Sunday, March 18, 2012

အိပ်မက်လေလား


ဒီအိပ်မက်ကို ဖေ့စ်ဘွတ်ခ်မှာ တခါတင်ဖူးပါတယ်။ ခု ဘလော့မှာ တင်ချင်စိတ်ပေါ်လာလို့ တင်လိုက်တာပါ။ ကျမက သရဲအိပ်မက်တွေ မကြာခဏ မက်လေ့ရှိတယ်။ ရှိဆို ကျမက သရဲကားအင်မတန်ကြိုက်တဲ့သူဆိုတော့ အားနေ သရဲကားပဲကြည့်ဖြစ်နေတယ်။ သရဲကားကြည့်လို့ ရလာတဲ့ ခံစားချက်ကိုလဲ နှစ်ခြိုက်တယ်။ ဒါပေမယ့် ခုတော့ သိပ်မကြည့်တော့ပါဘူး။ အသက်နည်းနည်းကြီးလာတော့ ကြောက်တတ်လာသလိုပဲ။ အဲ့ဒီနေ့က မက်တဲ့ ကျမရဲ့အိပ်မက်လေးက နည်းနည်းလေးထူးဆန်းတယ်။

ဟိုနေ့က အိပ်မက်တစ်ခုမက်တယ်။ ရက်အတိအကျဆိုရင် ၂၀၁၁ ရဲ့ ဒီဇင်ဘာ(၁)ရက်၊ ကြာသပတေးနေ့ မနက်အစောကြီးပေါ့ ..... ဒီလိုအိပ်မက်မျိုး ကိုယ်မမက်ဖူးတော့ ကိုယ့်အတွက် ထူးဆန်းနေသလိုပဲ .....

အိပ်မက်ထဲမှာ ကိုယ်က အထက်တန်းကျောင်းတစ်ခုကို ရောက်နေတယ် .... ကိုယ်သိနေတာက အဲ့ဒီကျောင်းမှာ ကိုယ့်မောင်လေး တက်နေတယ်။ ကိုယ်က သူ့ကိုတွေ့ဖို့ အဲ့ဒီကျောင်းကိုသွားတာတဲ့ ....

ကျောင်းကြီးက ခန့်ငြားပေမယ့် မသစ်လွင်ဘူး။ ကျောင်းဝင်းအကျယ်ကြီးထဲမှာ ရေနံချေးဝနေတဲ့ အဆောင်မည်းမည်းကြီး တစ်လုံးကိုတွေ့တယ်။ တွေ့ဆို အဲ့ဒီအဆောင်က ရှိသမျှအဆောင်တွေအားလုံးထဲမှာ အကြီးဆုံးပဲလေ ... နောက် ဆရာတွေ၊ ဆရာမတွေက စာသင်ပြီးရင် အဲ့ဒီအဆောင်ထဲ ၀င်သွားတာတွေ့တော့ ဆရာများနားနေခန်းရှိမယ်လို့လဲ တွက်မိရဲ့ ....

ကိုယ်ရဲ့မသိစိတ်ထဲမှာ ဒီအထဲကိုဝင်သွားချင်စိတ်ဖြစ်လာအောင် ဒီအဆောင်ကြီးက ညှို့ခေါ်နေသလိုပဲ ... အဲ့ဒီလိုနဲ့ ကိုယ့်ခြေလှမ်းတွေက အလိုလိုပဲ အဲ့ဒီအဆောင်ကြီးထဲကိုခေါ်ဆောင်သွားလေရဲ့။ အဆောင်ထဲရောက်မှာ ကိုယ်အပြင်ကမြင်ရတဲ့ပုံစံ ကျောင်းဆောင်ဆိုတာထက် ဆေးရုံဟောင်းကြီးတစ်လုံးလိုလိုပါပဲ .... ကိုယ်လဲ ဆက်လျှောက်သွားမိတယ်။ လျှောက်ရင်း လျှောက်ရင်း အဆုံးလောက်မှာ တံခါးတစ်ခုပိတ်ထားတာတွေ့လိုက်တော့ အဲ့ဒီတံခါးကို စိတ်ထဲက ဖွင့်ချင်မိတာနဲ့ သွားဖွင့်ကြည့်လိုက်မိတယ် .....

အဲ့လိုကြည့်လိုက်ရင်ပဲ .... အဲ့ဒီတံခါးက အဆောင်ကြီးနဲ့ နောက်တံခါးပေါက်ဖြစ်နေတာတွေ့ရတဲ့အပြင် ကိုယ်ထင်ခဲ့သလို အဆောင်ကြီးနောက်ဘက်မှာ ခြံစည်းရိုးတစ်ခု ရှိမနေခဲ့ဘူး ..... ခပ်စောက်စောက် နဲ့ မြင့်တဲ့ တောင်ကုန်းတစ်ခုရယ်၊ အဲ့ဒီကနေဖြတ်ပြီး လူသွားပါများလို့ ဖြစ်နေတဲ့ ခြေသွားလမ်းလေးတစ်ကြောင်းရယ်၊ သစ်ပင်ကြီးခပ်အုပ်အုပ်တွေ မှိုင်းမှိုင်းကြီးပေါက်နေတာရယ် တွေ့လိုက်ရတယ်။ စိတ်ထဲမှာ "ဟင်း ... ဒီနေရာကြီး ကြည့်ရတာ ဘယ်လိုကြီးလဲ" ပေါ့ .....

အဲ့လို ကြည့်နေတုန်း သဏ္ဌာန် လေးနှစ်ခု ခပ်ရွေ့ရွေ့ပေါ်လာတယ် ..... သေချာကြည့်လိုက်တော့ ကျောင်းသူ ကလေးငယ် နှစ်ယောက် အဖြူ၊ အစိမ်းလေးဝတ်လို့ လွယ်အိတ်ကို ပခုံးကမလွယ်ပဲ .... ခေါင်းပေါ်မှာ ပလောင်သူတွေ ပလိုင်းလွယ်သလို ပိုးလာကြတယ် .... အိုး ... ဒီလမ်းကနေ ကလေးတွေ မကြောက်မရွံ့လာသလားလို့ ကိုယ်အံ့သြနေမိတယ်။ ဘာလို့လဲ ဆိုတော့ လမ်းကို ကြည့်ရတာ မပွင့်လင်းဘူးလေ ....

