Saturday, July 14, 2012

နိယာမအလွဲ(ဇာတ်သိမ်းပိုင်း)



Credit to http://wynnechenart.blogspot.sg

သူကပြောဖူးတယ် “ပြောမှလုပ်တာကျွန်၊ လူဆိုတာ မပြောပဲသိရတယ် …” တဲ့။ အဲ့ဒီစကားမပြောခင်ကတည်းက သူလိုအပ်တိုင်းနားစွင့်ပြီး ဖြည့်ဆည်းနိုင်တာလေးတွေ ဖြည့်ဆည်းပေးနေကျပါ။ တစ်လမှ တစ်သောင်းသာသုံးနိုင်တဲ့ကျမ လက်ထဲမှာ ငွေငါးထောင်ပဲကျန်တော့တဲ့အချိန်မှာ သူ့မှာ ၀တ်စရာအင်္ကျီတွေ ကုန်နေပြီမလျှော်ရသေးဘူးလို့ မတော်တဆ ကြားလိုက်တော့ မျက်နှာလိုအားရနဲ့ ၂၅၀၀ိ တန် မီးခိုးရောင်ဖျော့ဖျော့ရှပ်အင်္ကျီတစ်ထည်ကို ၀ယ်ပေးခဲ့ဖူးတယ်။ သူ့ရဲ့မှတ်ချက်က “အင်္ကျီ ရင်ဘတ်အိတ်ပေါ်မှာ တံဆိပ်ပါတာ ငါမကြိုက်ဘူး၊ ပြီးတော့ ငါက ငါးထောင်တန် အင်္ကျီပဲကြိုက်တာ” တဲ့။ အဲ့ဒီအင်္ကျီလေးကို ကျမမေးလွန်း၊ပြောလွန်းလို့ တစ်ခါတော့ဝတ်ဖူးတယ်။ အဲ့ဒီတစ်ခါလေးဝတ်တာနဲ့တင် ကျမ တော်တော်ကျေနပ်ခဲ့ပါတယ်။

သူ့မျက်နှာသုတ်ပုဝါကြီး ညစ်ပတ်ပေရေနေတာတွေ့တဲ့အခါ ငှက်ကလေးနှစ်ကောင်ပါတဲ့ မျက်နှာသုတ်ပုဝါ အပြာနုနုလေးကို ၀ယ်ပေးခဲ့ဖူးတယ်။ သူပိုက်ဆံပြတ်တဲ့အခါ သူမပြောခင် သူ့ပိုက်ဆံအိတ်ထဲကို ကျမမှာရှိတဲ့ပိုက်ဆံရဲ့ တ၀က်တိတိ အမြဲထည့်ပေးခဲ့တယ်။ သူကြိုက်တဲ့ဘောပင်အကောင်းစားကို တိတ်တဆိတ်မှတ်ထား၊ ပိုက်ဆံစုပြီး ၀ယ်ပေးခဲ့ဖူးတယ်။ ဒါပေမယ့် ကျမကြိုးစားမှုတော်တော်များများက သဲထဲရေသွန်ဖြစ်ခဲ့တာများပါတယ်။ အဲ့ဒီအခါမှာ မပြောပဲလုပ်တိုင်းလဲ အသိအမှတ်ပြုမှုမခံရရင် အလုပ်ဟာ အထမမြောက်ဘူး ဆိုတာကို ကျမ နားလည်လာခဲ့တယ်။

သူကပြောဖူးတယ် “နင်က သိပ်အတ္တကြီးတယ်တဲ့ ဘယ်တော့မှ နှစ်ဘက်မျှ ကြည့်မပေးတတ်ဘူး” တဲ့။ ဒီစကားနောက်ကွယ်မှာ ဘယ်လိုအရောင်တွေစွန်းပေနေသလဲလို့ အဓိပ္ပါယ်ဖော်ကြည့်ဖို့ထက် ကျမရဲ့အတ္တစိတ်ကိုသာ ချိုးနှိမ်တတ်ဖို့ ကြိုးစားခဲ့တယ်။ အကြီးပီပီ ကျမရဲ့ မကောင်းတဲ့အကျင့်လေးတွေ ထောက်ပြပြုပြင်ပေးတယ်ဆိုပြီး သူ့ကို တိတ်တဆိတ်ကျေးဇူးတွေတင်ခဲ့ဖူးတယ်။

၂၀၀၃ရဲ့ ဗယ်လင်တိုင်းနေ့လေးတစ်နေ့မှာ ကျမက သူ့အတွက် e-Card လေးကို မေးလ်ကနေတဆင့်ပို့ပေးခဲ့တယ်။ ကျမကိုယ်ကျမ သိပ်ရိုမန်တစ်မဖြစ်ဘူးလို့ထင်လို့ သူသဘောကျမလားရယ်လို့ ကျမပို့ပေးမိတာပါ။ ကျမဘ၀မှာ ပထမဦးဆုံး ပို့ပေးဖူးတဲ့ ကဒ်လေးဆိုလဲ မမှားပါဘူး။ သူက “နှစ်ယောက်စလုံး ရန်ကုန်မှာကို ဘာလို့ မေးလ်ပို့နေမလဲ ကဒ်ပို့ချင် ငါ့လက်ထဲ ရောက်အောင်ပို့လေ” လို့စာပြန်တော့ အဲ့ဒီနေ့မှာ ကျမသူ့လက်ထဲ ကဒ်အရောက်ပို့ဖို့ လုံးပန်းရတော့တာပေါ့။ ယောက်ျားလေးဖြစ်တဲ့သူက ကျမကို ကဒ်လေးပို့ပေးသင့်တာပေါ့လို့ မတွေးခဲ့တာ သူအလုပ်အားမှာမဟုတ်ဘူးဆိုတဲ့ ကျမရဲ့အတွေးလေးကြောင့်ဆိုတာလည်း သူသိပုံ၊မြင်ပုံမရပါဘူး။ ချစ်သူတွေ အချစ်မညီတော့တဲ့အခါ ရင်ဘတ်ထဲကစကားတွေ ကြားနိုင်စွမ်းမရှိတော့တာကို ရိပ်မှ မရိပ်မိခဲ့ပဲလေ။ ရှိပါစေတော့။

အဲ့ဒီအချိန်မှာ ကျမက အလုပ်(၂)ခု လုပ်နေတဲ့အချိန်။ မနက်ပိုင်းအလုပ်က မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ။ ညနေ အချိန်ပိုင်းအလုပ်က ည ၇ နာရီကနေ ၉ နာရီထိ။ ကန်တော်လေးက နေ လှည်းတန်းကို ၁ နာရီအတွင်း အရောက်သွားဖို့ ကျမဘယ်လောက် အပြေးအလွှားလုပ်ရတယ်ဆိုတာ သူလဲသိပါတယ်။ ညနေပိုင်းအလုပ်မှာက သူက Team Lead ဆိုတော့ ကျမအလုပ်နောက်ကျရင် သူအပြောအဆိုခံရမှာစိုးလို့ တစ်မိနစ်တောင် နောက်မကျရဲပါဘူး။ အဲ့ဒီတစ်နာရီအတွင်းမှာ ကဒ်ကို အပြေးအလွှားရှာဝယ်၊ ကဒ်ပေါ်မှာစာရေး ချွေးတပြိုက်ပြိုက်နဲ့ ည ၇ နာရီအမှီ အချိန်ပိုင်းအလုပ်ကို ရောက်ခဲ့တယ်။ ကျမစိတ်ထဲမှာတော့ ငါသူဖြစ်စေချင်သလို လုပ်ခဲ့နိုင်တယ်ဆိုပြီး ပီတိတွေ အပြည့်နဲ့ပေါ့။ ကျမသူ့လက်ထဲ ကဒ်လေးထည့်လိုက်ရင် သူချီးမွမ်းမလားလို့ မျှော်လင့်ခဲ့မိပါတယ်။ တကယ်တမ်းကျတော့ ကဒ်လေးကို ထုတ်တောင်မကြည့်ပဲ သူ့အံဆွဲထဲ ပစ်ထည့်ပြီး အံဆွဲကို ပြန်ပိတ်လိုက်တော့ အထဲကပစ္စည်းတွေကြောင့် ကဒ်လေးခေါက်ပြီးတွန့်ကြေသွားခဲ့သလို ကျမပီတိစိတ်လေးလဲ တွန့်ကြေသွားခဲ့ရဖူးတယ်။

လူတွေက မလိုချင်တော့တဲ့ အရာတစ်ခုကို စွန့်ပစ်ချင်တဲ့အခါမှာ နည်းမျိုးစုံကို သုံးလေ့ရှိကြတယ်။ စွန့်ပစ်ချင်တဲ့အရာက သက်ရှိဆို တချို့က ပေါ်တင်စွန့်ပစ်ကြတယ်၊ တချို့က နာမည်ကောင်းယူပြီးမှ သူ့အလိုလိုစွန့်ခွာသွားအောင် လုပ်တတ်ကြတယ်။ ကျမအဖြစ်က ဒုတိယတစ်မျိုးထဲမှာ အကျုံးဝင်ခဲ့တယ်ဆိုတာ အားလုံးပြီးသွားမှ ကွင်းဆက်တွေ တချက်ချင်းပေါ်လာခဲ့တယ်။ ကျမ သိပ် “အ” လွန်းခဲ့တာလား ဒါမှမဟုတ် အပြစ်မမြင်ချစ်တတ်ခဲ့လွန်းတာလား?

သူ့လက်ကို လှမ်းဆွဲကိုင်လိုက်တဲ့အချိန်မှာ အရင်လို ကျမလက်ကို ပြန်ဆုပ်ကိုင်ခြင်းမရှိတော့ဘူး။ ကျမက လက်ကို အတင်းလိုက်တွဲရင် “လူတွေအရမ်းရှုပ်တယ် လက်တွဲရင် ကန့်လန့်ကန့်လန့်နဲ့ လက်မတွဲစမ်းပါနဲ့” ဆိုတဲ့စကားအတိုင်း ကျမသူ့ကို လက်တွဲဖို့ မကြိုးစားဖြစ်တော့ပါဘူး။ ကျအချစ်တွေကို သူလွယ်လင့်တကူ လစ်လျူမရှုလောက်ပါဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ သူကျမကို သိပ်အလေးမထားတော့ပေမယ့် သူ့ဘေးမှာ တိတ်တဆိတ်သာ နေတတ်ခဲ့တာ အသားကျနေခဲ့တယ်။ အဲ့ဒီအချိန်မှာ “အနှိုင်းမဲ့” ဆိုတဲ့ သီချင်းလေးက ကျမရဲ့ဖေးဘရိတ်ပေါ့။

သူအပါအ၀င် ကျန်တဲ့သူငယ်ချင်း သုံးယောက်ပေါင်းပြီးလုပ်ရမယ့် ဒေါ်လာငါးထောင်လောက်တန်တဲ့ ပရောဂျက်တစ်ခုကို လက်ခံရလိုက်တဲ့အချိန်မှာလည်း ကျမတို့ သဘောထားကွဲလွဲမှုတခုဖြစ်ခဲ့တယ်။ ကျမက ကျမအဖေကို အလုပ်ကိစ္စတိုင်း တိုင်ပင်လေ့ရှိတော့ ဒီပရောဂျက်အကြောင်းပြောပြမိတယ်။ အဖေက ၃ ယောက်ပေါင်းဂွိုင့်အကောင့်ဖွင့်ထားရင်ကောင်းမယ်လို့ အကြံပေးတာကို သူသဘောမကျခဲ့ဖူး။ ဒါပေမယ့် အဲ့ဒီပရောဂျက်အတွက်စစ်စတမ်ဒီဇိုင်းဆွဲတာကော၊ ဒေတာဘေ့စ်ဒီဇိုင်းဆွဲတာကောမှာ ကျမလုပ်အားတွေအများကြီးရယူပြီးချိန်ကျမှ သူပဲလုပ်တော့မယ်ရယ်လို့ ကျမအကူအညီတွေကို ရပ်တန့်ခိုင်းခဲ့တယ်။ စိတ်မကောင်းဖြစ်ပေမယ့် အဖေ့ကို ပရောဂျက်မဖြစ်တော့ဘူးရယ်လို့ အကြောင်းပြပြီး ရေငုံနှုတ်ပိတ်သာနေခဲ့တယ်။ နောက်ပိုင်းသူ့မှတ်ချက်က “ယူတောင်မယူရသေးဘူး နင့်အဖေက နေရာတကာဝင်ပါတယ်” တဲ့။

ချစ်သူသက်တမ်းတစ်လျှောက်လုံးမှာ ကျမမတောင်းပဲနဲ့ သူ့ဆီက ရေမွှေးပုလင်းလေးတစ်လုံး လက်ဆောင်တစ်ခုရဖူးတယ်။ ကျမပျော်လိုက်တာလေ။

“ကို …. အဲ့ဒါ သမီးအတွက် သက်သက်ဝယ်လာတာလားဟင် …”

“မဟုတ်ပါဘူး … ငါ့အတွက်ဝယ်တာ ၀ယ်ပြီးမှ အနံ့မကြိုက်လို့ နင့်ပေးတာ” တဲ့ ….

ကျမအပျော်လေးတွေ တစစီပဲ့ကြွေကျသွားတယ် … တုန်လှိုက်နေတဲ့အသံနဲ့

“သြော် မသိပါဘူး …. သမီးအတွက်သက်သက်ဝယ်လာတယ်ထင်လို့ … ဘာပဲဖြစ်ဖြစ်ပါ သမီးဒီအနံ့လေးကြိုက်တယ် … ကျေးဇူးပဲနော် ကို ….”

ကျမ ဟန်ဆောင်တာ မကျွမ်းကျင်ခဲ့ပေမယ့် သူ့ချစ်ခြင်း တစွန်းတစလေးတောင် ကျမဆီ ပြန်ပဲ့ပါမလာခဲ့တာတော့ သေချာပါတယ်။ ခုချိန်ထိ ကျမ စိတ်မပျက်သေးတာကို သူများစိတ်ပျက်လေမလားလို့တော့ ကျမ မတွေးမိခဲ့ဘူး။ ကျမ ညံ့ခဲ့တာပါ။

ကျမရဲ့ ယုံကြည်ခြင်းမိုးတိမ်တွေ ပြိုကျတဲ့နေ့တစ်နေ့ ….

အဲ့ဒီနေ့မတိုင်ခင်က သူကျမကို စိတ်ဆိုးသွားခဲ့တယ်။ ကျမနဲ့ပတ်သတ်ပြီး အချိန်ပိုင်းအလုပ်အတွက် အလုပ်သွင်းပေးထားတဲ့ သူငယ်ချင်းက အလုပ်နောက်ကျတာများလို့ ကျမနဲ့စကားများရာက စတာပါ။ နောက်နေ့ကျတော့ သူ့ကိုချော့ဖို့ ကျမအလုပ်ကခွင့်ယူပြီး သူ့အလုပ်ရှိရာ FMI စင်တာရဲ့ တစ်ဘက် ပလက်ဖေါင်းပေါ်မှာ မနက် ၈ နာရီခွဲလောက်ကတည်းက ရောက်နေခဲ့တယ်။ သူက ၉ နာရီလောက် အလုပ်လာတတ်ပေမယ့် မတော်လို့ စောလာခဲ့ရင် လွဲသွားမှာစိုးတာနဲ့ စောထွက်ခဲ့တာပါ။ သူ အလုပ်ကိုစောစွာရောက်နှင့်နေခဲ့တယ်ဆိုတာ စင်တာထဲကထွက်လာမှ ကျမသိခဲ့ရတယ်။ သူ့ဘေးမှာ ခပ်သွယ်သွယ် အသားညိုညို ပိန်ပိန်ပါးပါး ကောင်မလေးတစ်ယောက်က သူ့လက်ကိုချိတ်လို့ ကားလမ်းကို ဖြတ်ကူးလာခဲ့တယ်။ သူ ကျမကို မမြင်သလို ကျမလဲ သူ့ကိုခပ်ဝါးဝါးပဲမြင်ရတယ်။ ဘယ်အချိန်က အိုင်ထွန်းလာမှန်းမသိတဲ့ မျက်ရည်တွေက ကျမမျက်ဝန်းမှာပြည့်လို့ပေါ့။

ဟင့်အင်း …. ကျမ မငိုပါဘူး။ မငိုချင်ပါဘူး။ သူ့ဆီက အကြောင်းပြချက် တခုခုကို နားထောင်ချင်သေးတယ်။ အချစ်တွေနဲ့ ကျမရဲ့ တစ်သက်တာအတွက် ရွေးချယ်မှုတစ်ခုဟာ ဒီမြင်ကွင်းလေးတစ်ခုတည်းနဲ့ ပျက်ဆီးသွားရမှာကို ကျမ မလိုလားပါဘူး။

“ဟင် … ငယ်ငယ် …. နင်ဘာလာလုပ်တာလဲ” အိုးတိုးအမ်းတမ်း ဖြစ်သွားတဲ့ သူ့မျက်နှာရယ်၊ ကျမရဲ့ ကြေကွဲမျက်နှာရယ်ကြောင့်ထင်ပါရဲ့ ကောင်မလေး လက်တွဲတာကို ဖြုတ်လိုက်တယ်။

“သမီး ကိုxxx ကိုပြောစရာရှိလို့”

“ငါ အခု မနက်စာသွားစားမလို့ နင်အလုပ်သွားတော့” လို့ တစ်ခွန်းပဲပြောပြီး လက်ချင်းချိတ် ဆက်လှမ်းထွက်သွားတာကို ကြည့်နေရင်း ကျမနှလုံးသားကို ဖြတ်နင်းလျှောက်သွားသလို ကျမရင်တွေ နာကျင်လိုက်တာ။ ရင်ထဲမှာ ဟာပြီး တလှပ်လှပ်နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ကျမမမြင်ရတော့ဘူး။ ကျမ မငိုပေမယ့် မျက်ရည်တွေ စီးကျလာခဲ့တယ်။ ဒီအဖြစ်အပျက်ကို ကျမ မယုံကြည်နိုင်ခဲ့ဘူး။

ကျမ ဘာတွေမှားခဲ့သလဲ? ကျမသူ့ကို နှစ်နှစ်ကာကာ ချစ်ခဲ့တာပါ။ သူလိုအပ်တိုင်းမှာ ကျမ ဖြည့်ဆည်းဖို့ကြိုးစားခဲ့တာပါ။ သူအပြစ်လုပ်တိုင်းမှာ လူတစ်ယောက်ကို ချစ်ရင် သူ့ရဲ့ ကောင်းတာကော၊ ဆိုးတာကောကို လက်ခံရမယ်ဆိုတဲ့ စိတ်နဲ့ ကျမနေခဲ့တာပါ။ ကျမ မချမ်းသာခဲ့ပေမယ့် သူ့ကို ဘယ်တုန်းကမှ ၀န်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ပါဘူး။ ကျမ မလုပ်နိုင်တဲ့ကိစ္စတွေမှာ ကျမ ကတိမပေးခဲ့တာတွေရှိမယ်။ ဒါပေမယ့် ကလန်ကဆန်မလုပ်ခဲ့ပါဘူး။ ကျမသူ့အပေါ် သစ္စာရှိခဲ့ပါတယ်။ ကျမ ရုပ်မလှပေမယ့် ချစ်စရာကောင်းတဲ့ရုပ်ရည်တော့ရှိပါတယ်။ ကျမ မပိန်ပေမယ့် တရားလွန်မ၀ပါဘူး။ ကျမ ပညာအရည်အချင်း မညံ့ခဲ့ပါဘူး။ ဒီအရည်အချင်းတွေအားလုံးထဲမှာ သူလိုချင်တာ ဘာကြောင့် တစ်ခုမှ မပါခဲ့တာလဲ။ သူလိုချင်တာဘာလဲ? ကျမဘာတွေလိုအပ်ခဲ့သလဲဟင်?

