Friday, March 16, 2012

ဂယောက်ဂယက် အိပ်မက်


သတိ။ ။ ကြောက်တတ်သူများ ညအချိန် မဖတ်ရ။

မနေ့က ရုံးမှာ အလုပ်သိပ်များလို့ အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်ယာတန်းဝင်ခဲ့တယ်။
ပင်ပန်းလာတာရယ်၊ ခုတလော ရာသီဥတုက မိုးရွာပြီး နည်းနည်းအေးနေတာရယ်နဲ့ အိပ်ယာထဲ လှဲလိုက်တာနဲ့ ခဏလေးအတွင်းမှာတင် အိပ်ပျော်သွားတယ်။

အဲ့ဒီ အချိန်မှာ ဗြုန်းဆို စိုးမြတ်သူဇာ ကို ကိုရီးယားနန်းတွင်းဝတ်စုံကြီးဝတ်လို့။ ဘယ်လိုပါလိမ့်လို့ သေချာကြည့်တော့မှ ကျမက ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို ကြည့်နေတာကို ကျမကိုယ်တိုင်က ပြန်မြင်နေရသတဲ့လေ။ ကိုရီးယားကားမှာ စိုးမြတ်သူဇာ ဘာလို့ ပါနေတာလဲဆိုတာတော့ ခုထိစဉ်းစားလို့ မရဘူး။ ကျမကြည့်နေတဲ့အခန်းမှာ သူဝတ်ထားတဲ့ ၀တ်စုံရဲ့အရောင်က ကြက်သွေးရင့်ရောင်။ နှုတ်ခမ်းနီကိုလဲ ကြက်သွေးရင့်ရောင် ဆိုးထားတယ်။ သိပ်လှတဲ့မျက်နှာရယ်၊ ခေါင်းမှာဝေ့၀ိုက်နေတဲ့ ကျစ်ဆံမြီးအလုံးအကြီးကြီးရယ်တွေက လိုက်ဖက်လွန်းလှတယ်။ သူက မှန်အကြီးကြီးပါတဲ့မှန်တင်ခုံရှေ့မှာ တင်ပါးလွှဲထိုင်ရင်း မှန်ထဲကနေ အနောက်ဘက်ကိုစိုက်ကြည့်နေတဲ့ပုံမျိုးပါ။ သူ့မျက်လုံးတွေကလဲ ထူးခြားစွာတောက်ပလွန်းနေပြန်တယ်။ ကြည့်နေရင်းနဲ့ပဲ သူ့မျက်နှာကနေ ကိုရီးယားအမျိုးသမီးတစ်ယောက်ရဲ့မျက်နှာ ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်မစိတ်ထဲမှာ အဲ့ဒီမိန်းမက သာမန်မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာ သတိထားလိုက်မိတယ်။

