Monday, February 9, 2009

ကျိုက်ထီးရိုးသို့အလည်တစ်ခေါက် ( ၁၅ ဇန်န၀ါရီ ၂၀၀၉)


ကျိုက်ထီးရိုးစေတီတော်ပုံကို http://www.myanmarvoyages.com မှယူထားပါတယ်။

ရန်ကုန်ကပြန်လာပြီးကတည်းက ဘယ်လိုဖြစ်မှန်းမသိ စာရေးဖို့ကို စိတ်ကသိပ်မပါဘူးဖြစ်နေတယ် …. အဲ့ဒီတော့ ဘလော့တွေပဲလိုက်လည်ပြီးဖတ်ဖြစ်နေတော့တာပေါ့ … ကျိုက်ထီးရိုးသွားတုန်းကအကြောင်းလေးရေးမယ် စိတ်ကူးထားတာပြန်လာကတည်းကပဲ .. ခုမှပဲရေးဖြစ်တော့တယ် …

ကျွန်မတို့ရဲ့ခရီးလေးကို ရွှေအိုးစည်ကားနဲ့စဖြစ်ခဲ့ပါတယ်။ ည ၉ နာရီမတိုင်ခင် စုရပ်နေရာတွေထဲကတစ်ခုဖြစ်တဲ့ မြေနီကုန်း ရိုးမဘဏ်ရှေ့ကို ကျွန်မတို့တွေ အနည်းငယ်စောပြီးရောက်နေခဲ့ကြတယ်။ တခြားကားတွေနဲ့သွားမယ့်သူတွေလည်း တဖွဲဖွဲရောက်လာကြပါတယ်။ ကျွန်မတို့အဖွဲ့ဘေးကတစ်ဖွဲ့ဆို ဆူညံနေပြီး သူတို့ကိုကြည့်ရတာပျော်စရာကောင်းပါတယ်။ စိတ်မကောင်းစရာတစ်ခုက သူတို့အထုပ်တွေ စုပုံချပြီး စလိုက်၊ နောက်လိုက်လုပ်နေကြပြီး၊ ကားပေါ်တက်ခါနီးအထုပ်စစ်တော့မှ တစ်ထုပ်ပျောက်နေတာတွေ့ပါတယ် … မျက်စိရှေ့တင်ဘယ်လိုက ဘယ်လိုသုတ်သွားမှန်းမသိလိုက်ပါဘူး ….

ကျွန်မတို့စီးမည့်ကားက ၉ နာရီ ၃၀ လောက်မှရောက်လာပါတယ်။ လက်မှတ်ဝယ်တုန်းကတော့ ခုံနံပါတ်တွေဘာတွေသေချာရွေးခဲ့ပေမယ့် ကားပေါ်ရောက်တော့ လွတ်တဲ့နေရာထိုင်ခိုင်းပါတယ်။ ကျွန်မတို့က လေးယောက်သွားတာဆိုတော့ နှစ်ယောက်တွဲစီထိုင်လိုက်တော့ အဆင်ပြေပါတယ်… ကားထွက်ထွက်ခြင်း တရားခွေဖွင့်ပေးထားပါတယ် … အနည်းငယ်ကြာတော့ သီချင်းခွေပြောင်းထည့်လိုက်ပါတယ် … ဖိုးချစ်နဲ့ သားစိုးတို့ရဲ့သီချင်း ခပ်မြူးမြူးလေးနားထောင်ရင်း အေးစက်နေတဲ့ကားထဲမှာ ကွေးကွေးလေးလိုက်ပြီး ခရီးသွားရတာ စိတ်ထဲမှာပျော်နေမိပါတယ်။
ချမ်းတာကလဲ အတော့်ကိုချမ်းပါတယ် .. ကျွန်မတို့ ကျိုက်ထီးရိုးသွားချိန်မှာ ရန်ကုန်မှာရော ကျိုက်ထီးရိုးမှာပါ အအေးတော်တော်သည်းပါတယ်။ မနက်(၃)နာရီလောက်မှာ ကင်ပွန်းစခန်းကိုရောက်ပြီး ရင်ရင်ပြုံးထမင်းဆိုင်မှာ ခဏတာတည်းခိုကြပါတယ် … နောက်နေ့မနက်(၈)နာရီလောက်ထပြီး တောင်ပေါ်တက်မယ့်ကားတွေနဲ့လိုက်ခဲ့ပါတယ် …. နောက်ဆုံးခုံမှာထိုင်လိုက်ရတော့ အသည်းတယားယားနဲ့ပဲ အကွေ့၊ အ၀ိုက်၊ အမြင့်၊ အမောက်တွေနဲ့ တန်ဆာဆင်ထားတဲ့ ကျိုက်ထီးရိုးတောင်တက်လမ်းအလှကိုခံစားခဲ့ပါတယ်။

