ကျွန်မအလုပ်သွားရင် လျှောက်ရတဲ့လမ်းတိုလေးက သိပ်ချစ်စရာကောင်းတယ် … မြို့လယ်ခေါင်ကြီးမှာပေမယ့် အဲ့ဒီလမ်းလေးထဲရောက်ရင် မြို့လယ်ခေါင်လို့မခံစားရဘူး ..
အဲ့ဒီလမ်းလေးမှာ ပိုင်ဆိုင်တာဆိုလို့ လမ်းလေးကို အုပ်မိုးထားတဲ့တရုတ်စကားပင်တွေရယ် တရုတ်စကားပင်တွေအောက်မှာစိုက်ထားတဲ့ ပုဏ္ဍရိတ်ပန်းပင်လေးတွေရယ်ပဲရှိပါတယ် …
ပန်းရောင်အနု၊အရင့် … ကြက်သွေးရောင်ရင့်ရင့် … အ၀ါနုရောင် တွေရှိကြတဲ့
ရောင်စုံတရုတ်စကားပွင့်လေးတွေကလဲ ဝေတချို့၊ ကြွေတချို့နဲ့ ကဗျာဆန်စွာလှပနေကြတယ် ..
ဝေနေတဲ့ပန်းကလေးတွေကလည်း သူတို့ရဲ့မိခင်အပင်နဲ့ သူတို့ရဲ့ လမ်းတိုလေးကို အလှဆင်ကြသလို …
ကြွေကျနေတဲ့ပန်းကလေးတွေကလည်း ပန်းကော်ဇောခင်းထားသလိုမျိုးနဲ့ သူတို့ရဲ့ လမ်းတိုလေးကို အလှဆင်ကြပြန်တယ်လေ …. ဘယ်လိုပဲဖြစ်ဖြစ် လမ်းတိုလေးနဲ့ပန်းပွင့်လေးတွေနဲ့ပနံတင့်နေတာတော့ အမှန်ပါပဲ ..ကျွန်မလို စိတ်ကူးယဉ်တတ်သူတစ်ယောက်အတွက်တော့ လမ်းတိုကလေးက ရသမျိုးစုံပေးနိုင်တယ်လို့ ဆိုရမယ် …
Tuesday, July 8, 2008
လမ်း
Posted by ကြယ်ပြာ at 7:35 PM 0 comments
Labels: အက်ဆေး
ရေကြည်ရာ၊ မြက်နုရာရှာဖွေရင်း
ရေကြည်ရာ၊မြက်နုရာ ဆိုတဲ့ စကားကို ကျွန်မငယ်ငယ်ကတည်းက ကြားဖူးနေကျပါ။ ငယ်စဉ်ကတော့ ဘာရယ်သေချာမသိခဲ့ပေမယ့် ကိုယ်တိုင်အလုပ်စလုပ်တဲ့ အချိန်မှာ သိလာခဲ့ရတယ်။ ရေကြည်ရာ၊ မြက်နုရာဆိုတဲ့စကားကိုတွင်တွင်သုံးပြီး တစ်နေရာမှ တစ်နေရာ ကူးသန်း၊ ခုန်ကျော် နေကြတဲ့လူတွေထဲမှာ ကျွန်မလည်းတစ်ယောက်အပါအ၀င်ပါ။ အဲ့လိုသွားလာနေကြတဲ့သူတွေမှာလည်းရည်ရွယ်ချက်တွေ အမျိုးမျိုးနဲ့ပေါ့။ တချို့က ပျော်ပျော်ရွှင်ရွှင်၊တချို့က မပျော်မရွှင်၊ တချို့ကျပြန်တော့လဲ နဲနဲပိုကောင်းမယ်ထင်လို့၊ တချို့ကလဲဘ၀တစ်ဆစ်ချိုးကောင်းသွားမှာမို့လို့ စသဖြင့်ပေါ့လေ။
ကျွန်မကရော ….. ပြောရမယ်ဆိုရင် အပေါ်ကရည်ရွယ်ချက်တွေ အားလုံးနီးပါးနဲ့ ရေကြည်ရာ၊ မြက်နုရာကိုရှာဖွေခဲ့ဖူးတယ် … ရှာလည်းရှာနေဆဲပါ …. နောင် ဘယ်ချိန်ထိ ဆက်ရှာနေမလဲဆိုတာလည်း မသိသေးပါဘူး …. အဲ့လိုနဲ့ပဲ ကျွန်မတစ်စုံတစ်ရာကို သတိထားမိလာတယ်။ အဲ့ဒါဘာလဲဆိုတော့ရေကြည်ရာ၊မြက်နုရာလို့ ကျွန်မသတ်မှတ်တဲ့ နေရာတစ်ခုရောက်တိုင်းကျွန်မရဲ့ပိုင်ဆိုင်မှု့က လျော့လျော့သွားတာကိုပါပဲ … အရင်က ကျွန်မ မှာ မိသားစုဆိုတဲ့ နွေးထွေးတဲ့အ၀န်းအ၀ိုင်းလေးရယ်၊ခံစားချက်အစစ်တွေနဲ့ မိတ်ဆွေတွေရယ် ရှိတယ်။ ခုပိုကောင်းတဲ့နေရာတစ်ခုရောက်တဲ့အချိန်မှာ ကျွန်မပိုင်ဆိုင်တာကကျွန်မရဲ့အခန်းလေးတစ်ခန်း(သို့) ကျွန်မရဲ့ ခုတင်လေးတစ်လုံး ….နောက်ပြီး အပေါ်ယံခံစားချက်တွေနဲ့ မိတ်ဆွေတစ်ချို့ …..
