ဆံပင်ရှည်ရှည် နဲ့ ပါးချိုင့်လေးပေါ်အောင် ပြုံးတတ်တဲ့ ကောင်မလေးတစ်ယောက်ကို စိတ်ကူးယဉ်ပြီး ကောင်လေးတစ်ယောက်အနေနဲ့ ဒီကဗျာကို ရေးထားတယ်။
လေပြေနုသွေးက ရယ်သွမ်းသွေးတဲ့အခါ
.
မင်းဆံနွယ်တွေက လေထဲ တ၀ဲဝဲလွင့် …
.
ပါးချိုင့်လေးတစ်ဘက်ရဲ့ မှော်အပြုံးအောက်မှာ
.
ကျရှုံးချင် ရှုံးပါစေတော့ရယ်လို့ ရဲရဲရင့်ရင့် သီကျူး …..
.
ဖြက်ကနဲ မိလိုက်တဲ့ အကြည့်တစ်ချက်နဲ့တင်
.
ထာဝရ ငြိတွယ်ခွင့်ပေးသနားစေဖို့ အကြောင်း ဆုတောင်းမိ ……
.
ငါ့စိတ်တွေက ၀ိဥာဉ်တစ်ကောင်လို
.
မင်းဆီ တွား လျား တိုး ကပ် ချော့ မြူ ….
.
မည်ကာမတ္တအလွမ်းလို့တော့ နာမည်မတပ်နဲ့ကွယ် ………
.
နေရောင်လင်းဖြာ ချိန်ကစလို့
.
တိမ်တွေရှက်စနိုး ငုံလျိုးသွားချိန်ထိ
.
မင်းကို တစိမ့်စိမ့်လွမ်းတယ် …. ယုံ ……
.
.
.
.
ရေးသူ - ကြယ်ပြာ
ရေးချိန် - စက်တင်ဘာ ၁၂ ရက် ညနေ ၂ နာရီ ၄၀ မိနစ်။
Sunday, September 14, 2014
" ယုံ ....... "
Posted by ကြယ်ပြာ at 11:34 PM 5 comments
Labels: ကဗျာ
Tuesday, September 9, 2014
" အိမ်လွမ်းနာ "
အထီးကျန်မှုဆိုတာ
အိမ်ဝေးတွေအတွက် အနီးကပ်ဆုံးအဖော်၊
တိတိပပ ပြောရရင်
ခွဲထားခဲ့လို့မရတဲ့ နှစ်ကိုယ့်တစ်စိတ်။
အောင်မြင်မှုတွေထွန်ယက်ဖို့
မိသားစုဆိုတဲ့ရစ်သမ်တစ်ခုက ခွဲထွက်
ကိုယ့်သံပါတ်နဲ့ကိုယ် လည်ပတ်ကြတဲ့အခါ
စိတ်ဓါတ်နာဖျားမှုတွေက ဒုနဲ့ဒေး။
အခါခါလဲပြိုကျတိုင်း၊
အခါခါ ပြန်တည့်မတ်
ဒီလိုနဲ့ပဲ ကိုယ့်လမ်းကိုယ်ထိန်းမတ်ခဲ့ရပေါင်း
အကြောင်းတွေကလည်း မနည်းမနောပဲ။
သာသာယာယာပါပဲ
လစာထုတ်ချိန်၊ မိဘကိုကြွေးဟောင်းဆပ်ချိန်
ဒီတစ်ချက်နဲ့တင် စိတ်ဓါတ်တွေ အားပြည့်
နာဖျားမှုတွေ ဝေးလွင့်။
တစ်ခုလိုချင် တစ်ခုစွန့်လွှတ်ရသတဲ့
ငွေကြေးနဲ့ အိမ်လွမ်းနာ
ထပ်တူကျနေတာ ရင်အနာရဆုံးပဲ
လွမ်းဖူးသူတွေသာ သိလိမ့်မယ်။
လူတစ်ကိုယ် အကြောင်းတစ်မျိုးမို့
ဘယ်သူက ရိုက်ပြီး အတင်းဝေးခိုင်းနေလဲလို့
ခနဲ့တဲ့တဲ့ မေးခွန်းမျိုး
တဆိတ်…… မမေးလိုက်ပါနဲ့။
ကိုယ့်အတွက် ရေမကြည်၊ မြက်မနုတော့တဲ့အခါ
တော်ရာတွေရွှေ့ရင်း
သူကောင်းဖြစ်သွားသူတွေ ရှိသလို
သေချင်လို့ တောပြောင်းသွားတဲ့ ကျားတွေလဲရှိရဲ့။
ခြောက်ကပ်ကပ် ထမင်းဝိုင်းနဲ့ အေးစက်စက်မွေ့ရာ၊
သေသွားတဲ့အပြုံးတွေနဲ့ ခဲသွားတဲ့ မေတ္တာတရားတွေ
အပိုင်စားရထားတဲ့ ကျမတို့အိမ်ဝေးတွေ
အိမ်ပြန်ချိန်အတွက် အချိန်တွေဘယ်လောက်လိုမလဲ ရေတွက်ရင်း
တစ်နေ့ပြီး နောက်တစ်နေ့ ………..