တောင်ပေါ်ရောက်တော့သုံးထပ်ဆောင်မှာပဲတည်းဖြစ်ပါတယ် … အဆောင်က ရင်ပြင်တော်အောက်ဘက်တင်ဆိုတော့ ဘုရားဖူးရနီးနီးနားနားဖြစ်တယ်လေ …. ကျွန်မတို့သွားတာ ကြာသပတေးနေ့ည ဆိုတော့ နောက်နေ့တွေမှာ လာလိုက်တဲ့ဘုရားဖူးတွေဆိုတာ မနည်းမနောပါပဲ …
ဟိန္ဒူလူမျိုးတွေဦးစီးပြီးလုပ်တဲ့ ဆီမီး(၅၀၀၀)၊ပန်း(၅၀၀၀) ပွဲနဲ့လဲတိုးတော့ ဟိန္ဒူလူမျိုးတွေ လည်းတိုးမပေါက်အောင် များနေခဲ့ပါတယ်။ ပြီးတော့ “ထူးပါဖူးမည် ပန်းစေတီ” ဆိုတဲ့ စာသားကို ပန်းတွေနဲ့အလှဆင်ထားကြပြီး ကျိုက်ထီးရိုးစေတီတော်မြတ်ပုံကိုလဲ ပန်းတွေနဲ့ပဲ ပုံဖော်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ (ပုံတွေတင်ပေးချင်ပေမယ့်လည်း ကျွန်မပုံပါ ပါနေတော့ သူငယ်ချင်းတွေလန့်ကုန်မှာစိုးလို့ မတင်တော့ပါဘူးနော)

ကျွန်မ တောင်ပေါ်မှာ နှစ်ညအိပ်ပါတယ် … အပြန်လမ်းကိုတော့ ရသေ့တောင်အထိ ခြေလျင်ဆင်းပါတယ် … မပြန်ခင်တစ်ညအလိုက မုဆိုးတောင်ဘက်သွားတဲ့ ဆိုင်တန်းတွေရှိတဲ့ဘက်ရဲ့လမ်းမှာ နတ်ကနားပေးဖို့ လမ်းပြည့်လုနီးပါးထိုးထားတဲ့ မဏ္ဍပ် ကိုသွား ကြည့်ဖြစ်ပါတယ် … နတ်ကနားပွဲက မထူးဆန်းပေမယ့် တွေးစရာ၊မေးစရာလေးတွေရှိလို့ ပို့စ်တစ်ခုအနေနဲ့တင်ပါဦးမယ် …


Tuesday, February 3, 2009

ငယ်တုန်းကဆွဲထားဖူးတာလေးတွေ



အပေါ်ကပုံလေးတွေက ငယ်ငယ်တုန်းကကိုယ်တိုင်ဆွဲထားတဲ့ပုံလေးတွေပါ .... ရန်ကုန်ပြန်ရောက်တုန်းက စာအုပ်ဘီဒိုဖွရင်း ပြန်တွေ့လို့(အမှန်က အများကြီးဆွဲဖူးတယ်) စကင်လုပ်၊ ပြီးတော့ သူငယ်ချင်းဆီပို့ပေး၊ သူငယ်ချင်းက Photoshop နဲ့ စာရွက်အသားဝါနေတာတွေဖယ်ထားပေးတာပါ ...

ရန်ကုန်သို့အပြန်ခရီးမှ စပ်မိစပ်ရာ၊ထင်ရာမြင်ရာများ


ဇန်န၀ါရီ(၁၀)ရက်နေ့က ကျွန်မ ရန်ကုန်ခဏပြန်ဖြစ်ခဲ့ပါတယ် …. အစစ အရာရာချောချောမွေ့မွေ့ပါပဲ …… ကျွန်မက အိမ်လွမ်းတတ်သူမို့ ခဏပြန်ရတဲ့အချိန်မှာ တော်တော်လေးတော့ပျော်ခဲ့ရပါတယ် ….