ိကိုယ်လဲ တွေပြီး ရပ်ကြည့်နေမိတယ်. ... ကြည့်နေတုန်း တောင်စောင်းဘက်အခြမ်းက လျှောက်တဲ့ ကလေးမလေးရဲ့ ဘေးနားလေးမှာ အရိပ်တစ်ခုခု ပါနေသလိုလို မြင်နေရတယ်။ အဲ့ဒါကိုလဲ ကလေးမလေးက မြင်သလိုလိုပဲ ..... ကိုယ်က စိတ်ဝင်တစား ကြည့်နေတုန်း ဗြုန်းဆို ... အဲ့ဒီ အရိပ်လေးက ကိုယ့်ဘေးကို ဖြတ်ကနဲရောက်လာခဲ့တယ်။ ကိုယ်သေသေချာချာမြင်ရတယ် ..... တိုးယိုပေါက်မြင်ရတဲ့ မိန်းကလေးအရိပ်ကလေးတစ်ခု .....

အဲ့ဒီအရိပ်က ကိုယ့်ကို စကားစပြောတယ် ..... သူ့နာမည် ဘယ်သူပါတဲ့ .... နာမည်က သုံးလုံး(အိပ်ယာကနိုးတော့ နာမည်ကို ကိုယ်လုံးဝမမှတ်မိတော့ပါ) .... သူ အဲ့ဒီတောင်ကုန်းနားမှာနေတယ် ... သူ့နာမည်နဲ့ အမျှဝေပေးပါတဲ့ ......

ကိုယ်က ဘာဖြစ်တာလဲ လို့မေးလိုက်တော့ သူက လိုက်ခဲ့တဲ့ ဆိုပြီး ကိုယ့်ကို တောင်ကုန်းလေးဆီ လမ်းပြပြီးခေါ်သွားခဲ့တယ်။ ကိုယ်တောင်ကုန်းလမ်းကလေးရဲ့ ထိပ်လေးနားရောက်တော့ အောက်ကိုကြည့်လိုက်တဲ့ သူကပြောတယ် ....

ကိုယ်ငုံ့ကြည့်လိုက်တဲ့အချိန်မှာ ဇာအင်္ကျီဖြူလေးဝတ်လို့ ခေါင်းက ကျောဘက် ပြန်ခွေခေါက်လို့ ပုံကျနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့လိုက်ရတယ်။ သူက ပြောတယ် ... အဲ့ဒီနေရာလေးက မတော်တဆပြုတ်ကျခဲ့တာတဲ့လေ .....
အို ... ကိုယ်စိတ်မကောင်းလိုက်တာ ..... အဲ့ဒီအချိန်မှာ အရိပ်ကလေး ကိုယ့်ဘေးက ပျောက်သွားခဲ့တယ် ....

နောက်နေ့ ကိုယ် အဲ့ဒီနေရာလေးကို ဘုန်းကြီးတစ်ပါးပင့်လာခဲ့တယ် .... အမျှဝေမယ် ပရိတ်ရွတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ ....
ဒါပေမယ့် ဘုန်းကြီး ပရိတ်မရွတ်ခင် လေးမှာ အိပ်ယာက နိုးသွားခဲ့တယ် ....

အဲ့ဒါ ကြာသပတေးနေ့ မနက်(၇)နာရီ တိတိပေါ့ .....


Friday, March 16, 2012

ဂယောက်ဂယက် အိပ်မက်


သတိ။ ။ ကြောက်တတ်သူများ ညအချိန် မဖတ်ရ။

မနေ့က ရုံးမှာ အလုပ်သိပ်များလို့ အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်ယာတန်းဝင်ခဲ့တယ်။
ပင်ပန်းလာတာရယ်၊ ခုတလော ရာသီဥတုက မိုးရွာပြီး နည်းနည်းအေးနေတာရယ်နဲ့ အိပ်ယာထဲ လှဲလိုက်တာနဲ့ ခဏလေးအတွင်းမှာတင် အိပ်ပျော်သွားတယ်။

အဲ့ဒီ အချိန်မှာ ဗြုန်းဆို စိုးမြတ်သူဇာ ကို ကိုရီးယားနန်းတွင်းဝတ်စုံကြီးဝတ်လို့။ ဘယ်လိုပါလိမ့်လို့ သေချာကြည့်တော့မှ ကျမက ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို ကြည့်နေတာကို ကျမကိုယ်တိုင်က ပြန်မြင်နေရသတဲ့လေ။ ကိုရီးယားကားမှာ စိုးမြတ်သူဇာ ဘာလို့ ပါနေတာလဲဆိုတာတော့ ခုထိစဉ်းစားလို့ မရဘူး။ ကျမကြည့်နေတဲ့အခန်းမှာ သူဝတ်ထားတဲ့ ၀တ်စုံရဲ့အရောင်က ကြက်သွေးရင့်ရောင်။ နှုတ်ခမ်းနီကိုလဲ ကြက်သွေးရင့်ရောင် ဆိုးထားတယ်။ သိပ်လှတဲ့မျက်နှာရယ်၊ ခေါင်းမှာဝေ့၀ိုက်နေတဲ့ ကျစ်ဆံမြီးအလုံးအကြီးကြီးရယ်တွေက လိုက်ဖက်လွန်းလှတယ်။ သူက မှန်အကြီးကြီးပါတဲ့မှန်တင်ခုံရှေ့မှာ တင်ပါးလွှဲထိုင်ရင်း မှန်ထဲကနေ အနောက်ဘက်ကိုစိုက်ကြည့်နေတဲ့ပုံမျိုးပါ။ သူ့မျက်လုံးတွေကလဲ ထူးခြားစွာတောက်ပလွန်းနေပြန်တယ်။ ကြည့်နေရင်းနဲ့ပဲ သူ့မျက်နှာကနေ ကိုရီးယားအမျိုးသမီးတစ်ယောက်ရဲ့မျက်နှာ ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်မစိတ်ထဲမှာ အဲ့ဒီမိန်းမက သာမန်မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာ သတိထားလိုက်မိတယ်။

