Friday, April 29, 2016
" ကိုယ့်ဇာတာက အဲ့လိုပဲ "
ကိုယ့်ဇာတာက အဲ့လိုပဲ
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ထဲ
ကိုယ့်ပွင့်လင်းမှုက ကိုယ့်ကိုပြန်ပြန်ချောက်ချ။
အချစ်ဆိုတာကိုကြည့်ရင်း
ကိုယ့်နှုတ်ခမ်းတွေ ညွှတ်ကျ ……
ပြုံးတာလား မဲ့တာလား ဘယ်သူသိနိုင်မလဲကွယ်။
ကိုယ့်ဇာတာက အဲ့လိုပဲ
ကိုယ့်စိတ်ဓါတ်ခိုင်မာမှုက
ကိုယ့်ကို အမြဲ နောက်ကောက်ကျစေခဲ့။
အချစ်ဆိုတာကို ကြည့်ရင်း
ကိုယ့်မျက်ဝန်းမှာ ပုလဲတွေခ …..
ပျော်လို့လား ၀မ်းနည်းလို့လား ဘယ်သူသိနိုင်မလဲကွယ်။
တကယ်ကို ကိုယ့်ဇာတာက အဲ့လိုပဲ
အရာရာ လွဲချော်လွန်းတယ်။
ကိုယ့်သေချာမှုတွေကပဲ ကိုယ့်ကို အကြိမ်ကြိမ်ပြန်သတ်
တပ်မက်စိတ်တွေနဲ့
တကယ်ကို ခဏခဏ သေခဲ့ဖူးတယ်။
ဒီတစ်ကြိမ် ….. မသေပါရစေနဲ့။
ကြယ်ပြာ
Sunday, September 14, 2014
" ယုံ ....... "
ဆံပင်ရှည်ရှည် နဲ့ ပါးချိုင့်လေးပေါ်အောင် ပြုံးတတ်တဲ့ ကောင်မလေးတစ်ယောက်ကို စိတ်ကူးယဉ်ပြီး ကောင်လေးတစ်ယောက်အနေနဲ့ ဒီကဗျာကို ရေးထားတယ်။
လေပြေနုသွေးက ရယ်သွမ်းသွေးတဲ့အခါ
.
မင်းဆံနွယ်တွေက လေထဲ တ၀ဲဝဲလွင့် …
.
ပါးချိုင့်လေးတစ်ဘက်ရဲ့ မှော်အပြုံးအောက်မှာ
.
ကျရှုံးချင် ရှုံးပါစေတော့ရယ်လို့ ရဲရဲရင့်ရင့် သီကျူး …..
.
ဖြက်ကနဲ မိလိုက်တဲ့ အကြည့်တစ်ချက်နဲ့တင်
.
ထာဝရ ငြိတွယ်ခွင့်ပေးသနားစေဖို့ အကြောင်း ဆုတောင်းမိ ……
.
ငါ့စိတ်တွေက ၀ိဥာဉ်တစ်ကောင်လို
.
မင်းဆီ တွား လျား တိုး ကပ် ချော့ မြူ ….
.
မည်ကာမတ္တအလွမ်းလို့တော့ နာမည်မတပ်နဲ့ကွယ် ………
.
နေရောင်လင်းဖြာ ချိန်ကစလို့
.
တိမ်တွေရှက်စနိုး ငုံလျိုးသွားချိန်ထိ
.
မင်းကို တစိမ့်စိမ့်လွမ်းတယ် …. ယုံ ……
.
.
.
.
