ဆရာမောင်သစ်ဆင်းရေးတဲ့ “ကြောက်စိတ်နှင့် သင့်ဘ၀ မျက်နှာဖုံးဆောင်းပါးများ” ဆိုတဲ့စာအုပ်ထဲက “တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ” ဆိုတဲ့ ဆောင်းပါးကို ကျွန်မ အလွန်နှစ်သက်လို့ သူငယ်ချင်းတွေကို မျှဝေချင်ပါတယ်။
ဖြစ်ရပ်(၁)
ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ လွှားခနဲ ခုန်ကျော်၍ လာသည်။ သူ့မျက်နှာမှာ အပျော်ဖြင့် ၀င်းပနေ၏။ အိမ်သို့ မြန်မြန် သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။ အားရ၀မ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ ငါ့သား…… ကွ” ဟူသော အဖေ၏ ချီးမွမ်းသံကို ကြားချင်လှပြီ။ ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။
ရှေ့မှာ အိမ်ကို မြင်နေရပြီ။
အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်ုးကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း ဘယ်လိုမှ မလွတ်ဘဲ သစ်ခက်သစ်ညွန့် တို့ကိုခြေဖျားဖြင့် ခတ်မိမြဲ ဖြစ်သော်လည်း သည်နေ့အဖို့ လုံးဝ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်သွားသည့်အခါ သူ အံ့သြသွားလေသည်။ သို့ရာတွင် ကြာကြာ မအံ့သြနိုင်ဘဲ အိမ်ပေါ်သို့တဒုန်းဒုန်း ပြေးတက်သွားခဲ့သည်။ ပါးစပ်ကလည်း “အဖေရေ …. အမေရေ” ဟု အော်ခေါ်လာခဲ့၏။
အဖေသည် ဧည့်ခန်းထဲ့က ပက်လက်ကုလားထိုင်မှာ ထိုင်နေသည်။ ဆူညံစွာ ပြေးတက်လာသည့် သားဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်နေ၏။ ကလေးငယ်သည် ဖခင်ကို မြင်သောအခါ အပြေးကလေး ချဉ်းကပ်သွားလေသည်။
“အဖေ … ကျွန်တော်လေ စာမေးပွဲအောင်တယ်ဗျ၊ သိလား”
“ဟင် … ဟုတ်လား၊ တယ်တော်ပါလား … လာစမ်းပါဦးကွ”
အနီးသို့ရောက်သည်နှင့် အဖေ၏ လက်တစ်ဖက် မြောက်တက်သွားသည်ကို ရိပ်ခနဲ့ မြင်လိုက်ရ၏။ မရှေးမနှောင်းပင် ဖြန်းခနဲ့ အသံနှင့်အတူ သူ့နားရင်းမှာ ပူခနဲ့ ခံစားလိုက်ရပြီး မျက်စိထဲမှာ ၀င်းခနဲ ဖြစ်သွား၏။ ကလေးငယ်၏ ဦးခေါင်းသည် ရှေ့သို့ စိုက်ခနဲ့ကျသွားလေသည်။
မယုံနိုင်စွာ၊ ထို့နောက် ထိတ်လန့်စွာ မော့ကြည့်မိသောအခါ အဖေ၏ အနီရောင်မျက်နှာကို မြင်လိုက်ရသည်။
“အောင်ရုံနဲ့ ဘာလုပ်ရမှာလဲ”
ကလေးငယ်သည် ပါးစပ် အစောင်းသား၊ မျက်လုံးအပြူးသားနှင့် မော့ကြည့်နေ၏။ နှုတ်ခမ်းများ တုန်လှုပ်စပြုလာသည်။
“ဟေ့ကောင် ငါမေးနေတယ်လေ၊ အောင်ရုံနဲ့ မင်းဘာလုပ်မှာလဲ”
ကလေးဆီမှ ဖြေသံအစား ရှိုက်သံတစ်ချက် ထွက်လာ၏။ အဖေသည် ဗီရိုပေါ်က ကြိမ်လုံးကိုဆွဲယူလိုက်သည်။
“မေးမနေပါနဲ့ရှင်၊ ဒီလောက် အဆော့မက်နေမှတော့ ထိပ်ဆင့် ဘယ်ချိတ်ပါ့မလဲ၊ ပြောစမ်း … ပထမက ဘယ်သူရသလဲ၊ မေမီစိုး မဟုတ်လား”
အိမ်ခန်းထဲမှထွက်လာသော မိခင်ဖြစ်သူ၏ အသံဖြစ်သည်။ မျက်ရည်ပေါက်ပေါက်ကျနေပြီဖြစ်သော ကလေးငယ်က ခေါင်းညိတ်လိုက်သည့်အခါ အမေက တစ်ချက်မဲ့လိုက်၏။
“ဟင်း .. သူ့အမေနဲ့ ဈေးထဲတွေ့ရင် တမင် စကားစပ်ပြီး ကြွားဦးမှာ၊ သူများကြွားတာ ခံရဦးမယ်။ တောက် …”
“ကိုင်း … လာခဲ့စမ်း၊ ဟိုဘက်လှည့်”
တင်းပါးပေါ်သို့ ကျရောက်လာတော့မည့် ကြိမ်လုံးကို အသက်အောင့် ငံ့လင့်နေသည့် ကလေးငယ်၏ မျက်လုံးများမှာ အရောင်မဲ့ မျက်လုံးသေများ ဖြစ်နေလေသည်။
မေးခွန်း။ ။ ကလေးမှာ မိမိကိုယ်ကိုယ် ယုံကြည်စိတ်၊ မိမိကိုယ်ကို တန်ဖိုးထားစိတ် နည်းပါးသွားပြီး ညံ့သည်ထက် ညံ့လာလျှင် ကလေးကြောင့်ပါလား … မိဘကြောင့်ပါလား …..
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
2 Comments:
ကောင်းတယ် အမရေ..နောက်အချိန်ကြရင် ကိုယ့်သားသမီးတွေကို ဘယ်လိုသွန်သင်ရမယ်ဆိုတာ
သင်ခန်းစာယူတက်သွားတာပေါ့..
ဘယ်သူမှာ အပြစ်ရှိလဲဆိုတာကတော့ အခြေနေပေါ်မူတည်ရမှာဘဲ..အားပေးလျက်ပါ
ပျော်ရွှင်ပါစေ
ဟုတ်ပ့ါ......
အတ္တကြီးတဲ့ မိဘတွေ နည်းပါးနိင်ပါစေ။
ဆိုးသွမ်း
Post a Comment