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်တဲ့။ ဒါပေမယ့် ဆန့်ကျင်ဘက်လားရာနဲ့ဆိုတာ ကျမ ဘာလို့ ဆက်မဖတ်ခဲ့မိပါလိမ့်။

လွဲနေတဲ့ ကျမရဲ့ နိယာမထဲမှာ ကျမနေခဲ့တာ ၃ နှစ်။ အသည်းကွဲဝေဒနာ ခံစားခဲ့ရတာ ၁ နှစ်ခွဲ။

သူ့ကြောင့် ကျမရဲ့အတ္တကြီးတဲ့စိတ်တွေ အများကြီးလျော့ချနိုင်ခဲ့တယ်။ သိပ်မချစ်တတ်တော့အောင်လဲ နေတတ်ခဲ့တယ်။ အခြေအနေနဲ့ အချိန်အခါအရ ပုံသေနည်းတွေ၊ နိယာမတွေကိုလည်း ဘာသာပြန်တတ်ခဲ့တယ်။ အရာရာတိုင်းအတွက် ခုထိ ကျေးဇူးတင်ဆဲပါ။

နိယာမအလွဲ အပိုင်း(၂)


Credit to http://happylifequotes.com

တည်ငြိမ်နေတဲ့ရေပြင်လေးပေါ် ခဲခပ်သေးသေးလေးတစ်လုံးကျခဲ့တယ်။

ကျမတို့ရဲ့ချစ်သူသက်တမ်း(၃)လအကြာမှာ ပထမဆုံးပြဿနာစတက်ခဲ့တယ်။ သူက ကျမလက်ကိုတွဲပြီး လမ်းလျှောက်ချင်သူ ကျမက အဖေ၊ အစ်ကို၊ မောင်တွေရဲ့ သူငယ်ချင်းတွေမြင်သွားမှာ သေမလောက်ကြောက်သူ။ ဒီတော့ ဆွဲကိုင်လာတဲ့ သူ့လက်ကို ကျမ ရုန်းထွက်ခဲ့မိတယ်။ သူ့ဘက်ကကြည့်တော့ လူကြားထဲမှာ သူ့ကို အရှက်ခွဲသတဲ့။ ကျမဘက်ကတော့ လက်ကိုင်တာလေး မခံတာ သူဘာလို့ ဒီလောက်ခံစားနေသလဲ လို့ပဲမြင်ခဲ့မိတယ်။ အဲ့ဒီအချိန်ကစလို့ ကျမလက်ကို သူဘယ်တော့စပြီး မကိုင်တော့ဘူးလို့ ပါးစပ်နဲ့ပြောခဲ့သလို အလုပ်နဲ့လည်း သက်သေပြခဲ့တယ်။ ကျမကတော့ အပြစ်ရှိသူတစ်ယောက်လို လမ်းကူးတိုင်း သူ့လက်ကို စတင်ဆွဲကိုင်သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့တာပေါ့။ ကျမကသူ့လက်ကို ဆွဲကိုင်လိုက်တိုင်း တင်းကျပ်စွာပြန်လည်ဆုပ်ကိုင်လာတဲ့ သူ့လက်တစ်ဘက်ကအင်အားတွေ ကျမရင်ထဲစီးမျောသွားတယ်ဆိုတာ သူသိချင်မှသိမှာပေါ့လေ။

ကျမတို့ ထရိန်နင်မှာ ပရက်တီကယ်ဖီးလ်က လာတဲ့ ကျမက စာတွေ့များတဲ့သူ့ကို ပရောဂျက်တခုခုလုပ်တိုင်း အမြဲသာလေ့ရှိတယ်။ ကျမကသာသွားတိုင်း သူက အမြဲမကျေမနပ်ဖြစ်ခဲ့သလို၊ ကျမက အရင်အလုပ်ပြီးသွားတိုင်းလည်း သူ့ပရောဂျက်ကို ဆက်မလုပ်ပဲ ရပ်ပစ်လိုက်တာမျိုး ကြုံလာရတော့ ကျမစိတ်မကောင်းဖြစ်ခဲ့ရတယ်။ အလုပ်ခွင်မှာ သူက ကျမကိုပြိုင်ဖက်တစ်ယောက်လို သဘောထားခဲ့ပေမယ့် ကျမကတော့ သူဟာ တချိန်ကျရင် ကျမအိမ်ဦးနတ်ဖြစ်မယ့်သူလို့ ယုံကြည်စွာနဲ့ အလျော့ပေးဖို့ပဲစဉ်းစားခဲ့တယ်။ ကျမမှတ်မိပါတယ် သူကျမကို ပထမဆုံး အနိုင်ရလိုက်တဲ့အချိန်မှာ သူဟာ အင်မတန်ပျော်ရွှင်နေခဲ့တယ်။ အပြုံးတွေနဲ့ သူ့မျက်နှာရယ်၊ နင့်ကိုငါနိုင်သွားပြီိလို့ ပြောနေတဲ့ အကြည့်တွေရယ်ကို ကျမ အမြတ်တနိုးသိမ်းဆည်းထားခဲ့ဖူးတယ်။ ကျမရဲ့ပညာမာနတွေ အကုန်ကြမ်းပြင်ပေါ်ချပြီးမှ သူ့ကိုအနိုင်ပေးခဲ့တယ်ဆိုတာကိုတော့ သူသိအောင် ကျမ ဘယ်တော့မှ ပြောပြဖြစ်မှာမဟုတ်ပါဘူး။ အချစ်ဆိုတာ အနိုင်ယူဖို့မှ မဟုတ်တာပဲလေ။

သူမာစတာတန်းဖြေခါနီးတုန်းက စာတွေသိပ်များပြီးပြာယာခတ်နေခဲ့တာပေါ့။ သူ့အိမ်ကလဲ သူငယ်ချင်းယောက်ျားလေးတွေစုငှါးပြီးနေတာဆိုတော့ သူ့အိမ်မှာ စာကျက်ရတာ သိပ်အဆင်မပြေလှဘူး။ ဒီတော့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အဓိပတိလမ်းပေါ်က ရေတမာပင်အောက်က ခုံတန်းဝိုင်းလေးတွေက ကျမတို့နှစ်ယောက်ရဲ့ နေရာလေးတွေခဏဖြစ်ခဲ့ဖူးတယ်။ နှစ်ယောက်သားရေတမာပင်ကိုမှီလို့ တင်ပလင်ခွေထိုင်ရင်း၊ သူ့စာတွေကျမပါကူကျက်ပေးခဲ့ဖူးတယ်။ နှစ်ယောက်သား TRIO သကြားလုံးထုတ်လေး ဘေးချပြီး ကော်ဖီသောက်သလို တလုံးပြီး တလုံးစားရင်း စာကျက်ခဲ့ကြတဲ့ ဒီလိုပြိုင်ဆိုင်မှုမရှိတဲ့အချိန်လေးတွေဟာ ကျမအတွက်သိပ်ကြည်နူးစရာဖြစ်ခဲ့သလို၊ အမှတ်ရစရာကောင်းခဲ့တယ်။

ဒီလိုနဲ့တစ်နေ့မှာ သူ့ပရောဂျက်တွေကို ကျမက အမြဲလုပ်ပေးလို့ ဆိုပြီး ကုမ္ပဏီမှာ ဆက်လုပ်ဖို့ အရည်အချင်းမမှီဘူးဆိုတဲ့ ပြစ်ချက်နဲ့ သူ ကုမ္ပဏီကနေ ထွက်ခဲ့ရတယ်။ ကျမတို့ကုမ္ပဏီက ထရိန်နင်ပြီးရင် နိုင်ငံခြားအလုပ်အကိုင် အခွင့်အလမ်းသေချာတဲ့အတွက် သူ့ရဲ့ ရည်မှန်းချက်တွေ ပြိုလဲကျကုန်တယ်။ အမြဲစိတ်ဓါတ်မာခဲ့တဲ့သူ ကျမရှေ့မှာ မျက်ရည်ကျတာ မြင်လိုက်ရတဲ့အချိန်မှာ ကျမရင်ထဲမှာ ငါ့ကြောင့်ဖြစ်ရတာရယ်လို့ သူ့အစား ၀မ်းနည်းနာကျင်ရသလို သူ့အတွက်ဆိုရင် တတ်နိုင်သလောက် အကောင်းဆုံးတွေချည်းပဲ ပေးဆပ်မယ်လို့ ကျမ ဆုံးဖြတ်ခဲ့တယ်။

နောက်တော့ သူအလုပ်သစ်ရသွားခဲ့တယ်။ သူ့အလုပ်က FMI စင်တာမှာ ကျမအလုပ်က ကန်တော်လေးထဲမှာ။ နေ့တိုင်းတွေ့နေတဲ့မျက်နှာတစ်ခုကို နေ့တိုင်းမှ မမြင်ရတော့မှပဲ ကျမလွမ်းတတ်လာသလို သူ့ကို တော်တော်ချစ်ပါလားလို့ ကျမသိလာခဲ့တယ်။ ကျမနဲ့သူနဲ့ နေ့တိုင်းမတွေ့ဖြစ်တော့ဘူး။ တွေ့ဖြစ်တိုင်းမှာလည်း အချစ်အကြောင်းထက် သူ့အလုပ်ရဲ့ စိန်ခေါ်မှုတွေနဲ့ ကျမကို ယှဉ်ပြိုင်ချင်တာတွေကသာ သူ့မှာပိုများခဲ့တယ်။ ဒါပေမယ့် အသွားအပြန် နိယာမကို ကျမ ယုံကြည်လက်ခံဆဲမို့ သူ့အပေါ် မေတ္တာတစ်စက်မပျက်ခဲ့ပါဘူး။

သာသာယာယာရှိတဲ့နေ့လေးတစ်နေ့မှာ တိတိကျကျပြောရရင် သူ့မွေးနေ့ ဇူလိုင်(၁၉)ရက်နေ့မှာ သူက ကျမဆီကို ပုံပြင်လေးတစ်ပုဒ်သယ်ဆောင်လာခဲ့တယ်။

အဲ့ဒီနေ့လေးမှာ သူ့ကိုလက်ဆောင်ပေးဖို့ဆိုပြီး ပိတ်စအဖြူအကောင်းစား အစလေးနဲ့ ခေါင်းအုံးစွပ်လှလှလေးတစ်လုံးကို ကျမ သူ့အတွက်ချုပ်ပေးထားတယ်။ အဲ့ဒီခေါင်းအုံးစွပ်လေးကို မေတ္တာတွေ အပြည့်နဲ့ အဓိပ္ပါယ်တွေအပြည့်နဲ့ ကျမချုပ်ခဲ့တာမို့လို့ အပေါ်ယံကြည့်ရင် တန်ဘိုးနည်းပေးမယ့် မြင်တတ်ရင် တန်ဘိုးမနည်းလှပါဘူး။ ကျမစိတ်ကူးလေးနဲ့ကျမ ပျော်ရွှင်စွာ သူ့ဆီရောက်သွားတဲ့အခါ အသည်းပုံလေးပေါ်မှာ ကောင်လေးနဲ့ကောင်မလေး မတ်တပ်ရပ်ပြီးနမ်းနေတဲ့ ခရစ်စတယ် ကီးချိန်းလေးနဲ့ ပုဆိုးတစ်ထည်ကို ထုတ်ပြရင်း သူက “ငါ့အလုပ်က ၀န်ထမ်းကောင်မလေးတစ်ယောက် လက်ဆောင်ပေးတာ” လို့ ခပ်တည်တည်ပဲ ပြောခဲ့တယ်။ ကျမက သူ့အတွက်လက်ဆောင်လေး ထုတ်ပေးလိုက်တဲ့အချိန်မှာ “ငါက အိပ်ယာခင်း အဓိကလိုနေတာ” လို့ ကျမကို ပြောပြီး ကျမခေါင်းအုံးစွပ်လေးကို စိတ်မ၀င်စားခဲ့ဘူး။ ကီးချိန်းလေးကို ကြည့်ရင်း ရင်ထဲမှာဖြစ်လာတဲ့ ပူပန်မှုတွေ အပြင် မျက်နှာငယ်ရရှာတဲ့ ကျမရဲ့လက်ဆောင်လေးအကြောင်းတွေးရင်း ခံစားချက် နှစ်စုံနှစ်ရာနဲ့ ရင်ထဲမှာလှိုက်လို့ ၀မ်းနည်းပူလောင်နေခဲ့တယ်။

ကီးချိန်းကြည့်ရတာ သိပ်မရိုးဘူးနော်လို့ ကျမ သူ့ကို သတိပေးတော့ သူက “ဟာ … ရိုးရိုးပါဟာ နင်ကလဲ” လို့ ခပ်ပေါ့ပေါ့ဖြေခဲ့တယ်။

နောက်ပိုင်းမှာ

“လက်ဆောင်ပေးတဲ့ ကောင်မလေးက အလုပ်နည်းနည်းအားတာနဲ့ ငါထိုင်တဲ့အခန်းရဲ့ ရှေ့နားလာလာပြီး ငါ့ကို ကြည့်တယ် ဟ”

“ဒီနေ့ ငါ့အတွက် ပန်းသီးဝယ်လာပေးတယ်။ ငါ မစားဘူးပြောတော့ အမှိုက်ပုံးထဲပစ်မယ်ပြောလို့ ငါယူထားလိုက်ရတယ်။”

“ဒီနေ့ ထမင်းတူတူစားဖို့ လာခေါ်တော့ ငါ သူနဲ့ တူတူ ထမင်းစားဖြစ်တယ်”

“သူက တခါတလေ လမ်းကူးရင် ငါ့လက်ကို ကိုင်ပြီး ကူးတတ်တယ်နော် .. နင် မြင်ရင် အထင်လွဲမှာ စိုးလို့ ကြိုပြောတာ”

“ငယ်ငယ်ရေ … သူကလေ တစ်လ တစ်လ မိတ်ကပ်ဘိုးချည်းပဲ သောင်းကျော်ကုန်တာ ဟ …. သိလား” လို့ သနပ်ခါးကိုသာ ခုံခုံမင်မင်လူးတတ်တဲ့ကျမကို နှစ်သက်စွာရွေးချယ်ခဲ့တဲ့သူ့ပါးစပ်က အထင်တကြီး ဒီလိုပြောလာတဲ့အချိန်မှာ ကျမ ကြားနိုင်စွမ်းမရှိတော့လို့ သူ့ကို အပြင်းအထန် ကွန်ပလိန့်လုပ်ခဲ့တယ်။ အဲ့ဒီအတွက် စိတ်ဆိုးပြီး လူတွေရှု့ပ်ရှက်ခတ်နေတဲ့ မြို့ထဲလမ်းမကြီးမှာ ကျမကို ထားပစ်ခဲ့ပြီး သူတစ်ယောက်တည်း ကားဂိတ်ကို လျှောက်ချသွားတဲ့နောက်ကို ကျမ မပြေးရုံတမယ်ခြေလှမ်းနဲ့ လိုက်ခဲ့ရဖူးတယ်။ ယောက်ျားတစ်ယောက်နောက်ကို ဒီလိုပြေးလိုက်ရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဖူးတဲ့ကျမ ရှက်တာရော၊ ၀မ်းနည်းတာရောစုပြုံလို့ မျက်ရည်ကတော့ ၀ဲနေခဲ့ပြီ။ ဖြက်ကနဲ (၁၀၇) ဒိုင်နာကားပေါ်တက်လိုက်တာကို လှမ်းမြင်လိုက်တော့ ကျမပါ ပြေးပြီးလိုက်တက်ခဲ့တယ်။ ကံမကောင်းချင်တော့ ကျမအတက်၊ ကားက အထွက်မှာ လက်က ခုံနဲ့ဘေးကကာထားတဲ့ သံပြားကြားညှပ်ပြီး အသားလန်ထွက်သွားခဲ့တယ်။ သွေးတွေ မြင်မကောင်းအောင်ထွက်လာသလို၊ မျက်ရည်တွေလဲ တလဟောသွန်ကျလာတဲ့ အချိန်ကျမှ ကျမလက်ကိုဆက်ကနဲ ဆွဲယူလိုက်ပြီး ဒဏ်ရာကို တစ်ရှုးစနဲ့ အုပ်ပေးခဲ့တယ်။

မျက်နှာကြော အနည်းငယ်လျော့ပြီး “နင်ကလဲ သတိမထားဘူး။ ဘာလို့ကားထွက်နေတုန်း ပြေးတက်ရတာလဲ” ဆိုတဲ့ စကားတစ်ခွန်းအောက်မှာ ကျမ၀မ်းနည်းနာကျင်တာတွေ ယူပစ်သလို ပျောက်သွားခဲ့ပြီး သူဂရုစိုက်သားပဲရယ်လို့ကျေနပ်ပျော်ရွှင်သွားခဲ့တာ သူကပဲတော်လွန်းခဲ့တာလား၊ ကျမကပဲ ခွင့်လွှတ်လွယ်လွန်းတာလားလို့ ကျမ မတွေးခဲ့ဘူး။အဲ့ဒီအချိန်ကစလို့ သူ့ဆီက ဘာပုံပြင်မှ ထပ်မကြားခဲ့ရတော့ဘူး။ ပုံပြင်မရှိတော့တာမဟုတ်ပဲ မပြောပြတော့တာ ဆိုတာကို ကျမနောက်ကျမှ သိခဲ့ရတယ်။

နိယာမအလွဲ အပိုင်း(၁)


Credit to http://themusicalfruit.net

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နိယာမကို ကျမ အလေးအနက် ယုံကြည်ခဲ့ဖူးတယ်။

အချစ်ဆိုတာ ရူးသွပ်ရမယ့်အရာလို့ ဘယ်တုန်းကမှ မထင်ခဲ့ပေမယ့် အချစ်ကြောင့် ကျမ ရူးသွပ်ခဲ့ဖူးတယ်။

ရိုးရိုးလေးပါ။ ဇာတ်လမ်းလေးက တကယ်ကို ရိုးရိုးလေးရယ်ပါ။

သူနှင့်ကျမက ကုမ္ပဏီတစ်ခုတည်းမှာ အတူတူအလုပ်လုပ်ကြတယ်။ ထိုင်တော့လဲ ခုံချင်းက ကပ်လျက်၊ သူငယ်ချင်းဆိုလဲ ဟုတ်၊ လုပ်ဖော်ကိုင်ဖက်ဆိုလဲ ဟုတ်ခဲ့ကြတယ်။ ကျမတို့ သူငယ်ချင်း မိန်းကလေး(၃)ယောက်ရယ်၊ သူရယ်နဲ့က သွားအတူ၊ လာအတူ နဲ့ စိတ်တူကိုယ်တူရှိခဲ့ကြတယ်။ ပတ်ဝန်းကျင်ကလဲ သူ ဘယ်တစ်ယောက်ကို စိတ်ဝင်စားနေတယ်ရယ်လို့ အတိအကျမသိခဲ့ကြဘူး။ ကျမကတော့ ကျမကို စိတ်ဝင်စားနေတယ်ဆိုတာကို သူတိတ်တဆိတ်ပို့ထားတဲ့ မေးလ်တွေက တဆင့် ကြိုသိနေခဲ့တယ်။ သူငယ်ချင်းဘ၀မှာကတည်းက ကျမကို အလိုက်သိလွန်းသောသူ့ကို ကျမလဲ စိတ်ဝင်စားခဲ့တယ်ဆိုရင် မမှားပါဘူး။ သူက ကျမကို တစ်ခုသော တနင်္ဂနွေနေ့မှာ ချစ်ရေးဆိုခဲ့တယ်။

“ငယ်ငယ် … ငါ နင့်ကို ချစ်တယ်” လို့ သူပြောတဲ့အချိန်မှာ ကျမ ရင်ခုန်ခဲ့သလား၊ မခုန်ခဲ့ဘူးလား သေသေချာချာ မမှတ်မိတော့ပေမယ့် ကျမ ရှက်နေခဲ့တာတော့ သေချာခဲ့ပါတယ်။ ဒါဟာ အချစ်ဟုတ်၊မဟုတ်ဆိုတာလည်း ကျမ မသိခဲ့သလို၊ ဆန်းစစ်ဖို့လည်း သတိမရခဲ့ဘူး။

“သမီးကို ဘာလို့ ချစ်တာလဲ ပြောပြ” လို့ကျမ ပြန်မေးတော့

သူက “ငါ နင့်ကို စာမေးပွဲခန်းမှာ ကတည်းက စတွေ့ဖူးပြီး သဘောကျခဲ့တာ။ ငါက စာမေးပွဲဖြေဖို့ ချွေးပြန်နေတဲ့အချိန်မှာ နင်က ရှေ့က စားပွဲကိုသွားပြီး နင့်သူငယ်ချင်းနဲ့ စကားတွေပြောလို့ … ငါ့ စိတ်ထဲမှာ ဒီကောင်မလေးက စားမေးပွဲခန်းကို မကြောက်ဘူးလားမသိဘူးလို့တွေးမိတယ်။ ပြီးတော့ ငါ့စိတ်ထဲဘယ်လိုဖြစ်မှန်းမသိဘူး ဒီစာမေးပွဲပြီးရင် ပြန်တွေ့ပါစေလို့ ဆုတောင်းမိတယ်” လို့ တနံတလျားရှင်းပြပါတယ်။

ကျမမှာ အကျင့်တစ်ခုရှိတာက ကျမထက် အသက်ကြီးသူတွေနဲ့ စကားပြောတာမှာ ကျမကိုယ်ကျမ “သမီး” လို့ နာမ်စားသုံးလေ့ရှိတယ်။ ဒါကြောင့်မို့ သူနဲ့ စကားပြောတော့လည်း “သမီး” လို့ကိုယ့်ကိုကိုယ်သုံးဖြစ်ခဲ့တာပေါ့။

နောက်ပြီးတော့ စာမေးပွဲဆိုတာက ကျမတို့အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီကို ၀င်ခွင့်ဖြေရတဲ့ စာမေးပွဲပါ။ ကျမက တစ်ခါဖြေပြီး အောင်ခဲ့ပေမယ့်၊ နှုတ်ဖြေမှာ ကျခဲ့လို့ နောက်တစ်ခါ ပြန်ဖြေတဲ့ အချိန်မှာ သူ ကျမကို တွေ့ခဲ့တာပါ။ သူနဲ့ ဆုံဆည်းဖို့ ကံ ပါလာလို့လား မသိ သူကော၊ ကျမကော စာမေးပွဲအောင်ခဲ့ပါတယ်။

အောင်စာရင်းထွက်တဲ့နေ့ကိုလည်း ကျမ မှတ်မိနေခဲ့တယ်။ ကျမတို့ နာမည်တွေကို ဘုတ်မှာ ကပ်ထားတာကို ကျမသွားကြည့်တော့ သူလည်း အဲ့ဒီနေရာမှာ ရှိနေခဲ့တယ်။ ကျမက နာမည်တွေကို လက်ထောက်ရွတ်ရင်းက ဒီနာမည်က မိန်းကလေး နာမည်ကြီးလိုပဲနော်လို့ ကျမ သူငယ်ချင်းကို ပြောပြတော့ အနောက်ဘက်ကနေ “မဟုတ်ပါဘူးဗျာ … ယောက်ျား နာမည်စစ်စစ်ပါ” လို့ ရုတ်တရက်အသံထွက်လာတော့ လန့်သွားသလို၊ အားလည်းနာသွားမိတယ်။ ကျမ သူ့ကို ပထမဆုံး စမြင်ဖူးခဲ့တဲ့ အချိန်ပေါ့။ တခါမြင်ယုံနဲ့ မှတ်မိလောက်အောင် စွဲဆောင်မှုမရှိတဲ့ သူ့ပုံစံကြောင့် ကျမ သူ့ကို ခပ်လွယ်လွယ်မေ့သွားတာ မထူးဆန်းဘူးဆိုရမယ်။

