Sunday, September 14, 2014
" ယုံ ....... "
ဆံပင်ရှည်ရှည် နဲ့ ပါးချိုင့်လေးပေါ်အောင် ပြုံးတတ်တဲ့ ကောင်မလေးတစ်ယောက်ကို စိတ်ကူးယဉ်ပြီး ကောင်လေးတစ်ယောက်အနေနဲ့ ဒီကဗျာကို ရေးထားတယ်။
လေပြေနုသွေးက ရယ်သွမ်းသွေးတဲ့အခါ
.
မင်းဆံနွယ်တွေက လေထဲ တ၀ဲဝဲလွင့် …
.
ပါးချိုင့်လေးတစ်ဘက်ရဲ့ မှော်အပြုံးအောက်မှာ
.
ကျရှုံးချင် ရှုံးပါစေတော့ရယ်လို့ ရဲရဲရင့်ရင့် သီကျူး …..
.
ဖြက်ကနဲ မိလိုက်တဲ့ အကြည့်တစ်ချက်နဲ့တင်
.
ထာဝရ ငြိတွယ်ခွင့်ပေးသနားစေဖို့ အကြောင်း ဆုတောင်းမိ ……
.
ငါ့စိတ်တွေက ၀ိဥာဉ်တစ်ကောင်လို
.
မင်းဆီ တွား လျား တိုး ကပ် ချော့ မြူ ….
.
မည်ကာမတ္တအလွမ်းလို့တော့ နာမည်မတပ်နဲ့ကွယ် ………
.
နေရောင်လင်းဖြာ ချိန်ကစလို့
.
တိမ်တွေရှက်စနိုး ငုံလျိုးသွားချိန်ထိ
.
မင်းကို တစိမ့်စိမ့်လွမ်းတယ် …. ယုံ ……
.
.
.
.
ရေးသူ - ကြယ်ပြာ
ရေးချိန် - စက်တင်ဘာ ၁၂ ရက် ညနေ ၂ နာရီ ၄၀ မိနစ်။
Tuesday, September 9, 2014
" အိမ်လွမ်းနာ "
အထီးကျန်မှုဆိုတာ
အိမ်ဝေးတွေအတွက် အနီးကပ်ဆုံးအဖော်၊
တိတိပပ ပြောရရင်
ခွဲထားခဲ့လို့မရတဲ့ နှစ်ကိုယ့်တစ်စိတ်။
အောင်မြင်မှုတွေထွန်ယက်ဖို့
မိသားစုဆိုတဲ့ရစ်သမ်တစ်ခုက ခွဲထွက်
ကိုယ့်သံပါတ်နဲ့ကိုယ် လည်ပတ်ကြတဲ့အခါ
စိတ်ဓါတ်နာဖျားမှုတွေက ဒုနဲ့ဒေး။
အခါခါလဲပြိုကျတိုင်း၊
အခါခါ ပြန်တည့်မတ်
ဒီလိုနဲ့ပဲ ကိုယ့်လမ်းကိုယ်ထိန်းမတ်ခဲ့ရပေါင်း
အကြောင်းတွေကလည်း မနည်းမနောပဲ။
သာသာယာယာပါပဲ
လစာထုတ်ချိန်၊ မိဘကိုကြွေးဟောင်းဆပ်ချိန်
ဒီတစ်ချက်နဲ့တင် စိတ်ဓါတ်တွေ အားပြည့်
နာဖျားမှုတွေ ဝေးလွင့်။
တစ်ခုလိုချင် တစ်ခုစွန့်လွှတ်ရသတဲ့
ငွေကြေးနဲ့ အိမ်လွမ်းနာ
ထပ်တူကျနေတာ ရင်အနာရဆုံးပဲ
လွမ်းဖူးသူတွေသာ သိလိမ့်မယ်။
လူတစ်ကိုယ် အကြောင်းတစ်မျိုးမို့
ဘယ်သူက ရိုက်ပြီး အတင်းဝေးခိုင်းနေလဲလို့
ခနဲ့တဲ့တဲ့ မေးခွန်းမျိုး
တဆိတ်…… မမေးလိုက်ပါနဲ့။
ကိုယ့်အတွက် ရေမကြည်၊ မြက်မနုတော့တဲ့အခါ
တော်ရာတွေရွှေ့ရင်း
သူကောင်းဖြစ်သွားသူတွေ ရှိသလို
သေချင်လို့ တောပြောင်းသွားတဲ့ ကျားတွေလဲရှိရဲ့။
ခြောက်ကပ်ကပ် ထမင်းဝိုင်းနဲ့ အေးစက်စက်မွေ့ရာ၊
သေသွားတဲ့အပြုံးတွေနဲ့ ခဲသွားတဲ့ မေတ္တာတရားတွေ
အပိုင်စားရထားတဲ့ ကျမတို့အိမ်ဝေးတွေ
အိမ်ပြန်ချိန်အတွက် အချိန်တွေဘယ်လောက်လိုမလဲ ရေတွက်ရင်း
တစ်နေ့ပြီး နောက်တစ်နေ့ ………..
Monday, September 8, 2014
" ချိုမြိန်စွာ ရစ်နှောင်တတ်သော "
Credit to blog.nus.edu.sg
“အင်း …. သံယောဇဉ် …. သံယောဇဉ် ”
သက်ပြင်းကို ခပ်ဖွဖွ ရှိုက်ထုတ်ရင်း သောက်လက်စ ကော်ဖီပူပူကို အလျင်စလို တစ်ကျိုက် မော့ချလိုက်တယ်။
လည်ချောင်းထဲ စီးမျောသွားတဲ့ ကော်ဖီအရသာကို ချိုသလား ခါးသလား မသိလိုက်မိချေ။
ဖြက်ကနဲ ကျမရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်စ တွဲလွဲခိုလာတယ်။
ကော်ဖီသကြားလုံးလေးတစ်လုံးကို ကျမနှုတ်ခမ်းဝအထိ တယုတယ ခွံ့ကျွေးခဲ့တဲ့သူ့ရဲ့ ကြည်စင်တဲ့ အပြုံးက စွဲမက်စရာ။ ပြီးတော့ သကြားလုံးခွံလေးတွေကို သူ့ဒိုင်ယာရီစာအုပ်ကြားထဲ ခပ်ဖွဖွ ညှပ်သိမ်းလိုက်တယ်။
ဒါ ကျမနဲ့ပတ်သတ်တဲ့ အမှတ်တရ တွေကို သူငယ်ချင်းဘ၀ကတည်းကခုချိန်ထိ သိမ်းဆည်းနေကျနည်းလမ်းတစ်ခုပါ။
သူ့လှုပ်ရှားမှုတိုင်းကို မပျင်းမရိ တမေ့တမော လိုက်ငေးနေတဲ့ ကျမ ကို လှည့်ကြည့်ပြီး ကျမဆံပင်တွေကို အသာအယာဆွဲဖွလိုက်ရင်း လှစ်ကနဲပြုံးလိုက်တယ်။
သူပြုံးလိုက်တိုင်း မျက်လုံးလေးတွေကပါ အရောင်တောက်ပြီးလိုက်ပြုံးသွားတာလေးကိုလေ ကျမ ချစ်လိုက်တာ။
သူနဲ့ ကျမရဲ့ ရွှေရောင်နေ့ရက်တွေထဲမှာ ဘတ်စ်ကား ကြပ်ကြပ်တိုးစီးခဲ့တာတွေလဲ ပါရဲ့၊
အဓိပတိလမ်းမှာ လမ်းလျောက်ခဲ့တာလဲပါရဲ့၊ ရောင်စုံကျောင်းသူ၊ကျောင်းသားတွေကို လိုက်ငေးရင်းလဲ ပျော်ခဲ့ဖူးတာတွေလဲ ပါရဲ့ … ကံ့ကော်ပန်းလေးတစ်ပွင့် ကျမခေါင်းပေါ် ပန်ပေးခဲ့တာလဲပါရဲ့ ….
ဂန္ဓ၀င် သစ်ပုပ်ပင်ကြီးကို မှီပြီး ချစ်ခွန်းသီခဲ့တာတွေလဲပါရဲ့ ….
ရေတမာပင်အောက်ထိုင်ပြီး မင်းလူဝတ္ထုတွေကို နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီး ဖတ်ခဲ့ရတာတွေလဲပါရဲ့ ….
ကျမတို့နှစ်ယောက်အတွက် အမှတ်တရဆိုတာ တိုက်လာတဲ့ လေပြေညင်းလေးတွေက အစ
ခြေလှမ်းအောက်က ရွက်ခြောက်ကြွေလေးတွေ အဆုံး သိပ်သိပ်သည်းသည်းပါဝင်ခဲ့ကြတယ်။
.
