Saturday, June 13, 2009

အနာဂတ်မဲ့သော


မပီပြင်တဲ့အနာဂတ်တစ်ခုမှာ
အချစ်ဆိုတာကို ပုံဖော်ဖို့ခက်တယ်
ကိုယ့်နားရောက်ဖို့အတွက်
အကြီးမားဆုံးအခက်အခဲက
နင့်ရဲ့အလေးမြတ်ထားဆုံးအရာဆိုတော့လဲ
ငါ နားလည်ပါတယ် ….
ကိုယ်ချင်းလဲစာပါတယ် …
ငါကိုယ်တိုင်က နင့်ကိုဒုတိယနေရာပဲပေးနိုင်ခဲ့တာလေ ….
ဘာပြောရမလဲ … ဘာလုပ်ရမလဲ ….
ဘာလုပ်သင့်သလဲဆိုတာငါ သိပါတယ် …
မပီပြင်တော့တဲ့ မျှော်လင့်ချက်တစ်ခုနဲ့
ခရီးမဆက်ချင်တော့ပေမယ့်
မပြောရက်ဘူး ချစ်သူ
ပြောမထွက်ပါဘူး
ငါတို့လမ်းခွဲကြစို့ လို့ပေါ့ ….
နင်ငါ့အတွက်မစဉ်းစားပေးပေမယ့်
ငါနင့်အတွက်စဉ်းစားပေးတယ်
ဒီအချိန်မှာ နင်စိတ်မညစ်စေဖို့တော့
ငါနိုင်သလောက်ကြိုးစားမှာပါ ….
ငါတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်
နင်က “စိတ်မကောင်းဘူး” တဲ့လား …
ငါလဲ နင်နဲ့ထပ်တူပါပဲ ….
ငါ့တို့နှစ်ယောက်ရဲ့ အနာဂတ်မဲ့တဲ့ဒီနေ့
ငါတစ်သက်မမေ့ဘူးကွယ် ….
အချစ်ဆိုတာကို မကိုးကွယ်ပေမယ့်
ခုချိန်မှာ နင့်ဘေးကငါထွက်မသွားပါဘူး ….
ဖူးစာမပါလို့ မဆုံဖြစ်ကြတော့ရင်
နင်ရော ငါရော ၀မ်းမနည်းဖြစ်အောင်
ပြင်ဆင်ထားကြစို့ရဲ့ ……

Thursday, June 4, 2009

ပုံလေးသဘောကျလို့ ...


ဒီပုံလေးကို သဘောကျလို့တင်လိုက်တာပါ ... သူငယ်ချင်းတစ်ယောက် ဆီကရတာပါ ... ဆားချက်တယ်တော့လဲ မဟုတ်ပါဘူး ...း) ပုံလေးကို ကလစ်လုပ်ပြီး ချဲ့ကြည့်နော် ... စာတွေဖတ်မှ သဘောကျဖို့ကောင်းတာ ....

Monday, June 1, 2009

“မလှတဲ့ဘ၀တွေ”


“ဘ၀” တဲ့
ကဗျာဆရာတွေက စကားလုံးလှလှတွေနဲ့ ဖွဲ့သီကြတယ် …
စာရေးဆရာတွေက စကားပြေလှလှတွေနဲ့ ရေးစပ်ကြတယ် …
ဒါပေမယ့် ဘ၀တွေကတော့ မလှရှာကြပါဘူး …
လက်လုပ်လက်စား၊ ပညာတတ်လူတန်းစား
ခေါင်းရွက်ဗျက်ထိုး၊ အစိုးရ၀န်ထမ်း
သူ့အလွှာနဲ့သူ သူ့အထွာနဲ့သူ
ရုန်းကန်လိုက်ကြရတာများ
တခါတခါ လူဆိုတာတောင် မေ့မေ့သွားတယ် ….
(၂၁)ရာစုမှာ လူတွေကစက်ရုပ်ဖြစ်
ခံစားချက်တွေမျိုးတုန်း အကြင်နာတွေဆိတ်သုဉ်းကုန်ကြတာ
တိုးတက်လာတာလား ဆုတ်ယုတ်သွားတာလားဆိုတာ
စဉ်းစားဖို့တောင် ဦးနှောက်တွေက အားမရှိကြတော့ဘူး …
အလုပ်ပြီး အလုပ်
အလုပ်ပြီး အလုပ်
အလုပ်ပြီး အလုပ် ……..
စားဝတ်နေရေး ဒီအရေး(၃)ခု ပြေလည်ဖို့ကလွဲရင်
ကျန်တာတွေ ဘာမှမသိတော့တဲ့ဘ၀တွေ ……
နင်းပြားဖြစ်နေတဲ့ဘ၀တွေ ……
မော်မကြည့်ရဲတဲ့ဘ၀တွေ …..
ခံစားချက်မဲ့ဘ၀တွေ …..
အနှိမ်ခံဘ၀တွေ ……
ဘ၀ ဘ၀ချင်းဝါးစားခံရတဲ့ဘ၀တွေ …..
အသားမာတက်နေလိုက်ကြတာဆိုတာမှ
နာလို့နာနေမှန်းတောင် မသိကြတော့ဘူးလေ ……
ကဲ …. ဒီထက်ဝမ်းနည်းစရာကောင်းတာ ဘာရှိဦးမှာလဲ ……