Sunday, March 25, 2012

သင်္ကြန်အလွမ်း




မြန်မာ့ (၁၂)လရာသီပွဲတော်တွေထဲမှာ သင်္ကြန်ပွဲတော်သည်လဲ ကျမ အနှစ်သက်ဆုံးပွဲတော်တစ်ခုပါ။ ကျမ ငယ်စဉ် ကလေးဘ၀ကတည်းက သင်္ကြန်ကိုစွဲလမ်းရင်ခုန်ခဲ့တာ ခုအချိန်ထိပဲဆိုပါတော့။ အကြောင်းကြောင်းတွေ သင်္ကြန်ပွဲတွေမှာ ပါဝင်မဆင်နွှဲဖြစ်သည့်တိုင်အောင် ပျော်ရွှင်သူများကိုကြည့်လို့ ကျမလဲ ကြည်နူးဖြစ်ခဲ့သည်ချည်းပါ …. သင်္ကြန်နီးလို့ ထီလှည်းတွေကဖွင့်တဲ့ သင်္ကြန်သီချင်းသံတွေကြားမှာ ရင်ခုန်ပျော်ရွှင်ရင်း နှစ်တွေအများကြီး ကျော်ဖြတ်နေကျပါ …..

ဟော … ခုလဲ ကျမချစ်တဲ့သင်္ကြန်ပွဲကြီးနီးကပ်လာပြန်ပြီ …. သင်္ကြန်သီချင်းသံလေး တစွန်းတစကြားနိုင်ဖို့အတွက် You Tube ဒါမှမဟုတ် မြန်မာဗွီဒီယိုဝဘ်ဆိုဒ်လေးတွေထဲပြေးလို့ သင်္ကြန်သီချင်းသံလေး၊ သင်္ကြန်အငွေ့အသက်လေးခံစားရတာကိုက ရင်ခုန်စရာပါ ….

ကျမ မူလတန်းအရွယ်တုန်းကဆိုရင် ကျမတို့နေတဲ့ အလုံလမ်းမကြီးက သိပ်မစည်ကားလှပါဘူး။ မစည်ကားဘူးဆိုတာကို သင်္ကြန်ကား အဖြတ်အသန်းနည်းခြင်းနဲ့ ကျမတို့တွေက တိုင်းတာလေ့ရှိကြပါတယ်။ သင်္ကြန်ကားတွေက အောက်ကြည့်မြင်တိုင် လမ်းမကြီးပေါ်ကနေပြီး ရွှေတိဂုံဘုရားဘက် ထောင်တက်သွားလေ့ရှိတော့ ကျမတို့ကလေးတွေမှာ သင်္ကြန်ကားကို ပက်ရတယ်ကိုမရှိသလောက်ပါ။ အဲ့ဒီအရွယ်တုန်းက အမေက လမ်းထိပ်ကို ပေးမထွက်ခဲ့ပါဘူး။ ရေဇလားကြီးထဲကို ပိုက်နဲ့ရေဖြည့်လို့ ရေခွက်လေးပိုက်လို့ ရေပက်ရမယ့်သူကို စောင့်မျှော်နေရင်း နေကပူလာ၊ အချင်းချင်းပက်ထားလို့ စိုနေတဲ့ အ၀တ်ကလဲ သွေ့ရာကနေ ပူလာတော့ နောက်ဆုံး ကိုယ့်ကိုကိုယ် လောင်းချချင်လောင်းချ ဒါမှမဟုတ် အချင်းချင်း ပက်ရင်းနဲ့ပဲ နေ့လည်ကို နားလိုက်ရတာများခဲ့ပါတယ်။ ညနေဆိုရင် နေမြန်မြန်ကျဖို့ အမြန်ဆုတောင်းရတာ ကျမရဲ့ သင်္ကြန်တွင်းအလုပ်ပိုတခုပါ။ အမေက နေပြင်းသေးရင် ရေဆင်းမပက်ခိုင်းပါဘူး။