ကျမစိတ်ထဲ သံသယတချို့ဝင်လာတယ်။ တပြိုင်နက်တည်းမှာပဲ အဲ့ဒီမိန်းမက ကျမကို စိုက်ကြည့်နေတယ်လို့လဲ ခံစားလာရပြန်ရော။ သူ့အကြည့်က စူးရှပြီး ကျမစိတ်ထဲမှာကြောက်လာသလိုလို မို့ ဆက်မကြည့်ရဲတော့ပဲ မျက်စိခဏလေးပိတ်ထားလိုက်တယ်။ ခဏလေးပါပဲ (၅)မိနစ်လောက်အကြာမှာ ကျမစိတ်တည်ငြိမ်သွားတော့ မျက်စိကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တယ်။
ကျမ မျက်စိရှေ့မှာ ကျမ ထိုင်ကြည့်နေတဲ့ တီဗွီမရှိတော့လို့ ထူးဆန်းတယ်ဆိုတာ မတွေးမိချိန်မှာ အဲ့ဒီတီဗွီကို မမြင်ရတာကိုပဲ တော်တော် ကျေနပ်မိသွားတယ်။ ဘေးဘီကို ဝေ့၀ဲကြည့်လိုက်တော့ အခန်းထဲမှာ ကုတင်တွေ (၁၀) ခုထက်မနည်းပဲ။ ဟင် … ဘယ်လိုဖြစ်ပါလိမ့်။ ကျမအခန်းမှာ ကုတင်တွေမှ မရှိတာပဲ။ ကျမတီဗွီ ကြည့်နေရာကနေ ဘယ်ရောက်သွားပါလိမ့်လို့ တွေးနေမိတုန်း အခန်းထဲကို ၆ နှစ်၊ ၇နှစ်အရွယ်ကလေးလေးတွေ ညအိပ် ၀တ်စုံလေးတွေဝတ်လို့ တန်းစီပြီးဝင်လာကြတယ်။ သူတို့တွေရဲ့ နောက်ဆုံးမှာ အမျိုးသမီးကြီး တစ်ယောက်က လိုက်လာတယ်။ သူတို့တွေက ကျမကို မမြင်ကြဘူး။ ဘာလို့သိလဲဆိုတော့ ကျမကို ဘယ်သူမှ မကြည့်ကြလို့ပါ။ တစုံတယောက်က ကျမနား နားကပ်ပြီး တီးတိုးပြောလိုက်တယ် ဒါဟာ မိဘမဲ့ကလေးတွေရဲ့ ဂေဟာတဲ့။

ကလေးတွေ တန်းစီပြီး ကုတင်တွေပေါ်တက်ကြတယ်။ သူတို့ရဲ့အိပ်ချိန်ရောက်နေကြပြီဆိုတာ အလိုလိုသိသာစေတယ်။ သူတို့လေးတွေရဲ့ ခြေထောက်မှာ ခြေအိတ် ထူထူလေးတွေ ၀တ်ထားကြတယ်။ အော် … ကိုရီးယားက အေးတော့ ခြေအိတ်ဝတ်ရတာပေါ့လို့ တွေးနေတုန်း ကလေးတွေ နောက်က လိုက်လာတဲ့ အမျိုးသမီးကြီးက ထိပ်ဆုံးကုတင်က ကလေးရဲ့ ခြေအိတ်ခြေဖြားထဲကို ဖဲကြိုးလို ပိတ်စ ရှည်ရှည်တစ်စ ထိုးထည့်လိုက်တာတွေ့တော့ ခြေအိတ်တွေကို သေချာကြည့်မိတယ်။ အဲ့ဒီတော့မှ ခြေအိတ်တစ်ခုမှာ အပေါက်လေးတွေ နှစ်ခုစီပါနေတာတွေ့ရတယ်။ သူက အဲ့ဒီကြိုးရှည်ရှည်နဲ့ ကလေးတွေရဲ့ ခြေအိတ်တွေကို ပန်းသီသလို သီလာလိုက်တာ တခန်းလုံးက ကုတင်တွေကုန်ရောပဲ။ ပြီးတော့ သူက ပြောတယ် “တခုခုဆိုရင် အော်သာအော်လိုက်တဲ့ ….” ။

အလို သူတို့ မြန်မာလိုပြောကြတာလား။ သူတို့ပြောတာတွေ အကုန်လုံး ကျမ နားလည်နေတယ်။ အဲ့လိုပြောလို့လဲ အပြီး ၅ ကုတင်မြောက်က ကလေးက လေထဲ ဖုန်းကနဲမြောက်တက်သွားတယ်။ အားလုံးလန့်ကုန်တာပေါ့ … ထွက်ပြေးတဲ့သူတွေကလဲ ပြေးလို့ပေါ့ …. ခြေအိတ်တွေကို အတန်းလိုက်ဖဲကြိုးနဲ့တွဲထားတာဆိုတော့ တစ်ယောက်ကပြေး နောက်တစ်ယောက်ကလဲကျနဲ့ ၀ရုန်းသုန်းကားဖြစ်နေကြတယ်။ မြောက်တက်သွားတဲ့ ကလေးကတော့ ကြောက်အား၊လန့်အားနဲ့ အော်ငိုပါလေရော။ နောက်တော့မှ ကလေးကို မ ထားတဲ့ အရာက တဖြေးဖြေးပေါ်လာတယ်။ ဟာ …. ဒါ ခုနက မှန်ကြည့်နေတဲ့မိန်းမပဲ။ သူက ဘာလို့ ကလေးကို မ တာလဲမသိဘူးလို့ တွေးလိုက်တုန်း သူက ကျမကို ကြည့်ပြီး ပြုံးလိုက်တယ်။ ဒါဆို သူက ကျမကို မြင်နေရတဲ့ သဘောပေါ့။

