ကျမ အခုရေးမည့် အကြောင်းအရာသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အကြောင်းအရာဖြစ်သည်ဆိုတာကို ပထမဦးစွာပြောလိုပါတယ်။
ဆရာဆိုသည်မှာ အစိုးရကျောင်းမှ ဆရာပဲဖြစ်စေ၊ ကျူရှင်သာပြသည့် အပြင်မှ ဆရာပဲဖြစ်စေ ဆရာကျင့်ဝတ်နှင့်ညီသင့်သည်ဟု ကျမထင်မြင်မိပါတယ်။ တပည့်များ မကောင်းလျှင်တောင် ပဲ့ပြင်ဆုံးမရမည့်ဆရာက ကိုယ်တိုင်မကောင်းဖြစ်နေလျှင် မည်သူက ဆုံးမမည်ဆိုတာကိုတော့ သူကျူးလွန်ခဲ့သည့် အပြစ်ပေါ်မူတည်မည်ဟုထင်ပါသည်။
ကျမ ဆွေမျိုးထဲမှ အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသားလေးသည် (၅)ရပ်ကွက် ဒဂုံမြို့သစ် အရှေ့ပိုင်း ယောမင်းကြီးလမ်းတွင် ဖွင့်လှစ်ထားတာ့ KMC ဆိုသည့် ကျူရှင်ကျောင်းတွင် တက်ရောက်နေပါသည်။ ထိုကျောင်းကို ဦးစီးဖွင့်သူမှာ ဦးကျော်မင်းချို ဖြစ်ပါသည်။
ထိုကလေးသည် ရိုးရိုးအေးအေးသာနေတတ်ပြီး အနည်းငယ်လဲ ကြောက်တတ်ပါသည်။ စာအလွန်ကျက်ပြီး ပညာကိုလိုလိုချင်ချင်ရှိသောကလေးက ဇွန် ၁၃ ရက်နေ့မှာ ကျူရှင်မသွားချင်ဟုပြောတော့ ကလေးအမေက ရိုက်နှက်ပြီး အတင်းသွားခိုင်းပါသည်။ ကလေးက ငိုယိုသာနေပြီး ကျူရှင်မသွားချင်ဟု ပေကပ်ကာအရိုက်ခံပါသည်။ နောက်မှ ဘာဖြစ်လို့လဲဟုချော့မော့မေးတော့မှ အဖြစ်မှန်ကိုသိရပါသည်။
အဖြစ်က ဒီလိုပါ။ ကျမရှင်းရှင်းဘွင်းဘွင်းသာရေးပါမည်။ ရင့်သီးသွားလျှင်သည်းခံပေးပါရန် ကြိုတောင်းပန်ပါသည်။
ဇွန် ၁၂ ရက်နေ့။
ကလေးက ထုံးစံအတိုင်းကျူရှင်သွားပါသည်။ ကျူရှင်ပြီးတော့ ဆရာကျော်မင်းချိုက ကလေးအား အပေါ်သို့ခဏတက်ခဲ့ရန်ခေါ်ခဲ့ပါသည်။ ကလေးက အပေါ်တက်သွားသောအခါ သူက အခန်းတံခါးကို ကလန့်ထိုးလိုက်ပြီး ကလေးကို ချုပ်ပြီး မျက်နှာတွေ လည်ပင်းတွေကို လျှာနဲ့လျက်ပါသည်။ ကလေးအားလည်း သူ့အားပြန်လျက်ပေးခိုင်းပါသည်။ ထို့နောက် သူ့ယောက်ျားအင်္ဂါပစ္စည်းအား အတင်းကိုင်ခိုင်းပါသည်။ ကလေးကို ပိုက်ဆံပေးမည်၊ သည်အဖြစ်ကို ဘယ်သူ့မှ မပြောရ ပြောလျှင် ပြန်မလွှတ်ပေးဟု ဆိုပါသည်။ ကလေးက ဘယ်သူ့မှ ပြန်မပြောပါဟု ကတိပေးတော့မှ ပြန်လွှတ်ပေးပါသည်။
နောက်မှသိရသည်မှာ သည်ဆရာသည် နာမည်အနည်းငယ်ရှိပြီး ဒီကလေးအပြင် အရင် ကလေး ၃ ယောက် ၄ ယောက်ကိုလည်း လက်တည့်စမ်းဖူးကြောင်းကြားရပါသည်။ မည်သူမျှမတိုင်သဖြင့် သူသည် ဆရာဂုဏ်ကိုမျှမထောက် ဒီလိုဆက်သောင်းကျန်းနေခြင်းဖြစ်ပါသည်။
သည်ကိစ္စကိုသိတော့ ကျမဆွေမျိုးများက ကျူရှင်ကျောင်းဆီ လိုက်သွားခဲ့ပြီး ဆရာကျော်မင်းချိုနဲ့ စကားပြောဆိုခဲ့ပါသည်။ ပထမသူမလုပ်ကြောင်း ငြင်းနေရင်း ကလေးကပါ သူ့ရှေ့မှာတင် သူ့ကိုလုပ်ခဲ့တာတွေ ငိုယိုပြောပြတော့မှ “သူ စိတ်အနည်းငယ် ယိုင်သွားလို့ မှားသွားမိပါကြောင်း၊ အားလုံးကျေနပ်အောင်လုပ်ပေးပါမည်ဖြစ်ကြောင်း” တောင်းတောင်းပန်ပန်ပြောပါသည်။
