ကျုပ်နာမည် လှဝင်း … လူပျိုကြီး မောင်လှဝင်းပေါ့ … ကျုပ်ကတစ်ဦးတည်းသောသား …... ကျုပ်ညီ၊ညီမတစ်ဝမ်းကွဲတွေကတော့ ကျုပ်ကို “ကိုကိုကြီး” လို့ခေါ်ကြတယ် … ခေါ်ဆိုကျုပ်ကတစ်ဝမ်းကွဲမောင်နှမတွေကြားမှာ အကြီးဆုံးပဲလေ ….ကျုပ်ကို လူတွေက နဲနဲလွတ်နေတယ်လို့ပြောကြတယ် …… ကျုပ်ကိုယ်ကျုပ်တော့ အကောင်းထင်တာပဲ …ကြည့်လေ … ကျုပ်က အစိုးရရုံးတစ်ရုံးမှာ စာရေးအလုပ်လုပ်နေတာ … ကျုပ်သာလွတ်နေကြည့်ပါလား … ကျုပ်ကို အလုပ်ခန့်မလား … ဝေးပါသေးတယ်လေ ….အဲ့ဒီတော့ လူတွေက ဘာပြောတယ်မှတ်သလဲ “ယဉ်ယဉ်လေး မို့လို့ပါကွာ” တဲ့ … တတ်လဲ တတ်နိုင်ကြပါပေ့ ….
ကျုပ်အလုပ်ကောင်းကောင်းလုပ်တယ် … ကျုပ်မှာ မုဆိုးမ အမေကြီးရှိတယ် …ကျုပ်က ဗုဒ္ဓဟူးသား၊ အမေက စနေသမီး …. ကျုပ်အမေက အမွေရထားတဲ့ တိုက်ခန်းလေး လူငှားတင်ထားတော့ သားအမိနှစ်ယောက်စာ မပူရဘူးလေ .. ဒါကို ပတ်ဝန်းကျင်က ဘာပြောတယ်မှတ်သလဲ “စနေ၊ဗုဒ္ဓဟူးမို့ ရူးတာတောင်မဆင်းရဲတာ” တဲ့လေ ..
တကယ်ပြောတာပါ ကျုပ်က လူကောင်းဗျ ….. တခါတလေ စိတ်ထဲရှိတာလေးပဲလုပ်တတ်တာပါ …. ဟိုတစ်နေ့ကအကြောင်းပြောပြဦးမယ် ….ကျုပ်အလုပ်ကပြန်လာတော့ ကားမစီးချင်လို့ လမ်းလျှောက်ပြန်တယ် … ကန်တော်ကြီးဘက်ကို ပတ်ပြီးပြန်တာဗျ … ရှုခင်းလေးလဲကောင်း၊ လေကောင်းလေသန့်လဲရ … ကျုပ်အတွေးနဲ့ကျုပ်အဟုတ်ဗျ …..ကန်ကြီးဘေးရောက်တော့ ကျုပ်စိတ်ထဲ ရေထဲဆင်းစိမ်ချင်လိုက်တာဗျာ … ဒါနဲ့ကျုပ်လဲ ၀တ်ထားတဲ့ ပုဆိုးရယ်၊ အင်္ကျီရယ်ကို ချွတ်ပြီး ကျုပ်ရဲ့လွယ်အိတ်လေးထဲထည့် ထမင်းဗူးလေးဘေးချပြီး ဘောင်းဘီတိုလေးနဲ့ရေထဲဆင်းပါရောလား … နေလို့ကောင်းလိုက်တာဗျာ အေးနေတာပဲ …. ရေစိမ်လို့ဝတော့ ကမ်းပေါ်ပြန်တက်လာတာပေါ့ ….. ကျုပ်ချထားခဲ့တဲ့ ပစ္စည်းတွေတစ်ခုမှမရှိတော့ဘူးဗျ … တစ်ကောင်ကောင်ဖြောင်သွားတာနေမယ် … ဒါပေမယ့် ကိစ္စမရှိပါဘူးလေ … ကျုပ်ပဲသိတယ်မဟုတ်လား …. အဲ့ဒီနားရှိတဲ့အပင်တွေက အရွက်ခပ်ကြီးကြီးတွေရွေးပြီး တွေ့ရာကြိုးနဲ့သီ … ခါးမှာပတ်ပြီးပြန်တာပေါ့ …. လူတွေက ကျုပ်ကိုဝိုင်းကြည့်ပြီး တီးတိုးပြောကြတယ် … ရယ်မောကြတယ် … ကျုပ်သိပါတယ် “ဒီလူ အရူးနေမယ်” လို့ပြောနေကြတာနေမှာပေါ့ … ကျုပ်က လူမြင်ကောင်းအောင်လဲ လုပ်လာရသေးတယ် …. လူတွေ လူတွေ ခက်တယ်ဗျာ ….. အဲ့ဒါကြောင့် ကျုပ်လူတွေကိုကြည့်မရတာဗျ ….