ဒီလိုနဲ့ပဲ ကျမတို့ အပတ်စဉ်တူတူ အလုပ်ဝင်ခွင့်ရခဲ့ကြတယ်။ ကျမတို့အလုပ်မှာ ထရိန်နင် ပေးတော့ မြန်မာစကားလုံးဝမတတ်၊ လုံးဝနားမလည်တဲ့ အိန္ဒိယက ဆရာတွေက စာသင်ကြတယ်။ သူတို့က ကျမတို့တွေရဲ့ နာမည်ကို အသံထွက်ရခက်တော့ ကျမတို့တွေ နစ်ခ်နိမ်း ပေးကြရတယ်။ အဲ့ဒီအချိန်မှာ ကျမရဲ့နစ်ခ်က ဂျက်ဆီကာတဲ့။ သူ့ကိုတော့ ဆရာက ဆန်နီလို့ပေးခဲ့ပေမယ့် သူက ကျမသဘောကျတဲ့ လီယိုနာဒို ဆိုတဲ့ နာမည်ကို နစ်ခ်အဖြစ်ယူခဲ့တယ်။ ဒီလိုနဲ့ တလျှောက်လုံး ကျမ စိတ်ညစ်တိုင်း ဖျောင်းဖြ၊ ကျမ စိတ်တိုတိုင်းလဲ ချော့မော့ပြောပြတတ်တော့ သူ ကျမကို တော်တော် နားလည်တယ်ရယ်လို့ ကျမဘာသာပြန်ခဲ့မိတယ်။

အရပ်ခပ်ပြတ်ပြတ်၊ အသားခပ်ညိုညိုနဲ့ အညာသား သူ့မှာ ကျမ သဘောကျတာဆိုလို့ ရှည်ကော့နေတဲ့ မျက်တောင်တစ်စုံရယ်၊ ကျမကို နားလည်မှုပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုရယ်နဲ့ သူ့အချစ်ကို ကျမ လက်ခံခဲ့တယ်။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်အချစ်ဆိုတာ သူ့ကို ချစ်သူအဖြစ်လက်ခံပြီးမှ ကျမရင်ထဲမှာ တဖြေးဖြေးချင်းဖြစ်တည်လာခဲ့တာပါ။

ကျမတို့ ချစ်သူဖြစ်ပြီးကြတော့ သူက ကုမ္ပဏီမှာ သူ့ကိုသိပ်စကားမပြောဖို့ ကျမကိုပြောတယ်။ ကျမက အရင်ကတည်းက သူငယ်ချင်း၊ ခုလည်းထူးပြီးတော့ ပိုဆက်ဆံနေတာမှမဟုတ်တာ စကားပြောတာကို ကန့်သတ်တာ ကျမ မကြိုက်ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းသူ့စကားဆိုရင် ကျမ နားထောင်ချင်တယ်။ သူ့ဘက်က ထုတ်တဲ့ စည်းကမ်းတိုင်းကို လိုက်နာပြီး သူ့ကို ဘယ်လောက်ချစ်ကြောင်း၊ ဂရုစိုက်ကြောင်းပြချင်ခဲ့မိတယ်။ ဘာလို့လဲဆိုတော့ တသက်မှာ ချစ်သူတစ်ယောက်သာ ထားချင်ခဲ့ပြီး ဒီတစ်ယောက်ကိုပဲ လက်ထပ်မယ်လို့ ကျမ ဆုံးဖြတ်ထားခဲ့လို့ပါပဲ။

ကျမရဲ့စလင်းဘတ်ထဲမှာ အပ်ချည်ကြိုးနဲ့ အပ် အမြဲဆောင်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ကျမသူငယ်ချင်းမလေးတွေက စကပ်လုံချည်ဝတ်လေ့ရှိကြလို့ပါ။ သူတို့စကပ်လုံချည်တွေက အခန့်မသင့်ရင် ကွဲတာ၊ ချိတ်ပြုတ်တာတွေ ဖြစ်တတ်တော့ တွယ်ချိတ်နဲ့ဆိုရင် အမြင်ဆိုးတာမို့လို့ ကျမကပဲ ချုပ်ပေးလေ့ရှိတယ်။ အဲ့လို ဆောင်တတ်တာလေးက ကျမချစ်သူကို ကျမချစ်ကြောင်းပြနိုင်ခဲ့တယ်ဆိုရင်လဲ မမှားပါဘူး။ ပထမဆုံးတစ်ခါက သူ့အင်္ကျီ ကြယ်သီးပြုတ်သွားတဲ့အချိန်၊ နောက်တစ်ချိန်က သူ့ ကျောပိုးအိတ် ဇစ်ပျက်သွားတဲ့အချိန်ရယ်ပေါ့။ ကျမ သူ့ပစ္စည်း အပျက်အစီးလေးတွေကို ကျမလက်နဲ့ ချုပ်ရိုးသေသပ်စွာနဲ့ အမြန်ဆုံးပြုပြင်ပေးနိုင်ခဲ့တယ်။ သူ အသိအမှတ် ပြုပြု၊ မပြုပြု ကျမကိုယ်ကျမတော့ အင်မတန် ဂုဏ်ယူခဲ့ဖူးတယ်။

Monday, June 25, 2012

လွမ်းဖြေ


ပင်ရိပ်ဝါးရိပ် တောအရိပ်ဝယ်

ညချမ်းချိန်ခါ ငွေသော်တာငဲ့

တိမ်ကြိုတိမ်ကြား ပုန်းသလား ကွယ်။    ။


မပီတလှည့် ပီတလှည့်နဲ့

ဝိုးတိုးဝါးတား လင်းအားငယ်ကို

သည်မယ်မျှော်လို့ ကိုးမိတယ်။    ။


သစ်ရွက်ခတ်သံ တိုးသက်ညံသည်

ညင်သာတိတ်တိတ် စိတ်အရိပ်ဝယ်

ကလူသလို မြူသလိုတည့်။    ။

For Image: Credit to http://cs.astronomy.com

Wednesday, June 20, 2012

နှလုံးသားရှင်တဲ့နေ့


For Image: Credit to sodahead.com

အဲ့ဒီနေ့က

  နေပူသလား၊ မိုးရွာသလား ကျနော်မသိ ….

အဲ့ဒီနေ့က

  သောက်နေကျ ကော်ဖီတွေ ချိုသလား၊ ခါးသလား ကျနော်မသိ …

အဲ့ဒီနေ့က

  ကျနော် အသက်ရှုမိသလား၊ မရှုမိသလား ကျနော်မမှတ်မိ ….

သေချာတာကတော့ အဲ့ဒီနေ့က

  ကျနော့ရင်ထဲ လမင်းတစ်စင်း ချဉ်းနင်းခဲ့တယ် ….

  သူမရဲ့ အပြုံးတစ်ပွင့်လည်း လန်းလန်းဆန်းဆန်း ရခဲ့ဖူးရဲ့ …

  ဆည်းလည်းသံချို ရယ်သံအောက်မှာ

  ကျနော့ နှလုံးသားတွေလည်း ဂျွမ်းထိုးမှောက်ခုံ ဖြစ်လားဖြစ်ခဲ့ရဲ့ …

  မျက်ဝန်းနက် အကြည့်တစ်ချက်မှာတင်

  သေနေတဲ့နှလုံးသားက ၀ုန်းခနဲ ထခုန်တယ် …

  “Love at first sight” တဲ့ …

  ဒီစကားကို ယုံကြည်စေခဲ့တဲ့အတွက်

  ကျနော့ရဲ့ နတ်သမီးကို သိပ်ကျေးဇူးတင်တယ် …..


မှတ်ချက် - ဒီကဗျာကို သူငယ်ချင်းတစ်ယောက်က သူ့ခံစားချက်တွေပေးပြီးရေးခိုင်းလို့ လက်တန်းချရေးမိတဲ့ကဗျာလေးပါ။ ကိုယ်ရေးထားတာလေး အမှတ်တယ သိမ်းထားချင်လို့ ဘလော့မှာတင်ပါတယ်။

Saturday, June 16, 2012

ဆရာက ကျောင်းသားကို အခြောက်ဇာတ်သွင်းသည်ဆိုလျှင် သင်ယုံပါသလား?

ကျမ အခုရေးမည့် အကြောင်းအရာသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အကြောင်းအရာဖြစ်သည်ဆိုတာကို ပထမဦးစွာပြောလိုပါတယ်။ ဆရာဆိုသည်မှာ အစိုးရကျောင်းမှ ဆရာပဲဖြစ်စေ၊ ကျူရှင်သာပြသည့် အပြင်မှ ဆရာပဲဖြစ်စေ ဆရာကျင့်ဝတ်နှင့်ညီသင့်သည်ဟု ကျမထင်မြင်မိပါတယ်။ တပည့်များ မကောင်းလျှင်တောင် ပဲ့ပြင်ဆုံးမရမည့်ဆရာက ကိုယ်တိုင်မကောင်းဖြစ်နေလျှင် မည်သူက ဆုံးမမည်ဆိုတာကိုတော့ သူကျူးလွန်ခဲ့သည့် အပြစ်ပေါ်မူတည်မည်ဟုထင်ပါသည်။

ကျမ ဆွေမျိုးထဲမှ အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသားလေးသည် (၅)ရပ်ကွက် ဒဂုံမြို့သစ် အရှေ့ပိုင်း ယောမင်းကြီးလမ်းတွင် ဖွင့်လှစ်ထားတာ့ KMC ဆိုသည့် ကျူရှင်ကျောင်းတွင် တက်ရောက်နေပါသည်။ ထိုကျောင်းကို ဦးစီးဖွင့်သူမှာ ဦးကျော်မင်းချို ဖြစ်ပါသည်။

ထိုကလေးသည် ရိုးရိုးအေးအေးသာနေတတ်ပြီး အနည်းငယ်လဲ ကြောက်တတ်ပါသည်။ စာအလွန်ကျက်ပြီး ပညာကိုလိုလိုချင်ချင်ရှိသောကလေးက ဇွန် ၁၃ ရက်နေ့မှာ ကျူရှင်မသွားချင်ဟုပြောတော့ ကလေးအမေက ရိုက်နှက်ပြီး အတင်းသွားခိုင်းပါသည်။ ကလေးက ငိုယိုသာနေပြီး ကျူရှင်မသွားချင်ဟု ပေကပ်ကာအရိုက်ခံပါသည်။ နောက်မှ ဘာဖြစ်လို့လဲဟုချော့မော့မေးတော့မှ အဖြစ်မှန်ကိုသိရပါသည်။

အဖြစ်က ဒီလိုပါ။ ကျမရှင်းရှင်းဘွင်းဘွင်းသာရေးပါမည်။ ရင့်သီးသွားလျှင်သည်းခံပေးပါရန် ကြိုတောင်းပန်ပါသည်။

ဇွန် ၁၂ ရက်နေ့။ ကလေးက ထုံးစံအတိုင်းကျူရှင်သွားပါသည်။ ကျူရှင်ပြီးတော့ ဆရာကျော်မင်းချိုက ကလေးအား အပေါ်သို့ခဏတက်ခဲ့ရန်ခေါ်ခဲ့ပါသည်။ ကလေးက အပေါ်တက်သွားသောအခါ သူက အခန်းတံခါးကို ကလန့်ထိုးလိုက်ပြီး ကလေးကို ချုပ်ပြီး မျက်နှာတွေ လည်ပင်းတွေကို လျှာနဲ့လျက်ပါသည်။ ကလေးအားလည်း သူ့အားပြန်လျက်ပေးခိုင်းပါသည်။ ထို့နောက် သူ့ယောက်ျားအင်္ဂါပစ္စည်းအား အတင်းကိုင်ခိုင်းပါသည်။ ကလေးကို ပိုက်ဆံပေးမည်၊ သည်အဖြစ်ကို ဘယ်သူ့မှ မပြောရ ပြောလျှင် ပြန်မလွှတ်ပေးဟု ဆိုပါသည်။ ကလေးက ဘယ်သူ့မှ ပြန်မပြောပါဟု ကတိပေးတော့မှ ပြန်လွှတ်ပေးပါသည်။

နောက်မှသိရသည်မှာ သည်ဆရာသည် နာမည်အနည်းငယ်ရှိပြီး ဒီကလေးအပြင် အရင် ကလေး ၃ ယောက် ၄ ယောက်ကိုလည်း လက်တည့်စမ်းဖူးကြောင်းကြားရပါသည်။ မည်သူမျှမတိုင်သဖြင့် သူသည် ဆရာဂုဏ်ကိုမျှမထောက် ဒီလိုဆက်သောင်းကျန်းနေခြင်းဖြစ်ပါသည်။

သည်ကိစ္စကိုသိတော့ ကျမဆွေမျိုးများက ကျူရှင်ကျောင်းဆီ လိုက်သွားခဲ့ပြီး ဆရာကျော်မင်းချိုနဲ့ စကားပြောဆိုခဲ့ပါသည်။ ပထမသူမလုပ်ကြောင်း ငြင်းနေရင်း ကလေးကပါ သူ့ရှေ့မှာတင် သူ့ကိုလုပ်ခဲ့တာတွေ ငိုယိုပြောပြတော့မှ “သူ စိတ်အနည်းငယ် ယိုင်သွားလို့ မှားသွားမိပါကြောင်း၊ အားလုံးကျေနပ်အောင်လုပ်ပေးပါမည်ဖြစ်ကြောင်း” တောင်းတောင်းပန်ပန်ပြောပါသည်။ ကျမတို့ဘက်မှ ရပ်ကွက်ရုံးသို့သွားမည်ဟုဆိုကာ တိုင်စာရေးပြီးရပ်ကွက်ရုံးသို့သွားခဲ့ပါသည်။ ရပ်ကွက်ရုံးစာရေးမှ ကျမတို့တိုင်စာကို စာပြန်စီပြီး ကျမတို့ကို စစ်စေပါသည်။ စာအချောသတ်ပြီးတော့ သူ(ဦးကျော်မင်းချို) ကိုယ်တိုင် လုပ်မိကြောင်းဝန်ခံလက်မှတ်ထိုးခဲ့ပါသည်။ ထို့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးတင်မြင့်ဆိုသူနှင့် KMC မှ အခြားဘာသာရပ်သင် ဆရာမများလည်း အသိသက်သေအဖြစ်လက်မှတ်ရေးထိုးပါသည်။ ကျမတို့က စာမိတ္တူတောင်းသောအခါတွင် ဦးတင်မြင့်ဆိုသူမှ ဆရာမ ၅ ယောက် စာသင်သည်ဖြစ်ရွေ့ ယခု ဆရာမ(၃)ယောက်သာ လက်မှတ်ထိုးရသေးပြီး ဆရာမ(၂) ယောက် လက်မှတ်ထိုးဖို့ ကြံသေးကြောင်းနှင့် စာမိတ္တူကို စနေနေ့မှ ယူဖို့ပြောပါသည်။

ကျမတို့ဘက်မှ စနေနေ့သွားတောင်းသောအခါ ဦးတင်မြင့်မှ စာမိတ္တူကို မပေးနိုင်ဟုပြောပါသည်။ ကြိုက်သည့်နေရာတိုင်ဟုပြောပြီး ပြစ်မှုကျူးလွန်သူ ဦးကျော်မင်းချို ၏ ဦးလေးမှာ ရထားပို့ဆောင်ရေး ၀န်ကြီးတစ်ယောက်ဖြစ်ကြောင်း၊ သူက သူ့တူကို ရှမ်းပြည်မှာ ကျောင်းအုပ်လုပ်ဖို့ခေါ်သွားကြောင်း၊ ခရီးသွားမည်ဟုခွင့်တောင်းရွေ့ ခရီးသွားခွင့်ပေးလိုက်ကြောင်း မဆိုင်တာတွေပြောပါသည်။ ကျမတို့ဘက်မှ ဦးကျော်မင်းချို ကိုယ်တိုင်ဝန်ခံထားသော စာရွက်ကို ဓါတ်ပုံသာရိုက်ခဲ့ရပါသည်။

ဒီပို့စ်ကို တင်ရခြင်းရဲ့အဓိကရည်ရွယ်ချက်မှာ သုံးခုဖြစ်ပါသည်။

ပထမတစ်ခုက ကျောင်းသားမိဘများအား သမီးမှမဟုတ် သားများတွင်လည်း အန္တရာယ်ရှိကြောင်း သတိပေးချင်တာပါ။

နောက်တစ်ခုက ဆရာမပီသသော ဆရာအား သူ့အပြစ်အတွက် ဒီစာကို ဖတ်မိလျှင်ဖြစ်စေ၊ သူကိုယ်တိုင်မဖတ်မိလျှင်တောင် သူ့ပတ်ဝန်းကျင်မှလူများ ဖတ်မိစေရန်ရည်ရွယ်ပါသည်။

နောက်ဆုံးတစ်ခုကတော့ ပြစ်မှုကျူးလွန်သည်ကို သိပါလျက် ဘယ်သူ့အမျိုးဟုကြောက်လို့ဖြစ်စေ၊ လာဘ်လာဘယူထားလို့ဖြစ်စေ အမှန်ကို မသိကျိုးကျွံပြုသော ဦးတင်မြင့်လို လူမျိုးများအား သတိထားမိစေရန်နှင့် သည်လိုလူမျိုးများကြောင့် ကိုယ့်သားသမီးများ ထိခိုက်နစ်နာတတ်စေသည်ကို သတိထားမိစေရန်ရည်ရွယ်ပါသည်။

ကျမထပ်ပြောပါမည်။ ဒီစာသည် ဦးကျော်မင်းချိုအား သိက္ခာချသောစာ လုံးဝမဟုတ်ရပါ။ သူသည် ၀န်ကြီးတူ မကလို့ သားပဲဖြစ်စေဦးတော့ ကျူးလွန်ခြင်းက ကျူးလွန်ခြင်းသာဖြစ်ပါသည်။ ဦးကျော်မင်းချိုလို ဆ၇ာမျိုးများအား ကျောင်းသားမိဘများ၊ ကျောင်းသားများရှောင်ကြဉ်နိုင်စေရန် ရေးသားရခြင်းဖြစ်ပါကြောင်းဖြင့် နိဂုံးချုပ်ပါသည်။

Sunday, April 8, 2012

လွမ်းလို့ရေးတဲ့စာ ..

rain heavily night moon pictures, backgrounds and images

တဖွဲဖွဲကျနေတဲ့ မိုးစက်လေးတွေရယ် …
တသွဲ့သွဲ့တိုက်ခတ်နေတဲ့ လေညင်းလေးတွေရယ် …
ပြည့်ဝစွာသာနေပေမယ့် မိုးစက်လေးတွေကြောင့် မှုန်တခါ၊ လင်းတလှည့်နဲ့သာပေးနေရရှာတဲ့ လမင်းကြီးရယ် ငါ့ရင်ထဲက လွမ်းစိတ်တွေကို ညှို့ယူနေသလားကွယ် ….
ဟိုးဝေးဝေးကိုငေးကြည့်ရင်း သိပ်မဝေးသေးတဲ့ အတိတ်ကို ငါလွမ်းဆွတ်တယ်။

ငါရဲ့ ဖုန်းကလေးရေ …. ငါ့ရဲ့ နှိုးစက်တမန်တော်လေးရေ …
နင်ကော ငါ့ရဲ့နတ်သားလေးကို မလွမ်းဘူးလားဟင် …..
ငါကတော့ ဖုန်းထဲက အိပ်ချင်မူးတူး အသံလေးကိုလွမ်းတယ် ….
ငါ စိတ်ညစ်တိုင်း ဒါမှမဟုတ် ဒေါသထွက်တိုင်း
ငါ့ကို စိတ်ပြေအောင် ချော့မော့လေ့ရှိတဲ့ ငါ့ရဲ့ချစ်သူလေးကိုလွမ်းတယ် ….

လေညင်းလေးရေ နင်ကတော့ပျော်နေမလားပဲ …
နင့်ချစ်သူ မိုးစက်လေးတွေနဲ့ ခုန်ပေါက်ဆော့ကစားနေရလို့လေ ….
အို …. လေညင်းလေးရေ ..
ငါ့ပါးကို ပွတ်သပ်လို့ နှစ်သိမ့်မှုတွေပေးနေသလားကွယ် ….
ငါ နင့်ကိုကျေးဇူးတင်ပါတယ် ….
ဒါပေမယ့် ငါ့ချစ်သူလေးကို လွမ်းနေတုန်းပဲကွယ် ….

ကျလုစနေရောင်ခြည်လေးရေ နင်သိပ်လှနေပါလား ….
ငါ့ချစ်သူလေးကလဲ ငါရုံးအဆင်းကို စောင့်နေလေရဲ့ …
ငါ့ကိုမြင်လိုက်တာနဲ့ အပြုံးတစ်ပွင့် လက်ဆောင်ပေးတတ်တဲ့ ငါ့ချစ်သူလေးရေ ….
ငါ နင့်ကိုသိပ်လွမ်းနေတယ် ….

ခိုင်မာတဲ့ လက်တစ်ဘက်က ငါ့လက်တစ်ဘက်ကို မြဲမြဲတွဲလို့
ငါ့ကျောပိုးအိတ်လေးကို နင်ကလွယ်လို့
ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ခြေလှမ်းတွေနဲ့
ငါ့ညနေတွေ သိပ်လှခဲ့ဖူးတယ်လေ ….

ပိတ်ရက်တွေမှာ နင့်အတွက်ဆိုရင်
မပျင်းမရိ ဖွယ်ဖွယ်ရာရာလေးတွေ ချက်ကျွေးတတ်တဲ့
ငါ့ကိုရော နင်လွမ်းနေရဲ့လား ….
နင် ဆေးလိပ်သောက်ချင်တိုင်း
ပူညံ ပူညံလုပ်တတ်တဲ့ငါ့ကို
နင်စိတ်ပျက်နေသလားဟင် ….

မျက်နှာကို တချက် တချက် လာစင်တဲ့ မိုးပေါက်လေးတွေရေ …
အလွမ်းက မျက်ရည်ကိုချူတတ်သလားဟင် …
ငါ့ရင်ထဲက အလွမ်းတွေက ငါ့မျက်လုံးတွေကို မှုန်ဝါးစေသတဲ့လား …
ပူနွေးတဲ့မိုးရေစက်လေး တစ်စက် ငါ့လက်ဖမိုးပေါ်ပေါက်ကနဲ ကျလာသလား …

ချစ်သူရေ ….
ငါလေ နင့်ကို နင့်နင့်သည်းသည်းလွမ်းနေတယ် …..