ကျမတို့ဘက်မှ ရပ်ကွက်ရုံးသို့သွားမည်ဟုဆိုကာ တိုင်စာရေးပြီးရပ်ကွက်ရုံးသို့သွားခဲ့ပါသည်။
ရပ်ကွက်ရုံးစာရေးမှ ကျမတို့တိုင်စာကို စာပြန်စီပြီး ကျမတို့ကို စစ်စေပါသည်။ စာအချောသတ်ပြီးတော့ သူ(ဦးကျော်မင်းချို) ကိုယ်တိုင် လုပ်မိကြောင်းဝန်ခံလက်မှတ်ထိုးခဲ့ပါသည်။ ထို့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးတင်မြင့်ဆိုသူနှင့် KMC မှ အခြားဘာသာရပ်သင် ဆရာမများလည်း အသိသက်သေအဖြစ်လက်မှတ်ရေးထိုးပါသည်။ ကျမတို့က စာမိတ္တူတောင်းသောအခါတွင် ဦးတင်မြင့်ဆိုသူမှ ဆရာမ ၅ ယောက် စာသင်သည်ဖြစ်ရွေ့ ယခု ဆရာမ(၃)ယောက်သာ လက်မှတ်ထိုးရသေးပြီး ဆရာမ(၂) ယောက် လက်မှတ်ထိုးဖို့ ကြံသေးကြောင်းနှင့် စာမိတ္တူကို စနေနေ့မှ ယူဖို့ပြောပါသည်။
ကျမတို့ဘက်မှ စနေနေ့သွားတောင်းသောအခါ ဦးတင်မြင့်မှ စာမိတ္တူကို မပေးနိုင်ဟုပြောပါသည်။ ကြိုက်သည့်နေရာတိုင်ဟုပြောပြီး ပြစ်မှုကျူးလွန်သူ ဦးကျော်မင်းချို ၏ ဦးလေးမှာ ရထားပို့ဆောင်ရေး ၀န်ကြီးတစ်ယောက်ဖြစ်ကြောင်း၊ သူက သူ့တူကို ရှမ်းပြည်မှာ ကျောင်းအုပ်လုပ်ဖို့ခေါ်သွားကြောင်း၊ ခရီးသွားမည်ဟုခွင့်တောင်းရွေ့ ခရီးသွားခွင့်ပေးလိုက်ကြောင်း မဆိုင်တာတွေပြောပါသည်။ ကျမတို့ဘက်မှ ဦးကျော်မင်းချို ကိုယ်တိုင်ဝန်ခံထားသော စာရွက်ကို ဓါတ်ပုံသာရိုက်ခဲ့ရပါသည်။
ဒီပို့စ်ကို တင်ရခြင်းရဲ့အဓိကရည်ရွယ်ချက်မှာ သုံးခုဖြစ်ပါသည်။
ပထမတစ်ခုက ကျောင်းသားမိဘများအား သမီးမှမဟုတ် သားများတွင်လည်း အန္တရာယ်ရှိကြောင်း သတိပေးချင်တာပါ။
နောက်တစ်ခုက ဆရာမပီသသော ဆရာအား သူ့အပြစ်အတွက် ဒီစာကို ဖတ်မိလျှင်ဖြစ်စေ၊ သူကိုယ်တိုင်မဖတ်မိလျှင်တောင် သူ့ပတ်ဝန်းကျင်မှလူများ ဖတ်မိစေရန်ရည်ရွယ်ပါသည်။
နောက်ဆုံးတစ်ခုကတော့ ပြစ်မှုကျူးလွန်သည်ကို သိပါလျက် ဘယ်သူ့အမျိုးဟုကြောက်လို့ဖြစ်စေ၊ လာဘ်လာဘယူထားလို့ဖြစ်စေ အမှန်ကို မသိကျိုးကျွံပြုသော ဦးတင်မြင့်လို လူမျိုးများအား သတိထားမိစေရန်နှင့် သည်လိုလူမျိုးများကြောင့် ကိုယ့်သားသမီးများ ထိခိုက်နစ်နာတတ်စေသည်ကို သတိထားမိစေရန်ရည်ရွယ်ပါသည်။
ကျမထပ်ပြောပါမည်။ ဒီစာသည် ဦးကျော်မင်းချိုအား သိက္ခာချသောစာ လုံးဝမဟုတ်ရပါ။
သူသည် ၀န်ကြီးတူ မကလို့ သားပဲဖြစ်စေဦးတော့ ကျူးလွန်ခြင်းက ကျူးလွန်ခြင်းသာဖြစ်ပါသည်။ ဦးကျော်မင်းချိုလို ဆ၇ာမျိုးများအား ကျောင်းသားမိဘများ၊ ကျောင်းသားများရှောင်ကြဉ်နိုင်စေရန် ရေးသားရခြင်းဖြစ်ပါကြောင်းဖြင့် နိဂုံးချုပ်ပါသည်။
Saturday, June 16, 2012
ဆရာက ကျောင်းသားကို အခြောက်ဇာတ်သွင်းသည်ဆိုလျှင် သင်ယုံပါသလား?
