Saturday, January 16, 2010

အမေသို့

အမေ …. ခုတလော သမီးစိတ်တွေရှုပ်တယ် အမေရယ် … စိတ်လဲမကောင်းဘူး ..
မြန်မာနိုင်ငံက ဆရာဝန်တွေ လူနာတွေအပေါ်စေတနာ တပြားသားဖိုးမှမရှိကြတော့ဘူးလား … အမေ့ကိုသမီးပြောပါတယ် … ပထမတစ်ခေါက်မျက်စိသွားပြကတည်းက ဆရာဝန်ကနောက်တစ်ဘက်က သွေးကြောတစ်ချောင်းယောင်နေတယ်ဆိုတော့ ကြိုတင်ကာကွယ်တာလုပ်ပါလို့လေ …
အမေ့ကို ဆရာဝန်က နေလို့ရသေးတယ် လကုန်မှလာဆိုတာနဲ့ပဲ အမေသူ့စကားကိုယုံပြီးတော့ မသွားဘူးလေ …. သူ့စကားအတိုင်း လကုန်သွားတော့ သူကယောင်နေတာပေါက်တောင်ပေါက်တော့မယ်တဲ့လား အမေ ….
ဒါဆို သူပြောတဲ့ နေလို့ရသေးတယ်ဆိုတာ ပေါက်တဲ့အထိစောင့်ခိုင်းတာလားအမေ ….
လေဆာပစ်တယ်ဆိုတာ သွေးကြောမပေါက်အောင်ပစ်တာလား … ဒါမှမဟုတ် ပေါက်အောင်ပစ်တာလား အမေ ….. အချက် ၂၀၀၀ တဲ့ …. နည်းသလားအမေရယ် …
အမေ့မျက်စိဘယ်လောင်တောင်နာလိုက်ရှာမလဲ …. သမီးစိတ်မကောင်းဘူးအမေ ….
အမေက ဆရာ့ကိုလေဆာပစ်ရင်သက်သာမလားမေးတော့ ဆရာက ဒါကတော့ ကံပဲတဲ့လားအမေ ... ဒီလိုလက်လွတ်စပယ်တော့မပြောသင့်ဘူးနော် … ပစ်လဲပေါက်မယ် မပစ်လဲပေါက်မယ်ဆိုရင် အမေ့မျက်စိကို အနာမခံသင့်ဘူးအမေ …. ပထမတစ်ဘက်တုန်းကလဲ လေဆာပစ်ပြီးရင်ကောင်းသွားမှာတဲ့ … ပစ်လဲပစ်ပြီးရော မျက်ကြည်လွှာမှာ အမာရွတ်ထင်သွားလို့ အရှင်းမမြင်ရနိုင်တော့ဘူးတဲ့ … လေဆာပစ်လို့ အမာရွတ်ဖြစ်သွားတာလားအမေ … မျက်ကြည်လွှာလဲရင် ရနိုင်မလားဆိုပြီး သီတဂူမှာ သွားမေးခိုင်းတော့ စမ်းသပ်ပြီး ဒါ မျက်ကြည်လွှာနဲ့ မဆိုင်ဘူးဆိုပြီး Register လုပ်ခွင့်မပေးပြန်ဘူး … ဘယ်ဆရာဝန်စကားကမှန်သလဲအမေရယ် … သူတို့ပေါ်မှာ သမီးတို့တွေကျန်းမာရေးကို အပ်ဖို့ ဆိုတာ ယုံကြည်ရပါ့မလားအမေ … သမီးအရမ်းစိုးရိမ်တယ် အမေရယ် … တစ်ဘက်က သိပ်မမြင်ရတော့ဘူး … ခုနောက်တစ်ဘက်ကထပ်ပြီး သိပ်မမြင်ရတော့ဘူးဆိုတဲ့အခြေအနေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ အမေရယ် …. အမေ့ရဲ့ကျန်တဲ့ မျက်စိတစ်ဘက် ဘာမှမဖြစ်ပါစေနဲ့လို့ သမီးဆုတောင်းပါတယ်အမေ ….

မှတ်ချက်။ ။ သူငယ်ချင်းတို့ရေ ... ဆီးချိုသမားမျက်စိဝေဒနာရှင်တွေကို ကုတဲ့မျက်စိဆရာဝန်ကောင်းကောင်းလေးများရှိရင် ညွှန်ပေးကြပါနော် .... ကျေးဇူးတင်ပါတယ် ....

19 Comments:

သူကြီးမင်း (တုံးဖလား) said...