ကျွန်မကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိတယ် …. ဒီလိုနေရတဲ့ ဘ၀ကိုပျော်သလား၊ ကျေနပ်သလားဆိုတာကိုပေါ့ …. ကျေနပ်တယ်ဆိုတဲ့ အဖြေကိုချက်ခြင်းပြန်ဖြေနိုင်သလို၊ မပျော်ဘူးဆိုတာကိုလဲချက်ခြင်းပြန်ဖြေနိုင်ခဲ့တယ်။ ကျေနပ်တာကတော့ ကိုယ်လျှောက်ချင်တဲ့ လမ်းကိုကိုယ့်စိတ်တိုင်းကျလျှောက်နေရလို့ရယ်၊ ကိုယ့်မိဘမသေခင် အတိုင်းအတာတစ်ခုထိလုပ်ကျွေးခွင့်လေးရလို့ရယ်ပါ။ မပျော်တာကတော့ မိဝေး၊ဘဝေး၊ ချစ်သူဝေးနဲ့နေရသလို၊ ဘ၀အမောတွေကြုံလာတိုင်း တိုင်ပင်စရာ၊ရင်ဖွင့်စရာ ဆိုတဲ့ဘ၀ရဲ့ ဟစ်တိုင်ပျောက်ဆုံးနေလို့ပါပဲ ….
မနက်အိပ်ယာထ၊ အလုပ်သွား၊ အလုပ်ပြန် ပြီးရင်ကိုယ့်ရဲ့အခန်းကျဉ်းလေးထဲမှာ ဖုန်းပြောရင်ပြော၊ ဒါမှမဟုတ်စာအုပ်တစ်အုပ်ဖတ် ဒါနဲ့ပဲ လည်ပတ်နေရတဲ့ ကျွန်မရဲ့ နေ့တဓူဝ ဘ၀မှာပျော်ရွှင်မှု့ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲဆိုတာမေ့တတ်လာသလို၊စိတ်လိုလက်ရ ပြုံးရယ်ဖို့ကိုလဲ သတိမရတတ်တော့တာကြာနေပါပြီ….ဒီလိုနေရတာကိုငြီးငွေ့လာသလိုလိုရှိမိတဲ့ အခိုက်အတန့်လေးမှာရေကြည်ရာ၊မြက်နုရာကို ထပ်မံရှာဖွေဖို့ ကျွန်မ ကြောက်သလိုကြီးဖြစ်မိတယ်….
ဒါပေမယ့်လည်း ……. အဲ့ဒီအခိုက်အတန့်လေးကျော်သွားတာနဲ့တပြိုင်နက် ကျွန်မရဲ့ အနာဂတ်ကို ကျွန်မ အလှဆင်ချင်ပြန်ပါလေရော …. ကျွန်မဖြစ်ချင်တာ၊ လုပ်ချင်တာတွေရှိနေသေးသ၍၊ ဆုပ်ကိုင်ထားနေသ၍တော့ရေကြည်ရာ၊မြက်နုရာကိုရှာဖွေရင်းနဲ့ကျွန်မရဲ့ပျော်ရွှင်မှု့တွေကို ခဏအကျဉ်းချထားပါရစေ …….