.
.
.
.
.
“ ဟဲ့ အမေကြီး တစ်ယောက်တည်း ပြုံးလို့ပါလား ဟ … ဘာတွေ များ သဘောကျနေတုန်း”
ဆက်ကနဲ တုန်သွားတဲ့ ကျမ လက်ကကော်ဖီခွက်ပါလွတ်ကျပါလေရောလား။
“အမယ်လေး … ပူလိုက်တာတော် …. အဖေကြီးကလဲ အလန့်တကြား …..”
သူ ….. အပြေးကလေး ဖြေညှင်းစွာလှမ်းလာပြီး ကျမလက်က ကော်ဖီပူတွေကို တယုတယ ပွတ်သုတ်ပေးလိုက်တယ်။
တွန့်နေတဲ့ အရေးအကြောင်းတွေ ကြားက ကြည်စင်တဲ့ အပြုံးတွေ သူ့နှုတ်ခမ်းမှာ တွဲလွဲခိုနေတုန်း။
လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေး သူ နဲ့ ကွမ်းယာသည်လေးကျမ ခုတော့ ကျောင်းထဲမှာ
လက်ဘက်ဆိုင်လေးတစ်ဆိုင်အခြေတည်လို့ ကျမတို့ရဲ့ အမှတ်တရတွေလဲ ဝေစည်ဆဲ၊
မပြောင်းလဲတဲ့ ချစ်ခြင်းတွေလဲ တိုးပွားဆဲ ….
သံယောဇဉ်တွေလဲ တနေ့ထက် တနေ့ ခိုင်မာဆဲ ……..
Friday, May 23, 2014
" အပြောင်းအလဲ "
 မနေ့တနေ့ကတင်
 တိမ်ညိုတွေ ထမ်းပိုးထားတဲ့ ကောင်းကင်ဟာ
 ပြိုမယောင်နဲ့ ညို့ ….
 ပြောင်းလဲမှုဆိုတာ အကြိုအကြား ဂရုစိုက်မှုတွေကနေ
 ခပ်စိပ်စိပ်သို့ ….
 ဘ၀ဆိုတာ စီးဆော စီးနေသလို ….
 တိတိပပ တည်မြဲတာဆိုလို့ မမြဲခြင်းတရားတစ်ခုတည်းဆိုတဲ့နောက်
 ကောင်းကင်ကြီးကျကွဲမလား …
 မြေကြီးတွေ ပျံတက်သွားမလားရယ်လို့
 မကြောင့်ကြဖြစ်တော့တဲ့အခါ
 စိတ်တွေဟာ မေတ္တာခြုံလို့ လုံလွန်းလှတယ်။
" သောကြာတမ်းချင်း (၇) "
 ဆန္ဒတွေက
 ပစ်စလတ်ခတ်ရင်ခွင်ထဲ
 ကိုယ်မပျိုးပဲနဲ့ အလေ့ကျပေါက်ခဲ့တာပါ ..
 အညွန့်တလူလူနဲ့ ကောင်းကင်ကို မျှော်ကြည့်ခိုက်
 လမိုက်ညတွေတော့ မရှိစေချင်ခဲ့ဘူး။
 ဘယ်တော့မှ မဟောင်းတဲ့ ဂီတသံ
 နားထဲ ညက်ညက်ကလေး ၀င်တယ်။
 “ရန်ကုန်မှာသာတဲ့ လ” တဲ့လား …
 မျက်စိမှိတ်ထားရင်း ခပ်ဖွဖွလိုက်ညည်း
 ရင်ထဲမှာ ဘယ်တော့မှငြီးမသွားတဲ့ သံစဉ်
 ဒီလိုနဲ့ပဲ ကိုယ့်နေ့တွေ သာယာဖူးခဲ့တယ်။
" အချစ်ကြောင့် ............. "
 ခံစားချက်ဆိုတာက
 ဘယ်တော့မှ မျိုးမတုန်းတဲ့အရာ
 တလှိုက်လှိုက်တုန်လာတဲ့ရင်က
 ပျော်စရာကြောင့်ပဲဖြစ်စေရမှာပေါ့ ….
 မက်မောမှုတစ်စုံတစ်ရာ မရှိတော့ရင်
 ကိုယ်လွတ်ရုန်းစရာမလိုအောင်
 သံယောဇဉ်နှောင်ကြိုးတွေ ငါကိုယ်တိုင်ဖြတ်ပေးမယ်။
 ရင်နာတာတွေ၊ မကြင်နာတာတွေ ထည့်မတွက်နဲ့
 အတိတ်ဆိုတာ စိတ်တူ၊ ကိုယ်တူ ကခဲ့ကြတဲ့ဇာတ်
 ဇာတ်သိမ်းကိုပုစ္ဆာတစ်ပုဒ်လို အတိအကျတွက်ထုတ်လို့ ရနိုင်သလား?
 နှလုံးသားကို မျက်ရည်နဲ့ ထုံမွှမ်းရမယ်ဆိုရင်
 ငါကတော့ ပစ္စုန်ပ္ပန်ကိုပဲ မွေ့လျော်တယ်။
 နင့်ကို ချစ်တဲ့ အချစ်တွေ လက်ရှိအတိုင်း တည်စေ။
" ငါတို့ခေတ် "
 တိတ်ဆိတ်ခြင်းမှာ ဆူညံသံတွေစွက်လို့
 ငြိမ်းအေးသယောင်ယောင်နဲ့ ပူလောင်နေတယ်။
 ကပိုကရိုအလှတွေနဲ့ ၂၁ရာစုထဲမှာ
 တံလျပ်တွေတဖိတ်ဖိတ်လက်နေတာကိုမှ ရိုးကျိုးနေသူတွေက တပုံတပင်။
 အစစ်အမှန်ဆိုတာ ခေတ်ရဲ့တောင်းဆိုမှုအရ
 Demand အရမ်းနည်းသွားတဲ့ တန်ဘိုးရှိတဲ့အရာ။
 သူလို ကိုယ်လိုတွေနဲ့ ကိုယ့်ကိုကိုယ် ကြေးတက်နေသယောင်ယောင်
 အတုတွေက အစစ်တွေကို ပြန်လှည့်ဖြားတယ်။
 မီလာတဲ့ခေတ်ကြီးထဲ မမီ မီအောင်လိုက်ရင်း
 အတုံးအရုံးနဲ့ ကျဆုံးနေတာက ကိုယ်ကျင့်တရားတွေ။
 ကုန်းရုန်းကြုံးထနေရတာက မေတ္တာတရားတွေ။
 ခေတ်ရဲ့သားကောင်ပဲ ဆိုဆို၊ စနစ်ရဲ့ ဆိုးကျိုးပဲ ပြောပြော
 သေချာတာက စိတ်ဓါတ်တွေ အပိုင်းပိုင်း အကျိုးကျိုး
 ချိနဲ့နဲ့ ကိုယ်ချင်းစာတရားတွေက
 အငတ်တောထဲ မျောလာတဲ့ ထမင်းတစ်စေ့လို
 တောက်တောက်ပပ ဖြစ်ခွင့်မရရှာဘူး။
 ဒီလိုနဲ့ပဲ မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် ………
" သောကြာတမ်းချင်း (၆) "
 သောကြာရေ
 နင့်အပေါ်ထားသမျှအချစ်ဆိုတာ
 ငါပိုင်သမျှ ငါ့ရတနာတွေချည်းပါ။
 အဆင်ပြေမှုတွေများရဲ့သားနဲ့
 အဆင်မပြေတာကို ကံလို့ပဲ ပုံချပါရစေ။
 လောကကြီးက အိုးနင်းခွက်နင်းနိုင်တယ်ဆိုတာ
 ပိုပိုသိလာတယ်။
 ကဲ … ၀မ်းနည်းစရာ မကောင်းဘူးလားလို့ မှန်ကြည့်ပြီးမေးမိတဲ့အခါ
 ငါ့ပုံရိပ်က ငါ့ကို ခပ်ဖွဖွပြုံးပြတယ်။
 ပြီးတော့ …….. ပြောတယ်
 မှန်ထဲက အရိပ်တောင် ဘယ်နဲ့ညာ မှန်လို့လား တဲ့ ….
