Wednesday, March 7, 2012

အခါလွန်မိုး(၃)


ဒီလိုနဲ့ သူတို့တွေ ပထမနှစ်ကို ပျော်ရွှင်စွာကျော်ဖြတ်လာပြီး ဒုတိယနှစ်ရောက်သည်အထိ ဘာမှ မပြောင်းလဲကြသေး။ မိကေကလဲ ထုံးစံအတိုင်း ဗရုတ်ကျဆဲ …

ဒုတိယနှစ် စပြီးမကြာခင်မှာပဲ မိကေတို့ အဖွဲ့ထဲက သူသူ့ ကို “နိုင်” ဆိုတဲ့ ကောင်လေးက ချဉ်းကပ်တယ်။ လဲ့ ကိုကျတော့ “သျှားညို” ဆိုတဲ့ ကောင်လေး ချဉ်းကပ်တယ်။ တိုက်ဆိုင်တာက သူတို့နှစ်ယောက်ကသူငယ်ချင်းတွေ ဖြစ်သလို မိကေသူငယ်ချင်းတွေထက်လဲ ၂ နှစ်လောက်ဆီ ငယ်ကြတယ်။ သူတို့တွေနဲ့ ကျောင်းမတူ အတန်းမတူပေမယ့် မိကေတို့သွားလေရာ အမြဲပါလေ့ရှိတော့ အဖွဲ့ကလူ(၈) ယောက်ဖြင့် သိပ်ပျော်ဖို့ကောင်းခဲ့ပြန်တာပါပဲ။

မိကေအတွက် အမှတ်တရ ဖြစ်လာမယ့် ရက်လေးတစ်ရက်ကပေါ့ ….
အဲ့ဒီနေ့က နေသာသော်လည်း မပူလောင်၊ လေပြေသွဲ့သွဲတိုက်နေပြီး လမ်းလျှောက်လို့ကောင်းတဲ့ ရက်ကလေးတစ်ရက်ပါ။
အဲ့ဒီနေ့ကပဲ ချို က ပင့်ကူသစ်ခွကြီးတစ်ပွင့်ကို ပန်လာခဲ့တယ်။ သူ့မှာရှိတဲ့အကျင့်တစ်ခုက သူပန်လာတဲ့ ပန်းကို လက်နဲ့တို့တာ လုံးဝမကြိုက်ဘူး … လက်ဆိပ်တက်ပြီး ညှိုးသွားမှာစိုးလို့တဲ့လေ။ အဲ့ဒါကို မိကေက သိသိကြီးနဲ့ ပန်းကို ဆတ်ကနဲသွားဆွဲလိုက်တော့ ချို က နောက်ကနေ လွယ်အိတ်နဲ့ လိုက်ရိုက်ပါလေရော။

မိကေက ပြေးရင်းလွှားရင်းနဲ့ မတော်တဆ ကောင်လေးတစ်ယောက်ရဲ့ဘိနပ်ကို တက်နင်းမိသွားတယ်။ ဘိနပ် မပြတ်ပေမယ့် ကောင်လေး ချော်လဲသွားတော့ မိကေကဆွဲထူဖို့ လက်အကမ်းမှာ ဒေါသရောင်လက်နေတဲ့ မျက်ဝန်းတွေနဲ့ “ရတယ် ..” လို့ ခပ်ဆတ်ဆတ်ပြောရင်း သူ့ဘာသူ ထသွားတယ်။