ညီမ။
ဖတ်ရတာ စိတ်မကောင်းဖြစ်လိုက်တာ။ ဘယ်သူ့ကို အားကိုးရမှန်းမသိတဲ့ ခေတ်ကြီးဘဲနော်။

ညီမရဲ့ အမေ မျက်စိ ရှင်းလင်းပီသစွာမြင်နိုင်ပါစေလို့ဘဲ ဆုတောင်းပေးလိုက်ပါတယ်။

စိတ်ချမ်းသာပါစေ။

ဝက်ဝံလေး said...

ဟင် ဘယ်လိုပြောရမှန်းတောင်မသိဘူး မကြယ်ပြာရယ်
ဦးလူထွေးအိမ်မှာ အမေသို့ ဆိုတာ တွေ့လို့ လာဖတ်တာ အစ်မရေ

အိုက်ခီလောက် said...

မကြယ်ပြာရေ မျက်စိနဲ့ ဆိုရင်တော့
မိထ္တိလာ မှာ သွားပြရင်ကောင်းတယ်ဗျ
ပြည့်သူ့ ဆေးရုံမှာလေ အထူးကုတွေထက်ပိုကောင်းတယ်
ဂရုစိုက်တယ် အညာက လူတွေအားလုံးကို အခမဲ့ကုပေးနေတာ ကွင်းဆင်းပြီးတော့လေ
ဆရာဝန်နှစ်ယောက်ရှိတယ် အဲ့မှာ မျက်စိနဲ့ ကျွမ်းကျင်တာ
အနော့ အဖေကိုလည်းမိထ္တိလာမှာ သွားကုတာ သက်သာတယ်ဗျ အကြံပေးတာပါ စရိတ်လည်းသက်သာ လွန်းလို့ ပါဗျာ

ဇွန်မိုးစက် said...

ကြယ်ပြာရေ...ကိုယ့်သူငယ်ချင်းဆရာဝန်တွေကို မေးကြည့်ပြီး အကြောင်းပြန်လိုက်မယ်နော်။

မိုးခါး said...

အစ်မရေ
ဖတ်ရတာ စိတ်တောင် မကောင်းဘူး
ဘယ်လိုလုပ်ကြမလဲ ...း(
အကုန်လုံးကို မဆိုလိုပေမယ့် လူတွေက တာဝန်ယူချင်တဲ့ စိတ် တာဝန်ယူတတ်တဲ့ စိတ်တွေ ဘာလို့ ပိုပိုပြီး ခေါင်းပါးလာကြတာလဲ

အစ်မ အမေရဲ့ မျက်စိ အမြန်ဆုံး ရှင်းလင်း ကြည်လင်လာပါစေနော် ..

ကြယ်ပြာ said...

ဆုတောင်းပေးကြတဲ့သူငယ်ချင်းတွေ၊ အကြံပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်ရှင် ...

အိုက်ခီလောက်ရေ
မိထ္တီလာဆေးရုံကိုစုံစမ်းဖို့အစ်မ အိမ်ကိုပြောပြလိုက်ပါမယ် ..ကျေးဇူးပါ ....

ဇွန်မိုးစက်ရေ ...
ဖုန်းနဲ့ပါ တကူးတက ဆက်ပြောဖော်ရလို့ကျေးဇူးပါသူငယ်ချင်းရေ ...

မိုးခါးရေ ..
အဲ့ဒါမို့လို့ သူငယ်ချင်းတွေကိုမေးတာပါ ... အစ်မ အမေကိုဆရာဝန်ပြောင်းပြစေချင်လို့ ... အချိန်လွန်မှဆိုရင် နှစ်ဘက်လုံးကွယ်သွားမှာစိုးလို့ပါ ....

နွေဆူးလင်္ကာ said...

ဆရာဝန်ကောင်းကောင်းကို ကိုသက်တန့်ချိုတို့ မပန်းရင့် တို့ကို မေးကြည့်ပါလား။

kiki said...

