Sunday, March 25, 2012

သင်္ကြန်အလွမ်း




မြန်မာ့ (၁၂)လရာသီပွဲတော်တွေထဲမှာ သင်္ကြန်ပွဲတော်သည်လဲ ကျမ အနှစ်သက်ဆုံးပွဲတော်တစ်ခုပါ။ ကျမ ငယ်စဉ် ကလေးဘ၀ကတည်းက သင်္ကြန်ကိုစွဲလမ်းရင်ခုန်ခဲ့တာ ခုအချိန်ထိပဲဆိုပါတော့။ အကြောင်းကြောင်းတွေ သင်္ကြန်ပွဲတွေမှာ ပါဝင်မဆင်နွှဲဖြစ်သည့်တိုင်အောင် ပျော်ရွှင်သူများကိုကြည့်လို့ ကျမလဲ ကြည်နူးဖြစ်ခဲ့သည်ချည်းပါ …. သင်္ကြန်နီးလို့ ထီလှည်းတွေကဖွင့်တဲ့ သင်္ကြန်သီချင်းသံတွေကြားမှာ ရင်ခုန်ပျော်ရွှင်ရင်း နှစ်တွေအများကြီး ကျော်ဖြတ်နေကျပါ …..

ဟော … ခုလဲ ကျမချစ်တဲ့သင်္ကြန်ပွဲကြီးနီးကပ်လာပြန်ပြီ …. သင်္ကြန်သီချင်းသံလေး တစွန်းတစကြားနိုင်ဖို့အတွက် You Tube ဒါမှမဟုတ် မြန်မာဗွီဒီယိုဝဘ်ဆိုဒ်လေးတွေထဲပြေးလို့ သင်္ကြန်သီချင်းသံလေး၊ သင်္ကြန်အငွေ့အသက်လေးခံစားရတာကိုက ရင်ခုန်စရာပါ ….

ကျမ မူလတန်းအရွယ်တုန်းကဆိုရင် ကျမတို့နေတဲ့ အလုံလမ်းမကြီးက သိပ်မစည်ကားလှပါဘူး။ မစည်ကားဘူးဆိုတာကို သင်္ကြန်ကား အဖြတ်အသန်းနည်းခြင်းနဲ့ ကျမတို့တွေက တိုင်းတာလေ့ရှိကြပါတယ်။ သင်္ကြန်ကားတွေက အောက်ကြည့်မြင်တိုင် လမ်းမကြီးပေါ်ကနေပြီး ရွှေတိဂုံဘုရားဘက် ထောင်တက်သွားလေ့ရှိတော့ ကျမတို့ကလေးတွေမှာ သင်္ကြန်ကားကို ပက်ရတယ်ကိုမရှိသလောက်ပါ။ အဲ့ဒီအရွယ်တုန်းက အမေက လမ်းထိပ်ကို ပေးမထွက်ခဲ့ပါဘူး။ ရေဇလားကြီးထဲကို ပိုက်နဲ့ရေဖြည့်လို့ ရေခွက်လေးပိုက်လို့ ရေပက်ရမယ့်သူကို စောင့်မျှော်နေရင်း နေကပူလာ၊ အချင်းချင်းပက်ထားလို့ စိုနေတဲ့ အ၀တ်ကလဲ သွေ့ရာကနေ ပူလာတော့ နောက်ဆုံး ကိုယ့်ကိုကိုယ် လောင်းချချင်လောင်းချ ဒါမှမဟုတ် အချင်းချင်း ပက်ရင်းနဲ့ပဲ နေ့လည်ကို နားလိုက်ရတာများခဲ့ပါတယ်။ ညနေဆိုရင် နေမြန်မြန်ကျဖို့ အမြန်ဆုတောင်းရတာ ကျမရဲ့ သင်္ကြန်တွင်းအလုပ်ပိုတခုပါ။ အမေက နေပြင်းသေးရင် ရေဆင်းမပက်ခိုင်းပါဘူး။

အလယ်တန်းအရွယ်လဲရောက်ရော အိမ်ရှေ့လမ်းမကြီးက အနည်းငယ် စည်ကားစပြုလာပါတယ်။ ဒါပေမယ့်လဲ ကိုယ်က ရေပူဖေါင်းနဲ့ ကားတွေကို ပစ်ပေါက်ချင်တော့ လမ်းထိပ်ထွက်ပက်ချင်ပါတယ်။ ထုံးစံအတိုင်း အမေကတော့ အန္တရာယ်များလို့ဆိုပြီး ပေးမသွားခဲ့ပြန်ပါဘူး။ ကျမမှာ တညလုံး ရေပူဖေါင်းတွေကို ရေပုံးနဲ့ တပုံးကြီးအပြည့် ထိုင်လုပ်ထားပြီး မသွားရဆိုတဲ့ တချက်လွှတ်အမိန့်အောက်မှာ မျက်ရည်တပေါက်ပေါက်ကျရင်း ကတ္တရာလမ်းမကြီးကိုပဲ မဲပြီး ပူဖေါင်းတွေနဲ့ပစ်ပစ်ပေါက်ခဲ့ဖူးတယ်။

