Sunday, December 15, 2013
" ဟေ့ရောင် "
အထီးကျန်မှုကို ပိုးမွေးသလို မမွေးစမ်းနဲ့ …
နင့်ရင်ထဲ ငါရှိနေသရွေ့၊ ငါ့ရင်ထဲ နင်ရှိနေသမျှ
အထီးကျန်မှုဆိုတာ ကြောင်တစ်ကောင်လိုတောင်
ငါတို့နား ပွတ်သီး၊ပွတ်သပ် လုပ်ခွင့်မရှိစေရဘူး …
ချစ်ခြင်း၊ လွမ်းခြင်းတွေမှာ
ကိုယ့်ကိုကိုယ် ရဲရင့်ပစ်လိုက်စမ်းပါ …
မတွန့်ဆုတ်နဲ့ .. ပျာယီးပျာယာမရှိစေနဲ့ ….
"နင့်ကို ငါချစ်တယ် ....."
ကြားလိုက်တဲ့ စကားလုံးတိုင်းအတွက်
မျက်စိမှိတ်ပြီး ကြည်နူးမှုကို ခံယူစေ ….
Posted by ကြယ်ပြာ at 9:03 AM 1 comments
Labels: ကဗျာ
" သူ့ကို "
ဘယ်လောက်ထိအောင် တာသွားလဲဆိုရင်
သူ့ရင်ထဲကလှိုင်းတွေ ငါ့ရင်ထဲအလိုလိုကို ဖမ်းမိလျက်သား။
သူ့ကောင်းကင်များ အုံမှိုင်းလာပြီဆိုရင်
ငါ့စိတ်တွေကအို၊
ငါ့ရင်ထဲမှာ မိုးတွေပဲပြိုကျနေသလိုလို ….
သူ့ညတွေ လမိုက်ပြီ ဆိုရင်
ငါက သူ့ညမိုက်တွေထဲ အစွမ်းကုန်လင်းချင်းပစ်လိုက်ချင်တဲ့
ခပ်တုံးတုံး ပိုးစုန်းကြူးတစ်ကောင်ရယ်ပါ ….
သူ့အပြုံးတွေ အိပ်စက်ပြီဆိုရင်
ငါက သူ့အပျော်တွေကို ပုတ်နှိုး၊
ပျော်ရွှင်မှုတွေနဲ့ သူ့အပြုံးလေးတွေကို နိုးထစေချင်သူပါ ……..
သူ့စိတ်တွေကြည်နူး၊ ပျော်မြူးနေပြီဆိုရင်
ငါက တောက်ပခွင့်မရတဲ့ နေ့ဘက်ထွက်တဲ့ ကြယ်တစ်စင်းဖြစ်နေပါစေ
သူ့အပျော်တွေ ဓါတ်ကူးပြီး သူ့ကို ပြုံးကြည့်နေမိမှာပါ …..
Posted by ကြယ်ပြာ at 9:00 AM 0 comments
Labels: ကဗျာ
Friday, November 29, 2013
“ကောင်မလေး…. သို့”
ဟိုးတောင်ဆီမှာ မိုးတွေညို့လာပြီဆိုရင် …..
ဆေးလိပ်တစ်တို ကော်ဖီညိုနဲ့
ငါကအလွမ်းတွေ အဖျားခတ်နေတုန်း …
မင်းကတော့ နောက်ရင်ခွင်တစ်ခုမှာ ပျော်နေလောက်ပြီပေါ့ ….
ကောင်မလေးရေ …..
ကောင်းကင်ကငို တိမ်တွေပြိုကျလာပြီဆိုရင်လေ ….
အတူဆုံချိန်လေးတွေ ပြန်တမ်းတ၊ မှန်းဆလွမ်းရင်း …..
ငါ့ရင်ထဲမှာလည်း တိမ်ညိုတွေတရိပ်ရိပ်ပြိုဆင်းရင်းနဲ့ပေါ့ …..
မင်းကတော့ နောက်ရင်ခွင်မှာ ခိုးခိုးခစ်ခစ်ရယ်ရင်း မူနွဲ့နေမလားပဲကွယ် ….
ကောင်မလေးရေ …..
ဘာကြောင့်ဝေးရတာလဲ၊ ဘာကြောင့်ထားခဲ့တာလဲ ဆိုတာ
အကြိမ်ကြိမ်တွေးရင်း၊ မေးရင်း နဲ့ ခေါင်းတွေချာချာလည်
အလွမ်းတွေ တဝေါ့ဝေါ့ထိုးအန်ရင်း
ကော်ဖီသောက်ပြီး မူးနေတဲ့ ကောင်က ငါပါ ……
ကောင်မလေးရေ …..
မှော်ဆန်ဆန် အပြုံးတွေနဲ့ ညှို့ယူ
မင်းပြောတော့ “ငါမရှိလို့မဖြစ်ဘူး” ဆို
တကယ်တမ်းကျတော့ “မင်းမရှိလို့မဖြစ်ခဲ့တာ” ငါဆိုတဲ့ကောင်ပါ ….
မင်းကတော့ ဒီစကားတခွန်းနဲ့ပဲ နောက်လူရဲ့ အချစ်တွေမြှားယူနေလောက်ရောပေါ့ ….
Posted by ကြယ်ပြာ at 7:44 AM 1 comments
Labels: ကဗျာ
Thursday, November 28, 2013
"မင်းနဲ့တို့ ဝေးများဝေးရင် ...."
ခြွေချခံလိုက်ရတဲ့ (သို့) အလိုလိုကြွေကျသွားတဲ့ သစ်ရွက်လေးက
ခပ်တိုးတိုးလေးညည်းတယ်!!!
သံယောဇဉ်ဆိုတာ ဘယ်နေရာမှာ ကျကျန်ခဲ့သလဲတဲ့လေ ……
လေကခြွေတာပဲဖြစ်ဖြစ်၊ အပင်ကကြွေစေတာပဲဖြစ်ဖြစ်
သစ်ရွက်လေးကတော့ ဆုတောင်းပေးရှာပါတယ်
ရွက်ကြွေတောမှာတော့ မလွမ်းမောပါစေနဲ့ တဲ့ …
ဆောင်းသစ်ပင်ရေ ….
သင့်မှာ နားတစ်စုံသာရှိခဲ့ရင် …..
သစ်ရွက်ရှိုက်သံတွေကို တချက်နားစွင့်ပေးပါ ….
