Friday, November 29, 2013

“ကောင်မလေး…. သို့”

ကောင်မလေးရေ …
ဟိုးတောင်ဆီမှာ မိုးတွေညို့လာပြီဆိုရင် …..
ဆေးလိပ်တစ်တို ကော်ဖီညိုနဲ့
ငါကအလွမ်းတွေ အဖျားခတ်နေတုန်း …
မင်းကတော့ နောက်ရင်ခွင်တစ်ခုမှာ ပျော်နေလောက်ပြီပေါ့ ….

ကောင်မလေးရေ …..
ကောင်းကင်ကငို တိမ်တွေပြိုကျလာပြီဆိုရင်လေ ….
အတူဆုံချိန်လေးတွေ ပြန်တမ်းတ၊ မှန်းဆလွမ်းရင်း …..
ငါ့ရင်ထဲမှာလည်း တိမ်ညိုတွေတရိပ်ရိပ်ပြိုဆင်းရင်းနဲ့ပေါ့ …..
မင်းကတော့ နောက်ရင်ခွင်မှာ ခိုးခိုးခစ်ခစ်ရယ်ရင်း မူနွဲ့နေမလားပဲကွယ် ….

ကောင်မလေးရေ …..
ဘာကြောင့်ဝေးရတာလဲ၊ ဘာကြောင့်ထားခဲ့တာလဲ ဆိုတာ
အကြိမ်ကြိမ်တွေးရင်း၊ မေးရင်း နဲ့ ခေါင်းတွေချာချာလည်
အလွမ်းတွေ တဝေါ့ဝေါ့ထိုးအန်ရင်း
ကော်ဖီသောက်ပြီး မူးနေတဲ့ ကောင်က ငါပါ ……

ကောင်မလေးရေ …..
မှော်ဆန်ဆန် အပြုံးတွေနဲ့ ညှို့ယူ
မင်းပြောတော့ “ငါမရှိလို့မဖြစ်ဘူး” ဆို
တကယ်တမ်းကျတော့ “မင်းမရှိလို့မဖြစ်ခဲ့တာ” ငါဆိုတဲ့ကောင်ပါ ….
မင်းကတော့ ဒီစကားတခွန်းနဲ့ပဲ နောက်လူရဲ့ အချစ်တွေမြှားယူနေလောက်ရောပေါ့ ….

Thursday, November 28, 2013

"မင်းနဲ့တို့ ဝေးများဝေးရင် ...."


ခြွေချခံလိုက်ရတဲ့ (သို့) အလိုလိုကြွေကျသွားတဲ့ သစ်ရွက်လေးက

ခပ်တိုးတိုးလေးညည်းတယ်!!!

သံယောဇဉ်ဆိုတာ ဘယ်နေရာမှာ ကျကျန်ခဲ့သလဲတဲ့လေ ……

လေကခြွေတာပဲဖြစ်ဖြစ်၊ အပင်ကကြွေစေတာပဲဖြစ်ဖြစ်

သစ်ရွက်လေးကတော့ ဆုတောင်းပေးရှာပါတယ်

ရွက်ကြွေတောမှာတော့ မလွမ်းမောပါစေနဲ့ တဲ့ …

ဆောင်းသစ်ပင်ရေ ….

သင့်မှာ နားတစ်စုံသာရှိခဲ့ရင် …..

သစ်ရွက်ရှိုက်သံတွေကို တချက်နားစွင့်ပေးပါ ….

ရွက်ကျန်တွေကို အပြီးသတ်ခါမထုတ်ခင်ထိပေါ့ …

Monday, November 25, 2013

"နေရာ"

တကူးတက ပေးစရာမလိုသလို၊

တကူးတကလဲ မတောင်းခဲ့ဖူးဘူး …

နေရာဆိုတာ ပေးတိုင်း၊တောင်းတိုင်း ရကောင်းစရာမှ မဟုတ်တာ …

မြင်မြင်သမျှအရာတွေကိုသာ လိုက်ခံစားနေရင်

ငါကမ္ဘာတစ်ခုလုံး ဘယ်တော့များလင်းနိုင်ပါ့မလဲ …

ဟင့်အင်း ….

မလိုချင်ပါဘူး အဲ့ဒီမနာလိုဝန်တိုမှုတွေ …

တပ်မက်စိတ်ထက် စွန့်လွှတ်စိတ်က ပိုမြင့်မြတ်၊ မမြတ်?

သိချင်သေးလား ……

အသဲနှလုံးတစ်ခုတော့ အနည်းဆုံးရင်းရမယ်။