 အဲ့ဒီတော့မှ ငါက ငါ့ပုံရိပ်ကို ခပ်ဖွဖွ ပြန်ပြုံးပြလိုက်တယ်။
" သောကြာတမ်းချင်း (၅) "
 ကျမအချစ်က အပြောင်းအလဲမြန်တယ်။
 တခါတရံ သူ့အကြည့်လေးကိုချစ်တယ်။
 တခါတရံ သူ့နှုတ်ခမ်းပါးလေးကိုချစ်တယ်။
 တခါတရံ သူ့ရဲ့ လူကြီးဆန်မှုကို ချစ်တယ်။
 တခါတရံ သူ့ဂရုစိုက်မှုတွေကိုချစ်တယ်။
 တခါတရံ သူ့အလိုလိုက်မှုတွေကိုချစ်တယ်။
 ကဲ .... ကျမ အချစ်က ဘယ်လောက်များ အပြောင်းအလဲမြန်လိုက်သလဲနော်။
" သောကြာတမ်းချင်း (၄) "
 စိတ်မပူပါနဲ့ ပြောရုံနဲ့
 အလိုလို ထတောက်တတ်တဲ့ ပူပန်မှုကို မအေးငြိမ်းစေဘူး။
 တကယ်က
 အချစ်တစ်ခုတည်းတင် အသီးအခက်ဝေဆာတတ်တာမှမဟုတ်တာ။
 အတူတူဆိုတာ
 ဖြစ်မလာသေးခင်
 ဖြစ်လာမလား မသေချာခင်
 မဖြစ်တော့ရင်
 ဘာပဲဖြစ်ဖြစ်ပေါ့ ….
 ကိုယ်လိပ်ပြာလေး လှပစွာဝဲပျံနေဖို့အတွက် ပူပန်တတ်ဖို့လိုတယ်။
 သံယောဇဉ်နဲ့ ပူပန်မှု တိုက်ရိုက်အချိုးကျတယ်ဆိုတာ
 ငါ့ဖတ်စာအုပ်ထဲမှာ ရှိတာတော့ သေချာပါတယ်။
“ သန့်ရှင်းစိမ်းလန်း တို့အစွမ်း ”
 *ရွှေများစုရာ ပင်နစူလာဝယ်
 ကိုယ့်ဂုဏ်ကိုယ်ဖျက် သံချေးတက်တို့
 ကွမ်းသွေးကြုံရာ ထွေးတတ်ကြတယ်။
 အမှိုက်ကြုံရာ ချတတ်ကြတယ်။
 *ရွှေများစုရာ ပင်နစူလာဝယ်
 ရယ်သွမ်းသွေးသွေး အထင်သေးသေး၊
 ကဲ့ရဲ့သဂြိုလ် အတင်းဆိုဆို
 ကိုယ့်ဂုဏ်မငဲ့ တန်ဖိုးတက်တို့
 ကျရာအမှိုက် စုကောက်ကြတယ်။
 နိုင်ငံအမည် ကြည်လင်စေဖို့၊
 မြန်မာ့အမျိုး အထင်မသေးစေဖို့၊
 တစ်တပ်တစ်အား ဖေးမကူကြ၊
 တစ်ယောက်တစ်လက် တွဲလက်ညီညီ
 စွမ်းဆောင်ကြသည် သန့်ရှင်းစိမ်းလန်း တို့အစွမ်းတည့်။
" စိတ် "
 စေတသိက် ငြိမ့်ငြိမ့်လေးလိမ့်တယ်။
 ရုပ်က ဖွဖွလေးပြုံးတယ်။
 စေတသိက် နက်နက်နဲတွေးတယ်။
 ရုပ်က ဖွဖွလေးမဲ့တယ်။
 စိတ်က တလူးလူးမြှားတဲ့နောက်
 ရုပ်က တလိမ့်လိမ့်လိုက်တယ်။
 တခါတလေ ဒလိမ့်ခေါက်ကွေးကျတယ်။
 စိတ်ကပဲ ချစ်စေ၊ မုန်းစေတယ်။
 စိတ်ကပဲ ရယ်စေ၊ငိုစေတယ်။
 စိတ် … ရှေ့ကသွားလွန်းတော့
 မဖြစ်သင့်တာတွေလုပ်သလို
 ဖြစ်သင့်တာတွေ မလုပ်ဘူး။
 လွဲနေတာတွေ တည့်သွားအောင်
 စိတ်ကို စိတ်နဲ့ ပဲ ပြန်မြှားကြည့်ရအောင် ....
" မေ နွယ် နီ ဟန် "
 မေ
 တနေရာစီမှာ
 အနေကြာဝေးနေပေမယ့်
 မသွေဖယ် ချစ်ကြင်စွာနဲ့
 ပျော်ပြုံးအောင် ထားပါ့မယ်
 ရွယ်ရည်ကာ သစ္စာပြုတယ်
 အိုကွယ် သေတပန်သက်တဆုံး။
 နွယ်
 တမင်တကာ တွယ်ယှက်တယ်ရယ်လို့
 ကိုယ်လေ မစွပ်စွဲပါဘု
 နှောင်တွယ်ကာ တသက်မခွဲပါနဲ့
 အချိန်မှီ နွယ်မတက်ရင်ကွဲ့
 ဒီရင်မှာ ပူရတယ်လေး
 နှောင်းတမြေ့မြေ့ ဆွေး။
 နီ
 သမုဒယတောမှာ အနုအလှတွေပေါပေမယ့်
 စိတ်အနေလေးက ရူးလောက်အောင် ညွတ်နူးဖွယ်
 ချစ်စဖွယ့် ဒီနှမငယ်ကို
 တစ်ခဏတာထက်
 တစ်ဘ၀စာမက်တယ်
 ခွဲရခက်သေး။
 ဟန်
 မူဟန်ကြွယ် အပိုမလုပ်တယ်
 ပင်ကိုယ်ဝယ် နေတတ်တယ်
 စိတ်ရင်းက ဖြူလှတယ်
 ချိုမြမြ အပြုံးလေးဆင်
 သူ့အသွင်ရင်အေးချမ်း
 လန်းဆန်းတဲ့ ပန်း။
" ခေတ်ကြီးကိုက "
 ဖေဖေရေ …
 ခေတ်ကြီးကိုက
 မပြည့်တဲ့အိုးတွေဘောင်ဘင်ခတ်တာမှ ကောင်းတယ်ထင်နေတဲ့ခေတ်။
 အားနေရင် အေးအေးနေဖို့ထက် ဓါးသွေးနေချင်တဲ့ ခေတ်။
 သူက “ဒါ” ဆိုရင် ငါကတော့ “ဟိုဟာ” ဆိုပြီး ချို တမြမြဖြစ်နေသူတွေ ပေါတဲ့ခေတ်။
 ရိုင်း ပြတာကိုမှ သူရဲကောင်းထင် အားနေ လက်ခလယ်ထောင်ပြချင်နေတဲ့ခေတ်။
 အရာရာကို မှန်ဘီလူးသုံး အရှိကိုချဲ့ပြီး ကိုယ်ရည်သွေးနေကြတဲ့ ခေတ်။
 မသိတာကို သိယောင်ကားလုပ်တာက တစ်မျိုး၊
 သိသင့်တာကို မသိလုပ်လိုက်တာက တစ်ဖုံ၊
 လူညီရင် “ဤ” ကို “ကျွဲ” လုပ်တတ်ကြသလို၊
 “ကျွဲ” ကိုလဲ “ကြွက်” ဖြစ်အောင်လုပ်တတ်ကြသေးတယ်။
 ခေတ်ကြီးကိုက ……..
" သောကြာတမ်းချင်း (၃) "
 သောကြာရေ
တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ
ကြိတ်မှိတ်လွမ်းတတ်ခဲ့တာ ကြာလှပေါ့။
အဖြေမရှိတဲ့မေးခွန်းတွေ မေးခံရတဲ့အခါတိုင်း
ဘယ်နားထားရမှန်းမသိတဲ့ ခံစားချက်တွေနဲ့
ကိုယ့်မျက်နှာပေါ် အပြုံးတစ်ပွင့်တော့ အမိအရတင်ပေးထားပါရဲ့ …
 မျှော်လင့်ချက်သိပ်မများလှပါဘူး
ဒီအပြုံးတွေ မလေးလံခင် ပေါ့ပေါ့ပါးပါးဖြစ်ကြစို့ကွယ် …
တခါတလေ အချစ်တွေ သိပ်ကြီးလွန်းသွားတဲ့အခါ
မမြင်ရတတ်တော့တာ မေ့နေမစိုးလို့ပါ …..း)
" သောကြာတမ်းချင်း (၂) "
တစ တစနဲ့
အလွမ်းတွေ ခဏခဏ ပျိုးချနေမိတာ
အချိန်တွေသာ ဟောင်းဟောင်းသွားတယ်
မျှော်လင့်ချက်တွေက ခုထိ အသွေးအရောင်ကို မစုံနိုင်သေးဘူး။
တနေ့ တနေ့နဲ့
ရေတွက်နေမိတာ
ပြက္ခဒိန်တွေသာ တစ်ရွက်ပြီး တစ်ရွက်ပြောင်းသွားတယ်
အနာဂတ်တွေက ခုထိ ပစ္စုပ္ပန်ဖြစ်မလာသေးဘူး။
ဒီလိုနဲ့ပဲ လွမ်းတိုင်း လွမ်းတိုင်း
အတိတ်တွေကို စိတ်ကူးပြစက်နဲ့ ပြန်ပြန်ရစ်ကြည့်မိလား ရစ်ကြည့်မိခဲ့ ….