အရင်လိုဆို လောင်စိန်လုပ်မယ့် မိကေက ကောင်လေးရဲ့ မျက်ဝန်း အညိုတောက်တောက်တွေကိုတွေ့လိုက်ရတဲ့ ခဏမှာ မှင်သက်သွားမိတယ်။ ပုဆိုးက မတိုမရှည်၊ ရှပ်အကျှင်္ီဖြူကို လက်ခေါက်ဝတ်လို့ ကချင်လွယ်အိတ်ကို ထုံးပြီးလွယ်ထားတဲ့ ဟန်ပန်ရယ် … မျက်ဝန်းညိုညိုတွေကို အရောင်ပိုတောက်စေတဲ့ မျက်ခုံးနက်နက်ရယ်၊ မထူမပါး နှုတ်ခမ်းတစ်စုံကတော့ တင်းတင်းစေ့ပိတ်လို့။ ဒါ့အပြင် ခရိုးခယိုင်ဝဲကျနေတဲ့ ဆံပင်ညိုပျော့ပျော့တွေရယ်နဲ့ပနံရလှတဲ့သူ့မျက်နှာကို သိပ်ကြည့်ကောင်းတာပဲလို့ သူမစိတ်ထဲမှာ မှတ်ချက်ချမိတယ်။ ငြိမ်ကျသွားတဲ့ မိကေကို အကုန်လုံးက ၀ိုင်းစနောက်နေပေမယ့် မိကေရဲ့စိတ်တွေက ကောင်လေးဘယ်အတန်းကပါလိမ့်လို့ တွေးနေမိတယ်။ ကောင်လေးရေ …. ရေစက်ရှိရင်တော့ ပြန်ဆုံချင်ပါသေးတယ်။

ဒီနေ့ မေဂျာတန်းရဲ့ ပရက်တီကယ်ရှိတော့ တဖွဲ့လုံး ခပ်သုတ်သုတ်နဲ့ လျှောက်နေကြတယ်။ လက်တွေ့ခန်းကိုချိုးဝင်လိုက်တော့ မိကေမျက်နှာပြုံးသွားတာ သူငယ်ချင်းတွေကသတိထားမိပြီး မိကေ ကြည့်တဲ့ဆီ လိုက်ကြည့်တော့ ဟိုနေ့က ချော်လဲခဲ့တဲ့ ကောင်လေးကို လှမ်းတွေ့လိုက်ကြတယ်။

မိကေရဲ့ ပြုံးစိစိ ရုပ်ကိုကြည့်ရင်း …

“ အင်း …. ရုပ်ကိုက မျောက်အုန်းသီးရတဲ့ရုပ်”

“ မဟုတ်ပါဘူးဟယ် သေချာကြည့်စမ်းပါ … မိကေရုပ်က ဗိုက်နာတုန်း အိမ်သာရှာတွေ့တဲ့ ရုပ်”

“ တော်ကြစမ်းပါဟာ …. ငါ့မှာ ငါ့လမင်းလေးကို မြင်လို့ ကြည်နူးနေတာလေးပျောက်သွားပါဦးမယ် … ငါ သူ့ကို လမင်းလေးလို့ပဲ ခေါ်မယ် … ဒီနေ့က စပြီး သူ့နာမည်ဝှက်က လမင်းလေး နော် ….”

“ ဟင်းးး … မိကေတို့ကတော့ ဇာတ်လမ်းစပြီ ….. သူ့ပုံက အေးဆေးလေးပါဟာ … သွား မျက်နှာမပြောင်နဲ့”

“ ငါက သူ့ကို တကယ်ခင်ချင်တာပါဟ နင်တို့ကလဲ ငါ့ဆို အကောင်းကိုမမြင်ဘူး …”

ကံကောင်းစွာနဲ့ပဲ ချို့ကိုသဘောကျနေသော၊ ပထမနှစ်ကတည်းကရင်းနှီးခဲ့သော ကိုစိုင်းနဲ့ မိကေရဲ့လမင်းလေး စကားပြောနေတာတွေ့လိုက်တော့ မိကေလဲ ခပ်တည်တည်ပဲ ကိုစိုင်းဘေးသွားရပ်ပြီး

“ကိုစိုင်းလဲ လက်တွေ့က ဒီအခန်းထဲမှာလား … မိကေက တခြားအခန်းမှတ်လို့” လို့ ဆိုလိုက်တော့ ကိုစိုင်းက ပြုံးပြရင်း

“အေး … ငါ ဒီတခါကျောင်းအပ်တာစောတော့ နင်တို့နဲ့ ခုံနံပါတ်သိပ်မဝေးဘူးလေ .. သြော် ဒါနဲ့ ငါ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးရဦးမယ်. .. သူက နယ်မှာ ပထမနှစ်တက်ပြီး ခုမှ ဒီကိုရောက်တာလေ … နာမည်က သော်က တဲ့ .. ဟေ့ရောင် ..သော်က … သူ့နာမည်က မိကေ … သူတို့အဖွဲ့က ဟိုမှာထိုင်နေတဲ့ ၆ ယောက်အဖွဲ့လေ … ”

“တွေ့ရတာ ၀မ်းသာပါတယ်။ ဘိနပ်တော့ ထပ်တက် မနင်းနဲ့နော် ….”