အစ်မ မေမေကိုယ်တိုင်လဲ မျက်စိကောင်းကောင်းမမြင်ရလို့ ရန်ကုန်မှာ ပြကြည့်ဖူးတယ် ။ ဆရာ ၃ ယောက် နဲ့ ပြတာ ရောဂါ အမည် ၃ မျိုး ပြောတယ် ။ တယောက်က ခွဲလို့ ရတယ် တဲ့ ၊ တယောက်က မရတော့ဘူးတဲ့ ။ နောက်တယောက်က ခွဲကြည့်ပါလားတဲ့ ။ ကောင်းရင် ကောင်းလာမှာပါတဲ့ ။ ဒီတော့ ဆရာများ သားသေ ဆိုသလိုဖြစ်နေတယ် ။ ဘယ်သူ့ စကား ယုံရမလဲပေါ့လေ ။
ကိုယ်တိုင်ကလည်း အဲ့ဒီ မနေတာ ကြာတော့ ဘယ်ဆရာ ကောင်းမယ်ဆိုတာ အကြံ မပေးတတ် ဖြစ်နေရတယ် ။

cataract ခေါ်တဲ့ တိမ်စွဲတာ ဆိုရင် ခွဲလို့ ရတာ များပါတယ် ။
ဆီးချို ကြောင့် ဖြစ်တဲ့မျက်စိရောဂါ ဆို retina အမြင်လွှာ နဲ့  optic nerve အမြင်အာရုံကြော ကိုထိခိုက်တတ်တာ များတယ် ။
ဘာကြောင့်ပဲ ခွဲခွဲ ဆီးချိုကို အရင် ထိန်းပြီးမှ ခွဲတာ ပိုကောင်းပါမယ် ။
အသေးစိတ်ရောဂါအခြေအနေတွေကို ဒီလင့်လေးမှာ ဖတ်ကြည့်ပါ ...
http://www.emedicinehealth.com/diabetic_eye_disease/article_em.htm#Diabetic%20Eye%20Disease%20Overview


ကြယ်ပြာရဲ့  မေမေ .. စေတနာဆရာဝန်ကောင်း နဲ့ တွေ့ ပါစေ ။ ရောဂါ အမြန်ပျောက်ပါစေ လို့ ဆုတောင်းပေးပါတယ် ကြယ်ပြာရေ ....

မကိ

ကြယ်ပြာ said...

မကိရေ ... ကျေးဇူးပါ ... ကြယ်ပြာ့အမေက ဆီးချိုကြောင့် မျက်စိထဲကသွေးကြောမျှင်လေးတွေပေါက်ပြီး မျက်စိရဲ့ len ရှေ့မှာ သွေးတွေက ကွယ်သလိုဖြစ်တာမျိုးပါ ... သွေးတိတ်အောင်ဆေးသောက်ပြီး သွေးတိတ်တော့ ဆီးချိုချပြီး မျက်စိထဲကသွေးခဲလေးတွေကို လေဆာပစ်ပြီးချေတာပါ ... လင့်ခ်ကိုသွားဖတ်ကြည့်လိုက်ပါ့မယ် အစ်မ ...

Anonymous said...

မမ တကယ် စိတ်မကောင်းဖြစ်မိတယ်. . . မမ မေမေ မြန်မြန်ပြန်ကောင်းပါစေလို့ ဆုတောင်းပေးတယ်

လင်းကြယ်ဖြူ said...

ဆရာကောင်း သမားကောင်း အမြန်ရှာပါ..
ဖိဖိစီးစီး ဆောင်ရွက်ပါ...

ညီမရဲ့ အမေ အမြန်ကျန်းမာ လို့ အဆင်ပြေပါစေ ခင်ဗျာ...
မိခင်အပေါ်မှာ ချစ်ခင် သိတတ်တဲ့ သမီးကောင်းမို့ အစစအရာရာ အဆင်ပြေမှာပါ ..ယုံကြည်ပါတယ်

လေးစားစွာ
*.*.*

သုခုမလေဒီ said...

ဟယ် ဒုက္ခပါပဲ။ ဒီကဆရာဝန်တွေကတော့ ဒီလိုပဲ၊ အမအမေတုန်းကဆို ပထမသူ့ကိုခွဲစိတ်တဲ့ ဆရာဝန်က ကောင်းတယ်။ ကောင်းတဲ့ဆရာဝန်ကျတော့လည်း နယ်နှင် ခံရတာ ၃နှစ် ဒါနဲ့ နောက်တစ်ဖက်ကိုတော့ အခြားဆရာဝန် နဲ့ပြောပြပြီးခွဲပါတယ်။ ခွဲစိတ်နေတုန်း တန်းလန်းကြီးကို ဟန်းဖုန်း ပြောနေတာမိနစ်၂၀ တဲ့လေ။ ကဲ မပြောချင် တော့ပါဘူး။ ပထမဆရာဝန်ကိုတော့ နာမည်သိချင်ရင် စုံစမ်းပေးမယ်။ အမေလည်း သူနဲ့ပြန်ဆက်သွယ်ပြီး လေဆာ ထပ်ပစ်ရတယ်။ ကောင်းသွားရော။ တစ်ခုတော့ရှိတယ် အမအမေက ဆီးချို တော့မရှိဘူး။

သုခုမလေဒီ said...