ရေးသူ - ကြယ်ပြာ
ရေးချိန် - စက်တင်ဘာ ၁၂ ရက် ညနေ ၂ နာရီ ၄၀ မိနစ်။
Tuesday, September 9, 2014
" အိမ်လွမ်းနာ "
အထီးကျန်မှုဆိုတာ
အိမ်ဝေးတွေအတွက် အနီးကပ်ဆုံးအဖော်၊
တိတိပပ ပြောရရင်
ခွဲထားခဲ့လို့မရတဲ့ နှစ်ကိုယ့်တစ်စိတ်။
အောင်မြင်မှုတွေထွန်ယက်ဖို့
မိသားစုဆိုတဲ့ရစ်သမ်တစ်ခုက ခွဲထွက်
ကိုယ့်သံပါတ်နဲ့ကိုယ် လည်ပတ်ကြတဲ့အခါ
စိတ်ဓါတ်နာဖျားမှုတွေက ဒုနဲ့ဒေး။
အခါခါလဲပြိုကျတိုင်း၊
အခါခါ ပြန်တည့်မတ်
ဒီလိုနဲ့ပဲ ကိုယ့်လမ်းကိုယ်ထိန်းမတ်ခဲ့ရပေါင်း
အကြောင်းတွေကလည်း မနည်းမနောပဲ။
သာသာယာယာပါပဲ
လစာထုတ်ချိန်၊ မိဘကိုကြွေးဟောင်းဆပ်ချိန်
ဒီတစ်ချက်နဲ့တင် စိတ်ဓါတ်တွေ အားပြည့်
နာဖျားမှုတွေ ဝေးလွင့်။
တစ်ခုလိုချင် တစ်ခုစွန့်လွှတ်ရသတဲ့
ငွေကြေးနဲ့ အိမ်လွမ်းနာ
ထပ်တူကျနေတာ ရင်အနာရဆုံးပဲ
လွမ်းဖူးသူတွေသာ သိလိမ့်မယ်။
လူတစ်ကိုယ် အကြောင်းတစ်မျိုးမို့
ဘယ်သူက ရိုက်ပြီး အတင်းဝေးခိုင်းနေလဲလို့
ခနဲ့တဲ့တဲ့ မေးခွန်းမျိုး
တဆိတ်…… မမေးလိုက်ပါနဲ့။
ကိုယ့်အတွက် ရေမကြည်၊ မြက်မနုတော့တဲ့အခါ
တော်ရာတွေရွှေ့ရင်း
သူကောင်းဖြစ်သွားသူတွေ ရှိသလို
သေချင်လို့ တောပြောင်းသွားတဲ့ ကျားတွေလဲရှိရဲ့။
ခြောက်ကပ်ကပ် ထမင်းဝိုင်းနဲ့ အေးစက်စက်မွေ့ရာ၊
သေသွားတဲ့အပြုံးတွေနဲ့ ခဲသွားတဲ့ မေတ္တာတရားတွေ
အပိုင်စားရထားတဲ့ ကျမတို့အိမ်ဝေးတွေ
အိမ်ပြန်ချိန်အတွက် အချိန်တွေဘယ်လောက်လိုမလဲ ရေတွက်ရင်း
တစ်နေ့ပြီး နောက်တစ်နေ့ ………..
Monday, September 8, 2014
" ချိုမြိန်စွာ ရစ်နှောင်တတ်သော "
Credit to blog.nus.edu.sg
“အင်း …. သံယောဇဉ် …. သံယောဇဉ် ”
သက်ပြင်းကို ခပ်ဖွဖွ ရှိုက်ထုတ်ရင်း သောက်လက်စ ကော်ဖီပူပူကို အလျင်စလို တစ်ကျိုက် မော့ချလိုက်တယ်။
လည်ချောင်းထဲ စီးမျောသွားတဲ့ ကော်ဖီအရသာကို ချိုသလား ခါးသလား မသိလိုက်မိချေ။
ဖြက်ကနဲ ကျမရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်စ တွဲလွဲခိုလာတယ်။
ကော်ဖီသကြားလုံးလေးတစ်လုံးကို ကျမနှုတ်ခမ်းဝအထိ တယုတယ ခွံ့ကျွေးခဲ့တဲ့သူ့ရဲ့ ကြည်စင်တဲ့ အပြုံးက စွဲမက်စရာ။ ပြီးတော့ သကြားလုံးခွံလေးတွေကို သူ့ဒိုင်ယာရီစာအုပ်ကြားထဲ ခပ်ဖွဖွ ညှပ်သိမ်းလိုက်တယ်။
ဒါ ကျမနဲ့ပတ်သတ်တဲ့ အမှတ်တရ တွေကို သူငယ်ချင်းဘ၀ကတည်းကခုချိန်ထိ သိမ်းဆည်းနေကျနည်းလမ်းတစ်ခုပါ။
သူ့လှုပ်ရှားမှုတိုင်းကို မပျင်းမရိ တမေ့တမော လိုက်ငေးနေတဲ့ ကျမ ကို လှည့်ကြည့်ပြီး ကျမဆံပင်တွေကို အသာအယာဆွဲဖွလိုက်ရင်း လှစ်ကနဲပြုံးလိုက်တယ်။
သူပြုံးလိုက်တိုင်း မျက်လုံးလေးတွေကပါ အရောင်တောက်ပြီးလိုက်ပြုံးသွားတာလေးကိုလေ ကျမ ချစ်လိုက်တာ။
သူနဲ့ ကျမရဲ့ ရွှေရောင်နေ့ရက်တွေထဲမှာ ဘတ်စ်ကား ကြပ်ကြပ်တိုးစီးခဲ့တာတွေလဲ ပါရဲ့၊
အဓိပတိလမ်းမှာ လမ်းလျောက်ခဲ့တာလဲပါရဲ့၊ ရောင်စုံကျောင်းသူ၊ကျောင်းသားတွေကို လိုက်ငေးရင်းလဲ ပျော်ခဲ့ဖူးတာတွေလဲ ပါရဲ့ … ကံ့ကော်ပန်းလေးတစ်ပွင့် ကျမခေါင်းပေါ် ပန်ပေးခဲ့တာလဲပါရဲ့ ….