ရွက်ကျန်တွေကို အပြီးသတ်ခါမထုတ်ခင်ထိပေါ့ …
Posted by ကြယ်ပြာ at 6:13 AM 0 comments
Labels: ကဗျာ
Monday, November 25, 2013
"နေရာ"
တကူးတကလဲ မတောင်းခဲ့ဖူးဘူး …
နေရာဆိုတာ ပေးတိုင်း၊တောင်းတိုင်း ရကောင်းစရာမှ မဟုတ်တာ …
မြင်မြင်သမျှအရာတွေကိုသာ လိုက်ခံစားနေရင်
ငါကမ္ဘာတစ်ခုလုံး ဘယ်တော့များလင်းနိုင်ပါ့မလဲ …
ဟင့်အင်း ….
မလိုချင်ပါဘူး အဲ့ဒီမနာလိုဝန်တိုမှုတွေ …
တပ်မက်စိတ်ထက် စွန့်လွှတ်စိတ်က ပိုမြင့်မြတ်၊ မမြတ်?
သိချင်သေးလား ……
အသဲနှလုံးတစ်ခုတော့ အနည်းဆုံးရင်းရမယ်။
Posted by ကြယ်ပြာ at 8:20 AM 1 comments
Labels: ကဗျာ
"သီအိုရီအမှား"
မတောင်းပဲပေးတဲ့ ကတိ
ပေးပြီး မတည်တဲ့စကား
ပြောပြီး မလုပ်တဲ့အလုပ်
လုပ်ပြီး မပြီးတဲ့အကြောင်း
တီးတိုင်းမမြည်တဲ့ အရာ
မြည်သော်လည်းမကြားတဲ့ နား
မြင်သော်လည်း ခံစားချက်မဲ့ ရင်ဘတ်
ထိသော်လည်း အ သွား တဲ့ အာရုံကြောတွေ
သက်ရောက်မှုတိုင်းရဲ့ တန်ပြန်သက်ရောက်မှု့
ဆမတူတော့တဲ့အခါ ….
နယူတန်ရဲ့ သီအိုရီမှားသွားတယ် …
Posted by ကြယ်ပြာ at 8:13 AM 0 comments
Labels: ကဗျာ
"နင်နဲ့ငါ"
နင်နဲ့ငါ
အချစ်တွေကို အိုးတစ်လုံးထဲ အတူတူ စုထည့်ကြရအောင်ပါ ..
အေးခဲသွားတိုင်း ပြန်ပြန်နွှေးကြတာပေါ့ …
ခမ်းမသွားအောင် မီးမျှဖို့တော့ ဂရုစိုက်ရလိမ့်မယ်။
နင်နဲ့ငါ
အပြုံးတွေကို အတူတူ ထုဆစ် အပြစ်ဆိုတာ မမြင်ခဲ့ကြတဲ့အချိန်တွေကို
မံမီရုပ်လို သိမ်းထုတ် မပုပ်မသိုးအောင် စီမံကြရအောင်
လိုချိန်မှာ ပြန်အသက်သွင်းကြမယ်လေ ….
နင်နဲ့ငါ
မနီးမဝေးက (၂)နှစ်၊ မနီး မနီးက (၂) နှစ်
သံယောဇဉ်တွေကတော့ တရစ်ရစ်တက်ပါရဲ့
အကြင်နာတွေကတော့ တစ်ဆစ်ပြီးတစ်ဆစ် လျော့လျော့သွားလေသလား?
နင်နဲ့ငါ
အကြောင်းပြချက်ကောင်းကောင်းတွေ အောက်မှာ
ကိုယ့်လမ်းနဲ့ကိုယ် မှန်တော့နေကြသေးတာပဲ …
မှားနေတာက လမ်းပဲဖြစ်မယ် ထင်ပါရဲ့ ….
နင်က ပြောတယ် ငါ့စိတ်တွေ က အတက်အကျများတယ်တဲ့ …
ငါက ပြောတယ် နင်က ငါ့ကို ဂရုမှ မစိုက်တာလို့ ….
နင်ကပြန်ပြောတယ် သူက မပြောင်းမလဲ အရင်လိုချစ်ဆဲတဲ့ …
ဒါနဲ့ပဲ ငါက …. ရေထဲ ပျော်ဝင်သွားတဲ့ ဆားတစ်ပွင့်လို ….
ကဲ .. .အရာရာ အဆင်သင့်ဖြစ်ရင် တစ် က ပြန် စ ကြရအောင်
Posted by ကြယ်ပြာ at 7:55 AM 0 comments
Labels: ကဗျာ
Thursday, November 21, 2013
"ချစ်ခြင်းအလင်္ကာ"
မသာယာဘူးကွယ်
တိမ်တွေဖုံးအုပ် သိမ်းထုပ်ခံထားရတဲ့ လတစ်စင်း
သိက္ခာကျနေလိုက်ပုံများ အလင်းတစ်စတောင် တောက်ပြခွင့်မရဘူးတဲ့….
ကြယ်တွေ တစ်စင်းပြီးတစ်စင်း ဖြတ်ပျံသွားတဲ့အခါတိုင်း
သူ့ကောင်းကင်ကို သူကိုယ်တိုင် အလင်းမပေးနိုင်လို့ ငိုကြွေးသတဲ့လေ …..
အလင်းတစ်စ ပြင်းပြင်းပြပြ ချပြချင်တာတောင်
သူ့ကောင်းကင်က ကြယ်တွေအစုံနဲ့ ကပွဲတက်နေသတဲ့ …..
ကဲ … ဘယ်လိုလုပ်မလဲ???
မသာယာဘူးကွယ်
နံနက်မိုးသောက် အလင်းရောက်တဲ့အခါ
တိမ်ညိုတွေကင်း ကြည်လင်သွားတဲ့သူ့ကောင်းကင်ထဲ
နေတစ်စင်းရဲ့ တောက်ပမှုအောက် အလင်းပျောက်ရပြန်တယ် …..
ဘယ်လိုပဲဖြစ်ဖြစ်
သူ့ကောင်းကင်ရဲ့ အနာဂတ်ညအတွက် အလင်းတစ်စချပြဖို့
သူကတော့ အသင့်ဖြစ်မြဲ ဖြစ်ဆဲပါပဲ………
Posted by ကြယ်ပြာ at 11:02 AM 0 comments
Labels: ကဗျာ
Tuesday, November 19, 2013
"မျှော်လင့်ခြင်းမဲ့ အချစ်"
မျှော်လင့်ချက်ဆိုတာ ထားမကောင်းတဲ့အရာ ….