အားနေ သူများကိစ္စပဲစိတ်ဝင်စားနေကြတယ် ….
နောက်တစ်ရက်ကျတော့လဲ ထမင်းစားတာ ဟင်းချိုမပါလို့ အမေ့ကိုဂျီကျပြီး ပန်းကန်ထဲရေတွေလောင်းထည့်ပြီးစားမိပါတယ် … အမေကြည့်ပုံက တစ်မျိုးဗျ ….ကျုပ်အမေ ကျုပ်ကိုအဲ့လိုတခါမှမကြည့်ဖူးဘူး ဗျာ …. အမေ့မျက်လုံးထဲက အရိပ်တွေကြည့်ပြီး ကျုပ်စိတ်မကောင်းတောင်နည်းနည်းဖြစ်သွားပြီ …. အမေကပါ ကျုပ်ကို အရူးလို့ ထင်နေပြီလားဗျာ …..
ဒီနေ့ ကျုပ်စိတ်တွေအရမ်းရှုပ်နေတယ် … အလုပ်မှာလဲ လူကြီးက ငေါက်တာခံရသေးတယ် … အိမ်ပြန်ရောက်တော့လဲ အင်္ကျီဝတ်ကြီးနဲ့ရေချိုးလို့ဆိုပြီး အမေက ထပ်ဆူသေးတယ် … စိတ်ရှုပ်တယ်ဗျာ … ကျုပ်စိတ်တွေအရမ်းတိုလာပြီ … ကျုပ်အထက်လူကြီးကိုလဲ မကျေနပ်ဘူးဗျာ … ကျုပ်စိတ်တွေကိုထွက်ပေါက်ပေးချင်တယ် …. ကျုပ် တံခါးနားကို ပြေးသွားပြီး သံပန်းတံခါးကို ၀ုန်းဒိုင်းကြဲနေအောင် ဆွဲခါရမ်းနေမိတယ် … မရသေးဘူး … စိတ်မပြေသေးဘူး … ကျုပ် ၀ရန်တာကို ထွက်လိုက်တယ် …. ကျုပ်ပါးစပ်ကလေ ဖရုဿဝါစာတွေ အကျယ်ကြီးပဲ ….. အော်ဟစ် ဆဲဆိုပစ်လိုက်တယ် …. ကျုပ်နေသာထိုင်သာ နည်းနည်းရှိသွားပြီ …. အိမ်ထဲပြန်ဝင်ပြီး လှဲလိုက်ဦးမယ်ဗျာ …. အလိုကျုပ်ရှိနေတဲ့ ၀ရန်တာကို သော့ခတ်ထားပါလား …. ပြီးတော့ ဆေးထိုးအပ်ကိုင်ထားတဲ့ အိမ်နီးချင်းဆရာဝန် …. ကျုပ်ရဲ့ ဦးလေးတွေရော ရောက်နေပါလား …. ရောက်ဆို ကျုပ်တို့အမျိုးတွေက ကန်ထရိုက်တိုက် တစ်လုံးမှာ စုနေကြတာလေ … ဘာတွေလဲ …. ကျုပ်စိတ်ပြန်ရှုပ်လာပြန်ပြီ …. ၀ရန်တာတံခါးကို ကျုပ်ကိုယ်နဲ့ပစ်တိုက်ပစ်တယ် …. ကျုပ်ဦးလေး အငယ်က “ဟေ့ရောင် ဖိုးလှဝင်း စိတ်ကိုထိန်းကွာ” တဲ့ … ကျုပ်ဘာမှမှမဖြစ်တာ သူတို့လုပ်ပုံလဲကြည့်ဦးဗျာ … ကျုပ်ကိုဝိုင်းချုပ်ကြတယ် …. ချုပ်သာချုပ်ကြတာ ကျုပ်အရပ်က ၆ ပေအတိ၊ သူတို့က ကျုပ် ချိုင်းလောက်ပဲရှိကြတာ … ကျုပ်လဲ အတင်းရုန်းတာပေါ့ … ဆရာဝန်ကလဲ ဆေးထိုးအပ် တကဲကဲနဲ့ … ထိုးမယ်ဆိုတာချည်းပဲ ….