အလယ်တန်းအရွယ်လဲရောက်ရော အိမ်ရှေ့လမ်းမကြီးက အနည်းငယ် စည်ကားစပြုလာပါတယ်။ ဒါပေမယ့်လဲ ကိုယ်က ရေပူဖေါင်းနဲ့ ကားတွေကို ပစ်ပေါက်ချင်တော့ လမ်းထိပ်ထွက်ပက်ချင်ပါတယ်။ ထုံးစံအတိုင်း အမေကတော့ အန္တရာယ်များလို့ဆိုပြီး ပေးမသွားခဲ့ပြန်ပါဘူး။ ကျမမှာ တညလုံး ရေပူဖေါင်းတွေကို ရေပုံးနဲ့ တပုံးကြီးအပြည့် ထိုင်လုပ်ထားပြီး မသွားရဆိုတဲ့ တချက်လွှတ်အမိန့်အောက်မှာ မျက်ရည်တပေါက်ပေါက်ကျရင်း ကတ္တရာလမ်းမကြီးကိုပဲ မဲပြီး ပူဖေါင်းတွေနဲ့ပစ်ပစ်ပေါက်ခဲ့ဖူးတယ်။

အဲ့ဒီအလယ်တန်းအရွယ်မှာပဲ သင်္ကြန်ရောက်တိုင်း အလုပ်နောက်တခုပိုလာတာက ဘီယာဘူးခွံကို ဖင်ပြတ်အောင် သံမံတလင်းနဲ့တိုက်ပြီး ခွက်စောင်းခုတ်လေ့ကျင့်ခြင်းပါ။ အမေမသိအောင်ဆိုပြီး ရေချိုးခန်းထဲမှာ သင်္ကြန်မတိုင်ခင် (၂)လလောက်အလိုကတည်းက ရေချိုးတိုင်း ခွက်စောင်းခုတ်ကျင့်ပါတယ်။ သူများအသားနာဖို့အတွက် တပင်တပန်းနဲ့ ကျိုးစားခဲ့ခြင်းပါ။ ခွက်စောင်းခုတ်ကျင့်ခြင်းရဲ့နောက်ထပ် ရည်ရွယ်ချက်တခုရှိပါသေးတယ်။ အဲ့ဒါက မှန်အလုံပိတ်ထားတဲ့ ကားတွေကို မုန်းတီးခြင်းပါ …. အဲ့လိုကားတွေလာပြီးဆိုရင် အယောက်(၂၀)လောက်ရှိတဲ့ ကလေးတစ်သိုက်က ကားနောက်ဘော်ဒီကို ခွက်စောင်းဝိုင်းခုတ်ကြပါတယ်။ လူမပက်ရတော့ ကားကို ခွက်စောင်းခုတ်တယ်ကွာလို့ ပြောပြောပြီး ခပ်ဆိုးဆိုးနည်းနဲ့ရေပက်ခဲ့ဖူးပါတယ် …. ကိုယ်ခွက်စောင်းခုတ်လို့ မနာဘူးပြောရင် ကိုယ့်ကိုအသုံးမကျဘူးလို့ဆိုလိုက်သလို တလွဲဆံပင်ကောင်းခဲ့ပါသေးတယ်။ ဒီလိုနဲ့ လက်စောင်းထက်တဲ့ ခွက်စောင်းသမား ကြယ်ပြာ ဖြစ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ကိုယ်တိုင်ခွက်စောင်းခုတ်ခြင်းခံလိုက်ရတော့မှ မသက်မသာ ကျောတခြမ်းအောင့်သွားပြီး ခွက်စောင်းခုတ်ခြင်းမှ သူ့အလိုလိုရပ်တန့်ခဲ့ပါတယ်။ ကိုယ့်ကိုထိတော့မှ နာတတ်တဲ့ လူ့သဘာဝလေးကို သတိပြုမိလိုက်ပါတယ်။