ဂန္ဓ၀င် သစ်ပုပ်ပင်ကြီးကို မှီပြီး ချစ်ခွန်းသီခဲ့တာတွေလဲပါရဲ့ ….
ရေတမာပင်အောက်ထိုင်ပြီး မင်းလူဝတ္ထုတွေကို နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီး ဖတ်ခဲ့ရတာတွေလဲပါရဲ့ ….
ကျမတို့နှစ်ယောက်အတွက် အမှတ်တရဆိုတာ တိုက်လာတဲ့ လေပြေညင်းလေးတွေက အစ
ခြေလှမ်းအောက်က ရွက်ခြောက်ကြွေလေးတွေ အဆုံး သိပ်သိပ်သည်းသည်းပါဝင်ခဲ့ကြတယ်။
.
.
.
.
.
.
“ ဟဲ့ အမေကြီး တစ်ယောက်တည်း ပြုံးလို့ပါလား ဟ … ဘာတွေ များ သဘောကျနေတုန်း”
ဆက်ကနဲ တုန်သွားတဲ့ ကျမ လက်ကကော်ဖီခွက်ပါလွတ်ကျပါလေရောလား။
“အမယ်လေး … ပူလိုက်တာတော် …. အဖေကြီးကလဲ အလန့်တကြား …..”
သူ ….. အပြေးကလေး ဖြေညှင်းစွာလှမ်းလာပြီး ကျမလက်က ကော်ဖီပူတွေကို တယုတယ ပွတ်သုတ်ပေးလိုက်တယ်။
တွန့်နေတဲ့ အရေးအကြောင်းတွေ ကြားက ကြည်စင်တဲ့ အပြုံးတွေ သူ့နှုတ်ခမ်းမှာ တွဲလွဲခိုနေတုန်း။
လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေး သူ နဲ့ ကွမ်းယာသည်လေးကျမ ခုတော့ ကျောင်းထဲမှာ
လက်ဘက်ဆိုင်လေးတစ်ဆိုင်အခြေတည်လို့ ကျမတို့ရဲ့ အမှတ်တရတွေလဲ ဝေစည်ဆဲ၊
မပြောင်းလဲတဲ့ ချစ်ခြင်းတွေလဲ တိုးပွားဆဲ ….
သံယောဇဉ်တွေလဲ တနေ့ထက် တနေ့ ခိုင်မာဆဲ ……..
Friday, May 23, 2014
" အပြောင်းအလဲ "
 မနေ့တနေ့ကတင်
 တိမ်ညိုတွေ ထမ်းပိုးထားတဲ့ ကောင်းကင်ဟာ
 ပြိုမယောင်နဲ့ ညို့ ….
 ပြောင်းလဲမှုဆိုတာ အကြိုအကြား ဂရုစိုက်မှုတွေကနေ
 ခပ်စိပ်စိပ်သို့ ….
 ဘ၀ဆိုတာ စီးဆော စီးနေသလို ….