အဲ့ဒီအလယ်တန်းအရွယ်မှာပဲ သင်္ကြန်ရောက်တိုင်း အလုပ်နောက်တခုပိုလာတာက ဘီယာဘူးခွံကို ဖင်ပြတ်အောင် သံမံတလင်းနဲ့တိုက်ပြီး ခွက်စောင်းခုတ်လေ့ကျင့်ခြင်းပါ။ အမေမသိအောင်ဆိုပြီး ရေချိုးခန်းထဲမှာ သင်္ကြန်မတိုင်ခင် (၂)လလောက်အလိုကတည်းက ရေချိုးတိုင်း ခွက်စောင်းခုတ်ကျင့်ပါတယ်။ သူများအသားနာဖို့အတွက် တပင်တပန်းနဲ့ ကျိုးစားခဲ့ခြင်းပါ။ ခွက်စောင်းခုတ်ကျင့်ခြင်းရဲ့နောက်ထပ် ရည်ရွယ်ချက်တခုရှိပါသေးတယ်။ အဲ့ဒါက မှန်အလုံပိတ်ထားတဲ့ ကားတွေကို မုန်းတီးခြင်းပါ …. အဲ့လိုကားတွေလာပြီးဆိုရင် အယောက်(၂၀)လောက်ရှိတဲ့ ကလေးတစ်သိုက်က ကားနောက်ဘော်ဒီကို ခွက်စောင်းဝိုင်းခုတ်ကြပါတယ်။ လူမပက်ရတော့ ကားကို ခွက်စောင်းခုတ်တယ်ကွာလို့ ပြောပြောပြီး ခပ်ဆိုးဆိုးနည်းနဲ့ရေပက်ခဲ့ဖူးပါတယ် …. ကိုယ်ခွက်စောင်းခုတ်လို့ မနာဘူးပြောရင် ကိုယ့်ကိုအသုံးမကျဘူးလို့ဆိုလိုက်သလို တလွဲဆံပင်ကောင်းခဲ့ပါသေးတယ်။ ဒီလိုနဲ့ လက်စောင်းထက်တဲ့ ခွက်စောင်းသမား ကြယ်ပြာ ဖြစ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ကိုယ်တိုင်ခွက်စောင်းခုတ်ခြင်းခံလိုက်ရတော့မှ မသက်မသာ ကျောတခြမ်းအောင့်သွားပြီး ခွက်စောင်းခုတ်ခြင်းမှ သူ့အလိုလိုရပ်တန့်ခဲ့ပါတယ်။ ကိုယ့်ကိုထိတော့မှ နာတတ်တဲ့ လူ့သဘာဝလေးကို သတိပြုမိလိုက်ပါတယ်။

ကျမ ၇တန်းနှစ်လောက်တုန်းက ကျမအစ်မ၀မ်းကွဲ မိသားစုနဲ့ မြို့ထဲက အသိအိမ်တစ်အိမ်မှာ ရှိနေခဲ့တယ်။ အဲ့ဒီအိမ်ကနေ လမ်းမပေါ်ကို မြင်ရတယ်။ လမ်းထိပ်မှာက မွေးမြူရေးနဲ့ရေလုပ်ငန်းက မန်းဒတ်အကြီးကြီးတစ်ခုထိုးထားတယ်။ ဖျော်ဖြေမှုတွေပါတော့ လူတွေ စည်လိုက်တာမှအရမ်းပါပဲ … ကြည့်နေတုန်း လူတွေအလွန်များတဲ့ ဟိုင်းလတ်အမိုးဖွင့်ကားတစ်စီး ရေပက်စင်မြင့်ရှေ့မှာရပ်လိုက်ပါတယ်။ သူတို့တွေမူးနေကြပုံပါ … ကားကိုမကိုင်ထားပဲ ကကြပါတယ် ….. အဲ့ဒီမှာ ကားကရုတ်ရက်ဆောင့်ထွက်လိုက်တော့ မကိုင်ထားတဲ့သူတွေအကုန်နောက်ယိုင်ကုန်ပါပြီး ကားနောက်ဆုံးက မတ်တပ်ရပ်နေတဲ့လူတွေရဲ့ခေါင်းတွေက ကတ္တရာလမ်းမပေါ် ဒရွတ်တိုက်နဲ့ ခပ်လှမ်းလှမ်းထိပါသွားကြတယ် …. သွေးတွေမြင်မကောင်းဘူး … ကျမ သူငယ်ချင်းများ အန္တရာယ်ကင်းသောပျော်ရွှင်မှုမျိုးနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။

အထက်တန်းအရွယ်လဲရောက်ရော ညင်ညင်သာသာနည်းနဲ့ပဲ ရေပက်ချင်တော့တယ်။ ကိုယ်ပက်ချင်တဲ့သူကို ရေအများကြီးစိုသွားအောင် ခွက်အကြီးကြီးနဲ့ သေချာ ကျကျ နန ပက်ချင်တော့တာပါပဲ …. ဒါပေမယ့် ညစ်ကျယ်ကျယ်စိတ်လေးကလဲ မပျောက်သေးတော့ ညနေ(၆)နာရီကျော်မပက်ရဆိုတာကို ပက်မိလို့ အဆဲခံရဖူးသေးတယ် ….