Dr. ကျော်စိုးပါ။ အသေးစိတ်သိချင်ရင်တော့ မေလ်းပို့လိုက် ပါနော်။ အမမေလ်းပေးထားခဲ့ပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

phoechan said...

အမရေ...... ကူညီချင်ပေမယ့် ကျွန်တော်သိတာ ဘာမှရှိဘူးရယ်။

desertraindrops said...

ကြယ်ပြာရေ.သယ်ရင်း..ဖတ်ရတာ စိတ်မကောင်းဘူးကွာ။
အမေ့မျက်စိ အမြန်ဆုံးသက်သာလာပါစေနော့

ကိုတိုး said...

အမရေ စာဖတ်ရတာ တစ်ကယ်စိတ်မကောင်းဖြစ်မိပါတယ် အမအမေ အမြန်ဆုံးနေပြန်ကောင်းလာပါစေလို့ဆုတောင်းပေးပါတယ်ကူညီချင်ပေမဲ့လည်း ကျွန်တော်တို့သိတာ ဘာမှမရှိဘူးအမရယ်။

Harry said...

ကျနော်လည်း ထပ်တူ ခံစားခဲ့ရဖူးပါတယ် ... အဖေ နေမကောင်းတုန်းကပေါ့ ... မျက်စိရောဂါတော့ မဟုတ်ဘူး .. တခြားရောဂါပါ ... ကံကောင်းလို့ နာမည်ကျော် အထူးကုန်ခွဲစိတ် ဆြာဝံကြီးရဲ့ ဓားသိုင်း မမိလိုက်တာဗျာ .... နောက်တော့ သူပြောတဲ့ ရောဂါလည်း မဟုတ်ပါဘူး ... ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့်ပဲ ထင်ပါရဲ့ ...
ဆရာဝန်တိုင်းတော့လည်း မဟုတ်ဘူးပေါ့လေ ... စေတနာ ထားပြီး ကုပေးတဲ့ဆရာဝန်တွေလည်း ရှိတော့ရှိကြပါသေးတယ် ...
ခက်တာက ခိုင်ရွှန်းလဲ့ရည် ကိစ္စမှာ အဲဒီ အထူးကုန်ဆြာဝံကြီး ဘက်က နာတဲ့ ဆရာဝန်တွေကလည်း အများကြီးဗျာ ...
လက်သည်းဆိတ်တော့လည်း လက်ထိပ်နာကြပေမပေါ့လေ ...
အဲဒီလိုပြောတော့လည်း မကြိုက်ကြပြန်ဘူး ... :D

ourstream said...

စိတ်မကောင်းဖြစ်မိပါတယ်.....။

Nge Naing said...

ကြယ်ပြာရေ သိရတာ တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်။ အပေါ်မှာ ဆရာဝန်နဲ့ ပတ်သက်ပြီး အကြံပေးထားတဲ့ သူတွေလည်း အများကြီး ရှိပြီးပြီ ဆိုတော့ မျက်စိဆရာဝန်ကောင်းတယောက်နဲ့တော့ တွေ့လိမ့်မယ်လို့ ထင်ပါတယ်။ တွေ့ပါစေလို့လည်း ဆုတောင်းပါတယ်။ ဆီးချိုကြောင့် ဖြစ်တဲ့ ဆက်ပွားရောဂါဖြစ်လို့ မျက်စိဆရာဝန်ကောင်းနဲ့ တွေ့ရင်တောင်မှ သွေးထဲသကြားဓါတ်ကို အမြဲတမ်း ပုံမှန် ဖြစ်အောင် ထိန်းချုပ်ဖို့ အထူးလိုအပ်တဲ့အတွက် ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး အနေအထိုင် အစားအသောက်တွေကို အတတ်နိုင်ဆုံး လိုက်နာနိုင်အောင် ကြိုးစားဖို့ကို တိုက်တွန်းချင်ပါတယ်။ ဆီးချိုနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို အစ်မဘလော့ဂ်က ကျန်းမာရေး/ဇီဝသိပ္ပံ Label အောက်မှာ တင်ထားတာ ရှိသလို Public health in Myanmar http://health.ngoinmyanmar.org/ မှာလည်း တင်ထားတာ ရှိပါတယ်။ ကြယ်ပြာ့အမေအတွက် အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်။