Posted by ကြယ်ပြာ at 11:28 AM 8 comments
Sunday, April 8, 2012
လွမ်းလို့ရေးတဲ့စာ ..
တဖွဲဖွဲကျနေတဲ့ မိုးစက်လေးတွေရယ် …
တသွဲ့သွဲ့တိုက်ခတ်နေတဲ့ လေညင်းလေးတွေရယ် …
ပြည့်ဝစွာသာနေပေမယ့် မိုးစက်လေးတွေကြောင့် မှုန်တခါ၊ လင်းတလှည့်နဲ့သာပေးနေရရှာတဲ့ လမင်းကြီးရယ် ငါ့ရင်ထဲက လွမ်းစိတ်တွေကို ညှို့ယူနေသလားကွယ် ….
ဟိုးဝေးဝေးကိုငေးကြည့်ရင်း သိပ်မဝေးသေးတဲ့ အတိတ်ကို ငါလွမ်းဆွတ်တယ်။
ငါရဲ့ ဖုန်းကလေးရေ …. ငါ့ရဲ့ နှိုးစက်တမန်တော်လေးရေ …
နင်ကော ငါ့ရဲ့နတ်သားလေးကို မလွမ်းဘူးလားဟင် …..
ငါကတော့ ဖုန်းထဲက အိပ်ချင်မူးတူး အသံလေးကိုလွမ်းတယ် ….
ငါ စိတ်ညစ်တိုင်း ဒါမှမဟုတ် ဒေါသထွက်တိုင်း
ငါ့ကို စိတ်ပြေအောင် ချော့မော့လေ့ရှိတဲ့ ငါ့ရဲ့ချစ်သူလေးကိုလွမ်းတယ် ….
လေညင်းလေးရေ နင်ကတော့ပျော်နေမလားပဲ …
နင့်ချစ်သူ မိုးစက်လေးတွေနဲ့ ခုန်ပေါက်ဆော့ကစားနေရလို့လေ ….
အို …. လေညင်းလေးရေ ..
ငါ့ပါးကို ပွတ်သပ်လို့ နှစ်သိမ့်မှုတွေပေးနေသလားကွယ် ….
ငါ နင့်ကိုကျေးဇူးတင်ပါတယ် ….
ဒါပေမယ့် ငါ့ချစ်သူလေးကို လွမ်းနေတုန်းပဲကွယ် ….
ကျလုစနေရောင်ခြည်လေးရေ နင်သိပ်လှနေပါလား ….
ငါ့ချစ်သူလေးကလဲ ငါရုံးအဆင်းကို စောင့်နေလေရဲ့ …
ငါ့ကိုမြင်လိုက်တာနဲ့ အပြုံးတစ်ပွင့် လက်ဆောင်ပေးတတ်တဲ့ ငါ့ချစ်သူလေးရေ ….
ငါ နင့်ကိုသိပ်လွမ်းနေတယ် ….
ခိုင်မာတဲ့ လက်တစ်ဘက်က ငါ့လက်တစ်ဘက်ကို မြဲမြဲတွဲလို့
ငါ့ကျောပိုးအိတ်လေးကို နင်ကလွယ်လို့
ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ခြေလှမ်းတွေနဲ့
ငါ့ညနေတွေ သိပ်လှခဲ့ဖူးတယ်လေ ….
ပိတ်ရက်တွေမှာ နင့်အတွက်ဆိုရင်
မပျင်းမရိ ဖွယ်ဖွယ်ရာရာလေးတွေ ချက်ကျွေးတတ်တဲ့
ငါ့ကိုရော နင်လွမ်းနေရဲ့လား ….