“အော … မင်းတို့က သိနေနှင့်ကြတာလား ..”

“မဟုတ်ပါဘူးကွာ … ဟိုနေ့က ငါ့ကို နောက်ကနေဘိနပ်တက်နင်းလို့ ငါ ချော်လဲတာလေ …အဲ့ဒါ သူပေါ့”

“ မိကေ တမင်လုပ်တာမဟုတ်ပါဘူး … ထပ်တောင်းပန်တယ်နော် …”

ဒီလိုနဲ့ သူတို့အဖွဲ့ထဲမှာ လူနှစ်ယောက် ထပ်တိုးလာခဲ့ပြန်သည်။ နှစ်ဝက်လောက်အရောက်မှာတော့ သူမတို့အဖွဲ့လေးထဲမှာ စုံတွဲလေး သုံးတွဲဖြစ်နေခဲ့ပြီ။ ဘယ်နေရာသွားသွား တတွဲတွဲပေမယ့် တခါတလေကျတော့လဲ အတွဲလေးတွေက လွတ်လပ်စွာ သွားလာလိုကြပြန်သည်လေ။ ဒီတော့ မိကေတို့ အဖွဲ့မှာ ပြည့်ပြည့်၊ မော်နဲ့ မိကေ .. နောက် လမင်းလေးရယ်ပဲ အတွဲများဖြစ်တယ်။ လမင်းလေးက မိကေတို့တွေအတွက် တကယ်ကို အဖော်ရလှတဲ့ သူငယ်ချင်းလေး တစ်ယောက်ဆက်ဖြစ်နေဆဲ …. မိကေကလည်း တရက်ထက်တရက် လမင်းလေးကို သံယောဇဉ်တိုးမြဲ …. လမင်းလေး သိ မသိကိုတော့ သူမ စိတ်မ၀င်စားပေ။

တစ်ရက် မိကေ ပျင်းပျင်းရှိတာနဲ့ အိမ်မှာရှိတဲ့ မြွေစိမ်းမြီးချောက်ရာဘာရုပ်လေး ကျောင်းကိုယူလာပြီး ဘယ်သူ့စရမလဲ စဉ်းစားနေတုန်း မော်က အခန်းထဲဝင်အလာမှာ မော့်လွယ်အိတ်ထဲ မသိမသာထည့်ထားလိုက်မိတယ်။ အဲ့ဒီနေ့က ကျူတိုရီရယ်ရှိတော့ ကျောင်းသားတွေ အားလုံးနီးပါး အတန်းတက်ကြတယ်။ ဆရာမလာခင် အိမ်သာသွားချင်လာတာနဲ့ ထ အထွက်မှာ မော်က လွယ်အိတ်ထဲလက်နှိုက်လိုက်ပြီး ရုတ်တရက် တစုံတခုကို လွှင့်ပစ်လိုက်တာမြင်လိုက်တော့ မော် မြွေကလေးကို စမ်းမိသွားပြီလို့ စိတ်ကသိလိုက်တယ်။ မော် သိပ်မကြောက်တတ်တာသိထားတဲ့ မိကေကတော့ ပြန်လှည့်မကြည့်ပဲ ကိုယ်သွားစရာရှိတာကိုပဲ သွားလိုက်တယ်။ အိမ်သာက ပြန်လာတော့ အခန်းထဲမှာ ဆရာလဲရောက်နေပြီ လူတွေကလဲ အုံးအုံးထနေပြီ …. မိကေလဲ ဘာဖြစ်ပါလိမ့်လို့ လူကြားထဲတိုးဝင်အကြည့်မှာ ……

