Saturday, July 14, 2012

နိယာမအလွဲ(ဇာတ်သိမ်းပိုင်း)



Credit to http://wynnechenart.blogspot.sg

သူကပြောဖူးတယ် “ပြောမှလုပ်တာကျွန်၊ လူဆိုတာ မပြောပဲသိရတယ် …” တဲ့။ အဲ့ဒီစကားမပြောခင်ကတည်းက သူလိုအပ်တိုင်းနားစွင့်ပြီး ဖြည့်ဆည်းနိုင်တာလေးတွေ ဖြည့်ဆည်းပေးနေကျပါ။ တစ်လမှ တစ်သောင်းသာသုံးနိုင်တဲ့ကျမ လက်ထဲမှာ ငွေငါးထောင်ပဲကျန်တော့တဲ့အချိန်မှာ သူ့မှာ ၀တ်စရာအင်္ကျီတွေ ကုန်နေပြီမလျှော်ရသေးဘူးလို့ မတော်တဆ ကြားလိုက်တော့ မျက်နှာလိုအားရနဲ့ ၂၅၀၀ိ တန် မီးခိုးရောင်ဖျော့ဖျော့ရှပ်အင်္ကျီတစ်ထည်ကို ၀ယ်ပေးခဲ့ဖူးတယ်။ သူ့ရဲ့မှတ်ချက်က “အင်္ကျီ ရင်ဘတ်အိတ်ပေါ်မှာ တံဆိပ်ပါတာ ငါမကြိုက်ဘူး၊ ပြီးတော့ ငါက ငါးထောင်တန် အင်္ကျီပဲကြိုက်တာ” တဲ့။ အဲ့ဒီအင်္ကျီလေးကို ကျမမေးလွန်း၊ပြောလွန်းလို့ တစ်ခါတော့ဝတ်ဖူးတယ်။ အဲ့ဒီတစ်ခါလေးဝတ်တာနဲ့တင် ကျမ တော်တော်ကျေနပ်ခဲ့ပါတယ်။

သူ့မျက်နှာသုတ်ပုဝါကြီး ညစ်ပတ်ပေရေနေတာတွေ့တဲ့အခါ ငှက်ကလေးနှစ်ကောင်ပါတဲ့ မျက်နှာသုတ်ပုဝါ အပြာနုနုလေးကို ၀ယ်ပေးခဲ့ဖူးတယ်။ သူပိုက်ဆံပြတ်တဲ့အခါ သူမပြောခင် သူ့ပိုက်ဆံအိတ်ထဲကို ကျမမှာရှိတဲ့ပိုက်ဆံရဲ့ တ၀က်တိတိ အမြဲထည့်ပေးခဲ့တယ်။ သူကြိုက်တဲ့ဘောပင်အကောင်းစားကို တိတ်တဆိတ်မှတ်ထား၊ ပိုက်ဆံစုပြီး ၀ယ်ပေးခဲ့ဖူးတယ်။ ဒါပေမယ့် ကျမကြိုးစားမှုတော်တော်များများက သဲထဲရေသွန်ဖြစ်ခဲ့တာများပါတယ်။ အဲ့ဒီအခါမှာ မပြောပဲလုပ်တိုင်းလဲ အသိအမှတ်ပြုမှုမခံရရင် အလုပ်ဟာ အထမမြောက်ဘူး ဆိုတာကို ကျမ နားလည်လာခဲ့တယ်။

သူကပြောဖူးတယ် “နင်က သိပ်အတ္တကြီးတယ်တဲ့ ဘယ်တော့မှ နှစ်ဘက်မျှ ကြည့်မပေးတတ်ဘူး” တဲ့။ ဒီစကားနောက်ကွယ်မှာ ဘယ်လိုအရောင်တွေစွန်းပေနေသလဲလို့ အဓိပ္ပါယ်ဖော်ကြည့်ဖို့ထက် ကျမရဲ့အတ္တစိတ်ကိုသာ ချိုးနှိမ်တတ်ဖို့ ကြိုးစားခဲ့တယ်။ အကြီးပီပီ ကျမရဲ့ မကောင်းတဲ့အကျင့်လေးတွေ ထောက်ပြပြုပြင်ပေးတယ်ဆိုပြီး သူ့ကို တိတ်တဆိတ်ကျေးဇူးတွေတင်ခဲ့ဖူးတယ်။