 တိတိပပ တည်မြဲတာဆိုလို့ မမြဲခြင်းတရားတစ်ခုတည်းဆိုတဲ့နောက်
 ကောင်းကင်ကြီးကျကွဲမလား …
 မြေကြီးတွေ ပျံတက်သွားမလားရယ်လို့
 မကြောင့်ကြဖြစ်တော့တဲ့အခါ
 စိတ်တွေဟာ မေတ္တာခြုံလို့ လုံလွန်းလှတယ်။
" သောကြာတမ်းချင်း (၇) "
 ဆန္ဒတွေက
 ပစ်စလတ်ခတ်ရင်ခွင်ထဲ
 ကိုယ်မပျိုးပဲနဲ့ အလေ့ကျပေါက်ခဲ့တာပါ ..
 အညွန့်တလူလူနဲ့ ကောင်းကင်ကို မျှော်ကြည့်ခိုက်
 လမိုက်ညတွေတော့ မရှိစေချင်ခဲ့ဘူး။
 ဘယ်တော့မှ မဟောင်းတဲ့ ဂီတသံ
 နားထဲ ညက်ညက်ကလေး ၀င်တယ်။
 “ရန်ကုန်မှာသာတဲ့ လ” တဲ့လား …
 မျက်စိမှိတ်ထားရင်း ခပ်ဖွဖွလိုက်ညည်း
 ရင်ထဲမှာ ဘယ်တော့မှငြီးမသွားတဲ့ သံစဉ်
 ဒီလိုနဲ့ပဲ ကိုယ့်နေ့တွေ သာယာဖူးခဲ့တယ်။
" အချစ်ကြောင့် ............. "
 ခံစားချက်ဆိုတာက
 ဘယ်တော့မှ မျိုးမတုန်းတဲ့အရာ
 တလှိုက်လှိုက်တုန်လာတဲ့ရင်က
 ပျော်စရာကြောင့်ပဲဖြစ်စေရမှာပေါ့ ….
 မက်မောမှုတစ်စုံတစ်ရာ မရှိတော့ရင်
 ကိုယ်လွတ်ရုန်းစရာမလိုအောင်
 သံယောဇဉ်နှောင်ကြိုးတွေ ငါကိုယ်တိုင်ဖြတ်ပေးမယ်။
 ရင်နာတာတွေ၊ မကြင်နာတာတွေ ထည့်မတွက်နဲ့
 အတိတ်ဆိုတာ စိတ်တူ၊ ကိုယ်တူ ကခဲ့ကြတဲ့ဇာတ်
 ဇာတ်သိမ်းကိုပုစ္ဆာတစ်ပုဒ်လို အတိအကျတွက်ထုတ်လို့ ရနိုင်သလား?
 နှလုံးသားကို မျက်ရည်နဲ့ ထုံမွှမ်းရမယ်ဆိုရင်
 ငါကတော့ ပစ္စုန်ပ္ပန်ကိုပဲ မွေ့လျော်တယ်။
 နင့်ကို ချစ်တဲ့ အချစ်တွေ လက်ရှိအတိုင်း တည်စေ။
" ငါတို့ခေတ် "
 တိတ်ဆိတ်ခြင်းမှာ ဆူညံသံတွေစွက်လို့
 ငြိမ်းအေးသယောင်ယောင်နဲ့ ပူလောင်နေတယ်။
 ကပိုကရိုအလှတွေနဲ့ ၂၁ရာစုထဲမှာ
 တံလျပ်တွေတဖိတ်ဖိတ်လက်နေတာကိုမှ ရိုးကျိုးနေသူတွေက တပုံတပင်။
 အစစ်အမှန်ဆိုတာ ခေတ်ရဲ့တောင်းဆိုမှုအရ
 Demand အရမ်းနည်းသွားတဲ့ တန်ဘိုးရှိတဲ့အရာ။
 သူလို ကိုယ်လိုတွေနဲ့ ကိုယ့်ကိုကိုယ် ကြေးတက်နေသယောင်ယောင်