Posted by ကြယ်ပြာ at 7:26 PM 0 comments
Labels: အက်ဆေး
“ဟိုးတုန်းက ...”
လွန်ခဲ့တဲ့ ၈ နှစ်လောက်က အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ အဲ့ဒီကောင်မလေးကို အနိုင်ယူတတ်တဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ်။ ကောင်လေးက ကောင်မလေးထက် ၂ နှစ်ကြီးတော့ အစစ အရာရာ လိုက်ဆုံးမ၊ စည်းကမ်းတွေထုတ်တယ်လေ။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ကောင်မလေးခမျာ စိတ်ကျဉ်းကျပ်ပေမယ့် ကောင်လေးကိုချစ်တော့ သူ့စည်းကမ်းတွေအတိုင်း လိုက်နာနိုင်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ကောင်လေးရဲ့စည်းကမ်းတွေက အတော်တော့များသား ..... လက်သည်းမကိုက်ရဘူးတဲ့ (ကောင်မလေးက တခါတလေ လက်သည်းကိုက်လေ့ရှိတယ်)၊ လက်ဖက်ရည်ဆိုင်ထိုင်ရင် လမ်းမကို မျက်နှာမူပြီးမထိုင်ရဘူးတဲ့(ကောင်မလေးက အမြဲအဲ့လိုပဲထိုင်တတ်လို့တဲ့လေ)၊ ယောက်ျားလေးသူငယ်ချင်းတွေနဲ့ စကားပြောတာ မကြိုက်ဘူးတဲ့(ကောင်မလေးမှာ ယောက်ျားလေးသူငယ်ချင်းများတယ်လေ၊ ဘာလို့လဲဆိုတော့ ယောက်ျားလေးတွေက စိတ်ဆိုး၊စိတ်ကောက်သိပ်မရှိကြလို့တဲ့)၊ လမ်းသွားရင်း သီချင်းမဆိုရဘူးတဲ့(ကောင်မလေးက တခါတရံ သီချင်း ခပ်တိုးတိုး ညည်းလေ့ရှိတယ်)၊ ဘတ်စ်ကားပေါ်မှာစပါယ်ယာကရယ်စရာပြောရင် လိုက်မရယ်ရဘူးတဲ့ (ကောင်မလေးက အရယ်သန်တယ်လေ)၊ အစအနောက်သန်တာ လျော့တဲ့(ကောင်မလေးက ငပြောင်လေးမို့လို့လေ) စသဖြင့်ပေါ့လေ .... အများကြီးပါ .... ဒါပေမယ့်လဲ တတ်နိုင်သလောက်တော့ ကောင်မလေးလိုက်နာခဲ့တယ် ....
ကောင်မလေးအတွက် ကောင်လေးက ပထမဆုံးချစ်သူဖြစ်သလို၊ ကောင်လေးဘက်ကလဲ ဒီအတိုင်းပါပဲ ......
နှစ်ယောက်လုံးကလဲ တစ်သက်တာအတွက် ရည်၇ွယ်ချက်တွေနဲ့ပေါ့ .....
ဒီလိုနဲ့ ကောင်လေးက အလုပ်မှာ ပြသနာတစ်ခုတက်လို့ အထုတ်ခံလိုက်ရတယ် ....
အဲ့လိုအထုတ်ခံလိုက်ရတာဟာ ကောင်လေးရဲ့ မျှော်လင့်ချက်ကြီးတစ်ခုကို ပျက်စီးစေခဲ့တယ် ....
ကောင်လေး အရမ်းစိတ်ဓာတ်ကျနေချိန်မှာ ကောင်မလေးက ပိုအလိုက်သိတတ်လာတယ် .... ပိုချစ်လာတယ် ... ပိုလဲ အလျော့ပေးလာတယ် ... ကောင်မလေးက ကောင်လေးကို တခါမှ စိတ်မကောက်ဖူးဘူး .... ကောင်မလေးက စိတ်ကောက်မယ်လို့ကြံခါရှိသေး ကောင်လေးကကြိုစိတ်ဆိုးနေနှင့်ပြီလေ ..... ဒီလိုနဲ့ သူတို့ချစ်သူသက်တမ်း ၁ နှစ်ခွဲရောက်လာခဲ့တယ် .....
အဲ့ဒီအချိန်မှာ ကောင်လေးကို သိပ်သဘောကျတဲ့ နောက်ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ် ....