၂၀၀၃ရဲ့ ဗယ်လင်တိုင်းနေ့လေးတစ်နေ့မှာ ကျမက သူ့အတွက် e-Card လေးကို မေးလ်ကနေတဆင့်ပို့ပေးခဲ့တယ်။ ကျမကိုယ်ကျမ သိပ်ရိုမန်တစ်မဖြစ်ဘူးလို့ထင်လို့ သူသဘောကျမလားရယ်လို့ ကျမပို့ပေးမိတာပါ။ ကျမဘ၀မှာ ပထမဦးဆုံး ပို့ပေးဖူးတဲ့ ကဒ်လေးဆိုလဲ မမှားပါဘူး။ သူက “နှစ်ယောက်စလုံး ရန်ကုန်မှာကို ဘာလို့ မေးလ်ပို့နေမလဲ ကဒ်ပို့ချင် ငါ့လက်ထဲ ရောက်အောင်ပို့လေ” လို့စာပြန်တော့ အဲ့ဒီနေ့မှာ ကျမသူ့လက်ထဲ ကဒ်အရောက်ပို့ဖို့ လုံးပန်းရတော့တာပေါ့။ ယောက်ျားလေးဖြစ်တဲ့သူက ကျမကို ကဒ်လေးပို့ပေးသင့်တာပေါ့လို့ မတွေးခဲ့တာ သူအလုပ်အားမှာမဟုတ်ဘူးဆိုတဲ့ ကျမရဲ့အတွေးလေးကြောင့်ဆိုတာလည်း သူသိပုံ၊မြင်ပုံမရပါဘူး။ ချစ်သူတွေ အချစ်မညီတော့တဲ့အခါ ရင်ဘတ်ထဲကစကားတွေ ကြားနိုင်စွမ်းမရှိတော့တာကို ရိပ်မှ မရိပ်မိခဲ့ပဲလေ။ ရှိပါစေတော့။

အဲ့ဒီအချိန်မှာ ကျမက အလုပ်(၂)ခု လုပ်နေတဲ့အချိန်။ မနက်ပိုင်းအလုပ်က မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ။ ညနေ အချိန်ပိုင်းအလုပ်က ည ၇ နာရီကနေ ၉ နာရီထိ။ ကန်တော်လေးက နေ လှည်းတန်းကို ၁ နာရီအတွင်း အရောက်သွားဖို့ ကျမဘယ်လောက် အပြေးအလွှားလုပ်ရတယ်ဆိုတာ သူလဲသိပါတယ်။ ညနေပိုင်းအလုပ်မှာက သူက Team Lead ဆိုတော့ ကျမအလုပ်နောက်ကျရင် သူအပြောအဆိုခံရမှာစိုးလို့ တစ်မိနစ်တောင် နောက်မကျရဲပါဘူး။ အဲ့ဒီတစ်နာရီအတွင်းမှာ ကဒ်ကို အပြေးအလွှားရှာဝယ်၊ ကဒ်ပေါ်မှာစာရေး ချွေးတပြိုက်ပြိုက်နဲ့ ည ၇ နာရီအမှီ အချိန်ပိုင်းအလုပ်ကို ရောက်ခဲ့တယ်။ ကျမစိတ်ထဲမှာတော့ ငါသူဖြစ်စေချင်သလို လုပ်ခဲ့နိုင်တယ်ဆိုပြီး ပီတိတွေ အပြည့်နဲ့ပေါ့။ ကျမသူ့လက်ထဲ ကဒ်လေးထည့်လိုက်ရင် သူချီးမွမ်းမလားလို့ မျှော်လင့်ခဲ့မိပါတယ်။ တကယ်တမ်းကျတော့ ကဒ်လေးကို ထုတ်တောင်မကြည့်ပဲ သူ့အံဆွဲထဲ ပစ်ထည့်ပြီး အံဆွဲကို ပြန်ပိတ်လိုက်တော့ အထဲကပစ္စည်းတွေကြောင့် ကဒ်လေးခေါက်ပြီးတွန့်ကြေသွားခဲ့သလို ကျမပီတိစိတ်လေးလဲ တွန့်ကြေသွားခဲ့ရဖူးတယ်။

လူတွေက မလိုချင်တော့တဲ့ အရာတစ်ခုကို စွန့်ပစ်ချင်တဲ့အခါမှာ နည်းမျိုးစုံကို သုံးလေ့ရှိကြတယ်။ စွန့်ပစ်ချင်တဲ့အရာက သက်ရှိဆို တချို့က ပေါ်တင်စွန့်ပစ်ကြတယ်၊ တချို့က နာမည်ကောင်းယူပြီးမှ သူ့အလိုလိုစွန့်ခွာသွားအောင် လုပ်တတ်ကြတယ်။ ကျမအဖြစ်က ဒုတိယတစ်မျိုးထဲမှာ အကျုံးဝင်ခဲ့တယ်ဆိုတာ အားလုံးပြီးသွားမှ ကွင်းဆက်တွေ တချက်ချင်းပေါ်လာခဲ့တယ်။ ကျမ သိပ် “အ” လွန်းခဲ့တာလား ဒါမှမဟုတ် အပြစ်မမြင်ချစ်တတ်ခဲ့လွန်းတာလား?