“I miss you” ဆိုတဲ့ မက်ဆေ့ခ်ျလေးတစ်စောင်ချထားလား ချထားမိရဲ့ ….
သူညည်းဖူးတဲ့ သီချင်းအချို့ နားထောင်လား နားထောင်မိရဲ့ ….
တစ တစနဲ့ အလွမ်းတွေနဲ့ ယဉ်ပါးမှန်းမသိ ယဉ်ပါးခဲ့ ………
" အစိုး မရစေချင် "
လက်သင့်ရာ စားတော်ခေါ်တဲ့ ခေတ်ထဲ
အမှန်တရားအကြောင်း မင်းသိပ်မပြောနဲ့
မိုးခါးရေသောက်သူတွေကြား
အရူးက မင်းကိုယ်တိုင်ဖြစ်သွားလိမ့်မယ်။
ငါတို့ မြန်မာပြည်မှာ
မျှတတယ်ဆိုတဲ့စကား လျှာဖျားတင်ရှိတယ်
ထွက်လာတဲ့ ဥပဒေ
လူတွေကိုကာကွယ်ဖို့လား မင်းတွေကို ကာကွယ်ဖို့လား?
နားလှည့်ပါးရိုက် လက်တစ်လုံးခြား
အမျိုးမျိုး အဖုံဖုံ စကားအစုံစုံနဲ့
ငါတို့တွေကို ပတ်နေတာ နှစ်ပေါင်း ဘယ်နှစ်ဆယ်??
လာခဲ့စမ်းပါ ဘယ်သူတက်တက်
 မြန်မာပြည်တိုးတက်ဖို့ အဓိကလို့ ပြောမိရင်
နင်က တိုင်းပြည်အတွက်ဘာတွေများလုပ်ပေးဖူးလို့လဲလို့
ခနဲ့တဲ့တဲ့ ဂွတိုက်ပြောမယ့်သူတွေ ဒုနဲ့ဒေး။
တချို့ တချို့တွေက ခွေးတွေလို
ပစ်တဲ့ဒုတ်နောက် တကောက်ကောက်လိုက်
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပဲဆိုတာ မေ့ကြတယ်။
တာဝန်ရှိသူနဲ့ တာဝန်ယူမှု
အခြေခံလောက်မှနားမလည်ပဲ လူကြားကောင်းတာမှန်သမျှ အကုန်လုပ်
မဟုတ်တရုတ် အစိုးရ
အဲ့သလိုများစွပ်စွဲမိရင် ငါ့ကို ဘာပုဒ်မနဲ့များ အရေးယူဦးမလဲ?
ကြယ်ပြာ
ဧပြီ (၁၀) ရက်၊ ၂၀၁၄
မနက် ၁၀း၄၇
" ပြောရင်း၊ ဆိုရင်း လွမ်းတယ် ….”
ကိုယ်ကသူ့အကြောင်း တစ်စုံတစ်ယောက်ကို ပြောပြတဲ့အခါ …
သူက ကိုယ့်မျက်လုံးထဲ ပုံရိပ်ယောင်အဖြစ်အလိုလိုဝင်လာတယ်
ကိုယ့်နှုတ်ခမ်းလေးကတော့ အလိုလို ကွေးညွတ်သွားခဲ့ …..
သူက ကိုယ့်ကို “ကလေးရေ” လို့ တိုးဖွဖွ ခေါ်သတဲ့လို့ပြောပြမိတဲ့အခါ
သူ့မျက်လုံးထဲကအပြုံးရိပ် ကိုယ့်မျက်လုံးထဲခုန်ဝင်
ကိုယ်ကလဲ ခုံခုံမင်မင်နဲ့ ခပ်ဖွဖွ လိုက်ရွတ်ဆိုမိခဲ့ ….
ကိုယ်ကသူ့ကို ကန့်လန့်တိုက်မိတဲ့အခါ
သူက ကိုယ့်ခေါင်းကို ခပ်ဆဆ ပုတ်လို့ ခပ်မာန်မာန် ကြည့်တော့
ကျေကျေနပ်နပ်နဲ့ပဲ မကျေမနပ်ဖြစ်ပြခဲ့ ….
ကိုယ်နေမကောင်းတဲ့အခါ ….
“ပူတူးရေ ကျန်းမာရေး ဂရုစိုက်ကွဲ့” လို့ စိုးရိမ်တကြီးပြောတော့
ကိုယ့်နှုတ်ခမ်းထက် အပြုံးတစ်စက် တွဲရရွဲခိုလို့ပေါ့ ….
ဒီလိုနဲ့ ကိုယ်မင်းကို ပြောရင်း၊ ဆိုရင်း နင့်နင့်သည်းသည်း လွမ်းတယ် …..
သောကြာတမ်းချင်း (၁)
လိုလိုလားလားပါပဲ အပိုဆာဒါးတွေ ဘာမှ မပါဘူး။
ကျေကျေနပ်နပ်ပါပဲ ဟန်ဆောင်ခြင်းတွေလဲ တစ်ခုမှ မပါဘူး။
ခခယယနဲ့ မျှော်လင့်ခြင်းဆိုတာလဲ တစွန်းတစတောင်မပါဘူး။
ငါ့ စိတ်ထဲ သိပ်ရှင်းတယ် …..
လုပ်စရာရှိတာ လုပ်ပေးပြီးတဲ့အခါ ရှင်းစရာရှိတာတွေ ရှင်းပစ်လိုက်မယ်။
သံယောဇဉ်ဆိုတာကို ရေလောင်းပေါင်းသင် သိပ်မလုပ်သင့်ဘူး မဟုတ်လား။
သိပ်ရှင်သန်သွားရင် ချုံနွယ်တွေလို ရှုပ်ထွေးတတ်တယ် လို့ ငါကပြောတော့
မင်းက “၀တ်ကျေတန်းကျေပါကွာ” လို့များ တံဆိပ်ကပ်ချင်သေးလား?
Tuesday, April 1, 2014
" ရင်ဝှက်တေး "
ရင်နာခြင်းတွေက ငါ့ကြင်နာခြင်းတွေနဲ့ဆတူဆိုတာ
နင်မသိလေရော့သလား …
အလိုလိုဖြစ်မလာတဲ့ အကျိုးတရားတွေအတွက်
အကြောင်းတရားတွေ ဖန်တီးရတာ
စိတ်ရော၊ လူရော မောတယ်။
နှလုံးသားတစ်ခုလုံးကို ထောင်းထုထားသလို ခံစားရကြောင်း၊
တွေးလိုက်တိုင်း ဘယ်ဘက်ရင်အုံတစ်ခုလုံး အောင့်သက်နာကျင်ကြောင်း၊
အကြိမ်ကြိမ်ဝဲတက်လာတဲ့ မျက်ရည်စတွေကို မျက်တောင်အကူအညီဖြင့် ပုတ်ခတ်သိမ်းဆည်းရကြောင်း၊
မျက်စိမှိတ်လိုက်ယုံနဲ့ ကိုယ့်ရင်အက်သံကို ကိုယ်နားဆင်နေရကြောင်း …..
