှိတယ် …
ဒါပေမယ့် ခု မေ့ကို အရမ်းသတိရနေတယ် … မေ့မျက်လုံးသက်သာရဲ့လားမသိဘူး …. သေချာရောပြန်မြင်ပါ့မလား စိတ်ပူနေမိတယ် … ဘာလိုလိုနဲ့ မေ့မျက်လုံးထိခိုက်ထားတာ တစ်နှစ်တောင်ပြည့်တော့မယ် …. ဒီတစ်ခေါက်လေဆာပစ်ပြီးရင်တော့ အခြေအနေတစ်ခုခုသိရမယ်ထင်တယ် … မေ့မျက်လုံး အရင်အတိုင်းပြန်ကောင်းပါစေလို့ သမီးဆုတောင်းနေပါတယ်….
သမီးရင်ထဲမှာရှိပြီး မေ့ကိုမပြောဖြစ်တဲ့စကားတွေကို သမီး စာတစ်ပုဒ်အနေနဲ့ ချရေးနေဖြစ်တယ် …..
သမီးငယ်ငယ်က မေ့ကို အထင်တွေလွဲခဲ့ဖူးတယ် … မောင်နှမသုံးယောက်ထဲမှာ သမီးက အဆူခံရဆုံး၊ အရိုက်ခံရဆုံးလေ …. မေပြောနေကျစကားရှိပါတယ် “မိန်းကလေး တစ်ယောက်တည်းပါပါတယ် … သူကငါးဖယ်မ၊ ထုလေမာလေ” တဲ့ …. “ဘာလို့ ငါ့ကိုမှရွေးရိုက်တာလဲ” ဆိုပြီးမကျေမနပ်ဖြစ်ခဲ့ဖူးတာလည်း အကြိမ်ကြိမ်ပါ … မေ့ကိုလဲ ဘာလို့ဒေါသကြီးမှန်း နားကိုမလည်ပေးနိုင်ဘူး … အေးအေးဆေးဆေးပြောလဲရတာပဲဆိုပြီး စိတ်ဆိုးမိတယ်…. ခုတော့ မေ့ကိုသမီးနားလည်တတ်လာပါပြီ … မေက ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့တဲ့အပြင် အိမ်မလည်၊ အပြင်သိပ်မထွက်ပဲ အိမ်မှုကိစ္စတွေနဲ့ပဲ အချိန်ကုန်တတ်တဲ့ မေ့အတွက် ဒီမိသားစုငါးယောက်သည်သာ မေ့ကမ္ဘာဖြစ်နေတယ်ဆိုတာကို သမီး သိလာတာသိပ်မကြာသေးဘူး …. ပြီးတော့ မေ့မှာ ဆီးချိုကလဲရှိ၊ နှလုံးသွေးကြောကလဲကျဉ်းတော့ နေမကောင်းသူတွေရဲ့ထုံးစံအတိုင်း စိတ်တို၊စိတ်ဆတ်တယ်…. အဲ့ဒီတော့ ထစ်ကနဲရှိ ဆူမယ်ဆိုတာချည်းပဲဆိုတာကိုလဲ သမီးနားလည်တတ်လာပါပြီ ….
