အထီးကျန်မှုဆိုတာ
အိမ်ဝေးတွေအတွက် အနီးကပ်ဆုံးအဖော်၊
တိတိပပ ပြောရရင်
ခွဲထားခဲ့လို့မရတဲ့ နှစ်ကိုယ့်တစ်စိတ်။
အောင်မြင်မှုတွေထွန်ယက်ဖို့
မိသားစုဆိုတဲ့ရစ်သမ်တစ်ခုက ခွဲထွက်
ကိုယ့်သံပါတ်နဲ့ကိုယ် လည်ပတ်ကြတဲ့အခါ
စိတ်ဓါတ်နာဖျားမှုတွေက ဒုနဲ့ဒေး။
အခါခါလဲပြိုကျတိုင်း၊
အခါခါ ပြန်တည့်မတ်
ဒီလိုနဲ့ပဲ ကိုယ့်လမ်းကိုယ်ထိန်းမတ်ခဲ့ရပေါင်း
အကြောင်းတွေကလည်း မနည်းမနောပဲ။
သာသာယာယာပါပဲ
လစာထုတ်ချိန်၊ မိဘကိုကြွေးဟောင်းဆပ်ချိန်
ဒီတစ်ချက်နဲ့တင် စိတ်ဓါတ်တွေ အားပြည့်
နာဖျားမှုတွေ ဝေးလွင့်။
တစ်ခုလိုချင် တစ်ခုစွန့်လွှတ်ရသတဲ့
ငွေကြေးနဲ့ အိမ်လွမ်းနာ
ထပ်တူကျနေတာ ရင်အနာရဆုံးပဲ
လွမ်းဖူးသူတွေသာ သိလိမ့်မယ်။
လူတစ်ကိုယ် အကြောင်းတစ်မျိုးမို့
ဘယ်သူက ရိုက်ပြီး အတင်းဝေးခိုင်းနေလဲလို့
ခနဲ့တဲ့တဲ့ မေးခွန်းမျိုး
တဆိတ်…… မမေးလိုက်ပါနဲ့။
ကိုယ့်အတွက် ရေမကြည်၊ မြက်မနုတော့တဲ့အခါ
တော်ရာတွေရွှေ့ရင်း
သူကောင်းဖြစ်သွားသူတွေ ရှိသလို
သေချင်လို့ တောပြောင်းသွားတဲ့ ကျားတွေလဲရှိရဲ့။
ခြောက်ကပ်ကပ် ထမင်းဝိုင်းနဲ့ အေးစက်စက်မွေ့ရာ၊
သေသွားတဲ့အပြုံးတွေနဲ့ ခဲသွားတဲ့ မေတ္တာတရားတွေ
အပိုင်စားရထားတဲ့ ကျမတို့အိမ်ဝေးတွေ
အိမ်ပြန်ချိန်အတွက် အချိန်တွေဘယ်လောက်လိုမလဲ ရေတွက်ရင်း
တစ်နေ့ပြီး နောက်တစ်နေ့ ………..
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
3 weeks ago
4 Comments:
အထီးကျန်တယ်ဆိုတဲ့စကားလုံးက
ကိုယ့်အတွက် ရိုးအီလို့နေပြီညီမလေးရေ
...............
ကိုယ့်အတွက် ရေမကြည်၊ မြက်မနုတော့တဲ့အခါ
တော်ရာတွေရွှေ့ရင်း
သူကောင်းဖြစ်သွားသူတွေ ရှိသလို
သေချင်လို့ တောပြောင်းသွားတဲ့ ကျားတွေလဲရှိရဲ့။
ကိုယ့်များစောင်းပြောနေသလားကွယ်။
အထီးကျန်သူတို့ရဲ့ နှလုံးသားကနေ ယိုဖိတ်လာတဲ့ စာစုလေးတွေ ခံစားပြီးဖတ်သွားတယ် ကြယ်ပြာရေ...
ညီမ
အိမ်လွမ်းနေပြီလား။ လွမ်းလွန်းရင် ဘကုန်းရွာကို မကြာမကြာလာခဲ့ အနည်းဆုံးတော့ အထီးမကျန်တော့ဘူးပေါ့။း)
Nice POME ..
Post a Comment