သူ့လက်ကို လှမ်းဆွဲကိုင်လိုက်တဲ့အချိန်မှာ အရင်လို ကျမလက်ကို ပြန်ဆုပ်ကိုင်ခြင်းမရှိတော့ဘူး။ ကျမက လက်ကို အတင်းလိုက်တွဲရင် “လူတွေအရမ်းရှုပ်တယ် လက်တွဲရင် ကန့်လန့်ကန့်လန့်နဲ့ လက်မတွဲစမ်းပါနဲ့” ဆိုတဲ့စကားအတိုင်း ကျမသူ့ကို လက်တွဲဖို့ မကြိုးစားဖြစ်တော့ပါဘူး။ ကျအချစ်တွေကို သူလွယ်လင့်တကူ လစ်လျူမရှုလောက်ပါဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ သူကျမကို သိပ်အလေးမထားတော့ပေမယ့် သူ့ဘေးမှာ တိတ်တဆိတ်သာ နေတတ်ခဲ့တာ အသားကျနေခဲ့တယ်။ အဲ့ဒီအချိန်မှာ “အနှိုင်းမဲ့” ဆိုတဲ့ သီချင်းလေးက ကျမရဲ့ဖေးဘရိတ်ပေါ့။

သူအပါအ၀င် ကျန်တဲ့သူငယ်ချင်း သုံးယောက်ပေါင်းပြီးလုပ်ရမယ့် ဒေါ်လာငါးထောင်လောက်တန်တဲ့ ပရောဂျက်တစ်ခုကို လက်ခံရလိုက်တဲ့အချိန်မှာလည်း ကျမတို့ သဘောထားကွဲလွဲမှုတခုဖြစ်ခဲ့တယ်။ ကျမက ကျမအဖေကို အလုပ်ကိစ္စတိုင်း တိုင်ပင်လေ့ရှိတော့ ဒီပရောဂျက်အကြောင်းပြောပြမိတယ်။ အဖေက ၃ ယောက်ပေါင်းဂွိုင့်အကောင့်ဖွင့်ထားရင်ကောင်းမယ်လို့ အကြံပေးတာကို သူသဘောမကျခဲ့ဖူး။ ဒါပေမယ့် အဲ့ဒီပရောဂျက်အတွက်စစ်စတမ်ဒီဇိုင်းဆွဲတာကော၊ ဒေတာဘေ့စ်ဒီဇိုင်းဆွဲတာကောမှာ ကျမလုပ်အားတွေအများကြီးရယူပြီးချိန်ကျမှ သူပဲလုပ်တော့မယ်ရယ်လို့ ကျမအကူအညီတွေကို ရပ်တန့်ခိုင်းခဲ့တယ်။ စိတ်မကောင်းဖြစ်ပေမယ့် အဖေ့ကို ပရောဂျက်မဖြစ်တော့ဘူးရယ်လို့ အကြောင်းပြပြီး ရေငုံနှုတ်ပိတ်သာနေခဲ့တယ်။ နောက်ပိုင်းသူ့မှတ်ချက်က “ယူတောင်မယူရသေးဘူး နင့်အဖေက နေရာတကာဝင်ပါတယ်” တဲ့။

ချစ်သူသက်တမ်းတစ်လျှောက်လုံးမှာ ကျမမတောင်းပဲနဲ့ သူ့ဆီက ရေမွှေးပုလင်းလေးတစ်လုံး လက်ဆောင်တစ်ခုရဖူးတယ်။ ကျမပျော်လိုက်တာလေ။

“ကို …. အဲ့ဒါ သမီးအတွက် သက်သက်ဝယ်လာတာလားဟင် …”

“မဟုတ်ပါဘူး … ငါ့အတွက်ဝယ်တာ ၀ယ်ပြီးမှ အနံ့မကြိုက်လို့ နင့်ပေးတာ” တဲ့ ….