သူပြုံးလိုက်တဲ့အချိန် ချွန်ထက်မြနေတဲ့ရှည်မျောမျော သွားနှစ်ချောင်းကို မြင်လိုက်ရတဲ့အချိန်မှာ သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ ဆိုတာ ကျမသိလိုက်ပြီ။ ။ တိတိကျကျပြောရရင် သူက သွေးစုပ်ဖုတ်ကောင်တစ်ကောင်ပဲ … အို … ဒါဆို သူကလေးကို သွေးစုပ်တော့မှာပေါ့ … သိပ်သနားစရာကောင်းတဲ့ ကလေးလေးပဲ … ကျမကြောက်စိတ်တွေလွင့်ပြယ်သွားတယ်။ သွေးစုပ်ဖုတ်ကောင်နားကို ပြေးသွားပြီး အားနဲ့ စောင့်တွန်းချပစ်လိုက်တယ်။ သူက ကလေးကိုပစ်ချပြီး ဒေါသထွက်နေတဲ့မျက်နှာနဲ့ ကျမကို တိုက်ခိုက်ဖို့ ဦးတည်လိုက်တယ်။ ကျမ နိုင်မယ်၊မနိုင်ဘူးဆိုတာ မသေချာပေမယ့် ကျမ ကျိုးစားပြီး ခုခံရမယ်လေ။
သူခုန်အုပ်တဲ့ အချိန်မှာ ကျမကြမ်းပြင်ပေါ်လဲပြိုကျသွားရင်း ဘယ်လိုကနေ ဘယ်လို သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်သွားမိလဲမသိဘူး … ကျမ အသက်ကိုပြင်းပြင်းရှုပြီး သူ့လည်ပင်းကို အားကုန်ညှစ်နေမိတယ်။ သူကလဲ အတင်းရုန်းနေတော့ ကျမ လက်က အားပျော့လာတယ်။ လက်ဖ၀ါးတခုလုံးချွေးတွေ ရွှဲနစ်လာရင်း လက်က မမြဲချင်တော့ဘူး။ ကျမကို ကိုက်ဖို့ သူ့မျက်နှာက ကျမ လည်ပင်းနား ကပ်ကပ်လာတယ်။ ကျမ ပင်ပန်းနေပြီ …. ခြေကုန်လက်ပန်းကျနေပြီ … ကျမရှုံးတော့မယ်။ တကယ်ကို ကျမရှုံးတော့မယ်။
ကံကောင်းတယ်လို့ ပြောရမလားပဲ … မနက်(၇)နာရီ အလာန်း(မ်) က ထမြည်တော့ ကျမနှိုးသွားတယ်။
သွေးစုပ်ဖုတ်ကောင်ကြီးကတော့ အိပ်မက်ထဲမှာ ကျမ ရုတ်တရက်ပျောက်သွားလို့ ရှာနေမလားမသိဘူးနော် ….


မှတ်ချက်။ မနေ့ညက တကယ်မက်ခဲ့သော အိပ်မက်ကို ဖတ်ကောင်းအောင်ရေးထားတာပါ။


Credit to www.designyourway.net for image

Friday, March 9, 2012

အခါလွန်မိုး(ဇာတ်သိမ်း)


မိကေလဲ ဘာဖြစ်ပါလိမ့်လို့ လူကြားထဲတိုးဝင်အကြည့်မှာ …… မျက်စိမျက်နှာပျက်နေတဲ့ မော်ရယ် ….. ဘေးမှာ အကြောတွေကပ်ပြီး တက်နေတဲ့ မမဇော် ဆိုတဲ့ အတန်းထဲက ကောင်မလေးတစ်ယောက်ရယ်…. ခြေမ၀ိုင်းချိုးပေးနေသူတွေရယ် …. ရှုဆေးဗူး နှာခေါင်းဝ တေ့ပေးနေသူတွေရယ်နှင့် တရားခံဖော်နေတဲ့ ဆရာ့မျက်ဝန်းတွေရယ်ကို ရင်ဆိုင်တွေ့လိုက်ရတယ်။

မော့်ကို မျက်ရိပ်ပြပြီး ကျွန်မနား ခဏလာဖို့ပြောတော့ မော်က တုန်တုန်ရီရီနဲ့

“မိကေ နင်သိတဲ့အတိုင်းပဲ ငါက အရုပ်တွေ သိပ်မကြောက်တတ်ဘူး … ဒါပေမယ့် ငါ ဘောလ်ပင်ထုတ်ဖို့ လက်နှိုက်လိုက်တာ ပျော့စိစိကြီးကိုင်မိတော့ လန့်ပြီး ပစ်မိပစ်ရာ ပစ်လိုက်တာဟာ … မမဇော် ပခုံးပေါ်သွားကျတယ် …. သူက ၀ုန်းဆို ပစ်လဲကျသွားပြီး မျက်ဖြူကြီးလန်ပြီး တက်နေတာ ငါလဲ ဘာလုပ်ရမှန်းမသိဘူး … သူ့သူငယ်ချင်းတွေပြောတော့ မမဇော်က နှလုံးရောဂါရှိတယ်တဲ့ .. တခုခုဖြစ်သွားရင် ဒုက္ခပဲဟာ ငါ စိတ်ပူလိုက်တာ....”

ခပ်အေးအေးနေတတ်တဲ့ မော် စိတ်ညစ်နေတာကြည့်ပြီး မိကေစိတ်မကောင်းဖြစ်သွားတယ်။ တကယ်တော့ ဒါ မော့်အပြစ်မှ မဟုတ်တာ … စတတ်၊ နောက်တတ်လွန်းတဲ့ မိကေအပြစ်သာ။

မမဇော်ကို ဆေးခန်းသွားပို့ကြတော့ မော်ကို လိုက်သွားဖို့ပြောလိုက်တယ်။

“ဒါ ဘယ်သူ စတာလဲ …. ဒါမျိုး မစသင့်ဘူးဆိုတာ မသိဘူးလား … ကဲ ပြောစမ်း … ဒီအရုပ် ဘယ်သူ့အရုပ်လဲ …..”