နောက်ကောင်မလေးက ကောင်လေးမှာချစ်သူရှိမှန်းသိရက်နဲ့ ကောင်လေးဘေးကို တစစ ရောက်လာခဲ့တယ်(ကောင်လေးနေခွင့်ပေးခဲ့တာလဲပါတာပေါ့)။ နောက်ကောင်မလေးရဲ့ မိန်းမဆန်မှု့တွေ၊ ဂရုစိုက်မှု့တွေအပေါ် ကောင်လေးသာယာခဲ့တယ် .... သူပေးတဲ့ ဆင်ခြေ၊ ဆင်လက်တွေကို ကောင်မလေးက သိသိကြီးနဲ့ မသိချင်ယောင်ဆောင် ခွင့်လွှတ်ပေးခဲ့တယ် ... ကောင်မလေးစိတ်ထဲမှာ သူ့ရဲ့ ပထမဆုံးချစ်သူ နဲ့ ပဲလက်တွဲချင်တဲ့ စိတ်ကြီးက အရာရာကိုခွင့်လွှတ်စေခဲ့တယ် .....
ဒီလိုနဲ့ တနေ့မှာပေါ့ ..... ကောင်လေးစိတ်ဆိုးနေတာကို ချော့ဖို့ ကောင်မလေးက ကောင်လေးရုံးကိုလိုက်သွားခဲ့တယ် ....(ပြသနာတခုခုဖြစ်တိုင်း ကောင်မလေးကမှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ ကောင်မလေးကပဲ အလျော့ပေးတာ ကောင်လေး အလုပ်ထုတ်ခံရပြီးကတည်းကပါ) အဲ့ဒီအချိန်မှာ ကောင်လေးနဲ့ နောက်ကောင်မလေး လက်ချင်းတွဲပြီး ကားလမ်းကူးလာတာကို မြင်လိုက်ရတယ် .... သူကြည့်တတ်မယ်ဆိုရင် အဲ့ဒီအချိန်မှာ ခံစားလိုက်ရတဲ့ အံ့သြမှု့၊ ၀မ်းနည်းမှု့၊ နာကျင်မှု့ တွေ တစ်ပြိုင်တည်းခံစားနေရတဲ့ မျက်နှာ အမူအရာနဲ့ မျက်ရည်တွေပြည့်နေတဲ့ မျက်ဝန်းတစ်စုံ သူသေချာမြင်လိုက်မှာပါ .... ဒါပေမယ့် ..... ဒါပေမယ့်ပေါ့ ..... သူက “နင်ရုံးမသွားဘူးလား၊ ငါတို့ မနက်စာ ဆင်းစားတာ” ဆိုတဲ့ စကားတစ်ခွန်းပဲပြောပြီး နောက်ကောင်မလေးနဲ့ ထွက်သွားခဲ့တယ်လေ ... အဲ့ဒါ ၂ နှစ်ကျော်ကျော် အချိန်လောက်မှာပေါ့ ......
သူတို့ ချစ်သူသက်တမ်း ၃ နှစ်အကြာမှာ ကောင်မလေးက ကောင်လေးကို စတင်လမ်းခွဲစကားပြောခဲ့တယ် .....အဲ့ဒီအချိန်ထိ ကောင်လေးက “ငါ နင့်ကိုပဲချစ်တာပါ။ နောက်ကောင်မလေးကို မချစ်ပါဘူး” တဲ့ .....ကောင်မလေး သူ့ကိုလမ်းခွဲမယ်ပြောတော့ သူ အရမ်းအံ့သြသွားတယ် .... သူထင်ခဲ့တာက သူဘာတွေပဲလုပ်နေနေ ကောင်မလေးက သူ့ကိုအမြဲချစ်နေမှာပဲလို့ ထင်ထားခဲ့တာကိုး(သူ့ကိုယ်သူ အရမ်းအထင်ကြီးမိတာနေမယ်ထင်ပါရဲ့) ..... ကောင်လေးရဲ့ စကားတွေက သူပေးခဲ့တဲ့ ဒဏ်ရာတွေနဲ့ အသားမာတက်သွားတဲ့ ကောင်မလေးရဲ့ နှလုံးသားကို မလှုပ်ရှားစေနိုင်တော့ဘူးလေ ..... ဒီလိုနဲ့ သူတို့ နှစ်ယောက် ဝေးကွာခဲ့ကြတယ် ......
Posted by ကြယ်ပြာ at 7:19 PM 5 comments
Labels: အက်ဆေး