အဖြစ်ကဒီလို ကိုယ်က ကန်ထရိုက်တိုက်(၅)လွှာမှာနေတာလေ။ ၀ရန်တာကို ပုဆိုးအပြည့်ကာပြီး မီးပါပိတ်ထားတယ်။ ရေခဲရေကို ပုံးအပြည့်နဲ့ ဘယ်သူ့ကိုပက်ရမယ်ဆိုတာ ကြွက်ချောင်းချောင်းနေတုန်း စုံတွဲတစ်တွဲ ခပ်ဖြေးဖြေးလမ်းလျှောက်လာကြတယ်… အမျိုးသားက အသက်နည်းနည်းကြီးပုံရတယ် … ထိပ်ကလဲ ပြောင်နေတယ် … အမျိုးသမီးက တော့ နည်းနည်းကြည့်ကောင်းတယ် … အသက်သိပ်မကြီးသေးဘူး …. သူတို့ ကြည်နူးနေတာကြည့်ရင်း ကျမစိတ်ထဲ စချင်လာတယ် … ခုအချိန်မှာ ကျမသာရေပက်ချလိုက်ရင် သူတို့လန့်သွားမှာပဲဆိုတဲ့အတွေးနဲ့ သူများဒုက္ခရောက်မှာကို ဟာသလုပ်ချင်တဲ့ ကြယ်ပြာတစ်ယောက် ၀ရန်တာကနေ ရေကို ပက်ချလိုက်ပြီး ထိုင်ချပြီးပုန်းနေလိုက်တယ် … ပြီးတော့ ပုဆိုးကြားကနေချောင်းကြည့်တာပေါ့ … ရေခဲရေက ပြောင်နေတဲ့ ငယ်ထိပ်ပေါ်ကျတော့ လန့်သွားတယ်ထင်ပါရဲ့ … စူးကနဲလည်းဖြစ်သွားမယ်ထင်ပါရဲ့ ဆက်ကနဲ ခုန်လိုက်သလိုဖြစ်သွားတယ် …. ကျမပါးစပ်ပိတ်ပြီး တခွိခွိဖြစ်နေတုန်း တိုက်တွေပေါ် လှည့်ပတ်ကြည့်ပြီး အော်ဆဲတော့တာကိုး …. သူကဆဲလေ ကျမကရယ်လေနဲ့ … ကျမအတော်ပျော်ရွှင်ခဲ့ဖူးတယ် … တကယ်က သူများဒုက္ခရောက်တာကို ရယ်ချင်ခဲ့တဲ့ မကောင်းတဲ့စိတ်ကလေးကို မရှက်တတ်ခဲ့တာပါ …..

ကျမကိုးတန်းနှစ်မှာ အိမ်ကရေပက်ခံထွက်ဖို့ လိုက်ပို့ပေးတယ်။ အချစ်ဆုံးသူငယ်ချင်းလေးယောက်ရယ် ကြီးတော် မောင်ဘွားတွေရယ်နဲ့သွားရတော့ လုံခြုံမှုရှိတယ်လေ။ ဒီအခါမှာ သင်္ကြန်ရဲ့ရသလေးတွေကို ပျက်အောင် ဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေကို တွေ့ရတယ်။ မှတ်မိနေတဲ့ အဖြစ်အပျက်လေးတွေထဲက တခုက နှမသားချင်းမစာနာတဲ့ ယောက်ျားတစ်ယောက်အကြောင်းပါ။ ကျမတို့ကားက ကမ္ဘာအေးဘုရားလမ်းပေါ်မှာ လမ်းပိတ်မိနေတဲ့အချိန် ကျမလဲ ဟိုကြည့် ဒီကြည့်နဲ့ပေါ့ … အဲ့ဒီမှာ အပျိုရွယ် ကောင်မလေးတစ်ယောက် စတီးချိုင့်လေးတစ်လုံးကိုင်ပြီး လူတွေနဲ့ တတ်နိုင်သမျှ အနားမကပ်အောင် သွက်သွက် လျှောက်လာနေတယ်။ သူ့ဝတ်ပုံစားပုံနဲ့ ခပ်ကုပ်ကုပ်အမူအရာလေးအရ အိမ်အကူ ကောင်မလေးလို့ ကျမထင်ပါတယ်။ သူလျှောက်လာတုန်းမှာ သင်္ကြန်ကားတစ်စင်းပေါ်က မူးနေတဲ့ ယောက်ျားလေးတစ်ယောက်က နောက်ကနေ တစ်လှမ်းခြင်းလိုက်လျှောက်ပြီး ကောင်မလေးတင်ပါးကို