မှတ်ချက်။ ။ ဒီစာလေးက ကဗျာလဲ မဟုတ် စာလဲ မဟုတ်ပါဘူး ... တစ်ယောက်နဲ့တစ်ယောက် ဝေးနေတဲ့အချိန်မှာ ချစ်သူကိုလွမ်းလွန်းလို့ ရင်ထဲရှိတဲ့အတိုင်းချရေးထားတာပါ ... စာလာဖတ်တဲ့ သူငယ်ချင်းတွေ စိတ်အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါနော်။

Wednesday, April 4, 2012

အကြော်သည်



မိုးမလင်းသေးပါဘု အပျင်းရယ်မကြီးရဲတာမို့
လင်းကြက်တောင် တွန်သံမကျူးခင်
မျှဉ်းလို့ထိုင် အမေအိုမနိုးအောင်
သာအယာ ခြေဖွနင်းပါလို့
ရေကပြင်ထက်နားဆီ လျှောက်ခဲ့ရပြန်။

တိုးလို့ချွေတာ မိုးကမရွာ
ရေတစ်ထမ်း ရာဂဏန်းရယ်မို့
ရေတစ်စွတ်နဲ့သာ ရွှေမျက်နှာ လန်းရတယ်
အမှန်လေ သဘာဝပေမို့ မလွှဲသာ တွေးမလွမ်းနိုင်ဘု
သနပ်ခါးသာ ဘယ်ညာကူရတယ်။

အမေအိုရင်ကျပ်သည်တွက်
လျက်ဆား ဆေးတစ်ခွက်ရယ်နဲ့
ရေနွေးဖြူ အဆူမြန်စေဖို့ရေး
ပါးနှစ်ဖက်မှာ ချွေးစက်ရာ ဗရပွထင်တဲ့ထိ
ခါးချိုးကာ မီး မှုတ်ရပြန်။

ထမင်းကြမ်းခဲ နတ်သုဒ္ဓါကို
ဆီကြွင်းရယ် ဆား အနည်းငယ်ဖြူးပါလို့
တဖဲ့တရွဲ့ အကြော်ကျန်နဲ့
တမနက်တာ ၀မ်းတောင့်စေဖို့
ကုန်းလွေးရပြန်။

ရောင်နီငယ် ပြူမထွက်ခင်
ကိုယ်ပိုင်ရာ အကြော်နန်းဆီသို့ ဗရုတ်ဗရက်သုတ်ခြေတင်
စားပွဲငယ်တစ်ချပ်ခင်းပါလို့ ဗူး၊ဖယုံ၊ သီးနှံအစုံ ပုံလို့တင်
မုန့်နှစ်ပြင်၊ ထင်းမီးဖိုနှင့် ဆီအိုးရယ်က အသင့်ပြင်
ကြော်မဟဲ့ ပူနွေးတဲ့ အကြော်စုံ
ဆင်းရဲသူတွေ ၀မ်းစာတောင့်စေဖို့
တစ်ခုမှ ၁၀၀ကျပ်ရယ်နဲ့ လှိုင်လှိုင်သာ ၀ယ်ကြစမ်းပါ
ဟော့ဒီက ကြွပ်ရွတဲ့ အကြော်စုံ။ ။

ရေးသားသူ။ ။ ဖြိုးဇာနည်၊ ကြယ်ပြာ

မှတ်ချက်။ ။ ပုံလေးကို ကျောက်ပန်းတောင်း.org ကနေယူထားပါတယ်။

Sunday, March 25, 2012

သင်္ကြန်အလွမ်း




မြန်မာ့ (၁၂)လရာသီပွဲတော်တွေထဲမှာ သင်္ကြန်ပွဲတော်သည်လဲ ကျမ အနှစ်သက်ဆုံးပွဲတော်တစ်ခုပါ။ ကျမ ငယ်စဉ် ကလေးဘ၀ကတည်းက သင်္ကြန်ကိုစွဲလမ်းရင်ခုန်ခဲ့တာ ခုအချိန်ထိပဲဆိုပါတော့။ အကြောင်းကြောင်းတွေ သင်္ကြန်ပွဲတွေမှာ ပါဝင်မဆင်နွှဲဖြစ်သည့်တိုင်အောင် ပျော်ရွှင်သူများကိုကြည့်လို့ ကျမလဲ ကြည်နူးဖြစ်ခဲ့သည်ချည်းပါ …. သင်္ကြန်နီးလို့ ထီလှည်းတွေကဖွင့်တဲ့ သင်္ကြန်သီချင်းသံတွေကြားမှာ ရင်ခုန်ပျော်ရွှင်ရင်း နှစ်တွေအများကြီး ကျော်ဖြတ်နေကျပါ …..

ဟော … ခုလဲ ကျမချစ်တဲ့သင်္ကြန်ပွဲကြီးနီးကပ်လာပြန်ပြီ …. သင်္ကြန်သီချင်းသံလေး တစွန်းတစကြားနိုင်ဖို့အတွက် You Tube ဒါမှမဟုတ် မြန်မာဗွီဒီယိုဝဘ်ဆိုဒ်လေးတွေထဲပြေးလို့ သင်္ကြန်သီချင်းသံလေး၊ သင်္ကြန်အငွေ့အသက်လေးခံစားရတာကိုက ရင်ခုန်စရာပါ ….

ကျမ မူလတန်းအရွယ်တုန်းကဆိုရင် ကျမတို့နေတဲ့ အလုံလမ်းမကြီးက သိပ်မစည်ကားလှပါဘူး။ မစည်ကားဘူးဆိုတာကို သင်္ကြန်ကား အဖြတ်အသန်းနည်းခြင်းနဲ့ ကျမတို့တွေက တိုင်းတာလေ့ရှိကြပါတယ်။ သင်္ကြန်ကားတွေက အောက်ကြည့်မြင်တိုင် လမ်းမကြီးပေါ်ကနေပြီး ရွှေတိဂုံဘုရားဘက် ထောင်တက်သွားလေ့ရှိတော့ ကျမတို့ကလေးတွေမှာ သင်္ကြန်ကားကို ပက်ရတယ်ကိုမရှိသလောက်ပါ။ အဲ့ဒီအရွယ်တုန်းက အမေက လမ်းထိပ်ကို ပေးမထွက်ခဲ့ပါဘူး။ ရေဇလားကြီးထဲကို ပိုက်နဲ့ရေဖြည့်လို့ ရေခွက်လေးပိုက်လို့ ရေပက်ရမယ့်သူကို စောင့်မျှော်နေရင်း နေကပူလာ၊ အချင်းချင်းပက်ထားလို့ စိုနေတဲ့ အ၀တ်ကလဲ သွေ့ရာကနေ ပူလာတော့ နောက်ဆုံး ကိုယ့်ကိုကိုယ် လောင်းချချင်လောင်းချ ဒါမှမဟုတ် အချင်းချင်း ပက်ရင်းနဲ့ပဲ နေ့လည်ကို နားလိုက်ရတာများခဲ့ပါတယ်။ ညနေဆိုရင် နေမြန်မြန်ကျဖို့ အမြန်ဆုတောင်းရတာ ကျမရဲ့ သင်္ကြန်တွင်းအလုပ်ပိုတခုပါ။ အမေက နေပြင်းသေးရင် ရေဆင်းမပက်ခိုင်းပါဘူး။

အလယ်တန်းအရွယ်လဲရောက်ရော အိမ်ရှေ့လမ်းမကြီးက အနည်းငယ် စည်ကားစပြုလာပါတယ်။ ဒါပေမယ့်လဲ ကိုယ်က ရေပူဖေါင်းနဲ့ ကားတွေကို ပစ်ပေါက်ချင်တော့ လမ်းထိပ်ထွက်ပက်ချင်ပါတယ်။ ထုံးစံအတိုင်း အမေကတော့ အန္တရာယ်များလို့ဆိုပြီး ပေးမသွားခဲ့ပြန်ပါဘူး။ ကျမမှာ တညလုံး ရေပူဖေါင်းတွေကို ရေပုံးနဲ့ တပုံးကြီးအပြည့် ထိုင်လုပ်ထားပြီး မသွားရဆိုတဲ့ တချက်လွှတ်အမိန့်အောက်မှာ မျက်ရည်တပေါက်ပေါက်ကျရင်း ကတ္တရာလမ်းမကြီးကိုပဲ မဲပြီး ပူဖေါင်းတွေနဲ့ပစ်ပစ်ပေါက်ခဲ့ဖူးတယ်။

အဲ့ဒီအလယ်တန်းအရွယ်မှာပဲ သင်္ကြန်ရောက်တိုင်း အလုပ်နောက်တခုပိုလာတာက ဘီယာဘူးခွံကို ဖင်ပြတ်အောင် သံမံတလင်းနဲ့တိုက်ပြီး ခွက်စောင်းခုတ်လေ့ကျင့်ခြင်းပါ။ အမေမသိအောင်ဆိုပြီး ရေချိုးခန်းထဲမှာ သင်္ကြန်မတိုင်ခင် (၂)လလောက်အလိုကတည်းက ရေချိုးတိုင်း ခွက်စောင်းခုတ်ကျင့်ပါတယ်။ သူများအသားနာဖို့အတွက် တပင်တပန်းနဲ့ ကျိုးစားခဲ့ခြင်းပါ။ ခွက်စောင်းခုတ်ကျင့်ခြင်းရဲ့နောက်ထပ် ရည်ရွယ်ချက်တခုရှိပါသေးတယ်။ အဲ့ဒါက မှန်အလုံပိတ်ထားတဲ့ ကားတွေကို မုန်းတီးခြင်းပါ …. အဲ့လိုကားတွေလာပြီးဆိုရင် အယောက်(၂၀)လောက်ရှိတဲ့ ကလေးတစ်သိုက်က ကားနောက်ဘော်ဒီကို ခွက်စောင်းဝိုင်းခုတ်ကြပါတယ်။ လူမပက်ရတော့ ကားကို ခွက်စောင်းခုတ်တယ်ကွာလို့ ပြောပြောပြီး ခပ်ဆိုးဆိုးနည်းနဲ့ရေပက်ခဲ့ဖူးပါတယ် …. ကိုယ်ခွက်စောင်းခုတ်လို့ မနာဘူးပြောရင် ကိုယ့်ကိုအသုံးမကျဘူးလို့ဆိုလိုက်သလို တလွဲဆံပင်ကောင်းခဲ့ပါသေးတယ်။ ဒီလိုနဲ့ လက်စောင်းထက်တဲ့ ခွက်စောင်းသမား ကြယ်ပြာ ဖြစ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ကိုယ်တိုင်ခွက်စောင်းခုတ်ခြင်းခံလိုက်ရတော့မှ မသက်မသာ ကျောတခြမ်းအောင့်သွားပြီး ခွက်စောင်းခုတ်ခြင်းမှ သူ့အလိုလိုရပ်တန့်ခဲ့ပါတယ်။ ကိုယ့်ကိုထိတော့မှ နာတတ်တဲ့ လူ့သဘာဝလေးကို သတိပြုမိလိုက်ပါတယ်။

ကျမ ၇တန်းနှစ်လောက်တုန်းက ကျမအစ်မ၀မ်းကွဲ မိသားစုနဲ့ မြို့ထဲက အသိအိမ်တစ်အိမ်မှာ ရှိနေခဲ့တယ်။ အဲ့ဒီအိမ်ကနေ လမ်းမပေါ်ကို မြင်ရတယ်။ လမ်းထိပ်မှာက မွေးမြူရေးနဲ့ရေလုပ်ငန်းက မန်းဒတ်အကြီးကြီးတစ်ခုထိုးထားတယ်။ ဖျော်ဖြေမှုတွေပါတော့ လူတွေ စည်လိုက်တာမှအရမ်းပါပဲ … ကြည့်နေတုန်း လူတွေအလွန်များတဲ့ ဟိုင်းလတ်အမိုးဖွင့်ကားတစ်စီး ရေပက်စင်မြင့်ရှေ့မှာရပ်လိုက်ပါတယ်။ သူတို့တွေမူးနေကြပုံပါ … ကားကိုမကိုင်ထားပဲ ကကြပါတယ် ….. အဲ့ဒီမှာ ကားကရုတ်ရက်ဆောင့်ထွက်လိုက်တော့ မကိုင်ထားတဲ့သူတွေအကုန်နောက်ယိုင်ကုန်ပါပြီး ကားနောက်ဆုံးက မတ်တပ်ရပ်နေတဲ့လူတွေရဲ့ခေါင်းတွေက ကတ္တရာလမ်းမပေါ် ဒရွတ်တိုက်နဲ့ ခပ်လှမ်းလှမ်းထိပါသွားကြတယ် …. သွေးတွေမြင်မကောင်းဘူး … ကျမ သူငယ်ချင်းများ အန္တရာယ်ကင်းသောပျော်ရွှင်မှုမျိုးနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။

အထက်တန်းအရွယ်လဲရောက်ရော ညင်ညင်သာသာနည်းနဲ့ပဲ ရေပက်ချင်တော့တယ်။ ကိုယ်ပက်ချင်တဲ့သူကို ရေအများကြီးစိုသွားအောင် ခွက်အကြီးကြီးနဲ့ သေချာ ကျကျ နန ပက်ချင်တော့တာပါပဲ …. ဒါပေမယ့် ညစ်ကျယ်ကျယ်စိတ်လေးကလဲ မပျောက်သေးတော့ ညနေ(၆)နာရီကျော်မပက်ရဆိုတာကို ပက်မိလို့ အဆဲခံရဖူးသေးတယ် ….

အဖြစ်ကဒီလို ကိုယ်က ကန်ထရိုက်တိုက်(၅)လွှာမှာနေတာလေ။ ၀ရန်တာကို ပုဆိုးအပြည့်ကာပြီး မီးပါပိတ်ထားတယ်။ ရေခဲရေကို ပုံးအပြည့်နဲ့ ဘယ်သူ့ကိုပက်ရမယ်ဆိုတာ ကြွက်ချောင်းချောင်းနေတုန်း စုံတွဲတစ်တွဲ ခပ်ဖြေးဖြေးလမ်းလျှောက်လာကြတယ်… အမျိုးသားက အသက်နည်းနည်းကြီးပုံရတယ် … ထိပ်ကလဲ ပြောင်နေတယ် … အမျိုးသမီးက တော့ နည်းနည်းကြည့်ကောင်းတယ် … အသက်သိပ်မကြီးသေးဘူး …. သူတို့ ကြည်နူးနေတာကြည့်ရင်း ကျမစိတ်ထဲ စချင်လာတယ် … ခုအချိန်မှာ ကျမသာရေပက်ချလိုက်ရင် သူတို့လန့်သွားမှာပဲဆိုတဲ့အတွေးနဲ့ သူများဒုက္ခရောက်မှာကို ဟာသလုပ်ချင်တဲ့ ကြယ်ပြာတစ်ယောက် ၀ရန်တာကနေ ရေကို ပက်ချလိုက်ပြီး ထိုင်ချပြီးပုန်းနေလိုက်တယ် … ပြီးတော့ ပုဆိုးကြားကနေချောင်းကြည့်တာပေါ့ … ရေခဲရေက ပြောင်နေတဲ့ ငယ်ထိပ်ပေါ်ကျတော့ လန့်သွားတယ်ထင်ပါရဲ့ … စူးကနဲလည်းဖြစ်သွားမယ်ထင်ပါရဲ့ ဆက်ကနဲ ခုန်လိုက်သလိုဖြစ်သွားတယ် …. ကျမပါးစပ်ပိတ်ပြီး တခွိခွိဖြစ်နေတုန်း တိုက်တွေပေါ် လှည့်ပတ်ကြည့်ပြီး အော်ဆဲတော့တာကိုး …. သူကဆဲလေ ကျမကရယ်လေနဲ့ … ကျမအတော်ပျော်ရွှင်ခဲ့ဖူးတယ် … တကယ်က သူများဒုက္ခရောက်တာကို ရယ်ချင်ခဲ့တဲ့ မကောင်းတဲ့စိတ်ကလေးကို မရှက်တတ်ခဲ့တာပါ …..

ကျမကိုးတန်းနှစ်မှာ အိမ်ကရေပက်ခံထွက်ဖို့ လိုက်ပို့ပေးတယ်။ အချစ်ဆုံးသူငယ်ချင်းလေးယောက်ရယ် ကြီးတော် မောင်ဘွားတွေရယ်နဲ့သွားရတော့ လုံခြုံမှုရှိတယ်လေ။ ဒီအခါမှာ သင်္ကြန်ရဲ့ရသလေးတွေကို ပျက်အောင် ဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေကို တွေ့ရတယ်။ မှတ်မိနေတဲ့ အဖြစ်အပျက်လေးတွေထဲက တခုက နှမသားချင်းမစာနာတဲ့ ယောက်ျားတစ်ယောက်အကြောင်းပါ။ ကျမတို့ကားက ကမ္ဘာအေးဘုရားလမ်းပေါ်မှာ လမ်းပိတ်မိနေတဲ့အချိန် ကျမလဲ ဟိုကြည့် ဒီကြည့်နဲ့ပေါ့ … အဲ့ဒီမှာ အပျိုရွယ် ကောင်မလေးတစ်ယောက် စတီးချိုင့်လေးတစ်လုံးကိုင်ပြီး လူတွေနဲ့ တတ်နိုင်သမျှ အနားမကပ်အောင် သွက်သွက် လျှောက်လာနေတယ်။ သူ့ဝတ်ပုံစားပုံနဲ့ ခပ်ကုပ်ကုပ်အမူအရာလေးအရ အိမ်အကူ ကောင်မလေးလို့ ကျမထင်ပါတယ်။ သူလျှောက်လာတုန်းမှာ သင်္ကြန်ကားတစ်စင်းပေါ်က မူးနေတဲ့ ယောက်ျားလေးတစ်ယောက်က နောက်ကနေ တစ်လှမ်းခြင်းလိုက်လျှောက်ပြီး ကောင်မလေးတင်ပါးကို လက်နဲ့လိုက်ပုတ်ပါတယ်။ ကောင်မလေး က အရှိန်မြှင့်ပြီး ခပ်သွက်သွက်လျှောက်ပါတယ်။ သူက ခပ်သွက်သွက်လိုက်ပုတ်ပါတယ်။ သူကတော့ သူလုပ်ရဲတယ် သူ့ကိုယ်သူ ဟီးရိုးဆိုတဲ့ မျက်နှာပေးနဲ့ပါ။ ကျမတော်တော်လေးကို ရွံရှာမိပါတယ်။ ကျမ မောင်လေးတွေ၊ အစ်ကိုတွေ၊ သူငယ်ချင်းတွေ ကိုယ်ချင်းစာစိတ်၊ နှမသားချင်းစာနာစိတ်လေးတွေရှိပါစေလို့ ကျမ ဆုတောင်းမိပါတယ်။

နောက်တစ်ခုက အင်းယားလမ်းထဲမှာပါ ... အင်းယားလမ်းထဲက ကောင်မလေးတွေ ဟော့လို့၊ ချောကြလို့ လမ်းဘယ်လောက်ပိတ်ကြသလဲဆိုတာ ရန်ကုန်သင်္ကြန်ဆင်နွှဲဖုးသူတိုင်းသိကြပါတယ်။ အိမ်တစ်အိမ်ရှေ့မှာ မန်းဒတ်ထိုးထားတယ် ….. မန်းဒတ်ပေါ်ကနေ ကားဆင်ဝင်ရဲ့အမိုးကို လှေကားလေးထောင်ထားတယ် … ဆင်ဝင်အမိုးပေါ်မှာ ကက်ဆက် တစ်လုံးက သီချင်းအမြူးစားတွေဖွင့်လို့ပေါ့ ….. မိန်းကလေး လှလှလေးတစ်ယောက် … စကပ်နီရဲရဲ တိုတို ကားကားလေးကိုဝတ်ထားတယ် …. တိုတာမှ ပေါင်ရင်းကို ရောက်ခါနီးလောက်တိုပါတယ် …. သူက လှေကားပေါ်ကို တက်ပြီး မမှီမကမ်းနဲ့ ကိုယ်ကိုအသာညွှတ်ပြီးကက်ဆက်ခွေပြောင်းထည့်ပါတယ် ….. ခါးလေးနည်းနည်းညွှတ်ရပြီဆိုမှတော့ သူ့ပုံစံဘယ်လိုဖြစ်နေမလဲဆိုတာ မြင်ကြည့်လို့ရပါတယ် … အောက်က ကိုကိုကာလသားတွေမြူးကုန်တာပေါ့ …. အော်ကြ ဟစ်ကြပေါ့ …. ကျမစိတ်မကောင်းဖြစ်ရပါတယ် … ကောင်မလေးရယ် ရုပ်ကလေးကချောချောလေးနဲ့ကိုယ့်အရှက် ကိုယ့်သိက္ခာမှ မငဲ့ညှာလေခြင်းရယ်လို့ပါ … ကျမ ညီမလေးတွေ မလိုအပ်သော ဖော်ပြခြင်းများ မလုပ်မိကြပါစေနဲ့လို့ ဆုတောင်းမိပါတယ် ….

ကျမ ဆယ်တန်းအောင်ပြီး နောက်ပိုင်းကစလို့ သင်္ကြန်ဆိုရင် ကျမ မလည်ဖြစ်တော့ပါဘူး …. ရေလည်းမပက်ဖြစ်တော့ပါဘူး …. သူတို့ကို ၀ရန်တာကထိုင်ကြည့်ရင်းပဲ သင်္ကြန်တွေကို ဖြတ်သန်းခဲ့တာများပါတယ် ….

ဒီ့နောက်ပိုင်း အလုပ်ဝင်တဲ့ နှစ်တွေကျတော့ ကျမအတွက် သင်္ကြန်အဆန်းတစ်ခုကို ရင်ခုန်ရပြန်ရော … အွန်လိုင်းသင်္ကြန်တဲ့ …. ဂျီတော့ခ်ထဲကနေ … ဖိုရမ်ထဲကနေ … ကိုယ်မမြင်ဖူးတဲ့သူတွေ … ကိုယ်ခင်မင်နှစ်လိုတဲ့သူတွေကို … ဦးဦးဖျားဖျား သင်္ကြန်ရေပက်ရင်း အွန်လိုင်းသင်္ကြန်ကို ပျော်ရွှင်ခဲ့ဖူးတယ် ….

