Credit to http://themusicalfruit.net
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နိယာမကို ကျမ အလေးအနက် ယုံကြည်ခဲ့ဖူးတယ်။
အချစ်ဆိုတာ ရူးသွပ်ရမယ့်အရာလို့ ဘယ်တုန်းကမှ မထင်ခဲ့ပေမယ့် အချစ်ကြောင့် ကျမ ရူးသွပ်ခဲ့ဖူးတယ်။
ရိုးရိုးလေးပါ။ ဇာတ်လမ်းလေးက တကယ်ကို ရိုးရိုးလေးရယ်ပါ။
သူနှင့်ကျမက ကုမ္ပဏီတစ်ခုတည်းမှာ အတူတူအလုပ်လုပ်ကြတယ်။ ထိုင်တော့လဲ ခုံချင်းက ကပ်လျက်၊ သူငယ်ချင်းဆိုလဲ ဟုတ်၊ လုပ်ဖော်ကိုင်ဖက်ဆိုလဲ ဟုတ်ခဲ့ကြတယ်။ ကျမတို့ သူငယ်ချင်း မိန်းကလေး(၃)ယောက်ရယ်၊ သူရယ်နဲ့က သွားအတူ၊ လာအတူ နဲ့ စိတ်တူကိုယ်တူရှိခဲ့ကြတယ်။ ပတ်ဝန်းကျင်ကလဲ သူ ဘယ်တစ်ယောက်ကို စိတ်ဝင်စားနေတယ်ရယ်လို့ အတိအကျမသိခဲ့ကြဘူး။ ကျမကတော့ ကျမကို စိတ်ဝင်စားနေတယ်ဆိုတာကို သူတိတ်တဆိတ်ပို့ထားတဲ့ မေးလ်တွေက တဆင့် ကြိုသိနေခဲ့တယ်။ သူငယ်ချင်းဘ၀မှာကတည်းက ကျမကို အလိုက်သိလွန်းသောသူ့ကို ကျမလဲ စိတ်ဝင်စားခဲ့တယ်ဆိုရင် မမှားပါဘူး။ သူက ကျမကို တစ်ခုသော တနင်္ဂနွေနေ့မှာ ချစ်ရေးဆိုခဲ့တယ်။
“ငယ်ငယ် … ငါ နင့်ကို ချစ်တယ်” လို့ သူပြောတဲ့အချိန်မှာ ကျမ ရင်ခုန်ခဲ့သလား၊ မခုန်ခဲ့ဘူးလား သေသေချာချာ မမှတ်မိတော့ပေမယ့် ကျမ ရှက်နေခဲ့တာတော့ သေချာခဲ့ပါတယ်။ ဒါဟာ အချစ်ဟုတ်၊မဟုတ်ဆိုတာလည်း ကျမ မသိခဲ့သလို၊ ဆန်းစစ်ဖို့လည်း သတိမရခဲ့ဘူး။
“သမီးကို ဘာလို့ ချစ်တာလဲ ပြောပြ” လို့ကျမ ပြန်မေးတော့
သူက “ငါ နင့်ကို စာမေးပွဲခန်းမှာ ကတည်းက စတွေ့ဖူးပြီး သဘောကျခဲ့တာ။ ငါက စာမေးပွဲဖြေဖို့ ချွေးပြန်နေတဲ့အချိန်မှာ နင်က ရှေ့က စားပွဲကိုသွားပြီး နင့်သူငယ်ချင်းနဲ့ စကားတွေပြောလို့ … ငါ့ စိတ်ထဲမှာ ဒီကောင်မလေးက စားမေးပွဲခန်းကို မကြောက်ဘူးလားမသိဘူးလို့တွေးမိတယ်။ ပြီးတော့ ငါ့စိတ်ထဲဘယ်လိုဖြစ်မှန်းမသိဘူး ဒီစာမေးပွဲပြီးရင် ပြန်တွေ့ပါစေလို့ ဆုတောင်းမိတယ်” လို့ တနံတလျားရှင်းပြပါတယ်။
ကျမမှာ အကျင့်တစ်ခုရှိတာက ကျမထက် အသက်ကြီးသူတွေနဲ့ စကားပြောတာမှာ ကျမကိုယ်ကျမ “သမီး” လို့ နာမ်စားသုံးလေ့ရှိတယ်။ ဒါကြောင့်မို့ သူနဲ့ စကားပြောတော့လည်း “သမီး” လို့ကိုယ့်ကိုကိုယ်သုံးဖြစ်ခဲ့တာပေါ့။
