ဒီနေ့သူငယ်ချင်းနှစ်ယောက်ရဲ့အိမ်ကိုသွားလည်ဖြစ်တယ် …. တစ်ယောက်က “What is real love?” တဲ့ … နောက်တစ်ယောက်က “အချစ်ဆိုသည်မှာ…” ဆိုတဲ့ ပို့စ်လေးကိုတင်ထားတယ်…. သူတို့ပို့စ်တွေဖတ်ရင်းနဲ့ ကျွန်မစိတ်ထဲ ခံစားမိတဲ့အချစ်ဆိုတာကို ပြောကြည့်ချင်လာတယ် … ကျွန်မစိတ်ထဲက တွေးမိတွေးရာလေး ရေးကြည့်လိုက်ပါတယ် ….
အချစ်ဆိုတာ အတ္တတစ်ခုလို့ ကျွန်မကတော့ ယူဆပါတယ် …. “နင့်ကို သိပ်ချစ်လို့” ဆိုတဲ့ စကားလုံးကိုတွင်တွင်သုံးပြီး သ၀န်တိုတာတွေ၊ချုပ်ခြယ်တာတွေဟာ တကယ်တော့ ကိုယ်ပိုင်တဲ့အရာတစ်ခုကို ၁၀၀% အပြည့်လိုချင်လို့၊ ဘယ်လိုနည်းနဲ့မှ အလျှော့မခံနိုင်လို့ ကာကွယ်ပြီး လူကြားကောင်းအောင်သုံးတဲ့စကားလို့ကျွန်မကတော့မြင်ပါတယ် … ပိုင်ဆိုင်ချင်တယ်ဆိုတာကလဲ သူနဲ့ဆိုရင်ကိုယ်ပျော်မှာပဲလို့ ယုံကြည်လို့ပါ …. “သူသာဘေးမှာရှိရင် ငါ့အတွက်ဘာမှမလိုအပ်တော့ဘူး” ဆိုတဲ့စကားဆိုရင်လဲ ရုတ်တရက်ကြည့်ရင် ကျန်တာတွေအားလုံးကိုစွန့်လွှတ်သယောင်ယောင်နဲ့ တကယ်က “သူ” ဆိုတာကို ကျန်တာတွေအားလုံးထက်ပိုတန်ဘိုးထားလို့ ပိုတန်ဘိုးကြီးတာကို ရယူလိုက်တဲ့သဘောပါပဲ …
“ဘာဆိုဘာမှပြန်မမျှော်လင့်ဘူး… ပေးဆပ်ရုံသပ်သပ်ချစ်တာပါ” ဆိုတဲ့အချစ်မျိုးတွေ ကျွန်မကြားဖူးပါတယ် …. မြင်ဖူးတာကတော့ အဲ့လိုပြောပြီး ချစ်တတ်တဲ့သူတွေက ရှေ့ဆက်လို့ မရနိုင်တဲ့ အကြောင်းအရာ တစ်ချက်ထက်မက ရှိတတ်တဲ့သူတွေဖြစ်နေတတ်ပါတယ် …. (ဒါကလဲရှေ့မဆက်ချင်လို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်)
ကျွန်မရဲ့အတွေ့အကြုံအရပြောရရင်တော့ အချစ်စစ်ဆိုတာကို ကျွန်မတစ်ခါမှ မခံစားဖူးဘူးလို့ပြောရမယ်ထင်ပါတယ် …. ကိုယ်ကရော အချစ်စစ်နဲ့ဘယ်သူ့ကိုချစ်ဖူးလဲလို့ မေးရင်လဲ ဖြေရတော်တော်ခက်မယ်ထင်ပါတယ် ….. ကျွန်မအသက် ၂၂ ကျော်ကျော်မှာ ပထမဆုံးချစ်သူစထားဖူးတယ် …. ပထမဆုံးဖြစ်တဲ့အတွက် ကျွန်မသူ့ကိုတော်တော်လေးချစ်ပါတယ် … နားလည်မှု့လဲအတတ်နိုင်ဆုံးပေးပါတယ် … ဒါပေမယ့် နားလည်မှု့ဆိုတာလဲ အကန့်အသတ်ရှိတယ်ဆိုတာ ကျွန်မသိသွားတဲ့နေ့မှာကျွန်မသူ့ကိုလမ်းခွဲခဲ့တယ် … ဒါ ကျွန်မကိုယ်ကျွန်မချစ်လို့လေ … သူ့အနွံအတာကို ကျွန်မ တစ်သက်လုံး မခံနိုင်လို့လေ … အဲ့ဒါကြောင့် ကျွန်မက အချစ်ကို အတ္တလို့ပြောခဲ့တာပေါ့ …ကျွန်မအဖေကပြောဖူးတယ် … “သမီး … .