 အတုတွေက အစစ်တွေကို ပြန်လှည့်ဖြားတယ်။
 မီလာတဲ့ခေတ်ကြီးထဲ မမီ မီအောင်လိုက်ရင်း
 အတုံးအရုံးနဲ့ ကျဆုံးနေတာက ကိုယ်ကျင့်တရားတွေ။
 ကုန်းရုန်းကြုံးထနေရတာက မေတ္တာတရားတွေ။
 ခေတ်ရဲ့သားကောင်ပဲ ဆိုဆို၊ စနစ်ရဲ့ ဆိုးကျိုးပဲ ပြောပြော
 သေချာတာက စိတ်ဓါတ်တွေ အပိုင်းပိုင်း အကျိုးကျိုး
 ချိနဲ့နဲ့ ကိုယ်ချင်းစာတရားတွေက
 အငတ်တောထဲ မျောလာတဲ့ ထမင်းတစ်စေ့လို
 တောက်တောက်ပပ ဖြစ်ခွင့်မရရှာဘူး။
 ဒီလိုနဲ့ပဲ မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် ………
" သောကြာတမ်းချင်း (၆) "
 သောကြာရေ
 နင့်အပေါ်ထားသမျှအချစ်ဆိုတာ
 ငါပိုင်သမျှ ငါ့ရတနာတွေချည်းပါ။
 အဆင်ပြေမှုတွေများရဲ့သားနဲ့
 အဆင်မပြေတာကို ကံလို့ပဲ ပုံချပါရစေ။
 လောကကြီးက အိုးနင်းခွက်နင်းနိုင်တယ်ဆိုတာ
 ပိုပိုသိလာတယ်။
 ကဲ … ၀မ်းနည်းစရာ မကောင်းဘူးလားလို့ မှန်ကြည့်ပြီးမေးမိတဲ့အခါ
 ငါ့ပုံရိပ်က ငါ့ကို ခပ်ဖွဖွပြုံးပြတယ်။
 ပြီးတော့ …….. ပြောတယ်
 မှန်ထဲက အရိပ်တောင် ဘယ်နဲ့ညာ မှန်လို့လား တဲ့ ….
 အဲ့ဒီတော့မှ ငါက ငါ့ပုံရိပ်ကို ခပ်ဖွဖွ ပြန်ပြုံးပြလိုက်တယ်။
" သောကြာတမ်းချင်း (၅) "
 ကျမအချစ်က အပြောင်းအလဲမြန်တယ်။
 တခါတရံ သူ့အကြည့်လေးကိုချစ်တယ်။
 တခါတရံ သူ့နှုတ်ခမ်းပါးလေးကိုချစ်တယ်။
 တခါတရံ သူ့ရဲ့ လူကြီးဆန်မှုကို ချစ်တယ်။
 တခါတရံ သူ့ဂရုစိုက်မှုတွေကိုချစ်တယ်။
 တခါတရံ သူ့အလိုလိုက်မှုတွေကိုချစ်တယ်။
 ကဲ .... ကျမ အချစ်က ဘယ်လောက်များ အပြောင်းအလဲမြန်လိုက်သလဲနော်။
" သောကြာတမ်းချင်း (၄) "
 စိတ်မပူပါနဲ့ ပြောရုံနဲ့
 အလိုလို ထတောက်တတ်တဲ့ ပူပန်မှုကို မအေးငြိမ်းစေဘူး။
 တကယ်က
 အချစ်တစ်ခုတည်းတင် အသီးအခက်ဝေဆာတတ်တာမှမဟုတ်တာ။
 အတူတူဆိုတာ
 ဖြစ်မလာသေးခင်
 ဖြစ်လာမလား မသေချာခင်
 မဖြစ်တော့ရင်
 ဘာပဲဖြစ်ဖြစ်ပေါ့ ….