မေကြီးရေ …. သမီးတို့သားအမိနှစ်ယောက်တူတာဆိုလို့ ဘောလုံးပွဲမကြိုက်တာ တစ်ခုပဲရှိမယ်ထင်တယ် … ဘောလုံးပွဲ လွှင့်တဲ့နေ့ဆိုရင်တော့ သမီးတို့စည်းလုံးကြတယ်နော် … ဖေကြီးရယ်၊ ကိုကြီးရယ်၊ မောင်လေးရယ်က အားရပါးရ အော်ဟစ်အားပေးပြီးကြည့်ကြတော့ သမီးက နားမခံသာတော့ မေ့ကိုကပ်ပြီးချွန်ရတာလေ ….“မေကြီး ကိုကြီးတို့ကိုပြောလိုက်လေ … အော်ပြီးကြည့်ရင် တီဗွီလာပိတ်မယ်” လို့ဆိုတော့ မေက သမီးပြောတဲ့အတိုင်း အော်ပေးတယ် … မကြိုက်တာချင်းတူလို့လေ ….း)
“မေကြီးက သိပ်အမိန့်ပေးတာပဲ …. သမီးမလုပ်ချင်တာတွေကို ဗီတို အာဏာနဲ့ခိုင်းတယ် …. ပြီးတော့ စိတ်တိုင်းမကျရင်လဲ ဆူပြန်သေးတယ် …. အရိုက်ကလဲ ခံရသေးတယ် …. တကယ်ကလေ သမီးက မေ့ကိုမကြောက်ပါဘူး … မေ့လက်ထဲက ကြိမ်လုံး ကိုကြောက်တာ … သမီးက အသားနာမခံနိုင်သလို နားပူလဲမခံနိုင်ပါဘူး …..” လို့ စိတ်ထဲမှာ ခဏခဏပြောဖြစ်တယ် …. အပြင်မှာပြောရင် ကြိမ်လုံးစာမိမှာစိုးလို့လေ …
သားသမီးတွေအတွက်ဆိုရင် ရှေ့မှာမားမားမတ်မတ်ရပ်ပေးတဲ့ မေ၊ တစ်အိမ်လုံးကိစ္စကို သူကိုယ်တိုင်လုပ်ရမှကျေနပ်တဲ့မေ၊ ဟင်းချက်သိပ်ကောင်းလွန်းတဲ့မေ၊ တခါတရံ မထင်မှတ်လောက်အောင် နောက်ပြောင်တတ်ပြီး မိသားစုကိုပျော်ရွှင်စေတဲ့ မေ
အဲ့လိုလေး အမြဲနေနိုင်အောင် မေ့ကျန်းမာရေးကို သေချာဂရုစိုက်ပါနော် .....
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
12 Comments:
အမေ့ကို သတိပိုရတယ်...
၁၀တန်းတုန်းက အိပ်ငိုက်ပြီးစာမလုပ်လို့ ဘေးမှာထိုင်စောင့်တတ်တဲ့ အမေ့ကို အဲဒီတုန်းကလို ခု စိတ်မခုတတ်တော့ပါဘူး...အမလိုပဲ နားလည်ပေးယုံမက ကျေးဇူးတောင်တင်နေတတ်ပါပြီ...အမေ့ကို လွမ်းလိုက်တာ...
အခုတော့ နားလည်နိုင်ပြီပေါ့...။ :)
မကြယ်ပြာ အမေရဲ့မျက်လုံး အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေ...။
ချမ်းမြေ့ရေ ...
များသောအားဖြင့် သားတွေကတော့ အမေတွေကို အရမ်းချစ်ကြတယ်လေ ... အစ်မကတော့ အမေ့ကို ကြီးလာမှချစ်တတ်လာတာ ...
လွမ်းလုင်ရေ ....
တောင်းပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်
ငဖယ်မလေးရေ (အဟိ ..)
မိဘတိုင်းက
ကိုယ့်သားသမီး ကောင်းစားရေး အတွက်ပဲ ဦးစားပေး စဉ်းစားတတ်ကြပါတယ်။
ဆူတယ်၊ ရိုက်တယ် ဆိုတာကလည်း
ပိုကောင်းစေချင်၊ ပိုတတ်စေချင်လို့၊ ပိုနားလည် စေချင်လို့ စေတနာနဲ့ ပြုပြင်တာပဲ ဖြစ်ပါတယ်။
ခင်ပွန်းကြီး ၁၀ ပါးထဲမှာပါတဲ့ ဖေတို့ မေတို့ကို
စိတ်နဲ့တောင် မပြစ်မှားရဘူး သိလား။
အမေမကောင်းတာလုပ်လည်း အမေကောင်းတယ်
အဖေမကောင်းတာလုပ်လည်း အဖေကောင်းတယ် ဆိုတဲ့ သံမဏိစိတ်ဓာတ်ကို သယ်ချင်းစိတ်ထဲ ရိုက်သွင်းထားပါနော်။
နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ပါစေ ..