ကျမ ၇တန်းနှစ်လောက်တုန်းက ကျမအစ်မ၀မ်းကွဲ မိသားစုနဲ့ မြို့ထဲက အသိအိမ်တစ်အိမ်မှာ ရှိနေခဲ့တယ်။ အဲ့ဒီအိမ်ကနေ လမ်းမပေါ်ကို မြင်ရတယ်။ လမ်းထိပ်မှာက မွေးမြူရေးနဲ့ရေလုပ်ငန်းက မန်းဒတ်အကြီးကြီးတစ်ခုထိုးထားတယ်။ ဖျော်ဖြေမှုတွေပါတော့ လူတွေ စည်လိုက်တာမှအရမ်းပါပဲ … ကြည့်နေတုန်း လူတွေအလွန်များတဲ့ ဟိုင်းလတ်အမိုးဖွင့်ကားတစ်စီး ရေပက်စင်မြင့်ရှေ့မှာရပ်လိုက်ပါတယ်။ သူတို့တွေမူးနေကြပုံပါ … ကားကိုမကိုင်ထားပဲ ကကြပါတယ် ….. အဲ့ဒီမှာ ကားကရုတ်ရက်ဆောင့်ထွက်လိုက်တော့ မကိုင်ထားတဲ့သူတွေအကုန်နောက်ယိုင်ကုန်ပါပြီး ကားနောက်ဆုံးက မတ်တပ်ရပ်နေတဲ့လူတွေရဲ့ခေါင်းတွေက ကတ္တရာလမ်းမပေါ် ဒရွတ်တိုက်နဲ့ ခပ်လှမ်းလှမ်းထိပါသွားကြတယ် …. သွေးတွေမြင်မကောင်းဘူး … ကျမ သူငယ်ချင်းများ အန္တရာယ်ကင်းသောပျော်ရွှင်မှုမျိုးနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။

အထက်တန်းအရွယ်လဲရောက်ရော ညင်ညင်သာသာနည်းနဲ့ပဲ ရေပက်ချင်တော့တယ်။ ကိုယ်ပက်ချင်တဲ့သူကို ရေအများကြီးစိုသွားအောင် ခွက်အကြီးကြီးနဲ့ သေချာ ကျကျ နန ပက်ချင်တော့တာပါပဲ …. ဒါပေမယ့် ညစ်ကျယ်ကျယ်စိတ်လေးကလဲ မပျောက်သေးတော့ ညနေ(၆)နာရီကျော်မပက်ရဆိုတာကို ပက်မိလို့ အဆဲခံရဖူးသေးတယ် ….

အဖြစ်ကဒီလို ကိုယ်က ကန်ထရိုက်တိုက်(၅)လွှာမှာနေတာလေ။ ၀ရန်တာကို ပုဆိုးအပြည့်ကာပြီး မီးပါပိတ်ထားတယ်။ ရေခဲရေကို ပုံးအပြည့်နဲ့ ဘယ်သူ့ကိုပက်ရမယ်ဆိုတာ ကြွက်ချောင်းချောင်းနေတုန်း စုံတွဲတစ်တွဲ ခပ်ဖြေးဖြေးလမ်းလျှောက်လာကြတယ်… အမျိုးသားက အသက်နည်းနည်းကြီးပုံရတယ် … ထိပ်ကလဲ ပြောင်နေတယ် … အမျိုးသမီးက တော့ နည်းနည်းကြည့်ကောင်းတယ် … အသက်သိပ်မကြီးသေးဘူး …. သူတို့ ကြည်နူးနေတာကြည့်ရင်း ကျမစိတ်ထဲ စချင်လာတယ် … ခုအချိန်မှာ ကျမသာရေပက်ချလိုက်ရင် သူတို့လန့်သွားမှာပဲဆိုတဲ့အတွေးနဲ့ သူများဒုက္ခရောက်မှာကို ဟာသလုပ်ချင်တဲ့ ကြယ်ပြာတစ်ယောက် ၀ရန်တာကနေ ရေကို ပက်ချလိုက်ပြီး ထိုင်ချပြီးပုန်းနေလိုက်တယ် … ပြီးတော့ ပုဆိုးကြားကနေချောင်းကြည့်တာပေါ့ … ရေခဲရေက ပြောင်နေတဲ့ ငယ်ထိပ်ပေါ်ကျတော့ လန့်သွားတယ်ထင်ပါရဲ့ … စူးကနဲလည်းဖြစ်သွားမယ်ထင်ပါရဲ့ ဆက်ကနဲ ခုန်လိုက်သလိုဖြစ်သွားတယ် …. ကျမပါးစပ်ပိတ်ပြီး တခွိခွိဖြစ်နေတုန်း တိုက်တွေပေါ် လှည့်ပတ်ကြည့်ပြီး အော်ဆဲတော့တာကိုး …. သူကဆဲလေ ကျမကရယ်လေနဲ့ … ကျမအတော်ပျော်ရွှင်ခဲ့ဖူးတယ် … တကယ်က သူများဒုက္ခရောက်တာကို ရယ်ချင်ခဲ့တဲ့ မကောင်းတဲ့စိတ်ကလေးကို မရှက်တတ်ခဲ့တာပါ …..