နောက်ပြီးတော့ စာမေးပွဲဆိုတာက ကျမတို့အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီကို ၀င်ခွင့်ဖြေရတဲ့ စာမေးပွဲပါ။ ကျမက တစ်ခါဖြေပြီး အောင်ခဲ့ပေမယ့်၊ နှုတ်ဖြေမှာ ကျခဲ့လို့ နောက်တစ်ခါ ပြန်ဖြေတဲ့ အချိန်မှာ သူ ကျမကို တွေ့ခဲ့တာပါ။ သူနဲ့ ဆုံဆည်းဖို့ ကံ ပါလာလို့လား မသိ သူကော၊ ကျမကော စာမေးပွဲအောင်ခဲ့ပါတယ်။
အောင်စာရင်းထွက်တဲ့နေ့ကိုလည်း ကျမ မှတ်မိနေခဲ့တယ်။ ကျမတို့ နာမည်တွေကို ဘုတ်မှာ ကပ်ထားတာကို ကျမသွားကြည့်တော့ သူလည်း အဲ့ဒီနေရာမှာ ရှိနေခဲ့တယ်။ ကျမက နာမည်တွေကို လက်ထောက်ရွတ်ရင်းက ဒီနာမည်က မိန်းကလေး နာမည်ကြီးလိုပဲနော်လို့ ကျမ သူငယ်ချင်းကို ပြောပြတော့ အနောက်ဘက်ကနေ “မဟုတ်ပါဘူးဗျာ … ယောက်ျား နာမည်စစ်စစ်ပါ” လို့ ရုတ်တရက်အသံထွက်လာတော့ လန့်သွားသလို၊ အားလည်းနာသွားမိတယ်။ ကျမ သူ့ကို ပထမဆုံး စမြင်ဖူးခဲ့တဲ့ အချိန်ပေါ့။ တခါမြင်ယုံနဲ့ မှတ်မိလောက်အောင် စွဲဆောင်မှုမရှိတဲ့ သူ့ပုံစံကြောင့် ကျမ သူ့ကို ခပ်လွယ်လွယ်မေ့သွားတာ မထူးဆန်းဘူးဆိုရမယ်။
ဒီလိုနဲ့ပဲ ကျမတို့ အပတ်စဉ်တူတူ အလုပ်ဝင်ခွင့်ရခဲ့ကြတယ်။ ကျမတို့အလုပ်မှာ ထရိန်နင် ပေးတော့ မြန်မာစကားလုံးဝမတတ်၊ လုံးဝနားမလည်တဲ့ အိန္ဒိယက ဆရာတွေက စာသင်ကြတယ်။ သူတို့က ကျမတို့တွေရဲ့ နာမည်ကို အသံထွက်ရခက်တော့ ကျမတို့တွေ နစ်ခ်နိမ်း ပေးကြရတယ်။ အဲ့ဒီအချိန်မှာ ကျမရဲ့နစ်ခ်က ဂျက်ဆီကာတဲ့။ သူ့ကိုတော့ ဆရာက ဆန်နီလို့ပေးခဲ့ပေမယ့် သူက ကျမသဘောကျတဲ့ လီယိုနာဒို ဆိုတဲ့ နာမည်ကို နစ်ခ်အဖြစ်ယူခဲ့တယ်။ ဒီလိုနဲ့ တလျှောက်လုံး ကျမ စိတ်ညစ်တိုင်း ဖျောင်းဖြ၊ ကျမ စိတ်တိုတိုင်းလဲ ချော့မော့ပြောပြတတ်တော့ သူ ကျမကို တော်တော် နားလည်တယ်ရယ်လို့ ကျမဘာသာပြန်ခဲ့မိတယ်။
အရပ်ခပ်ပြတ်ပြတ်၊ အသားခပ်ညိုညိုနဲ့ အညာသား သူ့မှာ ကျမ သဘောကျတာဆိုလို့ ရှည်ကော့နေတဲ့ မျက်တောင်တစ်စုံရယ်၊ ကျမကို နားလည်မှုပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုရယ်နဲ့ သူ့အချစ်ကို ကျမ လက်ခံခဲ့တယ်။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်အချစ်ဆိုတာ သူ့ကို ချစ်သူအဖြစ်လက်ခံပြီးမှ ကျမရင်ထဲမှာ တဖြေးဖြေးချင်းဖြစ်တည်လာခဲ့တာပါ။