 ကိုယ်လိပ်ပြာလေး လှပစွာဝဲပျံနေဖို့အတွက် ပူပန်တတ်ဖို့လိုတယ်။
 သံယောဇဉ်နဲ့ ပူပန်မှု တိုက်ရိုက်အချိုးကျတယ်ဆိုတာ
 ငါ့ဖတ်စာအုပ်ထဲမှာ ရှိတာတော့ သေချာပါတယ်။
“ သန့်ရှင်းစိမ်းလန်း တို့အစွမ်း ”
 *ရွှေများစုရာ ပင်နစူလာဝယ်
 ကိုယ့်ဂုဏ်ကိုယ်ဖျက် သံချေးတက်တို့
 ကွမ်းသွေးကြုံရာ ထွေးတတ်ကြတယ်။
 အမှိုက်ကြုံရာ ချတတ်ကြတယ်။
 *ရွှေများစုရာ ပင်နစူလာဝယ်
 ရယ်သွမ်းသွေးသွေး အထင်သေးသေး၊
 ကဲ့ရဲ့သဂြိုလ် အတင်းဆိုဆို
 ကိုယ့်ဂုဏ်မငဲ့ တန်ဖိုးတက်တို့
 ကျရာအမှိုက် စုကောက်ကြတယ်။
 နိုင်ငံအမည် ကြည်လင်စေဖို့၊
 မြန်မာ့အမျိုး အထင်မသေးစေဖို့၊
 တစ်တပ်တစ်အား ဖေးမကူကြ၊
 တစ်ယောက်တစ်လက် တွဲလက်ညီညီ
 စွမ်းဆောင်ကြသည် သန့်ရှင်းစိမ်းလန်း တို့အစွမ်းတည့်။
" စိတ် "
 စေတသိက် ငြိမ့်ငြိမ့်လေးလိမ့်တယ်။
 ရုပ်က ဖွဖွလေးပြုံးတယ်။
 စေတသိက် နက်နက်နဲတွေးတယ်။
 ရုပ်က ဖွဖွလေးမဲ့တယ်။
 စိတ်က တလူးလူးမြှားတဲ့နောက်
 ရုပ်က တလိမ့်လိမ့်လိုက်တယ်။
 တခါတလေ ဒလိမ့်ခေါက်ကွေးကျတယ်။
 စိတ်ကပဲ ချစ်စေ၊ မုန်းစေတယ်။
 စိတ်ကပဲ ရယ်စေ၊ငိုစေတယ်။
 စိတ် … ရှေ့ကသွားလွန်းတော့
 မဖြစ်သင့်တာတွေလုပ်သလို
 ဖြစ်သင့်တာတွေ မလုပ်ဘူး။
 လွဲနေတာတွေ တည့်သွားအောင်
 စိတ်ကို စိတ်နဲ့ ပဲ ပြန်မြှားကြည့်ရအောင် ....
" မေ နွယ် နီ ဟန် "
 မေ
 တနေရာစီမှာ
 အနေကြာဝေးနေပေမယ့်
 မသွေဖယ် ချစ်ကြင်စွာနဲ့
 ပျော်ပြုံးအောင် ထားပါ့မယ်
 ရွယ်ရည်ကာ သစ္စာပြုတယ်
 အိုကွယ် သေတပန်သက်တဆုံး။
 နွယ်
 တမင်တကာ တွယ်ယှက်တယ်ရယ်လို့
 ကိုယ်လေ မစွပ်စွဲပါဘု
 နှောင်တွယ်ကာ တသက်မခွဲပါနဲ့
 အချိန်မှီ နွယ်မတက်ရင်ကွဲ့
 ဒီရင်မှာ ပူရတယ်လေး
 နှောင်းတမြေ့မြေ့ ဆွေး။
 နီ
 သမုဒယတောမှာ အနုအလှတွေပေါပေမယ့်
 စိတ်အနေလေးက ရူးလောက်အောင် ညွတ်နူးဖွယ်
 ချစ်စဖွယ့် ဒီနှမငယ်ကို
 တစ်ခဏတာထက်
 တစ်ဘ၀စာမက်တယ်
 ခွဲရခက်သေး။
 ဟန်
 မူဟန်ကြွယ် အပိုမလုပ်တယ်
 ပင်ကိုယ်ဝယ် နေတတ်တယ်
 စိတ်ရင်းက ဖြူလှတယ်
 ချိုမြမြ အပြုံးလေးဆင်
 သူ့အသွင်ရင်အေးချမ်း
 လန်းဆန်းတဲ့ ပန်း။
" ခေတ်ကြီးကိုက "
 ဖေဖေရေ …
 ခေတ်ကြီးကိုက
 မပြည့်တဲ့အိုးတွေဘောင်ဘင်ခတ်တာမှ ကောင်းတယ်ထင်နေတဲ့ခေတ်။
 အားနေရင် အေးအေးနေဖို့ထက် ဓါးသွေးနေချင်တဲ့ ခေတ်။
 သူက “ဒါ” ဆိုရင် ငါကတော့ “ဟိုဟာ” ဆိုပြီး ချို တမြမြဖြစ်နေသူတွေ ပေါတဲ့ခေတ်။
 ရိုင်း ပြတာကိုမှ သူရဲကောင်းထင် အားနေ လက်ခလယ်ထောင်ပြချင်နေတဲ့ခေတ်။
 အရာရာကို မှန်ဘီလူးသုံး အရှိကိုချဲ့ပြီး ကိုယ်ရည်သွေးနေကြတဲ့ ခေတ်။
 မသိတာကို သိယောင်ကားလုပ်တာက တစ်မျိုး၊
 သိသင့်တာကို မသိလုပ်လိုက်တာက တစ်ဖုံ၊
 လူညီရင် “ဤ” ကို “ကျွဲ” လုပ်တတ်ကြသလို၊
 “ကျွဲ” ကိုလဲ “ကြွက်” ဖြစ်အောင်လုပ်တတ်ကြသေးတယ်။
 ခေတ်ကြီးကိုက ……..