ကျမကိုးတန်းနှစ်မှာ အိမ်ကရေပက်ခံထွက်ဖို့ လိုက်ပို့ပေးတယ်။ အချစ်ဆုံးသူငယ်ချင်းလေးယောက်ရယ် ကြီးတော် မောင်ဘွားတွေရယ်နဲ့သွားရတော့ လုံခြုံမှုရှိတယ်လေ။ ဒီအခါမှာ သင်္ကြန်ရဲ့ရသလေးတွေကို ပျက်အောင် ဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေကို တွေ့ရတယ်။ မှတ်မိနေတဲ့ အဖြစ်အပျက်လေးတွေထဲက တခုက နှမသားချင်းမစာနာတဲ့ ယောက်ျားတစ်ယောက်အကြောင်းပါ။ ကျမတို့ကားက ကမ္ဘာအေးဘုရားလမ်းပေါ်မှာ လမ်းပိတ်မိနေတဲ့အချိန် ကျမလဲ ဟိုကြည့် ဒီကြည့်နဲ့ပေါ့ … အဲ့ဒီမှာ အပျိုရွယ် ကောင်မလေးတစ်ယောက် စတီးချိုင့်လေးတစ်လုံးကိုင်ပြီး လူတွေနဲ့ တတ်နိုင်သမျှ အနားမကပ်အောင် သွက်သွက် လျှောက်လာနေတယ်။ သူ့ဝတ်ပုံစားပုံနဲ့ ခပ်ကုပ်ကုပ်အမူအရာလေးအရ အိမ်အကူ ကောင်မလေးလို့ ကျမထင်ပါတယ်။ သူလျှောက်လာတုန်းမှာ သင်္ကြန်ကားတစ်စင်းပေါ်က မူးနေတဲ့ ယောက်ျားလေးတစ်ယောက်က နောက်ကနေ တစ်လှမ်းခြင်းလိုက်လျှောက်ပြီး ကောင်မလေးတင်ပါးကို လက်နဲ့လိုက်ပုတ်ပါတယ်။ ကောင်မလေး က အရှိန်မြှင့်ပြီး ခပ်သွက်သွက်လျှောက်ပါတယ်။ သူက ခပ်သွက်သွက်လိုက်ပုတ်ပါတယ်။ သူကတော့ သူလုပ်ရဲတယ် သူ့ကိုယ်သူ ဟီးရိုးဆိုတဲ့ မျက်နှာပေးနဲ့ပါ။ ကျမတော်တော်လေးကို ရွံရှာမိပါတယ်။ ကျမ မောင်လေးတွေ၊ အစ်ကိုတွေ၊ သူငယ်ချင်းတွေ ကိုယ်ချင်းစာစိတ်၊ နှမသားချင်းစာနာစိတ်လေးတွေရှိပါစေလို့ ကျမ ဆုတောင်းမိပါတယ်။

