Tuesday, November 19, 2013

"မျှော်လင့်ခြင်းမဲ့ အချစ်"

ခဏခဏ သေသေသွားတတ်တဲ့ စိတ်ကူးအချို့အတွက်

မျှော်လင့်ချက်ဆိုတာ ထားမကောင်းတဲ့အရာ ….

အပွင့်ကိုလိုချင်လို့ အပင်ကို စိုက်ခဲ့တာမဟုတ်ပေမယ့်

ကျိုးပဲ့ ပျက်စီးသွားမှာတော့ စိုးရိမ်မိတာပေါ့လေ …

အပြစ်တင်လဲ ခံရမှာပဲ …

မွှေးကြူစရာရနံ့ကင်းတဲ့ ပန်းတစ်ပွင့်အတွက်

သူ့မွှေးရနံ့မှာ ကျဆုံးနေတယ်ဆိုတာဟာ

ဘေးလူအတွက် ရယ်စရာဖြစ်ချင်လဲ ဖြစ်မှာပေါ့ …..

ငါ့အတွက်တော့ အခမ်းနားဆုံးချစ်ခြင်းတစ်ခု ဆိုတာ

နှလုံးသားတစ်ခုလုံး သက်သေရှိတယ်။

Thursday, November 14, 2013

"လွမ်းချင်း"

သူ့ကို ချစ်သောစိတ်၊ သတိရသောစိတ်တို့သည်

နာရီလက်တံအရွေ့နဲ့ အတူတူရွေ့လျက်

အလွမ်းပန်းတို့ကို အဆုပ်လိုက်၊အခဲလိုက် ပွင့်စေ၏။

ရင်တစ်ခုလုံး ပန်းပွင့်တို့ ဖုံးလွှမ်းသောအခါတွင်မှ

သူ့ကို ဘယ်လောက် နှစ်သက်စုံမက်ကြောင်း၊

ဘယ်လောက် ခင်မင်တွယ်တာကြောင်း၊

ဘယ်လောက်ချစ်ကြင်မြတ်နိုးကြောင်း၊

တခုတ်တရပြောစရာမလိုအောင်

ပန်းရနံ့တို့မှ တဆင့် သူ့ဆီ သယ်ဆောင်စေ၏။

နှုတ်မှ ဖွင့်ဟပြောပြစရာမလို

အကြည့်တစ်ချက် အပြုံးတစ်လက်နဲ့တင်

သိပ်ချစ်တာ သူသိပါစေ။

Wednesday, November 13, 2013

"ကန့်လန့်ကာနောက်ကွယ်မှ"


တိတ်တိတ်ဆိတ်ဆိတ်ပါပဲ ပုံသေနည်းတစ်ခုစီနဲ့ဘ၀တွေပေါ့

ကိုယ်မသတ်မှတ်လဲ ပန်းတိုင်တစ်ခုစီတော့ ဘ၀က သတ်မှတ်ပေးပြီးသား …

ရယ်မလား၊ငိုမလား ပြုံးမလား၊မဲ့မလား ဆိုတာတော့ ကိုယ်တိုင်ရွေးပေါ့ ….

ဘာတွေများ ထပ်ပြီးပိုလိုချင်နေမိပါလိမ့် …

အချစ်လား …. သွားစမ်းပါကွယ် ခပ်ဝေးဝေးကို ….

လိုတော့မှ လှမ်းခေါ်လိုက်မယ် …..

ခပ်ရင့်ရင့် တစ်ချက်ပြုံးလိုက်စမ်းပါ ….

ဘ၀မှာ အားလုံးပြီးပြည့်စုံနေသလို ဘာလိုလိုပေါ့ …

အိုဗာတော့ သိပ်မဖြစ်စေနဲ့ ….

ယုံကြည်မှုလွန်ရင်လဲ နောက်ပြန်လဲတတ်သတဲ့ …

ကဲ …. တော်လောက်ပြီလေ …

မင်းအလှည့်ရောက်ပြီ ကန့်လန့်ကာရှေ့ထွက်ပြီး

အသုံးတော်ခံပေဦးတော့ ……

မှာပါရစေ ….

ခပ်နုနု အပြုံးလေးတွေတော့ ဆင်မြန်းသွားဖို့ မမေ့စေနဲ့ …..

ကြယ်ပြာ
(၁၃၊ နိုဝင်ဘာ၊ ၂၀၁၃ နံနက် ၁၀း၁၁)