Saturday, March 8, 2014

" အရင်းနှီးဆုံး "

ငါ့ဘေးနား နင်ရှိယုံ

နင့်ဘေးနားငါရှိယုံဆိုရင်

အနေနီးတယ်လို့ ဆိုရမယ်။


ငါ့စိတ်ထဲ နင်ရှိသလို

နင့်စိတ်ထဲ ငါရှိမယ်ဆိုရင်

စိတ်ချင်း နီးစပ်တယ်လို့ ဆိုမယ်။


ရင်ဘတ်ချင်းနီးဖို့ဆိုရင်တော့

နင့်အပျော် ငါ့ဆီကူး ငါ့အပျော်နင့်ဆီလူး

ပူပူဆွေးဆွေး အေးအေးကြည်ဖြူ

အလိုတူတူရှိမှသာ။

" သဘာဝအတိုင်းပဲ "

ရတာမလို လိုတာမရတဲ့ လောကကြီးထဲ

တော်ကြာနေ နှင်းဆီတွေကို ဖူးစေလိုက်

တော်ကြာနေ စံပယ်တွေကို ဝေစေလိုက်

တော်ကြာနေ ခရေတွေကို ရနံ့ ကြွယ်စေလိုက်နဲ့

စိတ်ကူးနဲ့တော့ ခဏခဏ ရူးဖူးတယ်။

"လက်တွေ့ဆိုတာ သိပ်သဘာဝဆန်တာပဲ မေမေ" လို့ ခပ်တိုးတိုး ညည်းမိတဲ့ အခိုက်

နှင်းဆီတွေ မဖူးတော့သလို၊ စံပယ်တွေလဲ မဝေတော့ဘူး။

ခရေရနံ့ဆိုရင် ပြောကိုမနေနဲ့တော့။

ဘ၀က ခါးတယ်လို့ ပြောရင်တောင် လောင်းစရာ သကာက မရှိခဲ့ဘူး။

ရိုးရိုးလေးပဲကြည့်၊ အေးအေးလေးပဲတွေး

လွမ်းစရာရှိလွမ်းလိုက် ချစ်စရာရှိချစ်လိုက်

မုန်းစရာရှိမုန်းလိုက်ပေါ့

ဘယ်အရာကိုမှ လက်သိပ်ထိုး အတင်းမခိုင်းဘူး။

အရာရာတိုင်းက နေတတ်ရင်တော့ ကျေနပ်စရာချည်းပဲ။

"အဲ့လိုတွေ သဘောပေါက်လာလေ စွပ်စွဲခံရခြင်းတွေ များလာလေပဲ မေမေရယ်"

လို့ ထပ်ညည်းမိပြန်ရော။

ဟော ... စံပယ်တွေ တစ်ဖူးစ နှစ်ဖူးစ ဖူးပြကြတယ်။

" တခန်းရပ် "

တခါတလေကျ

တွေးတွေးပြီး ဆွေးမိတယ်

ငါတို့တွေ ဒီလိုနဲ့ ဝေးသွားကြမလားပေါ့ .....

မပေါင်းဖူးပဲနဲ့ ကွဲသွားကြတဲ့ ဇာတ်လမ်း

တခန်းရပ်သွားမှာတော့ ပူမိတယ် ...

အရင်ကလို လွမ်း၊ အနမ်းတွေ လတ်ဆတ်ချင်သေးတယ်။

အတူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေမယ့်

သူ့စိတ်ထဲကိုယ် ကိုယ့်စိတ်ထဲသူ

တခမ်းတနား နေရာရခဲ့ကြတယ်ဆိုတာ

ဘယ်တော့မှ မမေ့ကြေး။