Credit to http://desktop-wallpapers.pics365web.net for Image

Tuesday, March 6, 2012

အခါလွန်မိုး(၂)


ပရက်တီကယ်ခန်းထဲမှာဆိုလည်း ပရက်တီကယ်ခန်းမို့လိှုှ့ဗရုတ်ကျတတ်သူလေးပါ။

ရိုးရိုးမေဂျာတွေရဲ့ ပထမနှစ်ထုံးစံအတိုင်း Chemistry ဘာသာရပ်မှာ ဆားချက်ရတယ်။ ဆားက ချက်လိုက်ရင် ၀ါညစ်ညစ်အရောင်ပဲထွက်တယ်။ ဒါဆိုရင် ဆရာမက အမှတ်လျော့တယ်ဆိုတာ အစ်ကို၊အစ်မ ရှိတဲ့သူတွေဆီက တဆင့်ကြားပြီးသား။ ဒီတော့ မိကေ က အိမ်ကဆားကို ၀ှက်ယူလာပြီး ဆားချက်ပြီးချိန်မှာ ရောသမမွှေလိုက်တော့ ဆားရောင်လေးက လှလို့ ….. အမှတ်ကလည်း အပြည့်ပေါ့ … ဒီိလိုလည်း လူလည်ကျတတ်သေးတယ်။

နောက် လစ်တမစ်စက္ကူအရောင်ပြောင်းတာ စမ်းရတော့ မိကေတို့ အဖွဲ့တူတူ မစမ်းရဘူး။ ဆရာမက အဖွဲ့တွေခွဲပေးတော့ မိကေက တခြားသူတွေနဲ့သွားကျတယ်။ ကုလားလေးတစ်ယောက်ရယ်၊ တရုတ်လေးတစ်ယောက်ရယ်၊ မိကေရယ်ပေါ့။
တရုတ်လေးက သူများဆီကပဲ ကူးချချင်တဲ့သူ။ ကုလားလေးကကျတော့ ခိုင်းတာအကုန်လုပ်ပေးတယ်။ ဖော်မြူလာအတိုင်းဖော်ဆိုတော့ နင်လုပ်တဲ့ …. ဒီတော့ ဘယ်ရမလဲ မိကေက ကျောက်သင်ပုန်းပေါ်က ဖောမြူလာတွေဖတ်လိုက် ပစ္စည်းတွေလိုက်စပ်လိုက်နဲ့ …နောက် ဘေ့စ်ရည်ကို ဖန်ပြွန်နဲ့စုပ်ရတော့ ဆရာမက ပါးစပ်နဲ့ သာသာလေးစုပ်ပြတာကို ကိုယ်က အရမ်းကာရော လုပ်မိတော့ ဘေ့စ်ရည်တွေ အကုန်ပါးစပ်ထဲ ၀င်ကုန်ပါရောလား …
အဲ့ဒီတော့မှ ဘေ့စ် ဆိုတာ ဆပ်ပြာရည်မှန်းသိသွားတော့တယ်။ စိတ်ပေါက်ပေါက်နဲ့ သူများ အဖွဲ့က မှန်ပြီးသား ခွက်ကို အတင်းလိုက်တောင်းပြီး ဆရာမကို ပြလိုက်တော့ အမှတ်က အပြည့်….

သူမတို့ Physics ပရက်တီကယ်အချိန်က ညနေ ၅ ခွဲလောက်မှပြီးလေ့ရှိတော့ မထသတွေက သိမ်းကုန်ပြီ …. သူမတို့ ပြန်ချိန်ဆို သံလျင်ကနေ ရန်ကုန်ထဲထိပြန်ဖို့ ကားအင်မတန်ဒုက္ခရောက်တတ်လေသည်။ အရင်တပတ်က သူမတို့ ကားမရလို့ လမ်းလျှောက်ရင်းနဲ့ ကျိုက်ခေါက်ဘုရား …. အဲ့ဒီကနေမှ သံလျင်တံတားအထိ …. သူမတို့ အတော်လေးကို ပင်ပန်းသွားကြတော့ ဒီတခါ လမ်းလျှောက်ရမှာ လန့်နေကြပြီ။ အရေးထဲ လူပေါင်း ၃၀၀ လောက်ကို ဆရာတစ်ယောက်တည်းက လက်မှတ်ထိုင်ထိုးပေးတာဆိုတော့ စောင့်ရင်းနှုင့် တခါတလေ ၆ နာရီလောက်ထိုးသွားတတ်သည်။