အကြောင်းပေါင်းများစွာအတွက်
သူသူငါငါ ပါးစပ်ဖျားက စကားတွေနဲ့
ငါ့နာဖျားမှုတွေကို ခေါင်းစဉ်လာမတပ်ပါနဲ့
ခေါင်းစဉ်မဲ့နေရတာကိုက သိမ်မွေ့နက်နဲလွန်းတယ်။
ဧပြီ(၁) ရက် ၊ ၂၀၁၄
နေ့လည် ၂း၁၀
Wednesday, March 26, 2014
“ ဒွိဟ ”
တ၀က်တပျက်နဲ့တော့
အလင်းစတွေလာလာချပြမနေနဲ့
အမှောင်မှာ ကျင့်သားရနေတော့ မျက်စိကျိန်းတယ် …
နေ့ဆိုနေ့၊ ညဆိုည ပြတ်သားတာပဲကောင်းတယ်
ဟိုမရောက် ဒီမရောက်ဆိုတာ ဘယ်နေရာမှာမှ မကောင်းဘူး
အဲ့လိုပဲ ဟိုရောက် ဒီရောက်တိုင်းလဲ မကောင်းဘူး …
အတိအကျသိရင်လဲ တိတိပပလိုက်နာလိုက်
ဒါမှမဟုတ်ရင် တိတိပပသာ ဆန့်ကျင်ပစ်လိုက်
လူတွေ ကောင်းချီးပေးလိမ့်မယ် (သို့) ၀ိုင်းမြှောက်ပေးကြလိမ့်မယ်
သံယောဇဉ်ဆိုတာ ဆံပင်ရှည်တွေလို ညှပ်ပစ်လို့ကောင်းတဲ့အရာ မဟုတ်ဘူး
ကျိုးတိုးကျဲတဲ ဖြစ်ရင်တော့ အရုပ်ဆိုးမှာအသေအချာပဲ
တခါတလေလဲ ကိုယ့်ကိုကိုယ် တရားချမိတယ်
အပြည့်အ၀ရပြီး ဆုံးရှုံးလိုက်ရတာတွေထက်
ဘာမှမရပဲ အပိုင်သိမ်းလိုက်နိုင်တာတွေကို မြင်အောင်ကြည့်ဖို့။
ကြယ်ပြာ
မတ်လ ၂၆ ရက်၊ ၂၀၁၄
နေ့လည် ၁၂း၁၃
" စကားလေးတစ်ခွန်းတည်းနဲ့ ချုပ်ချက်က ကြမ်းတယ် ….. "
“ ကိုကြီး ညီမလေးကို ဘယ်လောက်ထိချစ်တယ် ဆိုတာ ညီမလေးအသိဆုံးပါ” တဲ့
စကားလေးတစ်ခွန်းတည်းနဲ့ ချုပ်ချက်က ကြမ်းတယ် …..
ပေးခဲ့သမျှ အချစ်တွေကို ချွေချွေသုံးနေတာလဲသိသတဲ့လေ …..
အကြင်နာဆိုတာ ရာသီမရွေးဖူးပွင့်နေသင့်တဲ့ပန်းတစ်မျိုးဆိုတာ
သူနားလည်အောင် ကိုယ်ဘယ်လိုရှင်းပြရပါ့မလဲ??
ကိုယ်ကတော့
တိမ်တွေ အဆုပ်လိုက်အခဲလိုက်ပွင့်နေတာမြင်ရင်လဲ လွမ်းပစ်လိုက်တာပဲ။
သူနဲ့သွားခဲ့ဖူးတဲ့ နေရာတွေ ရောက်တိုင်းလဲ လွမ်းပစ်လိုက်တာပဲ။
သူ့ကို မနက်တိုင်းဖုန်းဆက်နှိုးဖူးခဲ့တာလေးကို တွေးပြီးတော့လဲ လွမ်းပစ်လိုက်တာပဲ။
ဖုန်းပြောတိုင်း သူ့ကိုချစ်တယ်လို့ ပြောဖို့ ဘယ်တော့မှ မမေ့သလို
"ညီမလေးကိုချစ်လား" လို့ မေးဖို့လဲ ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ဘူး။
သိရဲ့လား
အချစ်တွေ အိပ်ပျော်သွားမယ်ကြံတိုင်း ပုတ်ပုတ်နှိုးခဲ့တာ ကိုယ်ပါကွယ်။
အနီးဆုံးကနေ အဝေးဆုံးဆိုတာက ကဗျာရေးလို့ပဲကောင်းတာ
ခံစားလို့တော့ သိပ်မကောင်းဘူး ….. ဆိုတော့ …
သူက …
"အရူးမလေး …. ကွဲသွားမယ်၊ဝေးသွားမယ်ဆိုတဲ့ အတွေး ဘယ်တော့မှ မတွေးနဲ့" တဲ့ ….
စကားလေးတစ်ခွန်းတည်းနဲ့ ချုပ်ချက်က ကြမ်းတယ်
Monday, March 24, 2014
" သမရိုးကျ "
အကျိုးမပါပဲနဲ့တော့ ဘာအကြောင်းမှဖြစ်လာစရာမရှိဘူး
လှေနံဓါးထစ်မှတ်ရင် ဓါးရာကြီးကျန်ခဲ့တာပဲအဖတ်တင်မယ်
လောကကြီးမှာ မထူးဆန်းတာတွေကချည်း ထူးဆန်းသွားတတ်ကြတာ
သိပ်တော့လဲ မထူးဆန်းတော့ပါဘူး ….
ဟုတ်တယ် မဟုတ်လား???
မျှော်လင့်ခြင်းဆိုတာတွေကို စွန်တစ်ကောင်လိုသာ လွှတ်တင်ထားလိုက်စမ်းပါ
သိပ်စိတ်မပူနဲ့ သူက သူ့စားကျက်သူရှာလိမ့်မယ်
လိုအပ်လာရင်သာ ကြိုးလေးကို တော့တော့ပေး
မင်းမျော်လင့်ချက်တွေက မင်းကို အလှပဆုံးပျံသန်းပြလိမ့်မယ်။
သတ်သတ်မှတ်မှတ်တို့၊ နှစ်နှစ်ကာကာတို့၊ ထာဝရတို့ဆိုတဲ့စကားတွေ
လုပ်မနေနဲ့ သုံးမကောင်းဘူး ….
မမြဲခြင်းဆိုတာကပဲ အမြဲဆုံးအရာဆိုတာ လက်ခံမိတဲ့ခဏ
လူတစ်ယောက်နဲ့ တစ်ယောက် ချည်နှောင်ဖို့က
မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းတည်းပဲလိုတာ။
Sunday, March 23, 2014
" အမှတ်တရ စက်တင်ဘာ "
မင်းနဲ့ငါရဲ့ တွေ့ဆုံမှုက ရိုးစင်းတယ် ….
သိမ်မွေ့နက်ရှိုင်းလွန်းတယ် ….
စိတ်ကလေးတချက်လွှတ်လိုက်တာနဲ့တင် မြင်းရိုင်းတွေက ကဆုန်ပေါက်ပြေးတယ် ….
ငြိမ့်ညောင်းတဲ့လေလှိုင်းထဲ မင်းရော ငါရော တူတူမျောတယ် ……
အဲ့ဒီနေ့က
မျိုသိပ်ခြင်းတွေက မတော်တဆနဲ့ပဲ သပ်ရပ်စွာပြေကျ
ရင်ဝှက်တေးတွေကို တိတ်ဆိတ်စွာသီဆိုဖြစ်ကြရင်း
မင်းနဲ့ငါ ကြည်နူးဖူးတယ် …
အဲ့ဒီနေ့က
တစ်ယောက်ရင်ခုန်သံ တစ်ယောက်နားဆင်ရင်း
တစ်ယောက်ရဲ့ စိတ်ထဲ တစ်ယောက်
မက်မက်စက်စက် မှေးစက်ဖူးကြတယ် ……
အဲ့ဒီနေ့ကပဲပေါ့
မင်းနဲ့ကိုယ်ဘယ်တော့မှ မနီးနိုင်ဘူးဆိုတာသိလျက်နဲ့
မျက်ရည်စက်တွေ တပေါက်ပေါက်ကျရင်း
ငါတိုအချစ်တွေကို မိုက်ရူးရဲစွာ ဆုပ်ကိုင်ထားရင်း ပျော်ခဲ့ဖူးကြတယ် …..
အဲ့ဒီနေ့က ဒီနေ့လို တနင်္ဂနွေနေ့ပဲ
ဒါပေမယ့် ဒီနေ့လို အ၀ါရောင်တွေသန်းပြီး ၀မ်းနည်းမနေဘူး။
တကယ်တော့ ငါက
အပြာရောင်တောက်တဲ့ တနင်္ဂနွေနေ့လေးကိုပဲ မက်စက်ခဲ့တာပါ …..