ကျမစိတ်ထဲ သံသယတချို့ဝင်လာတယ်။ တပြိုင်နက်တည်းမှာပဲ အဲ့ဒီမိန်းမက ကျမကို စိုက်ကြည့်နေတယ်လို့လဲ ခံစားလာရပြန်ရော။ သူ့အကြည့်က စူးရှပြီး ကျမစိတ်ထဲမှာကြောက်လာသလိုလို မို့ ဆက်မကြည့်ရဲတော့ပဲ မျက်စိခဏလေးပိတ်ထားလိုက်တယ်။ ခဏလေးပါပဲ (၅)မိနစ်လောက်အကြာမှာ ကျမစိတ်တည်ငြိမ်သွားတော့ မျက်စိကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တယ်။
ကျမ မျက်စိရှေ့မှာ ကျမ ထိုင်ကြည့်နေတဲ့ တီဗွီမရှိတော့လို့ ထူးဆန်းတယ်ဆိုတာ မတွေးမိချိန်မှာ အဲ့ဒီတီဗွီကို မမြင်ရတာကိုပဲ တော်တော် ကျေနပ်မိသွားတယ်။ ဘေးဘီကို ဝေ့၀ဲကြည့်လိုက်တော့ အခန်းထဲမှာ ကုတင်တွေ (၁၀) ခုထက်မနည်းပဲ။ ဟင် … ဘယ်လိုဖြစ်ပါလိမ့်။ ကျမအခန်းမှာ ကုတင်တွေမှ မရှိတာပဲ။ ကျမတီဗွီ ကြည့်နေရာကနေ ဘယ်ရောက်သွားပါလိမ့်လို့ တွေးနေမိတုန်း အခန်းထဲကို ၆ နှစ်၊ ၇နှစ်အရွယ်ကလေးလေးတွေ ညအိပ် ၀တ်စုံလေးတွေဝတ်လို့ တန်းစီပြီးဝင်လာကြတယ်။ သူတို့တွေရဲ့ နောက်ဆုံးမှာ အမျိုးသမီးကြီး တစ်ယောက်က လိုက်လာတယ်။ သူတို့တွေက ကျမကို မမြင်ကြဘူး။ ဘာလို့သိလဲဆိုတော့ ကျမကို ဘယ်သူမှ မကြည့်ကြလို့ပါ။ တစုံတယောက်က ကျမနား နားကပ်ပြီး တီးတိုးပြောလိုက်တယ် ဒါဟာ မိဘမဲ့ကလေးတွေရဲ့ ဂေဟာတဲ့။

ကလေးတွေ တန်းစီပြီး ကုတင်တွေပေါ်တက်ကြတယ်။ သူတို့ရဲ့အိပ်ချိန်ရောက်နေကြပြီဆိုတာ အလိုလိုသိသာစေတယ်။ သူတို့လေးတွေရဲ့ ခြေထောက်မှာ ခြေအိတ် ထူထူလေးတွေ ၀တ်ထားကြတယ်။ အော် … ကိုရီးယားက အေးတော့ ခြေအိတ်ဝတ်ရတာပေါ့လို့ တွေးနေတုန်း ကလေးတွေ နောက်က လိုက်လာတဲ့ အမျိုးသမီးကြီးက ထိပ်ဆုံးကုတင်က ကလေးရဲ့ ခြေအိတ်ခြေဖြားထဲကို ဖဲကြိုးလို ပိတ်စ ရှည်ရှည်တစ်စ ထိုးထည့်လိုက်တာတွေ့တော့ ခြေအိတ်တွေကို သေချာကြည့်မိတယ်။ အဲ့ဒီတော့မှ ခြေအိတ်တစ်ခုမှာ အပေါက်လေးတွေ နှစ်ခုစီပါနေတာတွေ့ရတယ်။ သူက အဲ့ဒီကြိုးရှည်ရှည်နဲ့ ကလေးတွေရဲ့ ခြေအိတ်တွေကို ပန်းသီသလို သီလာလိုက်တာ တခန်းလုံးက ကုတင်တွေကုန်ရောပဲ။ ပြီးတော့ သူက ပြောတယ် “တခုခုဆိုရင် အော်သာအော်လိုက်တဲ့ ….” ။

အလို သူတို့ မြန်မာလိုပြောကြတာလား။ သူတို့ပြောတာတွေ အကုန်လုံး ကျမ နားလည်နေတယ်။ အဲ့လိုပြောလို့လဲ အပြီး ၅ ကုတင်မြောက်က ကလေးက လေထဲ ဖုန်းကနဲမြောက်တက်သွားတယ်။ အားလုံးလန့်ကုန်တာပေါ့ … ထွက်ပြေးတဲ့သူတွေကလဲ ပြေးလို့ပေါ့ …. ခြေအိတ်တွေကို အတန်းလိုက်ဖဲကြိုးနဲ့တွဲထားတာဆိုတော့ တစ်ယောက်ကပြေး နောက်တစ်ယောက်ကလဲကျနဲ့ ၀ရုန်းသုန်းကားဖြစ်နေကြတယ်။ မြောက်တက်သွားတဲ့ ကလေးကတော့ ကြောက်အား၊လန့်အားနဲ့ အော်ငိုပါလေရော။ နောက်တော့မှ ကလေးကို မ ထားတဲ့ အရာက တဖြေးဖြေးပေါ်လာတယ်။ ဟာ …. ဒါ ခုနက မှန်ကြည့်နေတဲ့မိန်းမပဲ။ သူက ဘာလို့ ကလေးကို မ တာလဲမသိဘူးလို့ တွေးလိုက်တုန်း သူက ကျမကို ကြည့်ပြီး ပြုံးလိုက်တယ်။ ဒါဆို သူက ကျမကို မြင်နေရတဲ့ သဘောပေါ့။