လက်နဲ့လိုက်ပုတ်ပါတယ်။ ကောင်မလေး က အရှိန်မြှင့်ပြီး ခပ်သွက်သွက်လျှောက်ပါတယ်။ သူက ခပ်သွက်သွက်လိုက်ပုတ်ပါတယ်။ သူကတော့ သူလုပ်ရဲတယ် သူ့ကိုယ်သူ ဟီးရိုးဆိုတဲ့ မျက်နှာပေးနဲ့ပါ။ ကျမတော်တော်လေးကို ရွံရှာမိပါတယ်။ ကျမ မောင်လေးတွေ၊ အစ်ကိုတွေ၊ သူငယ်ချင်းတွေ ကိုယ်ချင်းစာစိတ်၊ နှမသားချင်းစာနာစိတ်လေးတွေရှိပါစေလို့ ကျမ ဆုတောင်းမိပါတယ်။

နောက်တစ်ခုက အင်းယားလမ်းထဲမှာပါ ... အင်းယားလမ်းထဲက ကောင်မလေးတွေ ဟော့လို့၊ ချောကြလို့ လမ်းဘယ်လောက်ပိတ်ကြသလဲဆိုတာ ရန်ကုန်သင်္ကြန်ဆင်နွှဲဖုးသူတိုင်းသိကြပါတယ်။ အိမ်တစ်အိမ်ရှေ့မှာ မန်းဒတ်ထိုးထားတယ် ….. မန်းဒတ်ပေါ်ကနေ ကားဆင်ဝင်ရဲ့အမိုးကို လှေကားလေးထောင်ထားတယ် … ဆင်ဝင်အမိုးပေါ်မှာ ကက်ဆက် တစ်လုံးက သီချင်းအမြူးစားတွေဖွင့်လို့ပေါ့ ….. မိန်းကလေး လှလှလေးတစ်ယောက် … စကပ်နီရဲရဲ တိုတို ကားကားလေးကိုဝတ်ထားတယ် …. တိုတာမှ ပေါင်ရင်းကို ရောက်ခါနီးလောက်တိုပါတယ် …. သူက လှေကားပေါ်ကို တက်ပြီး မမှီမကမ်းနဲ့ ကိုယ်ကိုအသာညွှတ်ပြီးကက်ဆက်ခွေပြောင်းထည့်ပါတယ် ….. ခါးလေးနည်းနည်းညွှတ်ရပြီဆိုမှတော့ သူ့ပုံစံဘယ်လိုဖြစ်နေမလဲဆိုတာ မြင်ကြည့်လို့ရပါတယ် … အောက်က ကိုကိုကာလသားတွေမြူးကုန်တာပေါ့ …. အော်ကြ ဟစ်ကြပေါ့ …. ကျမစိတ်မကောင်းဖြစ်ရပါတယ် … ကောင်မလေးရယ် ရုပ်ကလေးကချောချောလေးနဲ့ကိုယ့်အရှက် ကိုယ့်သိက္ခာမှ မငဲ့ညှာလေခြင်းရယ်လို့ပါ … ကျမ ညီမလေးတွေ မလိုအပ်သော ဖော်ပြခြင်းများ မလုပ်မိကြပါစေနဲ့လို့ ဆုတောင်းမိပါတယ် ….

ကျမ ဆယ်တန်းအောင်ပြီး နောက်ပိုင်းကစလို့ သင်္ကြန်ဆိုရင် ကျမ မလည်ဖြစ်တော့ပါဘူး …. ရေလည်းမပက်ဖြစ်တော့ပါဘူး …. သူတို့ကို ၀ရန်တာကထိုင်ကြည့်ရင်းပဲ သင်္ကြန်တွေကို ဖြတ်သန်းခဲ့တာများပါတယ် ….

ဒီ့နောက်ပိုင်း အလုပ်ဝင်တဲ့ နှစ်တွေကျတော့ ကျမအတွက် သင်္ကြန်အဆန်းတစ်ခုကို ရင်ခုန်ရပြန်ရော … အွန်လိုင်းသင်္ကြန်တဲ့ …. ဂျီတော့ခ်ထဲကနေ … ဖိုရမ်ထဲကနေ … ကိုယ်မမြင်ဖူးတဲ့သူတွေ … ကိုယ်ခင်မင်နှစ်လိုတဲ့သူတွေကို … ဦးဦးဖျားဖျား သင်္ကြန်ရေပက်ရင်း အွန်လိုင်းသင်္ကြန်ကို ပျော်ရွှင်ခဲ့ဖူးတယ် ….

ဒီနှစ်လဲ ကျမခင်မင်သော ချစ်သော ဘလော့ဂါသူငယ်ချင်းများကို ရေပက်ဖို့အချိန်ကိုစောင့်မျှော်ရင်း …..