ကြယ်ပြာ
၂၃၊ မတ်လ၊ ၂၀၁၄
နံနက် ၁၂း ၅၀
— feeling သူငယ်ချင်းတစ်ယောက်အတွက်ခံစားရေးဖွဲ့သည်။
" တိမ် "
တိမ်ရိပ်ပန်းချီ ဟန်ပီပီ၊
တိမ်ချီတနွဲ့ တလဲ့လဲ့၊
တိမ်သွေးတောက်လျှမ်း ၀ါရွှေသွမ်း၊
တိမ်ရိပ်ပြေးဆော့ တမော့မော့၊
တိမ်ရိပ်ရီရီ နေ၀င်ပြီ။
*** ကဗျာများနေ့တဲ့ .... အပိုင်းအစလေး တစ်စ ချပါရစေ။ ***
ရေးချိန် - မတ်လ ၂၁ ရက်နေ့
“အလင်္ကာမလေးရေ … ”
နီရဲရဲနှုတ်ခမ်းနီကို မဆင်မြန်းထားတဲ့
အင်္ကျီနီဝတ် အလင်္ကာမလေးရေ
နှောင်ဖွဲ့ခြင်းမကင်းတဲ့အလွမ်းတစ်ခု
ရသမမြောက်တာ မဆန်းလှဘူးပေါ့ကွယ်။
အချစ်တစ်ခုအတွက်
ဘ၀တစ်ခုစာလွမ်းပြပစ်ဖို့ မတောင်းဆိုရက်ပါဘူး
ခပ်နက်နက်တစ်ချက်သာ ပြုံးပြလိုက်စမ်းပါ
ဒီရင်တစ်ခုလုံး ပန်းဖူးတွေ အလိုလိုပွင့်စေမယ်ကွဲ့။
ကိုယ့်အကျင့်အတိုင်း
အလွန်အကျူးဆိုတဲ့ အရာကြီးကို ခပ်ဝေးဝေးမှာပစ်ထားရဲ့နဲ့
မင့်ကို လွမ်းတဲ့အလွမ်းတွေက တောင်ပုံယာပုံ
ထွန်ယက်စိုက်ပျိုးလို့တောင် ကုန်နိုင်မယ်မထင်ဘူး။
အလင်္ကာမလေးရေ
ဘယ်လိုပြောရမလဲကွယ် တမြေ့မြေ့ဆိုတဲ့စကားနဲ့
တငွေ့ငွေ့လှိုက်စားနေတဲ့အချစ်တွေကိုလေ
မင်းရဲ့ နုညက်တဲ့နှုတ်ခမ်း စိတ်ကူးနဲ့ ခပ်ဖွဖွနမ်းရင်း
ငါ့ကောင်းကင်မှာ ညဆိုတာ ကင်း၊ အမြဲ လင်းနေခဲ့တာ ကြာပေါ့ကွယ်။
၂၀၊မတ်၊၂၀၁၄
" လွမ်းဆွတ်ခြင်း(၂) "
ကန္တာရထဲ ရေဆာသလိုမျိုး
အလိုဆန္ဒတွေက တဖျတ်ဖျတ်ထခုန်ရင်း
လွမ်းတဲ့စိတ်တွေကို အတောမသတ်နိုင်ခဲ့ဘူး။
စိတ်က မျက်စိတစ်မှိတ်စာလေးနဲ့တင်
မိုင်ပေါင်းထောင်ချီဝေးအောင် ခရီးဆန့်နိုင်သတဲ့
ဒါပေမယ့် တွယ်ရာမဲ့ ၀ိဥာဉ်တစ်ကောင်အတွက်တော့
မိုင်ထောင်ချီဆိုတာ ဘာဟုတ်သေးလို့တုန်း
အလိုရှိတိုင်း အလိုရိုရာကို ဖျက်ကနဲ ရွေ့သွားနိုင်တာပဲ မဟုတ်ဘူးလား??
အဲ့လိုနဲ့ ငါ့ဝိဥာဉ်က အချိန်တိုင်း မင်းရှိရာအရပ်မှာ တ၀ဲလည်လည် …
၂၀၊မတ်၊၂၀၁၄ (ညနေ ၅း၃၁ )
" လွမ်းဆွတ်ခြင်း(၁) "
လွန်ခဲ့သောမိနစ်ပိုင်းက ဖြစ်ပျက်ခဲ့သလို
အရာရာကို တသသလွမ်းတယ်။
တကယ်တော့ အချစ်ဆိုတာ
အနှေးအမြန်မရှိသလို
အသွားအပြန်လဲ သိပ်တော့မသေချာလှဘူး။
ပျော်စေချင်လို့တော့ ချစ်ခဲ့တာပါပဲ
နစ်ဝင်သွားတဲ့ ဆူးတစ်ချောင်းအတွက်တော့
ဘယ်တော့မှ နောင်တမရခဲ့ဘူး။
ဝင်ခွင့်ပြုပေးပါ ….
အလွမ်းအဆွေးဆိုတာက မဖိတ်ခေါ်ပဲရောက်လာတတ်တဲ့ ဧည့်သည်။
အဲ့ဒီအတွက် အချစ်ဆိုတာ ထွက်သွားစရာမှမလိုတာ။
ရေးချိန် - မတ်လ ၁၇ ရက်နေ့
" သစ်ခြောက်ပင် "
ခက်လက် စိမ်းဖြာနေမှ
သစ်တစ်ပင်ဖြစ်တာတဲ့လား??
ကျေးငှက်သာရကာ နားခိုနေမှ
သစ်တစ်ပင်ဖြစ်တာတဲ့လား??
ခူးယူပန်ဆင်လို့ ရမှ
သစ်တစ်ပင်ဖြစ်တာတဲ့လား??
ဆွတ်ခူး စားသုံးလို့ရမှ
သစ်တစ်ပင်ဖြစ်တာတဲ့လား??
ရိုးတံကျဲကျဲ ပင်စည်ခြောက်ခြောက်
ရသလောက်နဲ့ကြိုး(စား) အရိပ်မိုးပေးတဲ့
သစ်ခြောက်ပင်ကိုရော သစ်တစ်ပင်အဖြစ် မသတ်မှတ်ကြဘူးတဲ့လား?????
Thursday, March 13, 2014
" နေလောင်သစ်သီး "
ဖျားနာနေတဲ့ အလွမ်းတွေက
တရွေ့ရွေ့နဲ့ မင်းဆီကိုလွင့်တယ်။
ဆာနေတဲ့ ဆန္ဒတွေကတော့
ဦးဏှောက်ကို တတိတိနဲ့ လှီးပစ်တယ်။
ဒီလိုနဲ့ ဗလာချည်းကျန်တဲ့ ခေါင်းခွံထဲ
ရင်ဘတ်ထဲက မက်ဆေ့ခ်ျတွေနဲ့ချည်း ပြည့်သွားတော့တယ်။
တကယ်တမ်းကျတော့ ငါတို့ အချစ်က
နေလောင်သစ်သီးတစ်လုံးမျှသာ ……..
" ကျမရဲ့ အိမ်အပြန် "
အထီးကျန်ဖို့ဆိုတာ
တကူးတက လုပ်ယူစရာမလိုအောင်
ငါ့အိမ်ပြန်ချိန်ကတိတ်ဆိတ်လွန်းတယ် ...
ဝါကျင့်ကျင့်မီးရောင်အောက်က
ဝါရောင်သန်းနေတဲ့ လမ်းဝါလေးရေ
ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာကိုလေးစေတဲ့ငါ
တစ်လှမ်းချင်း ချက်ကျ လက်ကျ လျောက်နေတဲ့အခိုက်
လမ်းဝါလေးက တိတ်တဆိတ်နေပေးလေ့ရှိတယ်
ဓါတ်တိုင်လေးတွေ ကလဲ ငိုက်မြည်းလို့ပေါ့ ...
ဝမ်းသာအားရ ကြိုဆိုတာဆိုလို့ ၀ါ၊စိမ်း၊ နီပြောင်းနေတဲ့ မီးပွိုင့်လေးပဲရှိတယ်။
တချက် တချက် လက်သွားတဲ့ ကားမီးရောင်တွေအောက်မှာ
အနည်းငယ်ထူတဲ့ မျက်ခုံးနှစ်ခု စုကပ်ပြီး မှုန်ကုပ်ကုပ်မျက်နှာပေးကို တွေ့ရင်
အဲ့ဒါ အထီးကျန် အိမ်ပြန်နေတဲ့ လူသားတစ်ယောက်ဆိုတာ
တချက်လောက် သတိရပေးလိုက်ပါ .....
“ ချစ်တယ် ”
တစ်ယောက်က တစ်ယောက်ကို မေတ္တာသက်ဝင်တဲ့အခါ
“ချစ်တယ်” ဆိုတာကို တဖွဖွရွတ်နေဖို့လိုသလား?