အပွင့်ကိုလိုချင်လို့ အပင်ကို စိုက်ခဲ့တာမဟုတ်ပေမယ့်
ကျိုးပဲ့ ပျက်စီးသွားမှာတော့ စိုးရိမ်မိတာပေါ့လေ …
အပြစ်တင်လဲ ခံရမှာပဲ …
မွှေးကြူစရာရနံ့ကင်းတဲ့ ပန်းတစ်ပွင့်အတွက်
သူ့မွှေးရနံ့မှာ ကျဆုံးနေတယ်ဆိုတာဟာ
ဘေးလူအတွက် ရယ်စရာဖြစ်ချင်လဲ ဖြစ်မှာပေါ့ …..
ငါ့အတွက်တော့ အခမ်းနားဆုံးချစ်ခြင်းတစ်ခု ဆိုတာ
နှလုံးသားတစ်ခုလုံး သက်သေရှိတယ်။
Posted by ကြယ်ပြာ at 4:40 AM 0 comments
Labels: ကဗျာ
Thursday, November 14, 2013
"လွမ်းချင်း"
နာရီလက်တံအရွေ့နဲ့ အတူတူရွေ့လျက်
အလွမ်းပန်းတို့ကို အဆုပ်လိုက်၊အခဲလိုက် ပွင့်စေ၏။
ရင်တစ်ခုလုံး ပန်းပွင့်တို့ ဖုံးလွှမ်းသောအခါတွင်မှ
သူ့ကို ဘယ်လောက် နှစ်သက်စုံမက်ကြောင်း၊
ဘယ်လောက် ခင်မင်တွယ်တာကြောင်း၊
ဘယ်လောက်ချစ်ကြင်မြတ်နိုးကြောင်း၊
တခုတ်တရပြောစရာမလိုအောင်
ပန်းရနံ့တို့မှ တဆင့် သူ့ဆီ သယ်ဆောင်စေ၏။
နှုတ်မှ ဖွင့်ဟပြောပြစရာမလို
အကြည့်တစ်ချက် အပြုံးတစ်လက်နဲ့တင်
သိပ်ချစ်တာ သူသိပါစေ။
Posted by ကြယ်ပြာ at 7:06 AM 0 comments
Labels: ကဗျာ
Wednesday, November 13, 2013
"ကန့်လန့်ကာနောက်ကွယ်မှ"
တိတ်တိတ်ဆိတ်ဆိတ်ပါပဲ ပုံသေနည်းတစ်ခုစီနဲ့ဘ၀တွေပေါ့
ကိုယ်မသတ်မှတ်လဲ ပန်းတိုင်တစ်ခုစီတော့ ဘ၀က သတ်မှတ်ပေးပြီးသား …
ရယ်မလား၊ငိုမလား ပြုံးမလား၊မဲ့မလား ဆိုတာတော့ ကိုယ်တိုင်ရွေးပေါ့ ….
ဘာတွေများ ထပ်ပြီးပိုလိုချင်နေမိပါလိမ့် …
အချစ်လား …. သွားစမ်းပါကွယ် ခပ်ဝေးဝေးကို ….
လိုတော့မှ လှမ်းခေါ်လိုက်မယ် …..
ခပ်ရင့်ရင့် တစ်ချက်ပြုံးလိုက်စမ်းပါ ….
ဘ၀မှာ အားလုံးပြီးပြည့်စုံနေသလို ဘာလိုလိုပေါ့ …
အိုဗာတော့ သိပ်မဖြစ်စေနဲ့ ….
ယုံကြည်မှုလွန်ရင်လဲ နောက်ပြန်လဲတတ်သတဲ့ …
ကဲ …. တော်လောက်ပြီလေ …
မင်းအလှည့်ရောက်ပြီ ကန့်လန့်ကာရှေ့ထွက်ပြီး
အသုံးတော်ခံပေဦးတော့ ……
မှာပါရစေ ….
ခပ်နုနု အပြုံးလေးတွေတော့ ဆင်မြန်းသွားဖို့ မမေ့စေနဲ့ …..
ကြယ်ပြာ
(၁၃၊ နိုဝင်ဘာ၊ ၂၀၁၃ နံနက် ၁၀း၁၁)
Posted by ကြယ်ပြာ at 7:38 AM 2 comments
Labels: ကဗျာ
Tuesday, October 22, 2013
"ရစ်သမ်အမှား"
ပုံစံမကျမှုတွေထဲ ပုံစံကျမှုတစ်ခုကို နှစ်မြုပ်ကြည့်လိုက်သောအခါ
မျှော်လင့်ချက်တွေက မျက်လုံးတွေထဲမှာ သူတစ်လူ ငါတစ်မင်းနဲ့ အချင်းများကြတယ် …..
ဖြက်ကနဲလက်သွားတဲ့ အလက်က ဘယ်အထိ အရွေ့ရှိမလဲဆိုတာ
ကာယကံရှင်ကလွဲလို့ ဘယ်သူသိနိုင်မလဲ?
ငါ၊ သူတစ်ပါး …. အရောင်လက်ပုံချင်းတူရင်တောင် ရသချင်းကွဲလိမ့်မယ် …
မဖြစ်နိုင်ဘူးဆိုတဲ့ စကားတစ်ခွန်းဟာ
ဖြစ်နိုင်ပါတယ်ဆိုတဲ့ သက်သေမဲ့ စကားအများကြားမှာ တလူးလူး တလိမ့်လိမ့် ……
ကိုယ်ချင်းစာတယ်ဆိုတာ ကိုယ်တိုင်ကြုံမှဆိုတာ လူတွေ မှတ်မိပုံမရကြဘူး ……
သို့မဟုတ် သိကြပုံမရဘူး ….