နောက်တစ်ခုက အင်းယားလမ်းထဲမှာပါ ... အင်းယားလမ်းထဲက ကောင်မလေးတွေ ဟော့လို့၊ ချောကြလို့ လမ်းဘယ်လောက်ပိတ်ကြသလဲဆိုတာ ရန်ကုန်သင်္ကြန်ဆင်နွှဲဖုးသူတိုင်းသိကြပါတယ်။ အိမ်တစ်အိမ်ရှေ့မှာ မန်းဒတ်ထိုးထားတယ် ….. မန်းဒတ်ပေါ်ကနေ ကားဆင်ဝင်ရဲ့အမိုးကို လှေကားလေးထောင်ထားတယ် … ဆင်ဝင်အမိုးပေါ်မှာ ကက်ဆက် တစ်လုံးက သီချင်းအမြူးစားတွေဖွင့်လို့ပေါ့ ….. မိန်းကလေး လှလှလေးတစ်ယောက် … စကပ်နီရဲရဲ တိုတို ကားကားလေးကိုဝတ်ထားတယ် …. တိုတာမှ ပေါင်ရင်းကို ရောက်ခါနီးလောက်တိုပါတယ် …. သူက လှေကားပေါ်ကို တက်ပြီး မမှီမကမ်းနဲ့ ကိုယ်ကိုအသာညွှတ်ပြီးကက်ဆက်ခွေပြောင်းထည့်ပါတယ် ….. ခါးလေးနည်းနည်းညွှတ်ရပြီဆိုမှတော့ သူ့ပုံစံဘယ်လိုဖြစ်နေမလဲဆိုတာ မြင်ကြည့်လို့ရပါတယ် … အောက်က ကိုကိုကာလသားတွေမြူးကုန်တာပေါ့ …. အော်ကြ ဟစ်ကြပေါ့ …. ကျမစိတ်မကောင်းဖြစ်ရပါတယ် … ကောင်မလေးရယ် ရုပ်ကလေးကချောချောလေးနဲ့ကိုယ့်အရှက် ကိုယ့်သိက္ခာမှ မငဲ့ညှာလေခြင်းရယ်လို့ပါ … ကျမ ညီမလေးတွေ မလိုအပ်သော ဖော်ပြခြင်းများ မလုပ်မိကြပါစေနဲ့လို့ ဆုတောင်းမိပါတယ် ….

ကျမ ဆယ်တန်းအောင်ပြီး နောက်ပိုင်းကစလို့ သင်္ကြန်ဆိုရင် ကျမ မလည်ဖြစ်တော့ပါဘူး …. ရေလည်းမပက်ဖြစ်တော့ပါဘူး …. သူတို့ကို ၀ရန်တာကထိုင်ကြည့်ရင်းပဲ သင်္ကြန်တွေကို ဖြတ်သန်းခဲ့တာများပါတယ် ….

ဒီ့နောက်ပိုင်း အလုပ်ဝင်တဲ့ နှစ်တွေကျတော့ ကျမအတွက် သင်္ကြန်အဆန်းတစ်ခုကို ရင်ခုန်ရပြန်ရော … အွန်လိုင်းသင်္ကြန်တဲ့ …. ဂျီတော့ခ်ထဲကနေ … ဖိုရမ်ထဲကနေ … ကိုယ်မမြင်ဖူးတဲ့သူတွေ … ကိုယ်ခင်မင်နှစ်လိုတဲ့သူတွေကို … ဦးဦးဖျားဖျား သင်္ကြန်ရေပက်ရင်း အွန်လိုင်းသင်္ကြန်ကို ပျော်ရွှင်ခဲ့ဖူးတယ် ….