သံယောဇဉ်ဆိုတာ
ချည်မျိုးစုံနဲ့ ရက်လုပ်ထားတဲ့ ဆန်းသစ်တဲ့ အထည်လေးတစ်စလို့ ဘာသာပြန်လိုက်တဲ့အခါမှာ
ကိုယ့်အတွက်တော့ “ချစ်တယ်” ဆိုတဲ့စကားလုံးကို တမြတ်တနိုးရွတ်ဆိုမိနေတော့တာပဲ။
ချည်နှောင်ဖို့ ဆိုတာထက်
အလှဆင်ဖို့ဆိုရင် ပိုမှန်မလားပဲ …..
ဒီလိုနဲ့ပဲ ကိုယ့်ရဲ့ ၀င်သက် ထွက်သက်တိုင်းမှာ
မင်းကိုချစ်ဖို့ချည်း ဖြစ်နေတော့တယ်။
Saturday, March 8, 2014
" စိတ်စေရာ "
ခင်ဗျားတို့ခံစားဖူးလား?
တစ်ယောက်စိတ်ထဲ တစ်ယောက်ခိုဝင်ရင်း
ကြင်နာရင်းနဲ့ နာကျင်နေရတယ်။
ဖိုင်တွဲလေးတွေ တန်းစီလိုက်ရင်
မင်းကနောက်ဆုံး
ဒါပေမယ် အချစ်ဆုံးလို့ တော့ ကိုယ်မသုံးဘူး။
ခေါင်းစဉ်မဲ့ အရာပေါင်းများစွာ ဖွဲ့စည်းမှုကို
မင်းဆိုရင်ကော ဘယ်လို နာမည်တပ်မလဲ?
ငါတို့ အတွက် တမိုးနှောင်းပြန်ပြီ တဆောင်းသစ်ပြန်ပြီလို့ကြွေးကြော်ချင်ရင်တောင်
နာရီတွေမသိအောင် ခပ်တိုးတိုးလေးပဲ
တကယ်က အချိန်မဲ့ဇုန်တစ်ခုထဲ လွင့်မျောပစ်လိုက်ချင်တာ။
တဖျစ်ဖျစ်မြည်နေတဲ့ နှလုံးခုန်သံတိုင်းရဲ့ အဖျားခတ်တုန်ခါမှုမှာ
မင်းနာမည်တွေ အတိုင်းသားကြားရတယ်။
ငါနှလုံးခုန်နေသရွေ့ ငါ့နှလုံးသားထဲမင်းနေပါ။
ထွက်ခွာခွင့်မရှိစေရ။
ခင်ဗျားတို့ခံစားဖူးလား?
တစ်ယောက်စိတ်ထဲ တစ်ယောက်ခိုဝင်ရင်း
ကြင်နာရင်းနဲ့ နာကျင်နေရတယ်။
" အရင်းနှီးဆုံး "
ငါ့ဘေးနား နင်ရှိယုံ
နင့်ဘေးနားငါရှိယုံဆိုရင်
အနေနီးတယ်လို့ ဆိုရမယ်။
ငါ့စိတ်ထဲ နင်ရှိသလို
နင့်စိတ်ထဲ ငါရှိမယ်ဆိုရင်
စိတ်ချင်း နီးစပ်တယ်လို့ ဆိုမယ်။
ရင်ဘတ်ချင်းနီးဖို့ဆိုရင်တော့
နင့်အပျော် ငါ့ဆီကူး ငါ့အပျော်နင့်ဆီလူး
ပူပူဆွေးဆွေး အေးအေးကြည်ဖြူ
အလိုတူတူရှိမှသာ။
" သဘာဝအတိုင်းပဲ "
ရတာမလို လိုတာမရတဲ့ လောကကြီးထဲ
တော်ကြာနေ နှင်းဆီတွေကို ဖူးစေလိုက်
တော်ကြာနေ စံပယ်တွေကို ဝေစေလိုက်
တော်ကြာနေ ခရေတွေကို ရနံ့ ကြွယ်စေလိုက်နဲ့
စိတ်ကူးနဲ့တော့ ခဏခဏ ရူးဖူးတယ်။
"လက်တွေ့ဆိုတာ သိပ်သဘာဝဆန်တာပဲ မေမေ" လို့ ခပ်တိုးတိုး ညည်းမိတဲ့ အခိုက်
နှင်းဆီတွေ မဖူးတော့သလို၊ စံပယ်တွေလဲ မဝေတော့ဘူး။
ခရေရနံ့ဆိုရင် ပြောကိုမနေနဲ့တော့။
ဘ၀က ခါးတယ်လို့ ပြောရင်တောင် လောင်းစရာ သကာက မရှိခဲ့ဘူး။
ရိုးရိုးလေးပဲကြည့်၊ အေးအေးလေးပဲတွေး
လွမ်းစရာရှိလွမ်းလိုက် ချစ်စရာရှိချစ်လိုက်
မုန်းစရာရှိမုန်းလိုက်ပေါ့
ဘယ်အရာကိုမှ လက်သိပ်ထိုး အတင်းမခိုင်းဘူး။
အရာရာတိုင်းက နေတတ်ရင်တော့ ကျေနပ်စရာချည်းပဲ။
"အဲ့လိုတွေ သဘောပေါက်လာလေ စွပ်စွဲခံရခြင်းတွေ များလာလေပဲ မေမေရယ်"
လို့ ထပ်ညည်းမိပြန်ရော။
ဟော ... စံပယ်တွေ တစ်ဖူးစ နှစ်ဖူးစ ဖူးပြကြတယ်။
" တခန်းရပ် "
တခါတလေကျ
တွေးတွေးပြီး ဆွေးမိတယ်
ငါတို့တွေ ဒီလိုနဲ့ ဝေးသွားကြမလားပေါ့ .....
မပေါင်းဖူးပဲနဲ့ ကွဲသွားကြတဲ့ ဇာတ်လမ်း
တခန်းရပ်သွားမှာတော့ ပူမိတယ် ...
အရင်ကလို လွမ်း၊ အနမ်းတွေ လတ်ဆတ်ချင်သေးတယ်။
အတူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေမယ့်
သူ့စိတ်ထဲကိုယ် ကိုယ့်စိတ်ထဲသူ
တခမ်းတနား နေရာရခဲ့ကြတယ်ဆိုတာ
ဘယ်တော့မှ မမေ့ကြေး။
“ ရွာထိပ်ညောင်ပင် အကြောင်း သိကောင်းစရာ "
နွဲ့ခက်စိမ်းစို သစ်ရိပ်ပျို
အုံ့ဆိုင်းမှိုင်းဝေ အေးမြစေ။
ငြိမ့်ညောင်းပျောင်းသွဲ့ လေပြေတစ်ခက်
အေးမြကြည်သာ ငြိမ်းချမ်းစွာ။
သန့်ရှင်းကြည်လင် ရေချမ်းစင်
မောတွေပြေစေ အေးချမ်းစေ။
ပြန့်ပြူးညီညာ မြေပြင်လွှာ
ဖြတ်သွားဖြတ်လာ နားခိုစရာ။
ညချမ်းချိန်ခါ လရိပ်ဖြာ
ကလေးသူငယ် ပျော်ကြရှာ။
သို့သော် …………………………………….
ဟော … ဟိုတစ်ဖွဲ့ လာပဟဲ့
တိုင်းထွာကြကာ အလုပ်ရှုပ်ရှာ။
နေ့ညမနား ခုတ်ကြတာ
ရွာထိပ်သစ်ရိပ် မဲ့ရရှာ။
မှတ်ချက်။ ။ ရန်ကုန်သူမို့ ရွာထိပ်သစ်ပင်ကို စိတ်ကူးနဲ့သာ ပုံဖော်ရေးထားပါတယ်။
" လွမ်းနေတယ် ………. တကယ် "
တိမ်စိုင်ထဲမျောလွင့် ပေါ့ပေါ့လေးဖြစ်နေတဲ့ အခိုက်လေးကို ဖြစ်စေ …..
တိတ်ဆိတ်ခြင်းကြားက သက်ပြင်းချသံ သဲ့သဲ့ ကြားမိချိန်လေးကို ဖြစ်စေ ….
စကားသံတွေကူးလူး နှလုံးသားချင်းဝတ်မှုံထုံကူးနေချိန်လေးကို ဖြစ်စေ ….
ညင်သာတိုးသက် ကိုယ့်ရဲ့နာမ်စားလေးကို “သူ” ခပ်ဖွဖွလေး ခေါ်လိုက်ချိန်ကို ဖြစ်စေ ….
ကိုယ့်နှုတ်ခမ်းထက် သူ့အနမ်းလေး ရုတ်တရက် ပွင့်သွားတဲ့အချိန်ကို ဖြစ်စေ ….