ဒီတော့ သူမက … “ ဟဲ့ အာလုံး …. ဆရာကတစ်ယောက်တည်း လက်မှတ်ထိုးရတာ နိုင်ပုံမရဘူး … ငါတို့လဲစောင့်ရတာ ကြာတယ် …. ခုံနံပါတ် ခေါ်ပြီးရင် ဆရာ ဘုတ်မှာ ရေးပေးတာကို ငါတို့က Calculator နှိပ်ရုံပဲဆိုတော့ ပြီးတာ မြန်မှာဟ … ”

“အဲ့ဒီတော့ ….”

“ဒီလိုဟာ … နင်တို့သိတဲ့အတိုင်း ငါက လက်မှတ်တုထိုးတာ ကျွမ်းတယ်လေ… ဆရာ့ကို ငါဝိုင်းကူလိုက်မယ်.. ဒါဆို ငါတို့ စောပြန်လို့ရပြီ ဘယ်လိုလဲ”

“အာ …. ဖြစ်ပါ့မလား ငါကြောက်တယ်ဟ … တော်ကြာပေါ်သွားမှ ဒုက္ခရောက်မယ် နော်”

“ငါ ပိုင်ပါတယ် မော်ရာ …. နင် သန်လျင်တံတားထိလမ်းလျှောက်ပြန်ချင် ပြန်ပြီလား …”

အားလုံး သက်ပြင်း ပြိုင်တူချလျက် … “ကဲဟာ …. စမ်းကြည့်ရအောင် ..”

ဒီလိုနဲ့ ဆရာမ တစ်ယောက်က လက်တွေ့ချိန်လာကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဆရာက ကျောက်သင်ပုန်းပေါ် စာတွေချရေးတော့တာပဲ … ပြီးတာနဲ့ Calculator နှိပ်ရမယ့်နေရာကျတော့ ကွက်လပ်လေးတွေချန်ထားလိုက်ကရော။
သူငယ်ချင်းတစ်ယောက်ကပဲတွက်ပြီး အဖြေတူတူကူးရေးလိုက်တယ်။ ကဲ ပြီးပြီ …. အမှတ်ခြစ် လက်မှတ်ထိုးဖို့ပဲကျန်တော့တယ်။

“ကဲ … ပေးကြတော့ မြန်မြန် ….” လို့ မိကေကလောဆော်လိုက်တယ်။

ပြီးတော့ ဘေးနားက မော်ရဲ့စာအုပ်မှာ အမှတ်ကောက်ခြစ်ပြီး လက်မှတ်ထိုးလိုက်တယ်။ တူတာမှ ခွဲမရဘူး။
ဒီတော့မှ ကျန်တဲ့သူတွေလဲ ယုံပြီး စာအုပ်တွေလာပေးကြတယ်။
ဒါကို ဘေးက ကျောင်းသူ တစ်ယောက်က ကွက်ကြည့် ကွက်ကြည့် လုပ်နေတာနဲ့ လဲ့ ကသတိလှမ်းပေးတယ်။

“ဟဲ့ … ငါတို့ကိုကြည့်နေတယ် သွား ချွန်ရင် ဒုက္ခပဲ ” …

ခဏနေတော့ သူက ဖျက်ကနဲ ကိုယ့်ဘေးလာပြီး … “ငါ့ကိုလဲ လက်မှတ်ထိုးပေး၊ ငါ့ဘဲ အပြင်မှာစောင့်နေလို့ … ငါ စောပြန်ချင်လို့” တဲ့ ….