~~~ မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစ တန်းခူးနွေမှာ … တစ်ယောက်တစ်လက်မို့လှမ်းကာ ဖြန်းပက်ကြစဉ် … ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ … ခေါင်းလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ….ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ … ငိုနေရှာတယ်ပန်းပိတောက်ဖူးတွေရယ် … ရာသီအချိန်မှီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို ပန်ဆင်ပါရင် လှသထက်တင့်မှာမို့ … မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ မြူးကြွတဲ့သင်္ကြန်ခါ … လန်းဆန်းတဲ့ မိုးရယ် မိုးပြေးလေးရယ် ပိတောက်ပန်းပွင့်ရုံ စိုရုံဖြန်းပက်ဦး … ~~~~

Sunday, March 18, 2012

အိပ်မက်လေလား


ဒီအိပ်မက်ကို ဖေ့စ်ဘွတ်ခ်မှာ တခါတင်ဖူးပါတယ်။ ခု ဘလော့မှာ တင်ချင်စိတ်ပေါ်လာလို့ တင်လိုက်တာပါ။ ကျမက သရဲအိပ်မက်တွေ မကြာခဏ မက်လေ့ရှိတယ်။ ရှိဆို ကျမက သရဲကားအင်မတန်ကြိုက်တဲ့သူဆိုတော့ အားနေ သရဲကားပဲကြည့်ဖြစ်နေတယ်။ သရဲကားကြည့်လို့ ရလာတဲ့ ခံစားချက်ကိုလဲ နှစ်ခြိုက်တယ်။ ဒါပေမယ့် ခုတော့ သိပ်မကြည့်တော့ပါဘူး။ အသက်နည်းနည်းကြီးလာတော့ ကြောက်တတ်လာသလိုပဲ။ အဲ့ဒီနေ့က မက်တဲ့ ကျမရဲ့အိပ်မက်လေးက နည်းနည်းလေးထူးဆန်းတယ်။

ဟိုနေ့က အိပ်မက်တစ်ခုမက်တယ်။ ရက်အတိအကျဆိုရင် ၂၀၁၁ ရဲ့ ဒီဇင်ဘာ(၁)ရက်၊ ကြာသပတေးနေ့ မနက်အစောကြီးပေါ့ ..... ဒီလိုအိပ်မက်မျိုး ကိုယ်မမက်ဖူးတော့ ကိုယ့်အတွက် ထူးဆန်းနေသလိုပဲ .....

အိပ်မက်ထဲမှာ ကိုယ်က အထက်တန်းကျောင်းတစ်ခုကို ရောက်နေတယ် .... ကိုယ်သိနေတာက အဲ့ဒီကျောင်းမှာ ကိုယ့်မောင်လေး တက်နေတယ်။ ကိုယ်က သူ့ကိုတွေ့ဖို့ အဲ့ဒီကျောင်းကိုသွားတာတဲ့ ....

ကျောင်းကြီးက ခန့်ငြားပေမယ့် မသစ်လွင်ဘူး။ ကျောင်းဝင်းအကျယ်ကြီးထဲမှာ ရေနံချေးဝနေတဲ့ အဆောင်မည်းမည်းကြီး တစ်လုံးကိုတွေ့တယ်။ တွေ့ဆို အဲ့ဒီအဆောင်က ရှိသမျှအဆောင်တွေအားလုံးထဲမှာ အကြီးဆုံးပဲလေ ... နောက် ဆရာတွေ၊ ဆရာမတွေက စာသင်ပြီးရင် အဲ့ဒီအဆောင်ထဲ ၀င်သွားတာတွေ့တော့ ဆရာများနားနေခန်းရှိမယ်လို့လဲ တွက်မိရဲ့ ....

ကိုယ်ရဲ့မသိစိတ်ထဲမှာ ဒီအထဲကိုဝင်သွားချင်စိတ်ဖြစ်လာအောင် ဒီအဆောင်ကြီးက ညှို့ခေါ်နေသလိုပဲ ... အဲ့ဒီလိုနဲ့ ကိုယ့်ခြေလှမ်းတွေက အလိုလိုပဲ အဲ့ဒီအဆောင်ကြီးထဲကိုခေါ်ဆောင်သွားလေရဲ့။ အဆောင်ထဲရောက်မှာ ကိုယ်အပြင်ကမြင်ရတဲ့ပုံစံ ကျောင်းဆောင်ဆိုတာထက် ဆေးရုံဟောင်းကြီးတစ်လုံးလိုလိုပါပဲ .... ကိုယ်လဲ ဆက်လျှောက်သွားမိတယ်။ လျှောက်ရင်း လျှောက်ရင်း အဆုံးလောက်မှာ တံခါးတစ်ခုပိတ်ထားတာတွေ့လိုက်တော့ အဲ့ဒီတံခါးကို စိတ်ထဲက ဖွင့်ချင်မိတာနဲ့ သွားဖွင့်ကြည့်လိုက်မိတယ် .....

အဲ့လိုကြည့်လိုက်ရင်ပဲ .... အဲ့ဒီတံခါးက အဆောင်ကြီးနဲ့ နောက်တံခါးပေါက်ဖြစ်နေတာတွေ့ရတဲ့အပြင် ကိုယ်ထင်ခဲ့သလို အဆောင်ကြီးနောက်ဘက်မှာ ခြံစည်းရိုးတစ်ခု ရှိမနေခဲ့ဘူး ..... ခပ်စောက်စောက် နဲ့ မြင့်တဲ့ တောင်ကုန်းတစ်ခုရယ်၊ အဲ့ဒီကနေဖြတ်ပြီး လူသွားပါများလို့ ဖြစ်နေတဲ့ ခြေသွားလမ်းလေးတစ်ကြောင်းရယ်၊ သစ်ပင်ကြီးခပ်အုပ်အုပ်တွေ မှိုင်းမှိုင်းကြီးပေါက်နေတာရယ် တွေ့လိုက်ရတယ်။ စိတ်ထဲမှာ "ဟင်း ... ဒီနေရာကြီး ကြည့်ရတာ ဘယ်လိုကြီးလဲ" ပေါ့ .....