“ ဆရာ … အဲ့ဒါ မိကေ အရုပ်ပါ …. စတာက မမဇော်ကို စတာမဟုတ်ပါဘူး … မော့်ကိုစတာပါ …. ပြီးတော့ ဒီကိစ္စက မရည်ရွယ်ပဲဖြစ်သွားတာပါ …. မမဇော်ကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး ဆရာ … ”

“မရည်ရွယ်ဘူးဆိုပေမယ့် မတော်တဆ အသက်ပါသွားရင် ဘယ်လိုလုပ်မလဲ … မင်း ဘယ်လိုလျော်ပေးမလဲ …. ”

“ ဟုတ်ပါတယ် ဆရာ … မိကေမှာ အပြစ်ရှိပါတယ် … ကျောင်းထုတ်တာကလွဲလို့ ဆရာ ကြိုက်သလို အပြစ်ပေးပါ …”

“ မင်း .. မော်ကွန်းထိန်း ရုံးခန်းကို လိုက်ခဲ့ …”

ရုံးခန်းထဲမှာ မော်ကွန်းထိန်းကလဲ ဆူ …. ဆရာကလဲ ဆူ နဲ့ … ကိုယ့်အပြစ်နဲ့ကိုယ် ခေါင်းငုံခံနေရပေမယ့် မမဇော်ဘေးမသီရန်မခစေဖို့ သာ စိတ်ထဲမှ ကျိတ်ဆုတောင်းနေမိတယ်။ သူသာ တခုခုဖြစ်ရင် ပြသနာဒီထက်ပိုကြီးလာတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပေ။ ဆူလို့ဝသွားတော့မှ နောက်နောင်ဒါမျိုးမလုပ်ဖို့၊ လုပ်မိရင် ကျောင်းထုတ်မယ်ဆိုတဲ့အကြောင်းကိုဝန်ခံလက်မှတ်ထိုးပြီးမှ ပြန်ထွက်လာရသည်။

မော်ကွန်းထိန်းရုံးခန်းထဲကထွက်တော့ အပေါက်ဝမှာ စိုးရိမ်တကြီးစောင့်နေရှာတဲ့ သူငယ်ချင်း အုပ်စုကြီးကိုတွေ့လိုက်ရသည်…
မော်လည်း ပြန်ရောက်နေပြီမို့ မမဇော် အခြေအနေမေးတော့ လန့်ပြီးတက်သွားတာပါတဲ့ …. ခုတော့ မမဇော်လဲ သက်သာနေပါပြီတဲ့ …. ဒါပေမယ့် နည်းနည်းတော့ စိတ်ဆိုးနေတယ်တဲ့။ မနက်ဖြန်တော့ သူ့ဆီသွားပြီးတောင်းပန်ရဦးမည်ဟု စိတ်ထဲတေးထားလိုက်သည်။

“ မိကေ … နင် စတာ နည်းနည်း မလွန်လွန်းဘူးလား …. တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ … မနောက်သင့်တဲ့အရာတွေကို ဘယ်တော့မှ မနောက်နဲ့ဟ … တချိန်ကျရင် နင် နောင်တရလိမ့်မယ် …”

“ ဟာ …. သော်ကရာ …. ငါ့မှာ ခုပဲ နားတွေပူလာတာ နာရီနဲ့ချီတယ် … ထပ် ကောနေပြန်ပြီ … ဒုက္ခပဲ … တော်တော့ … ငါ့နားတွေ အရည်ပျော်ကျတော့မယ် ….”

“ မိကေ …. သော်က က နင့်ကို စိတ်ပူလို့ပြောတာပါ ….”

“ငါ သိပါတယ် …. ဒါပေမယ့် ငါ တကယ် ထပ်နားမထောင်နိုင်တော့ဘူး …. ၂ နာရီလောက် လူနှစ်ယောက် non-stop ဆူနေတာ နည်းနည်းတော့ နားလည်ပေးပါဟာ …..”

“အဲ့ဒါ နင့်အပြစ်နဲ့နင်လေ ….. နင် မစ ခဲ့ရင် ဘယ်သူမှ ဘာမှ မဖြစ်ဘူး .. ဘယ်သူမှလဲ အဆူမခံရဘူး …”

ဝင်ပြောလေ့ပြောထမရှိတဲ့ ပြည့်ပြည့်ကပါ ၀င်ပြောလာတော့ … မိကေလည်း အသာပဲငြိမ်နေလိုက်တော့တယ်။

“အေးပါဟာ … နင်တို့စေတနာနဲ့ပြောတယ်ဆိုတာ ငါနားလည်ပါတယ် … ငါ နောက်ကို ဆင်ခြင်ပါ့မယ် ဟုတ်ပြီလား … ခုတော့ ငါ ဗိုက်ဆာလို့ ကန်တင်း သွားကြရအောင်ဟာ …နော် …”

ဒီလိုနဲ့ သူငယ်ချင်းတစ်စု စစ်ပြေငြိမ်းသွားကြပြန်ရော …

သြဂုတ် (၂၀) ရက်နေ့ …. မိကေ မွေးနေ့ …

“ မိကေ …. ဒီမှာကြည့်စမ်း …”

ကြည့်လိုက်တော့ ၀က်ဝံရုပ်လေးတစ်ရုပ်နဲ့ စာအိတ်ပြာလေးတစ်ခု


“ ဘာတုန်းဟ …. ရည်းစားစာတော့ ဟုတ်ပါဘူးနော် … ဟဲ ဟဲ….”

“နင့်ဘာသာနင် ဖွင့်ကြည့်လေ …. ဖွင့်ကြည့်တော့ သိမှာပေါ့ …”

မိကေ အသာအယာဖွင့်ကြည့်လိုက်တော့ ကဗျာလေးတစ်ပုဒ် ….