" သောကြာတမ်းချင်း (၃) "
 သောကြာရေ
တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ
ကြိတ်မှိတ်လွမ်းတတ်ခဲ့တာ ကြာလှပေါ့။
အဖြေမရှိတဲ့မေးခွန်းတွေ မေးခံရတဲ့အခါတိုင်း
ဘယ်နားထားရမှန်းမသိတဲ့ ခံစားချက်တွေနဲ့
ကိုယ့်မျက်နှာပေါ် အပြုံးတစ်ပွင့်တော့ အမိအရတင်ပေးထားပါရဲ့ …
 မျှော်လင့်ချက်သိပ်မများလှပါဘူး
ဒီအပြုံးတွေ မလေးလံခင် ပေါ့ပေါ့ပါးပါးဖြစ်ကြစို့ကွယ် …
တခါတလေ အချစ်တွေ သိပ်ကြီးလွန်းသွားတဲ့အခါ
မမြင်ရတတ်တော့တာ မေ့နေမစိုးလို့ပါ …..း)
" သောကြာတမ်းချင်း (၂) "
တစ တစနဲ့
အလွမ်းတွေ ခဏခဏ ပျိုးချနေမိတာ
အချိန်တွေသာ ဟောင်းဟောင်းသွားတယ်
မျှော်လင့်ချက်တွေက ခုထိ အသွေးအရောင်ကို မစုံနိုင်သေးဘူး။
တနေ့ တနေ့နဲ့
ရေတွက်နေမိတာ
ပြက္ခဒိန်တွေသာ တစ်ရွက်ပြီး တစ်ရွက်ပြောင်းသွားတယ်
အနာဂတ်တွေက ခုထိ ပစ္စုပ္ပန်ဖြစ်မလာသေးဘူး။
ဒီလိုနဲ့ပဲ လွမ်းတိုင်း လွမ်းတိုင်း
အတိတ်တွေကို စိတ်ကူးပြစက်နဲ့ ပြန်ပြန်ရစ်ကြည့်မိလား ရစ်ကြည့်မိခဲ့ ….
“I miss you” ဆိုတဲ့ မက်ဆေ့ခ်ျလေးတစ်စောင်ချထားလား ချထားမိရဲ့ ….
သူညည်းဖူးတဲ့ သီချင်းအချို့ နားထောင်လား နားထောင်မိရဲ့ ….
တစ တစနဲ့ အလွမ်းတွေနဲ့ ယဉ်ပါးမှန်းမသိ ယဉ်ပါးခဲ့ ………
" အစိုး မရစေချင် "
လက်သင့်ရာ စားတော်ခေါ်တဲ့ ခေတ်ထဲ
အမှန်တရားအကြောင်း မင်းသိပ်မပြောနဲ့
မိုးခါးရေသောက်သူတွေကြား
အရူးက မင်းကိုယ်တိုင်ဖြစ်သွားလိမ့်မယ်။
ငါတို့ မြန်မာပြည်မှာ
မျှတတယ်ဆိုတဲ့စကား လျှာဖျားတင်ရှိတယ်
ထွက်လာတဲ့ ဥပဒေ
လူတွေကိုကာကွယ်ဖို့လား မင်းတွေကို ကာကွယ်ဖို့လား?
နားလှည့်ပါးရိုက် လက်တစ်လုံးခြား
အမျိုးမျိုး အဖုံဖုံ စကားအစုံစုံနဲ့
ငါတို့တွေကို ပတ်နေတာ နှစ်ပေါင်း ဘယ်နှစ်ဆယ်??