ဒီနှစ်လဲ ကျမခင်မင်သော ချစ်သော ဘလော့ဂါသူငယ်ချင်းများကို ရေပက်ဖို့အချိန်ကိုစောင့်မျှော်ရင်း …..

~~~ မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစ တန်းခူးနွေမှာ … တစ်ယောက်တစ်လက်မို့လှမ်းကာ ဖြန်းပက်ကြစဉ် … ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ … ခေါင်းလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ….ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ … ငိုနေရှာတယ်ပန်းပိတောက်ဖူးတွေရယ် … ရာသီအချိန်မှီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို ပန်ဆင်ပါရင် လှသထက်တင့်မှာမို့ … မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ မြူးကြွတဲ့သင်္ကြန်ခါ … လန်းဆန်းတဲ့ မိုးရယ် မိုးပြေးလေးရယ် ပိတောက်ပန်းပွင့်ရုံ စိုရုံဖြန်းပက်ဦး … ~~~~

12 Comments:

ဖြိုးဇာနည် said...

ခါတလေများ ငါ့အမရယ့်

ငယ်ဘွကိုခဏလောက်ပြန်အရယူလိုက်စမ်းပါ

ဒီနှစ်က ကဲလို့ကောင်းမှာနော် ဂျန်က ငါးရက်တောင်မှ

ကျွန်တော်ကတော့စာဖတ်ပြီးအလွမ်းသယ်သွားလို့ ခုပဲ

အိမ်ကိုပြန်လာမယ်လို့ ဖုန်းဆက်လိုက်ပြီ့အဟားဟား

ကြွားလိုက်အုံးမယ့့်ကျွန်တော်ဂျန် မြန်မာပြည်ပြန်မှာဂျ :D

ကြယ်ပြာ said...

အစ်မက သင်္ကြန်ပြီးမှ ပြန်မှာ ....း)

အလွမ်းမြို့ said...

အဟင့်... တူများတွေများ ပြန်ကြမှာ...နှာ့မှာကျတော့
အင်္ကြန်းလည်း ဒီလိုဘဲ အသက်ဆက်နေရတာ ရက်လ နှစ်တွေများလှပေါ့။။
ရောက်ခဲ့တယ် ကြယ်ပြာလေးရေ။
မကြီးလွမ်းစာတွေဖတ်သွားတယ်နော်။
ပျော်ရွှင်ပါစေ


ခင်မင်တဲ့
မကြီးလွမ်း

ပျိုးယုဝသုန် (Pyo Yu Wathone) said...

လွမ်းအောင်ဖန် တတ်သူကြီး ..
ဒီနှစ် ဘာဖြစ်လို့မှန်းမသိဘူး ..ကျောခိုင်းထားတာ ၁၀နှစ်ကျော်တဲ့ သင်္ကြန်ကို ပြန်မြင်ချင်နေမိတယ်..

ချစ်တဲ့
ဝသုန်

မြစ်ကျိုးအင်း said...

ဒီနှစ်အတွက်တော့ ပထမဆုံး သင်္ကြန်အငွေ့ကို ပြန်ရစေတဲ့ အက်ဆေးလေးပါပဲ။
လူတိုင်းလူတိုင်းအတွက် ငယ်ဘဝကနေ ခုထိ သင်္ကြန်ဖြတ်သန်းမှု ဇာတ်လမ်းလေးတွေ ရှိကြမှာပါပဲ။ သင်္ကြန်နားနီးပြီဆို အဲဒီအဖြစ်တွေကို ကိုယ်တိုင်ပြန်တွေးတွေး တဆင့်ပြန်ကြားကြား ပျော်ရွှင်နေမိတော့တယ်။