(ငါးဖယ်မလေးတဲ့လား)
ရှမ်းလေးရေ … ကိုယ့်အတွက်ကောင်းအောင်လုပ်ပေးတယ်ဆိုတာ သိတော့သိပါတယ် … ဒါပေမယ့် ကြပ်လွန်းတော့လဲမကြိုက်ဘူးပေါ့ … အဲ့တုန်းက ကိုယ်က ကလေးပဲရှိသေးတာကိုး… ခုတော့ ကိုယ်ကရိုက်ပြီးပုံသွင်းမှရမယ့်သူမို့ (ရိုက်တာနဲ့တန်သူမို့) ရိုက်ပြီးဆုံးမရတယ်ဆိုတာ နားလည်လာပြီလေ … စိတ်လဲမဆိုးတော့ပါဘူး … ငယ်တုန်းကတော့ ကိုယ့်ကိုရိုက်ရင် ဘုကြည့်ပြန်ကြည့်၊ အံကြိတ်၊ မျက်ရည်မကျ၊ လက်သီးဆုပ်မဖြေ ဆိုတဲ့ ပုံဆိုတော့ မြင်ကြည့်လေ … ရိုက်ချင်စရာ … ကိုယ်အိမ်ထောင်ပြု ကလေးမွေးရမှာတောင်ကြောက်တယ် …. ကိုယ့်ထက်သာတဲ့ သမီးနဲ့တွေ့မှာစိုးလို့ အဟီး …
ခုတော့ အမေကို အပြစ်မမြင်ချစ်တတ်တဲ့သမီးတစ်ယောက်ဖြစ်နေပါပြီ …..း)
ညီမလေးရေ.. အမလည်း ညီမလေး အဖြစ်နဲ့ အတူတူပဲ.. တခါတလေဆို အမက သမီးကို မွေးစားထားသလားတောင် မေးတာ.. အရိုက်ခံရလွန်းလို့.. အမေကို မချစ်ဘူး.. အဖေကိုပဲ ချစ်တယ်လို့ပြောရင် အမ အမေက နင်တို့က ငါမွေးထားတာ မဟုတ်ဘူး.. နင့်အဖေဘက်က ပါလာတာဆိုပြီး ရွဲ့ပြောတတ်တယ်.. အမေကို ငယ်ငယ်က ပြစ်မှားတာလေ.. အခုနောက်ပိုင်းကျတော့မှ သိတတ်လာတယ်ဆိုရမှာပေါ့.. မိဘတွေရဲ့ စိတ်ကို ပိုနားလည်လာတာပေါ့.. ကိုယ်က ငယ်ငယ်ကတော့ မစဉ်းစားတတ်ဘူးလေ.. အခုတော့ အမလည်း ၀ဋ်လည်မှာ ကြောက်တယ်.. :)
ညီမလေး မေမေ မြန်မြန်နေကောင်းပြီး ကျန်းမာပါစေ.. စိတ်ပူတာကိုတော့ အမလည်း ကိုယ်ချင်းစာတယ်.. လူကြီးတွေကလည်း ကိုယ်တွေကို စိတ်မချ၊ ကိုယ်တွေကလည်း ရန်ကုန်က လူကြီးတွေကို စိတ်မချနဲ့.. ကိုယ်ပဲဖြစ်နေတယ် အောက်မေ့နေတာ..