ဒီနှစ်လဲ ကျမခင်မင်သော ချစ်သော ဘလော့ဂါသူငယ်ချင်းများကို ရေပက်ဖို့အချိန်ကိုစောင့်မျှော်ရင်း …..

~~~ မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစ တန်းခူးနွေမှာ … တစ်ယောက်တစ်လက်မို့လှမ်းကာ ဖြန်းပက်ကြစဉ် … ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ … ခေါင်းလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ….ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ … ငိုနေရှာတယ်ပန်းပိတောက်ဖူးတွေရယ် … ရာသီအချိန်မှီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို ပန်ဆင်ပါရင် လှသထက်တင့်မှာမို့ … မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ မြူးကြွတဲ့သင်္ကြန်ခါ … လန်းဆန်းတဲ့ မိုးရယ် မိုးပြေးလေးရယ် ပိတောက်ပန်းပွင့်ရုံ စိုရုံဖြန်းပက်ဦး … ~~~~

Sunday, March 18, 2012

အိပ်မက်လေလား


ဒီအိပ်မက်ကို ဖေ့စ်ဘွတ်ခ်မှာ တခါတင်ဖူးပါတယ်။ ခု ဘလော့မှာ တင်ချင်စိတ်ပေါ်လာလို့ တင်လိုက်တာပါ။ ကျမက သရဲအိပ်မက်တွေ မကြာခဏ မက်လေ့ရှိတယ်။ ရှိဆို ကျမက သရဲကားအင်မတန်ကြိုက်တဲ့သူဆိုတော့ အားနေ သရဲကားပဲကြည့်ဖြစ်နေတယ်။ သရဲကားကြည့်လို့ ရလာတဲ့ ခံစားချက်ကိုလဲ နှစ်ခြိုက်တယ်။ ဒါပေမယ့် ခုတော့ သိပ်မကြည့်တော့ပါဘူး။ အသက်နည်းနည်းကြီးလာတော့ ကြောက်တတ်လာသလိုပဲ။ အဲ့ဒီနေ့က မက်တဲ့ ကျမရဲ့အိပ်မက်လေးက နည်းနည်းလေးထူးဆန်းတယ်။

ဟိုနေ့က အိပ်မက်တစ်ခုမက်တယ်။ ရက်အတိအကျဆိုရင် ၂၀၁၁ ရဲ့ ဒီဇင်ဘာ(၁)ရက်၊ ကြာသပတေးနေ့ မနက်အစောကြီးပေါ့ ..... ဒီလိုအိပ်မက်မျိုး ကိုယ်မမက်ဖူးတော့ ကိုယ့်အတွက် ထူးဆန်းနေသလိုပဲ .....

အိပ်မက်ထဲမှာ ကိုယ်က အထက်တန်းကျောင်းတစ်ခုကို ရောက်နေတယ် .... ကိုယ်သိနေတာက အဲ့ဒီကျောင်းမှာ ကိုယ့်မောင်လေး တက်နေတယ်။ ကိုယ်က သူ့ကိုတွေ့ဖို့ အဲ့ဒီကျောင်းကိုသွားတာတဲ့ ....

ကျောင်းကြီးက ခန့်ငြားပေမယ့် မသစ်လွင်ဘူး။ ကျောင်းဝင်းအကျယ်ကြီးထဲမှာ ရေနံချေးဝနေတဲ့ အဆောင်မည်းမည်းကြီး တစ်လုံးကိုတွေ့တယ်။ တွေ့ဆို အဲ့ဒီအဆောင်က ရှိသမျှအဆောင်တွေအားလုံးထဲမှာ အကြီးဆုံးပဲလေ ... နောက် ဆရာတွေ၊ ဆရာမတွေက စာသင်ပြီးရင် အဲ့ဒီအဆောင်ထဲ ၀င်သွားတာတွေ့တော့ ဆရာများနားနေခန်းရှိမယ်လို့လဲ တွက်မိရဲ့ ....

ကိုယ်ရဲ့မသိစိတ်ထဲမှာ ဒီအထဲကိုဝင်သွားချင်စိတ်ဖြစ်လာအောင် ဒီအဆောင်ကြီးက ညှို့ခေါ်နေသလိုပဲ ... အဲ့ဒီလိုနဲ့ ကိုယ့်ခြေလှမ်းတွေက အလိုလိုပဲ အဲ့ဒီအဆောင်ကြီးထဲကိုခေါ်ဆောင်သွားလေရဲ့။ အဆောင်ထဲရောက်မှာ ကိုယ်အပြင်ကမြင်ရတဲ့ပုံစံ ကျောင်းဆောင်ဆိုတာထက် ဆေးရုံဟောင်းကြီးတစ်လုံးလိုလိုပါပဲ .... ကိုယ်လဲ ဆက်လျှောက်သွားမိတယ်။ လျှောက်ရင်း လျှောက်ရင်း အဆုံးလောက်မှာ တံခါးတစ်ခုပိတ်ထားတာတွေ့လိုက်တော့ အဲ့ဒီတံခါးကို စိတ်ထဲက ဖွင့်ချင်မိတာနဲ့ သွားဖွင့်ကြည့်လိုက်မိတယ် .....

အဲ့လိုကြည့်လိုက်ရင်ပဲ .... အဲ့ဒီတံခါးက အဆောင်ကြီးနဲ့ နောက်တံခါးပေါက်ဖြစ်နေတာတွေ့ရတဲ့အပြင် ကိုယ်ထင်ခဲ့သလို အဆောင်ကြီးနောက်ဘက်မှာ ခြံစည်းရိုးတစ်ခု ရှိမနေခဲ့ဘူး ..... ခပ်စောက်စောက် နဲ့ မြင့်တဲ့ တောင်ကုန်းတစ်ခုရယ်၊ အဲ့ဒီကနေဖြတ်ပြီး လူသွားပါများလို့ ဖြစ်နေတဲ့ ခြေသွားလမ်းလေးတစ်ကြောင်းရယ်၊ သစ်ပင်ကြီးခပ်အုပ်အုပ်တွေ မှိုင်းမှိုင်းကြီးပေါက်နေတာရယ် တွေ့လိုက်ရတယ်။ စိတ်ထဲမှာ "ဟင်း ... ဒီနေရာကြီး ကြည့်ရတာ ဘယ်လိုကြီးလဲ" ပေါ့ .....

အဲ့လို ကြည့်နေတုန်း သဏ္ဌာန် လေးနှစ်ခု ခပ်ရွေ့ရွေ့ပေါ်လာတယ် ..... သေချာကြည့်လိုက်တော့ ကျောင်းသူ ကလေးငယ် နှစ်ယောက် အဖြူ၊ အစိမ်းလေးဝတ်လို့ လွယ်အိတ်ကို ပခုံးကမလွယ်ပဲ .... ခေါင်းပေါ်မှာ ပလောင်သူတွေ ပလိုင်းလွယ်သလို ပိုးလာကြတယ် .... အိုး ... ဒီလမ်းကနေ ကလေးတွေ မကြောက်မရွံ့လာသလားလို့ ကိုယ်အံ့သြနေမိတယ်။ ဘာလို့လဲ ဆိုတော့ လမ်းကို ကြည့်ရတာ မပွင့်လင်းဘူးလေ ....

ိကိုယ်လဲ တွေပြီး ရပ်ကြည့်နေမိတယ်. ... ကြည့်နေတုန်း တောင်စောင်းဘက်အခြမ်းက လျှောက်တဲ့ ကလေးမလေးရဲ့ ဘေးနားလေးမှာ အရိပ်တစ်ခုခု ပါနေသလိုလို မြင်နေရတယ်။ အဲ့ဒါကိုလဲ ကလေးမလေးက မြင်သလိုလိုပဲ ..... ကိုယ်က စိတ်ဝင်တစား ကြည့်နေတုန်း ဗြုန်းဆို ... အဲ့ဒီ အရိပ်လေးက ကိုယ့်ဘေးကို ဖြတ်ကနဲရောက်လာခဲ့တယ်။ ကိုယ်သေသေချာချာမြင်ရတယ် ..... တိုးယိုပေါက်မြင်ရတဲ့ မိန်းကလေးအရိပ်ကလေးတစ်ခု .....

အဲ့ဒီအရိပ်က ကိုယ့်ကို စကားစပြောတယ် ..... သူ့နာမည် ဘယ်သူပါတဲ့ .... နာမည်က သုံးလုံး(အိပ်ယာကနိုးတော့ နာမည်ကို ကိုယ်လုံးဝမမှတ်မိတော့ပါ) .... သူ အဲ့ဒီတောင်ကုန်းနားမှာနေတယ် ... သူ့နာမည်နဲ့ အမျှဝေပေးပါတဲ့ ......

ကိုယ်က ဘာဖြစ်တာလဲ လို့မေးလိုက်တော့ သူက လိုက်ခဲ့တဲ့ ဆိုပြီး ကိုယ့်ကို တောင်ကုန်းလေးဆီ လမ်းပြပြီးခေါ်သွားခဲ့တယ်။ ကိုယ်တောင်ကုန်းလမ်းကလေးရဲ့ ထိပ်လေးနားရောက်တော့ အောက်ကိုကြည့်လိုက်တဲ့ သူကပြောတယ် ....

ကိုယ်ငုံ့ကြည့်လိုက်တဲ့အချိန်မှာ ဇာအင်္ကျီဖြူလေးဝတ်လို့ ခေါင်းက ကျောဘက် ပြန်ခွေခေါက်လို့ ပုံကျနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့လိုက်ရတယ်။ သူက ပြောတယ် ... အဲ့ဒီနေရာလေးက မတော်တဆပြုတ်ကျခဲ့တာတဲ့လေ .....
အို ... ကိုယ်စိတ်မကောင်းလိုက်တာ ..... အဲ့ဒီအချိန်မှာ အရိပ်ကလေး ကိုယ့်ဘေးက ပျောက်သွားခဲ့တယ် ....

နောက်နေ့ ကိုယ် အဲ့ဒီနေရာလေးကို ဘုန်းကြီးတစ်ပါးပင့်လာခဲ့တယ် .... အမျှဝေမယ် ပရိတ်ရွတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ ....
ဒါပေမယ့် ဘုန်းကြီး ပရိတ်မရွတ်ခင် လေးမှာ အိပ်ယာက နိုးသွားခဲ့တယ် ....

အဲ့ဒါ ကြာသပတေးနေ့ မနက်(၇)နာရီ တိတိပေါ့ .....


Friday, March 16, 2012

ဂယောက်ဂယက် အိပ်မက်


သတိ။ ။ ကြောက်တတ်သူများ ညအချိန် မဖတ်ရ။

မနေ့က ရုံးမှာ အလုပ်သိပ်များလို့ အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်ယာတန်းဝင်ခဲ့တယ်။
ပင်ပန်းလာတာရယ်၊ ခုတလော ရာသီဥတုက မိုးရွာပြီး နည်းနည်းအေးနေတာရယ်နဲ့ အိပ်ယာထဲ လှဲလိုက်တာနဲ့ ခဏလေးအတွင်းမှာတင် အိပ်ပျော်သွားတယ်။

အဲ့ဒီ အချိန်မှာ ဗြုန်းဆို စိုးမြတ်သူဇာ ကို ကိုရီးယားနန်းတွင်းဝတ်စုံကြီးဝတ်လို့။ ဘယ်လိုပါလိမ့်လို့ သေချာကြည့်တော့မှ ကျမက ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို ကြည့်နေတာကို ကျမကိုယ်တိုင်က ပြန်မြင်နေရသတဲ့လေ။ ကိုရီးယားကားမှာ စိုးမြတ်သူဇာ ဘာလို့ ပါနေတာလဲဆိုတာတော့ ခုထိစဉ်းစားလို့ မရဘူး။ ကျမကြည့်နေတဲ့အခန်းမှာ သူဝတ်ထားတဲ့ ၀တ်စုံရဲ့အရောင်က ကြက်သွေးရင့်ရောင်။ နှုတ်ခမ်းနီကိုလဲ ကြက်သွေးရင့်ရောင် ဆိုးထားတယ်။ သိပ်လှတဲ့မျက်နှာရယ်၊ ခေါင်းမှာဝေ့၀ိုက်နေတဲ့ ကျစ်ဆံမြီးအလုံးအကြီးကြီးရယ်တွေက လိုက်ဖက်လွန်းလှတယ်။ သူက မှန်အကြီးကြီးပါတဲ့မှန်တင်ခုံရှေ့မှာ တင်ပါးလွှဲထိုင်ရင်း မှန်ထဲကနေ အနောက်ဘက်ကိုစိုက်ကြည့်နေတဲ့ပုံမျိုးပါ။ သူ့မျက်လုံးတွေကလဲ ထူးခြားစွာတောက်ပလွန်းနေပြန်တယ်။ ကြည့်နေရင်းနဲ့ပဲ သူ့မျက်နှာကနေ ကိုရီးယားအမျိုးသမီးတစ်ယောက်ရဲ့မျက်နှာ ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်မစိတ်ထဲမှာ အဲ့ဒီမိန်းမက သာမန်မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာ သတိထားလိုက်မိတယ်။

ကျမစိတ်ထဲ သံသယတချို့ဝင်လာတယ်။ တပြိုင်နက်တည်းမှာပဲ အဲ့ဒီမိန်းမက ကျမကို စိုက်ကြည့်နေတယ်လို့လဲ ခံစားလာရပြန်ရော။ သူ့အကြည့်က စူးရှပြီး ကျမစိတ်ထဲမှာကြောက်လာသလိုလို မို့ ဆက်မကြည့်ရဲတော့ပဲ မျက်စိခဏလေးပိတ်ထားလိုက်တယ်။ ခဏလေးပါပဲ (၅)မိနစ်လောက်အကြာမှာ ကျမစိတ်တည်ငြိမ်သွားတော့ မျက်စိကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တယ်။
ကျမ မျက်စိရှေ့မှာ ကျမ ထိုင်ကြည့်နေတဲ့ တီဗွီမရှိတော့လို့ ထူးဆန်းတယ်ဆိုတာ မတွေးမိချိန်မှာ အဲ့ဒီတီဗွီကို မမြင်ရတာကိုပဲ တော်တော် ကျေနပ်မိသွားတယ်။ ဘေးဘီကို ဝေ့၀ဲကြည့်လိုက်တော့ အခန်းထဲမှာ ကုတင်တွေ (၁၀) ခုထက်မနည်းပဲ။ ဟင် … ဘယ်လိုဖြစ်ပါလိမ့်။ ကျမအခန်းမှာ ကုတင်တွေမှ မရှိတာပဲ။ ကျမတီဗွီ ကြည့်နေရာကနေ ဘယ်ရောက်သွားပါလိမ့်လို့ တွေးနေမိတုန်း အခန်းထဲကို ၆ နှစ်၊ ၇နှစ်အရွယ်ကလေးလေးတွေ ညအိပ် ၀တ်စုံလေးတွေဝတ်လို့ တန်းစီပြီးဝင်လာကြတယ်။ သူတို့တွေရဲ့ နောက်ဆုံးမှာ အမျိုးသမီးကြီး တစ်ယောက်က လိုက်လာတယ်။ သူတို့တွေက ကျမကို မမြင်ကြဘူး။ ဘာလို့သိလဲဆိုတော့ ကျမကို ဘယ်သူမှ မကြည့်ကြလို့ပါ။ တစုံတယောက်က ကျမနား နားကပ်ပြီး တီးတိုးပြောလိုက်တယ် ဒါဟာ မိဘမဲ့ကလေးတွေရဲ့ ဂေဟာတဲ့။

ကလေးတွေ တန်းစီပြီး ကုတင်တွေပေါ်တက်ကြတယ်။ သူတို့ရဲ့အိပ်ချိန်ရောက်နေကြပြီဆိုတာ အလိုလိုသိသာစေတယ်။ သူတို့လေးတွေရဲ့ ခြေထောက်မှာ ခြေအိတ် ထူထူလေးတွေ ၀တ်ထားကြတယ်။ အော် … ကိုရီးယားက အေးတော့ ခြေအိတ်ဝတ်ရတာပေါ့လို့ တွေးနေတုန်း ကလေးတွေ နောက်က လိုက်လာတဲ့ အမျိုးသမီးကြီးက ထိပ်ဆုံးကုတင်က ကလေးရဲ့ ခြေအိတ်ခြေဖြားထဲကို ဖဲကြိုးလို ပိတ်စ ရှည်ရှည်တစ်စ ထိုးထည့်လိုက်တာတွေ့တော့ ခြေအိတ်တွေကို သေချာကြည့်မိတယ်။ အဲ့ဒီတော့မှ ခြေအိတ်တစ်ခုမှာ အပေါက်လေးတွေ နှစ်ခုစီပါနေတာတွေ့ရတယ်။ သူက အဲ့ဒီကြိုးရှည်ရှည်နဲ့ ကလေးတွေရဲ့ ခြေအိတ်တွေကို ပန်းသီသလို သီလာလိုက်တာ တခန်းလုံးက ကုတင်တွေကုန်ရောပဲ။ ပြီးတော့ သူက ပြောတယ် “တခုခုဆိုရင် အော်သာအော်လိုက်တဲ့ ….” ။

အလို သူတို့ မြန်မာလိုပြောကြတာလား။ သူတို့ပြောတာတွေ အကုန်လုံး ကျမ နားလည်နေတယ်။ အဲ့လိုပြောလို့လဲ အပြီး ၅ ကုတင်မြောက်က ကလေးက လေထဲ ဖုန်းကနဲမြောက်တက်သွားတယ်။ အားလုံးလန့်ကုန်တာပေါ့ … ထွက်ပြေးတဲ့သူတွေကလဲ ပြေးလို့ပေါ့ …. ခြေအိတ်တွေကို အတန်းလိုက်ဖဲကြိုးနဲ့တွဲထားတာဆိုတော့ တစ်ယောက်ကပြေး နောက်တစ်ယောက်ကလဲကျနဲ့ ၀ရုန်းသုန်းကားဖြစ်နေကြတယ်။ မြောက်တက်သွားတဲ့ ကလေးကတော့ ကြောက်အား၊လန့်အားနဲ့ အော်ငိုပါလေရော။ နောက်တော့မှ ကလေးကို မ ထားတဲ့ အရာက တဖြေးဖြေးပေါ်လာတယ်။ ဟာ …. ဒါ ခုနက မှန်ကြည့်နေတဲ့မိန်းမပဲ။ သူက ဘာလို့ ကလေးကို မ တာလဲမသိဘူးလို့ တွေးလိုက်တုန်း သူက ကျမကို ကြည့်ပြီး ပြုံးလိုက်တယ်။ ဒါဆို သူက ကျမကို မြင်နေရတဲ့ သဘောပေါ့။

သူပြုံးလိုက်တဲ့အချိန် ချွန်ထက်မြနေတဲ့ရှည်မျောမျော သွားနှစ်ချောင်းကို မြင်လိုက်ရတဲ့အချိန်မှာ သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ ဆိုတာ ကျမသိလိုက်ပြီ။ ။ တိတိကျကျပြောရရင် သူက သွေးစုပ်ဖုတ်ကောင်တစ်ကောင်ပဲ … အို … ဒါဆို သူကလေးကို သွေးစုပ်တော့မှာပေါ့ … သိပ်သနားစရာကောင်းတဲ့ ကလေးလေးပဲ … ကျမကြောက်စိတ်တွေလွင့်ပြယ်သွားတယ်။ သွေးစုပ်ဖုတ်ကောင်နားကို ပြေးသွားပြီး အားနဲ့ စောင့်တွန်းချပစ်လိုက်တယ်။ သူက ကလေးကိုပစ်ချပြီး ဒေါသထွက်နေတဲ့မျက်နှာနဲ့ ကျမကို တိုက်ခိုက်ဖို့ ဦးတည်လိုက်တယ်။ ကျမ နိုင်မယ်၊မနိုင်ဘူးဆိုတာ မသေချာပေမယ့် ကျမ ကျိုးစားပြီး ခုခံရမယ်လေ။
သူခုန်အုပ်တဲ့ အချိန်မှာ ကျမကြမ်းပြင်ပေါ်လဲပြိုကျသွားရင်း ဘယ်လိုကနေ ဘယ်လို သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်သွားမိလဲမသိဘူး … ကျမ အသက်ကိုပြင်းပြင်းရှုပြီး သူ့လည်ပင်းကို အားကုန်ညှစ်နေမိတယ်။ သူကလဲ အတင်းရုန်းနေတော့ ကျမ လက်က အားပျော့လာတယ်။ လက်ဖ၀ါးတခုလုံးချွေးတွေ ရွှဲနစ်လာရင်း လက်က မမြဲချင်တော့ဘူး။ ကျမကို ကိုက်ဖို့ သူ့မျက်နှာက ကျမ လည်ပင်းနား ကပ်ကပ်လာတယ်။ ကျမ ပင်ပန်းနေပြီ …. ခြေကုန်လက်ပန်းကျနေပြီ … ကျမရှုံးတော့မယ်။ တကယ်ကို ကျမရှုံးတော့မယ်။
ကံကောင်းတယ်လို့ ပြောရမလားပဲ … မနက်(၇)နာရီ အလာန်း(မ်) က ထမြည်တော့ ကျမနှိုးသွားတယ်။
သွေးစုပ်ဖုတ်ကောင်ကြီးကတော့ အိပ်မက်ထဲမှာ ကျမ ရုတ်တရက်ပျောက်သွားလို့ ရှာနေမလားမသိဘူးနော် ….