ကျွန်မရောက်ရောက်ချင်းနေ့မှာပဲ ချိန်းထားတာတစ်ခုရှိလို့ ဒဂုံစင်တာရှေ့က Ice Berry ဆိုတဲ့ဆိုင်လေးကို ရောက်ဖြစ်ခဲ့တယ်…. ဆိုင်လေးကတော့အရင်အတိုင်းပဲ ဘာမှမပြောင်းလဲပါဘူး … ဒါပေမယ့် အရင်က အေးအေးလူလူထိုင်လို့ရတဲ့ဆိုင်လေးက ခုတော့မျက်စိနောက်လောက်အောင် လူအ၀င်အထွက်တွေရှုပ်လွန်းလှပါတယ် … ကျွန်မလည်း ချိန်းထားတာကိုစောင့်ရင်း လူတွေကို ဘာရယ်မဟုတ်လိုက်ကြည့်နေမိပါတယ် … လူငယ်တွေဝတ်တတ်၊စားတတ်လာသလို လူကြီး(အမျိုးသမီးကြီး)တွေကိုလဲ စကပ်တွေ၊ဘောင်းဘီတွေနဲ့တွေ့မိပါတယ် … စိတ်ထဲကတော့ “အလဲ့ … လူတွေ ၀တ်တာစားတာ တော်တော်ခေတ်မီလာပါလား” လို့တွေးမိတယ် …
နောက်တော့ စမ်းချောင်းထဲက “မငယ်” ဆိုင်မှာ ကြာဇံနဲ့ဝက်သားလိပ်စားပါတယ် ….
ပိုက်ဆံရှင်းတော့ တစ်ပွဲကို ၂၀၀၀ တဲ့ …. ကျွန်မ တကယ်ကိုမထင်မိဘူး …. ဈေးကြီးလိုက်တာလို့ စိတ်ထဲထင်မိတယ် ….နောက်နေ့ YKKO မှာ ကြေးအိုးစားတော့ ရိုးရိုးကိုပဲ ၂၉၀၀ တောင်ပေးခဲ့ရပါတယ်(တခြားဆိုင်မှာ ၂၁၀၀ ပဲရှိပါတယ်) … ၀က်သားဒုတ်ထိုးကတော့ တစ်ချောင်း ၁၀၀ ပါပဲ … ဒါပေမယ့် အသားတုံးလေးတွေကတော့ ပိုပါးပြီးသေးသွားသလားပဲရယ် …. တနင်္လာနေ့ကျတော့ ရွှေတိဂုံဘုရားကိုသွားပါတယ် … ဒီတခါတော့ ဘုရားပေါ်မှာ တံမြက်စည်းမလှဲခဲ့လိုက်ရဘူး ….

စကားမစပ် … ကျွန်မတို့အိမ်ပတ်ဝန်းကျင်မှာ အင်တာနက်ဆိုင်တွေများလာသလို ၈တန်း၊ ၉တန်း ကျောင်းသား၊သူလေးတွေက အားတာနဲ့ အင်တာနက်ဆိုင်ကိုပြေးတော့တာပဲ …
ကျွန်မတူမ၀မ်းကွဲလည်း ထိုနည်းလည်းကောင်းပါပဲ …. အသက်ကတော့ ၁၄ နှစ်ရယ် … ပြောလိုက်ရင် ပန့်ခ်၊ပန့်ခ် ဆိုတာကလဲပါးစပ်ကမချဘူး … အကောင့်ပေါင်းသောင်းခြောက်ထောင်နဲ့ ချတ်မယ်ဆိုရင်လာခဲ့ စာတော့မကျက်ဆိုတဲ့အစားမျိုးလေးတွေ့ရတာတော့ ဘ၀င်မကျမိတာအမှန်ပါ …. ပြီးတော့ ခုခေတ်ကလေးတွေ အထူးသဖြင့် မိန်းကလေးတွေပေါ့ ကိုရီးယားကားတွေကြည့်ပြီး အတုမယူသင့်တဲ့ ကျောင်းသူချင်း ရန်စတာတို့ ဘာတို့ကို အဟုတ်ထင် လိုက်လုပ်ချင်ကြတယ် … ကျွန်မတို့ငယ်ငယ်တုန်းက ရန်ဖြစ်တယ်ဆိုရင် ယောက်ျားလေးတွေပဲဖြစ်ကြတာပါ …ခုတော့ကျွန်မပဲ သိပ်အသက်ကြီးသွားသလားပဲရယ် … အဲ့လိုတွေမြင်ရ ကြားရရင် သိပ်ကြည့်မရချင်ဘူး …