အဲ့ဒီတော့မှ ကိုယ်တွေလဲ ပြုံးနိုင်၊ သက်ပြင်းချနိုင်တော့တယ်။

Credit to http://www.vspecialist.co.uk for Image

Monday, March 5, 2012

အခါလွန်မိုး(၁)




မိုးကောင်းကင်ကြီးသည် ကြည်လင်နေရာမှ တဖြည်းဖြည်းမှိုင်းညှို့လာသည် …. ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေနုအေးထဲမှာ မိုးရွာမယ့် အငွေ့အသက်တွေပါနေတာသိပေမယ့် သူမ နေရာမှ မထမိသေး …. ဖြစ်နိုင်လျှင် ဒီခုံတန်းပြာလေးမှ တဖ၀ါးမှ မခွာချင် ……. အဝေးကကြည့်လျှင် သူမသည် အတွေးတစုံတရာမှာနစ်မြောနေသလိုလို …. ပစ္စုပ္ပန်မှာပဲ သူမကိုယ် သူမပျောက်ဆုံးနေသလိုလို …. ဒါပေမယ့် အနီးကပ်ကြည့်မယ်ဆိုရင်တော့ ငွေ့ရည်ဖွဲ့နေတဲ့ တိမ်တစ်အုပ်ကိုသူမမျက်ဝန်းထဲမှာ တိတ်တဆိတ်သိုဝှက်တားတာကို တွေ့ကြရလိမ့်မယ်ထင်ပါတယ် ….

မိုးက ခပ်ဖွဲဖွဲရွာကျလာသည် ……. ဖွဲရာမှ သည်းသည်းမည်းမည်း …. သူမ ဆက်လက်ထိုင်နေတုန်း …..
သူမ အသိထဲမှာ မိုးရွာခြင်းကိုမသိ ….. စိုစွတ်ခြင်းကိုမသိ …. အရာရာကို မသိ ….. သူမစိတ်တွေက ကုန်လွန်ခဲ့သော ကာလအချို့ဆီပျံသန်းဆဲ ……

လွန်ခဲ့သော(၂)နှစ်ခန့်က သိပ်ချစ်ကြသော သူငယ်ချင်း ခြောက်ယောက်ဖြင့်ဖွဲ့စည်းထားသောသူငယ်ချင်းတစ်စု အရှေ့ပိုင်းတက္ကသိုလ်တွင် ရှိခဲ့ဖူးလေသည်။ ရူပဗေဒ ပထမနှစ်စတက်ကြတာဘာမှ မကြာသေးတဲ့ ကာလတိုလေးမှာအတွင်းမှာတင် တစ်ယောက်ချင်းစီရဲ့ သီးသန့်အရည်အချင်းလေးတွေနဲ့ သိပ်စည်းလုံးကြသော သူမတို့အဖွဲ့လေးကို တစ်တန်းလုံးက သတိပြုမိခဲ့ကြသည်။

သူသူဆိုတဲ့ ကောင်မလေးက သူတို့အဖွဲ့ထဲမှာ အသက်အကြီးဆုံးနဲ့ ရုပ်အနုဆုံးလို့ပြောလို့ရမည်ထင်ပါတယ် .. သူသူက ဆံပင်အနီရောင်ဆိုးထားပြီး မျက်မှန်လေးနဲ့ ခပ်ချောချော တရုတ်မလေး။ သူမက သင်္ချာတော်သလို၊ အင်္ဂလိပ်စာလက်ရေးအလွန်လှပြီး သူများကို အလွန်အမင်း ကူညီတတ်သူလေးပါ … သူမက သူမသူငယ်ချင်းမိသားစုဝင်များကို သူမ မိသားစုဝင်ကဲ့သို့ တွယ်တာတတ်သူတစ်ဦးလဲဖြစ်နေပြန်သေးတယ်။

နောက်တစ်ယောက်က ချို တဲ့ … အဖွဲ့ထဲက ဒုတိယအကြီးဆုံးဖြစ်ပြီး အငယ်တွေချွဲတာအခံရဆုံးသူ … သူမကတော့ ဆံပင်အရှည်ကြီးမှာ အနည်းဆုံး ပန်းတစ်ပွင့်တော့ ပန်ထားသည်ချည်း။ များသောအားဖြင့် ဆံပင်ကို ကျစ်ဆံမြီးသေသပ်စွာကျစ်လေ့ရှိသူ … ၀တ်စားလျှင်လည်း မြန်မာဆန်ဆန် ယဉ်ယဉ်လေးနှင့် ဆွဲဆောင်မှု့ရှိသူလေးပါ ….