ကျမအပျော်လေးတွေ တစစီပဲ့ကြွေကျသွားတယ် … တုန်လှိုက်နေတဲ့အသံနဲ့

“သြော် မသိပါဘူး …. သမီးအတွက်သက်သက်ဝယ်လာတယ်ထင်လို့ … ဘာပဲဖြစ်ဖြစ်ပါ သမီးဒီအနံ့လေးကြိုက်တယ် … ကျေးဇူးပဲနော် ကို ….”

ကျမ ဟန်ဆောင်တာ မကျွမ်းကျင်ခဲ့ပေမယ့် သူ့ချစ်ခြင်း တစွန်းတစလေးတောင် ကျမဆီ ပြန်ပဲ့ပါမလာခဲ့တာတော့ သေချာပါတယ်။ ခုချိန်ထိ ကျမ စိတ်မပျက်သေးတာကို သူများစိတ်ပျက်လေမလားလို့တော့ ကျမ မတွေးမိခဲ့ဘူး။ ကျမ ညံ့ခဲ့တာပါ။

ကျမရဲ့ ယုံကြည်ခြင်းမိုးတိမ်တွေ ပြိုကျတဲ့နေ့တစ်နေ့ ….

အဲ့ဒီနေ့မတိုင်ခင်က သူကျမကို စိတ်ဆိုးသွားခဲ့တယ်။ ကျမနဲ့ပတ်သတ်ပြီး အချိန်ပိုင်းအလုပ်အတွက် အလုပ်သွင်းပေးထားတဲ့ သူငယ်ချင်းက အလုပ်နောက်ကျတာများလို့ ကျမနဲ့စကားများရာက စတာပါ။ နောက်နေ့ကျတော့ သူ့ကိုချော့ဖို့ ကျမအလုပ်ကခွင့်ယူပြီး သူ့အလုပ်ရှိရာ FMI စင်တာရဲ့ တစ်ဘက် ပလက်ဖေါင်းပေါ်မှာ မနက် ၈ နာရီခွဲလောက်ကတည်းက ရောက်နေခဲ့တယ်။ သူက ၉ နာရီလောက် အလုပ်လာတတ်ပေမယ့် မတော်လို့ စောလာခဲ့ရင် လွဲသွားမှာစိုးတာနဲ့ စောထွက်ခဲ့တာပါ။ သူ အလုပ်ကိုစောစွာရောက်နှင့်နေခဲ့တယ်ဆိုတာ စင်တာထဲကထွက်လာမှ ကျမသိခဲ့ရတယ်။ သူ့ဘေးမှာ ခပ်သွယ်သွယ် အသားညိုညို ပိန်ပိန်ပါးပါး ကောင်မလေးတစ်ယောက်က သူ့လက်ကိုချိတ်လို့ ကားလမ်းကို ဖြတ်ကူးလာခဲ့တယ်။ သူ ကျမကို မမြင်သလို ကျမလဲ သူ့ကိုခပ်ဝါးဝါးပဲမြင်ရတယ်။ ဘယ်အချိန်က အိုင်ထွန်းလာမှန်းမသိတဲ့ မျက်ရည်တွေက ကျမမျက်ဝန်းမှာပြည့်လို့ပေါ့။

ဟင့်အင်း …. ကျမ မငိုပါဘူး။ မငိုချင်ပါဘူး။ သူ့ဆီက အကြောင်းပြချက် တခုခုကို နားထောင်ချင်သေးတယ်။ အချစ်တွေနဲ့ ကျမရဲ့ တစ်သက်တာအတွက် ရွေးချယ်မှုတစ်ခုဟာ ဒီမြင်ကွင်းလေးတစ်ခုတည်းနဲ့ ပျက်ဆီးသွားရမှာကို ကျမ မလိုလားပါဘူး။

“ဟင် … ငယ်ငယ် …. နင်ဘာလာလုပ်တာလဲ” အိုးတိုးအမ်းတမ်း ဖြစ်သွားတဲ့ သူ့မျက်နှာရယ်၊ ကျမရဲ့ ကြေကွဲမျက်နှာရယ်ကြောင့်ထင်ပါရဲ့ ကောင်မလေး လက်တွဲတာကို ဖြုတ်လိုက်တယ်။

“သမီး ကိုxxx ကိုပြောစရာရှိလို့”