အဲ့လို ကြည့်နေတုန်း သဏ္ဌာန် လေးနှစ်ခု ခပ်ရွေ့ရွေ့ပေါ်လာတယ် ..... သေချာကြည့်လိုက်တော့ ကျောင်းသူ ကလေးငယ် နှစ်ယောက် အဖြူ၊ အစိမ်းလေးဝတ်လို့ လွယ်အိတ်ကို ပခုံးကမလွယ်ပဲ .... ခေါင်းပေါ်မှာ ပလောင်သူတွေ ပလိုင်းလွယ်သလို ပိုးလာကြတယ် .... အိုး ... ဒီလမ်းကနေ ကလေးတွေ မကြောက်မရွံ့လာသလားလို့ ကိုယ်အံ့သြနေမိတယ်။ ဘာလို့လဲ ဆိုတော့ လမ်းကို ကြည့်ရတာ မပွင့်လင်းဘူးလေ ....

ိကိုယ်လဲ တွေပြီး ရပ်ကြည့်နေမိတယ်. ... ကြည့်နေတုန်း တောင်စောင်းဘက်အခြမ်းက လျှောက်တဲ့ ကလေးမလေးရဲ့ ဘေးနားလေးမှာ အရိပ်တစ်ခုခု ပါနေသလိုလို မြင်နေရတယ်။ အဲ့ဒါကိုလဲ ကလေးမလေးက မြင်သလိုလိုပဲ ..... ကိုယ်က စိတ်ဝင်တစား ကြည့်နေတုန်း ဗြုန်းဆို ... အဲ့ဒီ အရိပ်လေးက ကိုယ့်ဘေးကို ဖြတ်ကနဲရောက်လာခဲ့တယ်။ ကိုယ်သေသေချာချာမြင်ရတယ် ..... တိုးယိုပေါက်မြင်ရတဲ့ မိန်းကလေးအရိပ်ကလေးတစ်ခု .....

အဲ့ဒီအရိပ်က ကိုယ့်ကို စကားစပြောတယ် ..... သူ့နာမည် ဘယ်သူပါတဲ့ .... နာမည်က သုံးလုံး(အိပ်ယာကနိုးတော့ နာမည်ကို ကိုယ်လုံးဝမမှတ်မိတော့ပါ) .... သူ အဲ့ဒီတောင်ကုန်းနားမှာနေတယ် ... သူ့နာမည်နဲ့ အမျှဝေပေးပါတဲ့ ......

ကိုယ်က ဘာဖြစ်တာလဲ လို့မေးလိုက်တော့ သူက လိုက်ခဲ့တဲ့ ဆိုပြီး ကိုယ့်ကို တောင်ကုန်းလေးဆီ လမ်းပြပြီးခေါ်သွားခဲ့တယ်။ ကိုယ်တောင်ကုန်းလမ်းကလေးရဲ့ ထိပ်လေးနားရောက်တော့ အောက်ကိုကြည့်လိုက်တဲ့ သူကပြောတယ် ....

ကိုယ်ငုံ့ကြည့်လိုက်တဲ့အချိန်မှာ ဇာအင်္ကျီဖြူလေးဝတ်လို့ ခေါင်းက ကျောဘက် ပြန်ခွေခေါက်လို့ ပုံကျနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့လိုက်ရတယ်။ သူက ပြောတယ် ... အဲ့ဒီနေရာလေးက မတော်တဆပြုတ်ကျခဲ့တာတဲ့လေ .....
အို ... ကိုယ်စိတ်မကောင်းလိုက်တာ ..... အဲ့ဒီအချိန်မှာ အရိပ်ကလေး ကိုယ့်ဘေးက ပျောက်သွားခဲ့တယ် ....

နောက်နေ့ ကိုယ် အဲ့ဒီနေရာလေးကို ဘုန်းကြီးတစ်ပါးပင့်လာခဲ့တယ် .... အမျှဝေမယ် ပရိတ်ရွတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ ....
ဒါပေမယ့် ဘုန်းကြီး ပရိတ်မရွတ်ခင် လေးမှာ အိပ်ယာက နိုးသွားခဲ့တယ် ....

အဲ့ဒါ ကြာသပတေးနေ့ မနက်(၇)နာရီ တိတိပေါ့ .....


