Sunday, October 18, 2009

ကြယ်ပြာရဲ့ “က” စကားလုံးလေးတွေ

မောင်လေးဗညားရှိန်တဂ်ထားတဲ့ ပို့စ်လေး အကြွေးဆပ်လိုက်ပါတယ် ...

နာမည်က ။ ။ ကြယ်ပြာ

ပြောချင်တဲ့စကားလေး လေးလုံးက ။ ။ ကိုယ်ကြိုက်တာလုပ်

ကောင်လေးနာမည်က ။ ။ ကင်းကောင်

ကောင်မလေးကတော့ ။ ။ ကြိုးကြာ

လုပ်ချင်တဲ့အလုပ်က ။ ။ ကွန်ပျူတာပညာရှင်

အရောင်ထဲမှာတော့ ။ ။ ကော်ဖီရောင်

ဘာဝတ်ထားလဲဆိုတော့ ။ ။ ကချင်ထမီ

ဘာအစားအစာကြိုက်လဲဆိုရင် ။ ။ ကော်ပြန့်စိမ်း

ရေချိုးခန်းထဲတွေ့တာ ။ ။ ကြွေဘေစင်

နေရာက ။ ။ ကျောက်ပန်းတောင်း

ဘာဖြစ်လို့နောက်ကျလဲဆိုတော့ ။ ။ ကားပျက်နေလို့

အော်ချင်နေတာက ။ ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး

ဇတ်ကားထဲမှာတော့ ။ ။ ကောင်းချစ်တဲ့မမ

ဘာသောက်ချင်လဲဆိုတော့ ။ ။ ကျောက်ကျော

တီးဝိုင်းနံမည်က ။ ။ ကွန်းစ် (Corns)

တိရစ္ဆာန်နံမည်က ။ ။ ကျား

လမ်းနံမည်ကတော့ ။ ။ ကန်ပတ်လမ်း

ကားက ။ ။ ကားဒီလက်

သီချင်းလေးထဲမှာ ........ ကိုယ်ရေးရာဇ၀င်(အငဲ)

ကြိယာထဲမှာတော့ . . . . . .ကင်သည် (Roast)

Sunday, October 11, 2009

ချစ်သူအတွက်


ဝေေ၀၀ါးဝါး မြူယံပါးပါးကိုထွင်းဖောက်
ကြည်စင်တဲ့အလင်းတစ်ပြောက်လို ….
လေမထန် မိုးမသဲ
ညင်းသွဲ့သွဲ့လေပြေတစ်ခက်လို ….
လမလင်း မ၀င်းပချိန်
တောက်ပတဲ့ကြယ်စင်တစ်စင်းလို ….
အသာအယာနဲ့ပဲ နင်ဟာ ငါ့ရင်ထဲ အလိုလိုရောက်ခဲ့တယ် ….

ကြည်စင်တဲ့မေတ္တာ အဆုံးမရှိတဲ့အကြင်နာတွေနဲ့
ခက်ထန်မှုတွေကို အရောင်ပြောင်း
မပျော့ပြောင်းတဲ့စိတ်တွေကို ဖယ်ထုတ်
သံသယအမှိုက်တွေကို သန့်စင်လို့
ငါ့ရင်တခုလုံးက ပန်းဖူးတွေကို
နင်ကညင်သာစွာပဲပွင့်စေခဲ့တယ် …

အချစ်ဆိုတာထက် မြတ်နိုးတွယ်တာမှုတွေပိုဖက်တဲ့
ငါ့အတွက်ပေးထားတဲ့ နင့်ရင်ထဲကရတနာတစ်ပါးကို
တစ်သက်တာတန်ဖိုးထားလို့
မပျောက်ပျက်အောင် ထိန်းသိမ်းမယ်လို့
ငါ ဒီကဗျာထဲကနေပဲ ကတိပေးပါတယ် ….

Wednesday, September 23, 2009

ရန်ကုန်မြို့လေး

မြရေကြည် စိမ့်စမ်းနဲ့
စိမ်းဆတ်ဆတ်တောတန်းသွယ်
မြူခိုးထ ရှုမ၀တဲ့မြင်ကွင်း
ကြည့်လေရာ မျက်စိအေးလို့
တမ်းတတ လွမ်းရအောင်ကလဲ
ကျောပြောင်ပြောင် ကတ္တရာမှောင်မှောင်နဲ့သာ
ကျင့်သားရနေတဲ့ ကျွန်မကတော့ ရန်ကုန်သူပေါ့ …

ကျွန်မတို့မြို့မှာ
မမြင်ရတဲ့ ကိုယ်ချင်းစာတရားတွေရှိတယ်
အသုံးမ၀င်တော့တဲ့ အမှန်တရားတွေရှိတယ်
ခေါက်သိမ်းထားတဲ့ သမာသမတ်ကျမှုတွေရှိတယ်
ရွာမကျနိုင်တော့တဲ့ မျက်ရည်မိုးပေါက်တွေရှိတယ်
ဗူးအကြီးကြီးတွေနဲ့ထည့်သိမ်းထားတဲ့
သိက္ခာခပ်သေးသေးတွေရှိတယ် …

ကျွန်မတို့မြို့မှာ
မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ ဓလေ့စရိုက်တွေရှိတယ်
ထင်ပေါ်ကျော်ကြားတဲ့ အနိုင်ကျင့်ခြင်းတွေရှိတယ်
လည်ရင်လည်သလို လုပ်စားကြတဲ့
ကတုံးပေါ်ထိပ်ကွက်သူတွေရှိသလို
သူခိုးလက်က သူဝှက်လုတာတွေလဲ ဒုနဲ့ဒေး

ကျွန်မတို့မြို့မှာ
ကိရိယာစုံလင်တဲ့ ဆေးခန်းကြီးတွေရှိတယ်
ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေရှိတယ်
ဝန်ဆောင်မှုတွေဆိုတာကလဲ ပေါမှပေါ
စေတနာကတော့ အသပြာမရှိရင် နတ္ထိပဲ

ကျွန်မတို့မြို့မှာ
ထူးချွန်တိုးတက်ချင်တဲ့လူငယ်တွေရှိတယ်
သူတို့တွေထိုင်ဖို့ လက္ဘက်ရည်ဆိုင်တွေလည်းရှိတယ် …
အလုပ်အကြောင်းဆွေးနွေးဖို့ ဘီယာဆိုင်တွေလဲရှိတယ် …
မိန်းကလေးအချို့ အလုပ်မရှားဖို့
စင်တင်ဖျော်ဖြေပွဲတွေတောင်ပါလိုက်သေးရဲ့ ….

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့
မြို့လေးကိုချစ်တုန်း သံယောဇဉ်ဖြစ်တုန်း
ခွဲခွာချင်သူတွေနဲ့ဆုံတိုင်း မြို့လေးကိုယ်စား
နှမြောတသတုန်း ……