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ပိတောက်တွေနဲ့ဝေးခဲ့တာ
နွေရာသီတွေမနည်းတော့ပါဘူး
ကြယ်ကြယ်ရေ

ချစ်စံအိမ် said...

ကြယ်ပြာရေ မမလည်းသင်္ကြန်ကိုလွမ်းတယ်ကွယ်
ပိုစ့်လေးဖတ်ပြီတော့ကလေးဘ၀တောင်သတိရမိတယ်..

ကိုတိုး said...

အမရေ ကျွန်တော်လည်းသင်္ကြန်ကိုလွမ်းတယ်ဗျာ... ဒီပိုစ့်ကလေးဖတ်ပြီးတော့ ဟိုအရင်တုန်းကပျော်ခဲ့ဘူးတာတွေကိုသတိရတယ်။ ပိုစ့်အသစ်မတင်ဖြစ်လို့ပါခင်ဗျာ ဘလော့လည်းမရေးဖြစ်တာကြာနေလို့ပါ နောက်မှကြိုးစားပြီးတော့ ရေးပါ့မယ်။

San San Htun said...

သင်္ကြန်ကို လွမ်းသွားပြီ ကြယ်ပြာရေ

မဒမ်ကိုး said...

သင်္ကြန်သီချင်းတွေရယ် ပန်းပိတောက်တွေရယ် လွမ်းလိုက်တာ

Han Kyi said...

ရန်ကုန် သင်္ကြန်တော့ မရောက်ဘူးပေါင်...၂၀၀၄ လောက်တုန်းကတော့ သင်္ကြန်တွင်းမှာ မှော်ဘီက ခြံမှာ ဓမ္မသင်တန်းကို အမျိုးသမီးကောင်းမှုနဲ့ တက်ရင်းနဲ့ ရန်ကုန်သင်္ကြန်ကို ဖြတ်သွားဖြတ်လာ ကြုံဖူးပါရဲ့...လူတစ်ယောက်က သူ့လက်ထဲက ထန်းရေနဲ့ ကားပေါ်ကို လှမ်းပက်လိုက်တာ တစ်ကားလုံးကို ဟောင်သွားပါရောလား...

ဦးဟန်ကြည်တို့ ရွှေမန်းမှာတော့ အရင်က အနှီလောက် မဆိုးဘူးပေါ့လေ...အခုတော့လည်း ပျက်ချင်တိုင်း ပျက်နေကြရောပေါ့...မရောက်တာတောင် ဆယ်စုနှစ်နဲ့ ချီနေပြီကိုး...

ရိုးရိုးသားသားနဲ့ သိက္ခာရှိရှိမိန်းကလေးဆိုရင်တော့ သင်္ကြန်တွင်းမှာ အိမ်တွင်းပုန်းလုပ်နေတာ အသင့်တော်ဆုံးဖြစ်မယ် ထင်မိပါရဲ့...သင်္ကြန်ဆိုတာ ရိုးရာမဟုတ်တော့ဘဲ အရက်သင်္ကြန်၊ ကြက်သင်္ကြန်ဖြစ်နေပြီကိုး...

လင့်ခ်ပြန်ရှာရတာ ခေါင်းမူးလွန်းလို့ လင့်ခ်တစ်ခါတည်း ယူသွားပြီ...ဒါမှပဲ အသစ်တင်တိုင်း လာဖတ်နိုင်တော့မှာ...

Yin Sue said...

ကြယ်ရေ ငါမအားတာနဲ့ နင်ပို့စ်အသစ်တင်တာကို မသိလိုက်ဘူး ... ဆောရီးဟာ....လက်စောင်းထက်တဲ့ ခွက်စောင်းသမ လေး ကြယ်ရေ....နင်လည်း တော်တော်ဆိုးတာဘဲနော်....ငါလည်း သင်္ကြန်ကိုလွမ်းတယ်ဟာ....စုံတွဲကို ရေခဲရေလောင်းတဲ့ပုံ မျက်လုံးထဲ မြင်ကြင်္ည့တယ်..နင်တော်တော်ဆိုးတယ်နော်.....၀ဋ်လိုက်မယ်....သင်္ကြန်ကျရင် ငါတော့နင်ပြောသလို အွန်လိုင်း သင်္ကြန်ဘဲကျရမယ်ထင်တယ်ဟ....ငါတို့ဆီမှာ သင်္ကြန်ကျလို့မရဘူးလေ....လွမ်းတယ်....သင်္ကြန်ရယ်...