“ငါ အခု မနက်စာသွားစားမလို့ နင်အလုပ်သွားတော့” လို့ တစ်ခွန်းပဲပြောပြီး လက်ချင်းချိတ် ဆက်လှမ်းထွက်သွားတာကို ကြည့်နေရင်း ကျမနှလုံးသားကို ဖြတ်နင်းလျှောက်သွားသလို ကျမရင်တွေ နာကျင်လိုက်တာ။ ရင်ထဲမှာ ဟာပြီး တလှပ်လှပ်နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ကျမမမြင်ရတော့ဘူး။ ကျမ မငိုပေမယ့် မျက်ရည်တွေ စီးကျလာခဲ့တယ်။ ဒီအဖြစ်အပျက်ကို ကျမ မယုံကြည်နိုင်ခဲ့ဘူး။

ကျမ ဘာတွေမှားခဲ့သလဲ? ကျမသူ့ကို နှစ်နှစ်ကာကာ ချစ်ခဲ့တာပါ။ သူလိုအပ်တိုင်းမှာ ကျမ ဖြည့်ဆည်းဖို့ကြိုးစားခဲ့တာပါ။ သူအပြစ်လုပ်တိုင်းမှာ လူတစ်ယောက်ကို ချစ်ရင် သူ့ရဲ့ ကောင်းတာကော၊ ဆိုးတာကောကို လက်ခံရမယ်ဆိုတဲ့ စိတ်နဲ့ ကျမနေခဲ့တာပါ။ ကျမ မချမ်းသာခဲ့ပေမယ့် သူ့ကို ဘယ်တုန်းကမှ ၀န်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ပါဘူး။ ကျမ မလုပ်နိုင်တဲ့ကိစ္စတွေမှာ ကျမ ကတိမပေးခဲ့တာတွေရှိမယ်။ ဒါပေမယ့် ကလန်ကဆန်မလုပ်ခဲ့ပါဘူး။ ကျမသူ့အပေါ် သစ္စာရှိခဲ့ပါတယ်။ ကျမ ရုပ်မလှပေမယ့် ချစ်စရာကောင်းတဲ့ရုပ်ရည်တော့ရှိပါတယ်။ ကျမ မပိန်ပေမယ့် တရားလွန်မ၀ပါဘူး။ ကျမ ပညာအရည်အချင်း မညံ့ခဲ့ပါဘူး။ ဒီအရည်အချင်းတွေအားလုံးထဲမှာ သူလိုချင်တာ ဘာကြောင့် တစ်ခုမှ မပါခဲ့တာလဲ။ သူလိုချင်တာဘာလဲ? ကျမဘာတွေလိုအပ်ခဲ့သလဲဟင်?

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်တဲ့။ ဒါပေမယ့် ဆန့်ကျင်ဘက်လားရာနဲ့ဆိုတာ ကျမ ဘာလို့ ဆက်မဖတ်ခဲ့မိပါလိမ့်။

လွဲနေတဲ့ ကျမရဲ့ နိယာမထဲမှာ ကျမနေခဲ့တာ ၃ နှစ်။ အသည်းကွဲဝေဒနာ ခံစားခဲ့ရတာ ၁ နှစ်ခွဲ။

သူ့ကြောင့် ကျမရဲ့အတ္တကြီးတဲ့စိတ်တွေ အများကြီးလျော့ချနိုင်ခဲ့တယ်။ သိပ်မချစ်တတ်တော့အောင်လဲ နေတတ်ခဲ့တယ်။ အခြေအနေနဲ့ အချိန်အခါအရ ပုံသေနည်းတွေ၊ နိယာမတွေကိုလည်း ဘာသာပြန်တတ်ခဲ့တယ်။ အရာရာတိုင်းအတွက် ခုထိ ကျေးဇူးတင်ဆဲပါ။

13 Comments:

3rdthameetaw said...

နှလုံးသားရှိသူတိုင်းခံစားတတ်ကြတယ်နော်
အတူတူပါပဲ ..အားပေးသွားတယ်

ဒီးဒိုး said...

အင်း ကိုယ်ချစ်ကိုး ဗျ..။ခံစားသွားပါတယ်။

ကြယ်ပြာ said...

လာဖတ်တဲ့အတွက် ကျေးဇူးပါ တတိယမြောက်သမီးတော်။

ဒီးဒိုးရေ .... ကိုယ်ချစ်မဟုတ်ဘူးကွဲ့ သူကချစ်ပြီးမှ သူ့အချစ်တွေပြန်ရုတ်သွားတာမျိုးပါ။

စံပယ်ချို said...

