Monday, November 25, 2013

"သီအိုရီအမှား"

မတောင်းပဲပေးတဲ့ ကတိ

ပေးပြီး မတည်တဲ့စကား

ပြောပြီး မလုပ်တဲ့အလုပ်

လုပ်ပြီး မပြီးတဲ့အကြောင်း

တီးတိုင်းမမြည်တဲ့ အရာ

မြည်သော်လည်းမကြားတဲ့ နား

မြင်သော်လည်း ခံစားချက်မဲ့ ရင်ဘတ်

ထိသော်လည်း အ သွား တဲ့ အာရုံကြောတွေ

သက်ရောက်မှုတိုင်းရဲ့ တန်ပြန်သက်ရောက်မှု့

ဆမတူတော့တဲ့အခါ ….

နယူတန်ရဲ့ သီအိုရီမှားသွားတယ် …

"နင်နဲ့ငါ"


နင်နဲ့ငါ
အချစ်တွေကို အိုးတစ်လုံးထဲ အတူတူ စုထည့်ကြရအောင်ပါ ..
အေးခဲသွားတိုင်း ပြန်ပြန်နွှေးကြတာပေါ့ …
ခမ်းမသွားအောင် မီးမျှဖို့တော့ ဂရုစိုက်ရလိမ့်မယ်။


နင်နဲ့ငါ
အပြုံးတွေကို အတူတူ ထုဆစ် အပြစ်ဆိုတာ မမြင်ခဲ့ကြတဲ့အချိန်တွေကို
မံမီရုပ်လို သိမ်းထုတ် မပုပ်မသိုးအောင် စီမံကြရအောင်
လိုချိန်မှာ ပြန်အသက်သွင်းကြမယ်လေ ….


နင်နဲ့ငါ
မနီးမဝေးက (၂)နှစ်၊ မနီး မနီးက (၂) နှစ်
သံယောဇဉ်တွေကတော့ တရစ်ရစ်တက်ပါရဲ့
အကြင်နာတွေကတော့ တစ်ဆစ်ပြီးတစ်ဆစ် လျော့လျော့သွားလေသလား?


နင်နဲ့ငါ
အကြောင်းပြချက်ကောင်းကောင်းတွေ အောက်မှာ
ကိုယ့်လမ်းနဲ့ကိုယ် မှန်တော့နေကြသေးတာပဲ …
မှားနေတာက လမ်းပဲဖြစ်မယ် ထင်ပါရဲ့ ….


နင်က ပြောတယ် ငါ့စိတ်တွေ က အတက်အကျများတယ်တဲ့ …
ငါက ပြောတယ် နင်က ငါ့ကို ဂရုမှ မစိုက်တာလို့ ….
နင်ကပြန်ပြောတယ် သူက မပြောင်းမလဲ အရင်လိုချစ်ဆဲတဲ့ …
ဒါနဲ့ပဲ ငါက …. ရေထဲ ပျော်ဝင်သွားတဲ့ ဆားတစ်ပွင့်လို ….


ကဲ .. .အရာရာ အဆင်သင့်ဖြစ်ရင် တစ် က ပြန် စ ကြရအောင်

Thursday, November 21, 2013

"ချစ်ခြင်းအလင်္ကာ"

Credit to www.beaverislandforum.com for Image

မသာယာဘူးကွယ်
တိမ်တွေဖုံးအုပ် သိမ်းထုပ်ခံထားရတဲ့ လတစ်စင်း
သိက္ခာကျနေလိုက်ပုံများ အလင်းတစ်စတောင် တောက်ပြခွင့်မရဘူးတဲ့….

ကြယ်တွေ တစ်စင်းပြီးတစ်စင်း ဖြတ်ပျံသွားတဲ့အခါတိုင်း
သူ့ကောင်းကင်ကို သူကိုယ်တိုင် အလင်းမပေးနိုင်လို့ ငိုကြွေးသတဲ့လေ …..

အလင်းတစ်စ ပြင်းပြင်းပြပြ ချပြချင်တာတောင်
သူ့ကောင်းကင်က ကြယ်တွေအစုံနဲ့ ကပွဲတက်နေသတဲ့ …..

ကဲ … ဘယ်လိုလုပ်မလဲ???

မသာယာဘူးကွယ်
နံနက်မိုးသောက် အလင်းရောက်တဲ့အခါ
တိမ်ညိုတွေကင်း ကြည်လင်သွားတဲ့သူ့ကောင်းကင်ထဲ
နေတစ်စင်းရဲ့ တောက်ပမှုအောက် အလင်းပျောက်ရပြန်တယ် …..

ဘယ်လိုပဲဖြစ်ဖြစ်
သူ့ကောင်းကင်ရဲ့ အနာဂတ်ညအတွက် အလင်းတစ်စချပြဖို့
သူကတော့ အသင့်ဖြစ်မြဲ ဖြစ်ဆဲပါပဲ………