မှတ်ချက်။ မနေ့ညက တကယ်မက်ခဲ့သော အိပ်မက်ကို ဖတ်ကောင်းအောင်ရေးထားတာပါ။


Credit to www.designyourway.net for image

Friday, March 9, 2012

အခါလွန်မိုး(ဇာတ်သိမ်း)


မိကေလဲ ဘာဖြစ်ပါလိမ့်လို့ လူကြားထဲတိုးဝင်အကြည့်မှာ …… မျက်စိမျက်နှာပျက်နေတဲ့ မော်ရယ် ….. ဘေးမှာ အကြောတွေကပ်ပြီး တက်နေတဲ့ မမဇော် ဆိုတဲ့ အတန်းထဲက ကောင်မလေးတစ်ယောက်ရယ်…. ခြေမ၀ိုင်းချိုးပေးနေသူတွေရယ် …. ရှုဆေးဗူး နှာခေါင်းဝ တေ့ပေးနေသူတွေရယ်နှင့် တရားခံဖော်နေတဲ့ ဆရာ့မျက်ဝန်းတွေရယ်ကို ရင်ဆိုင်တွေ့လိုက်ရတယ်။

မော့်ကို မျက်ရိပ်ပြပြီး ကျွန်မနား ခဏလာဖို့ပြောတော့ မော်က တုန်တုန်ရီရီနဲ့

“မိကေ နင်သိတဲ့အတိုင်းပဲ ငါက အရုပ်တွေ သိပ်မကြောက်တတ်ဘူး … ဒါပေမယ့် ငါ ဘောလ်ပင်ထုတ်ဖို့ လက်နှိုက်လိုက်တာ ပျော့စိစိကြီးကိုင်မိတော့ လန့်ပြီး ပစ်မိပစ်ရာ ပစ်လိုက်တာဟာ … မမဇော် ပခုံးပေါ်သွားကျတယ် …. သူက ၀ုန်းဆို ပစ်လဲကျသွားပြီး မျက်ဖြူကြီးလန်ပြီး တက်နေတာ ငါလဲ ဘာလုပ်ရမှန်းမသိဘူး … သူ့သူငယ်ချင်းတွေပြောတော့ မမဇော်က နှလုံးရောဂါရှိတယ်တဲ့ .. တခုခုဖြစ်သွားရင် ဒုက္ခပဲဟာ ငါ စိတ်ပူလိုက်တာ....”

ခပ်အေးအေးနေတတ်တဲ့ မော် စိတ်ညစ်နေတာကြည့်ပြီး မိကေစိတ်မကောင်းဖြစ်သွားတယ်။ တကယ်တော့ ဒါ မော့်အပြစ်မှ မဟုတ်တာ … စတတ်၊ နောက်တတ်လွန်းတဲ့ မိကေအပြစ်သာ။

မမဇော်ကို ဆေးခန်းသွားပို့ကြတော့ မော်ကို လိုက်သွားဖို့ပြောလိုက်တယ်။

“ဒါ ဘယ်သူ စတာလဲ …. ဒါမျိုး မစသင့်ဘူးဆိုတာ မသိဘူးလား … ကဲ ပြောစမ်း … ဒီအရုပ် ဘယ်သူ့အရုပ်လဲ …..”

“ ဆရာ … အဲ့ဒါ မိကေ အရုပ်ပါ …. စတာက မမဇော်ကို စတာမဟုတ်ပါဘူး … မော့်ကိုစတာပါ …. ပြီးတော့ ဒီကိစ္စက မရည်ရွယ်ပဲဖြစ်သွားတာပါ …. မမဇော်ကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး ဆရာ … ”

“မရည်ရွယ်ဘူးဆိုပေမယ့် မတော်တဆ အသက်ပါသွားရင် ဘယ်လိုလုပ်မလဲ … မင်း ဘယ်လိုလျော်ပေးမလဲ …. ”

“ ဟုတ်ပါတယ် ဆရာ … မိကေမှာ အပြစ်ရှိပါတယ် … ကျောင်းထုတ်တာကလွဲလို့ ဆရာ ကြိုက်သလို အပြစ်ပေးပါ …”

“ မင်း .. မော်ကွန်းထိန်း ရုံးခန်းကို လိုက်ခဲ့ …”

ရုံးခန်းထဲမှာ မော်ကွန်းထိန်းကလဲ ဆူ …. ဆရာကလဲ ဆူ နဲ့ … ကိုယ့်အပြစ်နဲ့ကိုယ် ခေါင်းငုံခံနေရပေမယ့် မမဇော်ဘေးမသီရန်မခစေဖို့ သာ စိတ်ထဲမှ ကျိတ်ဆုတောင်းနေမိတယ်။ သူသာ တခုခုဖြစ်ရင် ပြသနာဒီထက်ပိုကြီးလာတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပေ။ ဆူလို့ဝသွားတော့မှ နောက်နောင်ဒါမျိုးမလုပ်ဖို့၊ လုပ်မိရင် ကျောင်းထုတ်မယ်ဆိုတဲ့အကြောင်းကိုဝန်ခံလက်မှတ်ထိုးပြီးမှ ပြန်ထွက်လာရသည်။

မော်ကွန်းထိန်းရုံးခန်းထဲကထွက်တော့ အပေါက်ဝမှာ စိုးရိမ်တကြီးစောင့်နေရှာတဲ့ သူငယ်ချင်း အုပ်စုကြီးကိုတွေ့လိုက်ရသည်…
မော်လည်း ပြန်ရောက်နေပြီမို့ မမဇော် အခြေအနေမေးတော့ လန့်ပြီးတက်သွားတာပါတဲ့ …. ခုတော့ မမဇော်လဲ သက်သာနေပါပြီတဲ့ …. ဒါပေမယ့် နည်းနည်းတော့ စိတ်ဆိုးနေတယ်တဲ့။ မနက်ဖြန်တော့ သူ့ဆီသွားပြီးတောင်းပန်ရဦးမည်ဟု စိတ်ထဲတေးထားလိုက်သည်။

“ မိကေ … နင် စတာ နည်းနည်း မလွန်လွန်းဘူးလား …. တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ … မနောက်သင့်တဲ့အရာတွေကို ဘယ်တော့မှ မနောက်နဲ့ဟ … တချိန်ကျရင် နင် နောင်တရလိမ့်မယ် …”

“ ဟာ …. သော်ကရာ …. ငါ့မှာ ခုပဲ နားတွေပူလာတာ နာရီနဲ့ချီတယ် … ထပ် ကောနေပြန်ပြီ … ဒုက္ခပဲ … တော်တော့ … ငါ့နားတွေ အရည်ပျော်ကျတော့မယ် ….”

“ မိကေ …. သော်က က နင့်ကို စိတ်ပူလို့ပြောတာပါ ….”

“ငါ သိပါတယ် …. ဒါပေမယ့် ငါ တကယ် ထပ်နားမထောင်နိုင်တော့ဘူး …. ၂ နာရီလောက် လူနှစ်ယောက် non-stop ဆူနေတာ နည်းနည်းတော့ နားလည်ပေးပါဟာ …..”

“အဲ့ဒါ နင့်အပြစ်နဲ့နင်လေ ….. နင် မစ ခဲ့ရင် ဘယ်သူမှ ဘာမှ မဖြစ်ဘူး .. ဘယ်သူမှလဲ အဆူမခံရဘူး …”

ဝင်ပြောလေ့ပြောထမရှိတဲ့ ပြည့်ပြည့်ကပါ ၀င်ပြောလာတော့ … မိကေလည်း အသာပဲငြိမ်နေလိုက်တော့တယ်။

“အေးပါဟာ … နင်တို့စေတနာနဲ့ပြောတယ်ဆိုတာ ငါနားလည်ပါတယ် … ငါ နောက်ကို ဆင်ခြင်ပါ့မယ် ဟုတ်ပြီလား … ခုတော့ ငါ ဗိုက်ဆာလို့ ကန်တင်း သွားကြရအောင်ဟာ …နော် …”

ဒီလိုနဲ့ သူငယ်ချင်းတစ်စု စစ်ပြေငြိမ်းသွားကြပြန်ရော …

သြဂုတ် (၂၀) ရက်နေ့ …. မိကေ မွေးနေ့ …

“ မိကေ …. ဒီမှာကြည့်စမ်း …”

ကြည့်လိုက်တော့ ၀က်ဝံရုပ်လေးတစ်ရုပ်နဲ့ စာအိတ်ပြာလေးတစ်ခု


“ ဘာတုန်းဟ …. ရည်းစားစာတော့ ဟုတ်ပါဘူးနော် … ဟဲ ဟဲ….”

“နင့်ဘာသာနင် ဖွင့်ကြည့်လေ …. ဖွင့်ကြည့်တော့ သိမှာပေါ့ …”

မိကေ အသာအယာဖွင့်ကြည့်လိုက်တော့ ကဗျာလေးတစ်ပုဒ် ….

“မိကေ မွေးနေ့အမှတ်တရ”

မြခွာညိုသပြေလမ်းက ၀ါဆိုပန်းနဲ့လှမ်းတော်မှု
ဆယ်ယူလေ ခတ္တာပျိုနဲ့ ရေစိုစိုနံနက်ခင်းမှာ
အာရုဏ်နီ ရောင်ခြည်ဖြာလို့
ပန်းကမ္ဗလာမှာအချင်းဆေး
အဆင်းကလေးနဲ့ ပွင့်တဲ့ပန်း..

အမြင့်လမ်းထိ တင့်ဆန်းလို့ယဉ်စေ့ချင်
နွယ်ယှက်ခါ အထက်နန်းထိ
ပင်ထက်မှာလန်း
လေအထက်မှာ ပွင့်တဲ့ပန်းမို့
လွင့်ဝဲကာ မကြွေစေနဲ့
ရနံ့စုံ ရဂုံထဲမှာလှ
လမ်းကြုံသူ ရှုတိုင်းမွှေး
ရင်ငြိမ်းအေးသော ပန်းဖြစ်စေ...

မိုးမဆန်း ညှိုးနွမ်းလို့ရေမ၀င်ရင်
နေသခင်အထက်နားဆီက လက်တားလို့ကာလိုက်ချင်ရဲ့
နေမသာ လရောင်ဖြူးလို့
ရွက်ဖူးပျိုနဲ့ နုသစ်စေ...

ရာသီဒါဏ် နေသင့်ရင်
ပင်မြင့်မှာ စိုးတော်မူနဲ့
လေ၀င့်ကာ ချွေခါချလည်း
မြညှာတန် ခိုင်ခိုင်မြဲ ကျိုးပျက်လေနဲ့...

“ အိုး … ကဗျာလေးက ချစ်ဖို့ကောင်းလိုက်တာ… နင် ကဗျာရေးတတ်တာ ငါမသိပါဘူး. နင်ကလျှိုထားတာလား … ပြောစမ်း”

“ မတောက်တခေါက်ပါဟာ …. နင် ကဗျာလေးကို ကြိုက်လား ….”

“အေး … ကြိုက်တယ် … ကဗျာလေးက အရမ်းအဓိပ္ပါယ်ရှိတာပဲ … နင့်ကို ငါ အရမ်းကျေးဇူးတင်တယ်ဟာ”

လမင်းလေးရေ …. ငါ့မွေးနေ့ကို သတိတရရှိပေးတဲ့ နင့်ကို သိပ်ကျေးဇူးတင်ပါတယ်။ ငါ့မွေးနေ့အတွက် အမှတ်တရ ဒီကဗျာလေးကို သိပ်မြတ်နိုးတယ် … ဘာလို့လဲဆိုတော့ ကဗျာဆိုတာ နင့်ရင်ထဲက ခံစားချက်တွေကနေ ဖြစ်တည်လာလို့လေ … နင့်နှလုံးသားရဲ့ အပိုင်းအစလေးတွေဆိုလဲ မမှားဘူးပေါ့ ….. ငါ့မွေးနေ့က စလို့ မကြာခဏပေးတတ်တဲ့ နင့်ကဗျာလေးတွေကို ငါ တခုတ်တရ သိမ်းထားမိတယ်…. နှလုံးသားအပိုင်းအစလေးတွေ တစချင်းစုရင်းနဲ့ နှလုံးသားတစ်ခု ရလာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့ … ငါတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်နားလည်နေကြတယ်လို့ ငါ့ရင်ထဲမှာ တိတ်တိတ်လေး ယုံကြည်နေမိတယ် ….

ပြက္ခန်ဒိန်က ရက်တွေ တရွေ့ရွေ့ကုန်ဆုံးရင်းနဲ့ ဒုတိယနှစ် စာမေးပွဲဖြေချိန်သို့ နီးကပ်လာခဲ့ပြီ။ သူတို့တွေ တရုန်းရုန်းနဲ့ စာကျက်လို့ မအားတဲ့ ကြားထဲက သော်က က …

“ မိကေ စာမေးပွဲနောက်ဆုံးနေ့ကျရင် ငါ နင့်ကို ကဗျာတစ်ပုဒ်ပေးစရာရှိတယ် … နယ်မပြန်ခင် အမှတ်တရပေါ့ဟာ…”

“အေး … ဖတ်မယ်လေ ….”

စာမေးပွဲနောက်ဆုံးနေ့ …….. သူတို့ စာမေးပွဲပြီးလို့ အားလုံးလွတ်လပ်ပေါ့ပါးသွားကြပြီ။

“ကဲ ငါတို့ဘယ်သွားကြမလဲဟေ့ …”
“ကန်ဘောင်သွားရအောင်ဟာ .. လေ တ၀ကြီးရှုပြီး အကြော်စားရအောင် ..” “အေး ကောင်းသားပဲ ….”

အားလုံးက တညီတညွတ်တည်း သဘောတူကြတော့ သူမတို့ အဖွဲ့ ကားနှစ်စီးငှားပြီး ကန်ဘောင်သို့ထွက်လာခဲ့ကြသည်။
လမ်းမှာ သော်က က …
“ဟဲ့ ဒီမှာ … ရော့” ဟုဆိုပြီး အထုပ်လေးတစ်ထုပ်ရယ်၊ စာအိတ်ပြာလေးတစ်ခုရယ် လှမ်းပေးလိုက်တယ်။
မိကေလဲ သူ ကဗျာပေးမယ်ဆိုတာကြိုပြောထားတော့ လှမ်းယူထားလိုက်ပြီး
“ဟဲ့ … အထုပ်ကဘာလဲ … ”
“နောက်တော့ ကြည့်ပေါ့ဟာ …”

ကန်ဘောင်ရောက်တော့ တဖွဲ့လုံး တပျော်တပါး အကြော်စားကြ၊ စကြ၊ နောက်ကြနှင့် ပျော်နေချိန် …. မိကေက တော့ ဒီတခါ စာမေးပွဲပြီး အမှတ်တရ ဘယ်သူ့ကို ဘယ်လိုစရင် ကောင်းမလဲဟု စဉ်းစားခန်းဝင်နေမိသည်။
အကြံတစ်ခု ရုတ်တရက်ရသွားသလို ပြုံးသွားတဲ့ သူမ မျက်နှာကို ဘယ်သူမှ သတိမထားလိုက်မိကြပေမယ့် သော်က ကတော့ သတိထားလိုက်မိတယ်။ သူမ ဘာတွေ ကြံနေပါလိမ့် …..

စားပြီးသောက်ပြီး ကြတော့ ကန်ဘောင်ပေါ် လမ်းလျှောက်ကြပြန်တယ် …. အတွဲရှိသူတွေက ကိုယ်စီအတွဲလေးတွေနဲ့ အလွမ်းသယ်ကြချိန်၊ ပြည့်ပြည့်ကလည်း မော်နဲ့ အတူတူ တွဲလျှောက်တော့ မိကေနဲ့ သော်က က အလိုလိုတွဲလျှောက်မိလျက်သားဖြစ်သွားသည်။ သူမ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ခဏထိုင်ကြမှဖြစ်မှာမို့ … မိကေက ကန်ဘောင်ပေါ်က ခုံတန်းပြာလေးမှာ မထိုင်ပဲ ရေစပ်ကလေးမှာ သွားထိုင်လိုက်တယ် ဆိုရင်ပဲ သော်ကက မထိုင်ဖို့ပြောတယ်။
သူကိုယ်တိုင်ကလဲခုံတန်းလေးမှာထိုင်ပြီး မိကေနားကိုလာမထိုင်တော့ … မိကေက တမင်ရွဲ့ပြီး ရှေ့တိုးထိုင်လိုက်တယ်။ အဲ့ဒီလို နေရာရွှေ့လိုက်ချိန်မှာပဲ ဘိနပ်ကချောပြီး မိကေ ရေထဲကို ပြုတ်ကျသွားတယ်။ မိကေ ကြောက်အားလန့်ကြားခြေထောက်ထောက်လိုက်ချိန်မှာ ဇောက်ဘယ်လိုဖြစ်နေမှန်းမသိတဲ့ ချောက်ထဲ ပြုတ်ကျသွားပြီး စွပ်ကနဲ မြုပ်သွားတယ်။ နောက်တစ်ခေါက် ထပ်ရုန်းလိုက်ပြန်တော့ ရေမျက်နှာပြင်ပေါ်ပြန်ပေါ်လာတဲ့ခဏမှာ သော်က ရေထဲပြေးဆင်းတော့မလို့လုပ်နေဟန်ကို လှမ်းမြင်လိုက်ရတယ်။ ဒါ သူမနောက်ဆုံးမှတ်မိလိုက်ခြင်းပါ။

လမင်းလေးရေ .… ငါက နင့်ကို စချင်လို့ ပြုတ်ကျချင်ယောင်ဆောင်ရင်း တကယ်ချော်ကျသွားတာဟ … နင်ငါ့ကို စိတ်ပူ၊ မပူ သံယောဇဉ်ရှိ မရှိ သိချင်လို့လေ … ငါ့ကို ဆင်းပြီးလိုက်ဆယ်နေလားဟင် … ငါလေ … မောနေပြီ …. အသက်ရှုလို့မ၀တော့ဘူး ….. ဘာမှလဲ မမြင်ရတော့ဘူး …. ငါ ကြောက်လိုက်တာ … နင် ငါ့ကို ဆင်းဆယ်မှာမဟုတ်လားဟင်…

“မိကေ သတိရလာပြီ … ” “မိကေ သတိရလာပြီ … ”

စိုးရိမ်နေတဲ့ မျက်ဝန်းတွေနဲ့ သူငယ်ချင်းတွေ ကြားထဲမှာ လမင်းလေးကိုလိုက်ရှာမိတယ် …

“သော်က ကော ဟင် …. သော်က ငါ့ကိုလာမတွေ့ဘူးလား … သူ ငါ့ကိုလိုက်ဆယ်တာမဟုတ်လားဟင် …”

“သော်က နင့်ကို လိုက်ဆယ်ဖို့ ရေထဲထိုးဆင်းလိုက်တာလေ … အုတ်စောင်းနဲ့ ခေါင်းနဲ့ ဆောင့်မိလို့ … ခေါင်းနည်းနည်းထိသွားတယ် … အော်ပရေးရှင်းဝင်နေတယ်”

“ဟယ် ဟုတ်လား .. ငါစိတ်ပူလိုက်တာ .. သူ ဘယ်လိုနေသေးလဲ … ငါ့ကို ပြောပြပါဟာ … သူ့ကိုကောတွေ့လို့ရမလားဟင် ..”

“သွားတွေ့လို့တော့မရဘူးဟ … ဒါပေမယ့် သူ သိပ်မခံစားရတော့ပါဘူးဟာ …. နင်စိတ်မပူပါနဲ့ .. ကိုယ့်ဘာသာပဲ နေကောင်းအောင်နေပါ …”

စိတ်မပူရဘူး နင်သိပ်မခံစားရတော့ဘူးဆိုလို့ တော်သေးတာပေါ့ လမင်းလေးရယ် …. နင့်ကို သိပ်ကျေးဇူးတင်တာပဲ … နင်ငါ့ကို သံယောဇဉ်ရှိသားပဲနော်. … ဒါနဲ့များ ဘာလို့ မပွင့်လင်းရတာလဲဟာ …..

“ချို … ငါ့အိတ်ထဲက စာအိတ်ပြာလေး ထုတ်ပေးပါလားဟင် … ငါ ဖတ်ချင်လို့ပါ …”

လမင်းလေးရေ … ငါ နင့်ကဗျာလေးဖတ်ဖို့ ရင်ခုန်နေတယ်သိလား ….

သို့ … မိကေ … ဒီကဗျာလေးက နင့်အတွက်သီးသန့်ရည်ရွယ်ပြီးဖွဲ့ထားတဲ့ ကဗျာလေးပါ …. ဒီကဗျာဖတ်ပြီးရင် ငါ ဘာကိုဆိုလိုတယ်ဆိုတာ နင်နားလည်မယ်လို့ ငါယုံကြည်တယ်။

"အချစ်ကျွန်"

ရင်မှာနင့်ပါသည်
မမြင်သာတနေရာက သူမသိအောင်ခိုးခိုးကြည့်ပေမဲ့
သူသိကာစိတ်ဆိုး အမုန်းငြိုးတော့မလိုချင်……..

မြေပြင်နှင်မိုးသား
ကွာခြားကာ ဘ၀လှမ်းတော့မလှစခန်းဝင်ရုံသာ…..

မလှမ်းသာပေမယ့်
ပန်းကညာနွေကြောင့် ရင်မှစိတ်ကူး
ရူးရရက်တွေရှည်…

ချစ်တိုင်းရူးသည်
ရူးတိုင်းချစ်မိ အပြစ်ရှိလျှင်
ကြိမ်စာဒါဏ်သင့် မုန်းမာန်ဝင်၍
အငြိုးစေလွှတ် သူပစ်နိုးလည်း
ကျိုးကျေအသဲ ရင်မှာကွဲရှ
နည်းနည်းမျှတော့ ချစ်နေမည်….

သခင်ခေါ်စမ်း ရင်နင့်ပန်းနှင့်
ဒါဏ်ရာထွေးပိုက် ပြေးလိုက်ခဲ့ချင်
သခင်စေထား အပြုံးများနှင့်
သင့်ရာနေသူ ဘီလူးမူသည့်
ကျွန်းငူလမ်းလဲ အရှင့်ရဲဆေး
သခင့်သွေးကြောင့်
မှေးစက်မွေ့ရာ မရွေ့ပါပဲ
နေခဲ့တော့မည် သက်ဆုံးတိုင်……