(သူ့ကြောင့် ကျမရဲ့အတ္တကြီးတဲ့စိတ်တွေ အများကြီးလျော့ချနိုင်ခဲ့တယ်)

အတ္တတွေကိုတဖြေးဖြေး နဲပါးစေတယ်တယ်ပေါ့နော်
အဲတာကိုယ်ကလဲ ချစ်ခဲ့လို့ပါ
အချစ်ဆိုတဲ့အရာ အားလုံးကိုပြောင်းလဲလို့ရတယ်လေ
အမြဲ ကိုယ်ချစ်တဲ့သူနဲ့ သာဆုံတွေ့ပြီးပျော်ရွှင်ပါစေ
ချစ်တဲ့ စံပယ်

အလွမ်းမြို့ said...

ကြယ်ပြာလေးရေ...

မကြီးလွမ်းကတော့ တူချစ်ဘဲ ရှာတယ်။
နောက်ဆို ကိုးချစ်လည်း မဟုတ်နဲ့ သူ ချစ်လည်း
မရှာနဲ့။ တူ ချစ်ကိုဘဲရှာ။


မကြီးလွမ်း

သူကြီးမင်း (တုံးဖလား) said...

အလိုလိုက်လွန်းလို့ ကမ်းတက်သွားတာ ဖြစ်ရမယ်။
ချစ်သူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဖီလင်အပြည့်
ရျိနေပို့ အရေးကြီးပါတယ်။ ဖီလင်မရှိတော့ဘူးဆိုရင် စုပ်ပြီးသားကြံလိုဘဲ ဘာမှ အရသာမရှိတော့ဘူး။

ကိုယ့်ဘက်က ဘာမှ မပြောင်းလဲဘဲ သူ့ဘက်က ဖီလင်တွေ ကုန်သွားလို့ ပြောင်းလဲသွားတယ်လို့ မှတ်ပြီး သူ့ကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။

ဖတ်ရင်း သနားလိုက်တာ။း(

Unknown said...

ဇာတ်သိမ်းကလည်း ဝမ်းနည်းစရာကြီး အမရာ...
မနိပ်ပါဘူးဗျာ...
ဖတ်ရတာ တော်တော်ခံစားရတယ်...
အဆိုးတွေထဲကနေ အကောင်းမြင်လေးနဲ့ လောကကြီးကို မြင်ပေးနိုင်တဲ့ အတွက်တော့ ချီးကျူးမိတယ်ဗျာ...
တော်ရုံတန်ရုံ စိတ်ထားမျိုးနဲ့တော့ ဒီလို အမြင်မျိုး ထားလို့ရမှာ မဟုတ်ဘူးနော်...

mstint said...

မလွဲမသွေကြုံတွေ့ရတဲ့အလှည့်အပြောင်းတစ်ခုဟာ ကိုယ့်အတွက်ဒီထက်ပြီးပြည့်စုံမဲ့ဘဝတစ်ခု ဖြစ်လာဘို့ပဲ ကြယ်ပြာရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဒီလို မျိုးခံစားခဲ့ရဖူးပါတယ် ကြယ်.. သိပ်ကို စူးစူးနင့်နင့် နာကျင်ခဲ့ရတာပေါ့.. ဒါပေမယ့် ခုတော့လည်း အချိန်က ကုစားသွားပါပြီ ..

သိ င်္ဂါ ရ said...

နိယာမ အလွဲလိုက်ကြီး ကို ဖတ်သွားဖြစ်တယ်ဗျာ ...

ယုံကြည်မှု ကို အလွဲသုံးစား လုပ်ခံရတယ် ဆိုတာ

ဒါမျိုးပေါ့ ...

ဇွန်မိုးစက် said...

ကြယ်ပြာရေ…
မရောက်တာကြာလို့ လာလည်ရင်း နိယာမအလွဲ အစအဆုံးဖတ်ဖြစ်သွားတယ်။ ဖတ်နေရင်းနဲ့ သမီးရဲ့ကို ကို စိတ်ဆိုးလိုက်တာတအား။ ငယ်ငယ် ၃နှစ်တောင် သည်းခံပြီး တွဲနိုင်ခဲ့တယ်နော်။
ဇွန်

San San Htun said...

အချိန်က ကုစားသွားမှာပါ...

ဖြိုးဇာနည် said...

ဟိုစကားလေးပဲပြန်ပြောလိုက်ချင်တယ်

ဆုံးရှုံးမူဆိုတာ ပိုင်ဆိုင်ခြင်းကစခဲ့တာတဲ့