ကျမတို့ ချစ်သူဖြစ်ပြီးကြတော့ သူက ကုမ္ပဏီမှာ သူ့ကိုသိပ်စကားမပြောဖို့ ကျမကိုပြောတယ်။ ကျမက အရင်ကတည်းက သူငယ်ချင်း၊ ခုလည်းထူးပြီးတော့ ပိုဆက်ဆံနေတာမှမဟုတ်တာ စကားပြောတာကို ကန့်သတ်တာ ကျမ မကြိုက်ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းသူ့စကားဆိုရင် ကျမ နားထောင်ချင်တယ်။ သူ့ဘက်က ထုတ်တဲ့ စည်းကမ်းတိုင်းကို လိုက်နာပြီး သူ့ကို ဘယ်လောက်ချစ်ကြောင်း၊ ဂရုစိုက်ကြောင်းပြချင်ခဲ့မိတယ်။ ဘာလို့လဲဆိုတော့ တသက်မှာ ချစ်သူတစ်ယောက်သာ ထားချင်ခဲ့ပြီး ဒီတစ်ယောက်ကိုပဲ လက်ထပ်မယ်လို့ ကျမ ဆုံးဖြတ်ထားခဲ့လို့ပါပဲ။
ကျမရဲ့စလင်းဘတ်ထဲမှာ အပ်ချည်ကြိုးနဲ့ အပ် အမြဲဆောင်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ကျမသူငယ်ချင်းမလေးတွေက စကပ်လုံချည်ဝတ်လေ့ရှိကြလို့ပါ။ သူတို့စကပ်လုံချည်တွေက အခန့်မသင့်ရင် ကွဲတာ၊ ချိတ်ပြုတ်တာတွေ ဖြစ်တတ်တော့ တွယ်ချိတ်နဲ့ဆိုရင် အမြင်ဆိုးတာမို့လို့ ကျမကပဲ ချုပ်ပေးလေ့ရှိတယ်။
အဲ့လို ဆောင်တတ်တာလေးက ကျမချစ်သူကို ကျမချစ်ကြောင်းပြနိုင်ခဲ့တယ်ဆိုရင်လဲ မမှားပါဘူး။ ပထမဆုံးတစ်ခါက သူ့အင်္ကျီ ကြယ်သီးပြုတ်သွားတဲ့အချိန်၊ နောက်တစ်ချိန်က သူ့ ကျောပိုးအိတ် ဇစ်ပျက်သွားတဲ့အချိန်ရယ်ပေါ့။ ကျမ သူ့ပစ္စည်း အပျက်အစီးလေးတွေကို ကျမလက်နဲ့ ချုပ်ရိုးသေသပ်စွာနဲ့ အမြန်ဆုံးပြုပြင်ပေးနိုင်ခဲ့တယ်။ သူ အသိအမှတ် ပြုပြု၊ မပြုပြု ကျမကိုယ်ကျမတော့ အင်မတန် ဂုဏ်ယူခဲ့ဖူးတယ်။
7 Comments:
စိတ်ကူးယဉ်လို့ ကောင်းလိုက်တာဗျာ အမရေ....
နောက်ရောဘာဆက်ဖြစ်သွားသေးလဲ ဆက်တင်ပေးဦးနော်
မျှော်နေမယ်ဗျ....:-)
စိတ်ကူးယဉ်လို့ ကောင်းလိုက်တာဗျာ အမရေ....
နောက်ရောဘာဆက်ဖြစ်သွားသေးလဲ ဆက်တင်ပေးဦးနော်
မျှော်နေမယ်ဗျ....:-)
လာမှာ လာမှာ မပူနဲ့ ....း) လာဖတ်လို့ ကျေးဇူးနော်
အခုမှ ဇာတ်လမ်းက အစရှိသေးတယ်။း)
နိယာမအလွဲဆိုတော့ ကောင်လေးက မိန်းခလေး သူငယ်ချင်းတွေကြား မလည်ရှုပ် လုပ်ဦးမယ်ထင်တယ်။ ထင်တာကို ပြောတာပါ။
၁.၂.၃.၄ တွေ ဆက်လာဦးမယ် ထင်တယ်။း)
ဒီတစ်ခါတော့ အပိုင်းသိပ်မများလောက်ပါဘူး။ ဖတ်ရတာ အီသွားမှာစိုးလို့။
ဇာတ်ခမ်းကခုမှစတယ် စာဖတ်ကောင်းတုန်းမီးပျက်သလိုပါပဲနော်
မျော်ရတဲ့အလုပ် အတော့ကိုပင်ပန်းတယ်ကြည်ပြာရေ
အပိုင်း ၂ သွားဖတ်လိုက်ဦးမယ်...
Post a Comment