သူပြုံးလိုက်တဲ့အချိန် ချွန်ထက်မြနေတဲ့ရှည်မျောမျော သွားနှစ်ချောင်းကို မြင်လိုက်ရတဲ့အချိန်မှာ သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ ဆိုတာ ကျမသိလိုက်ပြီ။ ။ တိတိကျကျပြောရရင် သူက သွေးစုပ်ဖုတ်ကောင်တစ်ကောင်ပဲ … အို … ဒါဆို သူကလေးကို သွေးစုပ်တော့မှာပေါ့ … သိပ်သနားစရာကောင်းတဲ့ ကလေးလေးပဲ … ကျမကြောက်စိတ်တွေလွင့်ပြယ်သွားတယ်။ သွေးစုပ်ဖုတ်ကောင်နားကို ပြေးသွားပြီး အားနဲ့ စောင့်တွန်းချပစ်လိုက်တယ်။ သူက ကလေးကိုပစ်ချပြီး ဒေါသထွက်နေတဲ့မျက်နှာနဲ့ ကျမကို တိုက်ခိုက်ဖို့ ဦးတည်လိုက်တယ်။ ကျမ နိုင်မယ်၊မနိုင်ဘူးဆိုတာ မသေချာပေမယ့် ကျမ ကျိုးစားပြီး ခုခံရမယ်လေ။
သူခုန်အုပ်တဲ့ အချိန်မှာ ကျမကြမ်းပြင်ပေါ်လဲပြိုကျသွားရင်း ဘယ်လိုကနေ ဘယ်လို သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်သွားမိလဲမသိဘူး … ကျမ အသက်ကိုပြင်းပြင်းရှုပြီး သူ့လည်ပင်းကို အားကုန်ညှစ်နေမိတယ်။ သူကလဲ အတင်းရုန်းနေတော့ ကျမ လက်က အားပျော့လာတယ်။ လက်ဖ၀ါးတခုလုံးချွေးတွေ ရွှဲနစ်လာရင်း လက်က မမြဲချင်တော့ဘူး။ ကျမကို ကိုက်ဖို့ သူ့မျက်နှာက ကျမ လည်ပင်းနား ကပ်ကပ်လာတယ်။ ကျမ ပင်ပန်းနေပြီ …. ခြေကုန်လက်ပန်းကျနေပြီ … ကျမရှုံးတော့မယ်။ တကယ်ကို ကျမရှုံးတော့မယ်။
ကံကောင်းတယ်လို့ ပြောရမလားပဲ … မနက်(၇)နာရီ အလာန်း(မ်) က ထမြည်တော့ ကျမနှိုးသွားတယ်။
သွေးစုပ်ဖုတ်ကောင်ကြီးကတော့ အိပ်မက်ထဲမှာ ကျမ ရုတ်တရက်ပျောက်သွားလို့ ရှာနေမလားမသိဘူးနော် ….


မှတ်ချက်။ မနေ့ညက တကယ်မက်ခဲ့သော အိပ်မက်ကို ဖတ်ကောင်းအောင်ရေးထားတာပါ။


Credit to www.designyourway.net for image

7 Comments:

ဖြိုးဇာနည် said...