Friday, March 16, 2012

ဂယောက်ဂယက် အိပ်မက်


သတိ။ ။ ကြောက်တတ်သူများ ညအချိန် မဖတ်ရ။

မနေ့က ရုံးမှာ အလုပ်သိပ်များလို့ အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်ယာတန်းဝင်ခဲ့တယ်။
ပင်ပန်းလာတာရယ်၊ ခုတလော ရာသီဥတုက မိုးရွာပြီး နည်းနည်းအေးနေတာရယ်နဲ့ အိပ်ယာထဲ လှဲလိုက်တာနဲ့ ခဏလေးအတွင်းမှာတင် အိပ်ပျော်သွားတယ်။

အဲ့ဒီ အချိန်မှာ ဗြုန်းဆို စိုးမြတ်သူဇာ ကို ကိုရီးယားနန်းတွင်းဝတ်စုံကြီးဝတ်လို့။ ဘယ်လိုပါလိမ့်လို့ သေချာကြည့်တော့မှ ကျမက ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို ကြည့်နေတာကို ကျမကိုယ်တိုင်က ပြန်မြင်နေရသတဲ့လေ။ ကိုရီးယားကားမှာ စိုးမြတ်သူဇာ ဘာလို့ ပါနေတာလဲဆိုတာတော့ ခုထိစဉ်းစားလို့ မရဘူး။ ကျမကြည့်နေတဲ့အခန်းမှာ သူဝတ်ထားတဲ့ ၀တ်စုံရဲ့အရောင်က ကြက်သွေးရင့်ရောင်။ နှုတ်ခမ်းနီကိုလဲ ကြက်သွေးရင့်ရောင် ဆိုးထားတယ်။ သိပ်လှတဲ့မျက်နှာရယ်၊ ခေါင်းမှာဝေ့၀ိုက်နေတဲ့ ကျစ်ဆံမြီးအလုံးအကြီးကြီးရယ်တွေက လိုက်ဖက်လွန်းလှတယ်။ သူက မှန်အကြီးကြီးပါတဲ့မှန်တင်ခုံရှေ့မှာ တင်ပါးလွှဲထိုင်ရင်း မှန်ထဲကနေ အနောက်ဘက်ကိုစိုက်ကြည့်နေတဲ့ပုံမျိုးပါ။ သူ့မျက်လုံးတွေကလဲ ထူးခြားစွာတောက်ပလွန်းနေပြန်တယ်။ ကြည့်နေရင်းနဲ့ပဲ သူ့မျက်နှာကနေ ကိုရီးယားအမျိုးသမီးတစ်ယောက်ရဲ့မျက်နှာ ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်မစိတ်ထဲမှာ အဲ့ဒီမိန်းမက သာမန်မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာ သတိထားလိုက်မိတယ်။

ကျမစိတ်ထဲ သံသယတချို့ဝင်လာတယ်။ တပြိုင်နက်တည်းမှာပဲ အဲ့ဒီမိန်းမက ကျမကို စိုက်ကြည့်နေတယ်လို့လဲ ခံစားလာရပြန်ရော။ သူ့အကြည့်က စူးရှပြီး ကျမစိတ်ထဲမှာကြောက်လာသလိုလို မို့ ဆက်မကြည့်ရဲတော့ပဲ မျက်စိခဏလေးပိတ်ထားလိုက်တယ်။ ခဏလေးပါပဲ (၅)မိနစ်လောက်အကြာမှာ ကျမစိတ်တည်ငြိမ်သွားတော့ မျက်စိကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တယ်။
ကျမ မျက်စိရှေ့မှာ ကျမ ထိုင်ကြည့်နေတဲ့ တီဗွီမရှိတော့လို့ ထူးဆန်းတယ်ဆိုတာ မတွေးမိချိန်မှာ အဲ့ဒီတီဗွီကို မမြင်ရတာကိုပဲ တော်တော် ကျေနပ်မိသွားတယ်။ ဘေးဘီကို ဝေ့၀ဲကြည့်လိုက်တော့ အခန်းထဲမှာ ကုတင်တွေ (၁၀) ခုထက်မနည်းပဲ။ ဟင် … ဘယ်လိုဖြစ်ပါလိမ့်။ ကျမအခန်းမှာ ကုတင်တွေမှ မရှိတာပဲ။ ကျမတီဗွီ ကြည့်နေရာကနေ ဘယ်ရောက်သွားပါလိမ့်လို့ တွေးနေမိတုန်း အခန်းထဲကို ၆ နှစ်၊ ၇နှစ်အရွယ်ကလေးလေးတွေ ညအိပ် ၀တ်စုံလေးတွေဝတ်လို့ တန်းစီပြီးဝင်လာကြတယ်။ သူတို့တွေရဲ့ နောက်ဆုံးမှာ အမျိုးသမီးကြီး တစ်ယောက်က လိုက်လာတယ်။ သူတို့တွေက ကျမကို မမြင်ကြဘူး။ ဘာလို့သိလဲဆိုတော့ ကျမကို ဘယ်သူမှ မကြည့်ကြလို့ပါ။ တစုံတယောက်က ကျမနား နားကပ်ပြီး တီးတိုးပြောလိုက်တယ် ဒါဟာ မိဘမဲ့ကလေးတွေရဲ့ ဂေဟာတဲ့။