နင် ဆေးလိပ်သောက်ချင်တိုင်း
ပူညံ ပူညံလုပ်တတ်တဲ့ငါ့ကို
နင်စိတ်ပျက်နေသလားဟင် ….
မျက်နှာကို တချက် တချက် လာစင်တဲ့ မိုးပေါက်လေးတွေရေ …
အလွမ်းက မျက်ရည်ကိုချူတတ်သလားဟင် …
ငါ့ရင်ထဲက အလွမ်းတွေက ငါ့မျက်လုံးတွေကို မှုန်ဝါးစေသတဲ့လား …
ပူနွေးတဲ့မိုးရေစက်လေး တစ်စက် ငါ့လက်ဖမိုးပေါ်ပေါက်ကနဲ ကျလာသလား …
ချစ်သူရေ ….
ငါလေ နင့်ကို နင့်နင့်သည်းသည်းလွမ်းနေတယ် …..
မှတ်ချက်။ ။ ဒီစာလေးက ကဗျာလဲ မဟုတ် စာလဲ မဟုတ်ပါဘူး ... တစ်ယောက်နဲ့တစ်ယောက် ဝေးနေတဲ့အချိန်မှာ ချစ်သူကိုလွမ်းလွန်းလို့ ရင်ထဲရှိတဲ့အတိုင်းချရေးထားတာပါ ... စာလာဖတ်တဲ့ သူငယ်ချင်းတွေ စိတ်အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါနော်။
Posted by ကြယ်ပြာ at 8:04 AM 7 comments
Labels: စာ
Wednesday, April 4, 2012
အကြော်သည်

မိုးမလင်းသေးပါဘု အပျင်းရယ်မကြီးရဲတာမို့
လင်းကြက်တောင် တွန်သံမကျူးခင်
မျှဉ်းလို့ထိုင် အမေအိုမနိုးအောင်
သာအယာ ခြေဖွနင်းပါလို့
ရေကပြင်ထက်နားဆီ လျှောက်ခဲ့ရပြန်။
တိုးလို့ချွေတာ မိုးကမရွာ
ရေတစ်ထမ်း ရာဂဏန်းရယ်မို့
ရေတစ်စွတ်နဲ့သာ ရွှေမျက်နှာ လန်းရတယ်
အမှန်လေ သဘာဝပေမို့ မလွှဲသာ တွေးမလွမ်းနိုင်ဘု
သနပ်ခါးသာ ဘယ်ညာကူရတယ်။
အမေအိုရင်ကျပ်သည်တွက်
လျက်ဆား ဆေးတစ်ခွက်ရယ်နဲ့
ရေနွေးဖြူ အဆူမြန်စေဖို့ရေး
ပါးနှစ်ဖက်မှာ ချွေးစက်ရာ ဗရပွထင်တဲ့ထိ
ခါးချိုးကာ မီး မှုတ်ရပြန်။
ထမင်းကြမ်းခဲ နတ်သုဒ္ဓါကို
ဆီကြွင်းရယ် ဆား အနည်းငယ်ဖြူးပါလို့
တဖဲ့တရွဲ့ အကြော်ကျန်နဲ့
တမနက်တာ ၀မ်းတောင့်စေဖို့
ကုန်းလွေးရပြန်။
ရောင်နီငယ် ပြူမထွက်ခင်
ကိုယ်ပိုင်ရာ အကြော်နန်းဆီသို့ ဗရုတ်ဗရက်သုတ်ခြေတင်
စားပွဲငယ်တစ်ချပ်ခင်းပါလို့ ဗူး၊ဖယုံ၊ သီးနှံအစုံ ပုံလို့တင်
မုန့်နှစ်ပြင်၊ ထင်းမီးဖိုနှင့် ဆီအိုးရယ်က အသင့်ပြင်
ကြော်မဟဲ့ ပူနွေးတဲ့ အကြော်စုံ
ဆင်းရဲသူတွေ ၀မ်းစာတောင့်စေဖို့
တစ်ခုမှ ၁၀၀ကျပ်ရယ်နဲ့ လှိုင်လှိုင်သာ ၀ယ်ကြစမ်းပါ
ဟော့ဒီက ကြွပ်ရွတဲ့ အကြော်စုံ။ ။
ရေးသားသူ။ ။ ဖြိုးဇာနည်၊ ကြယ်ပြာ
မှတ်ချက်။ ။ ပုံလေးကို ကျောက်ပန်းတောင်း.org ကနေယူထားပါတယ်။
Posted by ကြယ်ပြာ at 1:58 AM 11 comments
Labels: ကဗျာ