မမကြယ်ပြာ ထမင်းလုံးတတ်နင်းမိတယ်နဲ့တူတယ်

ထမင်းလုံတစ္ဆေခြောက်တာနေမှာ့ဒါမှမဟုတ်

ကင်ချီများနင်းမိလားတိဝူး ဟီးးးးး ကိုရီးယားက

ပါနေလို့လေ။ သြကာသ ရွတ်ပီးအိပ်နော် ဒီညကျ

ရင်လေ့ဘာပဲပြောပြောပါ ဒါမျိုးအိမ်မက်တွေမက်

တာတော့မကောင်းဘူး မမကြယ်ပြာရဲ့။ဒီညကျရင်

လက်ထဲမှာ ဓါတ်မီးကိုင်ပြီးအိပ်နော် ဗန်ဗိုင်းယား

တွေက ဓါတ်မီးအလင်းရောင်ကြောက်ကြတယ်။

ဟုတ်သည်ရှိ မဟုတ်သည်ရှိပေါ့ ဒဏ်ကြေလိမ်းဆေး

ပါဆောင်ထားနော့်အိပ်ရင်းနဲ့ ဓါတ်မီးကြီးကျော

အောက်ရောက်သွားလို့ ကျောနာသွားရင်လိမ်းရအောင်

လေ့ဟီးးးးးးးး ဗန်ဗိုင်းယား ကိုက်မကိုက်တော့မသိ

ဝူး ကျောနာမဲ့ကိန်းတော့ မြင်နေရတယ်။အဟားဟား

မောင်ဇာနည် တို့ လုပ်လိုက်ရင် အဲ့လို အဲ့လို

အဟတ်ဟတ် :P

ချစ်စံအိမ် said...

ကြယ်ပြာရေ တခါတလေလည်းအိပ်မက်ဆိုးမက်တတ်
အခုတလောဆိုပိုဆိုးနေတယ် အမပြောပါတယ်။။
ကြယ်ပြာလိုတော့မမက်ဖူးပါဘူး ရုပ်ရှင်ကြည့်နေရသလိုပဲ

ကြယ်ပြာ said...

မောင်လေး ကိုဖြိုးရေ .... အစ်မက တခါတလေ မက်တက်တယ်။ အရင်တခါ မက်ဖူးတာလဲရှိသေးတယ်။ ထပ်တင်ဦးမယ် . နက်ဖြန်မှ ... နည်းလမ်းတွေပေးလို့ ကျေးဇူး ....

ရုပ်ရှင်ကြည့်ရသလိုဖြစ်အောင်ရေးထားတာ မလမင်းရဲ့ ...း)

8Yar said...

အောင်မလေးဗျာ။ တကယ်လန့်သွားတယ်။ :( ပုံမြင်လိုက်တော့ ပိုဆိုးသွားတယ်။ အဟွန့် လူဆိုး မကြယ်ပြာ။ ဒီအချိန်မှ လာဖတ်မိတယ်။ :(

Yin Sue said...

ကြယ်ရေ....နင့်အိမ်မက်ဖတ်လိုက်ရတာ...ကြက်သီးတောင်ထတယ်....နင်ကလည်းရေးတတ်ပါ့.....ငါဆို အဲလို မက်တာ ခဏခဏဘဲ မရေးတတ်ဘူး.....

စံပယ်ချို said...

တကယ်မက်ခဲ့သော အိပ်မက်ကို ဖတ်ကောင်းအောင်ရေးထားတာပါတဲ့နော်
တကယ်ဖတ်လို့ကောင်းတယ်
သရဲကားကိုကြည့်နေရသလိုပဲ

အလွမ်းမြို့ said...

အိမ်မက်ကလန့် အိမ်မက်ထဲကနေကိုး လန့်စရာကြီး။
အားနွဲ့သူပါကွယ် ဒီစာမျိုးဖတ်ရင်းဖတ်ရင်း ဆုံးသွားတယ်။ အိမ်မက်ကိုတောင် စာစီပြန်ရေးတတ်
တော့ ကြယ်ပြာတော်တာပေါ့။
အမြဲအားပေးနေမယ်။
လင့်လည်းချိတ်သွားပြီ။


ခင်မင်တဲ့
အလွမ်း