ဆန်းကြယ်လွန်းတဲ့ စိတ်ရဲ့မြန်နှုန်းတွေကို မမှီမကမ်း ဘာသာပြန်မိတဲ့ အချိန်တွေကို ဖြစ်စေ ….
ချစ်တယ်ဆိုတဲ့ စကားထက် နက်ရှိုင်းလွန်းတဲ့ ခံစားချက်တွေကို အံ့သြဘနန်းဖြစ်ရင်း ....
လွမ်းနေတယ် ………. တကယ်
" အယောင် "
ဝစ်လစ်စလစ် အကြင်နာယောင်တွေနဲ့
လာလာ လွမ်းမပြစမ်းပါနဲ့ ...
နားထောင်ရတာ ခါးတယ် ...
ခံစားချက် နည်းနည်းလေးပဲထည့်
လေသံလေးကို ဖျော့ချ တိုးဖွဖွနဲ့
"လွမ်းတယ်" လို့တစ်ခွန်းတည်းပဲ ရေရွတ်လိုက်
လောကမှာ အချိုမြိန်ဆုံး ဆိုတာတွေ ထက်ပိုချိုမြိန်သွားလိမ့်မယ် ....
Tuesday, February 25, 2014
" .............. "
စိတ် …
တိတ်တိတ်လေးခိုက်တယ် …
ရိပ်ရိပ်လေးလွမ်းမိပေမယ့် နက်နက်နဲ ကျွမ်းမိတယ် …
စိတ် …
ပေါ့ပေါ့လေးမျောတယ် …
ဖော့ဖော့လေးတွေးမိပေမယ့် နက်နက်နဲ ဆွေးမိတယ် ….
စိတ် ….
ဆွတ်ပျံ့ပျံ့ ခံစားတယ် …
လှပ်လှပ်လေး ခုန်နေပေမယ့် နက်နက်နဲ ချစ်မိတယ်။
Credit to www.hdwpapers.com
" မျိုသိပ်ခြင်း "
ပွင့်လင်းခြင်းက
တံခါးဝတင်လှည့်ပြန်သွားတယ်
တံခါးလေးတစ်ချက်တောင် ခေါက်မသွားခဲ့ဘူး .......
သူကလဲ သူ့ခံစားချက်တွေကို သိုဝှက်လို့
ကိုယ်ကလဲ ကိုယ့်ခံစားချက်တွေကို သိုဝှက်လို့
ဒီလိုနဲ့ပဲ
တိတ်တဆိတ် လောင်ကျွမ်းသွားတော့မယ် ထင်ပါရဲ့
Monday, January 27, 2014
" စိတ် "
စိတ်က သိပ်နူးညံ့တယ်
ကြည်နူးဖွယ်ရာဖြစ်ဖြစ်၊ ညစ်ညူးစရာဖြစ်ဖြစ်
အတွေးတစ်စ ကျလိုက်ယုံနဲ့တင်
လှိုက်တုန်သွားတာများ ငလျင်လှုပ်သလိုလို …..
စိတ်က သိပ်ပျော့ညံ့တယ်
သာယာဖွယ်ရာဖြစ်ဖြစ်၊ လွမ်းမောဖွယ်ရာဖြစ်ဖြစ်
ခံစားချက်လေး တစုံတရာနဲ့တို့ထိမိတာနဲ့တင်
တဖျတ်ဖျတ်ခါသွားတာများ စမ်းချောင်းထဲမှာငါးလေးတွေ ကူးနေသလိုလို …..
စိတ်က သိပ်ပြင်းထန်တယ်
နားကျည်းစရာဖြစ်ဖြစ်၊ ခံပြင်းစရာဖြစ်ြဖစ်
ရှိသမျှမာနတွေ စုပုံပစ်ချထားတာတောင်
ထိရှလွယ်လိုက်တာများ စက္ကူယပ်တောင်လေး တစ်ချပ်လိုလို ….
နောက်ဆုံးတော့ …
စိတ်က လစ်လျူရှုတတ်ခြင်းတွေနဲ့ သူ့ခံစားချက်သူ အဆုံးသတ်ဖို့ ပြင်ဆင်နေလေရဲ့ ……
" ဗုံ မဟုတ်တဲ့ ဗုံ "
သစ်အကောင်းစားကို ကိုယ်ထည်လုပ်
သားရေ အကောင်းစားကို မျက်နှာကျက်လုပ်လို့
ကိုယ့်ကိုကိုယ် မာန်ဝင့် ဂုဏ်တင့်တယ်လို့ ထင်မိတယ်။
တီးခတ်ချိန် မြည်သံမဆင်နိုင်တော့မှ
“အ” နေတဲ့ ဗုံတစ်လုံးရဲ့ နိဂုံး
အလှပြဖို့အတွက်သာ သုံးရတော့တယ်။
Thursday, January 23, 2014
" လွန်ပွဲ "
ဟိုဘက်ကတစ်စကိုင်
သည်ဘက်ကတစ်စဆွဲ
အားပြိုင်သည့်ပွဲ
နိုင်တစ်ဘက် ရှုံးတစ်လက်နဲ့
နွှဲခဲ့သည့်ပွဲ လွန်ပွဲ။ ။
သည်မှာဘက် သံယောဇဉ်
ဟိုဘက်က အချစ်စစ်
သည်သံယောဇဉ်လွန်ပွဲ
ဘယ်သူနိုင် ဘယ်သူရှုံးလို့
ပြုံးနိုင်ပါ့မလဲ။ ။
(၁၃၊ဇန်န၀ါရီ၊၂၀၁၄ ၁၂း၂၄ မိနစ်)
" ဒိုင်ယာရီ "
မသိမသာနဲ့ပဲ သိသိသာသာ လက်လွှတ်လိုက်ရတာတွေ
ဘယ်ရွေ့ ဘယ်မျှရှိသလဲမေးရင်
နှလုံးသားတစ်ခုစာလို့ ဖြေမိမလားပဲ ….
အမှတ်တယလေး တစ်ခုရလိုက် ဒိုင်ယာရီထဲ ပစ်ထည့်လိုက်နဲ့
မွစိတက်နေတဲ့ မမေ့နိုင်စရာတွေမှ ဒုနဲ့ဒေး …..
ကဲကွယ် … ဘာများလိုသေးသလဲ
လွမ်းရင် ဒိုင်ယာရီလေး တစ်ချက်ဖွင့်ဖတ်ရုံပေါ့ ….
ဒီထက်ပိုလွမ်းလာရင် လိုချင်တဲ့ စာမျက်နှာကိုရွှေ့
မျက်စိမှိတ်ခံစားလိုက်ယုံနဲ့ ကြည်နူးစရာတွေ အသေးစိပ်ပေါ်လာလိမ့်မယ်။
" တစ်နေ့နေ့ .... "
မျက်တောင်မွှေးတဆုံးစာ ကြည်နူးမှုတွေနဲ့ မျက်စိတဆုံးစာ ကြေကွဲရတော့မယ်
အချိန်ရထားကတော့ သူဘာမှ မသိသလိုပုံစံမျိုးနဲ့ ပုံမှန်သွားဆဲ သွားမြဲ …..
ရင်နင့်အလွမ်းတွေကိုတော့ ငါကိုယ်တိုင် ငါ့ကောင်းကင်မှာ စီရရီချိတ်ဆွဲလို့ပေါ့ …
ဒီလိုနဲ့ အလွမ်းတွေ လေးလေးလာလိုက်တာဟာ ငါ့ကောင်းကင်ညွတ်ကျလာတဲ့အထိ ….
တနေ့နေ့တော့ …. အင်း .. တနေ့နေ့တော့
ငါ့ကောင်းကင်ပဲပြိုကျလာမလား … ဒါမှမဟုတ် အလွမ်းတွေပဲ ကျကွဲကုန်မလား ??
ဘယ်ရလဒ်ပဲဖြစ်ဖြစ် ရင်ကွဲနာကျမှာကတော့ အသေအချာပဲ …..
တနေ့နေ့ပေါ့ ….. အဲ့ဒီ တနေ့နေ့ကို
ရောက်လာနိုး မမျှော်ကိုးပေမယ့် ရောက်လာဦးမယ် …… ရောက်လာဖြစ်လိမ့်ဦးမယ် …..
အဲ့ဒီ တနေ့နေ့ဆိုတာများ ရောက်လာခဲ့ရင် ….
ငါ့အလွမ်းတွေသာကျကွဲချင်ကွဲပါစေ …….
ကျေးဇူးပြုပြီး ငါ့ကောင်းကင်လေး နေကောင်းပေးပါကွယ် …. နော် ......