Sunday, January 23, 2011

အလုပ် .... အလုပ် ... အလုပ်


စာလဲ မရေးတာ တစ်နှစ်တောင်ရှိသွားပြီ ... အလုပ်နဲ့ပတ်သတ်ပြီးစိတ်ရှုပ်လို့ ရေးမိရေးရာရေးလိုက်တာပါ ...
ဒီအလုပ်မှာ လုပ်ရတာ မနှစ်သက်ပေမယ့် ကိုယ့်ပလန်လေးတွေရှိနေသေးလို့ ဆက်လုပ်ရင်းနဲ့ စိတ်ကရှုပ်လိုက် ပြေလိုက် လုံးချာလည်နေတော့တာပါပဲ ... ခုလောလောဆယ်တော့ သတ်မှတ်ရက်တအားနီးလေ၊ စိတ်တွေ ဂယောင်ချောက်ချားဖြစ်လေ၊ လုပ်လက်စတွေ မပြတ်လေနဲ့ ရူးချင်သလိုလို ဖြစ်နေတယ် .....း(

ပုံစံခွက်တခုထဲ ဖြက်ကနဲကျသွားချိန်
ချော်လဲ ရောထိုင်ဖို့ကို
ပတ်ဝန်းကျင်ကပဲဖြားယောင်းတယ် …
အတိတ်ထဲကနေ သင်ခန်းစာယူရင်းနဲ့ပဲ
အဲ့ဒီအတိတ်ထဲမှာပဲ အခါခါချော်လဲ…
ထိခိုက် ပွန်းပဲ့သွားတာတွေပြပါဆိုရင်တော့
စိတ်တွေ၊ ခံစားမှုတွေ ပဲ ချပြစရာရှိတယ် …

Saturday, January 16, 2010

အမေသို့

အမေ …. ခုတလော သမီးစိတ်တွေရှုပ်တယ် အမေရယ် … စိတ်လဲမကောင်းဘူး ..
မြန်မာနိုင်ငံက ဆရာဝန်တွေ လူနာတွေအပေါ်စေတနာ တပြားသားဖိုးမှမရှိကြတော့ဘူးလား … အမေ့ကိုသမီးပြောပါတယ် … ပထမတစ်ခေါက်မျက်စိသွားပြကတည်းက ဆရာဝန်ကနောက်တစ်ဘက်က သွေးကြောတစ်ချောင်းယောင်နေတယ်ဆိုတော့ ကြိုတင်ကာကွယ်တာလုပ်ပါလို့လေ …
အမေ့ကို ဆရာဝန်က နေလို့ရသေးတယ် လကုန်မှလာဆိုတာနဲ့ပဲ အမေသူ့စကားကိုယုံပြီးတော့ မသွားဘူးလေ …. သူ့စကားအတိုင်း လကုန်သွားတော့ သူကယောင်နေတာပေါက်တောင်ပေါက်တော့မယ်တဲ့လား အမေ ….
ဒါဆို သူပြောတဲ့ နေလို့ရသေးတယ်ဆိုတာ ပေါက်တဲ့အထိစောင့်ခိုင်းတာလားအမေ ….
လေဆာပစ်တယ်ဆိုတာ သွေးကြောမပေါက်အောင်ပစ်တာလား … ဒါမှမဟုတ် ပေါက်အောင်ပစ်တာလား အမေ ….. အချက် ၂၀၀၀ တဲ့ …. နည်းသလားအမေရယ် …
အမေ့မျက်စိဘယ်လောင်တောင်နာလိုက်ရှာမလဲ …. သမီးစိတ်မကောင်းဘူးအမေ ….
အမေက ဆရာ့ကိုလေဆာပစ်ရင်သက်သာမလားမေးတော့ ဆရာက ဒါကတော့ ကံပဲတဲ့လားအမေ ... ဒီလိုလက်လွတ်စပယ်တော့မပြောသင့်ဘူးနော် … ပစ်လဲပေါက်မယ် မပစ်လဲပေါက်မယ်ဆိုရင် အမေ့မျက်စိကို အနာမခံသင့်ဘူးအမေ …. ပထမတစ်ဘက်တုန်းကလဲ လေဆာပစ်ပြီးရင်ကောင်းသွားမှာတဲ့ … ပစ်လဲပစ်ပြီးရော မျက်ကြည်လွှာမှာ အမာရွတ်ထင်သွားလို့ အရှင်းမမြင်ရနိုင်တော့ဘူးတဲ့ … လေဆာပစ်လို့ အမာရွတ်ဖြစ်သွားတာလားအမေ … မျက်ကြည်လွှာလဲရင် ရနိုင်မလားဆိုပြီး သီတဂူမှာ သွားမေးခိုင်းတော့ စမ်းသပ်ပြီး ဒါ မျက်ကြည်လွှာနဲ့ မဆိုင်ဘူးဆိုပြီး Register လုပ်ခွင့်မပေးပြန်ဘူး … ဘယ်ဆရာဝန်စကားကမှန်သလဲအမေရယ် … သူတို့ပေါ်မှာ သမီးတို့တွေကျန်းမာရေးကို အပ်ဖို့ ဆိုတာ ယုံကြည်ရပါ့မလားအမေ … သမီးအရမ်းစိုးရိမ်တယ် အမေရယ် … တစ်ဘက်က သိပ်မမြင်ရတော့ဘူး … ခုနောက်တစ်ဘက်ကထပ်ပြီး သိပ်မမြင်ရတော့ဘူးဆိုတဲ့အခြေအနေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ အမေရယ် …. အမေ့ရဲ့ကျန်တဲ့ မျက်စိတစ်ဘက် ဘာမှမဖြစ်ပါစေနဲ့လို့ သမီးဆုတောင်းပါတယ်အမေ ….