အသက်(၂၅)ကျော်ရင် အချစ်စစ်ဆိုတာရှားသွားပြီ” တဲ့ …. တကယ်ဟုတ်မဟုတ်တော့မသိပေမယ့် ကျွန်မကတော့ အချစ်စစ်ဆိုတာကို တကယ်ရှိတယ်ဆိုရင် တွေ့ဖူးချင်သားပဲ ………
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
2 weeks ago
5 Comments:
အချစ်နဲ့ပတ်သက်လို့
လူတိုင်းဒဿနအမျိုးမျိုး
အချစ်ဋီကာ အဖုံဖုံ ဖွင့်ဆိုကြပေမယ့်
အချစ်အပေါ် နားလည်ရခက်သားပါ။
တစ်ဦးအပေါ်တစ်ဦး နားလည်ခွင့်လွတ်ပြီး၊ အနွံတာခံတတ်တဲ့ အချစ်ကမှ အချစ်စစ်လို့ ထင်ပါတယ်။
ပညာခေတ်မှာ ဘယ်အချိန်မဆို အချစ်စစ်ဆိုတာကို တွေ့နိုင်ပါတယ်။
ပညာကိုပဲ ဦးစားပေးသင်ယူနေတဲ့ ဒီခေတ်ကြီးမှာ အချစ်က ဦးစားပေးမခံရတော့ ပါဘူး။
ဒါကြောင့် အချစ်စစ်ဟာ အချိန်မရွေးတွေ့ဆုံနိုင်ပါတယ်။
ပျော်ရွှင်နိုင်ပါစေ။
http://winzaw-mdy.blogspot.com
ညီမလေးတွေ့ဖူးချင်တဲ့ အချစ်စစ်နဲ့ ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်.. :)
အချစ်ဆိုတာ အတ္တတစ်ခုဘဲ..သဘောကြတယ်..အမရေ
အချစ်စစ်နဲ့တွေ့ဦးမှာပါ..
ပျော်ရွှင်ပါစေဗျာ
ကောင်းပါတရ် ။ ကျွန်တော့်ခံယူချက်နဲ့တူတရ် ။ ဒါပေမဲ့ဗျာ ခုတော့ ကျွန်တော့်ခံယူချက် ပြောင်းသွားပြီဗျ ။ အဲဒါ အမကိုလာပြောတာ ။ သိချင်ရင် ကျွန်တော် ပို့စ်တင်ပြီးသွားရင် ထပ်ပြောပါ့မရ် ။ လောကမှာ အချစ်စစ်ဆိုတာ ရှိကြောင်းလေး သိစေချင်လို့ပါနော် ။ .....:P
အမ...
အကြောင်းအရာကို လက်မခံချင်ပေမယ့် မငြင်းနိုင်တာတော့ အမှန်ပဲ..ကျနော်က အချစ်စစ်ဆိုတာရှိတယ်လို့ လက်ခံထားသူလေ...ဒါပေမယ့် အဓိပ္ပါယ် ပြောပါဆိုရင်တော့ မပြောတတ်ဘူး...ပြောတတ်ရင်လည်း အချစ်စစ်လို့ မထင်တော့ဘူးလေ...No definition ပေါ့...မြန်မာ စကားပုံရှိတယ်လေ..အစားကုန်အောင်စား စကားကုန်အောင်မပြောနဲ့တဲ့...အမလည်း အချစ်စစ်မတွေ့နိုင်ဘူး ဘယ်သူပြောနိုင်မလဲ...အချစ်ရှိတယ်လို့ ခံယူထားတဲ့ ကျနော်အနေနဲ့ပြောရရင် အမလည်းတွေ့ဖူးဦးမှာပါ....
Post a Comment