နောက်တစ်ယောက်က လဲ့ … သူမက ဖြူဖြူ၊ သွယ်သွယ်၊ မြင့်မြင့် … ခါးလောက်ထိ ဆံပင်ရှည်ကို ကလစ်တခုတည်းနှင့်သာ စုညှပ် သိမ်းချည်လေ့ရှိသူ … တော်ရုံနှင့်လည်းစကားမပြော … ခပ်အေးအေးနေတတ်သူကလေး။ သူမက အဖွဲ့ထဲမှာ အလှဆုံးရယ်လို့ တဖွဲ့လုံးကတညီတညွတ်တည်းသတ်မှတ်ထားခြင်းခံရသူ …

နောက်တစ်ယောက်က ပြည့်ပြည့် …. သူမက နာမည်နှင့်လိုက်ဖက်စွာ ခပ်ပြည့်ပြည့်လေး … စွဲဆောင်မှုရှိတဲ့မျက်ဝန်းနဲ့ သိပ်လှတဲ့အသားအရေရှိသူ …. သူမကျတော့ သူငယ်ချင်းတွေကိစ္စတခုခုကို ငြင်းကြ၊ ခုန်ကြပြီဟေ့ဆိုလျှင် ဘယ်တော့ဝင်ပါလေ့မရှိ။ ဘယ်သူနှင့်မှလည်းအငြင်းမပွားတတ်ပေ …. သူမသည် စာလဲတော်သော ကျောင်းသူလေးတစ်ယောက်ပေ။

နောက်တစ်ယောက်က မော် တဲ့ ….. မော်ကတော့ ကရင်တိုင်းရင်းသူလေးပေါ့ …. ရိုးသားလွန်းတဲ့ မျက်နှာပေးလေးနဲ့ ဖြူစင်သူလေးပါ ….. တခါတလေတော့ ဂဂျီဂဂျောင်ကျတတ်သူ … သူမအနွံအတာကို ချိုနဲ့ ဂုတ်ဝဲမလေးက အခံရဆုံးပေါ့ ……

နောက်ဆုံးတစ်ယောက်က ဂုတ်ဝဲမလေး …. သူမ နာမည်က မိကေ။ တဖွဲ့လုံးမှာ အငယ်ဆုံး။
သူမက ခပ်နောက်နောက်ကောင်မလေးတစ်ယောက်ရယ်သာ … ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းပြီး သောကကို တတ်နိုင်သမျှ မမွေးမြူသူ … သူမအတွက် စိတ်ညစ်တယ်ဆိုတာ မိနစ်ပိုင်းမျှသာခံပြီး ….အရာတော်တော်များများကို အကောင်းဘက်မှလှည့်တွေးနိုင်အောင် သူမ အမြဲကြိုးစားလေ့ရှိသည် … သူမရဲ့ဒီလိုအကျင့်လေးတွေကြောင့် လူချစ်လူခင်များသလို၊ သူမ၏ အစ အနောက်ကိုခံရသူများကလည်း ဗွေမယူတတ်ကြပေ ….

သူမတို့ ခြောက်ယောက်သည် ညီအစ်မရင်းကဲ့သို့ သိပ်ချစ်ကြသော သူငယ်ချင်းများဖြစ်လေသည်။

တစ်နေ့ စာသင်ခန်းထဲမှာ မြန်မာစာဆရာမ စာရှင်းပြနေခိုက်

“အားးးးးး”

မသဲမကွဲ ခပ်အုပ်အုပ်အော်သံတခုကြောင့် ဆရာမ စာရှင်းပြနေရာက တုန့်ကနဲရပ်သွားပြီး အော်သံကြားရာကို လှမ်းကြည့်လိုက်တော့ ဂုတ်ဝဲဆံပင်တိုနှင့် ပါးမှာပါးကွက် ခပ်သေးသေးကွက်ထားတဲ့ ချစ်စဖွယ်ကောင်မလေးတစ်ယောက်၊ စက္ကူနဲ့ လုပ်ထားတဲ့ ခပ်ထူထူ မြှားတစ်စင်းကို ကိုင်ရင်း ဟိုလှည့် ဒီလှည့်လုပ်နေတာတွေ့လိုက်ရတယ် …