မှတ်ချက်။ ။ သူငယ်ချင်းတို့ရေ ... ဆီးချိုသမားမျက်စိဝေဒနာရှင်တွေကို ကုတဲ့မျက်စိဆရာဝန်ကောင်းကောင်းလေးများရှိရင် ညွှန်ပေးကြပါနော် .... ကျေးဇူးတင်ပါတယ် ....

Sunday, December 27, 2009

အလွမ်း


[ပုံလေးကို ဒီက andrewsullivan.theatlantic.com ယူထားပါတယ်]


လွမ်းတယ်ကွယ် …

တိမ်ပြာရီရီ နဲ့ ညနေဆီရောက်ရင်လည်း
လွမ်းတယ် ….

လေပြေငယ်ဆော့မြူး တသုန်သုန်ဖြူးတိုင်းလည်း
လွမ်းတယ် ….

ပြိုမလို ညိုတလှည့်နဲ့ တိမ်တွေညှို့ဆိုင်း မှိုင်းလာရင်လည်း
လွမ်းတယ် ….

ရွက်ခြောက်ငယ်တွေ လေပြေနဲ့တွဲကတာမြင်ရင်လည်း
လွမ်းတယ် …

သည်းတချို့ ဖွဲတချို့ မိုးစက်ငယ်တွေ ခုန်ပေါက်ဆော့ကစားတာမြင်လည်း
လွမ်းတယ် …

ကမ်းစပ်ကို ခိုးနမ်းသွားတဲ့ လှိုင်းခေါင်းဖြူတွေကိုကြည့်ရင်းလည်း
လွမ်းတယ် ….

လလေးရေးရေး မကွေးတကွေးကို ကြည့်ရင်းလည်း
လွမ်းတယ် …..

သူတစ်လူ ငါတစ်မင်းနဲ့ တောက်ပနေတဲ့ ကြယ်စင်အစင်းစင်းကို ကြည့်ရင်းလည်း
လွမ်းတယ် ……

လှိုင်းခတ်သံကို တိတ်တခိုးနားဆင်ရင်းလည်း
လွမ်းတယ် …

လွမ်းတယ်ကွယ် … .ငါ မင်းကို အရမ်းလွမ်းတယ် …