ကလေးတွေ တန်းစီပြီး ကုတင်တွေပေါ်တက်ကြတယ်။ သူတို့ရဲ့အိပ်ချိန်ရောက်နေကြပြီဆိုတာ အလိုလိုသိသာစေတယ်။ သူတို့လေးတွေရဲ့ ခြေထောက်မှာ ခြေအိတ် ထူထူလေးတွေ ၀တ်ထားကြတယ်။ အော် … ကိုရီးယားက အေးတော့ ခြေအိတ်ဝတ်ရတာပေါ့လို့ တွေးနေတုန်း ကလေးတွေ နောက်က လိုက်လာတဲ့ အမျိုးသမီးကြီးက ထိပ်ဆုံးကုတင်က ကလေးရဲ့ ခြေအိတ်ခြေဖြားထဲကို ဖဲကြိုးလို ပိတ်စ ရှည်ရှည်တစ်စ ထိုးထည့်လိုက်တာတွေ့တော့ ခြေအိတ်တွေကို သေချာကြည့်မိတယ်။ အဲ့ဒီတော့မှ ခြေအိတ်တစ်ခုမှာ အပေါက်လေးတွေ နှစ်ခုစီပါနေတာတွေ့ရတယ်။ သူက အဲ့ဒီကြိုးရှည်ရှည်နဲ့ ကလေးတွေရဲ့ ခြေအိတ်တွေကို ပန်းသီသလို သီလာလိုက်တာ တခန်းလုံးက ကုတင်တွေကုန်ရောပဲ။ ပြီးတော့ သူက ပြောတယ် “တခုခုဆိုရင် အော်သာအော်လိုက်တဲ့ ….” ။

အလို သူတို့ မြန်မာလိုပြောကြတာလား။ သူတို့ပြောတာတွေ အကုန်လုံး ကျမ နားလည်နေတယ်။ အဲ့လိုပြောလို့လဲ အပြီး ၅ ကုတင်မြောက်က ကလေးက လေထဲ ဖုန်းကနဲမြောက်တက်သွားတယ်။ အားလုံးလန့်ကုန်တာပေါ့ … ထွက်ပြေးတဲ့သူတွေကလဲ ပြေးလို့ပေါ့ …. ခြေအိတ်တွေကို အတန်းလိုက်ဖဲကြိုးနဲ့တွဲထားတာဆိုတော့ တစ်ယောက်ကပြေး နောက်တစ်ယောက်ကလဲကျနဲ့ ၀ရုန်းသုန်းကားဖြစ်နေကြတယ်။ မြောက်တက်သွားတဲ့ ကလေးကတော့ ကြောက်အား၊လန့်အားနဲ့ အော်ငိုပါလေရော။ နောက်တော့မှ ကလေးကို မ ထားတဲ့ အရာက တဖြေးဖြေးပေါ်လာတယ်။ ဟာ …. ဒါ ခုနက မှန်ကြည့်နေတဲ့မိန်းမပဲ။ သူက ဘာလို့ ကလေးကို မ တာလဲမသိဘူးလို့ တွေးလိုက်တုန်း သူက ကျမကို ကြည့်ပြီး ပြုံးလိုက်တယ်။ ဒါဆို သူက ကျမကို မြင်နေရတဲ့ သဘောပေါ့။

သူပြုံးလိုက်တဲ့အချိန် ချွန်ထက်မြနေတဲ့ရှည်မျောမျော သွားနှစ်ချောင်းကို မြင်လိုက်ရတဲ့အချိန်မှာ သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ ဆိုတာ ကျမသိလိုက်ပြီ။ ။ တိတိကျကျပြောရရင် သူက သွေးစုပ်ဖုတ်ကောင်တစ်ကောင်ပဲ … အို … ဒါဆို သူကလေးကို သွေးစုပ်တော့မှာပေါ့ … သိပ်သနားစရာကောင်းတဲ့ ကလေးလေးပဲ … ကျမကြောက်စိတ်တွေလွင့်ပြယ်သွားတယ်။ သွေးစုပ်ဖုတ်ကောင်နားကို ပြေးသွားပြီး အားနဲ့ စောင့်တွန်းချပစ်လိုက်တယ်။ သူက ကလေးကိုပစ်ချပြီး ဒေါသထွက်နေတဲ့မျက်နှာနဲ့ ကျမကို တိုက်ခိုက်ဖို့ ဦးတည်လိုက်တယ်။ ကျမ နိုင်မယ်၊မနိုင်ဘူးဆိုတာ မသေချာပေမယ့် ကျမ ကျိုးစားပြီး ခုခံရမယ်လေ။
သူခုန်အုပ်တဲ့ အချိန်မှာ ကျမကြမ်းပြင်ပေါ်လဲပြိုကျသွားရင်း ဘယ်လိုကနေ ဘယ်လို သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်သွားမိလဲမသိဘူး … ကျမ အသက်ကိုပြင်းပြင်းရှုပြီး သူ့လည်ပင်းကို အားကုန်ညှစ်နေမိတယ်။ သူကလဲ အတင်းရုန်းနေတော့ ကျမ လက်က အားပျော့လာတယ်။ လက်ဖ၀ါးတခုလုံးချွေးတွေ ရွှဲနစ်လာရင်း လက်က မမြဲချင်တော့ဘူး။ ကျမကို ကိုက်ဖို့ သူ့မျက်နှာက ကျမ လည်ပင်းနား ကပ်ကပ်လာတယ်။ ကျမ ပင်ပန်းနေပြီ …. ခြေကုန်လက်ပန်းကျနေပြီ … ကျမရှုံးတော့မယ်။ တကယ်ကို ကျမရှုံးတော့မယ်။
ကံကောင်းတယ်လို့ ပြောရမလားပဲ … မနက်(၇)နာရီ အလာန်း(မ်) က ထမြည်တော့ ကျမနှိုးသွားတယ်။
သွေးစုပ်ဖုတ်ကောင်ကြီးကတော့ အိပ်မက်ထဲမှာ ကျမ ရုတ်တရက်ပျောက်သွားလို့ ရှာနေမလားမသိဘူးနော် ….


မှတ်ချက်။ မနေ့ညက တကယ်မက်ခဲ့သော အိပ်မက်ကို ဖတ်ကောင်းအောင်ရေးထားတာပါ။


Credit to www.designyourway.net for image