ဘာဖြစ်ချင်တယ်ဆိုတာ အရင်မမေးပဲနဲ့
ဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့ အဖြေအတွက်
စိတ်ပျက်ခြင်းတွေသာ တရိပ်ရိပ်တက် ……………
၂၂၊ အောက်တိုဘာ၊ ၂၀၁၃
ညနေ၂း၄၄ မိနစ်
Posted by ကြယ်ပြာ at 7:01 AM 2 comments
Labels: ကဗျာ
Friday, October 18, 2013
ကျမနှင့် တတိယတန်းအတွေ့အကြုံ
သူငယ်တန်းကျောင်းအပ်တုန်းက အရင်အပ်တဲ့သူက တန်းခွဲ(အေ) မှာနေရတော့ ကျောင်းအပ်စောတဲ့ကျမကတန်းခွဲ(အေ)ကိုရောက်တယ်။
တစ်တန်းရောက်တော့ အမှတ်တွေနဲ့ အခန်းပြန်ခွဲတော့ စာသိပ်တော်လွန်းတဲ့ကျမက တန်းခွဲ(ဘီ) ရောက်သွားတယ်။
အဲ့လို တစ်တန်းမှာ တန်းခွဲ(ဘီ) ရောက်လို့လည်း ကျမမှာထွေထွေထူးထူး ၀မ်းနည်းမိတာမရှိခဲ့ဘူး။
မရှိဆို ကျမသူငယ်တန်းတုန်းက လူ အယောက် (၃၇) ယောက်မှာ အဆင့် (၃၂) ရတာကို ပျော်လွန်းလို့ အိမ်ကို ခုန်ပေါက်ပြေးလွှားပြီး အမေ့ကိုကြွားရတာ အမောပေါ့။
နောက်တော့ အမေ ပြောမှသိတယ် အဲ့ဒါ “ညံ့” တာတဲ့။
ဒါလည်း မမှုပါဘူး။ ဘာလို့လည်းဆိုတော့ သူငယ်တန်းကနေ တစ်တန်း၊ နှစ်တန်းကို စာမေးပွဲသွားမဖြေ၊ အောင်စာရင်းသွားမကြည့်ပဲ ရောက်သွားတယ်လို့ ကို
ထင်ခဲ့ဖူးတာကိုး။း)
သုံးတန်းရောက်တော့မှ စာတော်တဲ့သူကို ဆရာမတွေချစ်တယ်ဆိုတာကို ကျမစသိတတ်လာတယ်။
ဆရာမတွေဟာ ကျမတို့ အမှတ်တွေ ကြေငြာတိုင်း အေခန်းက လူတွေနဲ့ နှိုင်းယှဉ် နှိမ်ကွပ်ပြောလေ့ရှိတယ်။ ခု အသက်ကြီးလာတော့ ဆရာမတွေ နှိမ်ပြောခဲ့တယ်ဆိုတာက ကြိုးစားချင်စိတ်ရှိအောင်ဖြစ်ပါလိမ့်မယ်လို့ ပြောင်းတွေးမိပါတယ်။ နောက်ပြီး တော်တဲ့အခန်းမှာ နေချင်စိတ်အဲ့ဒီအရွယ်မှာ စဖြစ်ပါတယ်။
ကျမ သုံးတန်း(ဘီ) ခန်းမှာတော့ သိပ်မညံ့ဘူးရှင့်။ အဆင့်(၁) ကနေ (၁၀) အတွင်းတော့ အမြဲဝင်တယ်။
ဒါပေမယ့် ဘီခန်း (၁) ကနေ (၁၀) ဆိုတာအေခန်း သာမန်တွေလောက်ပဲရှိတယ်လေ။ ကဲ ထားပါဦးလေ…
အဲ့ဒီအချိန်တုန်းက ကျမသူငယ်ချင်းတွေက ခင်နွယ်နွယ်ထွန်း၊ ကျော့ကေခိုင်၊ ဆွေဇင်ထွန်း၊ လှိုင်ဘုန်းမြင့် နှစ်ယောက်တွဲထိုင်ခုံတွေမှာ နှစ်ယောက်တတွဲစီပေါ့။
အဲ့ဒီထဲမှာမှ လှိုင်ဘုန်းမြင့် နဲ့ ဆွေဇင်ထွန်း ကိုမှတ်မှတ်ရရဖြစ်တယ်။ဖြစ်ဆို အမှတ်ရစရာတွေကလည်း ရှိခဲ့တာကိုး။
လှိုင်ဘုန်းမြင့်က ကျမကို ပြောတယ်။ သူက သူငယ်တန်းမတက်ခင်က လေယာဉ်မယ်လုပ်ခဲ့တာတဲ့။
သူငယ်တန်းတက်မှာမို့ အဲ့ဒီအလုပ်ကထွက်ခဲ့တယ်လို့ ကျမကိုပြောတယ်။ ကျမလေ ပါးစပ်လေး ဟောင်းလောင်းနဲ့ အထင်ကြီးလိုက်တာမပြောပါနဲ့တော့။ ကျမသိတာက လေယာဉ်မယ်ဆို လှတယ်။ ကျော့ကျော့လေး မော့မော့လေးပေါ့။ သူကလည်းဖြူဖြူလေးနဲ့ ချစ်စရာလေးဆိုတော့ ကျမလည်းယုံမိတာပေါ့လေ။ (အမှန်က ပိန်းတာ ဟီး ဟီး)
နောက် ဆွေဇင်ထွန်းကကျတော့ ဇာတ်လမ်းတွေဆင်ပြီး အရုပ်နဲ့ ကစားကြတဲ့နေရာမှာသိပ်တော်တယ်။
သူကဖြူဖြူလုံးလုံး တရုတ်မလေး။ ကျမတို့ငယ်ငယ်တုန်းက စက္ကူပေါ်မှာ အရုပ်ဆွဲ ကဒ်ထူနဲ့ကပ်။ အင်္ကျီမျိုးစုံ ကိုယ့်ဘာသာကိုယ်ဆွဲပြီး ဇာတ်လမ်းဆင်ဆော့ကြတာ။
ကျမမှာ ကိုယ်တိုင်လုပ်ထားတဲ့ မိန်းမတစ်ရုပ်၊ ယောက်ျားတစ်ရုပ်ရှိတယ်။ အင်္ကျီတွေဆိုလည်း အများကြီးပဲ။ ဒါပေမယ့် ကျမက ဇာတ်လမ်းမပြောတတ်ဘူး။