“မိကေ မွေးနေ့အမှတ်တရ”

မြခွာညိုသပြေလမ်းက ၀ါဆိုပန်းနဲ့လှမ်းတော်မှု
ဆယ်ယူလေ ခတ္တာပျိုနဲ့ ရေစိုစိုနံနက်ခင်းမှာ
အာရုဏ်နီ ရောင်ခြည်ဖြာလို့
ပန်းကမ္ဗလာမှာအချင်းဆေး
အဆင်းကလေးနဲ့ ပွင့်တဲ့ပန်း..

အမြင့်လမ်းထိ တင့်ဆန်းလို့ယဉ်စေ့ချင်
နွယ်ယှက်ခါ အထက်နန်းထိ
ပင်ထက်မှာလန်း
လေအထက်မှာ ပွင့်တဲ့ပန်းမို့
လွင့်ဝဲကာ မကြွေစေနဲ့
ရနံ့စုံ ရဂုံထဲမှာလှ
လမ်းကြုံသူ ရှုတိုင်းမွှေး
ရင်ငြိမ်းအေးသော ပန်းဖြစ်စေ...

မိုးမဆန်း ညှိုးနွမ်းလို့ရေမ၀င်ရင်
နေသခင်အထက်နားဆီက လက်တားလို့ကာလိုက်ချင်ရဲ့
နေမသာ လရောင်ဖြူးလို့
ရွက်ဖူးပျိုနဲ့ နုသစ်စေ...

ရာသီဒါဏ် နေသင့်ရင်
ပင်မြင့်မှာ စိုးတော်မူနဲ့
လေ၀င့်ကာ ချွေခါချလည်း
မြညှာတန် ခိုင်ခိုင်မြဲ ကျိုးပျက်လေနဲ့...

“ အိုး … ကဗျာလေးက ချစ်ဖို့ကောင်းလိုက်တာ… နင် ကဗျာရေးတတ်တာ ငါမသိပါဘူး. နင်ကလျှိုထားတာလား … ပြောစမ်း”

“ မတောက်တခေါက်ပါဟာ …. နင် ကဗျာလေးကို ကြိုက်လား ….”

“အေး … ကြိုက်တယ် … ကဗျာလေးက အရမ်းအဓိပ္ပါယ်ရှိတာပဲ … နင့်ကို ငါ အရမ်းကျေးဇူးတင်တယ်ဟာ”

လမင်းလေးရေ …. ငါ့မွေးနေ့ကို သတိတရရှိပေးတဲ့ နင့်ကို သိပ်ကျေးဇူးတင်ပါတယ်။ ငါ့မွေးနေ့အတွက် အမှတ်တရ ဒီကဗျာလေးကို သိပ်မြတ်နိုးတယ် … ဘာလို့လဲဆိုတော့ ကဗျာဆိုတာ နင့်ရင်ထဲက ခံစားချက်တွေကနေ ဖြစ်တည်လာလို့လေ … နင့်နှလုံးသားရဲ့ အပိုင်းအစလေးတွေဆိုလဲ မမှားဘူးပေါ့ ….. ငါ့မွေးနေ့က စလို့ မကြာခဏပေးတတ်တဲ့ နင့်ကဗျာလေးတွေကို ငါ တခုတ်တရ သိမ်းထားမိတယ်…. နှလုံးသားအပိုင်းအစလေးတွေ တစချင်းစုရင်းနဲ့ နှလုံးသားတစ်ခု ရလာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့ … ငါတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်နားလည်နေကြတယ်လို့ ငါ့ရင်ထဲမှာ တိတ်တိတ်လေး ယုံကြည်နေမိတယ် ….

ပြက္ခန်ဒိန်က ရက်တွေ တရွေ့ရွေ့ကုန်ဆုံးရင်းနဲ့ ဒုတိယနှစ် စာမေးပွဲဖြေချိန်သို့ နီးကပ်လာခဲ့ပြီ။ သူတို့တွေ တရုန်းရုန်းနဲ့ စာကျက်လို့ မအားတဲ့ ကြားထဲက သော်က က …

“ မိကေ စာမေးပွဲနောက်ဆုံးနေ့ကျရင် ငါ နင့်ကို ကဗျာတစ်ပုဒ်ပေးစရာရှိတယ် … နယ်မပြန်ခင် အမှတ်တရပေါ့ဟာ…”

“အေး … ဖတ်မယ်လေ ….”

စာမေးပွဲနောက်ဆုံးနေ့ …….. သူတို့ စာမေးပွဲပြီးလို့ အားလုံးလွတ်လပ်ပေါ့ပါးသွားကြပြီ။

“ကဲ ငါတို့ဘယ်သွားကြမလဲဟေ့ …”
“ကန်ဘောင်သွားရအောင်ဟာ .. လေ တ၀ကြီးရှုပြီး အကြော်စားရအောင် ..” “အေး ကောင်းသားပဲ ….”

အားလုံးက တညီတညွတ်တည်း သဘောတူကြတော့ သူမတို့ အဖွဲ့ ကားနှစ်စီးငှားပြီး ကန်ဘောင်သို့ထွက်လာခဲ့ကြသည်။
လမ်းမှာ သော်က က …
“ဟဲ့ ဒီမှာ … ရော့” ဟုဆိုပြီး အထုပ်လေးတစ်ထုပ်ရယ်၊ စာအိတ်ပြာလေးတစ်ခုရယ် လှမ်းပေးလိုက်တယ်။
မိကေလဲ သူ ကဗျာပေးမယ်ဆိုတာကြိုပြောထားတော့ လှမ်းယူထားလိုက်ပြီး
“ဟဲ့ … အထုပ်ကဘာလဲ … ”
“နောက်တော့ ကြည့်ပေါ့ဟာ …”

ကန်ဘောင်ရောက်တော့ တဖွဲ့လုံး တပျော်တပါး အကြော်စားကြ၊ စကြ၊ နောက်ကြနှင့် ပျော်နေချိန် …. မိကေက တော့ ဒီတခါ စာမေးပွဲပြီး အမှတ်တရ ဘယ်သူ့ကို ဘယ်လိုစရင် ကောင်းမလဲဟု စဉ်းစားခန်းဝင်နေမိသည်။
အကြံတစ်ခု ရုတ်တရက်ရသွားသလို ပြုံးသွားတဲ့ သူမ မျက်နှာကို ဘယ်သူမှ သတိမထားလိုက်မိကြပေမယ့် သော်က ကတော့ သတိထားလိုက်မိတယ်။ သူမ ဘာတွေ ကြံနေပါလိမ့် …..