စာကိုဖတ်ပြီး လက်ဆောင်ဗူးကလေးကိုဖွင့်ကြည့်လိုက်တော့ ချစ်စဖွယ် ကော်ဖီခွက်လေးနှစ်ခွက် …
ခွက်နှစ်ခုပေါင်းမှ အသည်းပုံလေးပေါ်သောခွက်လေး …



လမင်းလေးရေ … နင်ဆိုလိုချင်တာကို ငါနားလည်ပါတယ် … နင်ကကော ငါ့ကို ချစ်နေခဲ့သတဲ့လား …. ငါ ချစ်တာရော နင်မသိခဲ့ဘူးလားဟင် …. ဘာပဲဖြစ်ဖြစ် ငါ ဆေးရုံကဆင်းရင် ငါတို့တွေ ပွင့်လင်းကြရအောင်ပါဟာ နော် ….

မယုံကြည်နိုင်စွာနဲ့ပဲ ယုံကြည်လိုက်ရတယ် … ငါ့ဘေးမှာ နင်တကယ်ကို ရှိမနေတော့ဘူးနော် … စောင့်မိတဲ့ ဒဏ်ရာနဲ့ ဦးဏှောက်ထဲ သွေးရောက်သွားတာတဲ့လားဟင် …. မစသင့်တဲ့ အရာတွေကို စမိရင် နောင်တရလိမ့်မယ်လို့ နင်ပြောဖူးတယ်နော် … အခုတော့ ငါ နောင်တရနေပါပြီ လမင်းလေးရယ် …. ငါတောင်းပန်ပါတယ်ဟာ … ငါ အနူးအညွှတ်တောင်းပန်ပါတယ် ….

ထိုစဉ်မှာပင် အကြော်ဆိုင်တန်းဆီမှ သီချင်းသံအချို့ လေနဲ့အတူပျံ့လွင့်လာသည် …

~~ အတူနေခဲ့စဉ် အရင်းနှီးဆုံး အချိန်များမှာ
နှလုံးသားချင်း နားလည်ပါသော်လည်း အချစ်မှာ
မပွင့်လင်းခဲ့ဘာကြောင့်များ တိတ်တခိုးလေးစိတ်လှုပ်ရှား
ရင်ထဲက စကားများ ကြိတ်မှိတ်မျိုသိပ်ထား ~~

သြော်.. လွန်ခဲ့ပြီ ဝေးသွားမှ ပြန်တွေးကာ
နှမြောတသ လွမ်းနေပါသော်လည်း မတတ်သာ ~~~

မိုးကောင်းကင်ကြီးသည် ကြည်လင်နေရာမှ တဖြည်းဖြည်းမှိုင်းညှို့လာသည် …. ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေနုအေးထဲမှာ မိုးရွာမယ့် အငွေ့အသက်တွေပါနေတာသိပေမယ့် သူမ နေရာမှ မထမိသေး …. ဖြစ်နိုင်လျှင် သည်ခုံတန်းပြာလေးမှ တဖ၀ါးမှ မခွာချင် ……. မိုးက ခပ်ဖွဲဖွဲရွာကျလာသည် ……. ဖွဲရာမှ သည်းသည်းမည်းမည်း …. သူမမျက်ဝန်းထဲမှာလည်း မိုးတွေသည်းသည်းမည်းမည်း သူမ ဆက်လက်ထိုင်နေတုန်း ….. သူမ အသိထဲမှာ မိုးရွာခြင်းကိုမသိ ….. စိုစွတ်ခြင်းကိုမသိ …. အရာရာကို မသိ ….. သူမသိနေတာတစ်ခုက သူမထံမှ နှလုံးသားတစ်ခုလုံး ရုတ်တရက် ပျောက်ဆုံးသွားခြင်းပင်။


Credit to http://www.alibaba.com for Coffee Cups
Credit to http://www.dreamstime.com for Bear
Credit to http://media.photobucket.com for Bench

Wednesday, March 7, 2012

အခါလွန်မိုး(၃)


ဒီလိုနဲ့ သူတို့တွေ ပထမနှစ်ကို ပျော်ရွှင်စွာကျော်ဖြတ်လာပြီး ဒုတိယနှစ်ရောက်သည်အထိ ဘာမှ မပြောင်းလဲကြသေး။ မိကေကလဲ ထုံးစံအတိုင်း ဗရုတ်ကျဆဲ …

ဒုတိယနှစ် စပြီးမကြာခင်မှာပဲ မိကေတို့ အဖွဲ့ထဲက သူသူ့ ကို “နိုင်” ဆိုတဲ့ ကောင်လေးက ချဉ်းကပ်တယ်။ လဲ့ ကိုကျတော့ “သျှားညို” ဆိုတဲ့ ကောင်လေး ချဉ်းကပ်တယ်။ တိုက်ဆိုင်တာက သူတို့နှစ်ယောက်ကသူငယ်ချင်းတွေ ဖြစ်သလို မိကေသူငယ်ချင်းတွေထက်လဲ ၂ နှစ်လောက်ဆီ ငယ်ကြတယ်။ သူတို့တွေနဲ့ ကျောင်းမတူ အတန်းမတူပေမယ့် မိကေတို့သွားလေရာ အမြဲပါလေ့ရှိတော့ အဖွဲ့ကလူ(၈) ယောက်ဖြင့် သိပ်ပျော်ဖို့ကောင်းခဲ့ပြန်တာပါပဲ။

မိကေအတွက် အမှတ်တရ ဖြစ်လာမယ့် ရက်လေးတစ်ရက်ကပေါ့ ….
အဲ့ဒီနေ့က နေသာသော်လည်း မပူလောင်၊ လေပြေသွဲ့သွဲတိုက်နေပြီး လမ်းလျှောက်လို့ကောင်းတဲ့ ရက်ကလေးတစ်ရက်ပါ။
အဲ့ဒီနေ့ကပဲ ချို က ပင့်ကူသစ်ခွကြီးတစ်ပွင့်ကို ပန်လာခဲ့တယ်။ သူ့မှာရှိတဲ့အကျင့်တစ်ခုက သူပန်လာတဲ့ ပန်းကို လက်နဲ့တို့တာ လုံးဝမကြိုက်ဘူး … လက်ဆိပ်တက်ပြီး ညှိုးသွားမှာစိုးလို့တဲ့လေ။ အဲ့ဒါကို မိကေက သိသိကြီးနဲ့ ပန်းကို ဆတ်ကနဲသွားဆွဲလိုက်တော့ ချို က နောက်ကနေ လွယ်အိတ်နဲ့ လိုက်ရိုက်ပါလေရော။

မိကေက ပြေးရင်းလွှားရင်းနဲ့ မတော်တဆ ကောင်လေးတစ်ယောက်ရဲ့ဘိနပ်ကို တက်နင်းမိသွားတယ်။ ဘိနပ် မပြတ်ပေမယ့် ကောင်လေး ချော်လဲသွားတော့ မိကေကဆွဲထူဖို့ လက်အကမ်းမှာ ဒေါသရောင်လက်နေတဲ့ မျက်ဝန်းတွေနဲ့ “ရတယ် ..” လို့ ခပ်ဆတ်ဆတ်ပြောရင်း သူ့ဘာသူ ထသွားတယ်။

အရင်လိုဆို လောင်စိန်လုပ်မယ့် မိကေက ကောင်လေးရဲ့ မျက်ဝန်း အညိုတောက်တောက်တွေကိုတွေ့လိုက်ရတဲ့ ခဏမှာ မှင်သက်သွားမိတယ်။ ပုဆိုးက မတိုမရှည်၊ ရှပ်အကျှင်္ီဖြူကို လက်ခေါက်ဝတ်လို့ ကချင်လွယ်အိတ်ကို ထုံးပြီးလွယ်ထားတဲ့ ဟန်ပန်ရယ် … မျက်ဝန်းညိုညိုတွေကို အရောင်ပိုတောက်စေတဲ့ မျက်ခုံးနက်နက်ရယ်၊ မထူမပါး နှုတ်ခမ်းတစ်စုံကတော့ တင်းတင်းစေ့ပိတ်လို့။ ဒါ့အပြင် ခရိုးခယိုင်ဝဲကျနေတဲ့ ဆံပင်ညိုပျော့ပျော့တွေရယ်နဲ့ပနံရလှတဲ့သူ့မျက်နှာကို သိပ်ကြည့်ကောင်းတာပဲလို့ သူမစိတ်ထဲမှာ မှတ်ချက်ချမိတယ်။ ငြိမ်ကျသွားတဲ့ မိကေကို အကုန်လုံးက ၀ိုင်းစနောက်နေပေမယ့် မိကေရဲ့စိတ်တွေက ကောင်လေးဘယ်အတန်းကပါလိမ့်လို့ တွေးနေမိတယ်။ ကောင်လေးရေ …. ရေစက်ရှိရင်တော့ ပြန်ဆုံချင်ပါသေးတယ်။

ဒီနေ့ မေဂျာတန်းရဲ့ ပရက်တီကယ်ရှိတော့ တဖွဲ့လုံး ခပ်သုတ်သုတ်နဲ့ လျှောက်နေကြတယ်။ လက်တွေ့ခန်းကိုချိုးဝင်လိုက်တော့ မိကေမျက်နှာပြုံးသွားတာ သူငယ်ချင်းတွေကသတိထားမိပြီး မိကေ ကြည့်တဲ့ဆီ လိုက်ကြည့်တော့ ဟိုနေ့က ချော်လဲခဲ့တဲ့ ကောင်လေးကို လှမ်းတွေ့လိုက်ကြတယ်။

မိကေရဲ့ ပြုံးစိစိ ရုပ်ကိုကြည့်ရင်း …

“ အင်း …. ရုပ်ကိုက မျောက်အုန်းသီးရတဲ့ရုပ်”

“ မဟုတ်ပါဘူးဟယ် သေချာကြည့်စမ်းပါ … မိကေရုပ်က ဗိုက်နာတုန်း အိမ်သာရှာတွေ့တဲ့ ရုပ်”

“ တော်ကြစမ်းပါဟာ …. ငါ့မှာ ငါ့လမင်းလေးကို မြင်လို့ ကြည်နူးနေတာလေးပျောက်သွားပါဦးမယ် … ငါ သူ့ကို လမင်းလေးလို့ပဲ ခေါ်မယ် … ဒီနေ့က စပြီး သူ့နာမည်ဝှက်က လမင်းလေး နော် ….”

“ ဟင်းးး … မိကေတို့ကတော့ ဇာတ်လမ်းစပြီ ….. သူ့ပုံက အေးဆေးလေးပါဟာ … သွား မျက်နှာမပြောင်နဲ့”

“ ငါက သူ့ကို တကယ်ခင်ချင်တာပါဟ နင်တို့ကလဲ ငါ့ဆို အကောင်းကိုမမြင်ဘူး …”

ကံကောင်းစွာနဲ့ပဲ ချို့ကိုသဘောကျနေသော၊ ပထမနှစ်ကတည်းကရင်းနှီးခဲ့သော ကိုစိုင်းနဲ့ မိကေရဲ့လမင်းလေး စကားပြောနေတာတွေ့လိုက်တော့ မိကေလဲ ခပ်တည်တည်ပဲ ကိုစိုင်းဘေးသွားရပ်ပြီး

“ကိုစိုင်းလဲ လက်တွေ့က ဒီအခန်းထဲမှာလား … မိကေက တခြားအခန်းမှတ်လို့” လို့ ဆိုလိုက်တော့ ကိုစိုင်းက ပြုံးပြရင်း

“အေး … ငါ ဒီတခါကျောင်းအပ်တာစောတော့ နင်တို့နဲ့ ခုံနံပါတ်သိပ်မဝေးဘူးလေ .. သြော် ဒါနဲ့ ငါ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးရဦးမယ်. .. သူက နယ်မှာ ပထမနှစ်တက်ပြီး ခုမှ ဒီကိုရောက်တာလေ … နာမည်က သော်က တဲ့ .. ဟေ့ရောင် ..သော်က … သူ့နာမည်က မိကေ … သူတို့အဖွဲ့က ဟိုမှာထိုင်နေတဲ့ ၆ ယောက်အဖွဲ့လေ … ”

“တွေ့ရတာ ၀မ်းသာပါတယ်။ ဘိနပ်တော့ ထပ်တက် မနင်းနဲ့နော် ….”

“အော … မင်းတို့က သိနေနှင့်ကြတာလား ..”

“မဟုတ်ပါဘူးကွာ … ဟိုနေ့က ငါ့ကို နောက်ကနေဘိနပ်တက်နင်းလို့ ငါ ချော်လဲတာလေ …အဲ့ဒါ သူပေါ့”

“ မိကေ တမင်လုပ်တာမဟုတ်ပါဘူး … ထပ်တောင်းပန်တယ်နော် …”

ဒီလိုနဲ့ သူတို့အဖွဲ့ထဲမှာ လူနှစ်ယောက် ထပ်တိုးလာခဲ့ပြန်သည်။ နှစ်ဝက်လောက်အရောက်မှာတော့ သူမတို့အဖွဲ့လေးထဲမှာ စုံတွဲလေး သုံးတွဲဖြစ်နေခဲ့ပြီ။ ဘယ်နေရာသွားသွား တတွဲတွဲပေမယ့် တခါတလေကျတော့လဲ အတွဲလေးတွေက လွတ်လပ်စွာ သွားလာလိုကြပြန်သည်လေ။ ဒီတော့ မိကေတို့ အဖွဲ့မှာ ပြည့်ပြည့်၊ မော်နဲ့ မိကေ .. နောက် လမင်းလေးရယ်ပဲ အတွဲများဖြစ်တယ်။ လမင်းလေးက မိကေတို့တွေအတွက် တကယ်ကို အဖော်ရလှတဲ့ သူငယ်ချင်းလေး တစ်ယောက်ဆက်ဖြစ်နေဆဲ …. မိကေကလည်း တရက်ထက်တရက် လမင်းလေးကို သံယောဇဉ်တိုးမြဲ …. လမင်းလေး သိ မသိကိုတော့ သူမ စိတ်မ၀င်စားပေ။

တစ်ရက် မိကေ ပျင်းပျင်းရှိတာနဲ့ အိမ်မှာရှိတဲ့ မြွေစိမ်းမြီးချောက်ရာဘာရုပ်လေး ကျောင်းကိုယူလာပြီး ဘယ်သူ့စရမလဲ စဉ်းစားနေတုန်း မော်က အခန်းထဲဝင်အလာမှာ မော့်လွယ်အိတ်ထဲ မသိမသာထည့်ထားလိုက်မိတယ်။ အဲ့ဒီနေ့က ကျူတိုရီရယ်ရှိတော့ ကျောင်းသားတွေ အားလုံးနီးပါး အတန်းတက်ကြတယ်။ ဆရာမလာခင် အိမ်သာသွားချင်လာတာနဲ့ ထ အထွက်မှာ မော်က လွယ်အိတ်ထဲလက်နှိုက်လိုက်ပြီး ရုတ်တရက် တစုံတခုကို လွှင့်ပစ်လိုက်တာမြင်လိုက်တော့ မော် မြွေကလေးကို စမ်းမိသွားပြီလို့ စိတ်ကသိလိုက်တယ်။ မော် သိပ်မကြောက်တတ်တာသိထားတဲ့ မိကေကတော့ ပြန်လှည့်မကြည့်ပဲ ကိုယ်သွားစရာရှိတာကိုပဲ သွားလိုက်တယ်။ အိမ်သာက ပြန်လာတော့ အခန်းထဲမှာ ဆရာလဲရောက်နေပြီ လူတွေကလဲ အုံးအုံးထနေပြီ …. မိကေလဲ ဘာဖြစ်ပါလိမ့်လို့ လူကြားထဲတိုးဝင်အကြည့်မှာ ……

Credit to http://desktop-wallpapers.pics365web.net for Image

Tuesday, March 6, 2012

အခါလွန်မိုး(၂)


ပရက်တီကယ်ခန်းထဲမှာဆိုလည်း ပရက်တီကယ်ခန်းမို့လိှုှ့ဗရုတ်ကျတတ်သူလေးပါ။

ရိုးရိုးမေဂျာတွေရဲ့ ပထမနှစ်ထုံးစံအတိုင်း Chemistry ဘာသာရပ်မှာ ဆားချက်ရတယ်။ ဆားက ချက်လိုက်ရင် ၀ါညစ်ညစ်အရောင်ပဲထွက်တယ်။ ဒါဆိုရင် ဆရာမက အမှတ်လျော့တယ်ဆိုတာ အစ်ကို၊အစ်မ ရှိတဲ့သူတွေဆီက တဆင့်ကြားပြီးသား။ ဒီတော့ မိကေ က အိမ်ကဆားကို ၀ှက်ယူလာပြီး ဆားချက်ပြီးချိန်မှာ ရောသမမွှေလိုက်တော့ ဆားရောင်လေးက လှလို့ ….. အမှတ်ကလည်း အပြည့်ပေါ့ … ဒီိလိုလည်း လူလည်ကျတတ်သေးတယ်။

နောက် လစ်တမစ်စက္ကူအရောင်ပြောင်းတာ စမ်းရတော့ မိကေတို့ အဖွဲ့တူတူ မစမ်းရဘူး။ ဆရာမက အဖွဲ့တွေခွဲပေးတော့ မိကေက တခြားသူတွေနဲ့သွားကျတယ်။ ကုလားလေးတစ်ယောက်ရယ်၊ တရုတ်လေးတစ်ယောက်ရယ်၊ မိကေရယ်ပေါ့။
တရုတ်လေးက သူများဆီကပဲ ကူးချချင်တဲ့သူ။ ကုလားလေးကကျတော့ ခိုင်းတာအကုန်လုပ်ပေးတယ်။ ဖော်မြူလာအတိုင်းဖော်ဆိုတော့ နင်လုပ်တဲ့ …. ဒီတော့ ဘယ်ရမလဲ မိကေက ကျောက်သင်ပုန်းပေါ်က ဖောမြူလာတွေဖတ်လိုက် ပစ္စည်းတွေလိုက်စပ်လိုက်နဲ့ …နောက် ဘေ့စ်ရည်ကို ဖန်ပြွန်နဲ့စုပ်ရတော့ ဆရာမက ပါးစပ်နဲ့ သာသာလေးစုပ်ပြတာကို ကိုယ်က အရမ်းကာရော လုပ်မိတော့ ဘေ့စ်ရည်တွေ အကုန်ပါးစပ်ထဲ ၀င်ကုန်ပါရောလား …
အဲ့ဒီတော့မှ ဘေ့စ် ဆိုတာ ဆပ်ပြာရည်မှန်းသိသွားတော့တယ်။ စိတ်ပေါက်ပေါက်နဲ့ သူများ အဖွဲ့က မှန်ပြီးသား ခွက်ကို အတင်းလိုက်တောင်းပြီး ဆရာမကို ပြလိုက်တော့ အမှတ်က အပြည့်….

သူမတို့ Physics ပရက်တီကယ်အချိန်က ညနေ ၅ ခွဲလောက်မှပြီးလေ့ရှိတော့ မထသတွေက သိမ်းကုန်ပြီ …. သူမတို့ ပြန်ချိန်ဆို သံလျင်ကနေ ရန်ကုန်ထဲထိပြန်ဖို့ ကားအင်မတန်ဒုက္ခရောက်တတ်လေသည်။ အရင်တပတ်က သူမတို့ ကားမရလို့ လမ်းလျှောက်ရင်းနဲ့ ကျိုက်ခေါက်ဘုရား …. အဲ့ဒီကနေမှ သံလျင်တံတားအထိ …. သူမတို့ အတော်လေးကို ပင်ပန်းသွားကြတော့ ဒီတခါ လမ်းလျှောက်ရမှာ လန့်နေကြပြီ။ အရေးထဲ လူပေါင်း ၃၀၀ လောက်ကို ဆရာတစ်ယောက်တည်းက လက်မှတ်ထိုင်ထိုးပေးတာဆိုတော့ စောင့်ရင်းနှုင့် တခါတလေ ၆ နာရီလောက်ထိုးသွားတတ်သည်။

ဒီတော့ သူမက … “ ဟဲ့ အာလုံး …. ဆရာကတစ်ယောက်တည်း လက်မှတ်ထိုးရတာ နိုင်ပုံမရဘူး … ငါတို့လဲစောင့်ရတာ ကြာတယ် …. ခုံနံပါတ် ခေါ်ပြီးရင် ဆရာ ဘုတ်မှာ ရေးပေးတာကို ငါတို့က Calculator နှိပ်ရုံပဲဆိုတော့ ပြီးတာ မြန်မှာဟ … ”

“အဲ့ဒီတော့ ….”

“ဒီလိုဟာ … နင်တို့သိတဲ့အတိုင်း ငါက လက်မှတ်တုထိုးတာ ကျွမ်းတယ်လေ… ဆရာ့ကို ငါဝိုင်းကူလိုက်မယ်.. ဒါဆို ငါတို့ စောပြန်လို့ရပြီ ဘယ်လိုလဲ”

“အာ …. ဖြစ်ပါ့မလား ငါကြောက်တယ်ဟ … တော်ကြာပေါ်သွားမှ ဒုက္ခရောက်မယ် နော်”

“ငါ ပိုင်ပါတယ် မော်ရာ …. နင် သန်လျင်တံတားထိလမ်းလျှောက်ပြန်ချင် ပြန်ပြီလား …”

အားလုံး သက်ပြင်း ပြိုင်တူချလျက် … “ကဲဟာ …. စမ်းကြည့်ရအောင် ..”

ဒီလိုနဲ့ ဆရာမ တစ်ယောက်က လက်တွေ့ချိန်လာကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဆရာက ကျောက်သင်ပုန်းပေါ် စာတွေချရေးတော့တာပဲ … ပြီးတာနဲ့ Calculator နှိပ်ရမယ့်နေရာကျတော့ ကွက်လပ်လေးတွေချန်ထားလိုက်ကရော။
သူငယ်ချင်းတစ်ယောက်ကပဲတွက်ပြီး အဖြေတူတူကူးရေးလိုက်တယ်။ ကဲ ပြီးပြီ …. အမှတ်ခြစ် လက်မှတ်ထိုးဖို့ပဲကျန်တော့တယ်။

“ကဲ … ပေးကြတော့ မြန်မြန် ….” လို့ မိကေကလောဆော်လိုက်တယ်။