အရုပ်တွေနဲ့ စက္ကူအင်္ကျီတွေကို ဖတ်စာအုပ်တွေ ကြားထဲညှပ်ပြီး ကျောင်းကိုယူလာကြတယ်။ ဆရာမရှေ့ဆော့မိရင် အသိမ်းခံရလို့ အတန်းချိန်ပြောင်းပြီဆိုရင်
ခုံအောက်ကို ဆင်းထိုင်ပြီး ဆော့ကြတော့တာပဲ။ အဲ့ဒါနေ့တိုင်းနီးပါးဆော့တာ။
ဒီလိုနဲ့ ဆော့လိုက်၊ စာသင်လိုက်နဲ့ တဖြေးဖြေး အတန်းတင်စာမေးပွဲကြီးနီးလာပါရောလား။
မြန်မာစာဖြေတဲ့နေ့၊ အင်္ဂလိပ်စာဖြေတဲ့နေ့ အားလုံးအဆင်ပြေတယ်။
သင်္ချာနေ့ … ဇာတ်လမ်းကစပြီ။ ကျမကစာရတယ်။ ဒါပေမယ့် စာမေးပွဲဖြေရင်း အမှတ်(၄၀) ဖိုးလောက်ပဲဖြေရသေးပြီး အိပ်ချင်လာတာနဲ့ စားပွဲပေါ်မှောက်အိပ်မိသွားရော။
သင်္ချာတို့၊ အင်္ဂလိပ်တို့က စောပြီးတတ်တာမို့ အတန်းစောင့်ဆရာမကလည်း ပြီးလို့အိပ်တယ်ထင်ပြီး သူကလည်း မနှိုး၊ ကိုယ်ကလည်း မထနဲ့ ပထမခေါင်းလောင်းထိုးတဲ့အချိန်မှာ ကျမနိုးလာတာပေါ့။
အဲ့ဒီကျမှ ကျမဖြေထားတာပြန်ကြည့်မိတော့ အောင်မှတ်လေးတင်ရှိသေးတယ်။ အချိန်ကလည်း ၅ မိနစ်ပဲကျန်တော့တယ်။
တခုခုများမှားလို့ကတော့ ကျပြီပဲလို့တွေးလိုက်မိတာနဲ့ ကျမ တဗြဲဗြဲ နဲ့ငိုပါလေရောလား။
ကျမတို့စာမေးပွဲခန်းကို ဆရာမနှစ်ယောကစောင့်တယ်။ တစ်ယောက် ဆရာမဒေါ်တင်မိုးအေးဆိုတဲ့ ဆရာမ။ နောက်တစ်ယောက်ကိုတော့ ကျမ မမှတ်မိတော့ဘူး။ ကျမက အသည်းအသန်တွေငိုနေတော့ ဆရာမကပါ ငိုရော။
ဆရာ၊တပည့်နှစ်ယောက် ငိုရင်း ဒုတိယခေါင်းလောင်းထိုးသွားတော့ ကျမဆက်ဖြေလို့ မရတော့ဘူးလေ။ ဆရာမက ငိုရင်းနဲ့ပဲ ကျမတို့ ကျောင်းဂိတ်ဝထိလိုက်ပို့တယ်။ ကျမကလည်း ငိုရင်းပါသွားတာပေါ့။
ဆရာမက အမေ့ကို အကျိုးအကြောင်းမေးတော့ အမေက အ၇မ်းစိတ်မကောင်းဖြစ်ပေမယ့် ကျမကငိုနေတော့ မဆူရက်ဘူး။
အမှန်ဆို အမေက စိတ်ဆတ်တယ်၊ ငိုတာလည်းသိပ်မကြိုက်လှဘူး။ ဒါပေမယ့် ကျမက တလမ်းလုံး ရှိုက်ကြီး တငင်ငိုနေတော့ အမေက စိတ်ရှည်ရှည်ထားပြီး စိတ်သက်သာအောင်
“သမီး အုန်းနို့ခေါက်ဆွဲစားမလား” တဲ့ဆိုပြီးချော့ရှာပါတယ်။
အဲ့ဒီမှာ ကျမက“စားမယ်” လို့ပြောရင်း အလုံဘူတာနားကဆိုင်မှာစားကြတယ်။
ကျမက စားရင်း၊ ငိုရင်း တစ်ပွဲလည်းကုန်သွားရော မျက်ရည်ဝိုင်းတဲ့ မျက်လုံးကြီးတွေနဲ့ အမေ့ကို မော့ကြည့်လိုက်ပြီး အမေ့ကို စကားတစ်ခွန်းပြောလိုက်တယ်
.
.
.
.
.
.
.
.
.
.
.
.
“မေကြီး သမီးမ၀သေးဘူး နောက်တစ်ပွဲစားချင်တယ်” လို့ …………
အမေက စားမေးပွဲမဖြေနိုင်ရတဲ့ကြားထဲ ငတ်ကြီးကျနေတဲ့ သူ့သမီးကို စိတ်တိုပေမယ့် စိတ်တိုရအခက်ဖြစ်နေတဲ့ပုံကို ခုထိမြင်ယောင်တုန်း ဟိဟိ....
မှတ်မှတ်ရရ ကျမသုံးတန်းတုန်းက အတွေ့အကြုံလေးပါ။ အဲ့တုန်းက တကယ်ကို ၀မ်းနည်းငိုကြွေးခဲ့ရတာပေမယ့် ခုချိန်ပြန်စဉ်းစားတော့ ရယ်ချင်စရာလေးမို့
သူငယ်ချင်းတွေအတွက်ရေးလိုက်ပါတယ်။
သူငယ်ချင်းတွေ ပျော်ရွှင်ရယ်မောနိုင်ကြပါစေ။
Posted by ကြယ်ပြာ at 9:06 AM 2 comments
Labels: အမှတ်တရများ
Friday, October 11, 2013
"ငယ်ဘ၀ အတွေ့အကြုံများ (၂)"
ဒုတိယတန်း
=======
ဒုတိယတန်းမှာ ကျမအတွက် အမှတ်ရစရာသိပ်များများစားစားမရှိလှဘူး။ မှတ်မိတာလေးတစ်ခုက မုန့်စားနေတုန်း ဆရာလာလို့ပြေးရတာလေးတစ်ခုပဲရှိတယ်။
အဟမ်း .. အဟမ်း ..... အစားငမ်းတဲ့ ကြယ်ပြာပိစိကလေး အကြောင်းပေါ့ ....