လာခဲ့စမ်းပါ ဘယ်သူတက်တက်
 မြန်မာပြည်တိုးတက်ဖို့ အဓိကလို့ ပြောမိရင်
နင်က တိုင်းပြည်အတွက်ဘာတွေများလုပ်ပေးဖူးလို့လဲလို့
ခနဲ့တဲ့တဲ့ ဂွတိုက်ပြောမယ့်သူတွေ ဒုနဲ့ဒေး။
တချို့ တချို့တွေက ခွေးတွေလို
ပစ်တဲ့ဒုတ်နောက် တကောက်ကောက်လိုက်
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပဲဆိုတာ မေ့ကြတယ်။
တာဝန်ရှိသူနဲ့ တာဝန်ယူမှု
အခြေခံလောက်မှနားမလည်ပဲ လူကြားကောင်းတာမှန်သမျှ အကုန်လုပ်
မဟုတ်တရုတ် အစိုးရ
အဲ့သလိုများစွပ်စွဲမိရင် ငါ့ကို ဘာပုဒ်မနဲ့များ အရေးယူဦးမလဲ?
ကြယ်ပြာ
ဧပြီ (၁၀) ရက်၊ ၂၀၁၄
မနက် ၁၀း၄၇
" ပြောရင်း၊ ဆိုရင်း လွမ်းတယ် ….”
ကိုယ်ကသူ့အကြောင်း တစ်စုံတစ်ယောက်ကို ပြောပြတဲ့အခါ …
သူက ကိုယ့်မျက်လုံးထဲ ပုံရိပ်ယောင်အဖြစ်အလိုလိုဝင်လာတယ်
ကိုယ့်နှုတ်ခမ်းလေးကတော့ အလိုလို ကွေးညွတ်သွားခဲ့ …..
သူက ကိုယ့်ကို “ကလေးရေ” လို့ တိုးဖွဖွ ခေါ်သတဲ့လို့ပြောပြမိတဲ့အခါ
သူ့မျက်လုံးထဲကအပြုံးရိပ် ကိုယ့်မျက်လုံးထဲခုန်ဝင်
ကိုယ်ကလဲ ခုံခုံမင်မင်နဲ့ ခပ်ဖွဖွ လိုက်ရွတ်ဆိုမိခဲ့ ….
ကိုယ်ကသူ့ကို ကန့်လန့်တိုက်မိတဲ့အခါ
သူက ကိုယ့်ခေါင်းကို ခပ်ဆဆ ပုတ်လို့ ခပ်မာန်မာန် ကြည့်တော့
ကျေကျေနပ်နပ်နဲ့ပဲ မကျေမနပ်ဖြစ်ပြခဲ့ ….
ကိုယ်နေမကောင်းတဲ့အခါ ….
“ပူတူးရေ ကျန်းမာရေး ဂရုစိုက်ကွဲ့” လို့ စိုးရိမ်တကြီးပြောတော့
ကိုယ့်နှုတ်ခမ်းထက် အပြုံးတစ်စက် တွဲရရွဲခိုလို့ပေါ့ ….
ဒီလိုနဲ့ ကိုယ်မင်းကို ပြောရင်း၊ ဆိုရင်း နင့်နင့်သည်းသည်း လွမ်းတယ် …..
သောကြာတမ်းချင်း (၁)
လိုလိုလားလားပါပဲ အပိုဆာဒါးတွေ ဘာမှ မပါဘူး။
ကျေကျေနပ်နပ်ပါပဲ ဟန်ဆောင်ခြင်းတွေလဲ တစ်ခုမှ မပါဘူး။
ခခယယနဲ့ မျှော်လင့်ခြင်းဆိုတာလဲ တစွန်းတစတောင်မပါဘူး။
ငါ့ စိတ်ထဲ သိပ်ရှင်းတယ် …..
လုပ်စရာရှိတာ လုပ်ပေးပြီးတဲ့အခါ ရှင်းစရာရှိတာတွေ ရှင်းပစ်လိုက်မယ်။
သံယောဇဉ်ဆိုတာကို ရေလောင်းပေါင်းသင် သိပ်မလုပ်သင့်ဘူး မဟုတ်လား။
သိပ်ရှင်သန်သွားရင် ချုံနွယ်တွေလို ရှုပ်ထွေးတတ်တယ် လို့ ငါကပြောတော့
မင်းက “၀တ်ကျေတန်းကျေပါကွာ” လို့များ တံဆိပ်ကပ်ချင်သေးလား?