(Image from http://tykesontrikes.com)
ဖြစ်ရပ်(၂)
“ဗြန်း … ဗြန်း ….”
စားပွဲပေါ်က ကြိမ်လုံးကျသံကြောင့် သူငယ်တန်း(ခ)သည် ရုတ်ချည်း ငြိမ်ဆိတ်သွား၏။ ငါးနှစ်အရွယ်ကလေးငယ်တို့သည် မျက်လုံးကလေးများ ၀ိုင်းကာ ဆရာမကို ကြည့်နေကြ၏။
“ဆူလှချည်လား၊ ပါးစပ်တွေ ပိတ်၊ စာအုပ်တွေ ဖွင့်၊ ဒါအိမ်မဟုတ်ဘူး။ ကျောင်း …. ကျောင်း”
မျက်နှာတင်း၍ လေသံမာသော ဆရာမသည် ကြိမ်လုံးကို စားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်သည်။
“ကဲ … အားလုံး (ဏ) ကြီး တစ်မျက်နှာရေးကြရမယ်။ အခုအချိန်အတွင်း ပြီးအောင်ရေးရမှာနော်။ နောက်ထပ် တစ်မျက်နှာကို အိမ်စာ လုပ်ခဲ့ကြရမယ်။ ကြားကြလား၊ ကိုင်း … ရေးကြတော့”
တစ်တန်းလုံး တိတ်ဆိတ်လျက်ရှိသည်။ စာအုပ်တွေရှေ့မှာ ထားကာ ခုံတွေပေါ်မှာ ကလေးငယ်များ ငြိမ်ငြိမ်လေးတွေထိုင်နေကြသည်။ လက်ကလေးတွေကလွဲ၍ သူတို့ မလှုပ်ရှားနိုင်ကြ။ မလှုပ်ရှားဝံ့ကြ။
ဒုတိယခုံတန်း အစွန်းမှ မေမီစိုးသည် သူနှင့်ဘေးချင်းယှဉ်လျက် တစ်ဖက်ခုံစွန်းမှ စည်သူအောင် “ဏ”ကြီး အရေးမှားနေကြောင်းတွေ့လိုက်ရ၏။ သူက စည်သူအောင်ကို တိုးတိုးလေးခေါ်လိုက်သည်။
“စည်သူအောင် … စည်သူအောင် … နင်ရေးတာမှားနေတယ်။ ကကြီးဖြစ်နေတယ်။”
စည်သူအောင် တစ်ချက်လှည့်ကြည့်၏။ သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးနေပုံရသည်။
“ဟောဒီမှာ ဏကြီးက ဒီလိုရေးရတာ”
မေမီစိုးက သူ့စာအုပ်ကို ထောင်ပြလိုက်သည်။
“မေမီစိုး”
ဆရာမ၏ အသံက မိုးချုန်းသလို မြည်ဟည်းသွား၏။ မေမီစိုး၏ လက်ထဲကစာအုပ် လွတ်ကျသွားလေသည်။
“ဘာဖြစ်လို့ စကားပြောရတာလဲ၊ ခုချက်ချင်း ခုံပေါ်ဒူးထောက်စမ်း၊ ဒူးထောက်ပြီးရေး၊ နောက်တစ်ခါ လှုပ်ဝံ့လှုပ်ကြည့်စမ်း၊ ကြိမ်လုံးစာမိသွားမယ်”
မေမီစိုးသည် ခုံပေါ်တွင် ဒူးထောက်လိုက်ရ၏။ သူ့တစ်ကိုယ်လုံးတုန်နေသည်။ ဒူးနှစ်ဖက်အောက်မှာ ဇီးစေ့လား ကျောက်ခဲငယ်လေးလားမသိ၊ ဖိမိလျက်သား ဖြစ်နေသည်။ သို့သော် သူနေရာ မရွေ့ရဲ၊ မလှုပ်ရဲ သည်အတိုင်းပေ၍ စာရေးရ၏။ ကြာသော် ဖိမိထားသည့်နေရာက တစ်စတစ်စ နာကျင်၍လာသည်။ ချွေးတွေစို့လာ၏။ အတန်းထဲမှာ သူတစ်ယောက်တည်း ဒူးထောက်နေရသည့်အဖြစ်။ ဒူးအောက်က ပြင်းထန်လာသည့် ဝေဒနာ၊အရှက်နှင့် နာကျင်မှု။ နာကျင်မှုနှင့် အရှက်။ အရှက်နှင့် နာကျင်မှု၊ အကြောက်၊ အကြောက်၊ အကြောက်။သည်းမခံနိုင်တော့သည်၏ အဆုံး၌ မေမီစိုး ငိုချလိုက်လေသည်။
“အောင်မယ် ဒူးထောက်ခိုင်းတာလေးကို ငိုတယ်ပေါ့။ အတော်အငိုဝါသနာပါတယ်နဲ့တူတယ်၊ ထွက်ခဲ့စမ်းရှေ့ကို”
ကြိမ်လုံးသံဗြန်းခနဲအောက်၌ သူငယ်တန်း(ခ)သည် တုန်လှုပ်သွားလေသည်။
မေးခွန်း။ ။ အနာဂတ်တွင် ကြီးပြင်းလာမည့် ကလေးအတွက် ငြိမ်ဝပ်စွာ နားထောင်ခြင်းသည် တန်ဖိုးဖြစ်ပါသလား။ မိတ်ဆွေ၊ သူငယ်ချင်းများအား ရိုင်းပင်း ကူညီစိတ်ကို ပျိုးထောင်မပေးသင့်ဘူးလား။
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
3 weeks ago
4 Comments:
အမ ရဲ့ တုတ်တစ်ချောင်းက စဉ်းစားစရာတွေဘဲဖြစ်နေပါလား
ကောင်းပါတယ် နောက်ဆို တွေ့လာခဲ့ရင် ဘာလုပ်ရမလဲ ဆိုတာ စဉ်းစားဖို့လွယ်ကူသွားတာပေါ့
အားပေးလျက်ပါ အဆင်ပြေပါစေ....
အမရေ .
ဆက်ရေးပါအုံး . စိတ်ဝင်စားစရာ ကောင်းပါတယ် .
သယ်ချင်းရေ
ဆက်လုပ်အုန်း၊ စောင့်မျှော်နေမယ်
http://winzaw-mdy.blogspot.com
တွေးစရာရတဲ့ ပို့စ်တစ်ခုပါ... စာကောင်းတွေ အများကြီး ဆက်ရေးနိုင်ပါစေ ညီမလေးကြယ်ပြာ...
Post a Comment