ကျမတို့ ကျောင်းက အထက်တန်းကျောင်းပေမယ့် မုန့်စားဆောင်မှာ မုန့်ဆိုင်တွေတော့ သိပ်မမြိုင်လှဘူး။ မုန့်စားဆောင်နားရောက်ရင် ပထမဆုံးတွေ့ရမှာက ရေခဲချောင်းကို တွန်းလှည်းနဲ့ ရောင်းတဲ့ ရေခဲချောင်းသည်အစ်ကိုကြီး။ သူက ကျမသူငယ်တန်းကနေ ၁၀ တန်းရောက်တဲ့ထိ အဲ့ရေခဲချောင်းလှည်းလေးနဲ့ ရေခဲချောင်းရောင်းရင်းနဲ့ပဲ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးခဲ့တာ။
သူတင်ပဲလားဆိုတော့လည်း မဟုတ်ဘူး တခြားဆိုင်တွေလည်း လူမပြောင်းသွားကြဘူး။
နောက် သူ့နောက်ဘက်မှာကျတော့ ကပ်စေးနဲ၊ ဝေဖာယိုသုတ် စတာတွေကိုရောင်းတဲ့ တွန်းလှည်းနဲ့ အသည်ကြီး ရှိတယ်။ သူတို့က လင်မယားလား၊ ယောက်ကရှာအစ်မကြီးရောင်းတာလား မမှတ်မိတော့ဘူး။
နောက် အဲ့နားလေးမှာပဲ နို့အေးချောင်းနဲ့ ဒါးလှီိးရေခဲမုန့်ရောင်းတဲ့ မုတ်ဆိတ်ဗလဗျစ်နဲ့ လူကြီး။
သူက ဒါးလှီးရေခဲမုန့်ရောင်းတာများတယ်။ နို့အေးချောင်းကိုကျ တခါတရံမှရောင်းတယ်။
သံခွက်ကလေးတွေထဲကို နို့တွေထည့်ပြီး ရေခဲခွက်အ၀ိုင်းကြီး တဂျွမ်းဂျွမ်းလှည့်ရင်း ရလာမယ့် နို့အေးချောင်းကို ကျမအပါအ၀င် ကလေးတွေ မက်မက်စက်စက် ရှိလှတယ်။
သူ့ပါးစပ်က ရွတ်လေ့ရှိတာလေးကိုလည်း ကျမမှတ်မိနေတယ်
"အိုင်စီး ယူစီး နှစ်ယောက်စီးတော့ ပြုတ်ကျ" တဲ့ ......း)
နောက် မုန့်စားရုံအစ ညာဘက်မှာကျတော့ မန်ကျည်းဖျော်ရည်သည် မိသားစု။
ဘယ်ဘက်မှာကျတော့ ကျောင်းစောင့် ဦးကုလားရဲ့ အမေ ဘွားကျုတ်နဲ့ သူ့မိန်းမ မတင်အုံးတို့က
မုန့်ဟင်းခါး၊ အုန်းနို့၊ ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊ ၀က်သားဒုတ်ထိုး၊ ပြောင်းဖြူးပြုတ်၊ မြေပဲပြုတ်၊ ထန်းမြစ်၊ ပဲမြစ်၊ ဆီးသီးပေါင်း စတာတွေကိုရောင်းတယ်။
နောက် ဟိုးဘက်ထောင့်လေးမှာကျတော့ ဆီးထုတ်၊ ချိုချဉ်၊ နေကြာစေ့၊ သကြားလုံး၊ နံကထိုင် အစရှိတဲ့ ရယ်ဒီမိတ်မုန့်မျိုးစုံရောင်းတဲ့ မမြင့်စိန်တို့ဆိုင်။
ကဲ ... ဒါလေးပဲ ကျမဆို့ မုန့်စားရုံမှာရှိတယ်။ ဒါပေမယ့် အမယ်တွေတော့ စုံလှတယ်။ လုံလောက်တယ်လို့ပြောလို့တော့ရတာပေါ့။
ကျမ အကြိုက်ဆုံးအစားအစာက ဘွားကျုတ်ရောင်းတဲ့ ခေါက်ဆွဲသုပ်ပဲ။ တကယ်က ခေါင်ဆွဲသုပ်ဆိုလို့ ရှယ်သုတ်တော့ မဟုတ်ဘူး။ ခေါက်ဆွဲကို ဂေါ်ဖီနဲ့ ရောကြော်ထားတယ် နောက် အချဉ်ရည်နဲ့ ရောနယ်ပေးလိုက်တဲ့ မည်ကာမတ္တ အသုပ်။ ဒါပေမယ့် သိပ်အရသာရှိတယ်။ မနက်တိုင်း ကျမ အဲ့ဒါ မစားရရင် မနေနိုင်ဘူး။
ဒုတိယအကြိုက်ဆုံး မုန့်က ရွှေပုစွန်က နံကထိုင် (အခုတော့ မကြိုက်တော့ဘူး)။ မမြင့်စိန်တို့ဆိုင်က နံကထိုင် ၁ ခုကို ၃ မတ်။ ကျမ မုန့်ဖိုးက ၁ ကျပ် ခွဲ။ ခေါက်ဆွဲသုပ်က ငါးမူး ဆိုတော့ ကွက်တိပဲ (စုတောင် မစုနိုင်ဘူး )
ကျမတို့ကျောင်းလေးက သူများကျောင်းတွေလိုပဲ ပထမကျောင်းတက်ခေါင်းလောင်ထိုးရင် ကျောင်းသားတွေအကုန် အတန်းထဲမှာရှိပြီး ဘုရားရှိခိုးရတယ်။ ကျမက တခါတလေ နောက်ကျတတ်တယ်။ ကျောင်းရောက်တာနဲ့ ကျမရဲ့ပထမဆုံးအလုပ်က လွယ်အိတ်ပစ်ချပြီး ဘွားကျုတ်ဆိုင်ကို ပြေးတာပဲ။ ဘယ်လောက်အိမ်ကပဲ စားလာရပါစေ ဘွားကျုတ်အသုတ်ကို နေ့တိုင်းစားရမှ စိတ်ထဲအာသာပြေတယ်။ ခေါင်းလောင်းထိုးသွားရင် ဒု-ကျောင်းအုပ် ခေါင်းဖြူဆရာကြီးက မုန့်စားရုံကို ပတ်စစ်လေ့ရှိတယ်။
ကျမက အစာစားရင် သိပ်မ၀ါးပဲ မျိုချလေ့ရှိတာ ငယ်ကတည်းက အကျင့်ဆိုပါတော့။ တနေ့ ကျမ အပူတွေကန်လို့ အာခေါင်တွေမှာစင်းကြောင်းတွေထပြီးရေသောက်ရင်တောင် နာနေတဲ့အချိန်မှာ ကျမကျောင်းချိန်ကွက်တိရောက်သွားတယ်။ မနက်စာ စားချိန်မရှိတော့ဘူး။ ဒါပေမယ့် ကျမရဲ့ တဇွတ်ထိုးထုံးစံအတိုင်း မုန့်ဆိုင်ကိုပြေးတယ်။ အသုပ်စားတော့ ထင်သလောက် ခရီးမရောက်ဘူး အာခေါင်က နာနေတာကိုး။ အဲ့ဒီအချိန်မှာ ခေါင်းဖြူဆရာကြီးကလာနေပြီ ကြိမ်လုံးကလည်း တ၀င့်ဝင့်။ အသုပ်ကလည်း တန်းလန်း မျိုချလို့ကလည်းမရ ဖြတ်ချလို့ကလည်း အဆင်မပြေ။ ပါးစပ်မှာ ခေါက်ဆွဲတန်းလန်းစားရင်းနဲ့ ဆိုင်တွေနောက်ဘက် ပတ်ပြီး ပုန်းရတယ်။ ပါးစပ်ကလည်းအစားမပျက်၊ လူကလည်း ကုန်းကွပုန်း၊ ဆရာကြီးပြန်ပြီလားလည်းချောင်းကြည့်ရနဲ့ တော်တော်ကို ကိုးယိုးကားယားနိုင်ခဲ့တာ။ ဒါပေမယ့်လေ ကျမခေါက်ဆွဲသုပ်ကို ပြေးရင်းလွှားရင်း အောင်မြင်စွာ ကုန်အောင် စားနိုင်ခဲ့တယ်။ အရိုက်လည်း မခံရဘူး။
မှတ်မှတ်ရရ ရင်ခုန် (ကြိမ်လုံးစာကြောက်လို့)၊ စိတ်မော၊ ပျော်ရွှင်ခဲ့ရတဲ့အဖြစ်လေးတစ်ခုပေါ့။
သူငယ်ချင်းတွေလည်း ပြုံးပျော်နိုင်ကြပါစေ .......