...
.....
.........
..............
………………..
ကျုပ် အိပ်ယာနိုးလာပြီ ….. “အမေရေ .. ကျုပ်ဗိုက်ဆာပြီ” ….
ဟင် … အမေဘယ်ရောက်နေပါလိမ့်? … ကျုပ်ရော ဘယ်ရောက်နေတာပါလိမ့်? …..
ကျုပ် …. ကျုပ် ထောင်ထဲမှာပါလား …. အမေ … အမေရော …. ကျုပ်အော်ဟစ်မိပြန်ပြီ ….
ဆဲဆိုမိပြန်ပြီ…. ကျုပ်ကိုလာတားတဲ့သူတွေကို ကျုပ်ဆောင့်တွန်းပစ်လိုက်တယ် … ကျုပ်ကို ဘယ်သူမှ လာမထိကြနဲ့ဗျာ …. အမေ … အမေရေ … ကျုပ်ကို သူတို့ရိုက်တယ်ဗျာ …. ကျုပ်က ကြမ်းလွန်းလို့တဲ့လေ …. ကျုပ်အကောင်းပါဗျာ …
ကျုပ် မရူးပါဘူး ….. အမေရေ … ကျုပ်ကိုပြန်လာခေါ်လှည့်ပါဗျာ ……………….
Wednesday, February 25, 2009
ကိုကိုကြီး
Posted by ကြယ်ပြာ at 9:15 AM 8 comments
Labels: ၀တ္ထု
Sunday, February 22, 2009
နားလည်ပေးပါ
ကျွန်မဘလော့ကို အမြဲဖတ်လေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက်ကပြောတယ် … စာအသစ်မတင်လို့တဲ့လေ … အသစ်မတင်တာ လာဖတ်တဲ့သူငယ်ချင်းတွေကို မလေးစားတာတဲ့ … အဲ့ဒါနဲ့ ကျွန်မက “မဟုတ်ပါဘူးဟယ် … ဘလော့ဆိုတာ ရေးချင်တိုင်းရေးလို့ရတာမဟုတ်ဘူး … ဖီလင်လဲလာမှ အားချိန်လဲရှိမှ” လို့ပြန်ရှင်းပြမိပါတယ် …
ကျွန်မလည်းအနည်းဆုံး တစ်နေ့တစ်ပို့စ်တော့ တင်ချင်တာပေါ့ … ခုတလော ဘလော့လည်ဖတ်လို့မရအောင်ကို အလုပ်တွေကမပြီး … အလုပ်ကြွေးတွေက တစ်ဘက်၊ စိတ်ညစ်ညူးမှုတွေကတစ်ဘက်နဲ့ တော်တော် ကသိကအောင့်ဖြစ်နေမိပါတယ် …
မနေ့ကတော့ အတူနေသူငယ်ချင်းရဲ့မွေးနေ့အတွက် အိမ်မှာ နန်းကြီးသုပ် လုပ်စားကြတယ် … ကျွန်မတို့ ငယ်သူငယ်ချင်း ၄ ယောက်ရယ် ကြီးသူငယ်ချင်း ၂ ယောက်ရယ် စုပြီး ဓာတ်ပုံတွေရိုက်ကြ၊ စကားတွေပြောကြနဲ့ မနေ့ကတော့ တော်တော်လေးပျော်ဖို့ကောင်းခဲ့ပါတယ် ..