စားပြီးသောက်ပြီး ကြတော့ ကန်ဘောင်ပေါ် လမ်းလျှောက်ကြပြန်တယ် …. အတွဲရှိသူတွေက ကိုယ်စီအတွဲလေးတွေနဲ့ အလွမ်းသယ်ကြချိန်၊ ပြည့်ပြည့်ကလည်း မော်နဲ့ အတူတူ တွဲလျှောက်တော့ မိကေနဲ့ သော်က က အလိုလိုတွဲလျှောက်မိလျက်သားဖြစ်သွားသည်။ သူမ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ခဏထိုင်ကြမှဖြစ်မှာမို့ … မိကေက ကန်ဘောင်ပေါ်က ခုံတန်းပြာလေးမှာ မထိုင်ပဲ ရေစပ်ကလေးမှာ သွားထိုင်လိုက်တယ် ဆိုရင်ပဲ သော်ကက မထိုင်ဖို့ပြောတယ်။
သူကိုယ်တိုင်ကလဲခုံတန်းလေးမှာထိုင်ပြီး မိကေနားကိုလာမထိုင်တော့ … မိကေက တမင်ရွဲ့ပြီး ရှေ့တိုးထိုင်လိုက်တယ်။ အဲ့ဒီလို နေရာရွှေ့လိုက်ချိန်မှာပဲ ဘိနပ်ကချောပြီး မိကေ ရေထဲကို ပြုတ်ကျသွားတယ်။ မိကေ ကြောက်အားလန့်ကြားခြေထောက်ထောက်လိုက်ချိန်မှာ ဇောက်ဘယ်လိုဖြစ်နေမှန်းမသိတဲ့ ချောက်ထဲ ပြုတ်ကျသွားပြီး စွပ်ကနဲ မြုပ်သွားတယ်။ နောက်တစ်ခေါက် ထပ်ရုန်းလိုက်ပြန်တော့ ရေမျက်နှာပြင်ပေါ်ပြန်ပေါ်လာတဲ့ခဏမှာ သော်က ရေထဲပြေးဆင်းတော့မလို့လုပ်နေဟန်ကို လှမ်းမြင်လိုက်ရတယ်။ ဒါ သူမနောက်ဆုံးမှတ်မိလိုက်ခြင်းပါ။

လမင်းလေးရေ .… ငါက နင့်ကို စချင်လို့ ပြုတ်ကျချင်ယောင်ဆောင်ရင်း တကယ်ချော်ကျသွားတာဟ … နင်ငါ့ကို စိတ်ပူ၊ မပူ သံယောဇဉ်ရှိ မရှိ သိချင်လို့လေ … ငါ့ကို ဆင်းပြီးလိုက်ဆယ်နေလားဟင် … ငါလေ … မောနေပြီ …. အသက်ရှုလို့မ၀တော့ဘူး ….. ဘာမှလဲ မမြင်ရတော့ဘူး …. ငါ ကြောက်လိုက်တာ … နင် ငါ့ကို ဆင်းဆယ်မှာမဟုတ်လားဟင်…

“မိကေ သတိရလာပြီ … ” “မိကေ သတိရလာပြီ … ”

စိုးရိမ်နေတဲ့ မျက်ဝန်းတွေနဲ့ သူငယ်ချင်းတွေ ကြားထဲမှာ လမင်းလေးကိုလိုက်ရှာမိတယ် …

“သော်က ကော ဟင် …. သော်က ငါ့ကိုလာမတွေ့ဘူးလား … သူ ငါ့ကိုလိုက်ဆယ်တာမဟုတ်လားဟင် …”

“သော်က နင့်ကို လိုက်ဆယ်ဖို့ ရေထဲထိုးဆင်းလိုက်တာလေ … အုတ်စောင်းနဲ့ ခေါင်းနဲ့ ဆောင့်မိလို့ … ခေါင်းနည်းနည်းထိသွားတယ် … အော်ပရေးရှင်းဝင်နေတယ်”

“ဟယ် ဟုတ်လား .. ငါစိတ်ပူလိုက်တာ .. သူ ဘယ်လိုနေသေးလဲ … ငါ့ကို ပြောပြပါဟာ … သူ့ကိုကောတွေ့လို့ရမလားဟင် ..”

“သွားတွေ့လို့တော့မရဘူးဟ … ဒါပေမယ့် သူ သိပ်မခံစားရတော့ပါဘူးဟာ …. နင်စိတ်မပူပါနဲ့ .. ကိုယ့်ဘာသာပဲ နေကောင်းအောင်နေပါ …”

စိတ်မပူရဘူး နင်သိပ်မခံစားရတော့ဘူးဆိုလို့ တော်သေးတာပေါ့ လမင်းလေးရယ် …. နင့်ကို သိပ်ကျေးဇူးတင်တာပဲ … နင်ငါ့ကို သံယောဇဉ်ရှိသားပဲနော်. … ဒါနဲ့များ ဘာလို့ မပွင့်လင်းရတာလဲဟာ …..

“ချို … ငါ့အိတ်ထဲက စာအိတ်ပြာလေး ထုတ်ပေးပါလားဟင် … ငါ ဖတ်ချင်လို့ပါ …”

လမင်းလေးရေ … ငါ နင့်ကဗျာလေးဖတ်ဖို့ ရင်ခုန်နေတယ်သိလား ….