ဟုတ် ဒါမျိုးတွေက ဖြစ်တတ်ပါတရ် ။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ဖူးတရ် ။ ဘာလို့လည်းမသိဘူး ခုတလော ဖေဖေနဲ့မေမေ့ကို ပိုသတိရနေတရ် ။ အိမ်ပြန်ချင်တရ် ဟူးးးးးဟူးး...အနွေးထွေးဆုံး အမေ့အိမ် ။
(ကိုရဲ)
အမ ရဲ့  အမေ နေကောင်းပါစေဗျာ
ကျွန်တော်ကတော့ အဖေ ထက် အမေ ကိုပိုချစ်တယ်
ရိုက်တဲ့အခါကျရင်တော့ စိတ်နာမိပေမယ့် ဒါဟာ ကိုယ့်အတွက် လမ်းညွှန်ပေးနေတာပဲလေ
ကမ္ဘာမှာ အမေ့တွေက သားသမီးအပေါ် အကောင်းဆုံးပဲ
သတိတောင်ရသွားတယ်ဗျာ..အမေ့အိမ်ကို
မနုရေ ဆုတောင်းပေးလို့ကျေးဇူးတင်ပါတယ် အစ်မ …
မောင်လေးကိုရဲရေ … အစ်မလဲ ခုတလော ခဏခဏသတိရတယ် … အားနေဖုန်းခေါ်ခေါ်ဖြစ်နေတာပဲ …
မောင်လေးတလနွန်ရေ … ဆုတောင်းပေးတာကျေးဇူးပါ … အစ်မက ခုတော့ အဖေနဲ့အမေကို တူတူချစ်တတ်သွားပါပြီ … အရင်က တခုခုဆိုအဖေ့သဘောထားအတိုင်းပဲလိုက်နေကျပေမယ့် ခုတော့ အမေ့ခံစားချက်နဲ့ဆန္ဒတွေကိုပါ ထည့်စဉ်းစားတတ်နေပြီလေ ….
ညီမရေ...
လောကမှာ အလင်းလက်ဆုံးနေနဲ့လဟာ ကမ္ဘာမြေရဲ့ အမိနဲ့ အဖပေါ့။ ဒီလိုပါဘဲ အကိုတို့လို ပုထုဇဉ်တွေမှာလည်း အဖိုးမဖြတ်နိုင်ဆုံး အတောက်ပဆုံး အစားထိုးမရနိုင်ဆုံးရတနာ နှစ်ပါးကတော့ အမိနဲ့ အဖပေါ့ ။ မိဘကျေးဇူးကို နားလည် သိတတ်တဲ့ ညီမ ရှေ့လျှောက်ဘ၀မှာ အောင်မြင်မှုတွေကို ဖမ်းကိုင်နိုင်မှာ အသေအချာပေါ့။ ညီမချစ်တဲ့ မိဘနှစ်ပါးနဲ့ ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်ရင်း ပျော်ရွှင်စရာကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်ပါစေ ညီမရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အစ်ကိုရေ ... လာဖတ်တဲ့အတွက်ရော ကွန်မန့်အတွက်ပါကျေးဇူးပါ ...
ကြည်ပြာရေ... အကိုလဲ ညီမအမေအကြောင်း ကြားရတော့ တကယ်ကို ရင်ထဲက စိတ်မကောင်းဖြစ်မိပါတယ်။ အကိုက အမေ့ကို ပိုချစ်ခဲ့တဲ့ သားတစ်ယောက်ပါ။ အဖေက အကို ငယ်ငယ်ကထဲက ဆုံးပါးသွားခဲ့တဲ့အတွက် အကိုရဲ့  အချစ်တွေက အမေ့ဆီမှာဘဲ စုနေခဲ့တာလေ။
ဘာဘဲဖြစ်ဖြစ် မိဘကျေးဇူးကို သိတတ်တဲ့ သားသမီးတိုင်း ဘယ်တော့မှ မဆင်းရဲပါဘူး ညီမ။
ရွှင်လန်းပါစေ။
Post a Comment