Posted by ကြယ်ပြာ at 9:36 PM 4 comments
Monday, September 8, 2014
" ချိုမြိန်စွာ ရစ်နှောင်တတ်သော "
Credit to blog.nus.edu.sg
“အင်း …. သံယောဇဉ် …. သံယောဇဉ် ”
သက်ပြင်းကို ခပ်ဖွဖွ ရှိုက်ထုတ်ရင်း သောက်လက်စ ကော်ဖီပူပူကို အလျင်စလို တစ်ကျိုက် မော့ချလိုက်တယ်။
လည်ချောင်းထဲ စီးမျောသွားတဲ့ ကော်ဖီအရသာကို ချိုသလား ခါးသလား မသိလိုက်မိချေ။
ဖြက်ကနဲ ကျမရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်စ တွဲလွဲခိုလာတယ်။
ကော်ဖီသကြားလုံးလေးတစ်လုံးကို ကျမနှုတ်ခမ်းဝအထိ တယုတယ ခွံ့ကျွေးခဲ့တဲ့သူ့ရဲ့ ကြည်စင်တဲ့ အပြုံးက စွဲမက်စရာ။ ပြီးတော့ သကြားလုံးခွံလေးတွေကို သူ့ဒိုင်ယာရီစာအုပ်ကြားထဲ ခပ်ဖွဖွ ညှပ်သိမ်းလိုက်တယ်။
ဒါ ကျမနဲ့ပတ်သတ်တဲ့ အမှတ်တရ တွေကို သူငယ်ချင်းဘ၀ကတည်းကခုချိန်ထိ သိမ်းဆည်းနေကျနည်းလမ်းတစ်ခုပါ။
သူ့လှုပ်ရှားမှုတိုင်းကို မပျင်းမရိ တမေ့တမော လိုက်ငေးနေတဲ့ ကျမ ကို လှည့်ကြည့်ပြီး ကျမဆံပင်တွေကို အသာအယာဆွဲဖွလိုက်ရင်း လှစ်ကနဲပြုံးလိုက်တယ်။
သူပြုံးလိုက်တိုင်း မျက်လုံးလေးတွေကပါ အရောင်တောက်ပြီးလိုက်ပြုံးသွားတာလေးကိုလေ ကျမ ချစ်လိုက်တာ။
သူနဲ့ ကျမရဲ့ ရွှေရောင်နေ့ရက်တွေထဲမှာ ဘတ်စ်ကား ကြပ်ကြပ်တိုးစီးခဲ့တာတွေလဲ ပါရဲ့၊
အဓိပတိလမ်းမှာ လမ်းလျောက်ခဲ့တာလဲပါရဲ့၊ ရောင်စုံကျောင်းသူ၊ကျောင်းသားတွေကို လိုက်ငေးရင်းလဲ ပျော်ခဲ့ဖူးတာတွေလဲ ပါရဲ့ … ကံ့ကော်ပန်းလေးတစ်ပွင့် ကျမခေါင်းပေါ် ပန်ပေးခဲ့တာလဲပါရဲ့ ….
ဂန္ဓ၀င် သစ်ပုပ်ပင်ကြီးကို မှီပြီး ချစ်ခွန်းသီခဲ့တာတွေလဲပါရဲ့ ….
ရေတမာပင်အောက်ထိုင်ပြီး မင်းလူဝတ္ထုတွေကို နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီး ဖတ်ခဲ့ရတာတွေလဲပါရဲ့ ….
ကျမတို့နှစ်ယောက်အတွက် အမှတ်တရဆိုတာ တိုက်လာတဲ့ လေပြေညင်းလေးတွေက အစ
ခြေလှမ်းအောက်က ရွက်ခြောက်ကြွေလေးတွေ အဆုံး သိပ်သိပ်သည်းသည်းပါဝင်ခဲ့ကြတယ်။
.
.
.
.
.
.
“ ဟဲ့ အမေကြီး တစ်ယောက်တည်း ပြုံးလို့ပါလား ဟ … ဘာတွေ များ သဘောကျနေတုန်း”
ဆက်ကနဲ တုန်သွားတဲ့ ကျမ လက်ကကော်ဖီခွက်ပါလွတ်ကျပါလေရောလား။
“အမယ်လေး … ပူလိုက်တာတော် …. အဖေကြီးကလဲ အလန့်တကြား …..”
သူ ….. အပြေးကလေး ဖြေညှင်းစွာလှမ်းလာပြီး ကျမလက်က ကော်ဖီပူတွေကို တယုတယ ပွတ်သုတ်ပေးလိုက်တယ်။
တွန့်နေတဲ့ အရေးအကြောင်းတွေ ကြားက ကြည်စင်တဲ့ အပြုံးတွေ သူ့နှုတ်ခမ်းမှာ တွဲလွဲခိုနေတုန်း။
လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေး သူ နဲ့ ကွမ်းယာသည်လေးကျမ ခုတော့ ကျောင်းထဲမှာ
လက်ဘက်ဆိုင်လေးတစ်ဆိုင်အခြေတည်လို့ ကျမတို့ရဲ့ အမှတ်တရတွေလဲ ဝေစည်ဆဲ၊
မပြောင်းလဲတဲ့ ချစ်ခြင်းတွေလဲ တိုးပွားဆဲ ….
သံယောဇဉ်တွေလဲ တနေ့ထက် တနေ့ ခိုင်မာဆဲ ……..
Posted by ကြယ်ပြာ at 7:39 AM 12 comments
Labels: Tag, တွေးမိတွေးရာ