စီဘောက်စ်ထဲမှာ သူငယ်ချင်းတွေပြောထားတဲ့ နေကောင်းလား၊ အဆင်ပြေပျော်ရွှင်ပါစေ၊ ပို့စ်အသစ်မတင်ဘူးလား စတာတွေဖတ်မိရင် စိတ်က စာရေးချင်တယ် … တခုခုပေါ့ … ဘာလေးပဲဖြစ်ဖြစ်ရေးချင်တယ် … ဟူး …. ကျွန်မတကယ်ကို စိတ်ရှုပ်နေတာပါ ….း(
စိတ်ကျနေတာတော့မဟုတ်လောက်ဘူးထင်ပါရဲ့  …. အမြန်ဆုံးအဆင်ပြေသွားပါစေလို့ပဲ ဆုတောင်းရမှာပဲ … ကျွန်မပို့စ်တွေမတင်ဖြစ်ရင် စိတ်မရှိကြပါနဲ့ သူငယ်ချင်းတို့ရေ …
ကျွန်စိတ်ဆင်းရဲစရာတွေကြုံရင်လေ ကျွန်မလိုပဲ စိတ်ဆင်းရဲစရာမျိုး ကျွန်မသူငယ်ချင်းတွေမကြုံပါစေနဲ့လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးဖြစ်တယ် …
Posted by ကြယ်ပြာ at 4:42 AM 10 comments
Labels: တွေးမိတွေးရာ
Tuesday, February 17, 2009
သို့ ... လူကြီးများ
အလုပ်တွေအများကြီးပေးထားတဲ့ကြားက နောက်ထပ်အလုပ်တွေ အလုပ်တွေထပ်ထပ်လုပ်ခိုင်းတယ် ...
ဒီအလုပ်မှာက မြန်မာချည်းပဲ ၉ ယောက်ရှိတယ် ... မြန်မာတွေကို အသေခိုင်းတယ် ... ကိုယ်လုပ်ပေးလေ ပိုခိုင်းလေပဲ ... ဒီနေ့လဲ မန်နေဂျာကြီးက မေးလ်ပို့ပြီး Force လုပ်ပြန်တယ် ... ပြန်ပြောပြန်ရင်လည်းမကြိုက် ...
ပရောဂျက်ကလည်း Dead Line ကကျော်နေတာမှ ရက်ပိုင်းမဟုတ်ဘူး တစ်နှစ်ကြီးများတောင် ... ကိုယ်ရွှေမြန်မာတွေ ကံကောင်းလိုက်ပုံများ လူအမျိုးမျိုး၊ မန်နေဂျာအမျိုးမျိုးပြောင်းနေတဲ့ ဒီအရှုပ်ထုတ် ပရောဂျက်က ကိုယ်တွေအလုပ်ဝင်ချိန်မှပဲ တည်မြဲတော့တယ် ... ရှေ့ကဖားတွေ၊ ငရုတ်သီးတွေ ဖွခဲ့သမျှ ခေါင်းပေါ်လုံးလုံးကျလို့ မဟုတ်တာဖြစ်ရင် မြန်မာတွေ ဆိုတာချည်းဆိုတော့ နည်းနည်းချဉ်လာတာနဲ့ ဒီကဗျာရေးလိုက်တာ ...
“သို့ ... လူကြီးများ”
သူတို့တွေ နှိပ်စက်လိုက်ပုံများ
မဆုတ်သာ မတက်သာနဲ့
အဖြူအမည်းတောင် မသဲကွဲတဲ့ဘ၀မှာ
လုပ်သင့်တာကျ မျက်နှာလွှဲ
မလုပ်သင့်တာကျ အားတွေခဲလို့
လူတွေကို ကွန်ပြူတာအမှတ်နဲ့
ခိုင်းလိုက်တဲ့ Multi-tasking ….
စေ့စေ့တွေးပြန်တော့ ရေးရေးပေါ်
ငါတို့တွေအရေးမတော်ပုံများ
ငုံ့ခံလို့မျက်နှာရမယ်မထင်နဲ့
ဆုတ်ပြန်စရာ အခြေအနေနည်းလို့
ထောင်းမဟဲ့ ဆိုတာချည်း ….
အဟုတ်လုပ်ရင် နာမည်မထွက်
မဟုတ်လုပ်ရင်တော့ အသေဖဲ့တဲ့
လူမျိုးကြီး စလုံးသားတွေ
ပေါချောင်ကောင်း မြန်မာတွေကို
ကျပ်ကျပ်သာဒီလိုဆက်ဆံ
နောင်တစ်နေ့ရောက်ခါမှ
“အိုကွယ် … မှားပါဘိ” လို့
ဝန်ခံကာ တောင်းပန်ရမှာ
စိုးကြောက်ပါနဲ့ ………………………..
Posted by ကြယ်ပြာ at 2:35 AM 12 comments
Labels: ဟိုဟိုဒီဒီ