သို့ … မိကေ … ဒီကဗျာလေးက နင့်အတွက်သီးသန့်ရည်ရွယ်ပြီးဖွဲ့ထားတဲ့ ကဗျာလေးပါ …. ဒီကဗျာဖတ်ပြီးရင် ငါ ဘာကိုဆိုလိုတယ်ဆိုတာ နင်နားလည်မယ်လို့ ငါယုံကြည်တယ်။

"အချစ်ကျွန်"

ရင်မှာနင့်ပါသည်
မမြင်သာတနေရာက သူမသိအောင်ခိုးခိုးကြည့်ပေမဲ့
သူသိကာစိတ်ဆိုး အမုန်းငြိုးတော့မလိုချင်……..

မြေပြင်နှင်မိုးသား
ကွာခြားကာ ဘ၀လှမ်းတော့မလှစခန်းဝင်ရုံသာ…..

မလှမ်းသာပေမယ့်
ပန်းကညာနွေကြောင့် ရင်မှစိတ်ကူး
ရူးရရက်တွေရှည်…

ချစ်တိုင်းရူးသည်
ရူးတိုင်းချစ်မိ အပြစ်ရှိလျှင်
ကြိမ်စာဒါဏ်သင့် မုန်းမာန်ဝင်၍
အငြိုးစေလွှတ် သူပစ်နိုးလည်း
ကျိုးကျေအသဲ ရင်မှာကွဲရှ
နည်းနည်းမျှတော့ ချစ်နေမည်….

သခင်ခေါ်စမ်း ရင်နင့်ပန်းနှင့်
ဒါဏ်ရာထွေးပိုက် ပြေးလိုက်ခဲ့ချင်
သခင်စေထား အပြုံးများနှင့်
သင့်ရာနေသူ ဘီလူးမူသည့်
ကျွန်းငူလမ်းလဲ အရှင့်ရဲဆေး
သခင့်သွေးကြောင့်
မှေးစက်မွေ့ရာ မရွေ့ပါပဲ
နေခဲ့တော့မည် သက်ဆုံးတိုင်……

စာကိုဖတ်ပြီး လက်ဆောင်ဗူးကလေးကိုဖွင့်ကြည့်လိုက်တော့ ချစ်စဖွယ် ကော်ဖီခွက်လေးနှစ်ခွက် …
ခွက်နှစ်ခုပေါင်းမှ အသည်းပုံလေးပေါ်သောခွက်လေး …



လမင်းလေးရေ … နင်ဆိုလိုချင်တာကို ငါနားလည်ပါတယ် … နင်ကကော ငါ့ကို ချစ်နေခဲ့သတဲ့လား …. ငါ ချစ်တာရော နင်မသိခဲ့ဘူးလားဟင် …. ဘာပဲဖြစ်ဖြစ် ငါ ဆေးရုံကဆင်းရင် ငါတို့တွေ ပွင့်လင်းကြရအောင်ပါဟာ နော် ….

မယုံကြည်နိုင်စွာနဲ့ပဲ ယုံကြည်လိုက်ရတယ် … ငါ့ဘေးမှာ နင်တကယ်ကို ရှိမနေတော့ဘူးနော် … စောင့်မိတဲ့ ဒဏ်ရာနဲ့ ဦးဏှောက်ထဲ သွေးရောက်သွားတာတဲ့လားဟင် …. မစသင့်တဲ့ အရာတွေကို စမိရင် နောင်တရလိမ့်မယ်လို့ နင်ပြောဖူးတယ်နော် … အခုတော့ ငါ နောင်တရနေပါပြီ လမင်းလေးရယ် …. ငါတောင်းပန်ပါတယ်ဟာ … ငါ အနူးအညွှတ်တောင်းပန်ပါတယ် ….

ထိုစဉ်မှာပင် အကြော်ဆိုင်တန်းဆီမှ သီချင်းသံအချို့ လေနဲ့အတူပျံ့လွင့်လာသည် …

~~ အတူနေခဲ့စဉ် အရင်းနှီးဆုံး အချိန်များမှာ
နှလုံးသားချင်း နားလည်ပါသော်လည်း အချစ်မှာ
မပွင့်လင်းခဲ့ဘာကြောင့်များ တိတ်တခိုးလေးစိတ်လှုပ်ရှား
ရင်ထဲက စကားများ ကြိတ်မှိတ်မျိုသိပ်ထား ~~

သြော်.. လွန်ခဲ့ပြီ ဝေးသွားမှ ပြန်တွေးကာ
နှမြောတသ လွမ်းနေပါသော်လည်း မတတ်သာ ~~~

မိုးကောင်းကင်ကြီးသည် ကြည်လင်နေရာမှ တဖြည်းဖြည်းမှိုင်းညှို့လာသည် …. ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေနုအေးထဲမှာ မိုးရွာမယ့် အငွေ့အသက်တွေပါနေတာသိပေမယ့် သူမ နေရာမှ မထမိသေး …. ဖြစ်နိုင်လျှင် သည်ခုံတန်းပြာလေးမှ တဖ၀ါးမှ မခွာချင် ……. မိုးက ခပ်ဖွဲဖွဲရွာကျလာသည် ……. ဖွဲရာမှ သည်းသည်းမည်းမည်း …. သူမမျက်ဝန်းထဲမှာလည်း မိုးတွေသည်းသည်းမည်းမည်း သူမ ဆက်လက်ထိုင်နေတုန်း ….. သူမ အသိထဲမှာ မိုးရွာခြင်းကိုမသိ ….. စိုစွတ်ခြင်းကိုမသိ …. အရာရာကို မသိ ….. သူမသိနေတာတစ်ခုက သူမထံမှ နှလုံးသားတစ်ခုလုံး ရုတ်တရက် ပျောက်ဆုံးသွားခြင်းပင်။


Credit to http://www.alibaba.com for Coffee Cups
Credit to http://www.dreamstime.com for Bear
Credit to http://media.photobucket.com for Bench