“ တက္ကသိုလ်ရောက်နေကြပြီ ကလေးတုန်းကလို ဆော့တာမျိုးတွေနဲ့ စာသင်တာကို အနှောက်အယှက်မလုပ်ကြနဲ့လေ … ကဲ ကဲ ဆက်ရအောင် … ”

ဆရာမကတော့ ကောင်လေးတစ်ယောက်ယောက်က စနောက်ပြီး ဂုတ်ဝဲမလေးကို မြှားနှင့်ပေါက်လိုက်ပြီထင်လို့ဟန့်လိုက်ခြင်းပါ။ … တကယ်က ရှေ့က ပဲခပ်များများကောင်လေးကို ကောင်မလေးက မြှားနဲ့ပေါက်လိုက်ခြင်းသက်သက်သာ ….
ဘယ်သူမှမရိပ်မိအောင် အဲ့ဒီကောင်လေးကို ခပ်စူးစူးကြည့်ပြီး သူမကပဲ အပေါက်ခံရသယောင်ယောင်ပြုလိုက်ခြင်း ဆိုတာ သူမရဲ့သူငယ်ချင်းတွေ အားလုံးအသိ …
ကျန်သူငယ်ချင်းငါးယောက်စလုံး ရယ်ချင်စိတ်စွန်းနေသောမျက်နှာတွေကို ဆရာမ မမြင်နိုင်အောင်ခေါင်းတွေငုံ့လျက်ကပင် တခိခိ ဖြစ်နေကြသေးသည် … ကောင်လေးကတော့ သိပ်မကျေနပ်လှ …

အတန်းပြီးတော့ သူမတို့အုပ်စု အတန်းပြင်ထွက်လာကြပြီး ခုနကကိစ္စပြောရယ် ရယ်ကြပြန်သည်။

“မိကေ … နင်ကတော့လေ … လုပ်လိုက်ရင် ပေါက်ကရချည်းပဲ …. တော်ကြာ ဟိုကောင်လေးက မကျေနပ်လို့ လိုက်ရိုက်ရင် နင်ပြေးပေါက်မှားနေဦးမယ်”

မိကေကတော့ ထုံးစံအတိုင်း ပြုံးဖြီးဇြီး ……

“ပြောမနေဲ့ ချိုရေ … သူက ပြန်မပြော နားမထောင် …. ဟိုက မိန်းကလေးများလို့ ဘာမှပြန်မပြောတာ ..”

သူတို့ပြောနေရင်းတန်းလန်း ဘေးက အရပ်ခပ်ရှည်ရှည်ကောင်လေးတစ်ယောက် ဖြတ်အသွား …..

မိကေက ရုတ်တရက်ထအော်လိုက်သည် …. “အရှည်ကြီး …….. အရှည်ကြီး” …
ကောင်လေးကလဲ ရုတ်တရက်ကြောင်ပြီးလှည့်ကြည့်လိုက်တော့ …. မိကေက လက်တစ်ဘက်ကို ခပ်မြင့်မြင့်မြှောက်လိုက်ပြီး …. “ အရှည်ကြီးတွေ တစ်ကုံးမှ တစ်ကျပ်တည်းနော် … အကိုလေး စံပါယ်ပန်းဝယ်ပါဦးလား” တဲ့ …..

ဟိုခမြာ ဆက်လျှောက်ရမလို ရပ်ရမလိုနဲ့ အိုးတိုး အမ်းတမ်း … .သူမကတော့ ခပ်တည်တည်နှင့် ကော်ရစ်ဒါအကွေ့ထိ ဆက်လျှောက်သွားလိုက်သေး၏ …. သူမက အဲ့လိုကောင်မလေးမျိုးပါ ….

Credit to http://yarnstorm.blogs.com for Image