ပြီးတော့ ရန်ကုန်မှာ မီးကတော့ ထုံးစံအတိုင်းပေါ့ … ကျွန်မတို့ရပ်ကွက်မှာတော့ ပုံစံ(၃)မျိုးနဲ့မီးပေးပါတယ်တဲ့ … ည(၁၁) နာရီကနေ မနက်(၅)နာရီ၊ ညနေ(၅)နာရီကနေ ည(၁၁)နာရီ၊ တခါတလေ မနက်(၅)နာရီကနေ နေ့လည်(၁၁)နာရီထိ အလှည့်ကျပေးပါတယ် .. ပုံစံ(၁)နဲ့(၂)က အပေါ်ကအချိန်တွေကို လှည့်ပြီှးမှန်မှန်လာပါတယ်။ နောက်တစ်မျိုးက တော့ရောသမမွှေပြီး လာချင်တဲ့ရက်လာ ပျက်ချင်တဲ့ရက်ပျက်ပါတယ် …. ရ၀တရုံးမှာ မီးလာရက်အချိန်ဇယားထုတ်ပေးလို့ ယူသာထားရတယ် ကျွန်မတို့အိမ်က ပုံစံ(၃)နဲ့မီးပေးတဲ့ထဲမှာပါလို့ မှန်းလို့မရပါဘူး …
ခုဟာက (၂၄) နာရီတစ်ရက်မဟုတ်ပဲ (၆)နာရီတစ်ရက်ဖြစ်နေတော့ မီးလာမှလုပ်လို့ရမယ့်အလုပ်တွေဆိုရင် အကုန်နှောင့်နှေးပြီး တစ်နေ့ တစ်နေ့ ယောင်တောင်ပေါင်တောင်နဲ့အချိန်ဘယ်လိုလေးကုန်သွားမှန်းကိုမသိလိုက်ဘူးရယ် …

အော … နောက်တစ်ခုထပ်ကြုံလို့ပြောရဦးမယ် … ကျွန်မတို့မျက်စောင်းထိုးမှာ စက်ရုံအသေးစားလေးတစ်ခုရှိတယ် … သူတို့က မီးမလာတော့မီးစက်နဲ့အလုပ်လုပ်ရတာပေါ့ .. မီးစက်က မီးလန့်တာလေ သိပ်တော့မကြီးပါဘူး … ဒါပေမယ့် မီးဆိုတာကလဲ သေးတယ်ကြီးတယ်ဆိုပြီးပေါ့လို့မှမရတာနော …. ချက်ခြင်းကို ကားကြီးတစ်စင်းစိုက်လာပြီး ရ၀တတွေ၊ ရပ်ကွက်ထဲကတာဝန်ရှိသူတွေ၊ မြို့နယ်ရဲတွေ ချက်ခြင်းရောက်လာပါရောလား … ကျွန်မဖြင့်အံ့တွေသြလို့ …. အဲ့လိုချက်ခြင်းရောက်လာတာမျိုးမကြုံဖူးဘူးလေ … ကျွန်မတို့ရပ်ကွက်မှာ အရင်တုန်းက လူသတ်မှု့တစ်ခါဖြစ်ဘူးတယ် …. ရဲတွေတော့လာကြပါတယ် … သတ်နေတာကိုလဲ ကြားနေရတယ် … အိမ်ထဲမ၀င်ဘူးတော့ … ဘာကိုစောင့်နေသလဲတော့မသိဘူးရယ် … ထွက်ပြေးမှ လိုက်ဖမ်းတာမျိုးတွေချည်းပဲတွေ့ဖူးတော့လေ …. ခုလိုမီးလန့်တာကို ချက်ခြင်းကြီးရောက်ချလာတာ ကျွန်မလေ တကယ်ပါ တကယ်အံ့သြတာသိလား … ဘာရယ်မဟုတ်ပါဘူး … ကြုံလို့ပါ ….

ပြီးတော့ ကျွန်မ ကျိုက်ထီးရိုးဘုရားဖူးရောက်ဖြစ်တယ် …. နောက်မှ ကျိုက်ထီးရိုးဖီလင်ကိုရေးပါမယ် …. ဆက်ရန်ပေါ့နော …