Posted by ကြယ်ပြာ at 9:47 PM 4 comments
Labels: အမှတ်တရများ
"ငယ်ဘ၀ အတွေ့အကြုံများ (၁)"
ဘာရယ်မဟုတ် ... သူများတွေကျောင်းသားဘ၀အကြောင်းရေးတာမြင်ရင်း ကိုယ့်ငယ်ဘ၀လေးက အမှတ်တရလေးတွေ ပြန်သတိရမိတယ်။
သူငယ်တန်း
=======
- ပထမဆုံး သူငယ်တန်းတက်တဲ့နေ့က ကိုယ့်ကိုလည်းမြင်ရော အခန်းထဲက ကျောင်းသားလေးတစ်ယောက်က ပြေးလာပြီး ကိုယ့်ကို အတင်းဖက်ပြီး ပါးကိုနမ်းတာ မမေ့ဘူး။
သူနမ်းတဲ့ အကြောင်း ကိုယ်က အိမ်မှာ ပြန်ပြောပြမိတော့ တမိသားစုလုံး ၀ိုင်းဟားလို့ အော်ကြီး ဟစ်ကျယ် ငိုရတာလည်း မမေ့ဘူး။
- အမေက ပြောတယ်ကျောင်းလွှတ်ချိန်ဆို ကလေးတွေ အများကြီးကြားမှာ ကိုယ့်ကလေးကိုယ်ရှာရတာ မူးတောင် မူးတယ်တဲ့။ ဒါပေမယ့် ငါ့သမီးကတော့ ဒီလိုမဟုတ်ဘူးဆိုပဲ။ အမေကျောင်းလာကြိုတော့ ပါးစပ်ကြီး တခုလုံး ရဲပဒေါင်းခတ်ပြီး သူငယ်ချင်းတွေ ကြားထဲ ပြူးပြဲနေတဲ့ သူ့သမီးကို အမေက တန်းကိုမြင်တာ။ အမေက ပါးစပ်ကြီးနီရဲနေတော့ လန့်သွားရှာတာပေါ့။ တကယ်က ဘေးနာက ကုလားမလေးက သူ့အိမ်က ဒါန်းသီးကိုယူလာပြီး အဲ့ဒါနဲ့ နှုတ်ခမ်းနီဆိုးလို့ရတယ်ဆိုပြောပြီး စာရေးခုံမှာ သွေးပေးတယ် ကိုယ်ကလည်း အဲ့ဒါတွေ ကောက်ကောက်ပြီး နှုတ်ခမ်းကို ဆိုးပစ်တာ....
ခု ပြန်တွေး ခုရယ်ချင်တယ် လှချက်ရက် စက်စက်ယိုပဲ
ပထမတန်း
======
ဒီတစ်ခါတော့ ကျမက ဆရာမစကားကို သိပ်နားထောင်တဲ့ ကလေးလေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတာကို ပြောပြချင်တာပါ။
မူလတန်းကလေးတွေဟာ အားရင် အပေါ့သွားဖို့ပဲ အမြဲ ခွင့်တိုင်လေ့ရှိတယ်။ ကျမကလည်း အဲ့ဒီအမျိုးအစားထဲမှာပါတယ်။ အဆော့ကလဲ အင်မတန်မက်တယ်။
တနေ့ပေါ့ ... ကျမ အရင်လို အပြင်ထွက်ချင်လို့ အပေါ့သွားမယ် ခွင့်တိုင်တာမျိုးမဟုတ်ပဲ တကယ်ကို အပေါ့သွားချင်နေခဲ့တာ။
အဲ့ဒီအချိန်မှာ ၀င်နေတဲ့ ဆရာမက မျက်နှာတည်လွန်းတော့ ကလေးတွေက ကြောက်ကြတယ်။ (စကားချပ်။ ။ တကယ်က ဆရာမသိပ်သဘောကောင်းတာ နောင်မှသိလာတယ်။)
ကျမလဲ ဆရာမကိုသိပ်ကြောက်ပေမယ့် အပေါ့ကအရမ်းကို သွားချင်နေပြီဆိုတော့ ကြောက်ကြောက်နဲ့ပဲ လက်လေးပိုက် လက်ညှိုးလေး နှုတ်ခမ်းနားကပ်ပြီး
"ဆရာမ သမီးအပေါ့သွားချင်လို့ပါ" ဆိုလိုက်တော့ ဖျက်ကနဲ ကြည့်လိုက်တဲ့ဆရာမ မျက်လုံးကိုလန့်လိုက်တာ ဆိုတာ တအားပဲ။
ဆရာမက "နင်တို့တွေ အားနေ အပေါ့သွားမယ်ချည်းပဲ။ မသွားနဲ့ " တဲ့ ....
ကျမလည်း "ဆရာမ သမီး တကယ်အပေါ့သွားချင်လို့ပါ" လို့ အရဲစွန့် ပြောရပြန်ရော။ ကိုယ့်အကြောင်းကိုယ်သာသိလေ။ ထွက်က ထွက်ကျတော့မယ်။
ဆရာမက "မအောင့်နိုင်ရင် အတန်းထဲ ပေါက်ချလိုက်" တဲ့ ......
