တဖွဲဖွဲကျနေတဲ့ မိုးစက်လေးတွေရယ် …
တသွဲ့သွဲ့တိုက်ခတ်နေတဲ့ လေညင်းလေးတွေရယ် …
ပြည့်ဝစွာသာနေပေမယ့် မိုးစက်လေးတွေကြောင့် မှုန်တခါ၊ လင်းတလှည့်နဲ့သာပေးနေရရှာတဲ့ လမင်းကြီးရယ် ငါ့ရင်ထဲက လွမ်းစိတ်တွေကို ညှို့ယူနေသလားကွယ် ….
ဟိုးဝေးဝေးကိုငေးကြည့်ရင်း သိပ်မဝေးသေးတဲ့ အတိတ်ကို ငါလွမ်းဆွတ်တယ်။
ငါရဲ့ ဖုန်းကလေးရေ …. ငါ့ရဲ့ နှိုးစက်တမန်တော်လေးရေ …
နင်ကော ငါ့ရဲ့နတ်သားလေးကို မလွမ်းဘူးလားဟင် …..
ငါကတော့ ဖုန်းထဲက အိပ်ချင်မူးတူး အသံလေးကိုလွမ်းတယ် ….
ငါ စိတ်ညစ်တိုင်း ဒါမှမဟုတ် ဒေါသထွက်တိုင်း
ငါ့ကို စိတ်ပြေအောင် ချော့မော့လေ့ရှိတဲ့ ငါ့ရဲ့ချစ်သူလေးကိုလွမ်းတယ် ….
လေညင်းလေးရေ နင်ကတော့ပျော်နေမလားပဲ …
နင့်ချစ်သူ မိုးစက်လေးတွေနဲ့ ခုန်ပေါက်ဆော့ကစားနေရလို့လေ ….
အို …. လေညင်းလေးရေ ..
ငါ့ပါးကို ပွတ်သပ်လို့ နှစ်သိမ့်မှုတွေပေးနေသလားကွယ် ….
ငါ နင့်ကိုကျေးဇူးတင်ပါတယ် ….
ဒါပေမယ့် ငါ့ချစ်သူလေးကို လွမ်းနေတုန်းပဲကွယ် ….
ကျလုစနေရောင်ခြည်လေးရေ နင်သိပ်လှနေပါလား ….
ငါ့ချစ်သူလေးကလဲ ငါရုံးအဆင်းကို စောင့်နေလေရဲ့ …
ငါ့ကိုမြင်လိုက်တာနဲ့ အပြုံးတစ်ပွင့် လက်ဆောင်ပေးတတ်တဲ့ ငါ့ချစ်သူလေးရေ ….
ငါ နင့်ကိုသိပ်လွမ်းနေတယ် ….
ခိုင်မာတဲ့ လက်တစ်ဘက်က ငါ့လက်တစ်ဘက်ကို မြဲမြဲတွဲလို့
ငါ့ကျောပိုးအိတ်လေးကို နင်ကလွယ်လို့
ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ခြေလှမ်းတွေနဲ့
ငါ့ညနေတွေ သိပ်လှခဲ့ဖူးတယ်လေ ….
ပိတ်ရက်တွေမှာ နင့်အတွက်ဆိုရင်
မပျင်းမရိ ဖွယ်ဖွယ်ရာရာလေးတွေ ချက်ကျွေးတတ်တဲ့
ငါ့ကိုရော နင်လွမ်းနေရဲ့လား ….
နင် ဆေးလိပ်သောက်ချင်တိုင်း
ပူညံ ပူညံလုပ်တတ်တဲ့ငါ့ကို
နင်စိတ်ပျက်နေသလားဟင် ….
မျက်နှာကို တချက် တချက် လာစင်တဲ့ မိုးပေါက်လေးတွေရေ …
အလွမ်းက မျက်ရည်ကိုချူတတ်သလားဟင် …
ငါ့ရင်ထဲက အလွမ်းတွေက ငါ့မျက်လုံးတွေကို မှုန်ဝါးစေသတဲ့လား …
ပူနွေးတဲ့မိုးရေစက်လေး တစ်စက် ငါ့လက်ဖမိုးပေါ်ပေါက်ကနဲ ကျလာသလား …
ချစ်သူရေ ….
ငါလေ နင့်ကို နင့်နင့်သည်းသည်းလွမ်းနေတယ် …..
မှတ်ချက်။ ။ ဒီစာလေးက ကဗျာလဲ မဟုတ် စာလဲ မဟုတ်ပါဘူး ... တစ်ယောက်နဲ့တစ်ယောက် ဝေးနေတဲ့အချိန်မှာ ချစ်သူကိုလွမ်းလွန်းလို့ ရင်ထဲရှိတဲ့အတိုင်းချရေးထားတာပါ ... စာလာဖတ်တဲ့ သူငယ်ချင်းတွေ စိတ်အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါနော်။
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
3 weeks ago
7 Comments:
ကဗျာမဟုတ်စာမဟုတ်ပေမယ့်
ဖတ်လို့တော့ကောင်းတယ်.
လွမ်းတာလေးတွေပေါ်လွင်တယ်..
ပြောရင်နဲ့တောင်လွမ်းလာပြီ:)
လမင်းရေ.... ကြယ်ပြာရဲ့ ခံစားချက်ကို နားလည်ပေးလို့ ကျေးဇူးပါ ....
မျက်နှာကို တချက် တချက် လာစင်တဲ့ မိုးပေါက်လေးတွေရေ …
အလွမ်းက မျက်ရည်ကိုချူတတ်သလားဟင် …
ငါ့ရင်ထဲက အလွမ်းတွေက ငါ့မျက်လုံးတွေကို မှုန်ဝါးစေသတဲ့လား …
ပူနွေးတဲ့မိုးရေစက်လေး တစ်စက် ငါ့လက်ဖမိုးပေါ်ပေါက်ကနဲ ကျလာသလား …
ကြယ်ရေ အဲ့ဒီအယူအဆလေးတွေ အရမ်းမိုက်တယ်....ကဗျာရေးရင် ထည့်သုံးဟာ.....နင့်အလွမ်းတွေပိုပေါ်လွင်လာတာပေါ့...နင့်ကိုလည်း ငါကိုယ်ချင်းစာပါတယ် ကြယ်ရေ...ငါတော့ နှစ်နဲ့ချီလွမ်းရဦးမယ်.....
ခံစားသွားပါတယ်ဗျာ...:)
အလွမ်းက မျက်ရည်ကိုချူတတ်သလားဟင် …
ဒီနေရာလေးကိုအလွတ်ကျက်မိသွားတယ့်
အရမ်းကို ဖတ်ရတာအရသာရှိတဲ့ စာစုလေးပါပဲ
မပြန်ခင်လေးတစ်ပုဒ်လောက်တင်သွားပါအုံးနော်
စာစုလှလှလေးတွေကို နှလုံးသားနဲ့ ခံစားဖတ်ရှုသွားပါတယ်ကွယ် ..
သြော် ... ခံစားချက် နဲ့ စာတွေက ...
တံဆိပ်ကပ်စရာ မလိုပါဘူးဗျာ ... ။
Post a Comment