ပြီးတော့ ဘေးနားက မော်ရဲ့စာအုပ်မှာ အမှတ်ကောက်ခြစ်ပြီး လက်မှတ်ထိုးလိုက်တယ်။ တူတာမှ ခွဲမရဘူး။
ဒီတော့မှ ကျန်တဲ့သူတွေလဲ ယုံပြီး စာအုပ်တွေလာပေးကြတယ်။
ဒါကို ဘေးက ကျောင်းသူ တစ်ယောက်က ကွက်ကြည့် ကွက်ကြည့် လုပ်နေတာနဲ့ လဲ့ ကသတိလှမ်းပေးတယ်။

“ဟဲ့ … ငါတို့ကိုကြည့်နေတယ် သွား ချွန်ရင် ဒုက္ခပဲ ” …

ခဏနေတော့ သူက ဖျက်ကနဲ ကိုယ့်ဘေးလာပြီး … “ငါ့ကိုလဲ လက်မှတ်ထိုးပေး၊ ငါ့ဘဲ အပြင်မှာစောင့်နေလို့ … ငါ စောပြန်ချင်လို့” တဲ့ ….

အဲ့ဒီတော့မှ ကိုယ်တွေလဲ ပြုံးနိုင်၊ သက်ပြင်းချနိုင်တော့တယ်။

Credit to http://www.vspecialist.co.uk for Image

Monday, March 5, 2012

အခါလွန်မိုး(၁)




မိုးကောင်းကင်ကြီးသည် ကြည်လင်နေရာမှ တဖြည်းဖြည်းမှိုင်းညှို့လာသည် …. ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေနုအေးထဲမှာ မိုးရွာမယ့် အငွေ့အသက်တွေပါနေတာသိပေမယ့် သူမ နေရာမှ မထမိသေး …. ဖြစ်နိုင်လျှင် ဒီခုံတန်းပြာလေးမှ တဖ၀ါးမှ မခွာချင် ……. အဝေးကကြည့်လျှင် သူမသည် အတွေးတစုံတရာမှာနစ်မြောနေသလိုလို …. ပစ္စုပ္ပန်မှာပဲ သူမကိုယ် သူမပျောက်ဆုံးနေသလိုလို …. ဒါပေမယ့် အနီးကပ်ကြည့်မယ်ဆိုရင်တော့ ငွေ့ရည်ဖွဲ့နေတဲ့ တိမ်တစ်အုပ်ကိုသူမမျက်ဝန်းထဲမှာ တိတ်တဆိတ်သိုဝှက်တားတာကို တွေ့ကြရလိမ့်မယ်ထင်ပါတယ် ….

မိုးက ခပ်ဖွဲဖွဲရွာကျလာသည် ……. ဖွဲရာမှ သည်းသည်းမည်းမည်း …. သူမ ဆက်လက်ထိုင်နေတုန်း …..
သူမ အသိထဲမှာ မိုးရွာခြင်းကိုမသိ ….. စိုစွတ်ခြင်းကိုမသိ …. အရာရာကို မသိ ….. သူမစိတ်တွေက ကုန်လွန်ခဲ့သော ကာလအချို့ဆီပျံသန်းဆဲ ……

လွန်ခဲ့သော(၂)နှစ်ခန့်က သိပ်ချစ်ကြသော သူငယ်ချင်း ခြောက်ယောက်ဖြင့်ဖွဲ့စည်းထားသောသူငယ်ချင်းတစ်စု အရှေ့ပိုင်းတက္ကသိုလ်တွင် ရှိခဲ့ဖူးလေသည်။ ရူပဗေဒ ပထမနှစ်စတက်ကြတာဘာမှ မကြာသေးတဲ့ ကာလတိုလေးမှာအတွင်းမှာတင် တစ်ယောက်ချင်းစီရဲ့ သီးသန့်အရည်အချင်းလေးတွေနဲ့ သိပ်စည်းလုံးကြသော သူမတို့အဖွဲ့လေးကို တစ်တန်းလုံးက သတိပြုမိခဲ့ကြသည်။

သူသူဆိုတဲ့ ကောင်မလေးက သူတို့အဖွဲ့ထဲမှာ အသက်အကြီးဆုံးနဲ့ ရုပ်အနုဆုံးလို့ပြောလို့ရမည်ထင်ပါတယ် .. သူသူက ဆံပင်အနီရောင်ဆိုးထားပြီး မျက်မှန်လေးနဲ့ ခပ်ချောချော တရုတ်မလေး။ သူမက သင်္ချာတော်သလို၊ အင်္ဂလိပ်စာလက်ရေးအလွန်လှပြီး သူများကို အလွန်အမင်း ကူညီတတ်သူလေးပါ … သူမက သူမသူငယ်ချင်းမိသားစုဝင်များကို သူမ မိသားစုဝင်ကဲ့သို့ တွယ်တာတတ်သူတစ်ဦးလဲဖြစ်နေပြန်သေးတယ်။

နောက်တစ်ယောက်က ချို တဲ့ … အဖွဲ့ထဲက ဒုတိယအကြီးဆုံးဖြစ်ပြီး အငယ်တွေချွဲတာအခံရဆုံးသူ … သူမကတော့ ဆံပင်အရှည်ကြီးမှာ အနည်းဆုံး ပန်းတစ်ပွင့်တော့ ပန်ထားသည်ချည်း။ များသောအားဖြင့် ဆံပင်ကို ကျစ်ဆံမြီးသေသပ်စွာကျစ်လေ့ရှိသူ … ၀တ်စားလျှင်လည်း မြန်မာဆန်ဆန် ယဉ်ယဉ်လေးနှင့် ဆွဲဆောင်မှု့ရှိသူလေးပါ ….

နောက်တစ်ယောက်က လဲ့ … သူမက ဖြူဖြူ၊ သွယ်သွယ်၊ မြင့်မြင့် … ခါးလောက်ထိ ဆံပင်ရှည်ကို ကလစ်တခုတည်းနှင့်သာ စုညှပ် သိမ်းချည်လေ့ရှိသူ … တော်ရုံနှင့်လည်းစကားမပြော … ခပ်အေးအေးနေတတ်သူကလေး။ သူမက အဖွဲ့ထဲမှာ အလှဆုံးရယ်လို့ တဖွဲ့လုံးကတညီတညွတ်တည်းသတ်မှတ်ထားခြင်းခံရသူ …

နောက်တစ်ယောက်က ပြည့်ပြည့် …. သူမက နာမည်နှင့်လိုက်ဖက်စွာ ခပ်ပြည့်ပြည့်လေး … စွဲဆောင်မှုရှိတဲ့မျက်ဝန်းနဲ့ သိပ်လှတဲ့အသားအရေရှိသူ …. သူမကျတော့ သူငယ်ချင်းတွေကိစ္စတခုခုကို ငြင်းကြ၊ ခုန်ကြပြီဟေ့ဆိုလျှင် ဘယ်တော့ဝင်ပါလေ့မရှိ။ ဘယ်သူနှင့်မှလည်းအငြင်းမပွားတတ်ပေ …. သူမသည် စာလဲတော်သော ကျောင်းသူလေးတစ်ယောက်ပေ။

နောက်တစ်ယောက်က မော် တဲ့ ….. မော်ကတော့ ကရင်တိုင်းရင်းသူလေးပေါ့ …. ရိုးသားလွန်းတဲ့ မျက်နှာပေးလေးနဲ့ ဖြူစင်သူလေးပါ ….. တခါတလေတော့ ဂဂျီဂဂျောင်ကျတတ်သူ … သူမအနွံအတာကို ချိုနဲ့ ဂုတ်ဝဲမလေးက အခံရဆုံးပေါ့ ……

နောက်ဆုံးတစ်ယောက်က ဂုတ်ဝဲမလေး …. သူမ နာမည်က မိကေ။ တဖွဲ့လုံးမှာ အငယ်ဆုံး။
သူမက ခပ်နောက်နောက်ကောင်မလေးတစ်ယောက်ရယ်သာ … ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းပြီး သောကကို တတ်နိုင်သမျှ မမွေးမြူသူ … သူမအတွက် စိတ်ညစ်တယ်ဆိုတာ မိနစ်ပိုင်းမျှသာခံပြီး ….အရာတော်တော်များများကို အကောင်းဘက်မှလှည့်တွေးနိုင်အောင် သူမ အမြဲကြိုးစားလေ့ရှိသည် … သူမရဲ့ဒီလိုအကျင့်လေးတွေကြောင့် လူချစ်လူခင်များသလို၊ သူမ၏ အစ အနောက်ကိုခံရသူများကလည်း ဗွေမယူတတ်ကြပေ ….

သူမတို့ ခြောက်ယောက်သည် ညီအစ်မရင်းကဲ့သို့ သိပ်ချစ်ကြသော သူငယ်ချင်းများဖြစ်လေသည်။

တစ်နေ့ စာသင်ခန်းထဲမှာ မြန်မာစာဆရာမ စာရှင်းပြနေခိုက်

“အားးးးးး”

မသဲမကွဲ ခပ်အုပ်အုပ်အော်သံတခုကြောင့် ဆရာမ စာရှင်းပြနေရာက တုန့်ကနဲရပ်သွားပြီး အော်သံကြားရာကို လှမ်းကြည့်လိုက်တော့ ဂုတ်ဝဲဆံပင်တိုနှင့် ပါးမှာပါးကွက် ခပ်သေးသေးကွက်ထားတဲ့ ချစ်စဖွယ်ကောင်မလေးတစ်ယောက်၊ စက္ကူနဲ့ လုပ်ထားတဲ့ ခပ်ထူထူ မြှားတစ်စင်းကို ကိုင်ရင်း ဟိုလှည့် ဒီလှည့်လုပ်နေတာတွေ့လိုက်ရတယ် …

“ တက္ကသိုလ်ရောက်နေကြပြီ ကလေးတုန်းကလို ဆော့တာမျိုးတွေနဲ့ စာသင်တာကို အနှောက်အယှက်မလုပ်ကြနဲ့လေ … ကဲ ကဲ ဆက်ရအောင် … ”

ဆရာမကတော့ ကောင်လေးတစ်ယောက်ယောက်က စနောက်ပြီး ဂုတ်ဝဲမလေးကို မြှားနှင့်ပေါက်လိုက်ပြီထင်လို့ဟန့်လိုက်ခြင်းပါ။ … တကယ်က ရှေ့က ပဲခပ်များများကောင်လေးကို ကောင်မလေးက မြှားနဲ့ပေါက်လိုက်ခြင်းသက်သက်သာ ….
ဘယ်သူမှမရိပ်မိအောင် အဲ့ဒီကောင်လေးကို ခပ်စူးစူးကြည့်ပြီး သူမကပဲ အပေါက်ခံရသယောင်ယောင်ပြုလိုက်ခြင်း ဆိုတာ သူမရဲ့သူငယ်ချင်းတွေ အားလုံးအသိ …
ကျန်သူငယ်ချင်းငါးယောက်စလုံး ရယ်ချင်စိတ်စွန်းနေသောမျက်နှာတွေကို ဆရာမ မမြင်နိုင်အောင်ခေါင်းတွေငုံ့လျက်ကပင် တခိခိ ဖြစ်နေကြသေးသည် … ကောင်လေးကတော့ သိပ်မကျေနပ်လှ …

အတန်းပြီးတော့ သူမတို့အုပ်စု အတန်းပြင်ထွက်လာကြပြီး ခုနကကိစ္စပြောရယ် ရယ်ကြပြန်သည်။

“မိကေ … နင်ကတော့လေ … လုပ်လိုက်ရင် ပေါက်ကရချည်းပဲ …. တော်ကြာ ဟိုကောင်လေးက မကျေနပ်လို့ လိုက်ရိုက်ရင် နင်ပြေးပေါက်မှားနေဦးမယ်”

မိကေကတော့ ထုံးစံအတိုင်း ပြုံးဖြီးဇြီး ……

“ပြောမနေဲ့ ချိုရေ … သူက ပြန်မပြော နားမထောင် …. ဟိုက မိန်းကလေးများလို့ ဘာမှပြန်မပြောတာ ..”

သူတို့ပြောနေရင်းတန်းလန်း ဘေးက အရပ်ခပ်ရှည်ရှည်ကောင်လေးတစ်ယောက် ဖြတ်အသွား …..

မိကေက ရုတ်တရက်ထအော်လိုက်သည် …. “အရှည်ကြီး …….. အရှည်ကြီး” …
ကောင်လေးကလဲ ရုတ်တရက်ကြောင်ပြီးလှည့်ကြည့်လိုက်တော့ …. မိကေက လက်တစ်ဘက်ကို ခပ်မြင့်မြင့်မြှောက်လိုက်ပြီး …. “ အရှည်ကြီးတွေ တစ်ကုံးမှ တစ်ကျပ်တည်းနော် … အကိုလေး စံပါယ်ပန်းဝယ်ပါဦးလား” တဲ့ …..

ဟိုခမြာ ဆက်လျှောက်ရမလို ရပ်ရမလိုနဲ့ အိုးတိုး အမ်းတမ်း … .သူမကတော့ ခပ်တည်တည်နှင့် ကော်ရစ်ဒါအကွေ့ထိ ဆက်လျှောက်သွားလိုက်သေး၏ …. သူမက အဲ့လိုကောင်မလေးမျိုးပါ ….

Credit to http://yarnstorm.blogs.com for Image

Sunday, February 26, 2012

စံပါယ်ပုံပြင်


နေပူနေပေမယ့် ဖုန်ထ မနေတဲ့ ဒီလမ်းလေးကို အရင်ဆုံး လျှောက်လိုက်ပါဦးနော် ….
မြေလမ်းကလေးအဆုံးနားရောက်ခါနီးရင် မွှေးထုံလွန်းတဲ့ စပါယ်ရနံ့တွေက သင့်ကို အရင်ဆုံးမိတ်ဆက်ပါလိမ့်မယ်။


လမ်းလေးဆုံးသွားတဲ့အခါ ညာဘက်ကို ချိုးကွေ့လိုက်ရင်တော့ ရိုးရှင်းတဲ့စည်းရိုးလေးတွှေနဲ့ဖွဲ့စည်းထားပြီး
မြခက် နဲ့ ပုလဲသွယ်တွေဆင်မြန်းထားတဲ့ ချစ်စဖွယ် ခြံလေးတစ်ခြံကို တွေ့ရမှာပါ။ဒီခြံကလေးကို မှုံလေးတို့ခြံရယ်လို့ လူသိများကြတယ်။


ကျွန်မမှာ ဖြူစင်တဲ့အဆင်းရှိသလို သင်းပျံ့တဲ့ရနံ့လဲရှိတယ်။ ကျွန်မရဲ့ ရနံ့ကို ရှုရှိုက်မိရင် လန်းဆန်းသွားတတ်တယ်လို့လဲ ချီးကျူးကြတယ်လေ။ ပြီးတော့ မြစိမ်းရောင်အရွက်တွေကလဲ တယုတယ ထွေးပွေ့လို့ ကျွန်မရဲ့အလှကို ပိုတောက်ပစေကြတယ်… လေပြေကလေးများနော့လာပြီဆိုရင်ဖြင့် ကျွန်မတို့တတွေ သွဲ့သွဲ့ပြောင်းပြောင်း ငြိမ့်ငြိမ့်ညောင်းညောင်း “က” ကြတော့တာပဲ ….
သြော် .. ပြောဖို့မေ့နေလို့ ကျွန်မက ခြံလေးရဲ့စံပါယ်ရုံကြီး တစ်ရုံထဲက ဖူးငုံစ စံပါယ်လေးတစ်ငုံရယ်ပါ။

မှုံလေးတို့ ခြံထဲမှာ စံပါယ်ရုံတွေအများကြီးရှိတယ်။ စီးပွားဖြစ်စိုက်ထားတာမျိုးမဟုတ်ပေမယ့် လူတွေအကြောင်းအမျိုးမျိုးနဲ့ လာဝယ်လေ့ရှိကြတာတော့ ကျွန်မ သတိထားမိတယ်။ ဒီတော့ ကျွန်မတို့ စံပါယ်ငုံလေးတွေအများစုက အပင်ပေါ်မှာတင် နွမ်းပြီး ကြွေကျသွားတာထက်စာရင် တစ်စုံတစ်ယောက်လာဝယ်တာခံရဖို့ ပို မျှော်လင့်ကြတယ်လေ။

ကျွန်မကတော့ ဒီလိုသာမန်အတွေးမျိုးထက်ပိုပြီး စိတ်ဝင်စားမိတာရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ၀ယ်ယူခြင်းရဲ့အကြောင်းရင်းပါ။ မင်္ဂလာဆောင်အတွက်လား၊ လမ်းဘေးဈေးသည်လေးတွေ တဆင့်ပြန်ရောင်းဖို့အတွက်လား၊ အိမ်ရှင်မတွေက၀ယ်ချင်တာလား စသဖြင့်ပေါ့လေ။ ကျွန်မအထင် မင်္ဂလာဆောင်အတွက် ၀ယ်တာက ကျက်သရေအရှိဆုံး၊ မင်္ဂလာအရှိဆုံး၊တန်ဘိုးအရှိဆုံးလို့ယူဆတယ်။ ကျွန်မကိုယ်တိုင်ကလဲ မင်္ဂလာဆောင်ကလွဲလို့ တခြားနေရာတွေ မသွားချင်ပေါင်။ ကျွန်မသူငယ်ချင်း တချို့ကတော့ ဘာ မျှောက်လင့်ချက်မှ မရှိကြဘူးရယ်။

ဟော …. ခြံထဲ ဧည့်သည်တစ်ယောက်ဝင်လာပါလား။ ပန်းလာဝယ်တာထင်ပါရဲ့။
ဒီတခါလာဝယ်တဲ့အခါ လှပစွာ ဖူးအာစပြုနေတဲ့ ကျွန်မပါသွားမှာ အသေအချာပဲ။
“မင်္ဂလာဆောင်အတွက်ဖြစ်ပါစေ …..” လို့တိတ်တိတ်လေး ဆန္ဒပြုမိတယ်။
မှုံလေးတို့ပြောနေတာတွေ နားစွင့်မိတော့ မင်္ဂလာဆောင်အတွက်တဲ့ ….
ကျွန်မပျော်လိုက်တာ … ကျွန်မ ဆန္ဒလေးတွေ ပြည့်သွားပြီလေ ….

မှုံလေးက ကျွန်မအပါအ၀င် စံပါယ်ပန်း တော်တော်များများကို ညင်ညင်သာသာခူးလို့ ပလတ်စတစ်အိတ် အကြည်လေးထဲ ရွရွလေးထည့်လိုက်ပြီး ဧည့်သည်လက်ထဲကိုပေးလိုက်ပါတယ်။ ဧည့်သည်အိမ်ကိုရောက်တော့ ကျွန်မတို့ ကို အပြင်ထုတ်ပြီး ဆန်ကာ အခုံးလေးထဲထည့် အပေါ်က ရေစိုအ၀တ်ဖြူဖြူလေးအုပ်လို့ ယုယကြပြန်တယ်။

ဟော … ဒီနေ့ မင်္ဂလာဆောင်နေ့ ရောက်ပြီ … ကျွန်မတို့တွေကို ဆန်ကာခုံးလေးထဲကနေ အသာမယူပြီး ငွေဖလားထဲထည့်လိုက်ပြီ ….. နောက်တော့ ဇိမ်ခံကားကြီးထဲမှာ ခပ်ချောချော ဆယ်ကျော်သက်မလေးက ငွေဖလားကို အသာအယာကိုင်လို့ ….. အို … အို …. ကျွန်မ ဘ၀င်တွေတောင်မြင့်ချင်လာပြီ။ ကျွန်မ သိပ်ပျော်တာပဲရှင် …. အဲ့လိုပျော်နေတုန်း ဗြုန်းကနဲ ကျွန်မတကိုယ်လုံး လေထဲမြောက်တက်သွားတယ်။ ကျွန်မကို ကျွန်မ ဘာဖြစ်သွားမှန်းတောင်မသိဘူး ….. လေထဲမှာ တ၀ဲဝဲ တလည်လည်နဲ့ လမ်းလျှောက် ကော်ဇောနီပေါ် တလိမ့်ခေါက်ကွေးပြုတ်ကျသွားလိုက်တာ ….. ခေါင်းတွေကို မူးသွားတာပဲ ….

“အိုး …. ကျွန်မ တစ်ကိုယ်လုံးနာကျင်လိုက်တာ”

ဒီခံစားမှုရလိုက်တာနဲ့ တပြိုင်နက် မရဲတရဲ မော်ကြည့်မိတော့ ကျွန်မကိုယ်ပေါ်ကို ချွန်ထက်ထက် ဒေါက်ဘိနပ်လေး တစ်ဘက်က ခပ်ရွရွ နင်းဖြတ်သွားတယ် …
နောက်ပြီး … ဘိနပ်ပေါင်းများစွာ ….
ကျွန်မခက်ခဲပင်ပန်းစွာ အသက်ရှုနေချိန် … ကျွန်မအတွေးတွေက အိမ်ရှင်မတွေဝယ်သွားတဲ့ ကျွန်မသူငယ်ချင်းလေးတွေဆီရောက်သွားတယ် … သူတို့တွေ ခုချိန်ဆို ဘုရားစင်ပေါ်မှာ ၀ပ်စင်းနေမလား၊ အိမ်ရှင်မတွေရဲ့ ဆံနွယ်တွေပေါ် ခိုစီးနေကြမလား …
လမ်းဘေးဈေးသည်လေးတွေဆီရောက်သွားတဲ့ ပန်းကလေးတွေကကော … ကားမှန်လေးပေါ် တွဲလောင်းခို ပျော်မြူးနေကြမလား ….. တွေးရင်း … တွေးရင်း ….. နောက်ထပ် ဘိနပ်အရံပေါင်းများစွာအောက်မှာ ကျွန်မအတွေးလေးတွေ ငြိမ်သက်သွားတော့မယ်ဆိုတာ ကျွန်မသူငယ်ချင်းလေးတွေသိပါလေစ ……

Credit to:
http://www.gardenbuddies.com for the photo of Fence with Jasmine
http://lillyanna-lilaclanecottage.blogspot.com/ for the photo of lane
http://dreams-weaver.blogspot.com for the photo of Jasmine