ကျမကလေးဥာဏ်လေးနဲ့ စဉ်းစားတယ်။ ကျမအတန်းထဲမှာ ပေါက်ချရင် ဘောင်းဘီတွေစို၊ သေးနံ့တွေနံရင် ရှက်ရကောင်းမှန်း ကျမသိတယ်။
ဒါပေမယ့် အောင့်ကလည်းမအောင့်နိုင် ဆရာမက ရွဲ့ပြောတာကို ခွင့်ပြုတယ်လို့ စိတ်ထဲယူဆပစ်လိုက်တယ်။
ကျမဘေးမှာ ထိုင်တာက အရပ်ရှည်ရှည်နဲ့ ကုလားမလေးတစ်ယောက်။ ကျမက သူ့ကို ပြောလိုက်တယ်။
"ဟဲ့ ဆရာမက ပေါက်ချင်အတန်းထဲပေါက်လို့ ပြောတယ်။ ငါ ခုံအောက်ဝင်ပေါက်မလို့ ကွယ်ပေး" လို့ ပြောတော့ သူက ကွယ်ပေးတယ်။
ကျမလည်း ခုံအောက်ဝင်ပြီး ပေါက်ပစ်လိုက်တာပေါ့။ သေးတွေက သံမံတလင်းမှာ ကျမနေရာကနေ ဘေးကို စီးကြောင်းနဲ့ စီးလို့ .... ကိုယ်က ခပ်တည်တည်ပဲ စာလုပ်နေလိုက်တယ်။
အတန်းချိန်ကုန်ခါနီးတော့ ဆရာမက ကလေးတွေစာအုပ်ကို ပတ်ကြည့်တာပေါ့ ။ ကိုယ့်ဘေးလည်းရောက်ရော သေးစီးကြောင်းကိုတွေ့ရောဆိုပါတော့ ။ ဆရာမက ဟဲ့ ဘာတွေတုန်းဆိုတော့
ကလေးပိစိကျမက လိမ်တတ်တယ်ဗျ။
"ရေဗူးဖိတ်တာ ဆရာမ" တဲ့ ဖြေလိုက်တယ်။
အဲ့မှာ ဘေးက ကုလားမလေးက
"မဟုတ်ဘူးဆရာမ မို့မို့အိအောင် ခုံအောက်ဝင်ပြီး သေးပေါက်တာ" လို့ အကျယ်ကြီးအော်ပြောတယ်။
အဲ့မှာ မို့အိတို့ ဂွမ်းပါလေရောလား။
"ဆရာမက အထဲမှာ ပေါက်ချင်ပေါက် ပြောလို့ သမီးပေါက်မိတာပါ" လို့ ငိုယိုပြီးပြောလာတဲ့ ကျမကို ကြည့်ရင်း သိပ်အရိုက်သန်တဲ့ ဆရာမမှာ ငိုအားထက်ရယ်အားသန်ခဲ့ရတယ်။
မှတ်မှတ်ရရ တစ်တန်းတုန်းကပေါ့ ။။။။။။
Posted by ကြယ်ပြာ at 9:06 PM 1 comments
Labels: အမှတ်တရများ
Wednesday, October 9, 2013
"တိုက်ကြက်"
နွှဲလိုက်စမ်း ဖေ့သား
လက်ခုပ် လက်ဝါးတီးလို့
အမျိုးမျိုး အဖုံဖုံ ညာသံအစုံစုံအောက်မှာ
လည်ဆံမွှေးထ ဒေါမာန်တကြွကြွနှင့်
နွှဲခဲ့တဲ့ပွဲပေါင်းလည်း များလှပေါ့ ….
ဒီလိုနဲ့ အချိန်တန်တော့
အတက်ကျိုး မျက်ဖြူလန်
ခွပ်ရန် မစွမ်းသန်ချိန်မှာတော့
ကျုပ်သခင် အချစ်မ၀င်သော်လည်း
အပြစ်မမြင်ရက်
ကျုပ်ကိုယ်တိုင်က တိုက်ကြက် ……………………………………….
မြန်မာကားတစ်ကားမှ ကြက်တိုက်ပွဲမြင်ကွင်းကိုကြည့်ရင်း စိတ်ထဲပေါ်လာသမျှချရေးသည်။
Posted by ကြယ်ပြာ at 9:34 AM 0 comments
Labels: ကဗျာ
Wednesday, August 28, 2013
"မျောလွင့်ရုံ"
ရာသီဥတု ကောင်းမွန်နေတာတောင်
ရွာချင်ယောင်ဆောင်တဲ့မိုးကိုပဲ နှစ်သက်မိသလိုလို ….
အုံဆိုင်း နေတဲ့ ကောင်းကင်ကြီးကိုပဲ ငိုချခိုင်းတော့မလိုလိုနဲ့
စိတ်တွေဟာ ဂယောက်ဂယက်နဲ့ အနည်ထချင်မိတယ် …
တခါတခါတော့လည်း
လိပ်ပြာတစ်ကောင်ဖြစ်လား ဖြစ်ချင်မိပါရဲ့ ….
လှပတဲ့ တောင်ပံရောင်စုံကြောင့်လည်းမဟုတ်သလို
ဝတ်မှုန်ထုံကူးဖို့ သက်သက်ဆိုပြန်တော့လည်း မဟုတ်ဘူးပေါ့ ….
ဒါဆိုရင် ????
တခါတခါကျတော့လည်း
သက်မဲ့စွန်တစ်ကောင်သာဖြစ်ချင်မိပြန်ရော…
ခက်နေတာက သွယ်ယှက်နေတဲ့ ကြိုးမျှင်ခပ်သေးသေးလေးတွေက
ထင်တာထက် ပိုပြီး ခိုင်လွန်းနေပြန်တယ် …
အင်း… အချိန်တန်တော့လည်း စွန်ဟာ ရစ်ဘီးဆီ ပြန်ကပ်သွားရတာပါပဲလေ ..
ရွေူးချယ်ခွင့်က ကြိုးပြတ်ခြင်းကလွဲရင် ရောက်ရာ ပေါက်ရာလေသယ်ရာဆီပဲဆိုတော့ကာ …
သာယာဖူးတဲ့ အခိုက်အတန့် မေ့ မပစ်ရုံပေါ့ …..
Posted by ကြယ်ပြာ at 6:16 AM 4 comments
Labels: ကဗျာ